← Chapters

ရေခဲမြူနဂါးကိုနှိမ်နင်းခြင်း

Vol. 17 Ch. 177

ရေခဲမြူနဂါးကိုနှိမ်နင်းခြင်း

Vol. 17 Ch. 177

လျှပ်စီးမြား၏အရွယ်အစားက သာမန်မြားတစ်စင်းခန့်သာရှိသဖြင့် ပေ(၃၀၀)ခန့်မြင့်မားသည့် ရေနဂါးကြီးနှင့်ယှဉ်လျှင် အချိုးအစားက ရယ်စရာကောင်းလောက်အောင် ကွာခြားလွန်းသည်။

သို့သော် ရေဒြပ်စင်စွမ်းအားက လျှပ်စီးစွမ်းအားကို အံတုနိုင်ပါမည်လား။

ရေနဂါးကြီးက မြားတံကို မျိုချလိုက်ချိန်မှာပင် မြားတံအားရစ်ပတ်ထားသည့် လျှပ်စီးအလင်းတန်းများက ပေါက်ကွဲထွက်သွားပြီး ကလေးတစ်ယောက်၏ လက်မောင်းလုံးခန့် အရွယ်အစားရှိသော ထူထဲလှသည့် လျှပ်စီးကြောင်းများက ရေနဂါးကြီး၏ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားလေသည်။

“လျှပ်စီးမြား” ကို ဗဟိုပြုပြီး ဗို့အားသိန်းချီသော လျှပ်စစ်ဓာတ်အားများက ရေနဂါးကြီး၏ခန္ဓာကိုယ်အား လျှပ်ကူးပစ္စည်းအဖြစ်အသုံးချကာ ပေါက်ကွဲထွက်သွားခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ(၃၀၀)ခန့်မြင့်မားသော ရေနဂါးကြီးမှာ လျှပ်စီးနဂါးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

“ရေ” က လျှပ်စစ်စီးကူးသည်ဆိုခြင်းမှာ သဘာဝတရား၏နိယာမဖြစ်ပြီး အဆင့်(၆) မှော်ဝင်သားရဲဖြစ်သော ရေခဲမြူနဂါးသည်ပင် ဤနိယာမကို ရှောင်လွှဲမရနိုင်ပေ။

ထို့ပြင် သေးငယ်သည့် လျှပ်စီးမြားတစ်စင်းမှ ဤမျှပြင်းထန်သော မိုးကြိုးစွမ်းအားများ ထုတ်လွှတ်နိုင်မည်ဟု သားရဲကြီး လုံးဝ တွေးထင်မထားခဲ့ပေ။

ရေနဂါးကြီး၏ခန္ဓာကိုယ်တစ်လျှောက် လျှပ်စစ်ဓာတ်များ ပျံ့နှံ့သွားသည်နှင့် လျှပ်စီးကြောင်းများက သူ့ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာနေကြေင်း ရေခဲမြူနဂါး သတိပြုမိသွားသည်။

သူက နဂိုကပင် လျှပ်စီးစွမ်းအားကို ကြောက်ရွံ့သူဖြစ်လေရာ ထိပ်တိုက်ရန်မဆိုင်ရဲဘဲ အမြီးကိုတစ်ချက်ဝှေ့ယမ်းကာ လေထဲသို့ ခုန်တက်လိုက်၏။

သူက တိုက်ခိုက်မှုကို ယာယီရှောင်တိမ်းရန်အတွက် ရေကန်ထဲသို့ ပြန်လည်ဆုတ်ခွာရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။

ရေနဂါးကြီးက လျှပ်စီးနဂါးအဖြစ် ပြောင်းလဲသွားသော်လည်း လျှပ်စီးများက ရေကို ကြားခံနယ်အဖြစ်သာ အသုံးချခြင်းဖြစ်သဖြင့် ရေနဂါး၏ခန္ဓာကိုယ်တည်ဆောက်ပုံအား ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။

လျှပ်စီးစွမ်းအားများ လွင့်ပြယ်သွားသည်နှင့် ရေခဲမြူနဂါးအနေဖြင့် ရေနဂါးကို ပြန်လည်ထိန်းချုပ်ပြီး သူ့ရှေ့မှ ပုရွက်ဆိတ်လေးများကို အမှုန့်ချေပစ်နိုင်သေးသည်။

သို့သော် နတ်သူငယ်များ၏ မှော်ပညာက ရေခဲမြူနဂါး၏ ခန့်မှန်းချက်ကို ထပ်မံရိုက်ချိုးပစ်လိုက်ပြန်သည်။

ရေခဲမြူနဂါး လေထဲသို့ ခုန်ထွက်လိုက်သည့်အချိန်မှာပင် လေဟာနယ်ထဲတွင် ဧရာမ မိုးကြိုးသွားကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ မြည်ဟည်းသံနှင့်အတူ ရေခဲမြူနဂါးရှိရာသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာလေသည်။

မိစ္ဆာဖြိုခွင်းမိုးကြိုးမြား...။

တကယ်တော့ အဲလစ်ပစ်လွှတ်လိုက်သည့် “လျှပ်စီးမြား” က ကောင်းကင်ကိုးထပ်မှ နတ်မိုးကြိုးကိုဆင့်ခေါ်ရန် အသုံးပြုသည့် လျှပ်စီးဓာတ်ကူးသက်သက်မျှသာ ဖြစ်သည်။

တကယ့် အစစ်အမှန်တိုက်ကွက်ဖြစ်သော “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ဆိုသည်က ကောင်းကင်ယံမှ ကျဆင်းလာမည့် မိုးကြိုးသွားသာလျှင် ဖြစ်သည်။

လေထဲသို့ခုန်တက်လိုက်သည့် ရေခဲမြူနဂါးကြီးမှာ ကိုယ့်သေတွင်းကိုယ်တူးသည့်ပမာ ကောင်းကင်ထက်မှ ကျဆင်းလာသည့် မိုးကြိုးဒဏ်ကို အပြည့်အဝ ခံစားလိုက်ရသည်။

ဤသို့ “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ကို ဆင့်ခေါ်ရန်အတွက် အဲလစ်နှင့် နတ်သူငယ်(၄)ယောက်တို့မှာ သူတို့ရှိသမျှ မှော်စွမ်းအား အကုန်လုံးကို အကုန်အစင် အသုံးပြုခဲ့ရသည်။

အထူးသဖြင့် အဲလစ်ကိုကူညီပေးကြသော နတ်သူငယ်(၄)ယောက်မှ မှော်စွမ်းအား ကုန်ခမ်းသွားရုံသာမက ဝိညာဉ်စွမ်းအားများပါ လောင်ကျွမ်းပျက်ဆီးသွားသဖြင့် အားအင်ကုန်ခမ်း ခြောက်ကပ်နွမ်းလျကာ လဲကျသတိလစ်သွားကြခြင်း ဖြစ်သည်။

ထိုသို့ ကြီးမားသည့်ပေးဆပ်မှုများစွာ ပြုလုပ်ပြီးနောက်မှာတော့ “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ကို ဆင့်ခေါ်နိုင်ခဲ့ပြီး ပစ်မှတ်ကိုလည်း အမိအရ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်။

နတ်သူငယ်မျိုးနွယ်စု၏ မှော်ပညာရှင် အဆင့်သတ်မှတ်ချက်အရ “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” အားဆင့်ခေါ်သည့် အဆင့်မြင့်မန္တန်ကို “မှော်အရှင်သခင်” အဆင့်နှင့်အထက် မှော်ဆရာများသာ အသုံးပြုနိုင်ကြသည်။

ယခု “မှော်ဆရာသခင်” အဆင့်သာရှိသေးသော အဲလစ်က အခြားသော နတ်သူငယ်(၄)ယောက်၏ ကိုယ်ကျိုးစွန့် အကူအညီနှင့် သူမ၏ နတ်သူငယ်တော်ဝင်သွေးစွမ်းအားကိုအသုံးပြုကာ ဤအဆင့်မြင့်မန္တန်ကို အောင်မြင်စွာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

နတ်သူငယ်မျိုးနွယ်စု၏ “မှော်အရှင်သခင်” အဆင့်ဆိုသည်က လူသားများ၏ "ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်" နှင့် အဆင့်အတန်း တူညီသည်။

ထို့ကြောင့် “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ကဲ့သို့ အဆင့်မြင့်မန္တန်တစ်ခု၏ အဖျက်စွမ်းအားက အဆင့်(၆) မှော်ဝင်သားရဲကို အပြင်းအထန်ဒဏ်ရာရစေရန် အကြွင်းမဲ့လုံလောက်ပေသည်။

“ဝုန်း...”

စူးရှသည့် လျှပ်စီးအလင်းတန်း လက်ခနဲတောက်ပသွားပြီး ကောင်းကင်တစ်ခွင်လုံး တုန်ခါသွားစေသော ကျယ်လောင်သည့် မိုးကြိုးပစ်သံကြီး ထွက်ပေါ်လာသည်။

ရေခဲမြူနဂါးကြီးမှာ လေဟာနယ်ထဲမှ ရေကန်ထဲသို့ ဝုန်းကနဲ ပြုတ်ကျသွားတော့၏။

အတန်ကြာမှ ကောင်းကင်ထက်မှ လျှပ်စီးအလင်းတန်းများ ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။

ဧရာမရေနဂါးကြီးမှာလည်း ရေခဲမြူနဂါး၏ထိန်းချုပ်မှုမှ လွတ်ထွက်သွားသည်နှင့် ဝုန်းကနဲပြိုကျပျက်ဆီးသွားပြီး မြေပြင်ထက်တွင် ရေအိုင်များ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့်သာ ကျန်ရစ်ခဲ့သည်။

ချောင်ဟူတို့ညီအစ်ကို(၃)ယောက်နှင့် အပြင်းအထန်တိုက်ခိုက်နေသည့် ရေနဂါး(၅)ကောင်မှာလည်း အလိုလိုအရည်ပျော်ကျကာ ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

ထိုအခါမှ ချောင်ညီအစ်ကို(၃)ယောက်မှာလည်း သက်ပြင်းချနိုင်ပြီး ရသမျှအချိန်ကိုအသုံးချကာ ကုန်ဆုံးသွားသည့် ဒြပ်စင်စွမ်းအားများ ပြန်လည်ဖြည့်တင်းရန် ကြိုးစားလိုက်ကြသည်။

ရေခဲမြူနဂါးက လျှပ်စီးစွမ်းအားကို အမှန်တကယ်ပင် ကြောက်ရွံ့လေသည်။

အဲလစ်အတွက်တော့ မှော်ပညာအသုံးပြုပြီး ထိုသားရဲကြီးကိုဖိနှိပ်နိုင်ခဲ့ခြင်းမှာ ထူးခြားသည့်အောင်မြင်မှုတစ်ခု ဖြစ်၏။

သို့ပေသိ ရေခဲမြူနဂါးက အဆင့်(၆) မှော်ဝင်သားရဲဖြစ်ပြီး ခန္ဓာကိုယ်က အလွန်တရာ ကြံ့ခိုင်သည်။

“မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ဖြင့် ထိမှန်ခံလိုက်ရသည့်တိုင် အလွယ်တကူသေဆံဒးသွားမည်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဦးမည်သာပင်။

အဲလစ်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ထူးခြားစွာထုဆစ်ထားသည့် သူမ၏မြားတံရှည်ကို လက်ထဲသို့ ပြန်လည်ဆင့်ခေါ်လိုက်သည်။

ဤမြားတံက နတ်သူငယ်များ အထူးပြုလုပ်ထားသည့် မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အဲလစ်၏ မြစိမ်းရောင် ကျောက်စိမ်းလေးနှင့် ပေါင်းစပ်အသုံးပြုမှသာ အဆင့်မြင့်မှော်အတတ်ဖြစ်သော “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ကို ဆင့်ခေါ်နိုင်စွမ်း ရှိပေသည်။

ဟုတ်ပေ၏။

နတ်သူငယ်မျိုးနွယ်စုမှ “မှော်အရှင်သခင်” အဆင့် ကျွမ်းကျင်သူတစ်ယောက်ဆိုလျှင်တော့ မည်သည့်လက်နက်မှ အားကိုးစရာမလိုဘဲ လေထုထဲမှ လျှပ်စီးစွမ်းအားကို တိုက်ရိုက်စုစည်းကာ “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” အတတ်ကို လက်ဗလာဖြင့်ပင် အသုံးပြုနိုင်မည် ဖြစ်၏။

ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းနှင့် မှော်အတတ်က ကျင့်ကြံခြင်းစနစ် လုံးဝ မတူကွဲပြားသော်လည်း ပညာရပ်နှစ်မျိုးလုံးတွင် ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးရှိကြသည်။

မှော်ပညာသည်လည်း ဒြပ်စင်စွမ်းအားကဲ့သို့ပင် ကျင့်ကြံခြင်းအဆင့်အပေါ်မူတည်ပြီး စွမ်းအားနှင့်ထိရောက်မှု ကွာခြားနိုင်သည်။

အဲလစ်က မိမိထက်အဆင့်မြင့်သောရန်သူကို “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ နတ်သူငယ်များကြားတွင် အမှန်တကယ် ထူးချွန်ထက်မြက်သည့် ပါရမီရှင်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

ယခုမှ နာ့ယီရှို့ ၊ လွန်ခါနှင့် ချောင်တတိယသခင်လေးတို့အားလုံး သက်ပြင်းချနိုင်ပြီး သူတို့၏ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို အသီးသီး ပြန်လည်သိမ်းဆည်းလိုက်ကြကာ အဲလစ်ကို လက်မထောင်ပြပြီး ချီးကျူးလိုက်ကြသည်။

သို့သော် ရေခဲမြူနဂါးကို အပြီးသတ်မနှိမ်နင်းနိုင်သရွေ့ သူတို့အားလုံး အသည်းအသန် လိုချင်တောင့်တနေသည့် ဒဏ္ဍာရီလာ ရတနာပစ္စည်းကို ရယူရန်မှာ မဖြစ်နိုင်သေးပေ။

နာ့ယီရှို့ ၊ ချောင်တတိယသခင်လေးနှင့် အဲလစ်တို့က ရေထဲကျသွားသော ရေခဲမြူနဂါး၏အခြေအနေကို အကဲခတ်ရန် ရေကန်နားသို့ တိုးကပ်သွားကြသည်။

လွန်ခါကတော့ တိုက်ပွဲတွင်အသက်ပေးသွားသော ကြံ့နက်မျိုးနွယ်စုမှ ညီအစ်ကိုများ ကျန်ရစ်ခဲ့သည့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်(၃)ခုကို အသာကောက်ယူလိုက်သည်။

မိမိတို့ခန္ဓာကိုယ်အား အသေခံဖောက်ခွဲတိုက်ခိုက်သွားသော ထိုလူငယ်(၃)ယေက်မှာ အလောင်းပင်မကျန်ရစ်တော့ဘဲ အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားကြပေပြီ။

ညီအစ်ကိုများ၏ လက်နက်များကိုကောက်ယူသိမ်းဆည်းရင်း လွန်ခါ၏စိတ်ထဲ အတွေးများလျှက်ရှိသည်။

ယခု ညီနောင်များအားလုံး ကျဆုံးသွားပြီဖြစ်ရာ သူတစ်ယောက်သာလျှင် အသက်ရှင်ကျန်ရစ်တော့သည်။

သူကိုယ်တိုင်မှာလည်း “မြေခွင်းတူ” ကို ထိန်းချုပ်ရန်အတွက် သွေးအနှစ်သာရအသုံးပြုလိုက်ရသဖြင့် အတော်လေး အားအင်ကုန်ခမ်းလျှက် ရှိသည်။

သို့ဖြစ်ရာ ရေခဲမြူနဂါး သေဆုံးသွားလျှင်တောင်မှ နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ပြဿနာရှိလာသည်။

ချောင်ညီအအစ်ကို(၃)ယောက် အလွန်ပင် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးမားသည်။

ထို့ကြောင့် လွန်ခါ အစိုးရိမ်ဆုံးမှာ ချောင်တတိယသခင်လေးတို့ အုပ်စုဖြစ်၏။

ယခုတော့ သူ့အတွက် တစ်ယောက်တည်းသမားဖြစ်သည့် နာ့ယီရှို့နှင့် ပူးပေါင်းရန်သာ ရှိတော့သည်။ ဖြစ်နိုင်လျှင် နတ်သူငယ်မလေး အဲလစ်ကိုလည်း သူ့ဘက်ပါအောင် ဆွဲဆောင်ရပေမည်။

အဲလစ်က အစွမ်းထက်သော မှော်ဆရာမတစ်ယောက်ဖြစ်သည့်တိုင် သူမ၏လူ(၄)ယောက်ကတော့ အားအင်ကုန်ခမ်းပြီး လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

လွန်ခါ အတွေးများကိုဖြတ်‌တောက်လိုက်ပြီး နာ့ယီရှို့တို့နောက်သို့ လိုက်သွားလိုက်သည်။

ပြီးခဲ့သောတိုက်ပွဲတွင် ရေခဲမြူနဂါးက ရေကန်ထဲမှ ရေအရင်းအမြစ်များကို များစွာအသုံးပြုခဲ့သည်။ ထို့ကြောင့် ရေကန်ထဲတွင် ရေတစ်ဝက်ခန့် လျော့နည်းနေပေပြီ။

ရေကန်နှင့်ဆည်ကြားတွင် ဆက်သွယ်ထားသည့် ရေလမ်းကြောင်းရှိသော်လည်း ရေပြန်ပြည့်လာရန်အတွက် အချိန်ယူရဦးမည် ဖြစ်၏။

ရေမျက်နှာပြင်နိမ့်ကျသွားသည်နှင့်အမျှ ရေကန်၏အလယ်ဗဟိုမှ ဆူးချုံပင်များ၏ အောက်ခြေကိုပင် တွေ့မြင်နေရသည်။

လူတိုင်း၏အကြည့်က ဆူးချုံပင်များရှိရာသို့ စုပြုံကျရောက်သွားကြသည်။

သို့သော် ဆူးချုံပင်များက အလွန်ထူထပ်သည်ဖြစ်ရာ အားလုံးတပ်မက်နေကြသည့် ဒဏ္ဍာရီလာ ရတနာပစ္စည်း၏ အရိပ်အယောင်ကိုပင် တွေ့မြင်ရခြင်းမရှိပေ။

ရေခဲမြူနဂါးကို အပြီးသတ်သုတ်သင်ပြီးမှသာ ထိုဆူးချုံပင်များကြား ကိုယ်တိုင်သွားရောက်ပြီး ရှာဖွေရပေမည်။ ထို့ကြောင့် အားလုံးက ရေခဲမြူနဂါးကိုရှာဖွေရန်သာ ပြန်လည်အာရုံစိုက်လိုက်ကြသည်။

ရေကန်ထဲမှရေများ တစ်ဝက်ကျလျော့ကျသွားသည့်တိုင် အနည်းဆုံး ပေ(၅၀)ခန့် အနက်ရှိနေသေးသည်။ ရေခဲမြူနဂါးကတော့ ရေကန်အောက်ခြေသို့နစ်မြုပ်သွားပြီး ပြန်လည်ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ယခု ကန်ရေပြင်က တည်ငြိမ်နေသဖြင့် ရေခဲမြူနဂါး မည်သည့်နေရာတွင် ပုန်းအောင်းနေကြောင်း ခန့်မှန်းမရနိုင်ပေ။

ရေကန်အတွင်း၌ ကြီးမားသော လှုပ်ခတ်မှုတစ်ခု မဖန်တီးနိုင်ပါက ရေခဲမြူနဂါးက အပြင်သို့ထွက်မလာဘဲ ဆက်လက်ပုန်းအောင်းနေမည်သာပင်။

လွန်ခါတို့အုပ်စုအနေဖြင့် ရေခဲမြူနဂါး ဒဏ်ရာပြန်လည်သက်သာသည်အထိ စောင့်ဆိုင်းမည်ဆိုပါက ထိုသားရဲကြီးကို ရှင်းပစ်ရန် ပိုမိုခက်ခဲသွားပေမည်။

သူတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး စွမ်းအားများစုစည်းကာ ရေကန်ကိုမွှေနှောက်ပစ်ရန် ဟန်ပြင်လိုက်ကြသည်။

ထိုအချိန်မှာပင်...

အဝေးဆီမှ ထူးဆန်းသော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး သူတို့ခြေထောက်အောက်ရှိ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

နာ့ယီရှို့က...

“ဘာဖြစ်တာလဲ...”

လူတိုင်းအံ့အားသင့်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားကြသည်။

ထိုမြည်ဟည်းသံကြီးထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း ပြန်ပြည့်လာနေသော ရေကန်ထဲမှရေများမှာ အောက်သို့နိမ့်ဆင်းသွားပြီး ပိုမိုလျော့နည်းသွားလေသည်။

အဲလစ်က...

“အသံကြီးက အတော်ကျယ်တယ်”

လွန်ခါက...

“ငလျင်လှုပ်လိုက်သလိုပဲ...”

ချောင်တတိယသခင်လေးက...

“ရေကန်ထဲကရေတွေ ဘာလို့ ပြန်နည်းသွားတာလဲ”

နာ့ယီရှို့က...

“ကြည့်ရတာ ရေကန်နဲ့ချိတ်ဆက်ထားတဲ့ ဝင်ပေါက်နားက ဆည်ကို တစ်ယောက်ယောက်က ဖျက်ဆီးပစ်လိုက်တာများလား”

လူတိုင်းလည်း ထိုသို့တွေးလိုက်မိကြသည်ပင်။

ဆည်နှင့်ရေကန် ချိတ်ဆက်ထားသည့်လမ်းကြောင်းသာ ကျိုးပျက်သွားပါက ရေကန်မျက်နှာပြင်သည်လည်း မြေအောက်မြစ်နှင့်တူညီသွားသည်အထိ ဆက်လက်ကျဆင်းသွားပေလိမ့်မည်။

ရေကန်ထဲတွင် ရေနည်းပါးသွားခြင်းက ရေခဲမြူနဂါးကို ကူရာကယ်ရာမဲ့သွားစေမည်မှန်သော်လည်း...

ဝင်ပေါက်မှဆည်ကို မည်သူ ဖျက်ဆီးလိုက်သနည်း။

ဤရတနာမြေအတွင်းသို့ နောက်ထပ် အုပ်စုတစ်စု ထပ်မံရောက်ရှိလာခြင်းများလား။

ဆိတ်ကွယ်ရာတွင် ပုန်းအောင်းနေသည့် ခုန်မင်ကတော့ မျက်လုံးမှိတ်လျှက် ကျင့်စဉ်အသစ်တီထွင်ရန် အာရုံစိုက်နေသဖြင့် အပြင်လောကအခြေအနေများကို သတိမမူမိပေ။

မဟုတ်ပါက ရေအရင်းအမြစ်ကို ဖြတ်တောက်လိုက်သူမှာ ကျားခြင်္သေ့သားရဲကြီးဖြစ်ကြောင်း ခုန်မင် ချက်ချင်း ခန့်မှန်းမိပေလိမ့်မည်။

ဟုတ်ပေ၏။

နောက်ဆုံးတော့ ကျားခြင်္သေ့သားရဲကြီးက လက်တုံ့ပြန်ရန် စတင်လှုပ်ရှားလာပြီ ဖြစ်၏။

ဆည်ကိုဖျက်ဆီးလိုက်ခြင်းက ဆေးပင်ဥယျာဉ်ထဲမှ စိုက်ခင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေနိုင်သည်။

သို့သော် သူ့နယ်မြေကို ပြန်လည်ရယူရန် စိတ်အားထက်သန်နေသည့် ကျားခြင်္သေ့သားရဲကတော့ ထိုအရာများကို အရေးမစိုက်နိုင်တော့ပေ။

ပြီးတော့ ရေကန်အလယ်တွင်ရှိနေသည့် ဒဏ္ဍာရီလာ ရတနာပစ္စည်းသည်လည်း မှော်ဝင်သားရဲများအတွက် အလွန်အမင်း ဆွဲဆောင်မှုရှိသည် မဟုတ်ပါလား။

ရေကန်မျက်နှာပြင် ဆက်တိုက်ကျဆင်းသွားသည်နှင့် ရေကန်အောက်ခြေမှ ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ခဏအကြာမှာတော့ ဧရာမလှိုင်းလုံးကြီးတစ်ခု ဝုန်းကနဲ မြင့်တက်လာပြီး ပေ(၃၀)ခန့် ရှည်လျားသည့် ကျောက်စိမ်းဖြူရောင် နဂါးကြီးတစ်ကောင် ရေပြင်ကိုခွဲလျှက် ပျံသန်းထွက်ပေါ်လာသည်။

နဂါးကြီးက ဒေါသတကြီးဖြင့်...

“ဘယ်လို အဆင့်မရှိတဲ့ကောင်က ငါ့နယ်မြေရဲ့ ရေအရင်းအမြစ်ကို ခိုးပြီး ပြတ်တောက်ရဲတာလဲ... ၊ ဒီနေ့ အဲဒီကောင်ကိုလည်း မင်းတို့လို ပုရွက်ဆိတ်တွေနဲ့အတူ တစ်ခါတည်း သတ်ပစ်ရမယ် ၊ ငါ့ကို ဒေါသထွက်အောင်လုပ်ရင် ဘာဖြစ်မလဲဆိုတာ ပြရသေးတာပေါ့”

ထွက်ပေါ်လာသည့် ‌ကျောက်စိမ်းဖြူနဂါးကြီးက ရေခဲမြူနဂါးပင် ဖြစ်သည်။

“မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ထိမှန်ခံလိုက်ရပြီးနောက် ဒဏ်ရာအပြင်းအထန်ရရှိသွားသလို ဒဏ်ရာဟောင်းများပါ ပြန်ပွင့်သွားသဖြင့် လူသားအသွင် ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ မူလပုံစံ နဂါးဖြူကြီးအသွင်သို့ ပြန်လည်ပြောင်းလဲသွားခြင်း ဖြစ်၏။

နဂါးဖြူကြီး၏ခန္ဓာကိုယ်ထက်တွင် မိုးကြိုးထိမှန်လောင်ကျွမ်းထားသည့် အမည်းရောင်အစက်များကိုပင် ထင်ရှားစွာ တွေ့မြင်နေရသည်။

ရေခဲမြူနဂါး ဒေါသချောင်းချောင်းထွက်လျှက်ရှိသည်။

ရေအရင်းအမြစ်ကို ဖြတ်တောက်လိုက်ခြင်းက သူ၏အသက်သွေးကြောကို ဖြတ်တောက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ ထိန်းချုပ်တိုက်ခိုက်ရန် ရေမရှိတော့ပါက သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သိသိသာသာ လျော့နည်းသွားပေမည်။

နာ့ယီရှို့တို့အုပ်စုအတွက်တော့ လက်ရှိအချိန်က ရေခဲမြူနဂါးကို အဆုံးသတ်တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်ပေတော့၏။

All Chapters