အခန်း (၃၆၃-၃၆၄)
Vol. 28 Ch. 363-364
အပိုင်း၃၆၃- လွတ်ငြိမ်းရာနတ်အမတအဆင့်ကိုးသို့ ဖြတ်ကျော်ခြင်း။
ကုအန်သည် လျှို့ဝှက်ဆန်းကြယ်သော မကောင်းဆိုးဝါးကြီးကို စူးစိုက်ကြည့်ရှုနေလိုက်သည်။ သူ၏နှလုံးသားထဲတွင် စိတ်ပူပန်မှုတို့ပေါက်ဖွားလာခဲ့သည်။
ထိုဖြစ်တည်မှုကြီးသည် အလွန်အမင်းအစွမ်းထက်ခဲ့ကာ နေနှင့်လ မြေအောက်လောကဧကရာဇ်ထက်တောင် သာလွန်နေကြောင်းကိုသူခံစားနေရသည်။ ၎င်းသည် အမတလမ်းစဉ်၏ နဝမအဆင့်သို့ရောက်ရှိနေတာဖြစ်နိုင်သည်။
ဘဝသက်တမ်းအကာအရံကို ကျေးဇူးတင်ရပါလိမ့်မည်။ တခြားတဖက်သည် ကုအန်၏တည်ရှိမှုကိုသတိမထားမိခဲ့ဘဲ နေရာမှအလျင်အမြန်ထွက်ခွာသွားခဲ့သည်။
စင်္ကြာဝဠာအတွင်းရှိ တာအိုဝိညာဉ်စွမ်းအင်များသည် အဆက်မပြတ်ဝှေ့ဝဲလှုပ်ရှားလျက်ရှိသည်။ ၎င်းတို့သည် လေပွေလေပြင်းပုံသဏ္ဍာန်စုစည်းမနေခဲ့ကြဘဲ ပုံမမှန်စွာ ရွေ့လျားနေခဲ့ကြသည်။ ထို့အတွက်ကြောင့် ပတ်ပတ်လည်ရှိဖြစ်တည်မှုများသည် ၎င်း၏မူလဇစ်မြစ်ကိုခြေရာမခံနိုင်သည်ဖြစ်ကုန်၏။
ကုအန်က သူတို့ကိုစိုးရိမ်ပူပန်နေသလို အမှောင်ထုအတွင်း၌ပုန်းကွယ်နေကြသော လူများကလည်း ဤမူမမှန်မှုအကြောင်းကို အနည်းငယ်စိုးရိမ်ပူပန်နေခဲ့ကြသည်။ အသံမဲ့ပျက်စီးနယ်ေမြအတွင်း၌ လေးလံသောလေထုကြီး ကြီးစိုးလျက်ရှိချေသည်။
အမွေဆက်ခံရရှိခဲ့သောမှတ်ဉာဏ်များသည် ကုအန်၏စိတ်အတွင်း၌ စဉ်ဆက်မပြတ်ပေါက်ဖွားလာခဲ့ကာ သူသည် အဆုံးမဲ့အနန္တသိုင်းပညာ၏လျို့ဝှက်ဆန်းကြယ်မှုများကို ဆန်းစစ်လေ့လာနေခဲ့သည်။
အချိန်သည် လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။
နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားပြီးလျှင် ကုအန်သည် အဆုံးမဲ့အနန္တမှော်သိုင်းပညာ၏ ကျင့်ကြံမှုများကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့သည်။
ကုအန်သည် စွမ်းအင်လည်ပတ်ရာမှ ထွက်ပေါ်လာသောစွမ်းအားတို့ကြောင့် အနည်းငယ်တောင်တအံ့တဩဖြစ်နေမိသည်။
သူ့တွင် လုံကျန်းနှင့် လုအန်တို့၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသော်လည်း သူတို့၏ကျင့်ကြံမှုနည်းပညာများနှင့် မြင့်မြတ်သောသိုင်းပညာများကို ထုတ်ဖော်အသုံးပြုရန်အတွက် သိရှိထားရုံဖြင့် မလုံလောက်ပါ။ တစ်စုံတစ်ယောက်သည် ခန္ဓာကိုယ်ရောစိတ်ဝိညာဉ်ရောကိုပါ အသွင်ပြောင်းပေးရန်လိုအပ်သည်။
ကျင့်ကြံမှု လှည့်ပတ်ခြင်းဖြစ်စဥ်သည် ဤအရေးကိစ္စကိုဆောင်ရွက်ပေးပါလိမ့်မည်။ နောက်ထပ်တစ်နာရီကုန်ဆုံးသွားခဲ့သည်။ ကုအန်သည် မူလပိုင်ရှင်များ၏နည်းလမ်းအတိုင်း ၎င်းသိုင်းပညာရပ်များကို ကျွမ်းကျင်စွာအသုံးပြုနိုင်သွားခဲ့သည်။
ကျင့်ကြံမှုသိုင်းပညာများကို အမွေဆက်ခံခြင်းသည် နောက်ထပ်ဘဝသက်တမ်း လေးသန်းကိုကုန်ဆုံးစေခဲ့သည်။
ကုအန်သည် ကြွင်းကျန်ရစ်သော ဘဝသက်တမ်းကိုးဘီလီယံနှင့် သန်း၂ဝကိုစိုက်ကြည့်လိုက်ကာ အတွေးတစ်ခုကိုတွေးမိသွားခဲ့သည်။
သူသည် သူ၏ကိုယ်ပိုင်မြင့်မြတ်သော သိုင်းပညာများနှင့် အန္တိမမှော်သိုင်းပညာများကို အဆင့်မြှင့်တင်နိုင်ရုံတင်မက ရှောင်ရှန်းထျန်၊ လုံကျန်းနှင့် လုဟန်တို့၏ မြင့်မြတ်သောသိုင်းပညာများကိုလည်း အစစ်အမှန်သို့ပြန်လည်ခြင်းအဆင့်ရောက်သည့်အထိ အဆင်မြှင့်တင်နိုင်သေးသည်။ ဤအရာများအားလုံးလုပ်ဆောင်ခြင်းက ဘဝသက်တမ်းကုန်ဆုံးမှုကို အနည်းငယ်လောက်လျှော့ချပေးနိုင်သည်။
တွေးလိုက်ပြီးပြီချင်း ကုအန်က စတင်ဆောင်ရွက်လိုက်သည်။
သူသည် အချက်အလက်ဇယားကိုဆင့်ခေါ်လိုက်ပြီးနောက် ဘဝသက်တမ်းများကို စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။
အဆုံးသတ်တွင်သူဟာ ခုနှစ်စင်ကြယ်မြင့်မြတ်သောရုပ်ခန္ဓာ၊ တိုက်ခိုက်မှုစိတ်ဆန္ဒ၊ ကောင်းကင်နဂါး ပြန်လည်မွေးဖွားခြင်းဓမ္မပညာ၊ တာအိုစည်းကို ဖျက်စီးခြင်းတို့ကို အစစ်အမှန်သို့ပြန်လည်ခြင်းအဆင့်ရောက်သည်အထိ အဆင့်မြှင့်တင်ခဲ့သည်။ ၎င်းတို့အတွက် ဘဝသက်တမ်းပေါင်း သန်းသုံးဆယ်ကျော်ကုန်ကျခဲ့သည်။
၎င်းအရာလေးခုကို အသွင်ပြောင်းလဲရာတွင် သူ့အကျိုးနှင့်သူရှိခဲ့လေသည်။ ၎င်းအရာတို့သည် မတူညီသောနိယာမလမ်းစဉ်များကိုပိုင်ဆိုင်ထားခဲ့သည်။ ခုနှစ်စင်ကြယ်မြင့်မြတ်သောရုပ်ခန္ဓာသည် အနည်းငယ်အားနည်းမှုရှိသော်လည်း ရှောင်းရှန်းထျန်၏ တိုက်ခိုက်မှုစိတ်ဆန္ဒ၊ လုံကျန်း၏ ကောင်းကင်နဂါးမွေးဖွားခြင်းဓမ္မပညာ၊ လုဟန်၏ တာအိုစည်းကိုဖျက်စီးခြင်းတို့သည် ကုအန်ကို အံ့သြတုန်လှုပ်စေခဲ့သည်။
ကိုယ်ရေးအချက်အလက်ဇယားထဲတွင် တိုက်ခိုက်မှုစိတ်ဆန္ဒကို မြင့်မြတ်သောနတ်သိုင်းပညာ၊ မှော်သိုင်းကွက် သို့မဟုတ် အန္တိမသိုင်းပညာရပ်တစ်ခုအဖြစ် မှတ်ယူမထားဘဲ တာအိုစိတ်ဆန္ဒဟု အခြားကဏ္ဍတစ်ခုအဖြစ်ဖော်ပြထားလေသည်။
ရှောင်ရှန်းထျန်သည် ၂၄၃နှစ်သာရှင်သန်ခဲ့ရသော်လည်း သူ့တွင် ဤမျှလောက်ပြောင်းလဲမှုများရှိနေခဲ့သည်။ သူ၏ပါရမီသည် အမှန်စင်စစ်ေကြာက်မက်ဖွယ်ကောင်းပါသည်။
ကံဆိုးစွာဖြင့်သူသည် မဟူရာနက်ရှိုင်းခြင်းဧကရာဇ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။
ထို့အတွက်ကြောင့်သာ မဟူရာနက်ရှိုင်းခြင်းဧကရာဇ်သည် သူ့အားသုတ်သင်ခဲ့ခြင်းဖြစ်နိုင်သည်။
ဟုတ်ပါ၏၊ ရှောင်ရှန်းထျန်က ငယ်ငယ်ရွယ်ရွယ်ဖြင့် စွမ်းဆောင်နိုင်စွမ်းရှိတာကြောင့် သူ၏ပါရမီသည် လုံကျန်းနှင့် လုဟန်တို့ထက် ပိုမိုအစွမ်းထက်သည်ဟုတော့မဆိုလိုပါ။
နောက်ထပ်ဘဝသက်တမ်း သန်းရှစ်ဆယ်ကျော်သည် တခဏချင်းဆိုသလို ဘဝသက်တမ်းအရံအတား၏ စားသုံးခြင်းကိုခံလိုက်ရသည်။ ကုအန်သည် ကျင့်ကြံမှုအခြေအနေအတွင်းသို့ အာရုံကိုစူးစိုက်လိုက်ရသည်။
လက်ရှိတွင် ကျင့်ကြံမှုကသာအရေးကြီးဆုံးဖြစ်နေသည်။
သူဟာ ရေ၏အတိမ်အနက်ကိုစမ်းသပ်ရန်အတွက် နောက်ထပ်ဘဝသက်တမ်းပေါင်း သန်းတစ်ရာကျော်ကိုအသုံးပြုလိုက်သည်။
ကုအန်သည် နတ်အတွေးအစစ်အမှန် အမတအဆင့်သို့ရောက်ရှိရန်အတွက် ကပ်ဘေးဒုက္ခဖြတ်ကျော်ရာတွင် တစ်ကြိမ်လျှင် နှစ်ပေါင်းသုံးသိန်းခန့်ကုန်ဆုံးခဲ့တာကို ပြန်လည်အမှတ်ရလိုက်သည်။ ဒီတကြိမ်ရော ဘယ်လောက်များကုန်ဆုံးလိမ့်ဦးမလဲ။
[ချီစုပ်ယူမှုကျင့်ကြံခြင်းကို နှစ်ပေါင်းလေးသိန်းတိတိ ကျင့်ကြံဆောင်ရွက်ခဲ့ပါတယ်၊ အဆုံးမဲ့အနန္တသိုင်းပညာကို ပြီးစီးအောင်မြင်ခြင်းအားဖြင့် လွတ်လပ်သောနတ်အမတအဆင့်ကို တက်လှမ်းဖို့ကြိုးစားခဲ့ပြီး ကပ်ဘေးဒုက္ခကိုစတင်ခဲ့တယ်၊ သို့သော်လည်း ကောင်းကင်တာအိုရဲ့အပြစ်ပေးမှုကိုခံလိုက်ရပြီး ကပ်ဘေးဒုက္ခကျရှုံးခဲ့ပါတယ်]
[ချီစုပ်ယူမှုကျင့်ကြံခြင်းကို နှစ်ပေါင်းလေးသိန်းတိတိ ကျင့်ကြံဆောင်ရွက်ခဲ့ပါတယ်၊ အဆုံးမဲ့အနန္တသိုင်းပညာကို ပြီးစီးအောင်မြင်ခြင်းအားဖြင့် လွတ်လပ်သောနတ်အမတအဆင့်ကို တက်လှမ်းဖို့ကြိုးစားခဲ့ပြီး ကပ်ဘေးဒုက္ခကိုစတင်ခဲ့တယ်၊ သို့သော်လည်း ကောင်းကင်တာအိုရဲ့အပြစ်ပေးမှုကိုခံလိုက်ရပြီး ကပ်ဘေးဒုက္ခကျရှုံးခဲ့ပါတယ်]
...
ကပ်ဘေးဒုက္ခကိုတစ်ကြိမ်ဖြတ်ကျော်ရန်အတွက် နှစ်ပေါင်းလေးသိန်းမျှကြာမြင့်ခဲ့သည်။
ကံကောင်းစွာဖြင့် ခက်ခဲမှုသည် နှစ်တစ်သိန်းမျှသာတိုးပွားလာခဲ့သည်။ သူ၏ရုပ်ခန္ဓာနဲ့ ကျင့်ကြံမှုသိုင်းပညာရပ်တို့ကို အဆင့်မြှင့်တင်ခြင်းသည် အလုပ်ဖြစ်ခဲ့လေသည်။ လုံကျန်းနှင့် လုဟန်တို့၏ မှတ်ဉာဏ်များအရ လွတ်လပ်သောနတ်အမတအဆင့်နှင့် နတ်အတွေးအစစ်အမှန် အမတအဆင့်တို့ကြားရှိ ကွာခြားမှုသည် အင်မတန်ကြီးမားလေသည်။
လွတ်လပ်သော နတ်အမတပထမအဆင့်ရှိလူတစ်ယောက်သည် နတ်အတွေးအစစ်အမှန် အမတ နဝမအဆင့်ရှိလူတစ်ယောက်ကို အလွယ်တကူသတ်ဖြတ်နိုင်စွမ်းရှိသည်။
ထို့အတွက်ကြောင့်သာ ရှန်ထျန်းသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးကို အုပ်စိုးနိုင်ခဲ့ပြီး အသံမဲ့ပျက်စီးခြင်းနယ်မြေရန်မှ ကာကွယ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ကုအန်သည် သူသာကြိုတင်၍ အဆင့်မမြှင့်ထားခဲ့ပါက တစ်ကြိမ်ဖြတ်ကျော်ဖို့ ကပ်ဘေးဒုက္ခအားရင်ဆိုင်ရန်အတွက် နှစ်ပေါင်း၈သိန်းမျှလိုအပ်လိမ့်မည်ဟု ခန့်မှန်းခဲ့မိသည်။
ကုအန် ခန့်မှန်းတွက်ချက်နေသည့်အချိန်တွင် အသိပေးသံများစွာသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
[သင်ဟာ ချီစုပ်ယူခြင်းကျင့်ကြံမှုကို နှစ်ပေါင်း၂၄သန်းနှင့်၈သိန်းတိတိ ကျင့်ကြံခဲ့ပြီး အဆုံးမဲ့အနန္တသိုင်းပညာကိုအသုံးပြုကာ ကပ်ဘေးဒုက္ခကိုစတင်ဆင့်ခေါ်ခဲ့ပါတယ်၊ ကောင်းကင်တာအိုရဲ့ ပြင်းထန်သောဒဏ်ပေးခြင်းကို ဖြတ်ကျော်အပြီးမှာတော့ ကပ်ဘေးဒုက္ခအောင်မြင်သွားခဲ့ပါပြီ၊ သင့်ရဲ့ကျင့်ကြံမှုက လွတ်လပ်သောနတ်အမတ ပထမအဆင့်ကိုရောက်ရှိသွားပါပြီ]
[သင်ဟာ ချီစုပ်ယူမှုကျင့်ကြံခြင်းကို နှစ်သန်းပေါင်း ၃၁သန်းတိတိကျင့်ကြံခဲ့ပါတယ်၊ သင့်ရဲ့ကျင့်ကြံမှုက လွတ်လပ်သောနတ်အမတ ဒုတိယအဆင့်သို့ရောက်ရှိသွားပါပြီ]
[သင်ဟာ ချီစုပ်ယူခြင်းကျင့်ကြံမှုကို နှစ်သန်းပေါင်း၃၉သန်းတိတိဆောင်ရွက်ခဲ့ပါတယ်၊ သင့်ရဲ့ကျင့်ကြံမှုကာ လွတ်လပ်သောနတ်အမတ တတိယအဆင့်သို့ရောက်ရှိသွားပါပြီ]
....
[သင်ဟာ ချီစုပ်ယူခြင်းကျင့်ကြံမှုကို နှစ်သန်းပေါင်းတစ်ရာတိတိဆောင်ရွက်ခဲ့ပါတယ်၊ သင့်ရဲ့ကျင့်ကြံမှုက လွတ်လပ်သောနတ်အမတ အဌမအဆင့်သို့ရောက်ရှိသွားပါပြီ]
သူတကယ်ကြီးအောင်မြင်သွားခဲ့ပြီ။
ကုအန် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားခဲ့သည်။ သူဟာ အကျိုးရလဒ်မရှိဘဲ နှစ်သန်းပေါင်းတစ်ရာကို ကုန်ဆုံးရလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော်လည်း နှစ်သန်းတရာထက်နည်းသော ဘဝသက်တမ်းသုံးစွဲမှုအတွင်း၌ အကျိုးရလဒ်ကိုတွေ့မြင်ခဲ့ရသည်။
လွတ်လပ်သော နတ်အမတအဆင့်သို့ ရောက်ရှိပြီးလျှင် တစ်ကြိမ် အဆင့်မြှင့်တင်ရန်အတွက် ဘဝသက်တမ်းပေါင်းသန်းနှင့်ချီ၍ လိုအပ်ပါလိမ့်မည်။ ကုအန်သည်အတုအယောင် ကျင့်ကြံမှုဖြစ်စဥ်သည် အစစ်အမှန်ကျင့်ကြံမှုဖြစ်စဥ်ထက် အချိန်ပိုမို ကုန်ဆုံးခြင်းမရှိကြောင်းကို သတိထားမိခဲ့သည်။ ဒါ့အပြင် လွတ်လပ်သော နတ်အမတအဆင့်ကို ရောက်ရှိပြီးပါက ကျင့်ကြံမှုတိုးမြှင့်ရန်အတွက် အဓိကကျသည့်အရာမှာ တာအိုစည်းမျဥ်းများကို နားလည်ခြင်းပင်ဖြစ်လေသည်။
(ကုအန်က ဘဝသက်တမ်း တုပဖန်ဆင်းခြင်းကို သုံးလိုက်တာ ထင်တယ်)
လုံကျန်သည် နှစ်သန်းနှင့်ချီ၍ အဆင့်မတက်နိုင်ဖြစ်နေသော ရုန်းကန်နေရသည့်နတ်အမတများစွာကို တွေ့မြင်ခဲ့ဖူးသည်။
ဖြစ်နိုင်တာက လုံကျန်းရဲ့ ပြန်လည်မွေးဖွားခြင်း အမတကျင့်စဥ်က သူ့ကိုကူညီဆောင်ရွက်ပေးခဲ့တာများလား။
ကုအန်သည် အတွေးလွန်မနေတော့ဘဲစိတ်အခြေအနေတက်ကြွသွားခဲ့ကာ ဘဝသက်တမ်းများကို ထပ်မံ၍ ရင်းနှီးမြှပ်နှံခဲ့သည်။ သူသည် လွတ်လပ်သော နတ်အမတ နဝမအဆင့်သို့ ရောက်ရှိရန်အတွက်နောက်ထပ်ဘဝ သက်တမ်းပေါင်း သန်းနှစ်ဆယ်ကို အသုံးပြုလိုက်သည်။
တာအိုဝိညာဥ်စွမ်းအင်များသည်သူ၏ ပတ်လည်တွင် ပေါက်ဖွားလာခဲ့ကာစကြဝဠာကြီးတစ်ခွင် ပျံ့လွင့်သွားခဲ့ပြန်သည်။
ဤတစ်ကြိမ် စွမ်းအင်လှိုင်းလုံးသည် ယခင်တစ်ကြိမ်ထက်ပို၍ ကြီးမားနေခဲ့သည်။
...
မဟာကောင်းကင်ဝိညာဥ်နယ်မြေ၏ အမတမင်းဆက်အတွင်း၌
တလက်လက်တောက်ပနေသော ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏ အောက်တွင် ခမ်းနားထည်ဝါသော တောင်ထိပ်ကြီးတစ်ခုရှိနေခဲ့သည်။ ၎င်းတောင်ထိပ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ကျောက်တုံးကြီးများရှိနေခဲ့၏။
အမတမင်းဆက်၏ အရှင်ယန်ရှင်းဧကရာဇ်သည် ကျောက်ဖျာပေါ်တွင် တရားထိုင်နေခဲ့သည်။ သူဟာ မျက်ဝန်းကို ရုတ်တရက်ဖွင့်လှစ်လိုက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်ကာ သူ၏ မျက်ခုံးများသည် စုကျုံ့သွားခဲ့သည်။
"အသံမဲ့ အပျက်အစီးနယ်မြေမှာ စွမ်းအင်လှိိုင်းလုံးတစ်ခု ပေါက်ဖွားလာခဲ့တာလား"
ဧကရာဇ်ယန်ရှင်းသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး သူ၏ အသံတွင် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေခဲ့သည်။
အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့သည်အသံမဲ့အပျက်အစီးနယ်မြေကို ကြောက်လန့်နေတာကြောင့် ပေါ်ပေါ်ထင်ထင် စစ်ပွဲစတင်ခြင်းကို ထိန်းသိမ်းထားခဲ့သည်။ သူတို့ဟာ ကောင်းကင်ဘုံမိစ္ဆာက အခွင့်အရေးယူလာမှာကို စိုးရိမ်နေခဲ့ကြသည်။
အသံမဲ့အပျက်အစီးနယ်မြေအတွင်းရှိ ဤတစ်ကြိမ်စွမ်းအင်လှိုင်းထကြွမှုသည် စကြဝဠာ၏ စိတ်ဝိညာဥ်စွမ်းအင်များကိုတောင် သက်ရောက်ခဲ့ကာ အပြင်ဘက်ကောင်းကင်အလွှာအထိ ပျံ့လွင့်လာခဲ့သည်။ ၎င်းစွမ်းအင်သက်ရောက်မှုသည် ဆက်လက်ပျံ့လွင့်လျက်ရှိကာ နောက်ဆုံးတွင် မဟာကောင်းကင်ဝိညာဥ်နယ်မြေသို့ တောင်ရောက်ရှိလာခဲ့လေသည်။
ဧကရာဇ်ယန်ရှင်းလို အစွမ်းထက်သည့် ပုဂ္ဂိုလ်ကတောင် ၎င်းကဘာကိုဆိုလိုသလဲဆိုတာ နားမလည်နိုင်ခဲ့ပါ။
သူသည် အသံမဲ့အပျက်အစီး နယ်မြေအတွင်း၌ ပြီးခဲ့သောနှစ်များက ထွက်ပေါ်လာခဲ့သော လက္ခဏာရပ်ကို ပြန်လည်တွေးမိခဲ့သည်။
ဒီအဖြစ်အပျက်နှစ်ခုကြားမှာ ဆက်စပ်မှုရှိနေတာများလား။
သူဟာအတွေးထဲတွင် ပျောက်ဆုံးနေခဲ့မိသည်။
တစ်ချိန်ထဲတွင် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေ၏ အခြားတစ်ဖက်တွင် မွန်မြတ်ခုံရုံးတည်ရှိရာ သန့်စင်နယ်မြေကြီးတစ်ခုရှိခဲ့လေသည်။ များစွာသော ပုဂ္ဂိုလ်ကြီးများသည် သန့်စင်နယ်မြေအတွင်းမှ ထွက်လာခဲ့ပြီးလျှင် ကောင်းကင်ယံကို မော့ကြည့်၍ တီးတိုးတီးတိုးပြောဆိုလိုက်ကြသည်။
"အသံမဲ့အပျက်အစီးနယ်မြေထဲမှာ စွမ်းအင်လှိုင်းထကြွမှုတွေရှိနေတယ်"
"တစ်ယောက်ယောက် အဆင့်တက်နေတာများလား ဒီစွမ်းအင်လှိုင်းထကြွမှုက ပုံမှန်မဟုတ်ဘူး။ ပုံမှန်မဟုတ်ဘူး!"
"ပြောဖို့ခက်လွန်းတယ်။ ကောင်းကင်မိစ္ဆာက တစ်ခုခုကို စီစဥ်နေတာဖြစ်နိုင်တယ်။"
"ငါတို့သေချာဂရုစိုက်မှရမယ် ဘယ်သူကများ အပြင်ဘက်ကောင်းကင်အလွှာကို ဖြတ်ကျော်ပြီးတော့ ငါတို့မွန်မြတ်ခုံရုံးက ရတနာပစ္စည်းတွေကို ခိုးသွားလဲဆိုတာ အခုထိ မသိရသေးဘူး"
"ဒါက အမတမင်းဆက်ရဲ့ လက်ချက်များဖြစ်နေမလား ။သူတို့က ကောင်းကင်မိစ္ဆာနဲ့ ပူးပေါင်းနေခဲ့တာဆိုရင်ရော?"
မွန်မြတ်ခုံရုံး၏ မဟာကျင့်ကြံသူများသည်အပူတပြင်း ဆွေးနွေးခဲ့ကြသည်။ သူတို့၏ အမူအရာများက လေးနက်လျက်ရှိကာ အမတမင်းဆက်ရှိရာအရပ်မျက်နှာသို့ စူးစိုက်ကြည့်နေခဲ့သည်။
အချိန်များသည် ကုန်ဆုံးသွားခဲ့ပြီးလျှင်အသံမဲ့နယ်မြေအတွင်း၌ ဖြစ်ခဲ့သော၊ စွမ်းအင်လှိုင်းလုံးကို အာရုံခံစားရရှိခဲ့ကုန်သော ကြီးမြတ်သည့် ကျင့်ကြံသူများသည် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေ၏ အစွန်အဖျားရှိရာသို့ ပျံသန်းထွက်လာခဲ့ကြသည်။
...
ဘုံး!
ဘဝသက်တမ်းအရံအတားအတွင်း၌ ကုအန်၏ အရှိန်အဝါများသည် ဆထက်များစွာ ပေါက်ဖွားထွက်ပေါ်လာခဲ့သည်။ အဆုံးမဲ့အနန္တသိုင်းပညာရပ်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တဝင်းဝင်းတလက်လက်တောက်ပနေခဲ့သည်။
သူသည် လွတ်လပ်သော နတ်အမတအဆင့်သို့ ခြေလှမ်းနိုင်ခဲ့ကာ တရားဝင်လွတ်လပ်သော နတ်အမတတစ်ပါး ဖြစ်လာခဲ့ချေသည်။
သူ့ကိုယ်တွင်းရှိ ရွှေအမြုတေသည် တစ်ဖြေးဖြေးအသွင် ပြောင်းလဲသွားခဲ့သည်။
သူလွတ်လပ်သော နတ်အမတအဆင့်သို့ရောက်ရှိသွားသည့်အခါ သူ၏ ကိုယ်တွင်းရှိကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ နိယာမများသည် ပြောင်းလဲသွားခဲ့ပြီးလျှင်ကိုယ်ပိုင်လမ်းစဥ်တစ်ခုအဖြစ် ရောက်ရှိသွားခဲ့သည်။
လွတ်လပ်သော နတ်အမတတစ်ပါး၏ ဓမ္မတရားများသည် ရွှေအမြုတေကို အရည်ဖျော်ပစ်ခဲ့ကာ တဖြေးဖြေးအသွင်ပြောင်းလဲမှုများကို ဆောင်ကျဥ်းပေးခဲ့သည်။
ရွှေအမြုတေနှင့် စိတ်ဝိညာဥ်တို့သည် တစ်လှည့်စီ ဟန်ချက်ညီညီဖြင့် လှုပ်ရှားလျက်ရှိကာ ထူးဆန်းသောမျှချေ အခြေအနေအတွင်း၌ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင် ရွှေအမြုတေသည်နောက်ထပ်တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကုအန်သည် ရွှေအမြုတေဟာ တစ်စုံတစ်ခုအဖြစ် အသွင်ပြောင်းလဲနေကြောင်းကို သိရှိလိုက်သည်။
ယင်းမှာ တာအိုသစ်စေ့ ဖြစ်လေသည်။
လုံကျန်း၏ မှတ်ဥာဏ်ကို ပိုင်ဆိုင်ထားခဲ့တာကြောင့် ကုအန်သည် အမတလမ်းစဥ် အလွှာကြီးကိုးလွှာ၏နောက်တွင် ဘယ်အဆင့်ရှိနေလဲဆိုတာ သိရှိထားခဲ့သည်။ ထိုအဆင့်သို့ရောက်ရှိရန်အတွက် တာအိုသစ်စေ့သည်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။
တာအိုသစ်စေ့သည် တာအိုသစ်သီးအဖြစ်ပြောင်းလဲသွားလိမ့်မည်။ တာအိုသစ်သီးမွေးဖွားလာသည့်အခါတွင် အဆင့်သစ်တစ်ခုကို ထိတွေ့နိုင်လိမ့်မည်။
လွတ်လပ်သော နတ်အမတအဆင့်သည် တာအိုသစ်စေ့ကို ပျိုးထောင်ပေးရသည့် ဖြစ်စဥ်တစ်ခု ဖြစ်လေသည်။
ရွှေအမြုတေသည် တာအိုသစ်စေ့အဖြစ်အသွင်ပြောင်းလဲသွားသည့်အခါ ကုအန်၏ ကျင့်ကြံမှုသည် ဆက်လက်မြင့်တက်လာလေသည်။ တာအိုသစ်စေ့လေးသည်လည်းတစ်ဖြေးဖြေးချင်း ဖွံ့ဖြိုးလာခဲ့သည်။
သူလွတ်လပ်သော နတ်အမတ နဝမအဆင့်ရောက်ရှိသည့်အခါ တာအိုသစ်စေ့သည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
တာအိုသစ်စေ့၏ မွေးဖွားမှုသည်အကျိုးအမြတ်များစွာကို ရရှိစေခဲ့သည်။ သူ၏ မှော်စွမ်းအားများ၊ ရုပ်ခန္ဓာများနှင့်စိတ်ဝိညာဥ်တို့သည် အဆင့်မြင့်တက်လာခဲ့သည်။ တာအိုသစ်စေ့ကို မဖျက်စီးနိုင်သေးသ၍ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှသေဆုံးမှာမဟုတ်ပါ။ အသွေးအသားများနှင့် စိတ်ဝိညာဥ်သုတ်သင်ခံလိုက်ရရင်တောင်တာအိုသစ်စေ့ကျန်ရှိနေသေးသ၍ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို ပြန်လည်ဖန်ဆင်း၍ရနိုင်သည်။
ဤသည်မှာ တာအိုသစ်စေ့၏ အတွင်း၌ စိတ်ဝိညာဥ်တို့သည် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသောကြောင့်ဖြစ်၏။
တာအိုသစ်စေ့သည် အသွေးသားနှင့် စိတ်ဝိညာဥ်တို့ထက်တောင် ပို၍ ရှင်သန် ပေါက်ဖွားလွယ်သည်။ သဘာဝ၏ တာအိုလမ်းစဥ်များနှင့် တွန်းကန်မှုမရှိ ပေါင်းစပ်နိုင်သည်။ အခြားတစ်နည်းဖြင့် ပြောဆိုရပါလျှင် တာအိုသစ်စေ့သည် ကောင်းကင်၏ တာအိုနိယာမများနှင့် တစ်သားထဲကျနေခြင်းဖြစ်သည်။ ၎င်းကို စကြဝဠာကြီးအတွင်းမှ ခွဲထုတ်ရန်မဖြစ်နိုင်ပါ။ ဤသည်မှာ အစစ်အမှန် လွတ်လပ်ခြင်း၏ အနက်အဓိပ္ပါယ်ဘဖြစ်လေသည်။
ဤအဆင့်သို့ ရောက်ရှိသွားပြီးလျှင် ကုအန်သည် စကြဝဠာအတွင်းရှိ သိမ်မွေ့သောအပြောင်းအလဲများအပေါ် ပို၍ အာရုံခံစားနိုင်စွမ်းရှိလာခဲ့သည်။
မဟာတာအို၏ ဆန်းကြယ်သော နိယာမများသည် သူ၏ မျက်ဝန်းများအတွင်း ဝေ့ဝဲပျံသန်းလျက်ရှိချေသည်။
သူမျက်ဝန်းကို ပြန်လည် ဖိပိတ်လိုက်သည့်အခိုက်အတန့်တွင် အဝေးတစ်နေရာရှိ အမှောင်ထုအတွင်းမှ နောက်ထပ် မျက်ဝန်းကြီးတစ်စုံသည် ထွက်ပေါ်လာခဲ့သည်။ ထိုမျက်ဝန်းကြီးဟာ ပတ်ပတ်လည်ကို စူးစိုက်ကြည့်ရှုပြီးလျှင် များမကြာမီ၌ ပျောက်ကွယ်သွားခဲ့သည်။
အရိပ်တစ်ခုနှင့် တူသော ပုံရိပ်တစ်မျိုးသည် ဂြိုလ်သိမ်ဂြိုလ်မွှားများအတွင်း၌ ပျံသန်းထွက်ခွာလျက်ရှိသည်။ ၎င်းသည်အတုအယောင် ပုံရိပ်တစ်ခုနှင့် ထပ်တူညီနေခဲ့ကာ အလွန်မြန်ဆန်စွာ ရွေ့လျားနေခဲ့သည်။
...
လမင်းသည် ကြွေဆင်းသွားခဲ့ကာ နေဝန်းသည် မြင့်တက်ထွက်ပေါ်လာခဲ့လေသည်။
နေအလင်းရောင်သည် ထိုက်ကန်ကုန်းမြေကြီး၏ အပေါ်၌ လင်းဖြာတောက်ပလာခဲ့သည်။
နေ့သစ်တစ်နေ့ရောက်ရှိလာခဲ့လေပြီ။ တတိယ ဆေးတောင်ကြားရှိ တပည့်များသည် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်အတွက် စတင်ကြိုးစားနေကြသည်။
ဝူကျဲသည် ကုအန်ကို မနက်အစောပိုင်း၌ လာရောက် တွေ့ဆုံခဲ့သော်လည်း ကုအန်နှင့် မတွေ့ခဲ့ရပါ။ သူသည် တတိယဆေး တောင်ကြားအတွင်း၌ မတ်တပ်ရပ်နေခဲ့သည်။
တပည့်များ၏ လေ့ကျင့်မှု ပြီးစီးသွားသည့်အခါ အန်းရှင်းသည် ဝူကျဲ ရှိရာသို့ရောက်ရှိလာပြီးလျှင် ကုအန်ကို ရှာဖွေနေပါသလားဟု သူ့ကို မေးမြန်းခဲ့သည်။
ဝူကျဲက ခေါင်းညိမ့်လိုက်သည်။ အန်းရှင်းသည် သူတို့၏ ဆရာက မနေ့ကအပြင်ထွက်ခွာသွားခဲ့ကြောင်း၊ ဤကနေ့တွင်ပြန်လာနိုင်ကြောင်း သတင်းပေးခဲ့သည်။ ဝူကျဲဟာ ဆက်လက်စောင့်ဆိုင်းရန်ဆုံးဖြတ်ခဲ့လေသည်။
သူသည် ကွင်းပြင်အလယ်သို့သွားရောက်၍ အခြားသူများ လေ့ကျင့်နေသည်ကို စောင့်ကြည့်နေခဲ့သည်။
ထိုနေရာတွင် သူသည် သုံးပြည်ထောင်အကြောင်း ဆွေးနွေးပြောဆိုမှူများကို ကြားသိလိုက်ရသည့်အခါ မနေနိုင်မထိုင်နိုင် ဖြစ်လာခဲ့ပြီး ဝင်ရောက်ဆွေးနွေးပြောဆိုခဲ့ပြန်သည်။
အငြင်းအခုန်စကားဝိုင်းသည် အသက်ဝင်လှုပ်ရှားနေခဲ့လေသည်။
ယင်းအခိုက်အတန့်တွင် နေရာကူးပြောင်းခြင်း အစီအရင်ကြီးသည် လင်းလက်တောက်ပလာခဲ့ကာ ကုအန်သည်လမ်းလျှောက်ထွက်လာခဲ့သည်။
Swam Min Htet:
အပိုင်း(၃၆၄)- လွန်တရာကျယ်ပြောသော အသံမဲ့ဖျက်စီးခြင်းနယ်မြေ။
တတိယဆေးတောင်ကြားသို့ ပြန်ရောက်လာပြီးလျှင် ကုအန်သည် ပြုံးပျော်ရွှင်ပြလျက်ရှိသည်။
တစ်ညတည်းဖြင့်သူသည် နတ်အတွေးအစစ်အမှန်အမတအဆင့်မှ နဝမမြောက်အလွှာဖြစ်သော လွတ်ငြိမ်းရာနတ်အမတအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ခွန်အားသည်လည်း အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
မိုးလင်းပေါက်အချိန်သို့ ရောက်ရှိသွားခဲ့၍မဟုတ်ပါက သူသည်ဆက်လက်၍တောင် အဆင့်ချိုးဖျက်တက်ရောက်ချင်သေးသည်။
ဤတစ်ကြိမ်အဆင့်တက်ခြင်းသည် ကုအန်၏ဘဝသက်တမ်းထဲမှ နှစ်သန်းပေါင်း၅၀ကိုနှုတ်ယူသွားခဲ့ကာ သူ့တွင်လက်ကျန်ဘဝသက်တမ်း ၆၇သန်းကျော်မျှသာကျန်ရစ်တော့သည်။
နောက်တစ်ကြိမ် အောင်မြင်စွာအဆင့်တက်ရန်အတွက် မျှော်လင့်ချက်ရှိနိုင်သေးသည်ဟု သူခံစားနေရသည်။
လွတ်ငြိမ်းရာနတ်အမတအဆင့်သို့ ရောက်ရှိသွားပြီနောက် မဟာကောင်းကင်စိတ်ဝိဉာဉ်နယ်မြေကြီးနှင့်ပတ်သက်သော သူ၏စိတ်အာရုံခံစားမှုများသည် ပို၍ရှင်းလင်းပြတ်သားလာခဲ့သည်။ သူသည် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့က လွတ်ငြိမ်းရာနတ်အမတအဆင့် စွမ်းအားရှင်များကို ထုတ်မသုံးကြကြောင်း သတိထားမိခဲ့သည်။ ထိုလွတ်ငြိမ်းရာနတ်အမတအဆင့် စွမ်းအားရှင်ကြီးများသာ တိုက်ပွဲမြေပြင်သို့သွားရောက်ခဲ့လျှင် ကမ္ဘာလောကကြီးတစ်ခုလုံး ပျက်စီးယိုယွင်းရလိမ့်မည်။ လက်ရှိ၌သူသည် ထိုစွမ်းအားကြီးပုဂ္ဂိုလ်များအနက် တစ်ယောက်အပါအဝင်ဖြစ်လာခဲ့လေရာ ကုအန်၏စိတ်နှလုံးသည် ပျော်ရွှင်ဝမ်းမြောက်နေမိသည်။
ကုအန်သည် နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်ခွာလာပြီးနောက် ကောင်းကင်ယံသို့မော့ကြည့်လိုက်သည်။ ကျယ်ပြောသောအထက်ကောင်းကင်ယံကြီးပေါ်တွင် မီးခိုးရောင်မြစ်ကြီးတစ်စင်း ဖြတ်သန်းစီးဆင်းနေတာကို မြင်လိုက်ရသည်။ သူဟာ စင်္ကြာဝဠာအလွှာထု အတွင်း၌ရှိမနေတာကြောင့် အပေါ်သို့ပျံတက်သွားရင်တောင် ထိုနေရာသို့မရောက်နိုင်ပါ။ ထိုနေရာသို့ရောက်ချင်ပါက တာအိုစည်းမျဉ်းများကိုဖြတ်ကျော်သွားရန်လိုအပ်သည်။
၎င်းသည် ကံကြမ္မာမြစ်ဖြစ်သည်။
လုဟန် သေဆုံးခဲ့သောနေရာဖြစ်သည်။
ကုအန်သည် အဝေးတစ်နေရာမှသာ စိုက်ကြည့်နေခဲ့ပြီး ကံကြမ္မာမြစ်ပေါ်သို့ ခြေချရန် ရည်ရွယ်ချက်မရှိခဲ့ပါ။
ယင်းနောက် သူ၏အကြည့်သည် သူ့ထံသို့လာရောက်လည်ပတ်သော ဝူကျဲထံသို့ ကျရောက်သွားခဲ့သည်။ သူဟာ ဝူကျဲကိုသွားရောက်နှုတ်ဆက်လိုက်သည်။
ယုယင်ယင်သည် ယုန်လေးတစ်ကောင်ကိုပွေ့ပိုက်၍ ဆော့ကစားနေစဉ်တွင် ကုအန်၏ပုံရိပ်ကိုတွေ့မြင်လိုက်ရသည်။ သူမသည် အလျင်အမြန်ရောက်ရှိလာခဲ့ကာ သူမ၏မျက်ဝန်းတစ်ဖက်ကို လက်ဖြင့်ပွတ်သပ်လိုက်မိသည်။
ကုအန်သည် ဒီ့မတိုင်ခင်နေ့ကနှင့် ထပ်တူညီစွာ ဝတ်စားထားခဲ့သည်။ သူ၏ဆံပင်ပုံစံရော အသွင်အပြင်ကပါ ပြောင်းလဲခြင်းမရှိသော်လည်း ယုယင်ယင်သည် ကုအန်ထံ၌ ပြောင်းလဲမှုတစ်စုံတစ်ရာဖြစ်ပျက်သွားသလိုမျိုး ခံစားလိုက်ရသည်။
ဤအပြောင်းအလဲသည် သူမကို ကုအန်အနားသို့ ချဥ်းကပ်သွားရန်လှုံ့ဆော်ပေးလိုက်သည်။ ကုအန်ကို အတော်လေးကြာအောင်စိုက်ကြည့်နေလိုက်ပြီးနောက် သူမဟာ အညံ့ခံလိုသောစိတ်ဆန္ဒတို့ ပေါက်ဖွားလာတာကိုသတိထားမိလိုက်သည်။
၎င်းသည် ရှုပ်ထွေးဆန်းကြယ်သောခံစားမှုမျိုးဖြစ်ကာ သူမအတွက် စကားဖြင့်ဖော်ပြရန်မဖြစ်နိုင်ချေ။
သူမသာမက ကျန်ဂိုဏ်းတပည့်များအားလုံးကလည်း ကုအန်ကို နှစ်ကြိမ်နှစ်ခါမျှ စိုက်ကြည့်မိလိုက်ကြသည်။
ကုအန်သည် ဝူကျဲ၏အနောက်သို့ ရောက်ရှိသွားသည့်အခါ သူဟာ လျို့ပင်၏ကောင်းကျိုးသုခဆောင်ရွက်ချက်များအကြောင်း နားထောင်နေတာကို တွေ့မြင်လိုက်ရသည်။
ဝူကျဲသည် တစ်ခုခုကို အာရုံခံမိသွားခဲ့ကာ သူ၏ခေါင်းကိုလှည့်လိုက်သည်။ သူဟာ ကုအန်ကိုတွေ့မြင်ရသည့်အခိုက်အတန့်တွင် မျက်နှာအပေါ်ရှိ ဒေါသအရိပ်အယောင်များအားလုံးသည် အစမကျန် ပျောက်ကွယ်သွားခဲ့သည်။
"မင်း နောက်ဆုံးတော့ပြန်လာပြီပဲ၊ လာစမ်းပါ အတူတူ သေရည်သွားသောက်ကြရအောင်ကွာ"
ဝူကျဲသည် ကုအန်၏လက်မောင်းကိုဆွဲလိုက်ကာ အလျင်အမြန်လမ်းလျှောက်သွားခဲ့သည်။
ကုအန်ကလည်း ငြင်းဆန်ခြင်းမရှိခဲ့ပါချေ။ သူဟာ အန်းရှင်းကို ယမကာနှင့် စားစရာများပြင်ဆင်ပေးရန်ခိုင်းစေလိုက်သည်။
သူတို့နှစ်ယောက်သည် ကုအန်၏ခန်းဆောင်ငယ်လေးအတွင်း၌ အတူတကွထိုင်လိုက်ကြသည်။
"ကုအန်၊ ငါ တစ်သားတည်းဖြစ်ခြင်း အဆင့်ကိုရောက်သွားပြီကွ" ဝူကျဲသည် စိတ်လှုပ်ရှားစွာအော်ဟစ်ပြောဆိုလိုက်သည်။ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။
ကုအန်ဟာ မြူးထူးပျော်ရွှင်သွားခဲ့ရသည်။ "မင်းက တစ်သားတည်းဖြစ်ခြင်း အဆင့်ကိုတောင် ရောက်ရှိသွားပြီလား၊ ငါ မင်းဆီ စောနက တိုးကပ်သွားတုန်းက ဘာမှမခံစားခဲ့ရပါလား"
သူသည် သူ၏ကျင့်ကြံမှုအရှိန်အဝါကို ဝိညာဉ်အခြေတည်အဆင့်ထိရောက်အောင် ဖိနှိပ်ထားခဲ့သည်။ ထိုအတွက်ကြောင့် ဝူကျဲအဆင့်တက်သွားခြင်းကို သတိမထားမိခြင်းဖြစ်နိုင်သည်။ ကုအန်သည် ဤကိစ္စက သူ့ကိုအနာဂတ်တွင်ပြဿနာဖြစ်လာနိုင်စေမလားဆိုတာ တွေးတောလိုက်မိသည်။
"တကယ်လား၊ အဲ့ဒါက အရမ်း..." ကုအန်သည် အံ့အားသင့်ချင်ယောင်ဆောင်လိုက်သည်။ သူ၏မျက်ဝန်းများက ပြူးကျယ်လာခဲ့သည်။
ဝူကျဲ၏မျက်ဝန်းများသည် တလက်လက်တောက်ပလာခဲ့သည်။ သူက စတင်၍ကြွားဝါပြောဆိုတော့သည်။ "သက်တမ်း ၄၁၂ နှစ်နဲ့ တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ရောက်ရှိခဲ့တာကွ၊ ဒါက ဘာကိုပြောချင်တာလဲဆိုတာ မင်းနားလည်လား"
ကုအန်သည် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း ပြောစရာစကားများ ပျောက်ဆုံးနေခဲ့ပုံပေါ်သည်။ သူ၏ပါးစပ်သည် ဟစိဟစိဖြစ်နေခဲ့သည်။
သက်တမ်း ၄၁၂နှစ်ဖြင့် တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုရောက်ရှိတာက ဘာကိုဆိုလိုသလဲဆိုတာ သူသိသည်။ ဒါက တစ်စားတည်းဖြစ်ခြင်းအဆင့်လေးပဲ မဟုတ်ဘူးလားဟ?
သူသည် ဝူကျဲကို နှစ်ပေါင်း၄၁၉နှစ်ဖြင့် လွတ်ငြိမ်းရာနတ်အမတအဆင့်ကိုရောက်ရှိတာက ဘာကိုပြောချင်လဲသိရဲ့လားဟု ပြန်လည်မေးမြန်းချင်စိတ်တောင် ပေါက်ဖွားလာမိခဲ့သည်။
အန်ရှင်းသည် အပေါ်လွှာသို့တက်လာခဲ့ကာ ယမကာများနှင့် စားသောက်ဖွယ်ရာများကိုခင်းကျင်းပေးခဲ့သည်။ သူမဟာ ဝူကျဲ၏ ပျော်ရွှင်နေသောစိတ်အခြေအနေကို တွေ့မြင်လိုက်ရသည်။ဒီကောင်က သူမဆရာရှေ့မှာ ဆက်လက်ပြီးကြွားဝါနေပြန်ပြီလား။
သူမသည် သေရည်များနှင့် စားသောက်ဖွယ်ရာများကို စားပွဲပေါ်တွင်ချထားလိုက်ပြီးနောက် ထွက်သွားခဲ့သည်။
ဝူကျဲသည် ရည်ရွယ်ချက်ရှိရှိ တမင်ကျယ်ကျယ်လောင်လောင် စကားပြောဆိုနေခဲ့တာဖြစ်သည်။အန်းရှင်း မတုံ့ပြန်တာကိုတွေ့မြင်လိုက်ရသည့်အခါ အနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။
ကုအန်သည် ဤအချင်းအရာကိုသတိပြုမိသွားခဲ့ကာ စတင်၍စကားပြောဆိုလိုက်သည်။
"မင်း ဒီလောက်အဆင့်ထိတိုးတက်သွားလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး၊ မင်းက အမြဲတမ်းထူးခြားတဲ့လူတစ်ယောက်ပဲဆိုတာ ငါခံစားနေရတယ်၊ ကြည့်ရတာ ငါမင်းကိုအထင်သေးခဲ့မိတာပဲကွာ" ကုအန်သည် ခံစားချက်များရောနှောနေသောမျက်ဝန်းတို့ဖြင့် ဝူကျဲကိုစိုက်ကြည့်ကာ သူ၏စိတ်အာရုံကိုပြန်လည်ဆွဲဆောင်လိုက်သည်။
ဝူကျဲက ရယ်မောလိုက်ပြီးပြောဆိုလိုက်သည်။ "မင်းရဲ့ အဆက်မပြတ်အားပေးစကားတွေကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် ငါလည်းဒီအထိရောက်ရှိလာမှာမဟုတ်ပါဘူး၊ မင်းလည်း အခြေအနေကိုနားလည်နိုင်တာပဲလေ၊ မင်းအတွက်လည်း တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုအနာဂတ်မှာ ရောက်ရှိနိုင်ဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
ကုအန်က ခေါင်းကိုခါရမ်းလိုက်သည်။ "ကျုပ်တော့ ဒီလိုမထင်မိဘူးဗျာ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်းကိုယ်မင်း ယုံကြည်ချက်ရှိရမယ်လေ"
ဟုတ်ပါ၏၊ ယုံကြည်ချက်ကြောင့်သာ သူ့တွင်တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ရောက်ရှိရန် နောင်တွင်အခွင့်အရေးမရှိနိုင်တော့ဟု ပြောဆိုရခြင်းပင်။
ကုအန်က ဆက်လက်မေးမြန်းလိုက်သည်။ "မင်းကအခုဆိုရင် အစ်ကိုလီတို့ကိုတောင် ရင်ဆိုင်နိုင်သွားပြီမလား"
ဒါကိုကြားတော့ ဝူကျဲ၏မျက်လုံးများသည် တောက်ပသွားခဲ့သည်။ "ငါသိပ်တော့မသေချာသေးဘူးကွ၊ ဒါပေမယ့် သူတို့နဲ့အမြဲရင်ဘောင်တန်းနိုင်ဖို့ ငါမျှော်လင့်နေခဲ့တာ၊ ဝမ်းနည်းစရာပဲ။ သူတို့က အခုဆိုရင် ဘယ်လောက်တောင် သန်မာနေပြီလဲမသိဘူး၊ သူတို့ရဲ့အဆင့်ကို ကျော်လွန်သွားခဲ့ရင် ငါသူတို့ကို တစ်ကြိမ်လောက်တော့ စိန်ခေါ်ရဦးမယ်"
မြတ်စွာဘုရား!
မင်းက သာလွန်တဲ့ကျင့်ကြံမှုအဆင့်နဲ့တောင် တစ်ပါးသူကို ဖိနှိပ်ချင်နေသေးတာပါလား။
ကုအန်သည် အတော်လေးပျော်ရွှင်သွားခဲ့သည်။ သူဟာ ဝူကျဲ၏စိတ်အခြေအနေနဲ့ပတ်သက်၍ ကျေနပ်အားရသွားခဲ့သည်။
တစ်ဦးတစ်ယောက်သည် မောက်မာထောင်လွှားမနေသင့်ပါ။ အလျင်စလိုလှုပ်ရှားခြင်းတို့လည်းမပြုလုပ်သင့်ပေ။
အသန်မာဆုံးပုဂ္ဂိုလ်ကမှသာလျှင် ယုံကြည်မှုအပြည့်ထားရှိရလိမ့်မည်။
သူတို့သည် အနာဂတ်အကြောင်းနှင့်ပတ်သက်၍ ဆက်လက်ပြောဆိုနေခဲ့ကြသည်။ အထူးအားဖြင့် ဝူကျဲ၏အနာဂတ်နှင့်ပတ်သက်၍ဖြစ်သည်။ ကုအန်သည် ဝူကျဲကို အားပေးစကားများပြောကြားခဲ့ကာ ဝူကျဲအတွက် စကားလုံးများကိုလည်း ချီးကျူးပြောဆိုခဲ့လေသည်။
တတိယဆေးတောင်ကြားသည် အသက်ဝင်လှုပ်ရှားနေခဲ့သည်။ အဓိပတိဂိုဏ်းကြီးတစ်ခုလုံးကလည်း ထပ်တူညီစွာသက်ဝင်လှုပ်ရှားနေခဲ့သည်။ လူတိုင်းဟာ အပြင်ဘက်ကောင်းကင်ယံရှိ အပြောင်းအလဲများကို သတိမထားမိခဲ့ကြချေ။
ကောင်းကင်ဘုံ၏အပြင်ဘက်အလင်းလွှာကြီးပေါ်တွင် ကြီးမြတ်သောကျင့်ကြံသူပေါင်းများစွာ စုရုံးရောက်ရှိလာခဲ့ကြသည်။ သူတို့၏အနိမ့်ဆုံးကျင့်ကြံမှုသည် ကောင်းကင်စျာန်နတ်အမတအဆင့်ဖြစ်သည်။ သူတို့အားလုံးဟာ အသံမဲ့ဖျက်ဆီးခြင်းနယ်မြေကိုစိုက်ကြည့်နေခဲ့ကြသည်။
သေမျိုးကမ္ဘာတောင်ထိပ်မှ ဖူရှန်းရွှီနှင့် ပိုင်ကျိယတို့သည်လည်း ရောက်ရှိလာခဲ့သည်။
"အမတမင်းဆက်နဲ့ မြင့်မြတ်ခုံရုံးအကြားက အခြေနေက ပိုပြီးဆိုးရွားလာနေပြီ" ပိုင်ကျိယက တီးတိုးရေရွတ်ပြောဆိုလိုက်သည်။
အမတမင်းဆက်အတွင်းရှိ အမတဝိညာဉ်များနှင့် မြင့်မြတ်ခုံရုံး၏ကျင့်ကြံသူများသည် မတူညီသောဘက်နှစ်ဖက်တွင်မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့နှစ်ဦးကြားရှိပဋိပက္ခများဟာ ဖြေရှင်း၍ မရနိုင်တော့လုနီးပါး အခြေအနေသို့တောင် ရောက်ရှိလာခဲ့သည်။
ဖူရှန်းရွှီက အဝေးတစ်နေရာသို့စိုက်ကြည့်၍ ပြောဆိုလိုက်သည်။ "ဒီထူးခြားတဲ့အဖြစ်အပျက်က သူတို့နှစ်ဘက်ကို ခဏငြိမ်သက်သွားစေဖို့အတွက် မျှော်လင့်ပါတယ်ကွာ"
ပိုင်ကျိယကလည်း ကောင်းကင်ကိုမော့ကြည့်၍ သက်ပြင်းချကာပြောဆိုလိုက်သည်။ "မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးက သန်မာတဲ့ပုံပေါ်ပေမဲ့ အသံမဲ့ဖျက်ဆီးခြင်းနယ်မြေနဲ့နှိုင်းယှဉ်လိုက်ရင်တော့ သိပ်ကိုမှသေးငယ်လွန်းနေတယ်၊ ရှန်ထျန်းကြောင့်သာမဟုတ်ဘူးဆိုရင် ကောင်းကင်မိစ္ဆာက ငါတို့ရဲ့မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးကို အစောထဲက သိမ်းပိုက်သွားလောက်ပြီ"
ဖူရှန်းရွှီသည် သူ့ကိုလှည့်ကြည့်ကာမေးမြန်းလိုက်သည်။ "မင်းအရင်က အသံမဲ့ဖျက်ဆီးခြင်းနယ်မြေကိုရောက်ရှိဖူးတယ်ဆို၊ အဲဒီမှာ တကယ်ပဲ ကောင်းကင်မိစ္ဆာတွေရှိနေတာလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကောင်းကင်မိစ္ဆာတွေဆိုတာက သူတို့ကိုခေါ်ဆိုတဲ့အမည်နာမပဲလေကွာ ။အသံမဲ့ဖျက်ဆီးခြင်းနယ်မြေကြီးထဲမှာ ကောင်းကင်မိစ္ဆာမျိုးနွယ်တွေ အများကြီးရှိကြတယ်၊ ငါတို့ကတော့ သူတို့အားလုံးကိုသိမ်းကျုံးပြီး ကောင်းကင်မိစ္ဆာလို့ပဲခေါ်လိုက်ကြတာ၊ အဲဒီနယ်မြေကြီးက အကန့်အသတ်မဲ့ကြီးမားတယ်၊ ဘယ်လောက်ကျယ်ပြန့်လဲဆိုတာတောင် ငါမသိဘူး၊ ဖြစ်နိုင်တာက အဲဒီမှာနောက်ထပ်ကောင်းကင်နဲ့ကမ္ဘာမြေကို တုန်ယင်စေနိုင်တဲ့တည်ရှိမှုကြီးတွေ ပုန်းအောင်းနေတာမျိုးလည်းဖြစ်နိုင်တယ်"
ပိုင်ကျိယသည် ဉာဏ်အမျှော်အမြင်ရှိစွာ စကားပြောဆိုလိုက်သည်။ သူဟာတစ်စုံတစ်ခုကို ပြန်လည်အမှတ်ရရှိသွားသလိုမျိုး သူ၏မျက်ဝန်းများသည် အလင်းရောင်များ ဖျော့တော့လာခဲ့သည်။
သူတို့နှစ်ဦးဟာ အသံမဲ့ဖျက်ဆီးခြင်းနယ်မြေကြီးအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည့်အချိန်တွင် အခြားသောမျိုးနွယ်စုကြီးများကလည်း တူညီသောအရာကိုပြုလုပ်နေခဲ့ကြသည်။ သူတို့သည် ၎င်းနယ်မြေနှင့်ပတ်သက်သော ကိုယ်ပိုင်အတွေ့အကြုံများကိုမျှဝေနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ၎င်းထူးဆန်းသောလက္ခဏာများကိုဖြစ်ပေါ်စေခဲ့သည့် ကုအန်ကတော့ သူငယ်ချင်းတစ်ယောက်နှင့်အတူ သေရည်များသောက်စား၍ တောင်ကြားအတွင်း၌ပျော်ပါးနေခဲ့သည်။
ကုအန်ဟာ ညသန်းခေါင်ယံသို့ရောက်ရှိလာသည့်အခါ စတင်လှုပ်ရှားရန်စီစဉ်လိုက်သည်။
လွတ်ငြိမ်းရာနတ်အမတအဆင့်နှင့် အထက်အလွှာအဆင့်များကြားရှိ ကွာခြားမှုသည် အလွန်အင်မတန်ကြီးမားလေသည်။ ဘဝသက်တမ်း သန်း၆၀ကျော်သည် မလုံလောက်မှာကိုစိုးရိမ်တာကြောင့် သူဟာဘဝသက်တမ်းတစ်ဆယ်ဘီလီယံပြည့်သည်အထိ ထပ်မံစုဆောင်းရန်ဆုံးဖြတ်ချက်ချလိုက်သည်။
ဟုတ်တယ်၊ နောက်ဆုံးအကြိမ်ပဲကွ!
ဒီတစ်ကြိမ် သူဘဝသက်တမ်းပေါင်းတစ်ဆယ်ဘီလီယံအထိစုဆောင်းပြီးလျှင် နောက်ထပ်သူများတွေရဲ့ပစ္စည်းကိုမခိုးတော့ဘူး။ အဲလိုလုပ်ရတာက ရှက်စရာလည်းကောင်းတယ်လေ။
သူသည် သံသယများကို ဖြေရှင်းရန် သေမျိုးလောကတောင်ထိပ်သို့ သွားရောက်၍ စိတ်ဝိညာဉ်ဆေးပင်များကို အရင်ဆုံး ခိုးယူလိုက်သည်။ သူတို့ အဓိပတိဂိုဏ်းကိုလည်း နစ်နာသူအဖြစ် ပုံဖော်ဖန်တီးလိုက်တော့သည်။
အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် သူသည် အံ့ဖွယ်ဓမ္မအဆင့် နတ်အမတတစ်ပါးက အဓိကတောင်ထိပ်ပေါ်တွင် ကျင့်ကြံနေတာကို အာရုံခံစားရရှိခဲ့သည်။
ထိုသူ၏ခန္ဓာကိုယ်ကို သေမျိုးကမ္ဘာတောင်ထိပ်ပေါ်ရှိ ကမ္မချီများကလှည့်ပတ်လျက်ရှိသည်။ သူဟာ အပြင်ဘက်ကောင်းကင်အလွှာမှ ပြန်လည်ရောက်ရှိလာသော အကြီးအကဲတစ်ယောက်ဖြစ်နိုင်သည်။
ကုအန်သည် အဓိကတောင်ထိပ်ပေါ်ရှိ ဆေးပင်အချို့ကို ခိုးယူသွားခဲ့ကာ အလျင်အမြန်ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ သူ၏လုပ်ရက်သည် သေမျိုးကမ္ဘာတောင်ထိပ်တစ်ခုလုံးကို အုံအုံကြွကြွဖြစ်သွားစေခဲ့သည်။
နောက်တစ်နေ့ အာရုံတက်ချိန်တွင် ။
အံ့ဖွယ်ဓမ္မအဆင့် နတ်အမတကြီးသည် ရိတ်သိမ်းခံလိုက်ရသော စိတ်ဝိဉာဏ်ဆေးပင်များ၏အရှေ့တွင် မတ်တပ်ရပ်နေခဲ့ကာ အချိန်အတော်ကြာအောင် ပြောစရာစကားကင်းမဲ့နေခဲ့သည်။
နေ့အလင်းရောင်က သူ့အပေါ်ဖြာဆင်းလာသည့်အခါမှ သက်ပြင်းရှိုက်ထုတ်လိုက်မိသည်။
" ဒီလောကကြီးကတကယ်ကို နက်ရှိုင်းလွန်းတာပါပဲလား " သူဟာစိတ်ရင်းခံဖြင့် မှတ်ချက်ပြုလိုက်မိသည်။
...
ဆယ်ရက်ကျော်ကြာသည့်အခါ ကုအန်သည် ဘဝသက်တမ်းပေါင်း တစ်ဆယ်ဘီလီယံကို အောင်မြင်စွာစုဆောင်းနိုင်ခဲ့သည်။
နောက်ထပ်အဆင့်တက်ရန် အခြေအနေကျရောက်လာပါပြီ။
ကုအန်ဟာ အပြင်ဘက်ကောင်းကင်လွှာသို့ ဆက်လက်ခရီးထွက်ခဲ့သည်။ လက်ရှိ၌အသံမဲ့ဖျက်ဆီးခြင်း နယ်မြေ၏ပတ်လည်တွင် အစွမ်းထက်သောစွမ်းအားရှင်ကြီးများ လှည့်ပတ်သွားလာနေကြသည်။ သူဟာ အဆင့်တက်ရန်အတွက် နေရာတစ်ခုကို လက်လွတ်စပယ် ရွေးချယ်၍မရနိုင်ပါ။ သူသည် အသံမဲ့ဖျက်ဆီးခြင်း နယ်မြေအတွင်းသို့လည်း အရမ်းကာရောဝင်မသွားရဲခဲ့ပါ။ အကယ်လို့များ မဟူရာနက်နဲခြင်းဧကရာဇ်လိုမျိုး တည်ရှိမှုကြီးကစောင့်ဆိုင်းနေခဲ့ရင် ဘယ့်နှယ့်လုပ်မလဲ။
...
ဆောင်းဉီး၏လေပြင်းများသည် တောအုပ်အတွင်း၌ တဟူးဟူးတိုက်ခတ်လျက်ရှိသည်။ ကုအန်သည် ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် တင်ပျဉ်ချိတ်ထိုင်နေခဲ့ကာ ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။
တပြိုင်တည်းတွင် သူ၏နတ်အသိသည် လောကကို ဖြန့်ကျက်သွားခဲ့ကာ လသက်ကြွေနတ်ရေကန်ရှိ ကျူရှီကို စောင့်ကြည့်နေခဲ့သည်။
မဟာကောင်းကင်စိတ်ဝိဉာဏ် နယ်မြေကြီးထဲတွင် ရှေးဟောင်းရုပ်ခန္ဓာများသည်ရှားပါးသည်။ ၎င်းတို့၏အထက်တွင် တာအိုရုပ်ခန္ဓာများနှင့် ပိုမြင့်သည့်အဆင့်တွင် မြင့်မြတ်ရုပ်ခန္ဓာများရှိသည်။ ဤထိုက်ချူ ဝိဉာဏ်ဝါးမြိုခြင်း ရုပ်ခန္ဓာသည် သူ၏ကမ္ဘာဦးကမ္မရုပ်ခန္ဓာနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည်။ ၎င်းဟာ မြင့်မြတ်ရုပ်ခန္ဓာများထက်တောင် ကျော်လွန်နေလေသည်။
ရုပ်ခန္ဓာတစ်မျိုးတည်းကို နှိုင်းယှဉ်ရပါက ကျူရှီသည် အန်းဟောင်နှင့်ယန်ကျင်းတို့ထက်တောင် ပို၍အစွမ်းထက်သည်။
ဟုတ်ပါ၏။ ရုပ်ခန္ဓာဆိုသည်က ပါရမီစွမ်းရည်၏ ကဏ္ဍတစ်ခုမျှသာဖြစ်သည်။ အန်းဟောင်၏ဉာဏ်စွမ်းရည်သည် အောချဖွယ်ကောင်းလောက်အောင် ကောင်းမွန်လှလေသည်။
ပြန်လည်ဝင်စားခြင်းအဆင့်အောက်ရှိ လူသားမျိုးနွယ်တစ်ယောက်အတွက် ၉၉၉၉နှစ်တိတိ ရှင်သန်နိုင်ခြင်း။ ဤသည်က သူမ၏အကန့်အသတ် မဖြစ်နိုင်သေးပါ။