ရွှေလှံရှည်စစ်သည်တော်များ
Vol. 17 Ch. 182
အတန်ကြာမှာ ခုန်မင် စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ဆူးခက်သရဖူကို ဂရုတစိုက်ဖြင့်ပင် တိုရီယာလက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
နတ်သူငယ်များ အလွန်တရာ တန်ဖိုးထားသော ရတနာပစ္စည်း(၂)ခုလုံး သူ့လက်ထဲရောက်နေသည်က တကယ့်ကို မယုံကြည်နိုင်စရာပင်။
ခုန်မင့်အတွက် စိုးရိမ်စရာတော့ မရှိပေ။
သူ့လက်ထဲတွင် တိုရီယာလက်စွပ်ရှိနေကြောင်းကို သိရှိသူ အလွန်ပင်နည်းပါးသည်။ ထို့အတူ သူက ဆူးခက်သရဖူကို သိမ်းပိုက်လိုက်ခြင်းအား တွေ့မြင်သူဆို၍ ကျားခြင်္သေ့သားရဲတစ်ကောင်သာ ရှိသည်။
ကျားခြင်္သေ့သားရဲကဲ့သို့သော မှော်ဝင်သားရဲတစ်ကောင်ကတော့ သူ့ထံတွင် ဆူးခက်သရဖူရှိနေကြောင်း လူသားများကို တကူးတက သွားရောက်ပြောဆိုမည် မဟုတ်ပေ။
ထို့ကြောင့် ခုန်မင့်လက်ထဲတွင် နတ်သူငယ်များ၏ ရတနာပစ္စည်း(၂)ခု ရှိနေသည့်တိုင် ကပ်ဘေးကျရောက်မည့်အန္တရယ်ကို စိုးရိမ်စရာမရှိသေးပေ။
အဆုံးစွန်အထိ အန္တရယ်ကင်းချင်သည်ဆိုလျှင်တော့ ပိုမိုစွမ်းအားကြီးမားအောင် ကြိုးစားရန်သာ ရှိသည်။ စွမ်းအားကြီးမားလာသည်နှင့်အမျှ “အန္တရယ်” ကို ကြောက်ရွံ့စရာ မလိုတော့ပေ။
မြေအောက်နန်းတော် ခရီးစဉ်တွင် ခုန်မင်ရရှိခဲ့သော အကျိုးအမြတ်များက မျှော်လင့်ထားသည်ထက်ပင် ပိုမိုများပြားနေခဲ့သည်။
ယခုတော့ သူ့အနေဖြင့် နောက်ဆုံးသော ရတနာကို ရှာဖွေချိန်တန်ပေပြီ။
ဤမြေအောက်နန်းတော်ကြီး၏ နက်ရှိုင်းရာတစ်နေရာတွင် တကယ်ပဲ ထိုဧရာမသစ်ပင်ကြီး ရှိနေသည်လား။
ပြီးတော့ မီးလျှံဖီးနစ်ငှက်ဥသည်လည်း တကယ်ပဲ ရှိနေပါမည်လား။
ခုန်မင်က ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံကို နောက်တစ်ခေါက် ထုတ်ကြည့်လိုက်ပြီး သူရောက်ရှိနေသည့်တည်နေရာကို သေချာပြန်လည် စစ်ဆေးလိုက်သည်။
ထို့နောက် မြေအောက်နန်းတော်ကြီး၏ ဗဟိုချက်ဆီသို့ ဦးတည်ထွက်ခွာသွားလေ၏။
***
နေ့ဝက်ခန့် အချိန်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝင်္ကပါပမာ ရှုပ်ထွေးလှသည့် မြေအောက်ဥမင်လမ်းကြောင်းများကို ဖြတ်ကျော်လာပြီးနောက် ခုန်မင်တစ်ယောက် အလွန်တရာကျယ်ပြန့်သော မြေအောက်ခန်းဆောင်ကြီးတစ်ခုဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။
ဤခန်းမကြီးက နန်းတော်တစ်ခုလုံး၏ ပင်မအချက်အချာနေရာ ဖြစ်ပုံရသည်။
စတုရန်းပေ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး လူနှစ်ယောက်ဖက်ထား၍ရသည့် ဧရာမကျောက်တိုင်ကြီး(၂၈)တိုင်က ဟင်းလင်းပြင်ကြီးသဖွယ်ဖြစ်နေသော မျက်နှာကျက်ကို ထောက်မထားသည်။
ခန်းဆောင်နံရံပတ်ပတ်လည်တွင် ခမ်းနားထည်ဝါသော နံရံဆေးရေးပန်းချီများဖြင့် အလှဆင်ထားသည်။
အနီးကပ်သေချာလေ့လာကြည့်မည်ဆိုလျှင် ထိုဆေးရေးပန်းချီများမှာ ဒဏ္ဍာရီလာ နတ်ဘုရားများခေတ်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီးများကို သရုပ်ဖော်ထားခြင်း ဖြစ်၏။
မရေမတွက်နိုင်အောင်များပြားသည့် ထူးခြားဆန်းကျယ်သော မိစ္ဆာဆိုးများ ၊ တစ္ဆေသရဲ ဝိညာဉ်များနှင့် ကြောက်မက်ဖွယ်ရာသားရဲကြီးများက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အုပ်စုလိုက် အုံကြွလျှက်ရှိကြသည်။
သူတို့ကို ရင်ဆိုင်နေကြသူများကတော့ နတ်ဘုရားများပမာ ခန့်ညားထည်ဝါသူများ ဖြစ်ကြသည်။
သူတို့လက်ထဲတွင် အလင်းရောင်များတောက်ပနေသည့် စုံလင်သော မှော်ဝင်လက်နက်များကို ကိုင်ဆွဲထားကာ ထိုမိစ္ဆာဆိုးများကို ပြင်းထန်စွာတိုက်ခိုက်နေကြသည်။
မြေပြင်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ အက်ကွဲနေပြီး ကောင်းကင်သည်လည်း အက်ကြောင်းများဖြင့် ပြည့်နက်နေလေသည်။
ဤသို့သောတိုက်ပွဲမျိုးကို “ကမ္ဘာဖျက်တိုက်ပွဲ” ဟုပင် တင်စားရမည်ဖြစ်ပြီး ဆေးရေးပန်းချီ မြင်ကွင်းတစ်ခုလုံးက စာမဖွဲ့နိုင်လောက်အောင်ပင် ခမ်းနားလှသည်။
ထို နံရံဆေးရေးပန်းချီကားများထဲတွင် မီးလျှံဖီးနစ် ၊ နတ်နဂါး စသည်ဖြင့် ခုန်မင်နှင့် ရင်းနှီးပြီးသား ပုံရိပ်အချို့ကိုလည်း တွေ့မြင်ရသည်။
ဟုတ်ပေ၏။
အဆုံးမရှိ ပြင်းထန်လှသော တိုက်ပွဲစစ်မြေပြင်တွင် ဤဒဏ္ဍာရီလာ သားရဲကြီးများသည်ပင် “အရံလူ” အဆင့်တွင် ရှိနေကြသည်မှာ အံ့သြစရာပင်။
ပန်းချီထဲတွင် မီးလျှံဖီးနစ်မှာလည်း သတ်ဖြတ်ခံရကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားပြီး နတ်နဂါးများမှာလည်း သုတ်သင်ခံနေရသည်ကို တွေ့ရသည်။
ခုန်မင်မှာ သူ့ပတ်ပတ်လည်မှ နံရံဆေးရေးပန်းချီများကို ငေးမောကြည့်ရင်း အတန်ကြာအောင်ပင် စကားလုံးများ ပျောက်ရှသွားရသည်။
ဤပန်းချီကားထဲမှ တိုက်ပွဲတွင် ပါဝင်သူများက မည်မျှအထိ အဆင့်အတန်းမြင့်မားသော တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြပါသနည်း။
ဤမျှအထိ မြင့်မားပြင်းထန်သော အဆင့်အတန်းမျိုးက အမှန်တကယ်ရော တည်ရှိပါရဲ့လား။
ခုန်မင်အနေဖြင့် ထျန်းယွမ်ကုန်းမြေ၏ ထိပ်ဆုံးအဆင့်တွင်ရပ်တည်ချင်သည်ဆိုလျှင် ထိုသို့သော အဆင့်အတန်းမျိုးအထိ ရောက်ရှိအောင် ကျင့်ကြံရပေမည်။
အကယ်၍ ဤနံရံဆေးရေးပန်းချီထဲမှ စစ်ပွဲကြီးမျိုး အမှန်တကယ် ဖြစ်ပွားမည်ဆိုလျှင် ထျန်းယွမ်ကုန်းမြေကဲ့သို့ ကျယ်ပြောလှသော ကုန်းမြေကြီးပင်လျှင် ပြာအတိကျသွားနိုင်သည်။
ဤနံရံဆေးရေးပန်းချီများကို တွေ့မြင်ရသူအနေဖြင့် ဤတိုက်ပွဲကြီးက စိတ်ကူးယဉ်သက်သကသာဖြစ်သည်ဟု မှတ်ယူကာ လျစ်လျူရှုလိုက်နိုင်သလို ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်များချမှတ်ပြီး ပိုမိုစွမ်းအားမြင့်မားအောင် တစ်လှမ်းချင်း ကြိုးစားအားထုတ်မည်ဆိုသော စိတ်ဓာတ်ခွန်အားကိုလည်း ရရှိစေနိုင်သည်။
ခုန်မင်ကတော့ ထိုပန်းချီကားထဲမှ တန်ခိုးစွမ်းအားရှင်များကဲ့သို့ ကြီးကျယ်ခမ်းနားသူတစ်ယောက် ဖြစ်လာအောင်ကြိုးစားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
စွမ်းအားကြီးမားလာရမည်။
နောက်ထပ်ပို၍လည်း စွမ်းအားကြီးမားလာရမည်။
လောကတစ်ခွင် ပြိုင်ဘက်ကင်းဖြစ်လာမှသာလျှင် မိုးအောက်မြေပြင်တွင် ဉာဏ်ပညာအကြီးမားဆုံး စစ်ရေးဖြူဟာရှင် “အိပ်ပျော်နေသည့်နဂါး” ဆိုသောအမည်နှင့် ထိုက်တန်ပေလိမ့်မည်။
တစ်ကျော့ပြန်မွေးဖွားလာပြီးနောက် သူရောက်ရှိလာသည့်ကမ္ဘာတွင် သူရရှိထားသော ထူးခြားသည့်ခန္ဓာကိုယ်က အတိတ်ဘဝမှ သူ၏ဉာဏ်ရည်ဖြင့် ပေါင်းစပ်လိုက်သည့်အခါ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာရန် ထိုက်တန်ပေသည်။
ခုန်မင်က နံရံဆေးရေးပန်းချီကားများမှ အကြည့်လွှဲလိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော ခန်းမဆောင်ကြီးကို အကဲခတ်လိုက်သည်။
ဖီးနစ်ကျဆုံးတောင်ကြား စတင်ပေါ်ပေါက်လာချိန်မှစပြီး ဤခမ်းနားကြီးကျယ်သော ခန်းမဆောင်ကြီးအတွင်းသို့ မည်သူမှ ဝင်ရောက်ဖူးခြင်း မရှိသေးပေ။
ဤခန်းမဆောင်ကြီးက မြေအောက်အမှောင်ထုထဲတွင် ကမ္ဘာအဆက်ဆက် အိပ်မောကျနေခဲ့ပြီး ယခုမှသာ ခုန်မင်ဆိုသော ဧည့်သည်တော်ကို ဆီးကြိုခွင့်ရခဲ့ခြင်းပင်။
ခန်းမဆောင်ကြီး၏ ထုတ်တန်းများနှင့် ကျောက်တိုင်များထက်တွင် ညပုလဲများနှင့် ဖုန်ကာပုလဲများ စီးခြယ်ထားသဖြင့် မှောင်မိုက်နေခြင်းမရှိသလို ဖုန်မှုန့်များလည်း စုပုံတက်နေခြင်းမျိုး မရှိခဲ့ပေ။
ခုန်မင်က အလွန်ညင်သာစွာပင် ခန်းမကြီးထဲတွင် လမ်းလျှောက်သွားလိုက်သည်။
သို့သော် သူ မည်မျှပင် ခပ်ဖွဖွနင်းစေကာမူ လိုဏ်ဂူသဖွယ်ဖြစ်နေသော ခန်းဆောင်ကြီး၏ ကြီးမားသောတိတ်ဆိတ်မှုအောက်တွင် ခြေသံများက ပဲ့တင်ထပ်ထွက်ပေါ်လာသည်သာပင်။
ခုန်မင်၏ ခြေလှမ်းများက တည်ငြိမ်သလို စည်းချက်လည်းညီသည်။
သူ၏ခြေသံများက နှစ်ပေါင်းသောင်းနှင့်ချီအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ခန်းမဆောင်ကြီးအား အသက်သွင်းပေးလိုက်သည့်ပမာ ဖြစ်သည်။
ခန်းမဆောင်ကြီးက ဗလာကျင်းနေသော်လည်း ခန်းမ၏ရှေ့ဘက်ခြမ်း အဆုံးသတ်နားသို့ နီးကပ်လာချိန်မှာတော့ လက်ဝဲလက်ယာတစ်ဖက်တစ်ချက်တွင် တန်းစီရပ်နေကြသည့် ကျောက်သားရုပ်တုများကို တွေ့လိုက်ရသည်။
ထိုကျောက်သားရုပ်တုများက ရွှေရောင်လှံရှည်ကို ကိုင်ဆောင်ထားသည့် စစ်သည်တော်များ ဖြစ်ကြ၏။
စစ်သည်တော် ရုပ်တုကြီးများက အလွန်ပင် ကြံ့ခိုင်ထည်ဝါပြီး အရပ်(၆)ပေကျော်ခန့် မြင့်မားကြသည်။
သူတို့၏မျက်နှာများကတော့ ဒေါသထွက်နေသည့် မိုးကြိုးနတ်ဘုရားများပမာ ခက်ထန်ကြမ်းတမ်းလျှက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။
အမှန်တော့ ဤ ကျောက်သားစစ်သည်တော်များက အသက်မဲ့နေသည့် ရုပ်တုများသာ ဖြစ်သည်။
သို့သော် ခုန်မင် သူတို့ကို ကြည့်လိုက်မိသည်နှင့် စိတ်အာရုံထဲတွင် “အန္တရယ်” သတိပေးချက်တစ်ခု အလိုလို ထွက်ပေါ်လာသည်။
ဟုတ်ပေ၏။
ခုန်မင် ထိုရုပ်တုများနှင့် တစ်လံမျှအကွာအဝေးသို့ ရောက်လာသည်နှင့် ကျောက်ရုပ်တုကြီးများက စတင်လှုပ်ရှားလာကြတော့သည်။
ရွှေရောင်လှံရှည်ကိုင်ဆောင်ထားသည့် စစ်သည်တော်များက တစ်ဖက်လျှင်(၁၅)ယောက် နှစ်တန်းဖြင့် တန်းစီရပ်နေကြခြင်း ဖြစ်သည်။
ယခု ရှေ့ဆုံးတွင်ရှိနေသော စစ်သည်တော်နှစ်ယောက်က ရုတ်ချည်းဆိုသလိုပင် စတင်လှုပ်ရှားလာလေသည်။
သူတို့က ခုန်မင်အား ကျူးကျော်ဝင်ရောက်လာသည့် ရန်သူပမာ သတ်မှတ်လိုက်ကြပုံရသည်။
ဘယ်ဘက်မှစစ်သည်တော်က သူ၏ ရွှေရောင်လှံရှည်ကို ဘေးတိုက်ဝှေ့ယမ်းကာ ခုတ်ပိုင်းချလိုက်ပြီး ညာဘက်မှ စစ်သည်တော်ကတော့ လှံရှည်ထိတ်ဖျားဖြင့် တည့်တည့်မတ်မတ် ထိုးစိုက်ချလိုက်သည်။
တိုက်ကွက်နှစ်ခုက အပြန်အလှန်ချိတ်ဆက်သွားပြီး ခုန်မင်ကို ဘယ်ညာနှစ်ဖက် ပိတ်ဆို့တိုက်ခိုက်သည့် သံမဏိပိုက်ကွန်တစ်ခုသဖွယ် ဖြစ်သွားသည်။
ဤစစ်သည်တော်များက ကျောက်ရုပ်တုများဖြစ်သည့်တိုင် စတင်လှုပ်ရှားသည်နှင့် အလွန်ပင် လျှင်မြန်ဖျတ်လတ်ပေသည်။
သူတို့၏တိုက်ကွက်များက စီးဆင်းနေသည့်ရေပမာ ချောမွေ့လွန်းရာ ရုပ်တုတစ်ခု၏ တောင့်တင်းခက်ထန်မှုမျိုး အစအနပင် မတွေ့ရပေ။
ထို့ပြင် ဤစစ်သည်တော်များက သက်မဲ့ရုပ်တုများဖြစ်သဖြင့် သူတို့ထံမှ မည်သည့်စွမ်းအားရောင်ဝါကိုမှ အာရုံခံ၍ မရနိုင်ပေ။
ထို့ကြောင့် ခုန်မင်အနေဖြင့် သူတို့ မည်မျှအထိ အစွမ်းထက်သည်ကို ချက်ချင်းမဆုံးဖြတ်နိုင် ဖြစ်ရသည်။
ခုန်မင်က တစ်ချက်လေးပင် မပေါ့ဆဝံ့ဘဲ လက်တစ်ဖက်ဝှေ့ယမ်းကာ နက်ရှိုင်းသစ်သားဒိုင်းကို ထုတ်ယူလိုက်ပြီး စစ်သည်တော်များ၏လှံချက်ကို ခုခံလိုက်သည်။
“ဘုန်း...”
ရွှေရောင်လှံရှည်နှစ်လက်က ဒိုင်းမျက်နှာပြင်ထက်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။ သို့တိုင် ဒိုင်းမျက်နှာပြင်ထက်တွင် ခြစ်ရာလေးတစ်ခုပင် ထင်ကျန်ရစ်ခြင်း မရှိပေ။
ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သော နက်ရှိုင်းသစ်သားဒိုင်း၏ စွမ်းရည်က အံ့သြစရာပင် ဖြစ်၏။
သို့သော် ရွှေလှံရှည်စစ်သည်တော်များကိုတော့ လျှော့တွက်၍ မရပေ။
နက်ရှိုင်းသစ်သားဒိုင်း၏တုန်ခါမှုကို ကြည့်ခြင်းအားဖြင့် ထိုစစ်သည်တော်များ၏ခွန်အားမှာ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ထက် နိမ့်ကျခြင်းမရှိကြောင်း သိရသည်။
ဤခန်းဆောင်ထဲတွင် ကျောက်ရုပ်တုစစ်သည်ပေါင်း (၃၀)တိတိ ရှိနေပေသည်။
ထိုရုပ်တုများအားလုံး တပြိုင်တည်းတိုက်ခိုက်လာမည်ဆိုလျှင် ခုန်မင်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသွားပေမည်။
ကံကောင်းသည်မှာ ကျောက်ရုပ်တုစစ်သည်တော်များက သတ်မှတ်ထားသည့် အကွာအဝေးသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာမှသာ လှုပ်ရှားကြခြင်း ဖြစ်သည်။
ယခုအချိန်ထိ ရှေ့ဆုံးမှ စစ်သည်နှစ်ယောက်သာ တိုက်ခိုက်လာသေးပြီး ကျန်စစ်သည်များက ငြိမ်သက်နေကြဆဲပင်။
သို့သော် ခုန်မင်က တိုက်ပွဲကို အချိန်ဆွဲရန် အစီအစဉ်မရှိပေ။
သူနှင့် ကျောက်ရုပ်တုစစ်သည်နှစ်ယောက်၏တိုက်ပွဲကြောင့် အခြားစစ်သည်တော်များပါ နိုးထလာမည်ဆိုပါက ခုန်မင်အနေဖြင့် အားလုံးကို အနိုင်ယူရန် မလွယ်ကူတော့ပေ။
တိုက်ပွဲကို အမြန်အဆုံးသတ်ရန်အတွက် အပြင်းထန်ဆုံးနည်းလမ်းကို အသုံးပြုရမည် ဖြစ်သည်။
ခုန်မင်ထံတွင် ဝိညာဉ်လက်နက်များရှိသည့်အပြင် ဒြပ်စင်စွမ်းအားသုံးမျိုး ပေါင်းစည်းခြင်းအတတ်ကိုလည်း တတ်မြောက်ထားပြီ ဖြစ်သည်။
ခုန်မင်အနေဖြင့် ဒြပ်စင်စွမ်းအားသုံးမျိုး ပေါင်းစည်းခြင်းအတတ်ကို နားလည်သဘောပေါက်သည်မှာ မကြာသေးသလို ယင်းအတွက် သီးသန့်ကျင့်စဉ်တစ်ခုကိုလည်း အပြည့်အဝ ကျင့်ကြံရခြင်းမျိုး မရှိသေးပေ။
သို့သော် သူ၏ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော ထိုက်ကျိယင်ယန်သင်္ကေတအကူအညီဖြင့် ဒြပ်စင်စွမ်းအား(၃)မျိုးကို တစ်သားတည်းကျအောင် ပေါင်းစပ်ဖန်တီးနိုင်စွမ်း ရှိသည်။
ဤစွမ်းရည်ကိုရရှိပြီးနောက် ခုန်မင်က ကျားခြင်္သေ့သားရဲနှင့်တိုက်ခိုက်စဉ်က တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးသေးသည်။
ယခု သူ၏ကျွမ်းကျင်မှုကို ထပ်မံစစ်ဆေးရန် အခွင့်အရေးရရှိပေပြီ။
ခုန်မင်က နက်ရှိုင်းသစ်သားဒိုင်းကိုဖယ်ရှားလိုက်ပြီး ရုတ်တရက်ပင် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ၏လက်ဖဝါးမှ ရောင်စဉ်သုံးမျိုး အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ဘယ်ဘက်မှ ရွှေလှံရှည်စစ်သည်တော်ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။
ဤကျောက်ရုပ်တုစစ်သည်တော်များကို မည်သည့်နည်းလမ်းဖြင့် ဖန်တီးထားမှန်း မသိရသော်လည်း ၎င်းတို့က တိုက်စစ်သာမက ခံစစ်ခုခံနိုင်စွမ်းလည်း ရှိနေသည်။
ဘယ်ဘက်မှစစ်သည်တော်က ရွှေရောင်လှံရှည်ကို စည်းချက်ကျစွာ ဝှေ့ယမ်းလိုက်ပြီး
ဘယ်ဘက်မှ စစ်သည်တော်သည် သူ၏ရွှေလှံကြီးကို စည်းချက်ကျကျ ဝေ့ယမ်းလိုက်ရာ လေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန် အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာပြီး ပြေးဝင်လာသော အလင်းတန်းကြီးကို ဆီးကြိုခုခံလိုက်သည်။
မည်မျှပင်လက်ရာမြောက်စွာ ထုဆစ်ထားပါစေ ရွှေလှံရှည်စစ်သည်တော်များက ကိုယ်ပိုင်အသိဉာဏ်မရှိသည့် သက်မဲ့ရုပ်တုများသာ ဖြစ်ကြသည်။
ခုန်မင်၏တိုက်ကွက်တွင် ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်နှင့်ညီမျှသော စွမ်းအားများပါဝင်နေကြောင်း ကျောက်ရုပ်တုကြီး သိရှိနိုင်စွမ်း မရှိခဲ့ပေ။
ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်နှင့်သာညီမျှသော ကျောက်ရုပ်တုကြီးမှာ ခုန်မင်၏တိုက်ကွက်ကို ခုခံရန် လုံးဝ မဖြစ်နိုင်ပေ။
“ဘုန်း...”
ကျယ်လောင်သော အသံနှင့်အတူ အရပ်(၆)ပေကျော်မြင့်မားသော ကျောက်ရုပ်တုကြီး ပေါက်ကွဲထွက်သွားပြီး ခန်းဆောင်ထဲတွင် ကျောက်စမှုံများစွာ လွင့်စင်ပြန့်ကျဲသွားလေသည်။