သက်မဲ့များနှင့်တိုက်ပွဲ
Vol. 17 Ch. 183
ကျောက်ရုပ်တု၏အပေါ်ပိုင်းကျောက်သားခွံကြီး အက်ကွဲပျက်ဆီးသွားသည့်အခါမှာတော့ အတွင်းပိုင်းဖွဲ့စည်းပုံ ထွက်ပေါ်လာခဲ့သည်။
ကျောက်ရုပ်တုအတွင်းပိုင်းအား အလွန်သိမ်မွေ့နုနယ်သော စက်သွားများ ၊ စပရိန်များဖြင့် ဖွဲ့စည်းထားပြီး ရှုပ်ထွေးသော ယန္တရားပညာကို အသုံးပြုထားသည်။
ယန္တရားပညာတွင် ဆရာတစ်ဆူဖြစ်သော ခုန်မင်သည်ပင် ဤမျှထူးခြားသောလက်ရာကိုကြည့်ပြီး မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
ကျောက်ရုပ်တုအတွင်းပိုင်း ဖွဲ့စည်းပုံက သူ့အတွက် စိတ်ကူးအသစ်များကိုပင် ရရှိစေခဲ့သည်။
ဤသို့သော ယန္တရားပုံစံမျိုးအား သူ၏ကိုယ်ပိုင်ဖန်တီးမှုများတွင် ပေါင်းစပ်ထည့်သွင်းနိုင်မည်ဆိုပါက လုံးဝဆန်းသစ်သည့် စက်ကိရိယာအမျိုးအစားသစ်များကို သေချာပေါက် တီထွင်နိုင်ပေမည်။
ရွှေလှံရှည်စစ်သည်တော်၏ ယန္တရားအလယ်ဗဟိုမှာတော့ သစ်သားသေတ္တာငယ်လေးတစ်ခုနှင့်ဆင်တူသော အစိတ်အပိုင်းတစ်ခု ရှိနေသည်။
ထိုသေတ္တာလေး၏ အပြင်ပန်းပုံစံက သာမန်မျှသာဖြစ်သော်လည်း သေတ္တာငယ်လေးထဲမှာတော့ တောက်ပသည့် အဝါရောင်အလင်းတန်းများဖြာထွက်နေသော ဒြပ်စင်စွမ်းအား အမြုတေတစ်ခု ရှိနေလေသည်။
ရွှေလှံရှည်စစ်သည်တော်၏ တိုက်ခိုက်မှုတွင် မည်သည့်ဒြပ်စင်စွမ်းအားမှ ထွက်ပေါ်လာခြင်း မရှိပေ။
သို့သော် ဤကျောက်ရုပ်တုကြီး လှုပ်ရှားတိုက်ခိုက်နိုင်ရန်အတွက် ခန္ဓာကိုယ်ထဲတွင် မြှုပ်နှံထားသော ဒြပ်စင်စွမ်းအား အမြုတေမှ စွမ်းအားများ ထုတ်ဖော်ပေးနေခြင်း ဖြစ်၏။
ကျောက်ရုပ်တုကို တိုက်ခိုက်ပြီးသည်နှင့် ခုန်မင်ကသူ၏ ဒြပ်စင်စွမ်းအားသုံးမျိုး ပေါင်းစည်းခြင်းအတတ်ကို ပိုပြီးခန့်မှန်းမိလာသည်။
ရွှေလှံရှည်စစ်သည်တော်တစ်ယောက်ကို အမှုန့်ချေပစ်လိုက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဤတိုက်ကွက်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။
ထိုအချိန် ညာဘက်မှစစ်သည်တော်က ရွှေလှံရှည်ကို တည့်တည့်ထိုးစိုက်ရာမှ ဘေးတိုက်ဝှေ့ယမ်းသည့်ပုံစံသို့ ပြောင်းလဲကာ ခုန်မင်ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
ရုပ်တုတစ်ခုပင်ဖြစ်လေရာ သူ့အဖော် ပျက်ဆီးသွားသည်ကိုလည်း မသိရှိသလို ခုန်မင်နှင့် စွမ်းအားကွာဟချက်ကြီးမားသည်ကိုလည်း နားမလည်ခဲ့ပေ။
ဘယ်ဘက်မှစစ်သည်တော်သာ ပျက်ဆီးမသွားခဲ့လျှင် လှံရှည်ကို ဘေးတိုက်ဝှေ့ယမ်းရာမှ တည့်တည့်ထိုးစိုက်သည့်ပုံစံသို့ ပြောင်းလဲလိုက်မည်ဖြစ်ရာ ရန်သူကို သေစေနိုင်သော အပြန်အလှန်ပိတ်ဆို့မှုကွန်ယက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်၏။
ယခုတော့ ကျောက်ရုပ်တုများ၏ အတွဲလိုက်တိုက်ခိုက်မှုတွင် တစ်ခုပျက်ဆီးသွားပြီဖြစ်ရာ သူ၏တိုက်ကွက်က ဟာကွက်များဖြင့် ပြည့်နေတော့သည်။
ခုန်မင်အနေဖြင့် နက်ရှိုင်းသစ်သားဒိုင်းကိုပင် အသုံးပြုရန် မလိုတော့ပေ။
သူက ဘယ်ဘက်မှကျောက်ရုပ်တု၏တိုက်ခိုက်မှုကို ပေါ့ပါးသွက်လက်စွာပင် ရှောင်တိမ်းလိုက်ပြီး စစ်သည်တော်၏နံဘေးသို့ လျှောကနဲရောက်ရှိသွားကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရောင်စဉ်သုံးမျိုး ဒြပ်စင်စွမ်းအားအလင်းတန်းထွက်ပေါ်လာပြီး ပေါက်ကွဲထွက်သွားကာ စစ်သည်တော်၏ ခန္ဓာကိုယ်ထက် အပေါက်ကြီးပွင့်ထွက်သွားသည်။
ဒုတိယမြောက် ကျောက်ရုပ်တုသည်လည်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီ ဖြစ်လေသည်။
ဤကျောက်ရုပ်တု၏ အတွင်းပိုင်းဖွဲ့စည်းပုံသည်လည်း ပထမကျောက်ရုပ်တုနှင့် ထပ်တူနီးပါးဖြစ်သည်။
သို့သော် ကွာခြားချက်တစ်ခု ရှိလေသည်။
ပထမကျောက်ရုပ်တု၏ ဒြပ်စင်စွမ်းအား အမြုတေက အဝါရောင်ဖြာထွက်နေသည်ဖြစ်ရာ မြေဒြပ်စင်စွမ်းအား အမြုတေ ဖြစ်သည်။
ဒုတိယကျောက်ရုပ်တု၏ အမြုတေက အစိမ်းရောင်ဖြာထွက်နေသည်ဖြစ်ရာ သစ်သားဒြပ်စင် အမြုတေကို အသုံးပြုထားခြင်း ဖြစ်၏။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျောက်ရုပ်တုများကိုမောင်းနှင်ရန် ထည့်သွင်းထားသည့်အမြုတေများက တူညီသော ဒြပ်စင်စွမ်းအားအမြုတေများ မဟုတ်ကြပေ။
ဒြပ်စင်စွမ်းအား အမြုတေများ မတူညီသည်ဖြစ်ရာ ကျောက်ရုပ်တုများတွင်လည်း မတူညီသော တိုက်ခိုက်ရေးနည်းစနစ်များ ၊ သိုင်းကွက်ပုံစံများ ရှိနေမည်လားဟု ခုန်မင် တွေးလိုက်မိသည်။
ခုန်မင် မတ်တတ်ရပ်ပြီး ကျောက်ရုပ်တုစစ်သည်တော်များကို အကဲခတ်လိုက်သည်။
ခန်းဆောင်ထဲတွင် စစ်သည်တော် (၂၈) ယောက် ကျန်ရှိနေသေးသည်။
ထိုစစ်သည်တော်များအားလုံးက ယခုလိုပင် နှစ်ယောက်တစ်တွဲ တိုက်ခိုက်လာမည်ဆိုလျှင် မတူညီသော ဒြပ်စင်စွမ်းအား အမြုတေများကို အသုံးပြုထားသည့်တိုင် ခုန်မင်အတွက် ဖြေရှင်းရန် ခက်ခဲမည် မဟုတ်ပေ။
ခုန်မင်က ကြမ်းပြင်ထက်တွင်ပြုတ်ကျနေသည့် ကျောက်ရုပ်တုများထဲမှ စက်ယန္တရားအစိတ်အပိုင်းအချို့ကို ကောက်ယူကာ တိုရီယာလက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိက်သည်။
အခွင့်သာလျှင် ဤယန္တရားပညာကို လေ့လာကြည့်ရပေမည်။
ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
နောက်ထပ် စစ်သည်တော်များ မည်သို့တိုက်ခိုက်လာမည်ကို သိချင်မိလေသည်။
သူရှေ့တိုးလိုက်သည်နှင့် မျှော်လင့်ထားသည့်အတိုင်းပင် ရွှေလှံရှည်စစ်သည်တော်များ တုံ့ပြန်လာကြသည်။ သို့သော် ယခုတစ်ကြိမ်မှာတော့ တိုက်ခိုက်မှုပုံစံ ပြောင်းလဲသွားသည်။
ယခုတစ်ကြိမ်မှာတော့ စစ်သည်တော်(၄)ယောက် တပြိုင်တည်းလှုပ်ရှားလာပြီး ဝိုင်းဝန်းတိုက်ခိုက်ကြခြင်း ဖြစ်၏။
စစ်သည်တော်(၄)ယောက်၏ လှံရှည်တိုက်ကွက်က အလွန်စည်းချက်ညီပြီး ဟာကွက်မရှိသော ကွန်ယက်တစ်ခုပမာ ဖြစ်သည်။
ရန်သူအနေဖြင့် ထိုတိုက်ကွက်ကွန်ယက်ကို ရှောင်တိမ်းရန်မဖြစ်နိုင်ဘဲ သူသေကိုယ်သေ ထိပ်တိုက်ရင်ဆိုင်ပြီး ထိုးဖောက်ရန်သာ ရွေးချယ်နိုင်စရာရှိသည်။
သို့သော် ခုန်မင်က သာမန်လူတစ်ယောက် မဟုတ်ပေ။
သူက စစ်သည်တော်များကို တိုက်ရိုက်မတိုက်ခိုက်ဘဲ ခန်းဆောင်ကြမ်းပြင်ကိုသာ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်ချလိုက်၏။
ကျောက်တုံးထိန်းချုပ်နည်းစနစ်ကို ထုတ်ဖော်လိုက်သည်နှင့် ကြမ်းပြင်က အက်ကွဲပြီး အောက်ဘက်သို့ ကျွံကျသွားသည်။
ခုန်မင်က ကျွံကျသွားသော ကျင်းထဲသို့ ငုပ်လျှိုးဝင်ရောက်သွားပြီး သူ၏ဦးခေါင်းနှင့် ပခုံးတို့သာ အပြင်ဘက်တွင် ထွက်ပေါ်နေသည်။
စစ်သည်တော်(၄)ယောက်၏ စုပေါင်းတိုက်ကွက်က လုံးဝဟာကွက်မရှိသည့်တိုင် သူတို့က ယန္တရားပညာဖြင့်ဖန်တီးထားသည့် စက်ရုပ်များသာ ဖြစ်သည်။
ထို့ကြောင့် ခုန်မင် ကြမ်းပြင်အောက်သို့ ငုပ်လျှိုးသွားသည်နှင့် ကျောက်ရုပ်တုများ ပစ်မှတ်ပျောက်ဆုံးသွားပြီး ခဏမျှ တုံ့ဆိုင်းသွားကြသည်။
ပြီးမှ သူတို့၏တိုက်ကွက်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး ရွှေရောင်လှံရှည်များကို ခုန်မင်ရှိရာအောက်ဘက်သို့ ဝှေ့ယမ်းလိုက်ကြသည်။
သို့သော် ခုန်မင်က ကျောက်ရုပ်တုများ တုံ့ဆိုင်းသွားသည့် အချိန်ခဏတာကို အခွင့်ကောင်းယူကာ လက်ဖဝါးနှစ်ဖက်ကို ဘယ်နှင့်ညာသို့ တပြိုင်တည်း ရိုက်ထုတ်လိုက်သည်။
သုံးရောင်ခြယ် ဒြပ်စင်စွမ်းအားအလင်းတန်းနှစ်ခု အပေါ်ဘက်သို့ ထောင့်ဖြတ်အတိုင်းထိုးတက်သွားပြီး စစ်သည်တော်နှစ်ယောက်၏ ခန္ဓာကိုယ်အထက်ပိုင်းကို အမှုန့်ဖြစ်အောင် ချေမွပစ်လိုက်သည်။
ကျောက်ရုပ်တုများ၏ ထူထဲလှသော ခြေထောက်ကြီးများ ဦးတည်ချက်မဲ့စွာ ယိမ်းယိုင်သွားပြီး နောက်ဆုံး လဲပြိုသွားတော့၏။
စစ်သည်တော်(၄)ယောက်၏ ပေါင်းစပ်တိုက်ကွက် ပျက်ဆီးသွားပြီဖြစ်ရာ ကျန်ရှိသည့် ကျောက်ရုပ်တုနှစ်ခုကို ရင်ဆိုင်ရန် ခုန်မင်အတွက် မခက်ခဲတော့ပေ။
ထို့နောက် ဒြပ်စင်စွမ်းအား အလင်းတန်းနှစ်ခု ထပ်မံထွက်ပေါ်လာပြီး ကျန်ရှိသည့် စစ်သည်တော်နှစ်ယောက်မှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားသည်။
ဒြပ်စင်စွမ်းအားသုံးမျိုး ပေါင်းစပ်ခြင်းစွမ်းအားက အံ့မခန်းပင်ဖြစ်သည်။
အလင်းတန်း(၆)ခု ပစ်လွှတ်ရုံဖြင့် ကျောက်ရုပ်တု(၆)ခုကို ချေမှုန်းနိုင်ခဲ့သည်။
ဤသည်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်(၆)ယောက်ကို တစ်ချက်တည်း အလဲထိုးနိုင်ခြင်းနှင့် ညီမျှပေသည်။
ယန္တရားနှင့်တည်ဆောက်ထားသည့် ကျောက်ရုပ်တုများကို တိုက်ခိုက်ရခြင်းက အသိဉာဏ်ရှိသော လူသားများအား တိုက်ခိုက်ရခြင်းနှင့် တူညီမည်မဟုတ်ပေ။
သို့သော် အခြေခံအချက်ကိုတော့ တွက်ချက်ကြည့်နိုင်ပေသည်။
ယခုဆိုလျှင် ခုန်မင်က အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်မျှသာဖြစ်သည့်တိုင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်များသာမက ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်ကိုပင် ရင်ဆိုင်နိုင်ပြီဟု ဆိုရပေမည်။
မည်သည့်လက်နက်မှအသုံးမပြုဘဲ ကျောက်ရုပ်တု(၆)ခုအား တိုက်ခိုက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသည့်အချိန်နှင့်ဆာလျှင် ခုန်မင်၏စွမ်းအား များစွာတိုးတက်လာခဲ့ကြောင်း သက်သေပြနေပေသည်။
သို့သော် ဒြပ်စင်စွမ်းအားသုံးမျိုးပေါင်းစပ်ခြင်းမှ ထွက်ပေါ်လာသောစွမ်းအားက အလွန်တရာပြင်းထန်သည့်တိုင် အသုံးပြုရသည့် စွမ်းအားပမာဏလည်း ကြီးမားလှသည်။
(၆)ကြိမ်ဆက်တိုက် တိုက်ခိုက်ပြီးသည့်နောက် သူ၏ ဒြပ်စင်စွမ်းအား ကုန်ဆုံးမှုနှုန်းမှာ ပြန်လည်ဖြည့်တင်းမှုနှုန်းထက် ပိုမိုမြန်ဆန်လာကြောင်း ခုန်မင် အာရုံခံလိုက်မိ၏။
သူ့တွင် ထူးခြားသော ဝိညာဉ်ခန္ဓာရှိသလို စွမ်းအင်ဗဟိုချက် ချီပင်လယ်တွင်လည်း ထူးဆန်းစွာလည်ပတ်နေသည့် ထိုက်ကျိယင်ယန်သင်္ကေတ ရှိနေလေသည်။
ထို့ကြောင့် ပုံမှန်ဆိုလျှင် သူ၏ ဒြပ်စင်စွမ်းအားလည်ပတ်မှုက ဆက်တိုက်ဖြစ်ပေါ်နေပြီး သုံးစွဲသလောက် ပြန်လည်ဖြည့်တင်းနိုင်သည်ဖြစ်ရာ စွမ်းအားခမ်းခြောက်သွားမည်ကို စိုးရိမ်စရာ မလိုခဲ့ပေ။
ယခုတော့ ခုန်မင် အခြေအနေကို သဘောပေါက်သွားပြီ ဖြစ်သည်။
ဒြပ်စင်စွမ်းအားသုံးမျိုး ပေါင်းစပ်ခြင်းစွမ်းအားက အလွန်ကြီးမားသော်လည်း ယင်းအတွက် ပေးဆပ်ရသည့်တန်ဖိုးမှာလည်း မနည်းလှပေ။
ဒြပ်စင်စွမ်းအားများစွာကို ကျင့်ကြံထားသည့် သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် မတူညီသည့် ဒြပ်စင်စွမ်းအားများကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့လျှင်ပင် သူတို့ကိုယ်တွင်းမှ စွမ်းအားသိုလှောင်မှုက ဤမျှကြီးမားသည့် စွမ်းအားထုတ်လွှတ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အချိန်ခဏအတွင်း ရှိသမျှစွမ်းအားများ ကုန်ဆုံးသွားနိုင်သည်။
ထို့ကြောင့်ပင် ကျင့်ကြံသူအများစုက ဒြပ်စင်စွမ်းအားပေါင်းစပ်သည့်နည်းလမ်းကို အသုံးမပြုနိုင်ကြခြင်း ဖြစ်၏။
ဒြပ်စင်စွမ်းအားတစ်ခုထက်ပိုပြီး ကျင့်ကြံထားသည့်တိုင် စွမ်းအားများပေါင်းစပ်အသုံးပြုမည်ဆိုပါက ပေးဆပ်ရမည့်အရင်းအနှီးကို တတ်နိုင်ခြင်းမရှိကြပေ။
ခုန်မင် ကျန်ရှိနေသည့် ကျောက်ရုပ်တုစစ်သည်တော် (၂၄)ယောက်ကို လှမ်းကြည့်လိုက်သည်။
ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်သွားမည်ဆိုပါက နောက်ဆုံးကျောက်ရုပ်တု မပြိုလဲခင် သူသာလျှင် စွမ်းအားများကုန်ခမ်းပြီး လဲကျသွားပေလိမ့်မည်။
ထို့ပြင် ပထမလှိုင်းတွင် စစ်သည်တော်(၂)ယောက် ၊ ဒုတိယလှိုင်းတွင် စစ်သည်တော် (၄)ယောက် တိုက်ခိုက်လာသည်ဖြစ်ရာ...
အကယ်၍ တတိယလှိုင်းတွင် စစ်သည်တော်(၈)ယောက် တိုက်ခိုက်လာမည်ဆိုလျှင် ကိုင်တွယ်ရန် ပိုမိုခက်ခဲသွားပေမည်။
နောက်ဆုံးလှိုင်းတွင် စစ်သည်တော်(၁၆)ယောက် တပြိုင်တည်းတိုက်ခိုက်လာမည်ဆိုပါက သူ့အနေဖြင့် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားပေမည်။
မည်သို့ပင်ဖြစ်စေ ရွှေလှံရှည်စစ်သည်တော်(၆)ယောက်ကို ချေမှုန်းလိုက်ခြင်းက သူ၏ ဒြပ်စင်သုံးမျိုး ပေါင်းစည်းခြင်းစွမ်းအားကို မည်သို့ကိုင်တွယ်ရမည်ကို သဘောပေါက်သွားစေသည်။
နောင်တစ်ချိန်တွင် ဒြပ်စင်စွမ်းအားပေါင်းစည်းခြင်းနှင့်ပတ်သက်ပြီး သီးသန့်ကျင့်စဉ်တစ်ခု ကျင့်ကြံနိုင်မည်ဆိုလျှင် သူ့အနေဖြင့် ပိုမိုကျစ်လျစ်ချောမွေ့သော စွမ်းအားမျိုးကို ပိုင်ဆိုင်လာနိုင်ပေမည်။
လက်ရှိမှာတော့ ကျန်ရှိသည့် စစ်သည်တော်များကို “အမြန်တိုက် အပြတ်ရှင်း” ဗျူဟာဖြင့်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
ခုန်မင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး နက်ရှိုင်းသစ်သားဒိုင်းကို ပြန်လည်ဆင့်ခေါ်လိုက်သည်။
ဘယ်လက်ဖြင့် ဒိုင်းကာကိုကိုင်ဆောင်ပြီး ညာလက်တွင် ယွမ်ရုန်ဒူးလေးကိုဆုပ်ကိုင်ကာ ရှေ့သို့ တစ်လှမ်းချင်းတိုးသွားလိုက်သည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ စတင်ဝင်ရောက်လာကတည်းက ယွမ်ရုန်ဒူးလေးက ခုန်မင်အတွက် အစွမ်းထက်ဆုံး ဝှက်ဖဲတစ်ချပ် ဖြစ်ခဲ့သည်။
သို့သော် သူ၏ကိုယ်ပိုင်စွမ်းအားများတိုးတက်လာပြီး ပိုမိုအစွမ်းထက်သည့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်များလည်း ရရှိလာသည်ဖြစ်ရာ ယွမ်ရုန်ဓးလေးကို မသုံးဖြစ်တော့ပေ။
ယခုတော့ ရွှေလှံရှည်စစ်သည်တော်များကိုရင်ဆိုင်ရာတွင် အထိရောက်ဆုံးနှင့် အင်အားအနည်းဆုံးစိုက်ထုတ်ရသည့် ယွမ်ရုန်ဒူးလေးကို အသုံးပြုရပေတော့မည်။
ခုန်မင် ရှေ့သို့ခြေလှမ်းလိုက်ချိန်မှာတော့ တတိယလှိုင်းဖြစ်သည့် စစ်သည်တော်(၈)ယောက် တပြိုင်တည်း လှုပ်ရှားလာကြသည်။
ထိုစစ်သည်(၈)ယောက်၏ တိုက်ခိုက်ရေးဗျူဟာက ထူးခြားပေသည်။
စစ်သည်တော်(၄)ယောက်က ပစ်မှတ်ကို အနီးကပ်တိုက်ခိုက်ပိတ်ဆို့လိုက်ပြီး ကျန်(၄)ယောက်က အပြင်ဘက်မှ ဝိုင်းပတ်လိုက်သည်။
အပြင်ဘက်မှ စစ်သည်တော်(၄)ယောက်က ရွှေရောင်လှံရှည်များကို အသင့်အနေအထားပြင်ဆင်ထားပြီး လှံရှည်ထိပ်ဖျားတွင် ဒြပ်စင်စွမ်းအားများစုစည်းကာ ခုန်မင်ကို အဝေးမှ ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
သူတို့ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအား အမြုတေများက မတူညီသော မှော်ဝင်သားရဲများမှ ရရှိထားခြင်းဖြစ်လေရာ သူတို့အသုံးပြုသည့် ဒြပ်စင်စွမ်းအားများမှာလည်း တူညီခြင်းမရှိကြပေ။
ထို့ကြောင့် သူတို့စတင်တိုက်ခိုက်လိုက်သည်နှင့် တိုက်ပွဲတစ်ခွင် ရောင်စုံအလင်းတန်းများဖြင့် ပြည့်နက်သွားသည်။
ခုန်မင်က ချက်ချင်းပင် နက်ရှိုင်းသစ်သားဒိုင်းကို အကာအကွယ်ယူလိုက်ပြီး ယွမ်ရုန်ဒူးလေးမှ မြားတံများအား တရကြမ်း ပစ်ခတ်လိုက်လေသည်။
ယွမ်ရုန်ဒဓးလေးမှ မြားတံများ ဆက်တိုက်ထွက်ပေါ်လာပြီး ခန်းဆောင်တစ်ခုလုံး ပေါက်ကွဲသံများ ဆူ့ညံသွားသည်။
ပေါက်ကွဲရာမှ ထွက်ပေါ်လာသော မီးတောက်မီးလျှံများနှင့် အလင်းတန်းများက ပြင်းထန်လွန်းသဖြင့် ကျောက်ရုပ်တုများ ထုတ်လွှတ်လိုက်သည့် ရောင်စုံစွမ်းအားအလင်းတန်းများသည်ပင် မှေးမှိန်သွားရလေတော့၏။