နောက်ဆုံးမှာ အမြတ်ထွက်သွားသူ
Vol. 17 Ch. 180
ခုန်မင်က ကျင့်စဉ်တီထွင်နေစဉ်အတွင်း တိုက်ပွဲအခြေအနေများကို သတိမထားခဲ့မိပေ။
သို့သော် ပြန်လည်နိုးထလာပြီးနောက် သူ့ရှေ့မှမြင်ကွင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်မျှတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ခန့်မှန်းလိုက်မိသည်။
ဤကဲ့သို့ အပြန်အလှန် အလဲလဲအကွဲကွဲဖြစ်နေသော အခြေအနေတွင် သူ့အနေဖြင့် အခွင့်အရေးဝင်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ခုန်မင်၏အကြည့်က ရေကန်အောက်ခြေရှိ ဆူးချုံပင်များထက်သို့ ကျရောက်သွားသည်။
ရေကန်ထဲတွင် ရေများ ခမ်းခြောက်လုနီးပါးဖြစ်နေလော ပေ(၃၀)ခန့်ကျယ်ဝန်းသော ဆူးချုံပင်များ၏ အောက်ခြေကိုပင် တွေ့မြင်နေရပေပြီ။
သို့သော် ဤဆူးချုံပင်များကြားတွင် မည်သို့သော ရတနာပစ္စည်းရှိပါသနည်း။
အဘယ့်ကြောင့် လူတိုင်းက ထိုရတနာပစ္စည်းကို အာရုံစိုက်နေကြပါသနည်း။
ခုန်မင်၏ အကြည့်က ကျားခြင်္သေ့သားရဲထံသို့ ကျရောက်သွားသည်။
လက်ရှိတွင် စစ်မြေပြင်၏အောင်နိုင်သူက ဤအဆင့်(၅) မှော်ဝင်သားရဲကြီးပင် ဖြစ်သည်။
ပုံမှန်ဆိုလျှင် သူ့အနေဖြင့် ဒဏ်ရာရထားသည့် ရေခဲမြူနဂါးနောက်သို့ မလိုက်ရဲလျှင်တောင်မှ သတိလစ်မေ့မျောနေသည့် နာ့ယီရှို့တို့တစ်အုပ်စုလုံးကို အလွတ်ပေးမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် မှော်ဝင်သားရဲများအနေဖြင့် ကျင့်ကြံသူများ၏ အသွေးအသားကိုစားသုံးပါက ပို၍ အင်အားကြီးမားလာမည် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် လူသားများက မှော်ဝင်သားရဲများ၏ အမြုတေကို ရရှိလိုကြသလို မှော်ဝင်သားရဲများကလည်း လူသားများကို သတ်ဖြတ်စားသောက်လိုကြသည်။
ဤသည်က အပြန်အလှန် နိယာမပင် ဖြစ်၏။
သို့သော် ကျားခြင်္သေ့သားရဲက နာ့ယီရှို့တို့အုပ်စုကို လုံးဝ အရေးမစိုက်ဘဲ အဘယ့်ကြောင့် ရေကန်ထဲသို့ခုန်ဆင်းပြီး ဆူးချုံပင်များရှိရာသို့ သွားရပါသနည်း။
ကြည့်ရသည်မှာ ဆူးချုံပင်များက သူ့အတွက် အလွန်အရေးပါသည်မှာ ထင်ရှားနေသည်။
ခုန်မင် စိတ်လှုပ်ရှားသွားရသည်။
သူသာ အလျှင်အမြန် မလှုပ်ရှားပါက ကျားခြင်္သေ့သားရဲက လက်ဦးသွားပေလိမ့်မည်။
ခုန်မင်လည်း ရေကန်စပ်မှတဆင့် ဆူးချုံပင်များရှိရာသို့ ပျံသန်းဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် သူကဲ့သို့ပင် လေထဲသို့ ခုန်ပျံလာသည့် ကျားခြင်္သေ့သားရဲကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ခုန်မင်၏ လက်ဖဝါးမှ အစိမ်း ၊ အနီ ၊ အဝါ ရောင်စဉ်(၃)မျိုး ရောစပ်ထားသော ကြီးမားပြင်းထန်သည့် စွမ်းအားအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာကာ ကျားခြင်္သေ့သားရဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။
ခုန်မင်က ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစပ်ခြင်းအတတ်ကို အပြည့်အဝ နားမလည်သေးသော်လည်း သူ၏စွမ်းအင်ဗဟိုချက်မှ ထိုက်ကျိယင်ယန်သင်္ကေတ၏ အကူအညီဖြင့် ချောင်ညီအစ်ကို(၃)ယောက် ပြုလုပ်သကဲ့သို့ ဒြပ်စင်စွမ်းအား(၃)မျိုးပေါင်းစပ်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ထို့ပြင် ခုန်မင်က သစ်သား-မီး-မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူဖြစ်ရာ သူထုတ်လွှတ်လိုက်သည့် ပေါင်းစပ်စွမ်းအားက ချောင်ညီအစ်ကိုများထက် ပိုမိုသန့်စင်ပြီး ပို၍လည်း အစွမ်းကြီးမားပေသည်။
ခုန်မင်၏တိုက်ကွက်က ပေါ့ပါးသယောင်ထင်မှတ်ရသော်လည်း ပြင်းအားက ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက် အားကုန်တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။
ကျားခြင်္သေ့သားရဲက အဆင့်(၅) မှော်ဝင်သားရဲတစ်ကောင် ဖြစ်သော်လည်း ခုန်မင်၏တိုက်ကွက်ကို မပေါ့ဆရဲပေ။
“ဝေါင်း...”
သူက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်အရွယ်အစားသည်လည်း ပိုမိုကြီးမားလာသည်။
ထို့နောက် ချွန်ထက်သောလက်သည်းများကိုဝှေ့ယမ်းကာ ခုန်မင်ပစ်လွှတ်လိုက်သော ဒြပ်စင်စွမ်းအားအလင်းတန်းကို ရင်ဆိုင်လိုက်၏။
ကျားခြင်္သေ့သားရဲ၏ လက်သည်းများထက်တွင် အနီရောင်ဖျော့ဖျော့ အလင်းတန်းများထွက်ပေါ်လာသည်ကို တွေ့မြင်ရပြီး သူ၏လက်သည်းများက ခုန်မင်၏ ဒြပ်စင်စွမ်းအား (၃)မျိုးရောယှက်ထားသည့် အလင်းတန်းဖြင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
ကျားခြင်္သေ့သားရဲ၏ လက်သည်းများက မာကျောလှပါသည်ဆိုသော ရေခဲမြူနဂါး၏ ခန္ဓာကိုယ်ကိုပင် ဆုတ်ဖြဲနိုင်သည်ဖြစ်ရာ ၊ ဤလက်သည်းများ၏ ရိုက်ခတ်မှုကိုခံရသည်နှင့် မည်သည့်အရာမဆို စိစိညက်ညက် ကြေမွသွားနိုင်သည်။
သို့သော် ခုန်မင်၏ ဒြပ်စင်သုံးမျိုး ပေါင်းစပ်ထားသော စွမ်းအားက သာမန်တိုက်ကွက်များထက် များစွာ ပိုမိုထူးခြားသည်။
“ဘုန်း...”
ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။
ခုန်မင်၏ စွမ်းအားအလင်းတန်းက အနည်းငယ် အရှိန်တန့်သွားပြီး ကျားခြင်္သေ့သားရဲကတော့ နောက်သို့ လွင့်စင်ထွက်သွားသည်။
ထိုသို့လွင့်စင်ထွက်သွားသည်နှင့် ခုန်မင်က ရေကန်အလယ်မှ ဆူးချုံပင်များဆီသို့ ကျားခြင်္သေ့သားရဲထက်အရင် ရောက်ရှိသွားလေတော့၏။
ကျားခြင်္သေ့သားရဲ ဒေါသထွက်သွားသလို စိတ်ပျက်လက်ပျက်လည်း ဖြစ်သွားသည်။
သူက ခုန်မင်ကို အမီလိုက်ရန် ကြံစည်လိုက်သော်လည်း လေထဲတွင် ပျံသန်းနိုင်သည့် သားရဲမဟုတ်သဖြင့် အနောက်သို့ပင် တစ်ပတ်ကျွမ်းပစ်ကာ ရေကန်စပ်သို့ ဆင်းသက်လိုက်ရသည်။
သို့သော် သူက ဒဏ္ဍာရီလာ ရတနာပစ္စည်းကို ဆူးချုံပင်များကြားတွင် အလွန်လုံခြုံစွာ ဝှက်ထားသည်ဖြစ်ရာ ခုန်မင်အနေဖြင့် ဆူးချုံပင်များဆီသို့ ဆင်းသက်နိုင်လျှင်ပင် ထိုရတနာပစ္စည်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ခုန်မင် ရတနာပစ္စည်း ရှာဖွေနေချိန် သူက ရေကန်အလယ်ရှိ ဆူးချုံပင်များဆီ ခုန်ဝင်သွားပြီး ထိုလူငယ်နှင့် စာရင်းရှင်းရန် ဆုံးဖြတ်လိုက်သည်။
ဟုတ်ပေ၏။
ခုန်မင်က ပြိုင်ဘက်ကို အခွင့်အရေးပေးမည့်သူ မဟုတ်ပေ။
သူက ကျားခြင်္သေ့သားရဲကြီး လုံးဝ ထင်မှတ်မထားသည့် အပြုအမူကို ပြုလုပ်လိုက်သည်။
ခုန်မင် ဆူးချုံပင်များထက်သို့ ဆင်းသက်တော့မည့်ဆဲဆဲမှာပင် သူက တိုရီယာလက်စွပ်ကို အသက်သွင်းလိုက်ပြီး စတုရန်းပေ(၃၀)ခန့်ကျယ်ပြန့်သော ဆူးချုံပင်များအားလုံးကို တိုရီယာလက်စွပ်ထဲသို့ ထည့်သွင်းလိုက်တော့၏။
ကျားခြင်္သေ့သားရဲ : “.......”
ခုန်မင်က မြူခိုးမြက်ပင်များ အခင်းလိုက်နှုတ်ယူသကဲ့သို့ အမြစ်ပြတ်သိမ်းကျုံးယူခြင်း နည်းဗျူဟာကို အသုံးပြုလိုက်ခြင်းပင်။
ဤသို့ပြုလုပ်ရန်အတွက် ဝိညာဉ်စွမ်းအားကောင်းမွန်ရန်လိုအပ်သလို နေရာအလွန်ကျယ်သော သိုလှောင်ရတနာတစ်ခု ရှိရန်လည်း လိုအပ်သည်။
ခုန်မင်အတွက်တော့ ထိုအချက်နှစ်ခုလုံး ပြည့်စုံပေသည်။
ခုန်မင်တွင် ဤသို့သောလှည့်ကွက်မျိုးရှိလိမ့်မည်ဟု ကျားခြင်္သေ့သားရဲ လုံးဝ ထင်မထားခဲ့ပေ။
မျက်စိရှေ့မှာပင် ဆူးချုံပင်များအားလုံး ပျောက်ကွယ်သွားသည်ကိုတွေ့မြင်သည့်အခါ သားရဲကြီးမှာ အံ့သြမှင်တက်သွားရတော့သည်။
ခုန်မင် မည်သို့လုပ်ဆောင်လိုက်သည်ကို ချက်ချင်း သဘောမပေါက်သေးသော်လည်း ဤကောင်လေးကို အလွတ်ပေး၍မဖြစ်ကြောင်း သိရှိသွားသည်။
ဒဏ္ဍာရီလာ ရတနာပစ္စည်း ပြန်လည်ရရှိရန်အတွက် အစွမ်းကုန်ရုန်းကန်ရန် ကျားခြင်္သေ့သားရဲ ဆုံးဖြတ်လိုက်သည်။ သူက ပါးစပ်ကိုဟလိုက်ပြီး မီးလျှံပမာ ရဲရဲနီနေသည့် ဒြပ်စင်စွမ်းအား ပုံဆောင်ခဲအမြုတေကို မှုတ်ထုတ်လိုက်သည်။
ထိုအမြုတေက အနီရောင်မီးလျှံများတောက်လောင်နေပြီး ခုန်မင်၏ ကျောပြင်ဆီသို့ ပြင်းထန်စွာ ဝင်ရောက်လာသည်။
ကျားခြင်္သေ့သားရဲက အဝေးတိုက်ခိုက်နည်းများတွင် မကျွမ်းကျင်ပေ။
ထို့ကြောင့် ခုန်မင်ကို ကိုင်တွယ်ရန်အတွက် သူ၏အမြုတေကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်မှ ဒြပ်စင်စွမ်းအားများဖြင့် ပေါင်းစပ်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဤတိုက်ကွက်က ခုန်မင်ကို ဒဏ်ရာရစေရန်မဟုတ်ဘဲ အရှိန်အဟုန် ရပ်တန့်သွားရန်သာ ဖြစ်သည်။ ခုန်မင့်ဘက်မှ တုံ့ဆိုင်းသွားပါက ကျားခြင်္သေ့သားရဲက ထိုလူငယ်အနားသို့ချဉ်းကပ်သွားပြီး တိုက်ခိုက်နိုင်ပေမည်။
ကျားခြင်္သေ့သားရဲက ဉာဏ်များလှသော ကောင်စုတ်လေးကို သူ၏လှည့်ကွက်များနှင့် ထိုက်တန်သည့်တန်ဖိုးကိုပေးဆပ်ခိုင်းရန် ရည်ရွယ်ထားသည်။
သို့သော် ခုန်မင်က အစမှအဆုံးထိ အရာအားလုံး ကြိုတင်ကြံစည်ထားပြီးသား ဖြစ်၏။
သူက လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ရာ လက်ထဲတွင် အနီရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု တောက်ပလာသည်။
ထို အနီရောင်အလင်းတန်းက အခြား မဟုတ်ပေ။
ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်ဖြစ်သော “မီးလျှံဖီးနစ်ငှက်မွှေး” ပင် ဖြစ်တော့၏။
ခုန်မင်က သန့်စင််သော မီးဒြပ်စင်စွမ်းအားကို မီးလျှံဖီးနစ်ငှက်မွှေးထဲသို့ ထည့်သွင်းလိုက်သည်နှင့် သူ၏နောက်ကျောဘက်တွင် စတုရန်းပေ(၃၀)ခန့်ရှိသော မီးပင်လယ်ကြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။
ထိုမီးပင်လယ်ကြီးက ကျားခြင်္သေ့သားရဲ၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ခုန်မင်ကို တွေ့မြင်ရခြင်း မရှိတော့ပေ။
ကျားခြင်္သေ့သားရဲက မီးဒြပ်စင်သားရဲဖြစ်သော်လည်း ဤမျှကျယ်ပြန့်သည့်မီးပင်လယ်ကြီးကို ရင်ဆိုင်လိုက်ရသည့်အခါ မယုံကြည်နိုင်ဖြစ်သွားရသည်။
မီးလျှံဖီးနစ်ငှက်မွှေးမှ ထွက်ပေါ်လာသည့် မီးဒြပ်စင်စွမ်းအားလှိုင်းလုံးများက သူ၏စွမ်းအားထက်ပင် များစွာသာလွန်နေသည် မဟုတ်လား။
ကျားခြင်္သေ့သားရဲက ထုတ်လွှတ်ထားသည့် ပုံဆောင်ခဲအမြုတေကို အမြန်ပြန်သိမ်းလိုက်ပြီး မီးစွမ်းအား အကာအကွယ်တစ်ခုဖန်တီးကာ မီးပင်လယ်ထဲသို့ ဝင်ရောက်လိုက်သည်။
အကာအကွယ်ရှိနေသည့်တိုင် မီးတောက်မီးလျှံများ၏ ကြောက်မက်ဖွယ်ရာအပူချိန်ကို သိသိသာသာ ခံစားနေရဆဲ ဖြစ်သည်။
သူက မီးဒြပ်စင်သားရဲဖြစ်သည့်တိုင် ငရဲမီးပမာ ပြင်းထန်သော မီးလျှံများကိုတော့ တောင့်ခံနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကျားခြင်္သေ့သားရဲ မီးပင်လယ်ထဲမှ ပြန်လည်ခုန်ထွက်လိုက်ပြီး မည်သို့မှမတတ်နိုင်စွာ မြေပြင်ထက်တွင် မတ်တတ်ရပ်ရင်း ငြိမ်သက်နေရတော့သည်။
ဤကောင်လေးက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်မျှသာဖြစ်သော်လည်း အဘယ့်ကြောင့် ဤမျှအထိ စွမ်းအားကြီးမားနေရပါသနည်း။
ခုန်မင်အကြောင်းတွေးမိတော့ ကျားခြင်္သေ့သားရဲ ကျောရိုးထဲစိမ့်သွားရသည်။
သို့သော် ဆူးချုံပင်များကြားတွင်ဝှက်ထားသော ဒဏ္ဍာရီလာ ရတနာပစ္စည်းအကြောင်းစဉ်းစားမိသည်နှင့် သူ့မှာ ရင်ကွဲမတတ် ဝမ်းနည်းပူဆွေးသွားရသည်။
ရတနာပစ္စည်းက ထိုကောင်စုတ်လေးနောက်သို့ ပါသွားပြီ မဟုတ်ပါလား။
အမွှေးတိုင်တစ်ဝက်ခန့် အချိန်ကုန်ဆုံးပြီးနောက် မီးပင်လယ်ကြီး တဖြည်းဖြည်းသေးငယ်သွားကာ ငြိမ်းတော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ယခုတော့ ရေကန်တစ်ခုလုံးမှရေများ ခမ်းခြောက်သွားပြီး ရေကန်အောက်ခြေရှိ မြေသားများသည်ပင် မီးအပူရှိန်ကြောင့် မာကျောအက်ကွဲလျှက် ရှိသည်။
ရေကန်အလယ်တည့်တည့် မြေပြင်ကတော့ ဖန်သားပြင်ပမာ ညီညာသည့် ပုံဆောင်ခဲမြေများအဖြစ် ပြောင်းလဲသွားသည်။
ကျားခြင်္သေ့သားရဲကတော့ မည်သည့်အရာကိုမှ အရေးမစိုက်နိုင်ဘဲ ခုန်မင်ကိုသာ လိုက်လံရှာဖွေလိုက်သည်။ သို့သော် မီးတောက်မီးလျှံများအားလုံး ငြိမ်းသွားသည့်တိုင် ခုန်မင်၏ အရိပ်အယောင်ကို မတွေ့ရပေ။
နောက်ဆုံး ကျားခြင်္သေ့သားရဲ၏ ခြေလှမ်းများက မြေအောက်ရေလမ်းကြောင်းတစ်ခုအနားတွင် ရပ်တန့်သွားပြီး တိတ်ဆိတ်စွာ စူးစိုက်ကြည့်လိုက်သည်။
ထိုရေလမ်းကြောင်းက အချင်း(၁၀)ပေခန့်ရှိပြီး မီးစတင်လောင်ကျွမ်းသည့်နေရာတွင် တိတိကျကျ ရှိနေသည်။
ထိုရေလမ်းကြောင်းက ဆေးပင်ဥယျာဉ်ဝင်ပေါက်မှ ဆည်နှင့်လည်းချိတ်ဆက်ထားသလို မြေအောက်မြစ်နှင့်လည်း တိုက်ရိုက်ဆက်သွယ်ထားသည်။
အစောပိုင်းက ရေခဲမြူနဂါး ရေကန်အောက်သို့ ငုပ်လျှိုးသွားပြီး ဤထွက်ပေါက်မှပင် လွတ်မြောက်သွားခြင်း ဖြစ်၏။ ယခု ခုန်မင်လည်း ဤလမ်းကြောင်းအတိုင်းပင် ထွက်ပြေးသွားခဲ့ပေပြီ။
မီးလျှံပင်လယ်ကြီးက ကျားခြင်္သေ့သားရဲအား အချိန်အတန်ကြာအောင် တားဆီးထားခဲ့သည်ဖြစ်ရာ ယခု မြေအောက်ရေလမ်းအကြောင်းအတိုင်း လိုက်သွားမည်ဆိုလျှင်တောင် ခုန်မင်ကို အမီလိုက်ရန် မလွယ်တော့ပေ။
ထို့ပြင် သူက မီးဒြပ်စင်သားရဲဖြစ်လေရာ ရေအောက်သို့ရောက်သွားပါက စွမ်းအားထုတ်ဖော်ရန် ခက်ခဲမည်ဖြစ်ရာ ခုန်မင်ကို အနိုင်ရရန် မလွယ်ကူချေ။
နောက်တစ်ချက်မှာ ဒဏ်ရာရထားသည့် ရေခဲမြူနဂါးသည်လည်း ရေအောက်လမ်းကြောင်းတစ်နေရာတွင် ပုန်းအောင်းနေနိုင်ခြင်းပင်။
ကျားခြင်္သေ့သားရဲအနေဖြင့် ခုန်မင်နောက်လိုက်ရင်း ကံဆိုးပြီး ထိုသားရဲဖြင့် တည့်တည့်တိုးပါက အခြေအနေ ဆိုးရွားသွားနိုင်သည်။
သို့ဆိုလျှင် ကျားခြင်္သေ့သားရဲအနေဖြင့် ဘာများတတ်နိုင်ပါဦးမည်နည်း။
သူ၏နယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒဏ္ဍာရီလာ ရတနာပစ္စည်းမရှိတော့ပါက ဤနယ်မြေက ဘာများ အသုံးကျပါဦးမည်နည်း။
ပိုဆိုးသည်မှာ သူ့အနေဖြင့် ရေခဲမြူနဂါး ပြန်ရောက်လာပြီး လက်စားချေမည်ကိုကာကွယ်ရန်အတွက် ဤနေရာကို စွန့်ခွာသွားရတော့မည် ဖြစ်သည်။
ကျားခြင်္သေ့သားရဲ၏ရင်ထဲ မကျေနပ်မှုများဖြင့် တောက်လောင်နေသော်လည်း အမှန်တရားကို လက်ခံလိုက်မိသည်။
ဤပွဲတွင် နောက်ဆုံးအမြတ်ထုတ်သွားသူကတော့ ထိုကောင်လေး(ခုန်မင်) သာလျှင် ဖြစ်သည်ဆိုသော အချက်ပင်။
နည်းလမ်းမရှိတော့သည့်အဆုံး ကျားခြင်္သေ့သားရဲမှာ ခုန်မင်ကို ကျိန်ဆဲရန်သာ တတ်နိုင်တော့၏။
“ကောင်စုတ်လေး... မြေအောက်ရေလမ်းထဲမှာ ရေခဲမြူနဂါးနဲ့တည့်တည့်တိုးပြီး နှစ်ကောင်လုံး သေကြပါစေ”