မူလအသက်ဓာတ်စွမ်းအား
Vol. 17 Ch. 178
ရေခဲမြူနဂါး၏ မူလရုပ်သွင်ထွက်ပေါ်လာသည်နှင့် လွန်ခါတို့အုပ်စုကလည်း တစ်ချက်ပင် နောက်မတွန့်ဘဲ ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ရေကန်ထဲမှ ရတနာပစ္စည်းကိုရယူရန်အတွက် ကိုယ်စီ အကြံအစည်များရှိနေသဖြင့် သူတို့အုပ်စု စည်းလုံးမှု စတင်ပျက်ယွင်းနေပြီ ဖြစ်သော်လည်း တွင်းထဲကျသည့်နဂါးကိုတော့ အခွင့်အရေးရချိန် ခဲနှင့်ပေါက်ချင်သေးသည်။
အထူးသဖြင့် ချောင်ညီအစ်ကို(၃)ယောက်က ရေခဲမြူနဂါးကို အလဲထိုးရန် စိတ်အားထက်သန်နေကြပေပြီ။
အဘယ်ကြောင့်ဆိုသော အဆင့်(၆) မှော်ဝင်သားရဲ၏ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးပါက ဤနေရာတွင်ရှိသူများထဲတွင် မည်သူမှ သူတို့(၃)ယောက်ကို ယှဉ်နိုင်မည် မဟုတ်တော့ပေ။
ရေကန်ထဲမှ ရတနာပစ္စည်းသည်လည်း သူတို့လက်ထဲသို့သာ အလွယ်တကူ ရောက်ရှိလာပေမည်။
ချောင်ပေါင်နှင့် ချောင်ပြောင်တို့က တစ်ချက်မတုံ့ဆိုင်းဘဲ ချောင်ဟူထံသို့ ဒြပ်စင်စွမ်းအားများ ပို့လွှတ်ပေးလိုက်ကြသည်။ ချောင်ဟူကလည်း ချက်ချင်းပင် ရေခဲမြူနဂါးရှိရာသို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ရောင်စဉ်သုံးမျိုး ရောယှက်နေသည့် ဒြပ်စင်စွမ်းအားတိုင်လုံးကြီးက လေထုကိုထိုးခွင်းပြီး နဂါးကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။
ချောင်ညီအစ်ကို(၃)ယောက်၏ စုပေါင်းစွမ်းအားက ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်နှင့် ညီမျှသည်ဆိုသော်လည်း အားနည်းချက်တော့ ရှိနေသေးသည်။
သူတို့၏တိုက်ကွက်က (၃)ယောက်ပေါင်း တိုက်ခိုက်ရခြင်းဖြစ်သဖြင့် စွမ်းအားတိုင်လုံးကြီးကိုထုတ်လွှတ်သည့် တိုက်ကွက်ကိုသာ ထပ်ခါတလဲလဲ အသုံးပြုနေရပြီး အခြားသော သိုင်းကွက်အလှည့်အပြောင်းများ အသုံးပြုနိုင်ခြင်း မရှိပေ။
ဤသည်က သားရဲနှင့်တိုက်ခိုက်ရာတွင် ပြဿနာမရှိနိုင်သော်လည်း ကျင့်ကြံသူအချင်းချင်းတိုက်ခိုက်လျှင် အားနည်းချက် ရှိနိုင်၏။
လက်ရှိမှာတော့ ချောင်ညီအစ်ကို(၃)ယောက်၏ တိုက်ကွက်က ရေခဲမြူနဂါးကြီးထံသို့ ဦးတည်ဝင်ရောက်သွားသည်။
ဒေါသထွက်နေသည့် ရေခဲမြူနဂါးကလည်း အလွယ်တကူ နောက်ဆုတ်ပေးရန် အစီအစဉ် မရှိပေ။
သူက ရေပြင်အား အမြီးဖြင့် ရိုက်ချလိုက်ပြီး ထူထဲသော ရေတံတိုင်းကြီးတစ်ခုဖန်ဆင်းကာ ဝင်ရောက်လာသော စွမ်းအားတိုင်လုံးကြီးကို ရင်ဆိုင်လိုက်သည်။
ကန်ထဲမှရေများက တရိပ်ရိပ်နှင့် ကျဆင်းနေသော်လည်း ကျန်ရှိသည့်ရေပမာဏက နည်းလှသည်တော့ မဟုတ်သေးပေ။
ပေ(၃၀၀)ခန့် နက်ရှိုင်းသည့် ရေကန်ကြီးဖြစ်လေရာ ရေများအားလုံး ခမ်းခြောက်သွားရန် အချိန်တစ်ခုတော့ ကြာမည်သာပင်။
ရေခဲမြူနဂါး အမြီးရိုက်ပြီးဖန်တီးလိုက်သော ရေတံတိုင်းကြီးက အနည်းဆုံး ပေ(၃၀)ခန့် ထူထပ်သည်။
ချောင်ညီအစ်ကို(၃)ယောက်၏ စုပေါင်းတိုက်ကွက်ဖြင့်ဖန်တီးထားသော စွမ်းအားတိုင်လုံးကြီးက အရှိန်အဟုန် ပြင်းထန်သည့်တိုင် ထိုမျှထူထဲသော အရံအတားကို တစ်ချက်တည်းဖြင့်ထိုးဖောက်ရန် မလွယ်ကူပေ။
လက်ရှိမှာတော့ ရေခဲမြူနဂါးနှင့် ချောင်ညီအစ်ကို(၃)ယောက် အားပြိုင်လျှက် ရှိကြသည်။
ဤသည်ကိုအခွင့်ကောင်းယူပြီး လွန်ခါ ၊ နာ့ယီရှို့နှင့် ချောင်တတိယသခင်လေးတို့က ဝိညာဉ်လက်နက်များကို ကိုယ်စီးဆွဲကိုင်ကာ ဘေးမှ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
လွန်ခါက မြေခွင်းတူကြီးများကို အဆက်မပြတ်ဝှေ့ယမ်းပြီး ရေခဲမြူနဂါး၏ ဦးခေါင်းဆီသို့ ဦးတည်ပစ်ပေါက်လိုက်သည်။
နာ့ယီရှို့က နှင်းမုန်တိုင်းလက်ကိုင်ပုဝါကို ဒိုင်းလွှားသဖွယ် ဖြန့်ကားလိုက်ရာ အပြာရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရေခဲမြူနဂါး၏ခန္ဓာကိုယ်အား အေးခဲသွားစေရန် ပစ်မှတ်ထား ထိန်းချုပ်လိုက်၏။
ချောင်တတိယသခင်လေးကတော့ တိုက်ကွက်အဟောင်းကိုပင်ထုတ်သုံးကာ အလင်းစီးဆင်းဓားဖြင့် ရေခဲမြူနဂါးထံသို့ ပစ်ပေါက်လိုက်သည်။
အဲလစ်ကလည်း လက်ပိုက်ကြည့်မနေခဲ့ပေ။
သူမက မြစိမ်းရောင် ကျောက်စိမ်းလေးကိုတင်လိုက်ပြီး လင်းယုန်သဏ္ဌန် မှော်ဝင်မြားရှည်ကို လေးကြိုးတွင် တပ်ဆင်လိုက်သည်။
အခြားသော နတ်သူငယ်(၄)ယောက်၏ အကူအညီမပါတော့သဖြင့် “မိစ္ဆာဖြိုခွင်းမိုးကြိုးမြား” ကို ဆင့်ခေါ်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် ဤမှော်ဝင်မြားတံ၏ မူလစွမ်းရည်ကပင် လျှပ်စီးစွမ်းအားကို စုစည်းပေးနိုင်သည်ဖြစ်ရာ အဲလစ်အနေဖြင့် လျှပ်စီးစွမ်းအားအနည်းငယ်ကိုတော့ အသုံးပြုနိုင်သေးသည်။
သူမထုတ်ဖော်လိုက်သည့် လျှပ်စီးစွမ်းအားက မိစ္ဆာဖြိုခွင်းမိုးကြိုးမြားကို မယှဉ်နိုင်သော်လည်း ရေခဲမြူနဂါးကိုတော့ ထိတ်လန့်သွားစေရန် လုံလောက်သည်။
အလွန်တရာ နိမ့်ကျသိမ်ဖျင်းလှသော ဘာမဟုတ်သည့် လူသားငချွတ်လေးများက အကြိမ်းကြိမ် လာရောက်တိုက်ခိုက်နေသဖြင့် ရေခဲမြူနဂါး၏ဒေါသက အထွတ်ထိပ်သို့ ရောက်ရှိသွားသည်။
ထို့ကြောင့်ပင် သူ၏ ဒဏ်ရာအသစ်များရော ဒဏ်ရာအဟောင်းများကိုပါ အရေးမစိုက်တော့ဘဲ နောက်ဆုံးပိတ် အပြင်းထန်ဆုံးတိုက်ကွက်ကိုထုတ်သုံးရန် ဆုံးဖြတ်လိုက်၏။
လွန်ခါ ၊ အဲလစ် ၊ နာ့ယီရှို့နှင့် ချောင်တတိယသခင်လေးတို့၏ တိုက်ခိုက်မှုများက ရေခဲမြူနဂါးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။
သို့သော် ရေခဲမြူနဂါးက ရှောင်တိမ်းခြင်းမပြုသလို တုန်လှုပ်ဟန်လည်း မပြပေ။
သူက ဟိန်းဟောက်သံတစ်ချက် ပြုလိုက်ပြီး ဧရာမပါးစပ်ကြီးကိုဟလိုက်ရာ ပါးစပ်ထဲမှ နို့နှစ်ရော မြူခိုးတိမ်တိုက်များ ထွက်ပေါ်လာသည်။
ထိုမြူခိုးတိမ်တိုက်များက နာ့ယီရှို့တို့အုပ်စုထံသို့ ဖြည်းဖြည်းချင်း လွင့်မျောကာ လှိမ့်ဝင်လာသည်။ ဤနို့နှစ်ရောင်မြူခိုးများက ရေခဲမြူနဂါးကြီး၏ မူလအသက်ဓာတ်စွမ်းအား ဖြစ်၏။
ဤသည်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဒြပ်စင်စွမ်းအားအနှစ်သာရများအားလုံး စုစည်းထားခြင်းဖြစ်သည်။
မှော်ဝင်သားရဲများတွင် ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေ ဖြစ်ပေါ်လာရခြင်းမှာ ဤမူလအသက်ဓာတ်စွမ်းအားမြူခိုးများ တဖြည်းဖြည်း အစိုင်အခဲအဖြစ်သို့ ကူးပြောင်းသွားခြင်းကြောင့်သာပင်။
မူလအသက်ဓာတ်စွမ်းအားကို ပြင်ပသို့ထုတ်လွှတ်တိုက်ခိုက်ခြင်းက အလွန်တရာ ကြီးမားပြင်းထန်သော စွမ်းအားကို ဖြစ်ပေါ်စေသည်။
သို့သော် ထိုစွမ်းအား အနည်းငယ်ကုန်ဆုံးသွားတိုင်း ရေခဲမြူနဂါး၏ အသက်ဓာတ်ကို ပေးဆပ်နေရခြင်းနှင့် အတူတူပင် ဖြစ်၏။
ဤမျှ သက်စွန့်ဆံဖျားတိုက်ခိုက်သည်ကိုကြည့်ခြင်းအားဖြင့် ရေခဲမြူနဂါးကြီးမှာ နာ့ယီရှို့တို့အုပ်စုအား မည်မျှမုန်းတီးနေကြောင်း သိရှိနိုင်သည်။
ဟုတ်ပေ၏။
အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်၏ “မူလအသက်ဓာတ်စွမ်းအား” မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ကိုယ်တိုင်ကြုံမှသာ သိရှိနိုင်သည်။
ကျင့်ကြံခြင်းအဆင့် မည်သို့ရှိပါစေ ၊ မည်မျှထူးခြားသော ကျင့်စဉ်ကို ကျင့်ကြံထားပါစေ ၊ မည်မျှ အရည်အသွေးမြင့်မားသော ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကို ကိုင်ဆောင်ထားပါစေ... သို့မဟုတ် မည်မျှ လျှို့ဝှက်ဆန်းကြယ်သော မှော်ပညာကို တတ်ကျွမ်းသည့် နတ်သူငယ်ပင် ဖြစ်ပါစေ...
အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်၏ ဤသို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရပါက ပြင်းထန်သောမုန်တိုင်းထဲသို့ ရောက်ရှိသွားသည့် သစ်ရွက်ခြောက်ပမာ လွင့်စင်သွားကြရမည်သာပင်။
လွန်ခါ၏ မြေခွင်းတူနှစ်လက်မှာ ထိုမူလအသက်ဓာတ်စွမ်းအားမြူခိုးများဖြင့် ထိတွေ့မိသည်နှင့် ချက်ချင်းပင် စွမ်းအားရောင်ဝါများ မှေးမှိန်ပျောက်ကွယ်သွားရသည်။
ဝိညာဉ်လက်နက်ဂုဏ်သတ္တိများ လုံးဝဆုံးရှုံးသွားပြီး သာမန် သံတုံးတစ်တုံးပမာ ရေထဲသို့ ဘုန်းကနဲ ပြုတ်ကျသွားတော့၏။
နှင်းမုန်တိုင်းလက်ကိုင်ပုဝါမှ ဖြာထွက်နေသော အပြာရောင်အလင်းတန်းများမှာလည်း မူလအသက်ဓာတ်စွမ်းအားနှင့် ထိတွေ့မိသည်နှင့် သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
လက်ကိုင်ပုဝါမှာလည်း ပြင်းထန်သော ရိုက်နှက်မျု ခံလိုက်ရသည့်ပမာ သာမန် အဝတ်စတစ်စအဖြစ် ပြောင်းလဲသွားကာ နာ့ယီရှို့ခြေရင်းသို့ လိပ်ကျသွားသည်။
ချောင်တတိယသခင်လေး ပစ်လွှတ်လိုက်သော အလင်းစီးဆင်းဓားမှာလည်း မူလအသက်ဓာတ်စွမ်းအားရှေ့တွင် မိုးစက်မိုးပေါက်လေးကဲ့သို့ပင် အရာမထင် ဖြစ်သွားရသည်။
ပိုဆိုးသည်မှာ ပြင်းထန်လှသောဖိအားကြောင့် ချောင်သခင်လေးသည်ပင် နောက်သို့ ခြေ(၃)လှမ်းခန့် ဆုတ်သွားရခြင်း ဖြစ်၏။
အင်အားအကြီးဆုံးဟု ထင်မှတ်ရသော အဲလစ်၏ လျှပ်စီးမြားပင်လျှင် ရေခဲမြူနဂါး၏ မူလအသက်ဓာတ်စွမ်းအားရှေ့တွင် မှော်စွမ်းအားများအားလုံး လုံးဝ ဆုံးရှုံးသွားရလေသည်။
လျှပ်စီးမြားတံမှာ မူလအသက်ဓာတ်စွမ်းအားမြူခိုးများထဲသို့ တိုးဝင်သွားပြီး အစအနပင်မကျန် ပျော်ဝင်ပျောက်ကွယ်သွားခဲ့သည်။
ထိုအခါမှ နာ့ယီရှို့တို့အုပ်စုမှာ ရေခဲမြူနဂါးမှုတ်ထုတ်လိုက်သည့် မူလအသက်ဓာတ်စွမ်းအားက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားတော့သည်။
ထို့ပြင် ဤမူလအသက်ဓာတ်စွမ်းအားမြူခိုးများက ဖြည်းညင်းစွာ ရွေ့လျားနေသည်ဟု ထင်မှတ်ရသော်လည်း နာ့ယီရှို့တို့အုပ်စုအတွက် လုံးဝ ရှောင်တိမ်းမရသော တိုက်ကွက်တစ်ခု ဖြစ်နေသည်။
ရွေးချယ်စရာမရှိသည့်အဆုံး သူတို့အားလုံး ရှိသမျှအစွမ်းကို အသုံးပြုကာ ရေခဲမြူနဂါး၏ မူလအသက်ဓာတ်စွမ်းအားကို ခုခံနိုင်ရန် ကြိုးစားရတော့၏။
နို့နှစ်ရောင် မူလအသက်ဓာတ်စွမ်းအားမြူခိုးများက တိမ်တိုက်များပမာ နူးညံ့လှပြီး နာ့ယီရှို့တို့အုပ်စုကို အသာလေး ပွတ်တိုက်သွားသလို ထင်မှတ်ရသော်လည်း သူတို့တည်ဆောက်ထားသည့် ဒြပ်စင်စွမ်းအား အကာအကွယ်များနှင့် မျော်စွမ်းအားအကာအကွယ်များကို စက္ကူစကဲ့သို့ပင် အလွယ်တကူ စုတ်ဖြဲသွားခဲ့သည်။
နာ့ယီရှို့ ၊ လွန်ခါ ၊ ချောင်တတိယသခင်လေးနှင့် အဲလစ်တို့မှာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုနှင့် ရိုက်ခတ်ခံလိုက်ရပြီး လေထဲသို့ လွင့်စင်ထွက်သွားကြသည်။
“ဝုန်း...”
“ဝေါ့...”
ထို့နောက် ပေ(၃၀)ခန့်အကွာတွင် မြေပြင်ထက်သို့ ဝုန်းကနဲ ပြုတ်ကျပြီး သူတို့အားလုံး သွေးများအန်ထုတ်လိုက်ကြရသည်။
ထို့နောက် သူတို့တစ်အုပ်စုလုံး သေလား ရှင်လားပင် မသိရအောင် လဲကျငြိမ်သက်သွားကြတော့သည်။ သေချာသည့်အချက်ကတော့ သူတို့အားလုံး လုံးဝ တိုက်ခိုက်နိုင်စွမ်း မရှိတော့ခြင်းပင်။
ရေခဲမြူနဂါးထံမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားက ဤမျှပြင်းထန်မည်ဟု ချောင်ညီအစ်ကို(၃)ယောက်လည်း ထင်မထားခဲ့ကြပေ။
သူတို့အားလုံး ချောင်သခင်လေး အသက်အန္တရယ်ရှိမည်ကို စိုးရိမ်သွားပြီး ရိပ်ခနဲလှုပ်ရှားကာ သခင်လေးအနားသို့ ရောက်လာကြသည်။
ထို့နောက် ဒြပ်စင်စွမ်းအားများကို စုစည်းလိုက်ပြီး ရေခဲမြူနဂါးကို သတိကြီးစွာဖြင့် စူးစိုက်ကြည့်လိုက်ကြ၏။
ရေခဲမြူနဂါး၏ မူလအသက်ဓာတ်စွမ်းအားမြူခိုးများက ပျောက်ကွယ်သွားခြင်းမရှိသေးဘဲ ချောင်ညီအစ်ကို(၃)ယောက်ဆီသို့ တရွေ့ရွေ့ ဆက်လက်တိုးဝင်လာသည်။
လွန်ခါတို့အုပ်စု၏အခြေအနေကိုကြည့်ရုံမျှဖြင့် ဤစွမ်းအားထုကြီးက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြပြီးသားပင်။
ထို့ကြောင့် ချောင်ညီအစ်ကို(၃)ယောက် အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိပေ။
သူတို့(၃)ယောက်လုံး ရှိသမျှ ဒြပ်စင်စွမ်းအားများကို စုစည်းလိုက်ပြီး ချောင်ဟူက လက်ဖဝါးနှစ်ဖက်လုံးကို ရှေ့သို့တွန်းထုတ်လိုက်သည်။
ဤသည်က သူတို့၏ အားအကောင်းဆုံးတိုက်ကွက်ဖြစ်သော ဒြပ်စင်စွမ်းအားအလင်းတိုင်လုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်ခြင်းသာပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လည်ပတ်နေသော ဒြပ်စင်စွမ်းအားတိုင်လုံးကြီးက ရေခဲမြူနဂါးမှုတ်ထုတ်လိုက်သော မူလအသက်ဓာတ်စွမ်းအားမြူခိုးများ အရှိန်အဟုန်ပြင်းစွာဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ချောင်ညီအစ်ကို(၃)ယောက်၏ ပူးပေါင်းတိုက်ကွက်က နာ့ယီရှို့ ၊ လွန်ခါ ၊ ချောင်တတိယသခင်လေးနှင့် အဲလစ်တို့၏ တိုက်ခိုက်မှုထက် များစွာ စွမ်းအားကြီးမားသည်ဟု ဆိုရမည်။
ထို့ကြောင့် ရေခဲမြူနဂါး၏ မူလအသက်ဓာတ်စွမ်းအားမြူခိုးများသည်ပင် သူတို့၏စွမ်းအားကို အလွယ်တကူ ဖိနှိပ်နိုင်ခြင်း မရှိပေ။
“ဘုန်း...”
အသံနက်ကြီးနှင့်အတူ ပြင်းထန်သော စွမ်းအားလှိုင်းလုံးများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပေါက်ကွဲထွက်သွားကာ မြေကြီးများအက်ကွဲသွားပြီး ရေကန်ထဲတွင် ကျန်ရှိနေသော ရေအနည်းငယ်သည်ပင် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ကြီးမားသော ရေလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။
စွမ်းအားနှစ်ခု ထိပ်တိုက်ရင်ဆိုင်မှုက ဒြပ်စင်စွမ်းအားအရှင်သခင်နှစ်ယောက် ထိပ်တိုက်တွေ့သကဲ့သို့ အရှိန်အဟုန် ပြင်းထန်လှသည်။
လွင့်စင်လာသည့် တိုက်ပွဲလှိုင်းလုံးများသည်ပင် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများထက် ကျော်လွန်နေပေသည်။
ရေခဲမြူနဂါးသာ ဒဏ်ရာများစွာ ရရှိထားခြင်းမရှိလျှင် ချောင်ညီအစ်ကို(၃)ယောက်၏ စုပေါင်းအင်အား မည်မျှပင်အစွမ်းထက်ပါစေ အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်၏ မူလအသက်ဓာတ်စွမ်းအားကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ယခုလည်း ချောင်ညီအစ်ကို(၃)ယောက် အံတင်းတင်းကြိတ်ပြီး တောင့်ခံနေကြရသည်။
ရေခဲမြူနဂါး၏ မူလအသက်ဓာတ်စွမ်းအားမြူခိုးများထဲတွင်ပါဝင်သော ကြီးမားသည့်စွမ်းအားထုကြီးမှာ ဒြပ်စင်စွမ်းအားအရှင်သခင် အလယ်ဆင့် နှင့် ညီမျှနေသည် မဟုတ်လား။
သို့သော် လက်ရှိမှာတော့ ချောင်ညီအစ်ကို(၃)ယောက်အနေဖြင့်နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ သူတို့နောက်ဆုတ်လိုက်ပါက ဤနေရာတွင်ရှိနေသူအားလုံး အသတ်ခံရမည် ဖြစ်သည်။
သူတို့အနေဖြင့် နာ့ယီရှို့နှင့် အခြားသူများကို လျစ်လျူရှုထားနိုင်သော်လည်း ချောင်တတိယသခင်လေးကိုတော့ ကာကွယ်ပေးရမည် ဖြစ်သည်။
ဖီးနစ်ကျဆုံးတောင်ကြားခရီးစဉ်တွင် ချောင်သခင်လေး သေဆုံးသွားပါက ချောင်အိမ်တော်ပြန်ရောက်လျှင် သူတို့ညီအစ်ကို(၃)ယောက်လုံး ပြင်းထန်စွာ အပြစ်ပေးခံရပေမည်။
ထို့ကြောင့် ရှိသမျှအင်အားသုံးပြီး အတတ်နိုင်ဆုံးတောင့်ခံကာ တိုက်ခိုက်နေကြခြင်းပင်။
ချောင်ညီအစ်ကို(၃)ယောက်မှာ ကြီးမားလှသော ဖိအားများအောက်တွင် သူတို့တတ်နိုင်သည်ထက် ကျော်လွန်သည်အထိ အစွမ်းကုန်အားထုတ်နေကြရသည်။
ချောင်ဟူခန္ဓာကိုယ်ထဲသို့ စီးဝင်နေသည့် ဒြပ်စင်စွမ်းအားများမှာ သူ၏သွေးကြောဆုံချက်များ တောင့်ခံနိုင်သည့်ပမာဏထက်ပင် ကျော်လွန်နေပေပြီ။
ကြီးမားသည့်ဖိအားကြောင့် သွေးကြောငယ်အချို့ပင် ပေါက်ထွက်ကုန်ကာ အရေပြားအောက် သွေးယိုစိမ့်မှုဖြစ်ပွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးနီရောင်သမ်းလာသည်။
ချောင်ပေါင်နှင့် ချောင်ပြောင်တို့မှာတော့ ရှိသမျှစွမ်းအားအကုန်လုံးကို ချောင်ဟူထံ ထည့်သွင်းပေးလိုက်ရသဖြင့် ခန္ဓာကိုယ်များ သိသိသာသာ ပုံပျက်ပန်းပျက်ဖြစ်ကာ ဒယိမ်းဒယိုင် ဖြစ်နေကြသည်။
ရေခဲမြူနဂါးက မူလအသက်ဓာတ်စွမ်းအားကို ထုတ်သုံးထားသည့်တိုင် ချောင်ညီအစ်ကို(၃)ယောက်ကလည်း အသက်နှင့်ရင်း၍ လောင်းကြေးထပ်နေကြပေသည်။
တိုက်ပွဲအခြေအနေအရဆိုလျှင် သူတို့အနေဖြင့် ရေခဲမြူနဂါးကို အနိုင်ရခဲ့လျှင်တောင်မှ ဒဏ်ရာအပြင်းအထန်ရရှိပြီး လက်ရှိကျင့်ကြံခြင်းအဆင့်သို့ ပြန်လည်ရရှိနိုင်ရန် မသေချာတော့ပေ။