လေမိုးကြိုးကျားသစ်နှင့်တိုက်ခိုက်ခြင်း
Vol. 17 Ch. 185
ခုန်မင်၏စကားကိုကြားတော့ လေမိုးကြိုးကျားသစ်က ရယ်မောလိုက်ပြီး...
“ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး ကောင်လေးရာ ၊ မင်းဆီမှာ အဖိုးတန်ပစ္စည်းတွေ အများကြီးရှိနေတာ ငါသိပါတယ် ၊ မင်းသာ တစ်ခုခုဖြစ်သွားရင် အဲဒီပစ္စည်းတွေ အလကား ဖြစ်သွားမှာပေါ့”
သူက ဆက်ပြောလိုက်သည်။
“စောစောက ငါ မင်းကိုတားလိုက်တာ မှန်သွားတယ် ၊ မင်းသာ အဲဒီပန်းချီကားထဲမှာ ပျောက်ကွယ်သွားရင် ငါလည်း အဲဒီရတနာပစ္စည်းတွေ တစ်ခုမှ ရလိုက်မှာမဟုတ်ဘူး”
လေမိုးကြိုးကျားသစ်၏လေသံက ပုံမှန်ပင်ဖြစ်ပြီး မည်သည့်ခြိမ်းခြောက်မှုမှ မရှိပေ။
သို့သော် သူ၏စကားကိုကြည့်ခြင်းအားဖြင့် ခုန်မင်ထံမှ ရတနာပစ္စည်းများကို လုယူရန် ကြံစည်နေကြောင်း ထင်ရှားသည်။
ခုန်မင်က မျက်နှာပျက်သွားခြင်း မရှိပေ။
“ကျွန်တော့်ဆီမှာ ရတနာပစ္စည်းတွေရှိတာ အကြီးအကဲ ဘယ်လိုလုပ်သိတာလဲ ၊ စောစောက ကျောက်ရုပ်တုတွေနဲ့တိုက်ပွဲကို အကြီးအကဲကြည့်နေခဲ့တာလား...”
လေမိုးကြိုးကျားသစ်က အေးဆေးစွာဖြင့်...
“အဟက်... မင်းသိစရာမလိုပါဘူးလေ ၊ ကဲ... လိမ္မာတဲ့ကောင်လေး... မင်းဆီမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေအားလုံး အသာတကြည်နဲ့ ထုတ်ပေးလိုက်စမ်း ၊ ငါဆိုတဲ့လေမိုးကြိုးကျားသစ်က တခြားသားရဲတွေနဲ့မတူဘူးဆိုတာ မင်းသိမှာပါ ၊ မင်းရဲ့ ရတနာပစ္စည်းတွေက ငါ့ကိုစိတ်ကျေနပ်စေမယ်ဆိုရင် မင်းကိုအသက်ချမ်းသာပေးပြီး ဒီနေရာက ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ပေးမယ်”
လေမိုးကြိုးကျားသစ်က ပြုံးလိုက်ပြီး...
“စောစောက မင်း ဟိုကျောက်ရုပ်တုတွေကို ရှင်းထုတ်နေတဲ့ ငှက်မွှေးလေးကိုကြည့်ရတာ အတော် အသုံးဝင်ပုံရတယ် ၊ ဒါပေမဲ့... မင်းဆီမှာ ရတနာပစ္စည်းဆိုလို့ အဲဒီတစ်ခုတည်းရှိတာ မဟုတ်ဘူးဆိုတာ ငါသိပြီးသားပဲ”
သူက ခုန်မင်ကို အကဲခတ်ရင်း ဆက်ပြောလိုက်သည်။
“ဟိုရေခဲမြူနဂါးနဲ့ ကျားခြင်္သေ့သားရဲတို့ အသေအလဲ သတ်ပုတ်နေကြတာ ၊ ဒါပေမဲ့ မင်းက ကြားထဲက အမြတ်ထွက်သွားတယ်လေ ၊ ငါ မင်းနောက်လိုက်လာတာ အဲဒီပစ္စည်းအတွက်ပဲ ၊ မင်းဆီက အဲဒီပစ္စည်းကို ပြန်မယူနိုင်ရင် ငါတို့လို မှော်ဝင်သားရဲတွေ အသုံးမကျဖြစ်သွားမှာပေါ့”
ခုန်မင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်ပြီး...
“ဒါဖြင့် အကြီးအကဲက ဆေးပင်ဥယျာဉ်မှာကတည်းက ကျွန်တော့်နောက်လိုက်လာတာပေါ့”
လေမိုးကြိုးကျားသစ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ငါရောက်လာတာ နည်းနည်းနောက်ကျသွားလို့ တိုက်ပွဲဖြစ်တာကိုတော့ မမီလိုက်ဘူး ၊ ဒါပေမဲ့ မင်းလက်ထဲကို ရတနာပစ္စည်းတွေပါသွားတယ်ဆိုတာတော့ ကျားခြင်္သေ့သားရဲပြောပြလို့ သိလိုက်ရတယ် ၊ အဟက်... အဲဒီကျားခြင်္သေ့သားရဲက ကောက်ကျစ်တတ်ပေမယ့် ငါ့ကိုတော့ လိမ်မပြောရဲဘူးလေ”
ခုန်မင်က ခပ်ဖွဖွပြုံးလိုက်ရင်း...
“ဒီလောက် လမ်းတွေရှုပ်တဲ့ မြေအောက်နန်းတော်ထဲမှာတောင် ကျွန်တော့်နောက် ရအောင်လိုက်လာနိုင်တယ်ဆိုတော့...အကြီးအကဲရဲ့ အရည်အချင်းက အံ့မခန်းပါပဲ...”
လေမိုးကြိုးကျားသစ်က ရယ်မောလိုက်ရင်း...
“ဘာအရည်အချင်းမှ မဟုတ်ပါဘူးကွာ ၊ ငါ့နှာခေါင်းက မွေးရာပါ အနံ့ခံကောင်းတယ်လေ ၊ မင်းအနံ့နောက်ကိုလိုက်လာရင်း ဒီနေရာအထိရောက်လာတာပဲ ၊ ကံကောင်းတာက... အရင်တုန်းက ဒီမြေအောက်နန်းတော်ထဲကို ဘယ်သူမှ ဝင်မလာဖူးဘူး ၊ မင်းကလည်း တစ်ယောက်တည်း လျှောက်သွားနေတာဆိုတော့ မင်းအနံ့ကပျောက်မသွားဘဲ ကျန်နေခဲ့တာ ၊ အဲဒါကြောင့် ဒီနေရာအထိ အလွယ်တကူ လိုက်လာနိုင်တာပေါ့”
ခုန်မင်က ခေါင်းညိတ်ရင်း...
“သြော်... အဲဒီလိုကိုး...”
လေမိုးကြိုးကျားသစ်က ကြောက်မက်ဖွယ်ရာ လေနှင့် လျှပ်စီးစွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက အလွန်ထက်မြက်သည့် အနံ့ခံအာရုံကိုလည်း ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ခြေရာခံခြင်းအတတ်တွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက် ရှားပါးသည်။
ကျားခြင်္သေ့သားရဲ သူ့ကို မလိမ်ဝံ့သည်မှာလည်း မဆန်းပေ။
ကျားခြင်္သေ့သားရဲက ရောင်ဝါဖုံးကွယ်ခြင်းအတတ် တတ်မြောက်ထားသည့်တိုင် ကိုယ်နံ့ကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
လေမိုးကြိုးကျားသစ်သာ ကျားခြင်္သေ့သားရဲကို တိုက်ခိုက်မည်ဆိုပါက ထိုသားရဲမှာ ပုန်းစရာနေရာပင်ရှိမည် မဟုတ်ပေ။
လေမိုးကြိုးကျားသစ်၏ အနံ့ခံအာရုံကိုနှောက်ယှက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ရေစွမ်းအားကိုအသုံးပြုပြီး ရှောင်တိမ်းခြင်းပင် ဖြစ်၏။
ဟိုစဉ်တစ်ချိန် ခုန်မင်၏ဘေးတော်အား လေမိုးကြိုးကျားသစ် လိုက်လံဖမ်းဆီးစဉ် မြေအောက်မြစ်တစ်ခုအတွင်း ဝင်ရောက်ပုန်းအောင်းနိုင်ခြင်းကြောင့်သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပေ၏။
ဖီးနစ်ကျဆုံးတောင်ကြားရှိ မှော်ဝင်သားရဲများထဲတွင် မြေအောက်မြစ်တွင် ပုန်းခိုနိုင်စွမ်းရှိသည့် ရေခဲမြူနဂါးတစ်ကောင်သာလျှင် လေမိုးကြိုးကျားသစ်ကို ဆန့်ကျင်ရဲသူ ဖြစ်သည်။
ရေခဲမြူနဂါး ရေထဲတွင် ပုန်းအောင်းနေပါက လေမိုးကြိုးကျားသစ် အနံ့ခံပြီးလိုက်လာမည်ကို ကြောက်စရာမလိုပေ။
ခုန်မင်က လေမိုးကြိုးကျားသစ် မြေအောက်နန်းတော်ထဲ ရောက်ရှိနေမည်ဟု မျှော်လင့်မထားမိပေ။
ထို့ကြောင့် သူက ရေအောက်တွင်ပုန်းအောင်းမနေဘဲ အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသားရဲက အနံ့ခံပြီး သူရှိရာနေရာကို ရှာတွေ့သွားခြင်း ဖြစ်၏။
ခုန်မင်သာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်ဆိုလျှင် လေမိုးကြိုးကျားသစ်အနေဖြင့် သူ၏ကိုယ်နံ့ကို ခြေရာခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
ယခုတော့ လေမိုးကြိုးကျားသစ်က သူ့နောက်လိုက်လာပြီး ရတနာပစ္စည်းများကို တောင်းဆိုနေပြီဖြစ်ရာ အခြေအနေက ပြေလည်နိုင်စရာ မရှိတော့ပေ။
ခုန်မင်က သက်ပြင်းချလိုက်ရင်း...
“ရတနာပစ္စည်းတွေကို မလိုချင်တဲ့သူရယ်လို့ မရှိပါဘူး ၊ ကျွန်တော်လည်း ဒီပစ္စည်းတွေရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ ၊ ဒီတော့ အကြီးအကဲက တောင်းလိုက်ရုံနဲ့ ကျွန်တော်က အလွယ်တကူ ထုတ်ပေးမယ်များထင်သလား”
ပြောပြီးသည်နှင့် ခုန်မင်က ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားများကို လှည့်ပတ်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ခုန်မင် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း လေမိုးကြိုးကျားသစ်က အရေးစိုက်ဟန် မရှိပေ။
သူက ခေါင်းညိတ်ရင်း...
“မင်းပြောတာ မှန်ပါတယ် ၊ ဘယ်သူက ရတနာတွေကို အလကားထုတ်ပေးမှာလဲ ၊ ဒါပေမဲ့ ဒီလောကမှာ စွမ်းအားကြီးသူက အနိုင်ရစမြဲပဲ ၊ ငါတို့နှစ်ယောက် ဘယ်သူစွမ်းအားပိုကြီးလဲ ကြည့်ကြတာပေါ့”
စကားဆုံးသည်နှင့် လေမိုးကြိုးကျားသစ်က ပါးစပ်ဟလိုက်ပြီး အပြာရောင် လျှပ်စီးအလင်းတန်းတစ်ခု အရှိန်အဟုန်ပြင်းစွာဖြင့် ထုတ်လွှတ်လိုက်သည်။
လျှပ်စီးအလင်းတန်းက ခုန်မင်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
ခုန်မင်ကလည်း ကြိုတင်ပြင်ဆင်ထားသည်ဖြစ်ရာ သူ၏လင်းယုန်တောင်ပံဝတ်ရုံတွင် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး သာမန်ထက် ပိုမိုမြန်ဆန်သည့် အရှိန်အဟုန်ဖြင့် လျှပ်စီးအလင်းတန်းကို ရှောင်တိမ်းလိုက်သည်။
လျှပ်စီးအလင်းတန်းက ခုန်မင်၏နောက်မှ နံရံပန်းချီအားထိမှန်သွားသည်။
ပန်းချီကားမှ အဖြူရောင်အလင်းလှိုင်းလေးများ လှုပ်ခတ်သွားကာ လျှပ်စီးအလင်းတန်းက သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
ခုန်မင်က လေမိုးကြိုးကျားသစ်၏ ပထမဆုံးတိုက်ကွက်ကို ရှောင်တိမ်းလိုက်နိုင်သည့်တိုင် အနည်းငယ်ပင် ပေါ့ဆရဲခြင်း မရှိပေ။
လေမိုးကြိုးကျားသစ်၏ တန်ခိုးစွမ်းအားက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် အထွတ်ထိပ်အဆင့်နှင့် ညီမျှသည်။
ခုန်မင်က လေမိုးကြိုးကျားသစ်ကို အနိုင်ရရန် မျှော်လင့်မထားသော်လည်း အစွမ်းကုန်ကြိုးစားပါက ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ယူဆထားသည်။
သူက လျှပ်စီးအလင်းတန်းကိုရှောင်တိမ်းရင်း မီးလျှံဖီးနစ်ငှက်မွှေးကိုထုတ်လိုက်ပြီး မီးဒြပ်စင်စွမ်းအား ထည့်သွင်းလိုက်သည်။
ချက်ချင်းပင် ဟုန်းဟုန်းတောက်လောင်နေသော မီးလျှံပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး လေမိုးကြိုးကျားသစ်ထံသို့ ဝင်ရောက်သွားသည်။
ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် မီးလျှံဖီးနစ်ငှက်မွှေးကို အသက်သွင်းမည်ဆိုပါက စတုရန်းပေ(၃၀၀)ကျော်ရှိသော မီးပင်လယ်ကြီးတစ်ခုကို ဖန်ဆင်းနိုင်စွမ်းရှိသည်။
မီးတောက်မီးလျှံများ၏ဦးတည်ရာကို ဆန္ဒရှိသည့်အတိုင်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း တိကျမှုအပိုင်းတွင်တော့ အနည်းငယ် အားနည်းချက် ရှိနေသေးသည်။
ထို့ကြောင့် မီးလျှံပင်လယ်ကြီးကို ထိန်းချုပ်ပြီး အရှေ့ဆီမှ လေမိုးကြိုးကျားသစ်အား တိုက်ခိုက်လိုက်သော်လည်း အချို့သော မီးတောက်မီးလျှံများကတော့ နောက်ဘက်မှ နံရံပန်းချီရှိရာသို့ လွင်စင်သွားသည်။
ဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်မီးလျှံများက နံရံဆေးရေးပန်းချီအား ရိုက်ခတ်သွားသည်။
သို့သော် ပန်းချီကားထဲမှ အဖြူရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲတောက်ပသွားပြီး မီးတောက်မီးလျှံများ သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
ဤနံရံပန်းချီက အံ့သြစရာ ကောင်းလွန်းသည်ပင်။
လေမိုးကြိုးကျားသစ်၏ လျှပ်စီးစွမ်းအားကိုရော မီးလျှံဖီးနစ်ငှက်မွှေးမှ ထွက်ပေါ်လာသည့် မီးတောက်မီးလျှံများကိုပါ အစအနမကျန်အောင် ပျောက်ကွယ်သွားစေသည်။
ဤပန်းချီကားက အရာအားလုံးကို ဝါးမျိုပစ်နိုင်သော “တွင်းနက်ကြီး” တစ်ခုနှင့်ပင် ဆင်တူသည်။
လက်ရှိမှာတော့ ခုန်မင်က ထိုပန်းချီကားအကြောင်း မတွေးနိုင်သေးပေ။
သူက လေမိုးကြိုးကျားသစ်ကဲ့သို့ စွမ်းအားကြီးမားသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည် မဟုတ်လား။
ခုန်မင် ထိန်းချုပ်ထားသည့် ပြင်းထန်သော မီးတောက်မီးလျှံများက လေမိုးကြိုးကျားသစ်ကို ချက်ချင်းပင် ဝါးမျိုသွားသည်။
ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုဖြစ်သော မီးလျှံဖီးနစ်ငှက်မွှေးမှ ထွက်ပေါ်လာသည့် မီးတောက်မီးလျှံစွမ်းအားက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
မီးဒြပ်စင်မှော်ဝင်သားရဲဖြစ်သော ကျားခြင်္သေ့သားရဲပင်လျှင် ဤငရဲမီးပင်လယ်ထဲတွင် ခဏမျှသာနေရဲပြီး အမြန်ဆုံး ပြန်ခုန်ထွက်ခဲ့ရသည် မဟုတ်လား။
သို့သော် လေမိုးကြိုးကျားသစ်ကတော့ မီးလျှံပင်လယ်ကြီးကို ရှောင်တိမ်းခြင်းမပြုဘဲ အေးအေးဆေးဆေးပင် ခံယူလိုက်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်မီးလျှံများကြား နစ်မြုပ်သွားချိန် ချီးကျူးသံတစ်သံ ထွက်ပေါ်လာ၏။
“တကယ်ကောင်းတဲ့ ရတနာပစ္စည်းပဲ ၊ တကယ်လို့ ဒီပစ္စည်းသာ မီးလျှံတိမ်တိုက်သားရဲလိုကောင်မျိုးလက်ထဲ ရောက်နေမယ်ဆိုရင် ငါတောင် ရင်ဆိုင်ဖို့ အတော်ခက်ခဲသွားနိုင်တယ်”
လေမိုးကြိုးကျားသစ်ပြောသည့် ‘မီးလျှံတိမ်တိုက်သားရဲ’ ဆိုသည်မှာ ဖီးနစ်ကျဆုံးတောင်ကြားမှ နာမည်ကြီး အဆင့်(၆) မှော်ဝင်သားရဲတစ်ကောင် ဖြစ်သည်။
သူက ရေခဲမြူနဂါးနှင့် လေမိုးကြိုးကျားသစ်တို့လို လှည့်လည်သွားလာနေခြင်းမရှိဘဲ မီးလျှံတိမ်တိုက်တောင်ထွတ်’ တွင် အခြေချနေထိုင်သူ ဖြစ်သည်။
ထို့ကြောင့်ပင် ဖီးနစ်ကျဆုံးတောင်ကြား၌ မီးလျှံတိမ်တိုက်တောင်ထွတ်က အန္တရယ်အရှိဆုံးနယ်မြေအဖြစ် သတ်မှတ်ခံထားရပြီး စမ်းသပ်ပွဲယှဉ်ပြိုင်သူအားလုံး ထိုနေရာသို့ မသွားရဲကြပေ။
ထိုသားရဲက အလွန်ဒေါသကြီးပြီး လူသားများကိုလည်း ခါးခါးသီးသီး မုန်းတီးလေသည်။ သူ့နယ်မြေထဲ ခြေချမိသော မည်သည့်လူသားမဆို သေချာပေါက် အသက်ပျောက်ရပေမည်။
ဟုတ်ပေ၏။
မီးလျှံတိမ်တိုက်သားရဲက နာမည်ကျော်ကြားပြီး ကြောက်စရာကောင်းသော်လည်း လေမိုးကြိုးကျားသစ်ကိုတော့ ယှဉ်နိုင်စွမ်း မရှိပေ။
သို့ဖြစ်ရာ လေမိုးကြိုးကျားသစ်က မီးလျှံဖီးနစ်ငှက်မွှေးအပေါ် ဤသို့အကဲဖြတ်လိုက်ခြင်းမှာ အလွန်မြင့်မားသော ချီးကျူးမှုတစ်ခုဟု ဆိုနိုင်သည်။
မီးလျှံတိမ်တိုက်သားရဲသာ ထိုငှက်မွှေးကို အသုံးပြုမည်ဆိုပါက လေမိုးကြိုးကျားသစ်သည်ပင် အနိုင်ရရန်မသေချာလောက်အောင် အစွမ်းထက်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
သို့သော် ခုန်မင်က မီးလျှံတိမ်တိုက်သားရဲ မဟုတ်ပေ။
ခုန်မင် ထုတ်လွှတ်လိုက်သည့် မီးလျှံဖီးနစ်ငှက်မွှေးစွမ်းအားမှာ လေမိုးကြိုးကျားသစ်ကဲ့သို့ အဆင့်(၆) မှော်ဝင်သားရဲကို ထိခိုက်အောင်ပြုလုပ်ရန် လုံလောက်မှု မရှိခဲ့ပေ။