← Chapters

နောက်ကွယ်မှစာကလေး

Vol. 17 Ch. 179

နောက်ကွယ်မှစာကလေး

Vol. 17 Ch. 179

ရေခဲမြူနဂါးစိတ်ထဲမှ ရက်စက်ကြမ်းကြုတ်မှုများက ထိန်းချုပ်မရနိုင်တော့ပေ။

နာ့ယီရှို့တို့အုပ်စုနှင့် တိုက်ခိုက်ရပါက လွယ်ကူမည်မဟုတ်ကြောင်း သိရှိထားသော်လည်း ၊ အရေးမပါသော လူသားလေးများက သူ့ကို ဤမျှအထိ ဒုက္ခပေးနိုင်လိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့မိပေ။

သူက ရုတ်တရက်ပင် ခန္ဓကိုယ်အား ဆတ်ခနဲလှုပ်ရှားလိုက်ပြီး ပါးစပ်ကိုကျယ်လောင်စွာဖွင့်ကာ လက်သီးဆုပ်ခန့် ပုံဆောင်ခဲတစ်ခုကို မှုတ်ထုတ်လိုက်သည်။

ထိုပုံဆောင်ခဲထဲတွင် အပြာရောင်စွမ်းအားစီးကြောင်းများ စီးဆင်းနေပြီး အဖြူရောင်အလင်းတန်းများ ဖြာထွက်လျှက် ရှိသည်။

ဤသည်က အဆင့်(၆) မှော်ဝင်သားရဲ၏ ဒြပ်စင်စွမ်းအား ပုံဆောင်ခဲ အမြုတေပင် ဖြစ်သည်။

“ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေ” ဆိုသည်က မှော်ဝင်သားရဲတစ်ကောင်၏ တန်ခိုးစွမ်းအားများစုစည်းရာ အခြေခံအုတ်မြစ် ဖြစ်ပြီး “နှလုံး” ထက်ပင် ပို၍ အရေးပါသည်။

အားနည်းသော မှော်ဝင်သားရဲများကတော့ သူတို့၏ ပုံဆောင်ခဲအမြုတေကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်စွမ်း မရှိကြပေ။

သို့သော် အမြုတေကို ပြင်သို့ထုတ်ဖော်တိုက်ခိုက်ခြင်းက အစွမ်းထက်ဆုံးတိုက်ကွက် ထွက်ပေါ်လာနိုင်သလို အခန့်မသင့်လျှင် အသက်ပါပျောက်သွားနိုင်၏။

ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ခြင်းက မူလအသက်ဓာတ်စွမ်းအားကို မှုတ်ထုတ်ခြင်းထက်ပင် ပိုမိုပြင်းထန်သော လုပ်ရပ်ဖြစ်သည်။

အမှားအယွင်းတစုံတရာဖြစ်ခဲ့ပါက တိုက်ခိုက်သူရော ၊ အတိုက်ခံရသူပါ အသက်ပျောက်သွားနိုင်သည့် အနေအထားမျိုးသာပင်။

ရေခဲမြူနဂါး မှုတ်ထုတ်လိုက်သော ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြူတေမှာ အစောပိုင်းက ထုတ်လွှတ်ထားသည့် မူလအသက်ဓာတ်စွမ်းအားမြူခိုးများထဲသို့ လျှင်မြန်စွာပင် ပေါင်းစပ်ဝင်ရောက်သွားသည်။

ထိုသို့ပေါင်းစပ်သွားသည်နှင့် ရေခဲမြူနဂါး၏ မူလအသက်ဓာတ်စွမ်းအားထုကြီးက ချောင်ညီအစ်ကို(၃)ယောက် ထုတ်လွှတ်ထားသည့် ဒြပ်စင်စွမ်းအားတိုင်လုံးကြီးထက် အဆမတန် သာလွန်သွားခဲ့သည်။

မူလအသက်ဓာတ်စွမ်းအားမြူခိုးများက အလင်းတိုင်လုံးကြီးကို ဝါးမျိုပစ်လိုက်ပြီး ဖြည်းဖြည်းချင်း သူတို့အနားသို့ ချဉ်းကပ်လာသည်။

ချောင်ညီအစ်ကို(၃)ယောက်လုံး ကြုံးဝါးသံများပြုလုပ်လိုက်ကြပြီး သွေးအနှစ်သာရများ အန်ထုတ်လိုက်ကြသည်။

သူတို့က သွေးအနှစ်သာရများစွာ အန်ထုတ်လိုက်သဖြင့် သက်တမ်းတိုသွားမည်ကိုပင် အရေးမစိုက်ဘဲ ခန္ဓာကိုယ်ထဲမှ ရှိသမျှစွမ်းအားကို အစွမ်းကုန်ညှစ်ထုတ်ကာ တိုက်ပွဲကို ပြောင်းပြလှန်ရန် ကြိုးစားလိုက်ကြခြင်းပင်။

သို့သော် ရေခဲမြူနဂါးက ဤမျှအထိ အစွမ်းကုန် ရင်းနှီးထားပြီးဖြစ်ရာ ချောင်ညီအစ်ကို(၃)ယောက်အနေဖြင့် အခြေအနေကို မည်သို့ ပြောင်းပြန်လှန်နိုင်ပါမည်နည်း။

ရေခဲမြူနဂါးက ဦးခေါင်းကြီးကို မော့လိုက်ပြီး သွေးအနှစ်သာရတစ်လုပ်ကို အရှိန်အဟုန်ဖြင့် မှုတ်ထုတ်လိုက်ရာ ထိုသွေးများက မူလအသက်ဓာတ်စွမ်းအားမြူခိုးထဲတွင် ငုပ်လျှိုးနေသော ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြူတေထက်သို့ ကျရောက်သွားသည်။

သူ မှုတ်ထုတ်လိုက်သည့် သွေးအနှစ်သာရမှာ မီးတောက်ထဲသို့ ဆီတစ်ပုံးလောင်းထည့်လိုက်သည့်ပမာ တန်ခိုးစွမ်းအားများ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာပြီး ချောင်ညီအစ်ကို(၃)‌ယောက်ထံသို့ တရကြမ်း ဝင်ရောက်သွားတော့သည်။

ချောင်ညီအစ်ကို(၃)ယောက် လုံးဝ တောင့်မခံနိုင်တော့ပေ။

သူတို့ထုတ်လွှတ်ထားသည့် ဒြပ်စင်စွမ်းအား တိုင်လုံးကြီးမှာ ရေခဲမြူနဂါး၏ မူလအသက်ဓာတ်စွမ်းအားထုကြီးထဲသို့ ဝါးမျိုခြင်း ခံလိုက်ရသည်။

သူတို့ခန္ဓာကိုယ်များသည်လည်း နောက်ဘက်သို့ ပေပေါင်းများစွာလွင့်စင်ထွက်သွားပြီး နာ့ယီရှို့တို့အုပ်စုထက်ပင် ပိုမိုဆိုးရွားသောဒဏ်ရာများဖြင့် မြေပြင်ထက် ပြုတ်ကျကုန်ကြတော့၏။

ယခုတော့ နာ့ယီရှို့ ၊ လွန်ခါ ၊ ချောင်တတိယသခင်လေး ၊ အဲလစ်နှင့် ချောင်ညီအစ်ကို(၃)ယောက်လုံး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး မြေပြင်ထက် လဲကျနေကြပြီ ဖြစ်သည်။

ရေခဲမြူနဂါးကြီးကိုခုခံရန် အင်အားတစ်စက်ပင် မကျန်ကြတော့ပေ။

မိစ္ဆာဖြိုခွင်းမိုးကြိုးမြားကို ဆင့်ခေါ်ရန်အတွက် အဲလစ်ကို ကူညီခဲ့ကြသော နတ်သူငယ်(၄)ယောက်မှာ ဒဏ်ရာရထားခြင်း မရှိသည့်တိုင် စွမ်းအားများ အကုန်အစင်သုံးစွဲခဲ့သဖြင့် မြေပြင်ထက် ပုံလျက်သားလဲကျလျှက် ရှိကြသည်။

သူတို့သည်လည်း လက်ချောင်းတစ်ချောင်းပင်လှုပ်ရှားရန် အားအင်မကျန်ရှိတော့ပေ။

ယခု ရေခဲမြူနဂါးကိုတားဆီးမည့်သူ တစ်ယောက်မှ မရှိတော့ပေ။

နဂါးကြီးက လဲကျနေသော လွန်ခါတို့အုပ်စုတစ်ခုလုံးကို ရက်စက်ကြမ်းတမ်းစွာ ကြည့်လိုက်ပြီး မည်သူ့ကို အရင်စားလျှင်ကောင်းမည်လဲဟု တွေးတောလိုက်သည်။

ထို့နောက် သူက ခန္ဓာကိုယ်အပြင်ဘက်သို့ထုတ်ထားသော ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေနှင့် မူလအသကဓာတ်စွမ်းအားမြူခိုးများကို ပြန်လည်သိမ်းဆည်းရန် ဟန်ပြင်လိုက်၏။

ဤတိုက်ပွဲကြောင့် ရေခဲမြူနဂါးကြီး များစွာပေးဆပ်ခဲ့ရသည်။

သူက လူသားများထက် ပိုမိုသာလွန်သည့် ဒဏ်ရာပျောက်ကင်းနိုင်စွမ်းမြင့်မားသော အဆင့်(၆) မှော်ဝင်သားရဲဖြစ်သည့်တိုင် အချိန်တိုအတွင်း ပြန်လည်သက်သာလာရန်ကတော့ မဖြစ်နိုင်သည့်ကိစ္စပင်။

ဒဏ်ရာများပျောက်ကင်းသွားလျှင်တောင်မှ သူ၏ခန္ဓာကိုယ်တွင် နောက်ဆက်တွဲဆိုးကျိုးများ ကျန်ရှိနေခဲ့ပေဦးမည်။

သို့ပေသိ ရေခဲမြူနဂါးက ထိုအချက်ကို အလွန်တရာ စိုးရိမ်ခြင်း မရှိပေ။

သူက ဤရေကန်သို့ရောက်လာပြီး ကျားခြင်္သေ့သားရဲ၏နေရာကို လုယူခဲ့ခြင်းမှာ ဒဏ်ရာများ အမြန်ဆုံးပျောက်ကင်းအောင် ကုသရန်အတွက် မဟုတ်ပါလား။

ထိုဒဏ္ဍာရီလာရတနာပစ္စည်း ရှိနေသရွေ့ မည်မျှပြင်းထန်သော ဒဏ်ရာဖြစ်ပါစေ အပြည့်အဝ ပြန်လည်ပျောက်ကင်းသွားမည် ဖြစ်သည်။

သို့သော်...

ရေခဲမြူနဂါး မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။

“ပုစဉ်းရင်ကွဲကို ဖမ်းရန်စောင့်နေသည့် နှံကောင်က နောက်တွင်ရှိနေသည့် စာကလေးငှက်ကို မမြင်နိုင်” ဆိုသည့် စကားပုံ ရှိပေသည်။

ယခု ရေခဲမြူနဂါး၏ နောက်ကွယ်တွင်စောင့်နေသည့် စာကလေးငှက်က တစ်ကောင်တည်းပင် မဟုတ်ခဲ့ပေ။

ရေခဲမြူနဂါး သူ၏ ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေနှင့် မူလအသက်ဓာတ်စွမ်းအားကို ပြန်လည်မသိမ်းနိုင်သေးခင်မှာပင် ရေကန်အလယ်ဗဟိုရှိ ဆူးချုံပင်များထဲမှ လေအဟုန်ကဲ့သို့ လျှင်မြန်သော အရိပ်တစ်ခု ခုန်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုအရိပ်က သူ့ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်တိုက်ခိုက်လိုက်လေတော့၏။

ရုတ်တရက် ပြောင်းလဲသွားသည့်အခြေအနေကြောင့် ရေခဲမြူနဂါး လုံးဝ အငိုက်မိသွားရသည်။

သူက မျက်လုံးထောင့်ကပ်ကြည့်လိုက်ရာ သူ့ထံသို့ဝင်ရောက်လာသူ မည်သူဖြစ်ကြောင်း သိရှိသွားရသည်။

အခြားသူမဟုတ် ၊ သူ နယ်မြေလုယူခြင်းခံလိုက်ရသည့် ကျားခြင်င်္သေ့သားရဲပင် ဖြစ်သည်။

တကယ်တော့ သူ့အနေဖြင့် ဤကိစ္စကို ကြိုတင်တွက်ဆထားသင့်သည်။ နယ်မြေလုယူခံလိုက်ရသည့် ကျားခြင်္သေ့သားရဲက အနှေးနှင့်အမြန် ဤနေရာသို့ပြန်လာပြီး ဒုက္ခပေးမည်သာပင်။

သို့သော် သူက အရေးမပါသော လူသားများကြောင့် ထိုပြဿနာကို မေ့လျော့သွားခဲ့ရသည်။

အစောပိုင်းက ဆည်ကိုဖျက်ဆီးပြီး ရေကြောဖြတ်တောက်လိုက်သူမှာလည်း ဤသားရဲပင် ဖြစ်ရပေမည်။

ရေခဲမြူနဂါးက လူသားအုပ်စုနှင့် အပြင်းအထန်တိုက်ခိုက်ပြီး ဒဏ်ရာရကာ ပင်ပန်းနွမ်းနယ်နေသည်ဖြစ်ရာ ကျားခြင်္သေ့သားရဲက အခွင့်အ‌ရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ထို့ပြင် ကျားခြင်္သေ့သားရဲက ရောင်ဝါဖုံးကွယ်ခြင်းပညာ တတ်မြောက်သည်ကို သူ မေ့လျော့သွားခဲ့သည်။

ထိုသားရဲ အနီးပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသည့်တိုင် တိုက်ပွဲတွင် အာရုံစိုက်နေရသည့် ရေခဲမြူနဂါးက သတိပြုမိမည် မဟုတ်ပေ။

ယခု ကျားခြင်္သေ့သားရဲက ဆူးချုံပင်များကြားတွင် ပုန်းအောင်းနေပြီး ရေခဲမြူနဂါး အားအနည်းဆုံးဖြစ်နေသည့်အချိန်ကို အမိအရဖမ်းဆုပ်ကာ အလစ်ချောင်းတိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ရေခဲမြူနဂါး ဒေါသချောင်းချောင်း ထွက်သွားရသည်။

သို့သော် သူ၏ ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေနှင့် မူလအသက်ဓာတ်စွမ်းအားမြူခိုးက ခန္ဓာကိုယ်ပြ်ငပသို့ရောက်နေသည်ဖြစ်ရာ အချိန်မီ ပြန်လည်မသိမ်းဆည်းနိုင်ပါက သေဘေးနှင့် ကြုံတွေ့ရပေမည်။

အခြားနည်းလမ်းမရှိသည့်အဆုံး ရေခဲမြူနဂါးက ကျားခြင်္သေ့သားရဲ၏ အလစ်တိုက်ခိုက်မှုကို တတ်နိုင်သမျှ ရှောင်တိမ်းရန်သာ ကြိုးစားရတော့သည်။

သို့သော် ကျားခြင်္သေ့သားရဲ၏တိုက်ကွက်က တစ်ချက်တည်းဖြင့် အပိုင်တွက်ထားခြင်းဖြစ်ရာ ရေခဲမြူနဂါးအနေဖြင့် အလွယ်တကူ ရှောင်တိမ်းရန် မဖြစ်နိုင်ခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားခြင်္သေ့သားရဲနှင့် ရေခဲမြူနဂါးတို့ ထိပ်တိုက်ရင်ဆိုင်မိကြပြီး ကျားခြင်္သေ့သားရဲ၏ ထက်ရှသောလက်သည်းများက ရေခဲမြူနဂါး၏ ခန္ဓာကိုယ်အလယ်ပိုင်းအား ဆုတ်ဖြဲပစ်လိုက်ရာ အလွန်ရှည်လျားသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

ကျားခြင်္သေ့သားရဲ၏ လက်သည်းချက်က ပြင်းထန်သည်ဖြစ်ရာ ရေခဲမြူနဂါး၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်လုနီးပါးပင် ဖြစ်သွားရ၏။

ဒဏ်ရာက ပြင်းထန်လွန်းသည်ဖြစ်ရာ ရေခဲမြူနဂါးမှာ အသက်ရှင်နေသေးသည့်တိုင် တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားရသည်။

ကျားခြင်္သေ့သားရဲ၏ အလစ်ချောင်းတိုက်ခိုက်မှုက လှပသလို အချိန်ကိုက်လည်း ဖြစ်ပေသည်။

ရေခဲမြူနဂါးက အလွန်ပင် ရက်စက်ကြမ်းတမ်းပြီး စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည်။

သူက ဤမျှ ဒဏ်ရာအပြင်းအထန် ရရှိထားသည့်တိုင် နာကျင်ကြောက်ရွံ့စွာ လူးလှိမ့်နေခြင်းမျိုးမရှိဘဲ ‌ရှေ့သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်ပြီး သူ၏ ဧရာမပါးစပ်ကြီးကိုဟကာ ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေနှင့် မူလအသက်ဓာတ်စွမ်းအားကို ပြန်လည်မျိုချလိုက်သည်။

ဒြပ်စင်စွမ်းအား ပုံဆောင်ခဲနှင့် မူလအသက်ဓာတ်စွမ်းအားတို့ ပျက်ဆီးမသွားပါက ခန္ဓာကိုယ်မှဒဏ်ရာ မည်မျှပြင်းထန်ပါစေ အသက်သေဆုံးသွားမည် မဟုတ်ပေ။

ရေခဲမြူနဂါး လှုပ်ရှားမှုပြုလိုက်သည်နှင့် သူ၏ဒဏ်ရာကြီးမှ သွေးများပန်းထွက်လာပြီး အတွင်းမှ ကိုယ်တွင်းအင်္ဂါအပိုင်းအစများပင် လွင့်စင်ထွက်လာသည်။

လူသားကျင့်ကြံသူတစ်ယောက်ဆိုလျှင် အသက်ပျောက်နေလောက်ပြီဖြစ်သော်လည်း ရေခဲမြူနဂါးကတော့ ထွက်ပြေးရန် အင်အားရှိနေသေးသည်။

ရေခဲမြူနဂါးက ကျားခြင်္သေ့သားရဲကို အမုန်းတရားဖြင့်ပြည့်နေသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရေကန်ထဲသို့ ခန္ဓာကိုယ်တစ်ခုလုံးပစ်သွင်းကာ ငုပ်လျှိုးသွားတော့သည်။

ရေကန်အောက်ခြေတွင် ဆည်ရေနှင့်သာမက မြေအောက်မြစ်နှင့်ပါ ဆက်သွယ်ထားသည့် ရေလမ်းကြောင်းတစ်ခု ရှိနေသေးသည်။

ရေခဲမြူနဂါးအနေဖြင့် အသက်ရှင်လိုသည်ဆိုပါက ထိုရေလမ်းကြောင်းမှတဆင့် ထွက်ပြေးရန်သာ ရှိသည်။ မဟုတ်ပါက ကျားခြင်္သေ့သားရဲက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။

အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင်ဖြစ်ပါလျှက် အဆင့်မရှိသည့် လူသားအုပ်စု၏ အနိုင်ကျင့်ခြင်းကိုခံရကာ ၊ နောက်ဆုံး မိမိလက်အောက်တွင် ရှုံးနိမ့်ခဲ့ဖူးသော ကျားခြင်္သေ့သားရဲ၏ တိုက်ခိုက်ခြင်းကိုပါ ခံခဲ့ရသည်။

ဤသည်က သူ့အတွက် အလွန်ပင် သိက္ခာကျစရာ ကောင်းလှသည်။

ရေခဲမြူနဂါး၏ရင်ထဲ နာကျည်းချက်များတောက်လောင်နေပြီး ၊ ယနေ့ အသက်ဘေးမှ လွတ်မြောက်မည်ဆိုပါက သေချာပေါက် လက်စားချေရန် ဆုံးဖြတ်လိုက်သည်။

ထို့ပြင် ဒဏ္ဍာရီလာရတနာပစ္စည်းကိုလည်း ကျားခြင်္သေ့သားရဲလက်ထဲသို့ အရောက်မခံနိုင်ပေ။

ရေခဲမြူနဂါး ရေထဲသို့ငုပ်လျှိုးသွားချိန် ဒဏ်ရာမှထွက်သောသွေးများကြောင့် ရေကန်တစ်ခုလုံး သွေးချင်းချင်းနီရဲသွားကာ သွေးပင်လယ်ကြီးပမာ ကြောက်မက်ဖွယ် အသွင်ပြောင်းသွားသည်။

ယခု ရေကန်မျက်နှာပြင်သည်လည်း သိသိသာသာ နိမ့်ဆင်းသွားပြီ ဖြစ်သည်။

ကျားခြင်္သေ့သားရဲက ရေခဲမြူနဂါးနောက်သို့ လိုက်ပါတိုက်ခိုက်ရန် ဆန္ဒမရှိပေ။

သူက ရေကူးကျွမ်းကျင်မှုမရှိသလို ဒဏ်ရာလည်း ကောင်းစွာမပျောက်ကင်းသေးပေ။

ပြီးတော့ ရေခဲမြူနဂါး မည်မျှ ဒဏ်ရာပြင်းထန်စွာ ရရှိထားပါစေ သူက အဆင့်(၆) မှော်ဝင်သားရဲ ဖြစ်နေဆဲပင်။ ထိုသတ္တဝါမျိုးကို ရေထဲအထိ လိုက်လံသတ်ဖြတ်ရန် ကျားခြင်္သေ့သားရဲ မစွန့်စားလိုပေ။

ဒဏ္ဍာရီလာရတနာပစ္စည်းကို ပြန်လည်ရယူပြီး အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားခြင်းက သူ့အတွက် ပိုကောင်းပေသည်။

ရောင်ဝါဖုံးကွယ်ခြင်းအတတ်ကို အသုံးပြုထားပါက ရေခဲမြူနဂါး လက်စားချေချင်လျှင်ပင် သူ့ကို ရှာတွေ့မည် မဟုတ်ပေ။

ထို့ပြင် ဤနေရာတွင် နောက်ကွယ်မှ ချောင်းမြောင်းနေသည့် စာကလေးငှက်မှာ သူတစ်ယောက်တည်းမဟုတ်ကြောင်းကိုလည်း ကျားခြင်္သေ့သားရဲ ကောင်းစွာ နားလည်ထားသည်။

ထိုသူမှာ စွမ်းအားသိပ်မကြီးသည့်တိုင် ကျားခြင်္သေ့သားရဲသည်ပင် အန္တရယ်အငွေ့အသက်ကို ခံစားရစေသည့် သူ့ကို လက်မထောင်ပြသွားသော ထိုလူငယ်လေးဖြစ်သည်။

ထိုလူငယ်လေး ယခုချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဤသို့သောအခြေအနေတွင် သူ့အနေဖြင့် မည်သို့ပေါ့ဆရဲပါမည်နည်း။

ကျားခြင်္သေ့သားရဲက ချက်ချင်းပင် ရေကန်အလယ်ရှိ ဆူးချုံပင်များဆီသို့ ခုန်ဝင်လိုက်သည်။

ဟုတ်ပေ၏။

ကျားခြင်္သေ့သားရဲ စိုးရိမ်သည်မှာ မှားယွင်းခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် ကျားခြင်္သေ့သားရဲက ရေခဲမြူနဂါးအား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်အချိန်မှာပင် ခုန်မင်သည်လည်း မျက်စိမှိတ်ကျင့်ကြံရင်း ကျင့်စဉ်တီထွင်နေရာမှ နိုးထလာသောကြောင့် ဖြစ်သည်။

ရေခဲမြူနဂါးနှင့် ချောင်ညီအစ်ကို(၃)ယောက်၏ အသက်လုတိုက်ပွဲမှ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းလုံးများက ပြင်းထန်လွန်းသဖြင့် ခုန်မင်မှာ ကျင့်စဉ်အသစ်ကို အပြည့်အဝ မတီထွင်နိုင်ခင် ရပ်တန့်လိုက်ရခြင်း ဖြစ်သည်။

သို့ပေသိ ခုန်မင်က ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစပ်သည့်လျှို့ဝှက်ချက်ကို အပြည့်အဝ နားမလည်သေးသော်လည်း မတူညီသော ဒြပ်စင်စွမ်းအားများကို မည်သို့ရောနှောရမည်ကို အရိပ်အမြွက် နားလည်သွားခဲ့သည်။

ခုန်မင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်တွင်လည်း ဒြပ်စင်စွမ်းအားများကို အလိုအလျောက် စုပ်ယူသန့်စင်ပေးနေသည့် လျှို့ဝှက်ဆန်းကြယ်သည့် ထိုက်ကျိယင်ယန်သင်္ကေတ တည်ရှိနေသည်ဖြစ်ရာ ၊ ခုန်မင်အတွက်တော့ မတူညီသည့် ဒြပ်စင်စွမ်းအားများကိုပေါင်းစပ်ပြီး ပိုမိုအစွမ်းထက်သော ဒြပ်စင်စွမ်းအားအသစ်တစ်ခု ထုတ်ဖော်ရန်မှာ အလွန်အမင်းခက်ခဲသော ကိစ္စတစ်ခု မဟုတ်ပေ။

All Chapters