← Chapters

လျှပ်စီးကျားသစ်၏စွမ်းအား

Vol. 17 Ch. 186

လျှပ်စီးကျားသစ်၏စွမ်းအား

Vol. 17 Ch. 186

လေမိုးကြိုးကျားသစ်၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးလျှံပင်လယ်ကြီးထဲတွင် နစ်မြုပ်နေသော်လည်း သူ၏ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော လေဆင်နှာမောင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

မီးလျှံများမည်မျှပင်ပြင်းထန်ပါစေ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လွင့်စင်သွားရသည်။

ထိုလေဝဲများက သားရဲကြီး၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ မီးလျှံများကို မှုတ်ထုတ်ပြီး ဟင်းလင်းပြင်တစ်ခုကို ဖန်တီးပေးထားသည်။

သို့ဖြစ်ရာ လေမိုးကြိုးကျားသစ်မှာ မီးလျှံပင်လယ်ထဲ ရောက်ရှိနေသည့်တိုင် အပန်းဖြေလမ်းလျှောက်နေသည့်အလား အေးဆေးစွာပင် ခုန်မင်အနားသို့ ပို၍တိုးကပ်လာနိုင်သည်။

ခုန်မင်၏မျက်နှာ တည်ကြည်လေးနက်သွားသည်။

အဆင့်(၆)မှော်ဝင်သားရဲဖြစ်သော လေမိုးကြိုးကျားသစ်က အလွန်ပင် ပါးနပ်ပြီး တိုက်ပွဲနည်းဗျူဟာ ကျွမ်းကျင်သူ ဖြစ်သည်။

လက်ရှိတွင် မီးလျှံဖီးနစ်ငှက်မွှေး အသုံးပြုတိုက်ခိုက်ခြင်းက ခုန်မင်၏ အစွမ်းထက်ဆုံးတိုက်ကွက် ဖြစ်သည်။ ထိုတိုက်ကွက်ဖြင့် လေမိုးကြိုးကျားသစ်ကို ထိခိုက်အောင်မလုပ်နိုင်ပါက ယနေ့တိုက်ပွဲတွင် ခုန်မင် ရှုံးနိမ့်ရပေမည်။

သို့ပေသိ မီးလျှံဖီးနစ်ငှက်မွှေးက ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက် ဖြစ်သည်။

လေမိုးကြိုးကျားသစ်က မည်မျှရင်ဆိုင်ရခက်ခဲသော ရန်သူဖြစ်ပါစေ အဆင့်(၆) မှော်ဝင်သားရဲမျှသာ ဖြစ်၏။

သူ့အနေဖြင့် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုကို ဤမျှအေးဆေးစွာ တောင့်ခံထားရန် မဖြစ်နိုင်ပေ။

သူ၏ အေးဆေးသော ဟန်ပန်အမူအရာက အပေါ်ယံ ဟန်ဆောင်ထားခြင်းသာ ဖြစ်ရပေမည်။

ထိုသို့တွေးမိသည်နှင့် ခုန်မင် လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်သည်။

ဒြပ်စင်စွမ်းအားသုံးမျိုး အလင်းတန်းတစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး လေမိုးကြိုးကျားသစ်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ဒြပ်စင်စွမ်းအားသုံးမျိုး ပေါင်းစည်းခြင်းတိုက်ကွက်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်သည်နှင့် ညီမျှ၏။

ဤမျှပြင်းထန််သောတိုက်ကွက်ကို လေမိုးကြိုးကျားသစ်အနေဖြင့် လျစ်လျူရှုနိုင်မည် မဟုတ်ပေ။

ခုန်မင်၏လက်ဝါးရိုက်ချက်ဝင်ရောက်လာသည်နှင့် လေမိုးကြိုးကျားသစ်က ရှေ့တိုးလာခြင်းကို ရပ်တန့်လိုက်ပြီး ပါးစပ်ကိုဟကာ လျှပ်စီးအလင်းတန်းတစ်ခု ထုတ်ဖော်လိုက်သည်။

လျှပ်စီးအလင်းတန်းနှင့် ဒြပ်စင်စွမ်းအားသုံးမျိုးအလင်းတန်းတို့ ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

“ဝုန်း...”

ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ဟုန်းဟုန်းတောက်လောင်နေသည့် မီးပင်လယ်ကြီးပင် တုန်ခါသွားကာ မီးပွားများ လွင့်စင်ထွက်လာသည်။

ဒြပ်စင်စွမ်းအားသုံးမျိုး အလင်းတန်းနှင့် လျှပ်စီးအလင်းတန်းတို့ အားပြိုင်နေကြပြီး ခုန်မင်၏တိုက်ကွက်က လေမိုးကြိုးကျားသစ်ကို အမှန်တကယ်ပင် တုံ့ဆိုင်းသွားစေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် လေမိုးကြိုးကျားသစ်က မီးလျှံဖီးနစ်ငှက်မွှေးကို အေးဆေးစွာ ခုခံနေခြင်းမှာ အပေါ်ယံဟန်ပြသာဖြစ်ကြောင်း ခုန်မင် သိရှိလိုက်သည်။

သူ၏ အေးဆေးသည့်အမူအရာက တိုက်ပွဲမစခင် ရန်သူကို စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခြင်းသာပင်။

ထိုအချိန် လေမိုးကြိုးကျားသစ်က ရယ်မောလိုက်ရင်း...

“ကောင်လေး... မင်းက အထင်ကြီးစရာပဲဟေ့ ၊ မင်းအရည်အချင်းက တကယ်ကိုမရိုးရှင်းဘူးပဲ ၊ မင်းကို ကျားခြင်္သေ့သားရဲ မယှဉ်နိုင်တာ မအံ့သြတော့ပါဘူး... ၊ ဒါပေမဲ့ မင်း ကျားခြင်္သေ့သားရဲကိုပဲ အနိုင်ယူလို့ရနိုင်မယ် ၊ ငါ့ကိုတော့ နိုင်မယ်မထင်နဲ့”

စကားဆုံးသည်နှင့် လေမိုးကြိုးကျားသစ်က ဒြပ်စင်စွမ်းအားသုံးမျိုး အလင်းတန်းကို ရင်ဆိုင်ရင်း မီးလျှံပင်လယ်ကိုဖြတ်ကျော်ကာ ခုန်မင်ထံသို့ တစ်လှမ်းချင်းတိုးကပ်လာသည်။

ခုန်မင်က သားရဲကြီးကို စူးစိုက်ကြည့်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်သည်။

ဒြပ်စင်စွမ်းအား အလင်းတန်းနှစ်ခု တပြိုင်တည်းထွက်ပေါ်လာပြီး ခရုပတ်အသွင်ရစ်ပတ်ကာ တားဆီးမရသော အရှိန်အဟုန်ဖြင့် လေမိုးကြိုးကျားသစ်ထံသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။

ဤသည်က ခုန်မင် ချောင်ညီအစ်ကိုများထံမှ အတုယူထားသည့်တိုက်ကွက် ဖြစ်၏။

ဒြပ်စင်စွမ်းအားအလင်းတန်းနှစ်ခုကို ခရုပတ်နွယ်လိမ် ပေါင်းစပ်လိုက်သည့်အခါ ထွက်ပေါ်လာသည့်အဖျက်စွမ်းအားက ပိုမိုပြင်းထန်ပေသည်။

ချောင်ညီအစ်ကို(၃)ယောက်၏ တိုက်ကွက်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှသည်ဆိုပါက ၊ ယခု ခုန်မင်၏တိုက်ကွက်က ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်ကို ကျော်လွန်သွားပြီ ဖြစ်သည်။

လေမိုးကြိုးကျားသစ်၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

သူက ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင်စုစည်းကာ လျှပ်စီးစက်ဝန်းတစ်ခု ထုတ်ဖော်လိုက်သည်။

ရေဖလားတစ်လုံးအရွယ်ရှိသော လျှပ်စီးစက်ဝန်းမှ ပြင်းထန်သော စွမ်းအားတုန်ခါမှုများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ မီးလျှံများသည်ပင် ဘေးဘက်သို့လွင့်စင်ထွက်သွားသည်။

လေမိုးကြိုးကျားသစ်က လက်ဖဝါးကိုရှေ့သို့တွန်းထုတ်လိုက်သည်နှင့် လျှပ်စီးစက်ဝန်းက ခုန်မင်၏ ဒြပ်စင်စွမ်းအား အလင်းတန်းများရှိရာသို့ ဦးတည်ဝင်ရောက်သွားသည်။

“ဘုန်း...”

ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာပြီး ပြင်းထန်သည့်စွမ်းအားနှစ်ခု ထိပ်တိုက်ရင်ဆိုင်မိချိန် အချိန်သည်ပင် ခဏမျှရပ်တန့်သွားသည့်ပမာ ထင်မှတ်ရ၏။

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံခြင်းက သရေကျသွားခဲ့ပြီး ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းလုံးများက မီးလျှံဖီးနစ်ငှက်မွှေးဖြင့် ဖန်ဆင်းထားသော မီးပင်လယ်ကိုပင် သက်ရောက်မှုရှိသည်အထိ ပြင်းထန်လှသည်။

ဤသို့သောတိုက်ပွဲမျိုးက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ယောက်နှင့် အဆင့် (၆) မှော်ဝင်သားရဲတစ်ကောင်ကြားတွင် ဖြစ်ပွားလေ့မရှိသော တိုက်ပွဲမျိုးသာပင်။

အလယ်ဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် တစ်ယောက်နှင့် အဆင့် (၆) သားရဲတစ်ကောင်ကြားတိုက်ပွဲဟုပင် ဆိုနိုင်သည်။

မီးလျှံများအတွင်းမှ လေမိုးကြိုးကျားသစ်၏ ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။

“ကောင်းတယ်... သိပ်ကောင်းတယ် ၊ ကောင်လေး... မင်းက ဒီလောက်အစွမ်းထက်မယ်လို့ ထင်မထားမိဘူးဟေ့ ၊ အခုတော့ ငါ့ရဲ့ စွမ်းအားအမှန်ကို ပြရတော့မှာပေါ့”

စကားဆုံးသွားသည်နှင့် လေမိုးကြိုးကျားသစ်၏ ပတ်ပတ်လည်မှ လေဆင်နှာမောင်းများက ပိုမိုကြီးမားလာပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အပြာရောင်လျှပ်စီးများတောကပ်ပလာကာ ကျားသစ်တစ်ကောင်၏ပုံရိပ်အဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။

မကြာမီ လေမိုးကြိုးကျားသစ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလွန်တရာကြီးမားသော အပြာရောင် လျှပ်စီးကျားသစ်ပုံရိပ်ကြီး ထွက်ပေါ်လာ၏။

လေမိုးကြိုးကျားသစ်ကဲ့သို့ အဆင့်(၆) မှော်ဝင်ကျားသစ်တစ်ကောင်က တိုက်ကွက်မထုတ်ခင် ဤမျှပြင်ဆင်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤတိုက်ကွက်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။

ခုန်မင်က “အကောင်းဆုံးခံစစ်က တိုက်စစ်ပင်ဖြစ်သည်” ဆိုသော နိယာမကို လက်ကိုင်ထားသူ ဖြစ်လေရာ သူက လေမိုးကြိုးကျားသစ် အရှိန်ယူပြီးသည်အထိ စောင့်မနေတော့ပေ။

ခုန်မင်က လက်ဖဝါးနှစ်ဖက်ကို နောက်တစ်ကြိမ် ရှေ့သို့တွန်းထုတ်လိုက်ပြီး အရင်ဦးဆောင် တိုက်စစ်ဖွင့်လိုက်သည်။

ခရုပတ်နွယ်လိမ်ရစ်ပတ်နေသော ဒြပ်စင်စွမ်းအားအလင်းတန်းထွက်ပေါ်လာပြီး သားရဲကြီး၏ တိုက်ကွက်ပြင်ဆင်မှုကို နှောက်ယှက်ရန်ကြိုးပမ်းလိုက်သည်။

သို့သော် လေမိုးကြိုးကျားသစ်က သ‌ဘောကျစွာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်အား ဝန်းရံထားသည့် အပြာရောင်လျှပ်စီးကျားသစ်ကြီး အပြင်သို့ခုန်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် လည်ပတ်နေသည့် လေဆင်နှာမောင်းနှစ်ခုကလည်း လျှပ်စီးကျားသစ်နှင့်အတူ ရှေ့သို့ တဟုန်ထိုး ဝင်ရောက်လာသည်။

ထို့နောက် လေဆင်နှာမောင်းများက မြူခိုးတိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးကျားသစ်က တိမ်ကိုစီးနှင်ကာ ပျံသန်းလာသည့်အလား ခုန်မင်ရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာတော့သည်။

ဤသည်က လေမိုးကြိုးကျားသစ်၏ လေဒြပ်စင်စွမ်းအားနှင် လျှပ်စီးဒြပ်စင်စွမ်းအားနှစ်ခု ပူးတွဲတိုက်ကွက် ဖြစ်၏။

ဒြပ်စင်စွမ်းအားနှစ်မျိုး ပူးတွဲတိုက်ကွက်က ဒြပ်စင်စွမ်းအားနှစ်မျိုးကို တစ်သားတည်းဖြစ်အောင်‌ ပေါင်းစပ်ထားခြင်း မဟုတ်ပေ။

ဤနည်းလမ်းက ဒြပ်စင်စွမ်းအားသုံးမျိုးကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ထားသော ခုန်မင်၏နည်းလမ်းနှင့် သဘောတရား အလွန်ကွာခြားသည်။

သို့သော် မတူညီသော ဒြပ်စင်စွမ်းအားများကို ဟန်ချက်ညီအောင် ညှိနှိုင်းပြီး ကျွမ်းကျင်စွာ ပူးတွဲအသုံးပြုမည်ဆိုပါက ထူးခြားသောအဖျက်စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။

ဥပမာ - သစ်သားနှင့် မီး ပူးတွဲတိုက်ကွက် ၊ သတ္တုနှင့်ရေ ပူးတွဲတိုက်ကွက်များက ပြင်းထန်သော အဖျက်စွမ်းအားကို ဖန်တီးနိုင်သည်။

ဒြပ်စင်စွမ်းအားများစွာ ကျင့်ကြံထားသည့် ကျင့်ကြံသူအများစုက ဤသို့ ဒြပ်စင်စွမ်းအားများ ပူးတွဲတိုက်ခိုက်သည့်နည်းလမ်းကိုသာ အသုံးပြုလေ့ရှိကြသည်။

လေမိုးကြိုးကျားသစ်၏ လေစွမ်းအားနှင့် လျှပ်စီးစွမ်းအား နှစ်ခုလုံးက ထူးခြားရှားပါးသည့် ဒြပ်စင်စွမ်းအားများ ဖြစ်ကြသည်။

ဤစွမ်းအားနှစ်မျိုးကို ဟန်ချက်ညီညီ ပူးတွဲအသုံးပြုမည်ဆိုပါက ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု သေချာပေါက် ထွက်ပေါ်လာပေမည်။

ခုန်မင်က လေဒြပ်စင်စွမ်းအားနှင့် လျှပ်စီးဒြပ်စင်စွမ်းအားများအကြောင်း သိပ်မသိပေ။ ထိုဒြပ်စင်စွမ်းအားနှစ်မျိုး ပူးတွဲတိုက်ခိုက်ပါက မည်သို့သော အပြောင်းအလဲဖြစ်ပေါ်လာမည်ကို ပို၍ပင်မသိပေ။

ထို့ကြောင့် လက်ရှိတွင် သူလုပ်နိုင်သည်က ရှိသမျှစွမ်းအားကုန်ထုတ်ပြီး တိုက်ခိုက်ရန်သာ ဖြစ်သည်။

ခုန်မင်၏ ခန္ဓာကိုယ်ထဲမှ ရောင်စဉ်သုံးမျိုး ဒြပ်စင်စွမ်းအားများ အဆက်မပြတ်လည်ပတ်လာပြီး သူ၏စွမ်းအင်ဗဟိုချက်တွင် ဆန်းကြယ်စွာတည်ရှိနေသော ထိုက်ကျိယင်ယန်သင်္ကေတက ဒြပ်စင်စွမ်းအားများကို ပေါင်းစည်းပေးလိုက်သည်။

ထွက်ပေါ်လာသည့် ဒြပ်စင်ပေါင်းစည်းမှုစွမ်းအားက ခုန်မင်၏လက်ဖဝါးများမှ ထုတ်လွှတ်ထားသော အလင်းတန်းဆီသို့ အားဖြည့်သည့်အနေဖြင့် စီးဆင်းဝင်ရောက်သွားသည်။

ထိုသို့ဖြင့် ခုန်မင်၏ ဒြပ်စင်စွမ်းအား သုံးပုံတစ်ပုံခန့်မှာ ခရုပတ်နွယ်လိမ် စွမ်းအားအလင်းတန်းအတွင်းသို့ လောင်ကျွမ်းဝင်ရောက်သွားတော့၏။

ဤတိုက်ကွက်က ခုန်မင် ထုတ်ဖော်နိုင်သမျှ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်ပြီး အလယ်ဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။

အမှန်တော့ ဤသို့သောတိုက်ကွက်မျိုးက အဆင့်(၆) မှော်ဝင်သားရဲကိုပင် ဒဏ်ရာရစေနိုင်သည်။

သို့သော် လေမိုးကြိုးကျားသစ် သေချာအချိန်ယူပြင်ဆင်ထားသည့်တိုက်ကွက်ကလည်း လျှော့တွက်၍မရပေ။

သူဖန်ဆင်းလိုက်သည့် အပြာရောင်လျှပ်စီးကျားသစ်ကြီးမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများ ထွက်ပေါ်နေသည်။

အထူးသဖြင့် လေစွမ်းအားနှင့် လျှပ်စီးစွမ်းအား ဟန်ချက်ညီညီ ပူးတွဲတိုက်ခိုက်သည်ဖြစ်ရာ လျှပ်စီးနှင့် လေ၏အရှိန်အဟုန် ပေါင်းစပ်လိုက်သည်နှင့် တိုက်ကွက်စွမ်းအားက ကောင်းကင်မိုးကြိုးကပ်ဘေးပမာ ထင်မှတ်ရသည်။

လေအဟုန်ကိုစီးနှင်ဝင်ရောက်လာသော လျှပ်စီးကျားသစ်က သက်ရှိသားရဲတစ်ကောင်ပမာ သဘာဝကျလှပြီး ခုန်မင်ပစ်လွှတ်လိုက်သော ခရုပတ်နွယ်လိမ် ဒြပ်စင်စွမ်းအားအလင်းတန်းဆီသို့ တည်တည့်မတ်မတ် ဦးတည်လာသည်။

စွမ်းအားရောင်ဝါနှစ်ခု ထိပ်တိုက်မတွေ့ခင်တွင် လျှပ်စီးကျားသစ်က ရှေ့သို့ လက်သည်းဖြင့်ကုတ်ခြစ်သည့်အသွင် ပြုမူလိုက်ရာ သူနှင့်အတူပါလာသည့် လေဆင်နှာမောင်းနှစ်ခုက တစ်သားတည်းပေါင်းစပ်သွားပြီး ကြီးမားသော လေစွမ်းအားဓားစက်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိုလေစွမ်းအားဓားစက်ကြီးက ခုန်မင်၏ ခရုပတ်နွယ်လိမ်စွမ်းအားအလင်းတန်းကို အလျားလိုက် အလယ်မှပိုင်းဖြတ်ချလိုက်သည်။

ခုန်မင်ဖန်တီးထားသည့် ခရုပတ်နွယ်လိမ်စွမ်းအားအလင်းတန်းက စွမ်းအားအလင်းတန်းနှစ်ခု တစ်ခုနှင့်တစ်ခုရစ်ပတ်လျှက် ဖျက်စွမ်းအားကို ထုတ်ဖော်နေခြင်း ဖြစ်သည်။

သို့သော် ထိုစွမ်းအားအလင်းတန်းကို ကြီးမားသော လေစွမ်းအားဓားစက်ကြီးက အလျားလိုက်ဖြတ်တောက်လိုက်သည့်အခါ အလင်းတန်းမှာ အရှိန်ယူနိုင်ခြင်းမရှိတော့ဘဲ ရှေ့ဆက်ရန်တုံ့ဆိုင်းသွားသည်။

ခရုပတ်နွယ်လိမ်ပုံစံဖြင့် ထိုးဖောက်တိုက်ခိုက်နိုင်ခြင်း မရှိသည့်အခါ စွမ်းအားအလင်းတန်း၏ အဖျက်စွမ်းအားမှာလည်း သိသိသာသာ အားနည်းသွားသည်။

ထိုအချိန်ရောက်မှ လျှပ်စီးကျားသစ်ကြီးက ရောင်စဉ်သုံးမျိုးအလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရာ စွမ်းအားအလင်းတန်းမှာ ကျားသစ်ကြီး၏ တွန်းထုတ်မှုကို ခံလိုက်ရပြီး ထိန်းချုပ်မရဘဲ ခုန်မင်ရှိရာသို့ ပြန်လည်လွင့်စင်လာသည်။

လေမိုးကြိုးကျားသစ်၏တန်ခိုးစွမ်းအားက ကြောက်မက်ဖွယ်ကောင်းမှန်း သိရှိထားသည့်တိုင် ဤမျှပြင်းထန်လိမ့်မည်ဟု ခုန်မင် ထင်မထားခဲ့ပေ။

ယခုတော့ လျှပ်စီးကျားသစ်ကြီးက သူ၏ ခရုပတ်နွယ်လိမ် စွမ်းအားအလင်းတန်းကို လွယ်လွယ်နှင့် ဖြိုခွင်းလိုက်ပြီ ဖြစ်သည်။

စွမ်းအားအလင်းတန်း သူ့ထံသို့ပြန်လည်လွင့်စင်လာသည်နှင့် ခုန်မင်က နက်ရှိုင်းသစ်သားဒိုင်းကိုဆင့်ခေါ်ကာ အကာအကွယ် ယူလိုက်သည်။

ပြန်လည်လွင့်စင်လာသော စွမ်းအားအလင်းတန်းက ဒိုင်းပေါ်သို့ ပြင်းထန်စွာရိုက်ခတ်မိသွားသည်။

တကယ်တော့ ထိုစွမ်းအားအလင်းတန်းက ခုန်မင်ထုတ်ဖော်ထားသည့်စွမ်းအားဖြစ်လေရာ သူ့ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားများနှင့် တသားတည်းကျနေလေသည်။

ထို့ကြောင့် ဤစွမ်းအားများ ကိုယ့်ဘက်ကိုယ်ပြန်လွင့်လာခြင်းက ခုန်မင်ကို ဒဏ်ရာရစေမည် မဟုတ်ပေ။

နက်ရှိုင်းသစ်သားဒိုင်းပေါ်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ဒိုင်းဝိညာဉ်က စွမ်းအားအလင်းတန်း၏ အရှိန်အဟုန်ကို ချေဖျက်ပေးလိုက်သည်။

အားလျော့သွားသော ဒြပ်စင်စွမ်းအားများက ဖြည်းဖြည်းချင်း ပျံ့လွင့်သွားပြီး ခုန်မင်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ ကုန်ဆုံးသွားသည့် စွမ်းအားအချို့ကို ပြန်လည်ဖြည့်တင်းပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထိုအချိန် လျှပ်စီးကျားသစ်ကြီးက အငြိုးတကြီးဖြင့် ခုန်မင်အား ခုန်အုပ်လိုက်လေသည်။

ခုန်မင်က နက်ရှိုင်းသစ်သားဒိုင်းဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း ထိုသားရဲကြီးက ပါးနပ်စွာပင် ဒိုင်းကိုရှောင်တိမ်းလျှက် ခုန်မင်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်လာသည်။

ခုန်မင်မှာ မည်သို့မှမတတ်နိုင်တော့ဘဲ အနားကပ်လာသော လျှပ်စီးကျားသစ်အား လက်ဝါးဖြင့် ရိုက်ချလိုက်ရတော့၏။

သူ၏လက်ဖဝါးမှ ရောင်စဉ်သုံးမျိုးစွမ်းအားအလင်းတန်းများထွက်ပေါ်လာကာ လျှပ်စီးကျားသစ်ဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။

လျှပ်စီးကျားသစ်ကြီးက အလွန်လျှင်မြန်သည့်တိုင် ဤသို့အနီးကပ်တိုက်ခိုက်ခံလိုက်ရသည့်အခါ စွမ်းအားအလင်းတန်းကို မရှောင်တိမ်းနိုင်တော့သလို တွန်းထုတ်ရန်လည်းမဖြစ်နိုင်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

ခုန်မင်ရိုက်ထုတ်လိုက်သော ရောင်စဉ်သုံးမျိုး အလင်းတန်းနှင့် လျှပ်စီးနဂါးတို့ ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားကြသည်။

All Chapters