← Chapters

ဆူးခက်သရဖူ

Vol. 17 Ch. 181

ဆူးခက်သရဖူ

Vol. 17 Ch. 181

ကံဆိုးစွာပင် ကျားခြင်္သေ့သားရဲ ဆုတောင်းမပြည့်ခဲ့ပေ။

ခုန်မင်က ရေအောက်လမ်း‌ကြောင်းထဲသို့ရောက်သွားသည်နှင့် ရောင်ဝါဖုံးကွယ်ခြင်းအတတ်ကို ချက်ချင်းထုတ်ဖော်လိုက်သည်။

ထို့နောက် မြေအောက်မြစ်နှင့် ဆည်ကို ဆက်သွယ်ထားသည့်လမ်းကြောင်းအတိုင်း ဆည်ရှိရာဘက်သို့ ဆက်လက်ကူးခတ်သွားလိုက်သည်။

ရေအောက်လမ်းကြောင်းက နှစ်ခုဖြစ်သည်။ ရေကန်နှင့် ဆည်ကို ချိတ်ဆက်ထားသလို ရေကန်နှင့် မြေအောက်မြစ်ကိုလည်း ချိတ်ဆက်ထားသည်။

ယခု ရေခဲမြူနဂါးက မြေအောက်မြစ်ဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်ပြီး ခုန်မင်က ဆည်ရှိရာဘက်သို့ ပြန်ကူးနေခြင်းဖြစ်ရာ သူတို့နှစ်ယောက် တွေ့ဆုံစရာ အကြောင်းမရှိပေ။

ကျားခြင်္သေ့သားရဲ မီးပင်လယ်နားတွင် ပတ်ချာလည်ရှာဖွေနေချိန်မှာပင် ခုန်မင်က ဆည်ရေတံခါးရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ပေပြီ။

ဆည်ကတော့ ကျားခြင်္သေ့သားရဲလက်ချက်ဖြင့် လုံးဝ ပျက်ဆီးသွားခဲ့ပြီဖြစ်ရာ ဆည်ရေကို လုံးဝ ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ရေများခမ်းခြောက်ကာ ဆေးပင်ဥယျာဉ်သည်လည်း ပျက်ဆီးယိုယွင်းသွားရပေမည်။

နောင်တစ်ချိန်ဆိုလျှင် မြေအောက်နန်းတော်ထဲ၌ စိမ်းလမ်းစိုပြေပြီး အလွန်လှပသည့် ဆေးပင်ဥယျာဉ်ကမ္ဘာငယ်လေးကို ထပ်မံတွေ့ရှိနိုင်မည် မဟုတ်တော့ပေ။

ဆည်ပေါက်သွားသဖြင့် ရေများတရကြမ်း စီးထွက်လာသည်ဖြစ်ရာ ဆည်အနီးပတ်ဝန်းကျင်မှ ဆေးပင်များအားလုံး ပျက်ဆီးသွားရသည်။

ခုန်မင်တို့အုပ်စု စတင်ဝင်ရောက်လာစဉ်က အသုံးပြုခဲ့သော ဥယျာဉ်လမ်းလေးသည်ပင် ရေမြုပ်နေပြီ ဖြစ်လေသည်။

ဤဆေးပင်ဥယျာဉ်သို့ လာရောက်ခဲ့သည့်ခရီးစဉ်က ခုန်မင်အတွက် အလွန်ပင် အကျိုးအမြတ် များလှသည်။

ရှားပါးလှသော ဝိညာဉ်ဆေးပင်များစွာကို ခူးဆွတ်နိုင်ခဲ့သည်သာမက အားလုံးကလိုချင်နေကြသည့် ရေကန်အလယ်မှ ဆူးချုံပင်များကိုလည်း တစ်ချက်တည်းနှင့် တိုရီယာလက်စွပ်ထဲသို့ သိမ်းကျုံးယူနိုင်ခဲ့သည့် မဟုတ်လား။

ထိုဆူးချုံပင်များကြားတွင် မည်သို့သော အဖိုးတန်ရတနာပစ္စည်းမျိုး ရှိနေပါသနည်း။

နာ့ယီရှို့ ၊ လွန်ခါနှင့် ချောင်တတိယသခင်လေးတို့သာမက အဲလစ်နှင့် နတ်သူငယ်များကပါ ဤရတနာကို ရရှိရန် အသည်းအသန် ကြိုးစားခဲ့ကြသည်။

ရေခဲမြူနဂါးနှင့် ကျားခြင်္သေ့သားရဲတို့သည်လည်း ထိုရတနာပစ္စည်းအတွက် အသက်နှင့်ရင်းကာ တိုက်ပွဲဝင်ခဲ့ကြသည်။

ကြည့်ရသည်မှာ ထိုရတနာပစ္စည်းက အတိုင်းအဆမရှိ တန်ဖိုးကြီးမားနိုင်သည်။

သို့ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံတွင် အဘယ့်ကြောင့် ဤရတနာပစ္စည်းကို မှတ်တမ်းတင်ထားခြင်း မရှိပါသနည်း။

ထိုဆူးချုံပင်များကြား မည်သို့သောရတနာပစ္စည်း ရှိနေသည်ကို ခုန်မင် အတော်လေး သိချင်သွားမိသည်။

ခုန်မင် ဖီးနစ်ကျဆုံးတောင်ကြားမြေပုံကို ထုတ်ယူလိုက်ပြီး လမ်းကြောင်းစစ်ဆေးကာ မြေအောက်နန်းတော်၏ ရှုပ်ထွေးလှသော လမ်းများကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

အချိန် (၁)နာရီခန့်အကြာမှာတော့ မြေ‌အောက်နန်းတော်အတွင်းပိုင်းရှိ လျှို့ဝှက်သိုလှောင်ရုံတစ်ခုဆီသို့ ခုန်မင် ရောက်ရှိလာသည်။

သူက အရင်က ဤနေရာသို့ ရောက်ဖူးပြီးသားဖြစ်ပြီး ဤနေရာမှ ပစ္စည်းများကိုပင် သိမ်းဆည်းယူငင် လာခဲ့ဖူးသည်။

သို့သော် ဤနေရာက အလွန်တရာ လုံခြုံစိတ်ချရသော နေရာဖြစ်သဖြင့် ဆူးချုံပင်များကို စစ်ဆေးကြည့်ရန် အလွန်အဆင်ပြေသည်။

လျှို့ဝှက်သိုလှောင်ရုံထဲသို့ရောက်သည်နှင့် ခုန်မင်က တိုရီယာလက်စွပ်ကိုဖွင့်ကာ စတုရန်းပေ(၃၀)‌ကျော်ကျယ်ဝန်းသည့် ဆူးချုံပင်များကို ထုတ်ယူလိုက်၏။

ထို့နောက် ဆူးချုံပင်များကို တစ်ချက်အကဲခတ်လိုက်ပြီး သူ၏ ကျယ်ပြန့်ကြီးမားသော ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ ဆူးချုံပင်များကြား တစ်လက်မချင်းစီ စတင်ရှာဖွေစစ်ဆေးလိုက်သည်။

ခုန်မင်က ဝိညာဉ်စွမ်းအားမြင့်မားသူဖြစ်ရာ သူသာ အာရုံစူးစိုက်ပြီး သေချာရှာဖွေမည်ဆိုလျှင် မည်သည့်အရာမှ သူ၏စိတ်အာရုံခံစားမှုမှ ပြေးလွတ်မည် မဟုတ်ပေ။

ခဏအကြာမှာတော့ ခုန်မင် မျက်လုံးများဖွင့်လိုက်ပြီး ဆူးချုံပင်များတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

သူက လက်တစ်ဖက်ဝှေ့ယမ်းပြီး မြေဒြပ်စင်စွမ်းအားကိုအသုံးပြုကာ ကျောက်တုံးထိန်းချုပ်ခြင်းအတတ်ကို ထုတ်ဖော်လိုက်ပြီး ဆူးချုံပင်များအလယ်မှ ဆူးချုံအစုအဝေးတစ်ခုကို လေထဲသို့ ပင့်တင်လိုက်သည်။

ခုန်မင် ပင့်တင်လိုက်သည့် ဆူးချုံအစုအဝေးကြီးက သစ်ကိုင်းသစ်ရွက်များ ၊ အမြစ်‌ဟောင်းများဖြင့် ရောယှက်နေသည့် ရှုပ်ထွေးလှသော အစုအဝေးကြီးဖြစ်ပြီး နှစ်ပေါင်းများစွာ ကြီးထွားလာခဲ့သည့်ပုံစံမျိုး ရှိသည်။

ပိုပြီး စိတ်ဝင်စားစရာကောင်းသည်မှာ ထို ဆူးချုံအစုအဝေးများအောက်မှ ထူးခြားစွာ မြစိမ်းရောင်သန်းနေသည့်အရာတစ်ခု ဖြစ်၏။

အသွင်အပြင်အရကြည့်မည်ဆိုလျှင် ထိုမြစိမ်းရောင်သန်းနေသည့်အရာက ဆူးချုံကိုင်းများဖြင့် ပြုလုပ်ထားသော သရဖူငယ်တစ်ခုနှင့်ဆင်တူသည်။

ထိုဆူးချုံသရဖူက သာမန်ဆူးချုံပင်များထက် အနည်းငယ်ပိုမိုစိမ်းလန်းနေသည်မှလွဲ၍ အခြားသော ထူးခြားလက္ခဏာ မရှိပေ။

ဆူးချုံပင်များကြားတွင် ပုန်းကွယ်နေပြီး သတိပြုမိရန်ပင် အလွန်ခက်ခဲသည်။

သို့သော် သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ထိုမထင်ရှားသော ဆူးချုံသရဖူငယ်မှ အလွန်အားကောင်းသည့် အသက်ဓာတ်စွမ်းအားများ ဖြာထွက်နေသည်ကို ခံစားရသည်။

ဤပစ္စည်းလေးက သေချာပေါက် ထူးခြားချက်ရှိမည် အမှန်ပင်။

ယခုတော့ နာ့ယီရှို့နှင့် အခြားသူများသာကမ မှော်ဝင်သားရဲကြီးများပါ အဘယ့်ကြောင့် ဤ ဆူးချုံနွယ်ပင်များကို အလုအယက်လိုချင်နေကြကြောင်း ခုန်မင် သဘောပေါက်သွားပေပြီ။

ဤဆူးချုံသရဖူလေးက အမှန်တကယ်ပင် ဒဏ္ဍာရီလာ ရတနာပစ္စည်းဖြစ်ပါလျှင် သူတို့အတွက် အသက်နှင့်ရင်းကာ လောင်းကြေးထပ်ရကျိုး နပ်ပေသည်။

ခုန်မင်က ထိုသရဖူလေးကို ဒဏ္ဍာရီလာ ရတနာပစ္စည်း ဟုတ် မဟုတ် အတည်ပြုရန် ကြိုးစားလိုက်သည်။

ခုန်မင်က လက်ဖျောက်တစ်ချက်တီးကာ မီးတောက်မီးလျှံငယ်တစ်ခု ဖန်ဆင်းလိုက်ပြီး ဆူးချုံသရဖူလေးထက်မှ ဆူးချုံပင်တစ်ပင်ကို မီးရှို့ပစ်လိုက်သည်။

ဤဆူးချုံနွယ်များက သာမန်အပင်များဆိုလျှင် မီးဒြပ်စင်စွမ်းအား၏ လောင်မြိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ မီးကူးစက်သွားပြီး ဆူးချုံပင်များအားလုံး တစ်ခဏအတွင်း လောင်ကျွမ်းပြာကျသွားပေမည်။

သို့သော် ခုန်မင် ဖန်ဆင်းလိုက်သည့် မီးတောက်မီးလျှံက ဆူးချုံပင်ကိုလောင်ကျွမ်းသွားသည်နှင့် ဆူးချုံသရဖူလေးထံမှ မှိန်ဖျော့သည့်အလင်းတန်းတစ်ခု ရုတ်တရက် ဖြာထွက်လာသည်။

ခုန်မင်သာ သေချာအာရုံမစိုက်မိလျှင် ထိုအစိမ်းရောင်အလင်းတန်းကို လုံးဝ သတိပြုမိမည် မဟုတ်ပေ။

ထိုအစိမ်းရောင်အလင်းတန်းလေးထွက်ပေါ်လာသည်နှင့် မီးလောင်ကျွမ်းသွားသည့် ဆူးချုံပင်လေးမှာ အသက်ဓာတ်စွမ်းအားများ ပြန်လည်ပြည့်ဝလာပြီး ပုံမှန်အတိုင်း အစိမ်းရောင်သို့ ပြန်လည်ပြောင်းလဲသွားသည်။

ခုန်မင်က ဆက်တိုက်မီးရှို့နေသလို ဆူးချုံသရဖူလေးကလည်း အသက်ဓာတ်စွမ်းအားများ ဆက်တိုက်ထုတ်လွှတ်နေလေရာ သူတို့ကြားတွင် အားပြိုင်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ဆူးချုံပင်များ ပြာဖြစ်တော့မည့်အချိန်တိုင်း လျှို့ဝှက်ဆန်းကြယ်သည့် အသက်ဓာတ်စွမ်းအားက ထွက်ပေါ်လာပြီး မူလအတိုင်း ပြန်လည်ကောင်းမွန်သွားအောင် ပြုပြင်ပေးနေသည်။

ခဏအကြာမှာတော့ ခုန်မင်က မီးတောက်မီးလျှံများကို ငြိမ်းသတ်လိုက်လေရာ ဆူးချုံင်များမှာ မီးလောင်ကျွမ်းခဲ့သော လက္ခဏာပင်မရှိဘဲ မူလအတိုင်း ပြန်လည်စိမ်းလန်းသွားလေသည်။

အစောပိုင်းတိုက်ပွဲက အလွန်ပြင်းထန်သည့်တိုင် ရေကန်ထဲမှ ဆူးချုံပင်များ တစ်စက်လေးမှ ထိခိုက်ပျက်ဆီးခြင်းမရှိသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

တကယ်တော့ ဆူးချုံပင်များ ထိခိုက်မှု မရှိခဲ့ခြင်း မဟုတ်ပေ။

ထိုခိုက်မှုတစ်ခုခုဖြစ်ပေါ်တိုင်း ထိုလျှို့ဝှက်ဆန်းကြယ်သော အသက်ဓာတ်စွမ်းအား ထွက်ပေါ်လာပြီး ဆူးချုံပင်များကို မူလအတိုင်းဖြစ်အောင် ပြန်လည်ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်၏။

ထိုလျှို့ဝှက်ဆန်းကြယ်သော အသက်ဓာတ်စွမ်းအားရင်းမြစ်မှာ မထင်ရှားလှသော ဆူးချုံနွယ်ပင် သရဖူငယ်လေးကြောင့်ပင် ဖြစ်လေသည်။

ဤဆူးချုံသရဖူလေးက စတုရန်းပေ(၃၀)ကျော် ကျယ်ဝန်းသော ဆူးချုံနွယ်ပင်အုံကြီးတစ်ခုလုံးကို အသက်ဓာတ်စွမ်းအားများ ထောက်ပံ့ပေးနိုင်သည်ဆိုလျှင် ၊ ဤရတနာပစ္စည်းက မည်သို့သော ရတနာပစ္စည်းမျိုး ဖြစ်ပါသနည်း။

ခုန်မင်စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။

ဤဆူးချုံသရဖူလေးက နတ်သူငယ်မျိုးနွယ်တို့၏ မဟာရတနာပစ္စည်း(၃)ခုအနက် တစ်ခုဖြစ်သော “ဆူးခက်သရဖူ” ပင် ဖြစ်ရပေမည်။

နတ်သူငယ်တို့၏ဒဏ္ဍာရီများအရဆိုလျှင် “ဆူးခက်သရဖူ” ဆိုသည်မှာ နတ်သူငယ်နတ်ဘုရားမက နတ်သူငယ်မျိုးနွယ်စုထံသို့ အပ်နှင်းခဲ့သည့် နတ်လက်နက်တစ်ခုဖြစ်သည်။

ဒဏ္ဍာရီများအရဆိုလျှင် ဆူးခက်သရဖူတွင် ဘယ်သောအခါမှ ကုန်ဆုံးခြင်းမရှိသော အသက်ဓာတ်စွမ်းအားများ ကိန်းအောင်းနေပြီး ၊ ၎င်းကို ဝတ်ဆင်ထားပါက မည်သည့်အခါမှ သေဆုံးခြင်းမရှိသည့် မသေနိုင်သောခန္ဓာကိုယ်ပိုင်ဆိုင်မည်ဟု ဆိုကြသည်။

ဟုတ်ပေ၏။

ဒဏ္ဍာရီများဆိုသည်က အမြဲ ချဲ့ကားပြောဆိုတတ်သည်ပင်။

ဆူးခက်သရဖူက အမှန်တကယ်ပင် မသေနိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်စေမည်ဆိုပါက နတ်သူငယ်ဘုရင်များ ခေတ်အဆက်ဆက် ပြောင်းလဲလာစရာ အကြောင်းမရှိပေ။

တကယ်တော့ ဆူးခက်သရဖူဆိုသည်က အပင်တို့၏အသက်ဓာတ်စွမ်းအားကို မျှဝေအသုံးပြုနိုင်သည့် မြင့်မြတ်သော ရတနာပစ္စည်းတစ်ခုသာ ဖြစ်ပေသည်။

ဆူးခက်သရဖူ၏စွမ်းအားသက်ရောက်မှုရှိရာ ပတ်ဝန်းကျင်တွင် အပင်အားလုံးက အသက်ဓာတ်စွမ်းအားကို အပြန်အလှန် မျှဝေကြသည်။

အပင်တစ်ပင် ထိခိုက်သွားပါက အခြား‌သောအပင်များက သူတို့၏ အသက်ဓာတ်စွမ်းအားကို ညီတူမညီမျှခွဲဝေပေးပြီး ဒဏ်ရာကို ကုသပေးကြခြင်း ဖြစ်၏။

လူသားတစ်ယောက် သို့မဟုတ် နတ်သူငယ်တစ်ယောက်က ဆူးခက်သရဖူကို ဆင်မြန်းထားမည်ဆိုပါက သူတို့သည်လည်း အပင်များနှင့်အတူ အသက်ဓာတ်စွမ်းအားကို မျှဝေခံစားနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သစ်ပင်သစ်တောများ ထူထပ်သည့်နေရာတွင် ဆူးခက်သရဖူက အမှန်တကယ်ပင် မသေနိုင်သောစွမ်းအားကို ပေးစွမ်းသည်ဟု ဆိုနိုင်သည်။

သို့သော် သစ်ပင်များကင်းမဲ့သော သဲကန္တာရများ ၊ မီးတောင်များ ၊ ကျောက်ဆောင်မြေရိုင်းများမှာတော့ ဤသရဖူ၏စွမ်းအားက အကန့်အသတ် ရှိသွားပေမည်။

ထို့ပြင် ဆူးခက်သရဖူ၏ အသက်ဓာတ်စွမ်းအားမျှဝေနိုင်စွမ်းမျာ တိုက်ခိုက်ခံရသည့် အခြေအနေမျိုးတွင်သာ အသက်ဝင်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရခြင်း ၊ ဖျားနာခြင်းမျိုးမရှိပါက အသက်ဓာတ်စွမ်းအားကို မျှဝေပေးမည် မဟုတ်ပေ။

နတ်သူငယ်မျိုးနွယ်များက အဆုံးမရှိကျယ်ပြန့်သော ရှေးဟောင်းတောအုပ်ကြီးဖြစ်သည့် ရှေးဦးတောအုပ်ကြီးထဲတွင် အခြေချနေထိုင်သူများ ဖြစ်ကြသည်။

ထိုမျှကျယ်ပြန့်သော တောအုပ်ကြီးထဲတွင် ဆူးခက်သရဖူကိုပိုင်ဆိုင်ထားခြင်းမှာ အမှန်တကယ်ပင် မသေနိုင်သောခန္ဓာ ရရှိထားခြင်းနှင့် အလားသဏ္ဌန်တူပေသည်။

ထို့ကြောင့် သမိုင်းတစ်လျှောက်တွင် ဆူးခက်သရဖူကို ဆောင်းနှင်းထားသော မည်သည့်နတ်သူငယ်ဘုရင်မဆို ရှေးဦးတောအုပ်ကြီးထဲတွင် မည်သူမှမယှဉ်နိုင်သည့် ပြိုင်ဘက်ကင်း တန်ခိုးစွမ်းအားရှင်များ ဖြစ်ခဲ့ကြသည်။

သို့သော် ဤလောကတွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ ရှားပါးလှသည် မဟုတ်ပေ။

မြေပြင်အနေအထား အားသာချက်မရှိပါက ဆူးခက်သရဖူကိုဆောင်းနှင်းထားသည့်တိုင် နတ်သူငယ်ဘုရင်သည်လည်း အရှုံးနှင့်ရင်ဆိုင်ရကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပေသည်။

မဟုတ်ပါက ဆူးခက်သရဖူသည်လည်း ဖီးနစ်ကျဆုံးတောင်ကြားရှိ မြေအောက်နန်းတော်သို့ ရောက်ရှိနေမည် မဟုတ်ပေ။

နတ်သူငယ်မျိုးနွယ်စုတွင် မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ပေးသည့် မဟာရတနာပစ္စည်း (၃)ခု ရှိသည်။

သဘာဝနတ်ဘုရားလေး ၊ ဆူးခက်သရဖူနှင့် တိုရီယာလက်စွပ်တို့ ဖြစ်၏။

တိုရီယာလက်စွပ် ပျောက်ဆုံးသွားသည်က နှစ်ပေါင်း ထောင်နှင့်ချီကြာမြင့်နေပြီဖြစ်ပြီး နတ်သူငယ်များ ဖုံးကွယ်ထား၍ မရနိုင်တော့သော ကိစ္စတစ်ခု ဖြစ်သည်။

မဟုတ်ပါက ခုန်မင်အနေဖြင့် မည်မျှကံကောင်းပါစေ တိုရီယာလက်စွပ်ကို ရယူရန် လွယ်ကူမည်မဟုတ်ပေ။

သို့သော် ဆူးခက်သရဖူ ပျောက်ဆုံးနေသည်ဆိုသောအချက်ကတော့ အတော်လေး အံ့သြစရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းက အပြင်လောကသို့ တစ်ခါမှ ပေါက်ကြားခဲ့ခြင်း မရှိသောကြောင့်ပင်။

ဖြစ်နိုင်သည်မှာ နတ်သူငယ်များက ဤလျှို့ဝှက်ချက်အား ပြင်ပလောသို့ ပေါက်ကြားခြင်းမရှိစေရန် သေချာထိန်းချုပ်ထားဟန်တူသည်။

ဟုတ်ပေ၏။

နတ်သူငယ်များ၏ မဟာရတနာပစ္စည်း(၃)ခုတွင် (၂)ခုက ပျောက်ဆုံးနေသည်ဆိုသေသတင်းသာ အပြင်လောကသို့ ပေါက်ကြားသွားပါက နတ်သူငယ်များအပေါ် ရန်လိုသောအင်အားစုများက တိုက်ခိုက်ရန် ပြင်ဆင်လာနိုင်သည်။

သို့သော် နတ်သူငယ်များ မည်သို့ပင် ဖုံးကွယ်ထားပါစေ ဆူးခက်သရဖူ၏သတင်းက တစ်စွန်းတစ်စ ပေါက်ကြားသွားဟန် ရှိသည်။

ထို့ကြောင့် အခြားသော အင်အားစုများသာမက ချောင်တတိယသခင်လေးတို့အုပ်စုသည်ပင် ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိလာပြီး အစွမ်းကုန်ရှာဖွေကြသည် မဟုတ်ပါလား။

ယခုတော့ ကံကောင်းထောက်မစွာဖြင့် ဆူးခက်သရဖူက ခုန်မင်၏လက်ထဲသို့ ရောက်ရှိလာခဲ့ပေပြီ။

အစောပိုင်းက ရရှိထားသော တိုရီယာလက်စွပ်အပြင် ယခု ဆူးခက်သရဖူကိုပါ ပိုင်ဆိုင်ထားပြီဖြစ်ရာ နတ်သူငယ်များ၏ မဟာရတနာပစ္စည်း(၃)မျိုးတွင် (၂)မျိုးက ခုန်မင်၏လက်ထဲသို့ ရောက်ရှိနေပေပြီ။

ကြည့်ရသည်မှာ ခုန်မင်နှင့် နတ်သူငယ်များကြား ထူးခြားသောရေစက်ရှိနေသည်လား မဆိုနိုင်ပေ။

ဆူးခက်သရဖူကို ပိုင်ဆိုင်ခွင့်ရရှိလိုက်ခြင်းကတော့ ခုန်မင်အတွက် လုံးဝ မျှော်လင့်မထားသည့် ကံကောင်းမှုကြီးပင် ဖြစ်သည်။

ဤကဲ့သို့ အဖိုးမဖြတ်နိုင်သည့် ရတနာပစ္စည်းတစ်ခုက ဖီးနစ်ကျဆုံးတောင်ကြားသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို သူ လုံးဝ စဉ်းစားမရနိုင်ပေ။

မည်သို့ပင်ဖြစ်စေ ဤသို့သော ဒဏ္ဍာရီလာ ရတနာပစ္စည်းတစ်ခုကို ရရှိလိုက်သည်ဖြစ်ရာ စိတ်ဓာတ်ကြံ့ခိုင်ပါသည်ဆိုသော ခုန်မင်သည်ပင် ဝမ်းသာပျော်ရွှင်မှုကို ဖုံးဖိမရနိုင်ခဲ့ပေ။

ဤသရဖူကိုပိုင်ဆိုင်ထားလျှင် တောရိုင်းဒေသတစ်ခွင်တွင် ခုန်မင်ကို သတ်ဖြတ်ချင်သည်ဆိုပါက မဖြစ်နိုင်သလောက် ခက်ခဲသွားပေမည်။

သို့သော် မြေအောက်နန်းတော်ထဲမှာတော့ သစ်ပင်များနည်းပါးသည်ဖြစ်ရာ ခုန်မင်အနေဖြင့် ပေါ့ဆ၍ မရနိုင်ပေ။

အနည်းငယ်ပေါ့ဆခဲ့ခြင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသော ရေခဲမြူနဂါးနှင့် ကျားခြင်္သေ့သားရဲတို့ထံမှ သင်ခန်းစာယူသင့်ပေသည်။

All Chapters