အခန်း (၃၆၁-၃၆၂)
Vol. 28 Ch. 361-362
Htet Paing:
အပိုင်း၃၆၁ - ဘဝသက်တမ်း နှစ် တစ်ဘီလီယံ။
ကျူရှီ၏စကားကို ကြားလိုက်ရသည့်အခါ ကုအန်သည် စိတ်မသက်မသာခံစားလိုက်ရသည်။
ဒီအမျိုးသမီးက ဆေးပင်တွေကြောင့်နှင့် သူ့ကိုကျိန်ဆဲနေလေရော့သလား။။
ကုအန်သည် ဆက်လက်၍ တိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့သည်။ သူဟာ ကျူရှီဘာလုပ်မလဲဆိုတာကို တွေ့မြင်လိုလှသည်။
သူသည် ကျူရှီကိုကြည့်နေရင်းဖြင့် တစ်စုံတစ်ခုကိုသတိထားမိခဲ့သည်။ သူမသည် အဘယ်မျှလောက်သောစိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူပါစေ သူမ၏ကျင့်ကြံမှုသည် အနည်းငယ်တောင်ပြောင်းလဲမသွားခဲ့ပါ။ သူမ၏ခန္ဓာကိုယ်လေးသည် အရာရာတိုင်းကိုစုပ်ယူနိုင်သော တွင်းနက်တစ်ခုနှင့်တူညီနေခဲ့သည်။
အံ့ဖွယ်ကောင်းလှပေစွ။
ထိုအမျိုးသမီးငယ်လေး၏ရုပ်ခန္ဓာသည် ရိုးရှင်းမှုမရှိပါချေ။ သူမ၏သက်တမ်းက နှစ်ပေါင်း၉၉၉၉နှစ်တောင်ဖြစ်နေတာ အံ့ဩစရာမဟုတ်တော့ပါဘူးလေ။
နာရီဝက်ခန့်ကြာမြင့်သည့်အခါ ရေကန်လေး၏နံဘေးတွင်ရှိနေသော ဝိညာဉ်ပန်းပင်များအားလုံးသည် ခြောက်သွေ့၍ကြွေလွင့်သွားခဲ့သည်။
ကျူရှီသည် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ထိတ်လန့်နေသောအမူအရာဖြင့် အလျင်အမြန်ပြန်လည်ထွက်ခွာသွားခဲ့သည်။
ကုအန်ကတော့ ညအမှောင်ကောင်းကင်ယံ၏အောက်တွင် အတွေးများပျောက်ဆုံးလျက် ကျန်ရစ်ခဲ့လေသည်။ ကျူရှီ စောနက ဝါးမျိုခဲ့သော စိတ်ဝိညာဉ်စွမ်းအားများသည် သာမန်ကျင့်ကြံသူတစ်ယောက်ကို အခြေခံတည်ဆောက်ခြင်းအဆင့်မှ ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရှိရန်တောင် ပြုလုပ်ပေးနိုင်စွမ်းရှိသည်။
သို့သော်လည်း ကျူရှီသည်တော့ ကျင့်ကြံမှုအဆင့်အနည်းငယ်တောင် တိုးမြင့်မလာခဲ့ပါ။
ဒါက ဘယ်လိုကိစ္စရပ်မျိုးပါလဲ။
ကုအန်သည် လုံကျန်းနှင့် လုအန်တို့၏အကြောင်းကို ပြန်လည်၍တွေးမိခဲ့လေသည်။ သူတို့အားလုံးဟာလည်း နှစ်ထောင်ပေါင်းများစွာရှင်သန်နေထိုင်ခဲ့ကြကာ မရေမတွက်နိုင်သော တိုက်ပွဲများကိုဆင်နွှဲခဲ့ကြသည်။ သူတို့တွင်လည်း ဆင်တူသောရုပ်ခန္ဓာမျိုး ပိုင်ဆိုင်နေခြင်းပင်လော။
များမကြာမီတွင် ကုအန်၏မျက်ခုံးများသည် တွန့်ခေါက်သွားခဲ့သည်။
ဖြစ်နိုင်တာက...
ကုအန်၏မျက်ဝန်းများသည် အလင်းတန်းများဖြင့်တောက်ပသွားခဲ့ကာ ကျူရှီ၏အကြောင်းကို ပို၍စိတ်ဝင်စားလာခဲ့သည်။
များမကြာမီတွင် ကျင့်ကြံသူတစ်အုံတမကြီးသည် ပျံသန်းဝင်ရောက်လာခဲ့ကြသည်။ သူတို့ဟာ ရေကန်၏ဘေးနားတွင် နွမ်းလျနေသောဝိညာဉ်ပန်းပွင့်များကိုတွေ့လိုက်ရသည်။ သူတို့အားလုံးသည် ထိတ်လန့်သွားခဲ့ကြသည်။
"သူခိုးတစ်ယောက်များ ရောက်လာခဲ့တာများလား"
"လသက်ကြွေနတ်ရေကန်ရဲ့ အထွဋ်အမြတ်ရတနာပန်းပင်တွေကို ဘယ်သူကများခိုးယူရဲရတာလဲ၊ ဒါသေချင်နေတာပဲ မဟုတ်ဘူးလား"
"တစ်ယောက်ယောက်က ရေကန်ကိုဝင်လာပြီးတော့ ခရမ်းရောင်သစ်ခွပန်းတွေရဲ့ စွမ်းအားတွေအားလုံးကို စုပ်ယူခဲ့တယ်၊ သူ့ရဲ့ကျင့်ကြံမှုက အတော်လေးမြင့်မားရမယ်"
"ရေကန်ထဲက စိတ်ဝိညာဉ်သားရဲတစ်ကောင်ရော မဖြစ်နိုင်ဘူးလား"
"အမတမင်းဆက်က အမတဝိညာဉ်တစ်ပါးရော မဖြစ်နိုင်ဘူးလား၊ သူတို့ဘက်မှာ အုံကြွမှုတွေရှိနေသေးတယ်"
စီနီယာများ၏ဆွေးနွေးပြောဆိုမှုကို နားထောင်ရင်းဖြင့် ကျူရှီသည် တိတ်တိတ်ကလေးမတ်တတ်ရပ်နေခဲ့သည်။ သူမ၏အမူအရာဟာ အနည်းငယ်တော့ ထိတ်လန့်တုန်ယင်လျက်ရှိသည်။ သို့သော်လည်း ခရမ်းသစ်ခွပန်းများ၏စွမ်းအားကို စုပ်ယူခဲ့သူမှာ သူမ ဖြစ်နေကြောင်းကိုတော့ ဘယ်သူကမှ မမှန်းဆနိုင်ခဲ့ပါ။
အတော်လေးကြာအောင် ဆွေးနွေးပြောဆိုခဲ့ကြပြီးလျှင် လသက်ေကြွနတ်ရေအိုင်၏ ကျင့်ကြံသူများသည် အဖြေမထုတ်နိုင်ကြသည်ဖြစ်ရာ ဤအရေးကိစ္စကို ရာထူးကြီးပုဂ္ဂိုလ်များထံတင်ပြခဲ့ကြသည်။ သူတို့ဟာထွက်မသွားခင်တွင် ကျူရှီကို ကြောက်လန့်မနေဖို့တောင် နှစ်သိမ့်ပေးလိုက်သေးသည်။
ကျူရှီသည် သူမနေထိုင်ရာနေရာသို့ သူမဘာသာပြန်သွားခဲ့လေသည်။ လမ်းတလျှောက်တွင် သူမသည် အတွေးများနက်ရှိုင်းလျက်ရှိကာ သူမ၏မျက်ခုံးများသည် တွန့်ခေါက်လျက်ရှိနေလေသည်။ သူမဟာ ဘေးဘီဝဲရာကို ကျီးကန်းတောင်းမောက် သနားစဖွယ် ကြည့်ရှုလျက်ရှိလေသည်။ ကုအန်ကတောင်မှ သူမ၏သရုပ်ဆောင်စွမ်းရည်နှင့်ပတ်သက်၍ အံ့သြတုန်လှုပ်မိခဲ့ချေသည်။
အိမ်အတွင်းသို့ ဝင်ရောက်သွားပြီးလျှင် ကုအန်သည် ကျူရှီတစ်ယောက် ပြုံးရယ်လိုက်တာကိုတွေ့မြင်လိုက်ရသည်။
စိုးရိမ်ထိတ်လန့်နေသော မိန်းမငယ်လေးအဖြစ်မှ ချက်ချင်းကို ရယ်ရွှင်မြူးတူးနေသောပုံစံအဖြစ်ပြောင်းလဲသွားခဲ့သည်။ သူမ၏အမူအရာအပြောင်းအလဲမြန်ဆန်မှုသည် ကုအန်ကို ပို၍တောင်စိတ်ပါဝင်စားစေခဲ့သည်။
ကျူရှီ အဝတ်အစားလဲလှယ်တော့မှာကို တွေ့မြင်လိုက်ရသည့်အခိုက်တွင် ကုအန်သည် သူမကို စောင့်ကြည့်နေခြင်းကရပ်တန့်လိုက်ပြီးနောက် သူ၏ဝိညာဉ်ဆေးပင်ခိုးယူခြင်းခရီးကို ဆက်လက်ရန်အတွက်ထွက်ခွာသွားခဲ့သည်။
ထိုကနေ့ညနေတွင် ကုအန်သည် လသက်ကြွေနတ်ရေကန်၏ဘေးတွင်ရှိနေသော ဝိညာဉ်ဆေးပင်များကို ကောက်ယူခဲ့လေသည်။ ထို့အတွက်ကြောင့် မူလကတည်းက ရှုပ်ထွေးနေသောအခြေအနေများသည် ပို၍ဆူပူသွားခဲ့လေသည်။
ထိုကနေ့ညအပြီးတွင်တော့ ကုအန်သည် လသက်ကြွေနတ်ရေအိုင်ကို ဆေးပင်ခူးရန်အတွက် ဆက်လက်သွားရောက်ခြင်းမရှိတော့ပါ။
ဤကမ္ဘာလောကကြီးထဲတွင် ဂိုဏ်းကြီးပေါင်းများစွာရှိလေသည်။ ဆေးပင်များကို နေရာတိုင်းတွင်ယူဆောင်၍ရလေရာ သူ၏သက်တမ်းသည် အတိုင်းအဆမရှိတိုးမြင့်ပါလိမ့်မည်။
...
နွေဦးရာသီသည် ကုန်လွန်သွားခဲ့ပြီးနောက် ဆောင်းဦးရာသီ ပြန်လည်ရောက်ရှိလာခဲ့သည်။ တတိယဆေးပင်တောင်ကြားသည် လွမ်းမောဖွယ် ရှုခင်းများ၏အလယ်တွင် ရှိနေခဲ့သည်။
ကုအန်သည် သူ၏အချက်အလက်ဇယားကို စိုက်ကြည့်လိုက်ပြီးလျှင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူသည် သက်တမ်းပေါင်း တစ်ဘီလီယံသို့ရောက်ရှိရန်အတွက် နှစ်ပေါင်းတစ်သန်းမျှသာဝေးကွာပါတော့သည်။
အမှန်စင်စစ်ပင်။ လမ်းကြောင်းလမ်းမှန်အတိုင်းမသွားခြင်းက ဘဝသက်တမ်းကို ပို၍လျင်မြန်စွာ တိုးတက်နိုင်စွမ်းရှိခဲ့၏။
သို့သော်လည်း ကုအန်သွားရာလမ်းတစ်လျှောက်ရှိ ဂိုဏ်းများအားလုံးကတော့ ဆေးပင်များခိုးယူခြင်းခံခဲ့ရတာကြောင့် အမျက်ဒေါသ ချောင်းချောင်းထွက်လျက် ကျန်ရစ်ခဲ့ကြသည်။
ကုအန်သည် အရှုပ်အထွေးများဖြစ်လာမှာကို ရှောင်ရှားရန်အတွက် ဝေးကွာသောဌာနများရှိ ဂိုဏ်းများထံမှသာ ဆေးပင်များကိုခိုးယူခဲ့လေသည်။
သူသည် ၎င်းဆေးပင်များကို ခိုးယူခဲ့ခြင်းမဟုတ်သော်လည်း သူ၏ဆေးပင်စုဆောင်းသည့်နည်းလမ်းသည် အတော်လေးကို သံသယဖြစ်ဖွယ်ရှိနေခဲ့သည်။
အချို့သောဂိုဏ်းများသည် ဝိညာဉ်သားရဲများနှင့် နတ်ဆိုးသားရဲများက ပြုလုပ်သွားခြင်းဖြစ်လိမ့်မည်ဟူတွေးထင်နေခဲ့ကြသည်။။ အချို့သောဂိုဏ်းများကတော့ ရန်သူတစ်ယောက်က သူတို့ကိုသတိပေးနေခြင်းဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကုအန်ထွက်သွားပြီးသည့်နောက်တွင် ဂိုဏ်းတိုင်းလိုလိုသည် အစောင့်အကြပ်ကို တင်းတင်းကြပ်ကြပ် ချမှတ်ထားလျက်ရှိသည်။
ကုအန်သည် အချက်အလက်ဇယားကိုပိတ်သိမ်းလိုက်ပြီးနောက် မတ်တပ်ရပ်လာခဲ့သည်။
သူသည် ခြေလက်အကြောအချဥ်များကိုဆန့်ထုတ်လိုက်ပြီးလျှင် သူ၏နတ်အသိအာရုံကို အဝေးတစ်နေရာသို့ပို့လွှတ်ခဲ့လေသည်။
သူဟာ လသက်ကြွေနတ်ရေကန်တွင်ရှိနေသော ကျူရှီကို စောင့်ကြည့်နေခြင်းဖြစ်လေသည်။
ကုအန်သည် ထိုထူးဆန်းသောမိန်းမငယ်လေးအပေါ် စိတ်ပါဝင်စားမှုကြီးကြီးမားမားရှိနေခဲ့သည်။
ကျူရှီ၏ပါရမီသည် သာမန်မဟုတ်ပါ။ သို့သော်လည်း လသက်ကြွေနတ်ရေကန်တွင် သူမဟာ သာမန်တပည့်တစ်ယောက်အဖြစ်သာ ရှိနေခဲ့သည်။ သူမသည် ရေကန်ကိုတာဝန်ယူနေရသော တပည့်ငယ်လေးမျှသာဖြစ်ပါသည်။
သူမရေကန်ကို တာဝန်ယူစောင့်ကြပ်ချင်ရသည့်အကြောင်းအရင်းသည် သူမ၏ခိုးယူခြင်းနည်းလမ်းကို ဆက်လက်ရန်ဖြစ်လိမ့်မည်ဟု မှန်းဆမိခဲ့သည်။
ဘုန်း။
ရုတ်တရက်ဆိုသလို ပြတင်းပေါက်၏အပြင်ဘက်မှ မိုးခြိမ်းသံတစ်သံထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ကုအန်သည် ၎င်းဆူညံသံနှင့်ပတ်သက်၍ ထိတ်လန့်သွားခဲ့ခြင်းမရှိပါ။ အသံ၏လာရာနေရာသည် ထိုက်ကန်ကုန်းမြေကြီးနှင့် အလွန်အမင်းဝေးကွာသောနေရာမှဖြစ်လေသည်။
တတိယဆေးတောင်ကြားတွင်ရှိနေသော တပည့်များအားလုံးသည်လည်း ထိတ်လန့်သွားခဲ့ကြသော်ငြား ကြောက်လန့်သွားခြင်းတော့မရှိခဲ့ပါချေ။ ထိုအစားသူတို့သည် ဘယ်လိုစွမ်းအားစုကြီးများက တိုက်ခိုက်နေကြသလဲဆိုတာ တွေးတောနေခဲ့ကြသည်။
အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့အကြားရှိ ပဋိပက္ခများသည် ဆက်လက်တိုးပွားလျက်ရှိကာ စစ်ပွဲကြေညာတော့မည့်အခြေအနေသို့တောင် ရောက်ရှိနေခဲ့လေသည်။
ကုအန်၏အမြင်အရ နှစ်ဖက်သည်တစ်ဖက်နဲ့တစ်ဖက် အကဲစမ်းတိုက်ခိုက်နေခြင်းဖြစ်နိုင်သည်။
ပြီးခဲ့သည့်နှစ်က ကုအန်သည် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်စွမ်းအားရှင်ကြီးနှစ်ယောက်၏တိုက်ပွဲကို အပြင်ဘက်ကောင်းကင်ဘုံတွင် တွေ့မြင်ခဲ့ဖူးသည်။ ထိုတိုက်ပွဲကြီးသည် သေမျိုးဘုံလောကရှိ မြင့်မြတ်သောကျင့်ကြံသူများ၏စိတ်အာရုံကိုတောင် ဆွဲဆောင်နိုင်ခဲ့လေသည်။
ကုအန် လှေကားထစ်များတစ်လျှောက် ဖြည်းညင်းစွာလမ်းလျှောက်ဆင်းလာခဲ့သည်။
လှေကားမှဆင်းနေရင်းဖြင့် သူ၏အကြည့်အာရုံများသည် တစ်စုံတစ်ယောက်လမ်းလျှောက်ဝင်လာသော တောင်ကြား၏အဝင်ဝသို့ရောက်ရှိနေခဲ့သည်။ ၎င်းမှာ အမတမင်းဆက်မှ ကျန်းရှန်းဝမ်ဖြစ်လေသည်။
တောင်ကြားအတွင်းဝင်ရောက်လာပြီးလျှင် ကျန်းရှန်းဝမ်သည် လမ်းတလျှောက်ရှိအရာရာတိုင်းကို စိတ်မပါဝင်စားစွာစိုက်ကြည့်နေခဲ့သည်။
တတိယဆေးတောင်ကြားသည် အဓိပတိဂိုဏ်းအတွင်း၌ အကျော်ဇေယျတောင်ကြားတစ်ခုဖြစ်ကာ ဤဂိုဏ်းသို့ လာရောက်လည်ပတ်လေ့ရှိသော ကျင့်ကြံသူများသည် တတိယဆေးတောင်ကြားသို့လည်း ဝင်ရောက်လည်ပတ်သွားလေ့ရှိသည်။ ကုအန်သည် သူတို့ကို ကိုယ်တိုင်ကိုယ်ကျလာရောက်နှုတ်ဆက်သည်မှာ ရှားပါးလေသည်။ သူဟာ ဆေးတောင်ကြားအတွင်း၌သာ တပည့်များစွာကို ခန့်အပ်ထားသည်မဟုတ်ပါလော။
ကျန်းရှန်းဝမ်၏အကြည့်များသည် ရှန်ရှင်းကျိအပေါ်ဖြတ်သန်းသွားခဲ့သည်။ ယင်းနောက်သူသည် လက်ကိုးချောင်းနတ်အရှင်ရှိရာသို့ အကြည့်ရောက်ရှိသွားခဲ့သည်။ လက်ကိုးချောင်းနတ်အရှင်သည် ကျားကွက်ကစားနေခဲ့ကာ သူတို့၏ဂုဏ်သရေကျော်ဇောမှုသည် အမှန်စင်စစ်ထိုက်တန်သောကိစ္စရပ်ဖြစ်လေသည်ဟု သူ့ဘာသာ တွေးတောဆင်ခြင်နေခဲ့လေသည်။
နယ်လှည့်အမတနှစ်ပါးသည် သူ့ကိုထိတ်လန့်စေရန်အတွက်မလုံလောက်ခဲ့ပါ။ စိတ်လွတ်လက်လွတ်နေတတ်သော ရှေးဦးအမတတစ်ပါးဖြစ်သောသူသည် ကုအန်လို ဝိညာဉ်အခြေတည်အဆင့်မျှသာရှိသော လူတစ်ယောက်က အဘယ်ကြောင့် အမတလမ်းစဥ်၏ပုဂ္ဂိုလ်ကြီးများကို ဆွဲဆောင်နေနိုင်ရသလဲဆိုတာ သိရှိလိုခြင်းမျှသာဖြစ်၏။
အကွာအဝေးတစ်နေရာမှနေ၍ ကျန်းရှန်းဝမ်သည် ကုအန်ကသူ့ဆီချက်ချင်းလမ်းလျှောက်လာတာကိုတွေ့မြင်လိုက်ရသည်။
ကုအန်သည်လှေကား၏အောက်တွင်မတ်တတ်ရပ်နေခဲ့ကာ သူ့ကိုမမြင်ဟန်ပြု၍အရှေ့ဘက်ရှိဆေးဥယျာဥ်ထဲသို့ဝင်ရောက်သွားခဲ့လေသည်။ ယင်းနောက် ဥယျာဥ်အတွင်းရှိဆေးပင်များကို လှေကားလက်ရနိးကိုမှီ၍ စစ်ဆေးနေခဲ့သည်။
ကျန်းရှန်းဝမ်အနားသို့တိုးကပ်လာသည့်အခါ ကုအန်သည် လည်လှည့်၍ ကြည့်ရှူလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံ့သြမှင်သက်နေသောအမူအရာ ရှိနေခဲ့သည်။
"တာအိုရောင်းရင်းကျန်း၊ ဘယ်လိုကြောင့်ဒီကိုရောက်လာတာလဲ"
ကုအန်၏မေးခွန်းကိုကြားလိုက်ရသည့်အခါ ကျန်းရှန်းဝမ်သည်ပြုံးလျက်ပြောဆိုလိုက်သည်။
"ငါမင်းကို အမတမင်းဆက်ဆီ ဖိတ်ခေါ်ဖို့ ရောက်ရှိလာခဲ့တာ"
ကုအန်သည် တုံ့ဆိုင်းသွားခဲ့ပြီးပြောဆိုလိုက်သည်။
"ကျုပ်သေချာစဥ်းစားပြီးပါပြီ။ တကယ်ပဲ အမတမင်းဆက်ကို မသွားချင်ပါဘူး။ တာအိုရောင်းရင်းကျန်းရဲ့ ကြင်နာမှုအတွက်ကျေးဇူးတင်ပါရဲ့ဗျာ"
ကျန်းရှန်းဝမ်ဟာမျက်မှောင်ကြုတ်သွားခဲ့သည်။ "အမတမင်းဆက်ရဲ့ ပြီးခဲ့တဲ့ကောင်းချီးမင်္ဂလာတွေ့ကြုံခဲ့ရပြီးတာတောင် မင်းကအမတမင်းဆက်ရဲ့စွမ်းအားကို မယုံကြည်နိုင်ဘူးလား"
"ကျွန်တော်ယုံပါတယ်။ ဒါပေမဲ့အခုကျွန်တော်နဲ့ရှိနေတဲ့အရာတွေကို မခွဲနိုင်ဘူး" ကုအန်က ကူကယ်ရာမဲ့စွာပြောဆိုခဲ့သည်။
ကျန်းရှန်းဝမ်သည် သူ့ကိုစိုက်ကြည့်လျက် ပြောလာခဲ့သည်။ "မင်း အမတမင်းဆက်ကိုလာခဲ့ရင်လည်း မင်းအခုရှိသမျှအရာအားလုံးနဲ့ထပ်တူညီတဲ့အရာတွေလည်း ရရှိနိုင်တာပဲလေ။ ကျင့်ကြံခြင်းမှာ အရေးကြီးဆုံးအရာက မင်းရဲ့အနာဂတ် အခွင့်အလမ်းတွေဆိုတာကို မမေ့ပါနဲ့"
ကုအန်ကအသက်ကိုပြင်းပြင်းရှူ၍ပြောဆိုလိုက်သည်။
"လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်အမြင်တွေရှိကြတာပဲလေ။ ကျွန်တော်ကအနာဂတ်ကြွယ်ဝချမ်းသာမှုတွေနောက်ကိုလိုက်တဲ့သူ မဟုတ်ပါဘူးဗျာ"
ကျန်းရှမ်းဝမ်၏မျက်ခုံးများသည် ပိုမိုစုကြုံ့သွားခဲ့သည်။ သူကဆက်လက်ပြောဆိုတော့မည့်အချိန်တွင် ကျိရှောင်ယုက ရောက်ရှိလာခဲ့လေသည်။
"အမတမင်းဆက်ကိုသွားတာက ပိုကောင်းတဲ့အနာဂတ်ကိုဖြစ်စေမှာမဟုတ်ဘူး" ကျိရှောင်ယုသည်ကျန်းရှန်းဝမ်ကို ပြောဆ်ိုလိုက်သည်။ သူမ၏အသံဟာအေးစက်နေခဲ့ပြီး ဒဲ့တိုးဖြစ်နေခဲ့သည်။ သူမဟာ ကျန်းရှန်းဝမ်ကို မနှစ်သက်သည်မှာ ထင်ရှားနေခဲ့သည်။
ကျန်းရှန်းဝမ်သည် ကျိရှောင်ယု၏နဖူးပေါ်ရှိတာအိုသင်္ကေတများကိုတွေ့မြင်ခဲ့ရသည်။ သူ၏စိတ်အစဥ်သည်ရှုပ်ထွေးသွားခဲ့လေသည်။
သူ၏မျက်ဝန်းများသည် ကုအန်နှင့်ကျီရှောင်းယုတို့၏နဖူးများပေါ်သို့ ခေါက်တုံ့ခေါက်ပြန်ပြေးလွှားနေခဲ့သည်။
ကျီရှောင်းယုသည် ကုအန်၏ဘေးတွင်မတ်တတ်ရပ်လာခဲ့ကာ ကျန်းရှန်းဝမ်ကိုစေ့စေ့စိုက်ကြည့်လိုက်သည်။
"မင်းဘာကိုပြောချင်တာလဲ"
ကျန်းရှန်းဝမ်က မေးမြန်းလိုက်သည်။ သူဟာသူမ၏အဆင့်အတန်းကို သိရှိချင်နေခဲ့သော်လည်း သူမ၏စကားလုံးများက သူ့ကို မနှစ်မမြို့ ဖြစ်စေခဲ့သည်။
ကျိရှောင်ယုကပြန်ပြောလိုက်သည်။ "အမတမင်းဆက်ရဲ့ပြိုင်ဘက်ကမြင့်မြတ်ခုံရုံးပဲ။ သူ့ကိုအမတမင်းဆက်ထဲ ခေါ်သွင်းမယ်ဆိုရင် ရှင်ကသူ့ကိုကောင်းမွန်တဲ့အနာဂတ်မပေးမှာတင် မဟုတ်ဘူး၊ အန္တရာယ်တွေကိုတောင် ခေါ်ဆောင်လာပေးဦးမှာ။ အမတမင်းဆက်က မြင့်မြတ်ခုံရုံးကို အနိုင်ယူနိုင်ပါ့မလားဆိုတာ ရှင်ရောသေချာသိလို့လား"
ကျန်းရှန်းဝမ်၏မျက်နှာသည် အရုပ်ဆိုးသွားခဲ့သည်။ သူဟာနက်ရှိုင်းသောအသံဖြင့်ပြောဆိုလိုက်သည်။
"ငါကျိန်းသေပေါက်ယုံတယ်။ အမတမင်းဆက်က နောက်ဆုံးသောအနိုင်ရသူဖြစ်ရမယ်။ ငါသူ့ကိုထိခိုက်အောင်မလုပ်ပါဘူး"
ကျိရှောင်ယုက ဆက်လက်ပြောဆိုသည်။
"ရှင့်မှာရည်ရွယ်ချက်ကောင်းရှိပေမဲ့လည်း အခုလိုအခြေအနေမျိုးမှာအမတမင်းဆက်ကို ဝင်ရောက်တာက ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးလေ။ အနည်းဆုံးတော့ ဒီအခက်အခဲကြီး ကျော်လွန်သွားတဲ့အထိကို စောင့်ဆိုင်းသင့်တယ်မဟုတ်လား"
ကုအန်သည် လက်ကိုးချောင်းနတ်အရှင်၏ နတ်အသိအာရုံသည် ကျန်းရှန်းဝမ်အပေါ် ကျဆင်းလာတာကို ခံစားလိုက်ရသည်။ ကျန်းရှန်းဝမ်ကသာ တစ်ခုခုမှားယွင်းစွာဆောင်ရွက်မိလျှင် တစ်ခဏချင်းဆိုသလို သုတ်သင်ခံရနိုင်သည်။
သူကအလျင်အမြန်ဖာထေးပြောဆိုလိုက်သည်။ "တာအိုရောင်းရင်းကျန်း၊ မင်းရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်။ သူမကလည်း ကျွန်တော့်ရဲ့ကောင်းကျိုးအတွက်ဝင်ရောက်ပြောဆိုနေတာပါဗျာ။ သူမအစားတောင်းပန်ပါတယ်။ သူမရဲ့စကားလုံးတွေကနည်းနည်းတော့လွန်သွားခဲ့ပါတယ်"
ပြောနေပြီးနောက်ကုအန်သည် ကျန်းရှန်းဝမ်ကို လေးစားသည့်အနေဖြင့် လက်သီးဆုပ်ကာ ဂါရဝပြုခဲ့သည်။ ဒါကကျိရှောင်ယုကိုနှုတ်ခမ်းစူသွားစေသည်။
ကျန်းရှန်းဝမ်သည်အသက်ပြင်းပြင်းရှူ၍ပြုံးလိုက်သည်။ "ဘာပဲပြောပြော သူပြောတာလည်းမှန်တာပဲလေ။ ငါသေချာမတွေးမိတာပါ။ ဒီကိစ္စကိုဒီနေရာမှာပဲထားလိုက်ကြတာပေါ့"
ကုအန်သည် ကျန်းရှန်းဝမ် တစ်ယောက် စိတ်မအီမသာ ဖြစ်သွားမှာကို စိုးရိမ်ခဲ့တာကြောင့် သူ့ကိုအတူသောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့လေသည်။ ကျိရှောင်ယုကတော့ ဝင်ရောက် ပြောဆိုခြင်းမရှိခဲ့ပါ။ သူမဟာ ကျန်းရှန်းဝမ်၏ထွက်ခွာသွားသော ပုံရိပ်ကိုသာ စိုက်ကြည့်နေခဲ့လေသည်။
ကျန်းရှန်းဝမ်သည် ထွက်ခွာမသွားခင်တွင် တတိယဆေးတောင်ကြားအတွင်း၌တစ်နာရီမျှကြာအောင်နေထိုင်ခဲ့လေသည်။ သူဟာအမတမင်းဆက်ကိုပြန်ရန် စီစဥ်ထားခဲ့သည်။ အနာဂတ်တွင် ဒီကိုထပ်ရောက်ပါဦးမလားဆိုတာ မသေချာတော့ပါ။
ကုအန်သည် ကျန်းရှန်းဝမ်၏တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သော်လည်း ကျန်းရှန်းဝမ်သည်ကုအန်အပေါ် စိတ်မကွက်ခဲ့သည့်အပြင် ပြန်ခါနီးတွင်မှော်ဝင်ရတနာတစ်ခုကိုတောင်လက်ဆောင်ပေးခဲ့လေသည်။
ကုအန်ကငြင်းဆန်ရန်ကြိုးစားခဲ့သော်လည်း ကျန်းရှန်းဝမ်ကထပ်ခါထပ်ခါတွန်းပို့နေခဲ့သည်။
"ငါတို့ဆုံတွေ့တာကကံကြမ္မာကြောင့်ပဲလေ။ ကမ္ဘာလောကကြီးက ကပျက်ကယွင်းတွေဖြစ်လာတော့မှာ။ အပိုမှော်ရတနာတစ်ခုရှိနေတာကလည်းကောင်းတာပဲ။ အနာဂတ်မှာငါတို့အတူသောက်ခွင့်ရလိမ့်ဦးမယ်လို့ ငါမျှော်လင့်ပါရဲ့ကွာ"
ကုအန်သည်ဆက်လက်ငြင်းဆန်ရန်မကောင်းတော့ပါ။ သူဟာကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပြီးနောက် အနာဂတ်တွင်ထပ်မံတွေ့ဆုံရန်မျှော်လင့်ကြောင်းကိုလည်းပြောဆိုခဲ့သည်။
ကျန်းရှန်းဝမ်နှင့်နှုတ်ဆက်စကားပြောဆိုပြီးနောက် ကုအန်သည်ဆေးတောင်ကြား၏အစွန်တွင်ရှိနေသောတောင်ကုန်းနေရာသို့သွားရောက်ခဲ့လေသည်။ သူဟာမြက်ခင်းပြင်ပေါ်တွင်ထိုက်လိုက်ပြီးနောက် နေဝင်သည့်မြင်ကွင်းကိုစောင့်ကြည့်ခံစားနေခဲ့သည်။
သူ၏မျက်ဝန်းများသည် လောကကြီးတစ်ခုလုံးကိုငုံ့မိုးကြည့်ရှူချက်ရှိကာ သက်ရှိအားလုံး၏ဆန်းကြယ်သောအခြေအနေများအားလုံးကို အမိဖမ်းဆန်းစစ်နေခဲ့သည်။
မရေမတွက်နိုင်သောတိုက်ပွဲများကိုစောင့်ကြည့်နေရပြီးလျှင် ကုအန်၏အဆင့်ချိုးဖျက်တက်ရောက်လိုသောရည်မှန်းချက်သည် ပို၍သန်မာအားကောင်းလာခဲ့သည်။
သက်တမ်းနှစ်တစ်ဘီလီယံကိုရောက်ရှိပါက သူသည်ချက်ချင်းကိုအဆင့်ချိုးဖျက်တက်ရောက်ရလိမ့်မည်။
ကုအန်သည်ကောင်းကင်သို့မော့ကြည့်လိုက်ပြီးလျှင် သူအဆင့်တက်ရန်အတွက်သင့်လျော်သောကောင်းကင်ဘုံတစ်ခုကိုရှာဖွေနေခဲ့လေသည်။
...
ညနက်သန်းခေါင်ယံအချိန်တွင်။
ကုအန်သည် စတင်လှုပ်ရှားလာခဲ့သည်။ ဤတစ်ကြိမ်တွင်သူသည် ပင်လယ်ဗုဒ္ဓဂိုဏ်းသို့သွားရောက်နေခြင်းဖြစ်သည်။
အစွန်အဖျားနယ်မြေတွင်တည်ရှိသော်လည်း ပင်လယ်ဗုဒ္ဓဂိုဏ်းသည် မရေမတွက်နိုင်သောကောင်းကင်၏ရတနာပစ္စည်းများကိုပိုင်ဆိုင်လေသည်။ ၎င်းတို့၏ဂုဏ်ကျက်သရေသည် ခရမ်းရောင်ဆေးလုံးနန်းတော် သို့တည်းမဟုတ် လသက်ကြွေနတ်ရေကန်ထက်တောင် နိမ့်ကျခြင်းမရှိပါ။
ပင်လယ်ဗုဒ္ဓဂိုဏ်းတွင် အံ့ဖွယ်အမတအဆင့် မြင့်မြတ်သောနတ်အရှင်များရှိကြသော်လည်းကံကောင်းထောက်မစွာဖြင့် တာအိုဟင်းလင်းပြင်ဆန်းကြယ်နတ်အမတများတော့ရှိမနေခဲ့ချေ။ ထို့အတွက်ကြောင့်ကုအန်၏လှုပ်ရှားမှုများကိုဘယ်သူကမှ မသိရှိနိုင်ခဲ့ပါ။
ကုအန်သည် လုလင်ကျွမ်းကိုထပ်မံ၍တွေ့မြင်ခဲ့ရသည်။
လုလင်ကျွမ်းသည် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏အောက်တွင်ငြိမ်သက်စွာ တရားထိုင်လျက်ရှိသည်။
ကုအန်သည် သူမ၏ဆေးဥယျာဥ်သို့သွားရောက်၍ သူမ သတိမထားမိခင် သူမ၏ဆေးပင်များကိုစုဆောင်းပေးရန် ကူညီခဲ့လေသည်။
ဤကနေ့ညတွင် ကုအန်သည် ဘဝသက်တမ်းနှစ်၁ဘီလီယံသို့ရောက်ရှိအောင် ကျိန်းသေပေါက်ဆောင်ရွက်ပါလိမ့်မည်။
ပင်လယ်ဗုဒ္ဓဂိုဏ်း၏တောင်ထွတ်သည် အလွန်အမင်းကြီးမားကျယ်ပြန့်လေသည်။ တောင်စောင်းတစ်လျှောက်တွင် မရေမတွက်နိုင်သောဆေးဥယျာဥ်များတည်ရှိလေသည်။ သူသည်ရင့်မှည့်နေသောဆေးပင်များကိုသာ ရွေးချယ်ခူးယူခဲ့သော်လည်း ကုအန်သည်တောင်စောင်း၏သုံးပုံတစ်ပုံသို့ရောက်ခဲ့သည့်အခါ သက်တမ်းနှစ်သန်းပေါင်းများစွာကိုစုစည်းနိုင်ခဲ့သည်။ ရုတ်တရက်ဆိုသလိုသူ၏ခြေလှမ်းများဟာရပ်တန့်သွားခဲ့သည်။ အကြောင်းအရင်းမှာသူ၏အရှေ့၌ သတိပေးချက်နှစ်ခုထွက်ပေါ်လာခဲ့၍ဖြစ်သည်။
[သင့်ရဲ့သက်တမ်းက နှစ်ပေါင်း၁ဘီလီယံကို ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့ပါပြီ။ သက်တမ်းကိုစတေး၍ တုပဖန်ဆင်းခြင်း ဆောင်ရွက်မှုကိုစတင်လိုက်ပါပြီ]
[သက်တမ်းတိုးမြှင့်ခြင်းဆောင်ရွက်ချက် ၊တုပဖန်ဆင်းဆင်းခြင်းကိုပြုလုပ်ရန် ကိုယ်ပိုင်သက်တမ်းကိုသုံးစွဲပါ။ သင်ဟာအစစ်အမှန်ရှိနေတဲ့အရာရာတိုင်းကိုဖန်ဆင်းနိုင်သလို၊ စိတ်ကူးများနဲ့မျှော်လင့်ချက်များကိုလည်းအကောင်အထည်ဖော်နိုင်ပါတယ်။ တုပဖန်တီးနေခြင်းဖြစ်စဥ်အတွင်းမှာကုန်ဆုံးသွားမယ့်သက်တမ်းဟာ ဖန်ဆင်းခံအရာဝတ္ထုရဲ့တည်ရှိမှုအပေါ်မူတည်ပါတယ်]
ကုအန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံးတော့လုပ်ဆောင်ချက်အသစ်တစ်ခုထွက်ပေါ်လာခဲ့လေပြီ။ သူသည်လက်ရှိအချိန်တွင်စိတ်အေးလက်အေးဖြင့်အဆင့်တက်ရန်အချိန်သင့်လာပေပြီ။
အရာရာတိုင်းကို တုပဖန်ဆင်းနိုင်ခြင်းသည် တကယ့်ကိုစွမ်းအားကြီးမားသည့်ပုံပေါ်လေသည်။
ကုအန်၏စိတ်ထဲတွင်အတွေးအကြံများစွာပေါ်ထွက်လာခဲ့သည်။ သူဟာကပ်ဘေးဒုက္ခများကိုတုပဖန်ဆင်းခြင်း၊ တိုက်ပွဲဝင်စွမ်းအားများကို တုပဖန်ဆင်းခြင်း စသည့်အရာရာတိုင်းကိုတွေးတောနေခဲ့မိသည်။
သို့သော်လည်း တုပဖန်ဆင်းခြင်းသည် အစစ်အမှန်နှင့် ထပ်တူညီမလားကိုတော့ သူကိုယ်တိုင်ကြိုးစားရှာဖွေရပါဦးမည်။ အမှန်စင်စစ် ထိုအတိုင်းဆိုပါက စိတ်ဝင်စားဖို့တော့ ကောင်းနေချေပြီ။
ကုအန်သည်ဆက်လက်၍ လမ်းလျှောက်ခဲ့လေသည်။
သူဒီနေရာကိုရောက်လာပြီဆိုမှတော့ ကျန်တာတွေမတွေးခင်ဆေးပင်တွေကို အရင်ဆုံး စုဆောင်းလိုက်တာပေါ့လေ။
အပိုင်း၃၆၂ ဝိညာဥ်ရောနှောခြင်း၊ အတုအယောင်စိတ်ခန္ဓာသို့အဆင့်မြင့်တက်ခြင်း၊ အဆုံးမဲ့ အနန္တ။
မနက်အစောပိုင်းတွင်။
ကုအန်သည်တောင်ကြားအတွင်းရှိအဆောင်ငယ်လေးမှထွက်လာခဲ့ကာ လှေကားတစ်လျှောက်ဆင်းသက်လာပြီးလျှင်တပည့်များ၏လေ့ကျင့်မှု၌ပါဝင်ခဲ့သည်။
ဤအချိန်တွင် လုလင်ကျွမ်းသည်လည်းလေ့ကျင့်နေခဲ့ကာ လေ့ကျင့်နေရင်းမှ အခြားသောတပည့်များနှင့်စကားစမြည်ပြောဆိုနေခဲ့သည်။
"စီနီယာအစ်ကိုကြီး၊ ကျွန်တော်ကျင့်ကြံမှုသိုင်းပညာတစ်ခုကိုဖွင့်လှစ်နိုင်လိမ့်မယ်လို့ထင်လား"
လုလင်ကျွမ်းသည် စိတ်အားတက်ကြွနေသောအမူအရာဖြင့် ရုတ်တရက်မေးမြန်းခဲ့သည်။
သူသည် လတ်တလောတွင်ရှေးဦးပြန်လည်ဝင်စားခြင်းသိုင်းပညာကိုလေ့ကျင့်နေခဲ့သည်။ ၎င်းသိုင်းပညာသည် တာအိုပျံ့နှံ့ခြင်းသိုင်းပညာထက်တောင်ပို၍နက်နဲသည်ဟုသူခံစားရသည်။ ထို့အတွက်ကြောင့် အနာဂတ်နှင့်ပတ်သတ်၍ပိုမိုစိတ်လှုပ်ရှားနေမိသည်။
ကုအန်သည် သူ၏သက်တမ်းကိုစိုက်ကြည့်လိုက်ပြီးလျှင်ပြောဆိုလိုက်သည်။
"ဆယ်စုနှစ်အနည်းငယ်လောက်စောင့်လိုက်စမ်းပါဦး၊ မလောနဲ့"
လုလင်ကျွမ်းကခေါင်းညိတ်လိုက်သည်။ သူကကုအန်ကိုအပြည့်အဝယုံကြည်မှုရှိပါသည်။ အထူးအားဖြင့် ကုအန်သည် ဝိညာဥ်အခြေတည်အဆင့်ရှိကျင့်ကြံသူတစ်ယောက်မဟုတ်ပါလော။
ကုအန်သည် ထူးခြားသောစိတ်ဝိညာဥ်ရေသောက်မြစ်ကိုပိုင်ဆိုင်ထားသော်လည်း နှစ်ပေါင်း၄၀၀ခန့်မျှဖြင့်ဝိညာဥ်အခြေတည်အဆင့်ကိုရောက်ရှိခဲ့တာကြောင့် သူ၏ပါရမီမှာထူးကဲသည်ဟု လုလင်ကျွမ်းတစ်ယောက်ခံစားနေရသည်။
သူ၏ခန့်မှန်းမှုအရ ရှေးဦးပြန်လည်ဝင်စားခြင်းသိုင်းပညာ၏နောက်ကွယ်တွင် မျှော်မှန်းဆ၍မရနိုင်သောကမ္မတရားနိယာမများပါဝင်နေသည်။ ကုအန်စကားနားဆင်ခြင်းကသာ သူ့ဘဝမှတ်တမ်းတွင်ဉာဏ်အလင်းပွင့်ရန်အခွင့်အရေးတစ်ခုရရှိစေလိမ့်မည်။
သူတို့ဟာ လေ့ကျင့်ခြင်းအချိန်ပြီးဆုံးသွားသည်အထိ စကားစမြည်ပြောဆိုနေခဲ့ကြသည်။ ယင်းနောက် ကုအန်ဟာ လှည့်ထွက်ခဲ့လေသည်။
သူသည်ခါတိုင်းကဲ့သို့ တတိယဆေးတောင်ကြားသို့ပြန်ရောက်သွားခဲ့ကာ လမ်းတစ်လျှောက်ရှိတပည့်များနှင့်လည်းစကားအနည်းငယ်ပြောဆိုခဲ့သေးသည်။ ဤကနေ့တွင်သူ၏စိတ်အခြေအနေက အနည်းငယ်ပိုမိုကောင်းမွန်နေခဲ့သည်။
ဘဝသက်တမ်းနှစ်ပေါင်း ၁၀ဘီလီယံသို့ရောက်ရှိသွားပြီဖြစ်ရာ အဆင့်ချိုးဖျက်တက်ရောက်ရန် အချိန်အခါသင့်ပါလေပြီ။
(ဒီအပိုင်းမှာ ၁၀ဘီလီယံလို့ မူရင်းစာရေးသူက ရေးထားပါတယ်)
သူသည်အာကာပြင်တစ်ခွင်၌ သူ၏နတ်အသိအာရုံကိုဖြန့်ကျက်ခဲ့၏။ သူဟာနေရာဒေသတစ်ခုကို အတည်တကျရွေးချယ်ခဲ့ပြီးသားဖြစ်သော်လည်း ထိုနေရာသို့အခြားသက်ရှိများကျူးကျော်ဝင်ရောက်လာမှာကိုကြောက်လန့်နေခဲ့မိသည်။ ထို့အတွက်ကြောင့် သေချာအောင်ထပ်မံ၍စစ်ဆေးခဲ့ရပြန်သည်။
ရုတ်တရက်ဆိုသလိုသူ့တွင်အကြံအစည်တစ်ခုပေါက်ဖွားလာခဲ့သည်။
သူအသံမဲ့ဖျက်ဆီးခြင်းနယ်မြေတွင် အဆင့်ချိုးဖျက် တက်ရောက်ရရင် ကောင်းမလား။
အသံမဲ့ဖျက်ဆီးခြင်းနယ်မြေသည် ကြီးမားကျယ်ပြန့်၍စိတ်ဝိညာဥ်စွမ်းအားများပေါကြွယ်ဝလေသည်။
သူယခင်အကြိမ်အဆင့်တက်ခဲ့တုန်းကအခြေအနေကိုပြန်လည်တွက်ဆကြည့်ရလျှင် ဤတစ်ကြိမ်အဆင့်ချိုးဖျက်မှု၌ ကြီးမြတ်သောမဟာကောင်းကင်ဝိညာဥ်နယ်မြေမှ၊ အဆင့်မြင့် ကျင့်ကြံသူများကိုတောင် ဆွဲဆောင်မိနိုင်သည်။
ကုအန်သည် အမတလမ်းစဥ်၏နဝမအဆင့်ဝင် အသစ်တစ်ဦးပေါက်ဖွားလာခြင်းကို အမတမင်းဆက်ရော၊ မြင့်မြတ်ခုံရုံးကိုပါမသိရှိစေချင်ပါ။
အမတလမ်းစဥ်၏နဝမအဆင့်ကို လွတ်ငြိမ်းရာအမတနတ်အရှင်အဖြစ် လူသိများလေသည်။
ထိုအဆင့်သို့ရောက်ရှိသွားပြီးသော လုံကျန်းနှင့်လုဟန်တို့အဘယ်မျှလောက်အစွမ်းထက်ကြောင်းကို ပြန်လည်တွေးတောမိလိုက်သည့်အခါ ကုအန်သည် စိတ်လှုပ်ရှားတက်ကြွလာခဲ့လေသည်။
တတိယဆေးတောင်ကြားထဲတွင် တစ်ခဏမျှလှည့်ပတ်ကြည့်ရှုပြီးလျှင် ကုအန်ဟာသူ၏အဆောင်ငယ်လေးဆီသို့ပြန်ရောက်လာခဲ့သည်။
သူသည် အသံမဲ့ဖျက်ဆီးခြင်းနယ်မြေအတွင်းသို့သူ၏နတ်အသိအာရုံကိုပို့လွှတ်လိုက်သည်။
၎င်းနယ်မြေအတွင်းရှိအာကာပြင်သည်မည်းမှောင်နေခဲ့သည်။ ကြယ်များကိုမတွေ့မမြင်ရသလို လေထုထဲတွင်တာအိုအရှိန်အဝါများပျံ့လွင့်နေခဲ့ကာ ကြီးမားလေးလံသောခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
ဤနယ်မြေကြီးထဲတွင် ကြမ်းတမ်းသောသားရဲတိရစ္ဆာန်များလှည့် ပတ်သွားလာနေကြကာ အချို့ဆိုပါက ထိုက်ကန်ကုန်းမြေကြီးလောက်နီးပါး ကြီးမားသည့်ကိုယ်ခန္ဓာမျိုး ရှိလေသည်။
တစ်ခဏကြာသည့်အခါ ကုအန်သည် အဆင့်ချိုးဖျက်မှုအတွက်တည်နေရာတစ်ခုကို ရှာဖွေတွေ့ကှိသွားခဲ့ကာ ဤနေ့ညတွင် အဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။
ကုအန်သည် သူ၏နတ်အသိအာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ရုတ်တရပ်ဆိုသလို သက်တမ်းကိုစတေး၍ အတုအပဖန်ဆင်းခြင်း(ဘဝသက်တမ်းတုပဖန်ဆင်းခြင်း) အကြောင်း တွေးတောမိသွားခဲ့သည်။
သူကပ်ဘေးဒုက္ခကိုဖြတ်ကျော်ဖို့ ဒီအစွမ်းကိုအသုံးချလိုက်သင့်လား။ သူသည်ရုတ်တရက်ဆိုသလို၎င်းစွမ်းအင်ကိုအသုံးချ၍ ကပ်ဘေးဒုက္ခကိုဖြတ်ကျော်ရန်တွေးတောလိုက်သည်။
[သင့်ရဲ့လက်ရှိအခြေအနေကနေဘေးဒုက္ခကိုဖြတ်ကျော်ဖို့အတွက် အတုအပဖန်ဆင်းခြင်းကိုအသုံးပြုမယ်ဆိုရင် ဘဝရဲ့နှစ်ပေါင်း၁သန်းကုန်ဆုံးပါမယ်။ ဆက်လက်လုပ်ဆောင်ချင်ပါသလား]
နှစ်ပေါင်းတစ်သန်းလား လောဘကြီးလိုက်တာ။
ကပ်ဘေးဒုက္ခကိုဖြတ်ကျော်ရာတွင် ကျရှုံးနိုင်သည့်ဖြစ်နိုင်ချေကြီးကြီးမားမားရှိနေတာကြောင့် ကုအန်ဟာမစွန့်စားရဲခဲ့ပါ။ သူသည်ကပ်ဘေးအတိဒုက္ခကိုဖြတ်ကျော်ရာတွင် သူ၏ရုပ်ခန္ဓာကိုအားကိုးရန်သာတတ်နိုင်ပါလိမ့်မည်။
ကုအန်သည် လည်လှည့်၍ ကြည့်ရှုလိုက်သည်။ သူ၏အကြည့်များသည် နေနှင့်လမြေအောက်ဧကရာဇ်ထံသို့ကျရောက်သွားခဲ့သည်။
နေနှင့်လမြေအောက်ဧကရာဇ်သည် နတ်အတွေးအာရုံအစစ်အမှန်နတ်အမတအဆင့်ကျင့်ကြံမှုရှိသူဖြစ်သည်။ ဘယ်သူ့ရဲ့ခွန်အားကပိုမိုသန်မာသလဲဆိုတာသိရအောင် ထိုသူနှင့်တိုက်ခိုက်လိုက်လျှင် ကောင်းပေမလား။
ကုအန်သည်တွေဝေမနေတော့ဘဲစတင်လိုက်လေသည်။
[နေနှင့်လမြေအောက်ဧကရာဇ်ကိုပစ်မှတ်ထားပြီးပါပြီ။ တိုက်ပွဲဝင်ရန် ကျသင့်သည့် အမှတ်များကို တွက်ချက်နေပါပြီ]
[လက်ရှိ နေနှင့်လမြေအောက်ဧကရာဇ်ကိုရင်ဆိုင်တိုက်ခိုက်ဖို့အတွက် သက်တမ်းနှစ်တစ်ထောင်ကုန်ဆုံးပါမယ်။ ဆက်လက်ချင်ပါလား။]
သက်တမ်းနှစ်တစ်ထောင်တဲ့လား။
ကုအန်သည်ပျော်ရွှင်မြူးထူးသွားခဲ့လေသည်။ ယင်းနောက် ရုတ်တရက်ဆိုသလိုထောင်ချောက်တစ်ခုကိုသတိထားမိသွားခဲ့သည်။
သူအနိုင်ရရှိပါက အဆင်ပြေလိမ့်မည် ဖြစ်သော်လည်း သူ ရှုံးနိမ့်သွားပါက ကျိန်းသေပေါက် မနိုင်မချင်း ဆက်လက်တိုက်ခိုက်မိလိမ့်မည်။ ၁၀ကြိမ်ဆိုပါက နှစ်ပေါင်းတစ်သောင်းတောင်ကုန်ဆုံးပေလိမ့်မည်။ ဒါကထောင်ချောက်ကြီးပင် မဟုတ်ပါလော။
ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ်တစ်ကြိမ်လောက်တော့ကြိုးစားကြည့်လိုက်တာပေါ့။ ကုအန်က ဆက်လက်ရန် ဆုံးဖြတ်လိုက်သည်။ သူက မျက်ဝန်းမှိတ်လိုက်ပြီးလျှင် သူ၏စိတ်အတွေးအာရုံများသည် အတုအယောင်အာကာပြင်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ပတ်ဝန်းကျင်သည် အဓိပတိဂိုဏ်းသာ ဖြစ်နေဆဲပင်။ သူနှင့် နေနှင့်လမြေအောက်ဧကရာဇ်မှလွဲ၍ ဘယ်သူ့ကိုမှ မတွေ့မြင်ရတော့ပါ။
နေနှင့်လမြေအောက်ဧကရာဇ်သည် အဝေးတစ်နေရာရှိတောင်ထိပ်ပေါ်မှခုန်ဆင်းလာခဲ့သည်။ သူဟာတစ်ခဏချင်းဆိုသလို ဆေးတောင်ကြားအတွင်းရှိနေရာလွတ်ပေါ်သို့ မတ်တတ်ရပ်လျက်ရောက်ရှိသွားခဲ့သည်။
နေနှင့်လမြေအောက်ဧကရာဇ်ကိုစိုက်ကြည့်လိုက်ပြီးလျှင် ကုအန်သည် ယခင်ဘဝကတစ်ယောက်ချင်း တိုက်ခိုက်ရသော ဂိမ်းများကိုကစားခဲ့ရသည့် ခံစားချက်ကို ရုတ်တရက် လွမ်းဆွေးသွားခဲ့လေသည်။ ထိုအချိန်က အရမ်းကိုမှ ပျော်စရာကောင်းခဲ့သည်။
တိုက်ပွဲကား စတင်ချေပြီ။
ဘုန်း!
ရုတ်ချည်းဆိုသလို အဓိပတိဂိုဏ်းကြီးတစ်ခုလုံးသည် ဖုန်မှုန့်တို့ဖြင့်တစ်သောင်းသောင်း ထသွားခဲ့လေသည်။ ကောင်းကင်ပေါ်ရှိ ထိုက်ကန်ကုန်းမြေကြီးသည် တစ်စစီကွဲကြေသွားခဲ့ကာ အနီးဝန်းကျင်ရှိပင်လယ်သမုဒ္ဒရာများ၌ လှိုင်းများထကြွသောင်းကျန်းလာခဲ့သည်။
မိနစ်သုံးဆယ်ခန့်ကြာမြင့်သည့်အခိုက်အတန့်တွင် ကုအန်ဟာ မျက်ဝန်းကို ဖွင့်လှစ်လိုက်ပြီးနောက် သူ၏အမူအရာသည် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
"သူကဘာလို့ အရမ်းအားနည်း နေရတာလဲ"
ကုအန်သည် ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။ ကုအန်သည် သက်တမ်းနှစ်တစ်ထောင်ကို အသုံးချလိုက်ပြီးနောက် နေနှင့်လမြေအောက်ဧကရာဇ်ကို အလွယ်တကူသတ်ဖြတ်နိုင်စွမ်းရှိခဲ့သည်။ လက်ရည်စမ်းတိုက်ပွဲအတွင်း၌ သူသည် နေနှင့်လမြေအောက်ဧကရာဇ်ကိုရည်ရွယ်ချက်ရှိရှိ သူ့အားအကြိမ်များစွာ တိုက်ခိုက်ခွင့်လည်း ပေးခဲ့သေးသည်။
ကုအန်သည် သူ့ကိုယ်သူ ယုံကြည်မှု ရှိလာခဲ့သည်။
အမှန်စင်စစ်တွင် သူဟာ သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်တွင် အလွန်အမင်း သန်မာလေသည်။ သူသည် ကပ်ဘေးဒုက္ခကိုဖြတ်ကျော်ရာတွင် ကျရှုံးသွားခြင်းမျိုး မဖြစ်သင့်ပါ။
အဆင့်မြင့်ကျင့်ကြံသူများအားလုံးတွင် ကောင်းမွန်သော ဘဝနောက်ခံများရှိကြလေသည်။ သူတို့ဟာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရာတွင် ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းကို မှီခိုအားထားခဲ့ခြင်းမျိုး မဟုတ်ခဲ့ချေ။
ဒါ့အပြင် လက်ရှိ ကုအန်ရင်ဆိုင်နေရသော ကောင်းကင်ဘုံ အတိဒုက္ခကပ်ဘေးသည် ထိုသူများထက်ပို၍တောင် သန်မာအားကောင်းလေသည်။ ကပ်ဘေး၏နာမည်မှတစ်ဆင့် သိရှိနိုင်သည် မဟုတ်လော။
ကုအန်ဟာ သူ၏စိတ်ခံစားချက်များကိုတည်ငြိမ်စေလိုက်ပြီးလျှင် မျက်ဝန်းကို ဖိမှိတ်လိုက်ပြီးနောက် ကုလားထိုင်ပေါ်မှ ထလာခဲ့သည်။ သူသည် ညအချိန်ရောက်ရှိလာမှာကို စောင့်ဆိုင်းနေခဲ့သည်။
...
ညနေပိုင်းတွင်ကုအန် တတိယတောင်ကြားမှ ထွက်ခွာခဲ့သည်။ သူဟာ ထွက်ခွာခြင်းကို ပွင့်ပွင့်လင်းလင်းပြုလုပ်ခဲ့ကာ နေရာကူးပြောင်းရေးအစီအရင်မှတစ်ဆင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ တောင်ကြားအတွင်းရှိတပည့်များဟာ သံသယမဝင်ခဲ့ကြပါ။ သူက အခြားသောတောင်ကြားများကိုလည်း မကြာခဏ သွားရောက်လည်ပတ်လေ့ရှိသည် မဟုတ်ပါလော။
ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိသွားပြီးလျှင် ကုအန်က ထွက်ခွာမသွားခင်၌ တစ်ခဏမျှအနားယူခဲ့သည်။
သူသည် တောအုပ်ထဲတွင် နှစ်နာရီခန့်မျှ လမ်းလျှောက်သွားလာပြီးလျှင် လေထုထဲမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
သူဟာ အန္တိမတာအို ကိုယ်ပျောက်ခြင်းသိုင်းကွက်ကိုအသုံးပြုခဲ့ပြီး မိမိကိုယ်ကို ဗလာနတ္ထိအခြေအနေအဖြစ်ပြောင်းလဲလိုက်ကာ အာကာပြင်အတွင်းသို့ အရှိန်နှုန်းပြင်းပြင်းဖြင့် ထွက်ခွာသွားခဲ့သည်။
အသံမဲ့ဖျက်ဆီးခြင်း နယ်မြေအတွင်းသို့ ရောက်ရှိသွားခဲ့ပြီးလျှင် သူဟာ ရွေးချယ်ထားခဲ့သောနေရာဒေသသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
များမကြာမီတွင် သူသည်ဥက္ကာခဲတစ်ခုပေါ်သို့ ဆင်းသက်ခဲ့လေသည်။ မနီးမဝေးတွင် အမျိုးမျိုးသောဥက္ကာပျံများလည်း ရှိနေခဲ့သေးသည်။ ၎င်းဥက္ကာပျံများသည် ဂြိုလ်အစုအဝေးတစ်ခု၏ တည်နေရာနယ်နိမိတ်အစွန်၌ ရှိနေခဲ့ခြင်းဖြစ်သည်။
မြေပေါ်သို့ သက်ဆင်းလိုက်ပြီးလျှင် ကုအန်သည် ဘဝသက်တမ်းအရံအတားကို ဖန်တီးခဲ့သည်။
ထို့နောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးလျှင် တရားထိုင်သည့် အခြေအနေသို့ ဝင်ရောက်ခဲ့သည်။
သူသည် ချက်ချင်းအဆင့်မြှင့်တင်ခြင်းမပြုခဲ့ဘဲ အဝေးတစ်နေရာသို့ စိုက်ကြည့်နေခဲ့ကာ ပတ်ပတ်လည်ရှိ နိယာမစွမ်းအားများကို အာရုံခံစားနေခဲ့သည်။
ဤနေရာရှိ နိယာမစွမ်းအားများသည် နတ်မူလမဟာကောင်းကင်နှင့်မြေပြင်၊ ကမ္ဘာဦးမဟာကောင်းကင်နှင့်မြေပြင်တို့၏ နိယာမစည်းမျဉ်းများနှင့် တူညီကြောင်း သူ ခံစားလိုက်ရသည်။
မဟုတ်မှလွဲရော ယင်းမြေပြင်နှစ်မျိုးကို ဤအသံမဲ့ဖျက်ဆီးခြင်းနယ်မြေက ဂြိုလ်လမ်းကြောင်းလှည့်ပတ်နေခဲ့တာ များလား။
ဒါမှမဟုတ် စကြာဝဠာရဲ့အစမှာ အသံမဲ့ ဖျက်ဆီးခြင်းနယ်မြေသာရှိနေခဲ့ပြီး၊ ယင်းဘုံမြေပြင်နှစ်မျိုးက နောက်တစ်ချိန်မှ မွေးဖွားလာခဲ့တာများလား။
ကုအန်သည် အတွေးနက်ရှိုင်းနေခဲ့ပြီးနောက် နောက်တစ်ခဏအကြာတွင် သူ၏အချက်အလက်ဇယားကိုဖွင့်လှစ်လိုက်သည်။
[အမည်-ကုအန်
ဘဝသက်တမ်း - ၄၁၉၊ ၁၀၃၀၈၁၂၃၇၆]
[ရုပ်ခန္ဓာ - ကမ္ဘာဦးမူလ အန္တိမရုပ်ခန္ဓာ]
[ကျင့်ကြံမှူ - နတ်အတွေးအစစ်အမှန် အမတ နဝမအဆင့်]
...
ဘဝသက်တမ်းပေါင်း နှစ်တစ်ဆယ်ဘီလီယံ!
သူပို၍ကြည့်လေလေ ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။
အရင်ဦးဆုံး ရုပ်ခန္ဓာကိုအဆင့်မြှင့်တင်လိုက်ရအောင်။
မူလကသူသည် ကမ္ဘာဦးကမ္မရုပ်ခန္ဓာကို ကမ္ဘာဦးပျက်သုန်းခြင်း ရုပ်ခန္ဓာသို့ရောက်ရှိစေရန် ဘဝသက်တမ်း နှစ်သန်းပေါင်း၂၀ကိုအသုံးပြုခဲ့လေသည်။ ယင်းနောက်မှာ ကမ္ဘာဦးအန္တိမရုပ်ခန္ဓာသို့ အဆင့်မြှင့်တင်ခဲ့သည်။
ဤတစ်ကြိမ်မြှင့်တင်ခြင်းက နောက်ထပ်ဘဝသက်တမ်း နှစ်သန်းပေါင်း၂၀လောက် အနည်းဆုံးကုန်ဆုံးလိမ့်မယ်။ ဟုတ်တယ်မလား။
ထားလိုက်တော့၊ တည့်တိုးပဲသွားကြတာပေါ့။ ဘဝသက်တမ်း နှစ်သန်း၅၀ကိုတိုက်ရိုက်ပစ်သွင်းလိုက်မယ်ကွာ။ ရုပ်ခန္ဓာတွေက ပါရမီတွေကိုအဓိကသက်ရောက်ရုံတင်မကဘူး ။တိုက်ပွဲဝင်စွမ်းအားတွေကိုလည်း သက်ရောက်သေးတယ်။ သူ့ရဲ့စွမ်းအားက ပိုမိုသန်မာလာလေလေ သူအတိဒုက္ခကပ်ဘေးကို ဖြတ်ကျော်ဖို့အတွက် အောင်မြင်နိုင်ချေ ရာခိုင်နှုန်းပိုများလေလေပဲ။
ကုအန်သည် ကမ္ဘာဦးခန္တိမရုပ်ခန္ဓာထဲသို့ နှစ်သန်းပေါင်း၅၀ ပစ်သွင်းလိုက်လေသည်။
သူ၏ဘဝသက်တမ်းသည် ရုတ်တရက်လျော့ကျသွားခဲ့ကာ နှစ်သန်းပေါင်း ကိုးရာ့ရှစ်ဆယ်ကျော်ကျော်မျှသာကျန်ရစ်တော့သည်။
ကုအန်၏မျက်ဝန်းအရှေ့တွင် အသိပေးစာသားများအရူးမူးထွက်ပေါ်လာခဲ့သည်။
ပထမ နှစ်သန်းပေါင်း၃၀ပစ်သွင်းလိုက်ခြင်းက ကမ္ဘာဦးအန္တိမရုပ်ခန္ဓာအပေါ် ပြောင်းလဲမှုများမရှိခဲ့ဘဲ ခွန်အားသာ အနည်းငယ်တိုးမြင့်သွားခဲ့သည်။
နှစ်သန်းပေါင်း ၃၅သန်း ထည့်သွင်းအပြီးမှာတော့ ကမ္ဘာဦးအန္တိမရုပ်ခန္ဓာသည် ပျက်ယွင်း သန့်စင် အတုအယောင် ရုပ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယင်းနောက် ပျက်ယွင်းသန့်စင်အတုအယောင်ရုပ်ခန္ဓာသည် တာအိုစည်းမျဉ်းများကို ဆက်လက်အာရုံခံစားခဲ့ကာ ၎င်း၏တာအိုစည်းမျဉ်းများအပေါ် အာရုံခံစားနိုင်သည့်စွမ်းအင်သည် တိုးမြင့်သွားခဲ့သည်။
ပျက်ယွင်းစန့်စင်အတုအယောင်ရုပ်ခန္ဓာသည် ဆက်လက်အဆင့်မြင့်တက်သွားခြင်းမရှိသော်လည်း ကုအန်ကတော့ အလွန်အမင်းစိတ်ကျေနပ်နေမိခဲ့သည်။
ဘုန်း...
ပတ်ပတ်လည်ရှိဝိညာဉ်စွမ်းအားများသည် ကုအန်၏ကိုယ်အတွင်းသို့ တရကြမ်းစီးဝင်လာခဲ့သည်။
အသံမဲ့ပျက်သုဥ်းခြင်းနယ်မြေထဲရှိ စိတ်ဝိညာဉ်စွမ်းအားများအားလုံးသည် တာအိုစည်းမျဉ်းများနှင့်ရောထွေးလျက်ရှိကာ တာအိုဝိညာဉ်စွမ်းအားများအဖြစ်တောင် ပြောင်းလဲသွားခဲ့လေသည်။ ၎င်းတာအိုဝိညာဥ်စွမ်းအားများကို စုပ်ယူခြင်းသည် ကျင့်ကြံမှုကိုတိုးမြင့်စေနိုင်ရုံသာမက တာအိုနိယာမအပေါ် နားလည်နိုင်သည့်စွမ်းအားကိုလည်း တိုးမြင့်စေနိုင်သည်။
ဟုတ်ပါ၏။ ကျင့်ကြံမှုအဆင့်ကမလုံလောက်ပါက တာအိုဝိညာဉ်စွမ်းအားများကိုစုပ်ယူခြင်းသည် ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကို ထိခိုက်စေရုံသာရှိပါလိမ့်မည်။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်နယ်မြေကို ဖုံးကွယ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့်အလင်းရောင်သည် အကာအကွယ်တံတိုင်းနံရံတစ်ခု ဖြစ်နိုင်သည်။ နတ်အတွေးအာရုံ အစစ်အမှန် အမတ အဆင့်သို့ရောက်ရှိမှသာ တာအိုဝိညာဉ်စွမ်းအားများကို လုံခြုံဘေးကင်းစွာ စုပ်ယူနိုင်တာဖြစ်နိုင်သည်။
ကုအန်သည် မျက်ဝန်းကိုဖိပိတ်လိုက်ပြီးလျှင် သူ့ကိုယ်သူ ဉာဏ်အလင်းပွင့်ခြင်းဖြစ်စဉ်အတွင်းသို့ နစ်မျောစေလိုက်သည်။ သူဟာ ပျက်ယွင်းသန့်စင် အတုအယောင်ရုပ်ခန္ဓာ၏ ဖြစ်ပေါ်လာမှုကိုခံစားနေမိသည်။
ရုပ်ခန္ဓာကို အဆင့်မြှင့်တင်လိုက်ပြီးနောက် ၎င်း၏ဆန်းကြယ်သော နတ်စွမ်းအားများ၊ အန္တိမတာအိုလမ်းစဉ်များသည် အရည်အသွေးအားဖြင့် ပြောင်းလဲမသွားခဲ့သော်လည်း အလားအလာကိုအပြည့်အဝဖော်ထုတ်နိုင်ခဲ့ကာ အထွဋ်အထိပ်အခြေအနေသို့ ရောက်ရှိခဲ့သည်။
အန္တိမပျက်ယွင်းခြင်းလမ်းစဥ်သည် မြင့်မြတ်သောစွမ်းအားတစ်ရပ်ဖြစ်ကာ ကုအန်သည် ယခင်လက်ရည်စမ်းတိုက်ပွဲအတွင်း၌ အသုံးပြုခဲ့ပြီး နေနှင့်လမြေအောက်လောကဧကရာဇ်ကို သက်တောင့်သက်သာဖြင့်ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်။
စွမ်းအင်ကိုအပြည့်အဝအသုံးချပါက ၎င်း၏အဖျက်စွမ်းသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတစ်ခုလုံးကိုတောင် ဖုံးလွှမ်းသွားနိုင်သည်။
ကုအန်၏ကျင့်ကြံမှုကို ပေါက်ကွဲထုတ်ဖော်လျှင် သူသည် ပို၍တောင် ခမ်းနားကြီးကျယ်ဖွယ်ကောင်းသောစွမ်းအင်တို့ကို ဖော်ထုတ်နိုင်စွမ်းရှိ၏။
တာအိုဝိညာဉ်စွမ်းအင်များသည် ကုအန်၏ကိုယ်အတွင်းဆက်လက်စီးဝင်လာခြင်းနှင့်အတူ ပတ်ပတ်လည်ရှိအာကာပြင်တွင် တာအိုလေလှိုင်းများဖြစ်ပေါ်လာခဲ့သည်။ ယင်းနောက် လေလှိုင်းများသည် တဖြည်းဖြည်းပြင်းထန်လာပြီးလျှင် အနီးဝန်းကျင်တွင်ရှိသော ဥက္ကာခဲအစုအဝေးကြီးများကို တုန်ခါေစခဲ့သည်။
ဤဖြစ်စဉ်နှင့်အတူ ကုအန်သည် အစွမ်းထက်သောနတ်အသိအာရုံများနှင့် နတ်အတွေးအခေါ်များသည် ရုတ်တရက် သူ့ထံ ရောက်ရှိလာတာကို အာရုံခံစားမိခဲ့လေသည်။
အားအနည်းဆုံးအဆင့်သည် ကောင်းကင်ဈာန်အမတအဆင့်ဖြစ်၏။
သေချာပါပြီ။ အသံမဲ့ဖျက်ဆီးခြင်းနယ်မြေအတွင်း၌ ကြောက်စရာကောင်းသောတည်ရှိမှုများစွာပုန်းအောင်းနေလေသည်။
အချိန်များဖြတ်သန်းသွားခြင်းနှင့်အတူ ပိုမိုများပြားသောနတ်အသိအာရုံများသည် စူးစမ်းအကဲဖြတ်လာခဲ့ကြသည်။ သူဟာ နတ်အတွေးအခေါ် အစစ်အမှန် နတ်အမတ အဆင့်ပုဂ္ဂိုလ်ကြီးများကိုတောင် ဆွဲဆောင်မိခဲ့၏။
ကံကောင်းထောက်မစွာဖြင့် ထိုတည်ရှိမှုများသည် နတ်အသိအာရုံကိုအသုံးပြု၍ စူးစမ်းရုံမျှသာဖြစ်ခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျလာရောက်စူးစမ်းခြင်းမရှိခဲ့ပါ။
တစ်နာရီကျော်ကြာသွားသည့်အခါတွင်....
ကုအန်သည် ပျက်ယွင်းသန့်စင် အတုအယောင် ရုပ်ခန္ဓာကို အပြည့်အဝအဖွဲ့တည်နိုင်ခဲ့သည်။ သူဟာ မျက်ဝန်းကိုဖွင့်လှစ်လိုက်သည့်အခါ ဘဝသက်တမ်း အကာအရံကြောင့် နှစ်၅သန်းမျှကုန်ဆုံးသွားတာကိုတွေ့မြင်လိုက်ရသည်။
ကြီးမားတဲ့သုံးဖြုန်းမှုကြီးပဲ။
ကုအန်သည် သူ၏အချက်အလက်ဇယားကို နောက်တစ်ကြိမ်ဖွင့်လှစ်လိုက်ကာ သူ၏အဓိကကျင့်ကြံမှုမှော်သိုင်းပညာရပ်ကို စိုက်ကြည့်ခဲ့သည်။ ၎င်းမှာ အနန္တဖန်ဆင်းခြင်းအကန့်အသတ်မဲ့ကျင့်စဉ် သိုင်းကျမ်းဖြစ်သည်။
ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်ကျင့်စဉ်မှ အနန္တဖန်ဆင်းခြင်းအကန့်အသတ်မဲ့ကျင့်စဉ်သို့ အဆင့်မြှင့်တင်ရန်အတွက် အစောပိုင်းတွင် ဘဝသက်တမ်း နှစ်သန်းပေါင်း၂၀မျှကုန်ဆုံးခဲ့သည်။ ယခုအချိန်တွင်သူသည် ဘဝသက်တမ်း နှစ်သန်းပေါင်း၅၀ကိုအသုံးပြုရန်စီစဉ်ခဲ့သည်။
ကျင့်ကြံမှု ကျင့်စဉ်များနှင့် ရုပ်ခန္ဓာများသည် အရေးကြီးဆုံးဖြစ်လေသည်။ အခြားသောအရာများက အပိုမျှသာဖြစ်လေသည်။ လက်ရှိတွင်သူ့၌ အခြားတာအိုသိုင်းကွက်များအများအပြားရှိနေပြီး ၎င်းတို့ကိုအဆင့်မြှင့်တင်ရန်အတွက်တော့မဖြစ်နိုင်ပါ။
ဘဝသက်တမ်း နှစ်သန်း၅၀ကိုထည့်သွင်းလိုက်ပြီးနောက်...
တဖြည်းဖြည်းဖြင့် အနန္တဖန်ဆင်းခြင်းအကန့်အသတ်မဲ့ကျင့်စဉ် သည် အဆုံးမဲ့အနန္တကျင့်စဥ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
များပြားသောမှတ်ဉာဏ်အပိုင်းအစများသည် ကုအန်၏စိတ်အာရုံနှင့် ပေါင်းစပ်သွားခဲ့သည်။
အဆုံးမဲ့အနန္တကျင့်စဥ်၏စွမ်းဆောင်ရည်သည် ကုအန်၏မှော်စွမ်းအင်များကို ပိုမိုအစွမ်းထက်သောပုဂ္ဂိုလ်တစ်ယောက်က မပယ်ဖျက်သေးသရွေ့ တည်ရှိခွင့်ပေးသည်။
ဤလုပ်ဆောင်ချက်အပြင် ကုအန်၏မှော်စွမ်းအင်များသည်လည်း အဆပေါင်းများစွာတိုးမြင့်လာခဲ့ကာ သူ၏ဖျက်ဆီးနိုင်စွမ်းသည် ယခင်ကထက်အကြိမ်များစွာတိုးမြင့်ခဲ့သည်။
အဆုံးမဲ့အနန္တကျင့်စဥ်မှ နိုးထပေါက်ဖွားလာခဲ့သော နတ်သိုင်းကွက်များနှင့် အကန့်အသတ်မဲ့သောကိုယ်ပွားများအားလုံးသည်လည်း အဆင်မြှင့်တင်ခြင်းခံလိုက်ရသည်။ သူ၏ကိုယ်ပွားများသည် ယခုအချိန်တွင် အကန့်အသတ်မဲ့စွာတည်ရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်းကိုယ်ပွားများတွင် သီးခြားစိတ်ဝိညာဉ်အသိဉာဏ်မရှိပါ။ မရေမတွက်နိုင်သော ကိုယ်ပွားများ၏တည်ရှိမှုဖြင့်ဆိုလျှင် ကုအန်သည် မရေမတွက်နိုင်သော နားနှင့်မျက်ဝန်းများကိုပိုင်ဆိုင်ထားခြင်းနှင့်တူညီသည်။ သို့သော်လည်းကိုယ်ပွားများကို မှော်စွမ်းအင်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ကာ မူလကိုယ်လောက်သန်စွမ်းခြင်းမရှိပါ။
ဘယ်သူကများ ကုအန်ကို မရေမတွက်နိုင်တဲ့ကိုယ်ပွားတွေ ထုတ်သုံးနိုင်အောင် ဖိအားပေးနိုင်မလဲတော့ မသိသေးချေ။
သူ့တွင် အမျိုးမျိုးသောမှော်ဝင်သိုင်းပညာများ ပိုင်ဆိုင်သော်လည်း သူဟာ၄င်းတို့ကိုအသုံးပြု ခဲသည်။ ဟုတ်ပါ၏၊ သူသည် ဝှက်ဖဲများအားလုံးကိုအသုံးပြု၍ အသက်ရှင်ရန်အားထုတ်ရမည့်အခြေအနေသို့ ရောက်မလာစေရန်မျှော်လင့်ပါသည်။
တာအိုဝိညာဉ်စွမ်းအင်များသည် ထပ်မံ၍ပေါက်ဖွားလာခဲ့ကာ ဤတစ်ကြိမ်တွင် အစွမ်းထက်သောပုဂ္ဂိုလ်ကြီးတစ်ယောက် ထွက်ပေါ်လာစေဖို့အတွက် ဆွဲဆောင်မိခဲ့လေသည်။
ကုအန်၏မျက်ဝန်းများသည် ပွင့်လှစ်သွားခဲ့ကာ အမှောင်ထုအတွင်းမှ ထိုးထွက်လာခဲ့သော ကြီးမားသည့်ပုံရိပ်တစ်ခုကိုတွေ့မြင်ခဲ့ရသည်။ ၎င်းသည် နတ်ဆိုးတစ်ကောင်၏ပုံပန်းသွင်ပြင်မျိုးဖြစ်ခဲ့လေသည်။ ထိုနတ်ဆိုးသည် ကုအန်တွေ့ခဲ့ဖူးသမျှသက်ရှိများထဲတွင် အကြီးမားဆုံးဖြစ်သည်။ သူ၏ခန္ဓာကိုယ်ကြီးက မဟာကောင်းကင်နှင့်မြေပြင် ထက်တောင်ပို၍ ကြီးမားနေခဲ့ကာ ၎င်း၏ကြီးမားသော ကိုယ်လုံးကြီးကိုစိုက်ကြည့်ရုံမျှဖြင့် တစ်ဖက်လူကို ကြောက်လန့်တုန်ယင်သွားစေနိုင်သည်။