လေမိုးကြိုးကျားသစ်
Vol. 17 Ch. 184
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဖုန်မှုန့်များနှင့် အပျက်အဆီးများ လေထဲသို့ တလိမ့်လိမ့် လွင့်ပျံလာသည်။
ခုန်မင်ရော ရွှေလှံရှည်စစ်သည်တော်များပါ ဖုန်မှုန့်မြူခိုးများထဲ ပျောက်ကွယ်သွားကြသည်။
အတန်ကြာမှာ တိုက်ပွဲသံများငြိမ်သက်သွားပြီ ဖုန်မှုန့်များလည်း တဖြည်းဖြည်း လွင့်ပြယ်သွားသည်။
လေထုပြန်လည်ကြည်လင်သွားချိန် ခန်းဆောင်ကြီးထဲတွင် လူတစ်ယောက်သာလျှင် မတ်တတ်ရပ် ကျန်ရစ်ခဲ့သည်။
ထိုသူက ခုန်မင်ပင် ဖြစ်၏။
သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည့် ကျောက်ရုပ်တုစစ်သည်တော်(၈)ယောက်မှာ အပိုင်းပိုင်းပြတ်ထွက်သွားပြီး အကြွင်းအကျန်များက ကြမ်းပြင်ထက် ပြန့်ကျဲကျသွားသည်။
ယွမ်ရုန်ဒူးလေး၏စွမ်းအားက ဒြပ်စင်စသံးပါး ပေါင်းစည်းခြင်းစွမ်းအားကို မယှဉ်နိုင်ပေ။ ထို့ကြောင့် ကျောက်ရုပ်တုများကို တစ်ချက်တည်းဖြင့် အမှုန့်ဖြစ်သွားအောင် ချေမှုန်းနိုင်ခဲ့ခြင်း မရှိပေ။
သို့ပေသိ ယွမ်ရုန်ဒူးလေးက မရပ်မနားပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသဖြင့် ကျောက်သားစစ်သည်တော်များကို ဤမျှပြင်းထန်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
ယခု ခန်းဆောင်ထဲတွင် ရွှေလှံရှည်စစ်သည်တော်(၁၆)ယောက်သာ ကျန်တော့သည်။
သူတို့အားလုံး တပြိုင်တည်းတိုက်ခိုက်လာမည်ဆိုပါက ခုန်မင်အတွက် ကိုင်တွယ်ဖြေရှင်းရန် အလွန်လက်ဝင်ပေမည်။
သို့သော် ခုန်မင်တွင် ဝှက်ဖဲတစ်ခုရှိနေသေးသည်။
သူ့တွင် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သော မီးလျှံဖီးနစ်ငှက်မွှေး ရှိနေသေးသည် မဟုတ်လား။
ခုန်မင်က နက်ရှိုင်းသစ်သားဒိုင်းနှင့် ယွမ်ရုန်ဒူးလေးတို့ကို တိုရီယာလက်စွပ်ထဲ ပြန်လည်သိမ်းဆည်းလိုက်ပြီး မီးလျှံဖီးနစ်ငှက်မွှေးကို ထုတ်ယူလိုက်သည်။
ထို့နောက် ခိုင်မာသော ခြေလှမ်းများဖြင့် ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားလေသည်။
ခုန်မင် အနားသို့ရောက်လာသည်နှင့် ကျန်ရှိသည့် စစ်သည်တော်(၁၆)ယောက်က တပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့က ဟန်ချက်ညီပြီး ရှုပ်ထွေးလှသော တိုက်ပွဲဗျူဟာကို ခင်းကျင်းကာ ခုန်မင်ကို ဝန်းရံပိတ်ဆို့လိုက်ကြသည်။
ခုန်မင်ကတော့ တည်ငြိမ်နေဆဲပင်။
သူက သန့်စင်သည့်မီးဒြပ်စင်စွမ်းအားကို မီးလျှံဖီးနစ်ငှက်မွှေးထဲသို့ ပို့လွှတ်လိုက်သည်နှင့် ခန်းဆောင်ထဲတွင် စတုရန်းပေ ရာနှင့်ချီသော မီးလျှံပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
မီးတောက်မီးလျှံများက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားပြီး ကျောက်သားစစ်သည်တော်(၁၆)ယောက်မှာလည်း ငရဲမီးပင်လယ်ထဲ နစ်မြုပ်သွားရတော့၏။
သက်မဲ့ကျောက်ရုပ်များဖြစ်သော စစ်သည်တော်များက အန္တရယ်ကိုမသိဘဲ ရွှေရောင်လှံရှည်ကြီးများ ဝှေ့ယမ်းတိုက်ခိုက်နေကြသည်။
သို့သော် ခုန်မင်ကတော့ မီးလျှံပင်လယ်ထဲတွင် ဘေးကင်းစွာပင် ရှိနေပေသည်။
မီးလျှံဖီးနစ်ငှက်မွှေးဖြင့် ဖန်ဆင်းထားသည့် ငရဲမီးလျှံများကို ငြိမ်းသတ်နိုင်ခြင်းမရှိသရွေ့ ကျောက်ရုပ်တုစစ်သည်တော်များက သူ့ကို လုံးဝ ဒုက္ခပေးနိုင်မည် မဟုတ်ပေ။
ကျောက်ရုပ်တုကြီးများမှာ တိုက်ခိုက်ရင်းဖြင့်ပင် ပြင်းထန်သည့်အပူရှိန်ကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ အပေါ်ယံကျောက်သားလွှာများ အရည်ပျော်ကျလာကာ လှုပ်ရှားမှုများလည်း လေးလံလာသည်။
နောက်ဆုံးမှာတော့ စစ်သည်တော်(၆)ယောက်လုံး မီးလျှံပင်လယ်ကြီးထဲ အရည်ပျော်ကျသွားပြီး ချော်ရည်ပူ(၁၆)ကွက်အဖြစ် ပြောင်းလဲသွားတော့၏။
သူက မီးလျှံဖီးနစ်ငှက်မွှေးကို ပြန်လည်သိမ်းဆည်းလိုက်ရာ မီးလျှံပင်လယ်ကြီးလည်း ပျောက်ကွယ်သွားသည်။ သို့သော် ခန်းဆောင်ထဲတွင် ကြောက်မက်ဖွယ်ရာ အပူလှိုင်းများကတော့ လွင့်ပျံနေဆဲသာပင်။
ယခု ပိတ်ဆို့ထားသော အတားအဆီးများ ကင်းစင်သွားပြီဖြစ်ရာ ခုန်မင်က ခန်းမဆောင် ထိပ်ဆုံးသို့ ဆက်လက်လမ်းလျှောက်လာသည်။
ခန်းမဆောင်ထိပ်ဆုံးသို့ရောက်သည်နှင့် သူ့ကို စောင့်ကြိုနေသည်က နံရံဆေးရေးပန်းချီကားကြီးတစ်ချပ် ဖြစ်၏။
ဤပန်းချီကားကြီးက အစောပိုင်း သူမြင်တွေ့ခဲ့ရသော ဒဏ္ဍာရီလာ စစ်ပွဲများကို ပုံဖော်ထားခြင်း မဟုတ်ပေ။ အလွန်ကြီးမားသော ဧရာမသစ်ပင်ကြီးတစ်ပင်ကို ရေးဆွဲထားခြင်း ဖြစ်၏။
သစ်ပင်ကြီးက ကြီးမားလွန်းသဖြင့် နေ ၊ လ နှင့် မိုးကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားမတတ် ထင်မှတ်ရပြီး ရေးဆွဲထားဟန်က အသေးစိတ်ကျလွန်းသဖြင့် အလွန်ပင် အသက်ဝင်လှသည်။
ဤပန်းချီကားထဲမှ သစ်ပင်ကြီးကို အဆပေါင်းသောင်းနှင့်ချီပြီး ဆွဲချဲ့လိုက်မည်ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြား မြေပုံအပြည့်အစုံ နောက်ဆုံးတွင်တွေ့ခဲ့ရသော ဧရာမသစ်ပင်ကြီးနှင့် တစ်ထေရာတည်း တူညီသွားပေမည်။
ခုန်မင့်စိတ်ထဲ သံသယများဖြင့် ပြည့်နက်သွားသည်။
သူက တကယ့် ဧရာမသစ်ပင်ကြီးကို မတွေ့မြင်ရဘဲ နံရံဆေးရေးပန်းချီကို ကြည့်ရှုရုံမျှဖြင့် ဤမျှဒုက္ခခံကာ ဤနေရာသို့ လာရောက်ခဲ့ရသည်လား။
အနည်းငယ် စိတ်ပျက်စွာဖြင့် ခုန်မင်က ပန်းချီကားကိုထိတွေ့ကြည့်ရန် လက်လှမ်းလိုက်သည်။
ထိုအချိန်မှာပင်...
“ငါသာ မင်းနေရာမှာဆိုရင် အဲဒီပန်းချီကားကို ထိကြည့်မှာ မဟုတ်ဘူး ၊ အေး... သေမှာမကြောက်ရင်တော့ မင်းလုပ်ချင်တာ လုပ်ပေတော့”
အသံက မိုးခြိမ်းသံပမာ ကျယ်လောင်လွန်းပြီး ခန်းဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ခုန်မင့်စိတ်ထဲ လှိုက်ခနဲ လှုပ်ရှားသွားသည်။
သူ ခန်းမထဲဝင်လာကတည်းက ပတ်ဝန်းကျင်ကို သေချာသတိထား အကဲခတ်ခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ယောက် ပုန်းကွယ်နေပါက သေချာပေါက် အာရုံခံမိမည်ပင်။
ဟုတ်ပေ၏။
စကားဆိုလာသူ၏ ရောင်ဝါဖုံးကွယ်နိုင်စွမ်းက ကျားခြင်္သေ့သားရဲထက်ပင် သာလွန်သည်။
အသံကြားရုံဖြင့် ရန်သူလား မိတ်ဆွေလား မခွဲခြားနိုင်လေရာ ခုန်မင်က သတိထားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
အသံက သူ့အနောက်ဘက်မှ ထွက်ပေါ်လာသည် မဟုတ်ပါလား။
အနောက်သို့လှည့်ကြည့်လိုက်သည်နှင့် ခုန်မင် အံ့သြမှင်တက်သွားရသည်။
သူ့အနောက်ဘက် ပေ(၃၀၀)ခန့်အကွာတွင် လူတစ်ယောက် မတ်တတ်ရပ်နေ၏။
ထိုသူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်(၆)ပေကျော်ခန့် မြင့်မားသည်။ သူ၏ခန္ဓာကိုယ်က ကျစ်လစ်သန်မာပြီး အချိုးအစားကျနလွန်းသည်။
ပြောရမည်ဆိုလျှင် ဤသိုသောလူတစ်ယောက်က ချောမောခန့်ညားသည့် မျက်နှာမျိုးကို ပိုင်ဆိုင်ထားသင့်ပေသည်။
သို့သော် ယခုတော့ ထိုသူ၏ဦးခေါင်းက လူတစ်ယောက်၏ဦးခေါင်းမဟုတ်ဘဲ ကျားသစ်တစ်ကောင်၏ ဦးခေါင်းဖြစ်နေပေသည်။
ဤလူတစ်ပိုင်း သားရဲတစ်ပိုင်းက မည်သူဖြစ်ပါသနည်း။
ဤမျှအထိ အဆင့်မြင့်စွာ လူသားအသွင်ပြောင်းလဲနိုင်သည်ကိုကြည့်ခြင်းအားဖြင့် အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင် ဖြစ်ရပေမည်။
ခုန်မင့်စိတ်ထဲ မအီမလည် ဖြစ်သွားရသည်။
“ငါ တကယ်ကံဆိုးတာပဲ ၊ ဖီးနစ်ကျဆုံးတောင်ကြားမှာ လှည့်ပတ်သွားလာနေတဲ့ အဆင့်(၆) မှော်ဝင်သားရဲ နှစ်ကောင်ပဲ ရှိတယ် ၊ အဲဒီနှစ်ကောင်လုံးက ငါနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေရတယ်”
ခုန်မင်၏ခန့်မှန်းချက် မှန်ကန်မည်ဆိုလျှင် သူ့ရှေ့တွင်ရှိသော ကျားသစ်လူသားမှာ ဖီးနစ်ကျဆုံးတောင်ကြားမှ ဒဏ္ဍာရီလာ အဆင့်(၆) မှော်ဝင်သားရဲဖြစ်သည့် “လေမိုးကြိုးကျားသစ်” ပင် ဖြစ်ရပေမည်။
လေမိုးကြိုးကျားသစ်ဆိုသည်က လေဒြပ်စင်နှင့် လျှပ်စီးဒြပ်စင် (၂)မျိုးလုံးကိုပိုင်ဆိုင်သည့် အဆင့်(၆) သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်သည်။
လျှပ်စီးဒြပ်စင်ဆိုသည်က လေဒြပ်စင်မှ ဆင့်ကဲပြောင်းလဲသွားခြင်း ဖြစ်သည်။
လေဒြပ်စင်တစ်မျိုးတည်းဖြင့်ပင် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ပေးစွမ်းနိုင်ရာ လေနှင့် လျှပ်စီး ဒြပ်စင်နှစ်မျိုးကို ပိုင်ဆိုင်ထားပါက ပြောဖွယ်ရာ မရှိတော့ပေ။
ထို့ကြောင့်ပင် သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်သည့် လေမိုးကြိုးကျားသစ်က အဆင့်(၆) မှော်ဝင်သားရဲများထဲတွင် ထိပ်တန်းအဆင့် ရပ်တည်နေခြင်း ဖြစ်၏။
ဖီးနစ်ကျဆုံးတောင်ကြားမှာတော့ ဤသားရဲက အဆင့်အမြင့်ဆုံးသားရဲ ဖြစ်သည်။
အဆင့်(၆) လေမိုးကြိုးကျားသစ်တစ်ကောင်၏ တိုက်ခိုက်စွမ်းအားက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ဘေက်နှင့် ညီမျှသည်။
ကြောက်မက်ဖွယ်ကောင်းလှသော လေမိုးကြိုးကျားသစ်နှင့် နှိုင်းယှဉ်လျှင် ရေခဲမြူနဂါးသည်ပင် ကြောင်လေးတစ်ကောင်ပမာ ချစ်စရာကောင်းသွားပေလိမ့်မည်။
ဟုတ်ပေ၏။
လေမိုးကြိုးကျားသစ်ဆိုသည်က ခုန်မင်တို့မိသားစုနှင့် သမိုင်းကြောင်းအနည်းငယ် ရှိခဲ့ဖူးသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ခုန်မင်၏ဘေးတော် တောရိုင်းဒေသသို့ ခရီးထွက်ခွာစဉ် လေမိုးကြိုးသားရဲတစ်ကောင် လိုက်လံတိုက်ခိုက်ခြင်းမှ လွတ်မြောက်ရန်အတွက် မြေအောက်မြစ်တစ်ခုအတွင်းသို့ ငုပ်လျှိုးထွက်ပြေးခဲ့ရသည်။
ထို့ကြောင့်ပင် ခုန်မင်၏ဘေးတော်က မြူခိုးတောအုပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။
ထိုစဉ်က ခုန်မင်၏ဘေးတော်မှာ အလယ်ဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် အထွတ်ထိပ်အဆင့် ဖြစ်သည်။
ထိုသို့ကျင့်ကြံခြင်းအဆင့်မြင့်မားသူသည်ပင် မသေရုံတမယ် အသက်လုထွက်ပြေးရသည်ကိုကြည့်ခြင်းအားဖြင့် လေမိုးကြိုးကျားသစ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိသာနိုင်သည်။
ခုန်မင်က သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာသာလွန်သလို ရတနာပစ္စည်းမျာစွာလည်း ပိုင်ဆိုင်ထားသည့်တိုင် သူ့အရှေ့မှ လေမိုးကြိုးကျားသစ်နှင့်ယှဉ်လျှင်တော့ အဆင့်ကွာခြားလွန်းသည်။
ခုန်မင် မည်မျှအစွမ်းထက်ပါစေ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအးအရှင်သခင် အထွတ်ထိပ်ရှိသော သားရဲတစ်ကောင်ကိုတော့ အနိုင်ယူနိုင်မည် မဟုတ်ပေ။
အစွမ်းကုန်ကြိုးစားလျှင်ပင် အသက်ဘေးမှလွတ်အောင် ပြေးနိုင်ရုံသာ ရှိပေမည်။
စိတ်ထဲတွင် အတွေးများလှည့်ပတ်သွားသည့်တိုင် ခုန်မင်က ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်ခဲ့ပေ။
သူက ထိုသားရဲကြီးအား တည်ငြိမ်စွာပင် လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...
“အကြီးအကဲ သတိပေးတာ ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်က ဒီနေရာကို အခုမှရောက်ဖူးတာဆိုတော့... ဒီမှာရှိနေတဲ့ ထူးခြားမှုတွေကို တကယ်ပဲ မသိနားမလည်ပါဘူး ၊ ဒါကြောင့် အကြီးအကဲက လမ်းညွှန်ပေးစေချင်ပါတယ်”
လေမိုးကြိုးကျားသစ်က ခေါင်းခါယမ်းလိုက်ပြီး...
“လမ်းညွှန်ပေးစရာတော့ မရှိပါဘူး ၊ ငါက မင်းကို သတိပေးရုံပါပဲ... အသက်မပျောက်ချင်ရင် အဲဒီပန်းချီကားနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ”
ပြောပြီးသည်နှင့် လေမိုးကြိုးကျားသစ်က ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟပြီး အပြာရောင်လျှပ်စီး အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလျှပ်စီးက ပေ(၃၀၀) အကွာအဝေးကို ဖြတ်ကျော်ကာ နံရံပန်းချီဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
လျှပ်စီးစွမ်းအားက အားနည်းခြင်း မရှိပေ။
သို့သော် လျှပ်စီးစွမ်းအားနှင့် ရိုက်ခတ်မိသည့်တိုင် နံရံပန်းချီက အစင်းရာလေးတစ်ခုပင် မထင်ခဲ့ပေ။
ထို့နောက် ပန်းချီကားမျက်နှာပြင်ထက်တွင် အဖြူရောင်လှိုင်းတစ်ခုလှုပ်ခတ်သွားပြီး အပြာရောင်လျှပ်စီးအလင်းတန်းမှာ တစ်စုံတစ်ရာက စုပ်ယူလိုက်သည့်အလား သဲလွန်စမကျန် ပျောက်ကွယ်သွားတော့၏။
ဤမြင်ကွင်းက ခုန်မင်မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေသည်။
လေမိုးကြိုးကျားသစ်ထံမှ ထွက်ပေါ်လာသည့် လျှပ်စီးအလင်းတန်းက လျှပ်ပြက်သည့်ပမာ အလွန်မြန်ဆန်လှသည်။
ထိုလျှပ်စီးအလင်းတန်းသာ နံရံဆေးရေးပန်းချီသို့ မဟုတ်ဘဲ အကာအကွယ်မဲ့နေသည့် ခုန်မင်ထံသို့ ဝင်ရောက်လာပါက လွတ်အောင်ရှောင်နိုင်ပါမည်လား မသေချာပေ။
ထို့ပြင် ဤလျှပ်စီးအလင်းတန်းသာ စောစောက ကျောက်ရုပ်တုစစ်သည်တော်များကို ထိမှန်ခဲ့ပါက တစ်ချက်တည်းဖြင့် အစအနမကျန်အောင် ပျက်ဆီးသွားနိုင်သည်။
လေမိုးကြိုးကျားသစ် ပေါ့ပါးစွာပစ်လွှတ်လိုက်သော လျှပ်စီးတစ်ချက်သည်ပင် ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်သည့်စွမ်းအားနှင့် ညီမျှပေသည်။
သို့ပေသိ ထိုမျှပြင်းထန်သောတိုက်ကွက်က နံရံပန်းချီကိုထိမှန်သွားသည်နှင့် အသံတစ်ချက်မထွက်ဘဲ လေထဲတွင် အငွေ့ပျံသွားသည့်ပမာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။
"ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ"
ခုန်မင် အနည်းငယ် ထိတ်လန့်သွားရသည်။
ဤနံရံဆေးရေးပန်းချီက အတော်လေး ထူးဆန်းပေသည်။
ခုန်မင်သာ ထိုပန်းချီကားကို သွားထိမိပါက လျှပ်စီးအလင်းတန်းကဲ့သို့ပင် သဲလွန်စမကျန် ပျောက်ကွယ်သွားနိုင်သည်။
ခုန်မင်က လေမိုးကြိုးကျားသစ်ကို လှည့်ကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“အကြီးအကဲ အချိန်မီ သတိပေးတာ ကျေးဇူးတင်ပါတယ် ၊ ဒီပန်းချီကားနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခုများ အကြီးအကဲ သိထားတာလား”
လေမိုးကြိုးကျားသစ်က ခေါင်းခါယမ်းရင်း...
“ငါလည်း အခုမှ ဒီနေရာကိုရောက်ဖူးတာ ၊ ငါရောက်လာတာ မင်းထက်တောင် နောက်ကျသေးတယ် ၊ ဒီနေရာက လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ်သိမှာလဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့သားရဲတွေမှာ ပင်ကိုယ်သိစိတ်ရှိတယ် ၊ ဒီပန်းချီကားက အရမ်းအန္တရယ်များတယ် ၊ သွားထိမိတာနဲ့ ဒုက္ခရောက်နိုင်တယ်ဆိုတာ ငါ အာရုံခံမိနေတယ် ၊ အင်း... ငါ ဒီတောင်ကြားထဲမှာ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့တာ ၊ ဒီလိုမျိုးအန္တရယ်အငွေ့အသက်ကို ပထမဆုံးအကြိမ် အာရုံခံမိတာပဲ”
သူက ခန်းဆောင်ကြီးကို တစ်ချက်အကဲခတ်လိုက်ရင်း...
“ဒီမြေအောက်နန်းတော်က အတော်လေး လျှို့ဝှက်ဆန်းကျယ်တာပဲ...”
ခုန်မင်က...
“အကြီးအကဲက တန်ခိုးစွမ်းအားကြီးမားတာပဲ ၊ ဒီမြေအောက်နန်းတော်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ မရိပ်မိနိုင်ဘူးလား”
လေမိုးကြိုးကျားသစ်က ထပ်မံခေါင်းခါယမ်းလိုက်သည်။
သူက အနည်းငယ် မကျေမနပ်ဖြစ်နေသော လေသံဖြင့်...
“ဘာကို တန်ခိုးစွမ်းအားကြီးမားတာလဲ ၊ ငါသာ တကယ်စွမ်းအားကြီးမားတယ်ဆိုရင် ဒီ ဖီးနစ်ကျဆုံးတောင်ကြားမှာ ထွက်ပေါက်ရှာလို့မရအောင် ပိတ်မိနေပါ့မလား ၊ ပြီးတော့ ဒီတစ်ခေါက် ဒီမြေအောက်နန်းတော်ထဲကို ဘယ်လိုကနေဘယ်လို ဝင်လာမိမှန်းတောင် မသိလိုက်ဘူး”
သူက ဆက်ပြောလိုက်သည်။
“အခုမှ ဒီပန်းချီကားကို ငါ့ရဲ့လျှပ်စီးစွမ်းအားနဲ့ ပစ်ခတ်ကြည့်လိုက်တာ ၊ ဒီပန်းချီကားက ငါ့ရဲ့စွမ်းအားကိုတောင် ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ်လို့ ဘယ်သူထင်မှာလဲ”
ခုန်မင်က...
“ဘာပဲဖြစ်ဖြစ်... အကြီးအကဲ သတိပေးတာ ကျေးဇူးတင်ပါတယ် ၊ မဟုတ်ရင် စောစောကပဲ ကျွန်တော်လည်း ဒီပန်းချီကားထဲမှာ ပျောက်ကွယ်သွားလောက်ပြီ”