အခန်း (၃၆၇-၃၆၈)
Vol. 28 Ch. 367-368
အပိုင်း(၃၆၇)-အာကာပြင်တာအိုရှင်အဆင့်သို့ ရောက်ရှိခြင်း။
နောက်ထပ်ဘဝသက်တမ်း သန်းရာပေါင်းများစွာ....
ကုအန်သည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အသိပေးသံများကို ဂရုတစိုက်နားထောင်နေခဲ့သည်။
အသိပေးသံတစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့ကာ အရာအားလုံးသည် ကျရှုံးမှုများဖြစ်ချေသည်။
နှစ်၂သန်းကြာတိုင်းတစ်ကြိမ် အတိဒုက္ခကပ်ဘေးကို ရင်ဆိုင်ရသည့်အတွက် သူသည် နောက်ထပ်နှစ်ပေါင်းသန်းတစ်ရာကို ရင်းနှီးမြှုပ်နှံခဲ့သော်လည်း အကြိမ်၅၀သာ အတိဒုက္ခကပ်ဘေးကို ကြုံတွေ့ခဲ့ရသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခြင်းကြောင့် ကုအန်၏အာရုံကြောများကတောင် တောင့်တင်းလာခဲ့သည်။
ဘဝသက်တမ်း သန်း၂ရာကို အသုံးပြုလိုက်ပြီးနောက် သူသည် အကြိမ်ပေါင်းတစ်ရာတိတိ ကျရှုံးခဲ့လေသည်။
သူသည် သူ၏ကျင့်ကြံမှုမှော်ပညာရပ်များရော နတ်သိုင်းပညာရပ်များကိုပါ အဆင့်မြှင့်တင်ခြင်းမရှိခဲ့သော်လည်း သူဟာ ကဏ္ဍအရပ်ရပ်တိုင်းတွင် လုံလောက်အောင် အစွမ်းထက်နေခဲ့ပြီဖြစ်သည်။
ဒီကောင်းကင်တာအိုရဲ့ ကပ်ဘေးဒုက္ခက တကယ့်ကိုအတားအဆီးကြီးပဲဟ။
ကုအန်သည် ဇောချွေးများကိုသုတ်လိုက်ကာ နောက်ထပ်ဘဝသက်တမ်း သန်းတစ်ရာကို ထည့်သွင်းရင်းနှီးမြှုပ်နှံလိုက်သည်။
ကျရှုံးသည်။
ထပ်၍ကျရှုံးပြန်သည်။
ကျရှုံးပြန်ပါသည်။
ကုအန်သည် ဘဝသက်တမ်းအကာအရံတွင် ဘဝသက်တမ်းများစွာ ဆုံးရှုံးသွားကြောင်းကို တွေ့မြင်ခဲ့ရသည်။ ၎င်းအကာအရံက သူ့ကိုတိတ်တဆိတ် လှောင်ပြောင်နေသယောင် ရှိချေသည်။
နောက်ထပ်နှစ်သန်းတစ်ရာ ကုန်ဆုံးသွားပြန်သည်။
အခုဆိုရင်တော့ အောင်မြင်သင့်ပါပြီ ။ဟုတ်တယ်မလား။
ကုအန်သည် အံကိုတင်းတင်းကြိတ်လိုက်ကာ ဆက်လက်၍တည်ငြိမ်မနေနိုင်တော့ပါ။
နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
ရှုံးနိမ့်ခြင်းပင် ဖြစ်ပါလေသည်။
လက်ရှိတွင်ကုအန်သည် ဘဝသက်တမ်းပေါင်း သန်းလေးရာကိုရင်းနှီးမြှုပ်နှံခဲ့ပြီး အကြိမ်ပေါင်းနှစ်ရာကျော် ကျရှုံးခဲ့လေသည်။
သူသည် လုံကျန်းအကြောင်းကို မတွေးဘဲမနေနိုင်တော့ပါ။ လုံကျန်းသည် ထိုအဆင့်သို့အောင်မြင်စေရန်အတွက် ဘဝသက်တမ်းဘယ်လောက်တောင် အသုံးချခဲ့ပါလိမ့်။
သူသည် လုံကျန်း၏ဘဝမှတ်ဉာဏ်များကို အမွေဆက်ခံရရှိထားသော်လည်း လုံကျန်းအကြောင်းကိုတော့ ခရေစေ့တွင်းကျ မသိနိုင်ခဲ့ပါ။ သူသည် လုံကျန်း၏ဘဝကို သူ၏မျက်ဝန်းများမှတစ်ဆင့် တွေ့မြင်ခဲ့ရသည်။ ထို့အတွက်ကြောင့်သာ သူဟာစစ်မှန်သော ပြန်လည်ဝင်စားခြင်းဖြစ်ကြောင်းကို သေချာသွားခဲ့ခြင်းဖြစ်သည်။
လုံကျန်းသည်သူ၏ ဘဝသက်တမ်းခိုးယူနိုင်သော စွမ်းရည်ကို ဘယ်သူ့ကိုမှ ထုတ်ဖော်မပြသခဲ့ဖူးပါ။ သူဟာ သူ၏ဘဝသက်တမ်းအကြောင်းကိုလည်း ဖော်ထုတ်မပြောခဲ့ဖူးပေ။ ထို့အတွက်ကြောင့်လုံကျန်းတွင် ဘဝသက်တမ်းပေါင်း ဘယ်လောက်ရှိသလဲဆိုတာ ကုအန်တစ်ယောက် မသိရှိခဲ့ပေ။
သို့သော်လည်း လုံကျန်း၏မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရလိုက်ပြီးသည့်နောက်တွင် လုံကျန်းသည် တာအိုသစ်စေ့မှ တာအိုသစ်သီးအဖြစ် ဖွံ့ဖြိုးရာအဆင့်တွင် အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ကြောင်းကိုတော့ တွေ့မြင်ခဲ့ရသည်။
ကုအန်ဟာ နောက်ထပ်အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အဆင့်ချိုးဖျက်တက်ရောက်ခြင်းကို အာရုံစူးစိုက်လိုက်သည်။
သူ့တွင်နောက်ထပ်ဘဝသက်တမ်း သန်းခြောက်ရာကျော်ရှိနေပါသေးသည်။ အောင်မြင်ဖို့အတွက် လုံလောက်သင့်ပါ၏။
ဘဝသက်တမ်းများဆိုတာက အချိန်မရွေးစုဆောင်းရယူနိုင်သော ကိန်းဂဏန်းများပင် မဟုတ်ပါလော။
ဒါ့အပြင် သူဟာလုံကျန်းထက်တောင်မှ ပို၍ကံကောင်းနေသေးသည် မဟုတ်ပါလား။ လုံကျန်းသည် သူ့ဘဝ၏ ဇာတ်သိမ်းခန်းနား ရောက်သည့်အခါမှသာ ဘဝသက်တမ်းခိုးယူနိုင်သောစွမ်းရည်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး သူကတော့လက်ရှိတွင် နှစ်ပေါင်းလေးရာကျော်မျှသာ အသက်ရှင်ရသေးသည်။
သူ၏ဘဝတွင် အဆုံးအစမဲ့သောဖြစ်နိုင်ချေများ ရှိနေသေးသည်။
သို့သော်လည်းသူဟာ လုံကျန်းလိုမျိုးတော့ မောက်မာထောင်လွှားခြင်းမျိုးမရှိခဲ့ပါ။
နောက်ထပ်နှစ် သန်းရာနဲ့ချီ၍ ကုန်ဆုံးသွားခဲ့ပြန်သည်။
ကုအန်သည် စိတ်ကိုပိုင်းဖြတ်ထားခဲ့သည်။ ကျရှုံးသံများထွက်ပေါ်လာလေလေ သူဟာနောက်ထပ်ကျန်ရှိသော ဘဝသက်တမ်းများကို ထပ်မံ၍ရင်းနှီးမြှုပ်နှံလေလေဖြစ်သည်။
နောက်ထပ်ကျရှုံးပြန်ချေပြီ။
နောက်ဆုံးတွင်ကုအန်ဟာ ရင်းနှီးမြှုပ်နှံခြင်းကို ရပ်တန့်လိုက်ပြီးနောက် တစ်ခဏမျှ အသက်ရှူသွင်း၊ရှူထုတ်လုပ်၍ စိတ်ကိုတည်ငြိမ်စေခဲ့ရသည်။
နောက်ထပ်နှစ်ကြိမ်လောက် ထပ်ပြီးကြိုးစားမယ်။!
နောက်ထပ်နှစ်ပေါင်းသန်း၂ရာ ရင်းနှီးတာတောင် သူမအောင်မြင်သေးဘူးဆိုရင်တော့ ဒီတစ်ကြိမ်မှာရပ်တန့်လိုက်တာပေါ့။ နောက်ဆုံးတစ်ကြိမ် အဆင့်ချိုးဖျက်ဖို့အတွက် နှစ်သန်းပေါင်းငါးရာကုန်ကျခဲ့တယ်။ အခုတစ်ကြိမ်က နှစ်ဆလောက်တော့ ပိုကုန်ကျသင့်တယ်။
ကောင်းပြီလေ ထပ်လုပ်ကြတာပေါ့။
နှစ်သန်းပေါင်းတစ်ရာကို ရင်းနှီးမြှပ်နှံလိုက်၏။
ကုအန်၏မျက်ဝန်းများသည် အေးစက်သွားခဲ့ပြီးနောက် အရောင်အဝါပြောင်းလဲသွားခဲ့သည်။
[ သင်ဟာ ကျင့်ကြံမှုကို နှစ်ပေါင်းလေးဆယ့်ကိုးသန်းတိတိ ပြုလုပ်ခဲ့ပြီး တာအိုသစ်စေ့ကို အောင်မြင်စွာဖွံ့ဖြိုးနိုင်ခဲ့ပါတယ်။ သင်ဟာ ကောင်းကင်ရဲ့အတိဒုက္ခကပ်ဘေးကို ဖြတ်ကျော်ရာမှာလည်း အောင်မြင်သွားခဲ့ပြီး တာအိုသစ်သီးနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပါပြီ။ သင့်ရဲ့ကျင့်ကြံမှုဟာ အာကာပြင်တာအိုရှင် ကနဦး အဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ ]
[ သင်ဟာ နှစ်သန်းပေါင်းရှစ်ဆယ့်ငါးသန်းတိတိ ကျင့်ကြံခဲ့ပါတယ်။ သင့်ရဲ့ကျင့်ကြံမှုဟာ အာကာပြင်တာအိုရှင် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပါပြီ ]
[ သင်ဟာကျင့်ကြံမှုကို နှစ်သန်းတစ်ရာတိတိ ပြုလုပ်ခဲ့ပါတယ်။ သင့်ရဲ့ကျင့်ကြံမှုအဆင့်ဟာ တိုးမြင့်သွားခဲ့ပါပြီ ]
အဆင့်ချိုးဖျက်တာ အောင်မြင်သွားခဲ့ပြီကွ!
အဆင့်များကိုယခင်ကလိုမျိုး ကိုးလွှာအထိပိုင်းခြားခြင်းမျိုး မရှိတော့ဘဲ အစောပိုင်းနှင့်အလယ်အလတ်ဆို၍ ပိုင်းခြားလာခဲ့သည်။
တာအိုသစ်သီးအဆင့်သည် အဓိကနယ်မြေကြီးတစ်ခု ဖြစ်ပုံရသည်။
ဒါ့အပြင် အဆင့်သစ်၏နာမည်မှာ အာကာပြင်တာအိုရှင်အဆင့်ဟု ခေါ်တွင်ခဲ့လေသည်။
ဤသည်မှာ လုံကျန်းရောက်ရှိခဲ့သော အဆင့်ပင်ဖြစ်တော့သည်။ ထိုအဆင့်သို့ရောက်ရှိသွားပြီးနောက် သူ့ကိုသုတ်သင်ခြင်းနတ်ဧကရာဇ်က သတ်ဖြတ်လိုက်ခြင်းဖြစ်၏။
တာအိုဝိဉာဥ်စွမ်းအင်များသည် ကုအန်ထံသို့ အဆက်မပြတ်စီးဝင်လာခဲ့ကာ ဘဝသက်တမ်းအကာအရံလွှာရှိ နံပါတ်များသည်လည်း အဆက်မပြတ်ပြောင်းလဲနေခဲ့သည်။
ကုအန်၏ဘဝသက်တမ်းအကာအရံတွင် နှစ်သန်းပေါင်း သုံးရာကျော်သာ ရှိတော့သော်လည်း သူကဆက်လက်၍ သုံးစွဲခဲ့လေသည်။
အသိပေးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်သူသည် အလွန်အမင်းနှေးကွေးစွာ ရင်းနှီးမြှုပ်နှံနေခဲ့သည်။ တစ်ကြိမ်တွင် ဘဝသက်တမ်းသန်းတစ်ရာ ရင်းနှီးမြှုပ်နှံခြင်းမပြုတော့ပါ။
အာကာပြင်တာအိုရှင် နှောင်းပိုင်းအဆင့်။
အာကာပြင်တာအိုရှင် ပြီးပြည့်စုံမှုအဆင့်။
နောက်ထပ်အဆင့်နှစ်ဆင့် ဖြတ်ကျော်ရန်အတွက် ကုအန်သည် ဘဝသက်တမ်းပေါင်း တစ်ရာ့နှင့်နှစ်ဆယ်သန်းကို အသုံးပြုခဲ့ရသည်။
လက်ရှိသူ၏ဘဝသက်တမ်းအကာအရံတွင် သက်တမ်းပေါင်းသန်းတစ်ရာ့ရှစ်ဆယ်သာ ကျန်ရှိပါတော့သည်။
ဘဝသက်တမ်းတွေကို အကုန်လုံးသုံးပစ်လိုက်လို့တော့ မကောင်းဘူးမလား။
ကုအန်၏စိတ်အခြေအနေသည် အနည်းငယ်ခါးသီးသော အခြေအနေသို့ရောက်ရှိလာခဲ့သည်။ သူကြိုးစားစုဆောင်းခဲ့ရသော ဘဝသက်တမ်းများစွာ ကုန်ဆုံးသွားခဲ့သည် မဟုတ်ပါလော။
များပြားသော တာအိုဝိဉာဥ်စွမ်းအင်များသည် သူ၏ကိုယ်တွင်းသို့ ဝင်ရောက်လာခဲ့ကာ အသံမဲ့အပျက်အစီးနယ်မြေအတွင်း၌ နောက်ထပ်လက္ခဏာရပ်ကြီးတစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် တာအိုဝိဉာဥ်စွမ်းအင်များသာမက စကြာဝဠာ၏တာအိုစည်းမျဉ်းများသည်လည်း ကွန့်မြူးလျက်ရှိသည်။
ရုတ်ချည်းဆိုသလို တိုက်ခိုက်နေကြသော သို့တည်းမဟုတ် နေရာတစ်ခွင်တွင် ပြန့်ကျဲနေကြသော သက်ရှိများအားလုံးသည် အဝေးသို့ဆုတ်ခွာသွားခဲ့ကြသည်။
ဤတစ်ကြိမ် စွမ်းအင်လှိုင်းထကြွမှုသည် ကုအန် ယခင်တစ်ကြိမ် အဆင့်ချိုးဖျက်ခဲ့တုန်းကထက် ပိုမို၍ ပြင်းထန်နေခဲ့သည်။ နတ်အတွေးအစစ်အမှန် အမတများကတောင် ထိတ်လန့်သွားခဲ့ပြီး အဝေးသို့ ပြေးထွက်သွားခဲ့ကြသည်။
ကုအန်သည် မျက်ဝန်းကို ဖိပိတ်လိုက်ပြီးနောက် အဆင့်ချိုးဖျက်ခြင်းမှရရှိလာသော ဉာဏ်အလင်းများကို တွေးတောဆင်ခြင်နေခဲ့သည်။
သူ၏တာအိုသစ်စေ့သည် တာအိုဝိဉာဥ်စွမ်းအင်များကို အဆက်မပြတ် စုဆောင်းရယူနေခဲ့သည်။ တာအိုစည်းမျဉ်းများသည် သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်ကာ အကြောင်းအကျိုးတရားကို ဖြစ်ပေါ်စေခဲ့ပြီးနောက် ကံတရား၏နည်းလမ်းများကိုလည်း ပေါင်းစပ်ဖြစ်တည်စေခဲ့သည်။
ပြန်လည်ဝင်စားခြင်း၏ စည်းမျဉ်းများသည် အစဉ်အမြဲတည်ရှိခဲ့သော်လည်း ၎င်းသည်နက်ရှိုင်းဆန်းကျယ်တာကြောင့် လူတိုင်းနားလည်နိုင်သည့်အရာမျိုး မဟုတ်ပါချေ။
ကံတရားစည်းမျဉ်းများသည် ဝိဉာဥ်များကိုစုပ်ယူပြီးနောက် သူတို့ကိုအသစ်တစ်ကြိမ် ပြန်လည်ဝင်စားစေနိုင်သည်။ ဤဖြစ်စဉ်သည် အဆက်မပြတ်ရပ်တန့်မရ ဖြစ်နေဉီးမည်ဖြစ်သည်။
ကုအန်သည် တာအိုသစ်စေ့အပေါ် အာရုံစိုက်ထားလိုက်ပြီးနောက် အပြောင်းအလဲများကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
ကျင့်ကြံသူများ၏ဘဝလမ်းစဉ်သည် တာအိုစည်းမျဉ်းများနှင့် တူညီလုနီးပါးဖြစ်သော်လည်း အနည်းငယ်တော့ ကွာခြားမှုရှိပါသေးသည်။
ဒီ့မတိုင်ခင်ကသူတို့သည် သဘာဝတာအိုတရားများ၏စွမ်းအင်ကို ငှားရမ်းရယူနေခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်းတာအိုသစ်စေ့သည် တာအိုသစ်သီးအဖြစ် ပြောင်းလဲသွားပါက ကုအန်သည် မိမိ၏ကိုယ်ပိုင် တာအိုလမ်းစဉ်ကိုအသုံးပြု၍ စတင်တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။ သူဟာ အမျိုးမျိုးသော နည်းစနစ်များကိုအသုံးပြု၍ ပိုမိုအဆင့်မြင့်မားစွာ တိုက်ပွဲဝင်နိုင်လိမ့်မည်။
အာကာပြင်တာအိုရှင်အဆင့်သည် ပထမဆုံးမဟာနှောင်ဖွဲ့ခြင်းနတ်စွမ်းအားကို ဖြစ်ပေါ်စေလိမ့်မည်။
ကုအန်အပိုင်း၃၆၈- ဧရာမမျက်လုံး
အာကာပြင်တာအိုအဆင့်သည် ပထမဆုံးမဟာနှောင်ဖွဲ့ခြင်းနတ်စွမ်းအားကိုဖြစ်ပေါ်စေခဲ့သည်။
မဟာနှောင်ဖွဲ့ခြင်းနတ်စွမ်းအားများသည် အခြားတစ်ယောက်ကိုလက်ဆင့်ကမ်းပေး၍မရဘဲကိုယ်တိုင်သာအသုံးပြု၍ရလေသည်။
ကုအန်သည် သူ၏မဟာနှောင်ဖွဲ့ခြင်းနတ်စွမ်းအားကိုစောင့်မျှော်နေခဲ့မိသည်။ သူဟာ သူ၏အမတလမ်းစဥ်အထွတ်အမြတ်ရတနာအကြောင်းကိုလည်းတွေးတောနေမိခဲ့သည်။ ထိုအရာနှစ်ခုကိုပေါင်းစပ်၍ရနိုင်မလားစဥ်းစားနေမိခြင်းဖြစ်၏။ ပေါင်းစပ်၍ရပါကအတော်ကလေးဝမ်းသာစရာကောင်းပါလိမ့်မည်။
သူသည်စာအုပ်များရေးသားရတာနှစ်သက်တာကြောင့် စုတ်တံတစ်ချောင်းကိုဖန်တီးရန်ဆုံးဖြတ်လိုက်လေသည်။ မဟာနှောင်ဖွဲ့ခြင်းနတ်စွမ်းအားသည် ၎င်းစုတ်တံနှင့်ဆက်စပ်လျက်ရှိပေလိမ့်မည်။
ထိုအတွေးအကြံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထူးခြားသောစွမ်းရည်တစ်ခုသည်သူ၏ခန္ဓာကိုယ်အတွင်းမှပေါက်ဖွားလာခဲ့ကာ သဘာဝ၏တာအိုစည်းမျဥ်းများနှင့်ပေါင်းစပ်သွားခဲ့သည်။ ကြီးမားသောစွမ်းအင်လှိုင်းလှုပ်ရှားမှုသည် များမကြာမီတွင်မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးအထိတိုင်ရောက်ရှိသွားခဲ့သည်။
အပြင်ဘက်ကောင်းကင်ယံအလွှာကိုစောင့်ကြပ်နေကြသော ကြီးမြတ်သည့်ကျင့်ကြံသူများအားလုံးသည်ထိတ်လန့်သွားခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက်မတ်တတ်ရပ်လာခဲ့ကြသည်။
"နောက်တစ်ကြိမ်လာပြန်ပလားကွာ။ ဒီတစ်ကြိမ်ကပိုလို့တောင်မှအစွမ်းထက်နေသေးတယ်"
"ဒီတစ်ခေါက်လက္ခဏာရပ်ကဘာများဖြစ်မလဲ။ ဘာလို့တာအိုဝိညာဥ်စွမ်းအင်တင်မက စကြဝဠာရဲ့တာအိုနိယာမတွေပါထွက်ပေါ်လာရတာလဲ"
"တည်နေရာအတိအကျကိုဆုံးဖြတ်လို့မရဘူးဖြစ်နေတယ်"
"လူတိုင်းပဲသတိထားကြစမ်း။ ဒါကကောင်းကင်မိစ္ဆာနဲ့သက်ဆိုင်နေတာဖြစ်နိုင်တယ်"
"ပြဿနာတွေကတစ်ခုပြီးတစ်ခုကိုရောက်လာတော့တာပဲကွာ။ ကောင်းကင်းဘုံကငါတို့ကိုပြစ်ဒဏ်ခတ်နေတာများလား"
ကြီးမြတ်သောကျင့်ကြံသူများသည်ဆွေးနွေးပြောဆိုနေကြသည့်အချိန်တွင် ပုံရိပ်နှစ်ခုသည်သူတို့၏ဦးခေါင်းအထက်မှထွက်ပေါ်လာခဲ့သည်။ ဘယ်သူကမှထိုပုံရိပ်နှစ်ခုကိုမတွေ့မြင်နိုင်ခဲ့ပါ။
၎င်းတို့ဟာအမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးမှ လွတ်ငြိမ်းရာနတ်အမတအဆင့်ကျင့်ကြံသူကြီးများဖြစ်ကြသည်။
အမတမင်းဆက်၏လွတ်ငြိမ်းရာနတ်အမတအဆင့်စွမ်းအားရှင်ကို ရှေးဟောင်းအမတဧကရာဇ်အဖြစ်လူသိများကျော်ကြားပြီး မြင့်မြတ်ခုံရုံးမှစွမ်းအားရှင်ကိုတော့ သူတော်စင်ဘိုးဘေးအဖြစ်အသိအမှတ်ပြုကြသည်။
ရှေးဟောင်းအမတဧကရာဇ်သည် ငယ်ရွယ်သောအသွင်အပြင်ရှိနေသော်လည်း သူ၏ဆံပင်များကတော့ဖြူဖွေးနေခဲ့သည်။ သူဟာအဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်မှတောက်ပသောတာအိုအလင်းရောင်များဖြာထွက်နေခဲ့ကာ စကြဝဠာအတွင်းရှိကြယ်ရောင်များနှင့်တောင်တူညီနေခဲ့လေသည်။
"ဒါကအဆင့်ချိုးဖျက်တက်ရောက်မှုတစ်ခုလား။ ဒါမှမဟုတ် အစီအရင်တစ်ခုကိုခင်းကျင်းနေတာများလား"
ရှေးဟောင်းအမတဧကရာဇ်သည်မျက်မှောင်ကြုတ်လျက်တီးတိုးရေရွတ်လိုက်သည်။
အနက်ရောင်တာအိုဝတ်ရုံကိုဝတ်ဆင်ထားပြီး အနက်နှင့်အဖြူရောင်ဆံပင်များရောထွေးလျက်ရှိသောသူတော်စင်ဘိုးဘေးကလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာအားကောင်းသန်မာသော မဟာစွမ်းအားလှိုင်းများထွက်ပေါ်လျက်ရှိသည်။ သူ၏မျက်ဝန်းများသည်စကြဝဠာ၏အနက်ရှိုင်းဆုံးအပိုင်းအထိ ထွင်းဖောက်၍ကြည့်ရှုနေခဲ့သည်။
"ကြည့်ရတာနှစ်ခုစလုံးမဖြစ်နိုင်ဘူးနဲ့တူတယ်။ တာအိုစည်းမျဥ်းတွေကစကြဝဠာအပေါ်သက်ရောက်မှုရှိနေတာဖြစ်နိုင်တယ်"
တာအိုဘိုးဘေးကစိတ်ရှုပ်ထွေးနေသောအသံဖြင့်ပြောဆိုလိုက်သည်။
လွတ်ငြိမ်းရာနတ်အမတနှစ်ပါးစလုံးသည် တစ်ပြိုင်နက်တည်းတိတ်ဆိတ်သွားခဲ့ကြသည်။
အတော်ကလေးကြာသည့်အခါသူတော်စင်ဘိုးဘေးသည် ရှေးဟောင်းအမတဧကရာဇ်ကိုစိုက်ကြည့်၍ပြောဆိုလိုက်သည်။
"ဒါနဲ့မင်းက လူငယ်မျိုးဆက်တွေရဲ့ရန်ပွဲမှာတော့ပါဝင်မပတ်သက်ဘူးမလား"
ရှေးဟောင်းအမတဧကရာဇ်သည် သူတော်စင်ဘိုးဘေးကိုလှမ်းကြည့်လာပြီးပြောဆိုလိုက်သည်။
"မင်းသာငါတို့ရဲ့သဘောတူညီချက်ကိုမချိုးဖောက်သရွေ့ ငါဝင်ပါမှာမဟုတ်ဘူး"
သူတော်စင်ဘိုးဘေးသည်နောက်ဆုံးတွင် ပြုံးလာခဲ့ပြီးခေါင်းညိတ်လိုက်သည်။
"လူငယ်မျိုးဆက်တွေကိုတိုက်ခိုက်ပါစေလေ။ တာအိုကိုနားလည်ဖို့ဆိုတာငါတို့အားလုံးကြိုးစားနေတဲ့အရာပဲမဟုတ်လား။ ကောင်းကင်မိစ္ဆာကသာငါတို့ရဲ့မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးကို တကယ်တိုက်ခိုက်လာလိမ့်မယ်ဆိုရင်အပျက်အစီးတွေကိုကြုံတွေ့ရလိမ့်မယ်။ ငါတို့အားလုံးအဲဒါအတွက်ပြင်ဆင်ထားသင့်တယ်"
ရှေးဟောင်းအမတဧကရာဇ်တွင်လည်း ငြင်းခုံစရာမရှိခဲ့ပါ။ သူသည် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးကို အဓိပ္ပာယ်ပြည့်ဝသောမျက်ဝန်းများဖြင့်တစ်ချက်လှမ်းကြည့်လိုက်သည်။
"ရှန်ထန်းမှာ ဘဝသက်တမ်းဘယ်လောက်ကျန်သေးလဲ"
ရှေးဟောင်းအမဧကရာဇ်ကမေးမြန်းလိုက်သည်။
သူတော်စင်ဘိုးဘေးကခေါင်းကိုခါယမ်းလိုက်၏။
"ငါလည်းမသိဘူး။ အစောပိုင်းနှစ်တွေပြီးကတည်းကသူငါ့ကိုမယုံကြည်တော့ဘူး။ ကောင်းကင်တာအိုကိုတစ်ယောက်တည်းကျင့်ကြံနေပြီး အထီးကျန်တစ်ကိုယ်တည်းလမ်းကိုလျှောက်လှမ်းသွားလေရဲ့"
ရှေးအမတဧကရာဇ်ဟာတိတ်ဆိတ်သွားခဲ့ပြီးဆက်လက်မေးမြန်းခြင်းမပြုတော့ပါ။ သူ၏အကြည့်များသည်အသံမဲ့အပျက်အစီးရှိရာနယ်မြေသို့ရောက်ရှိသွားခဲ့သည်။
...
ဘုန်း!
ကုအန်၏တာအိုသစ်စေ့သည် တာအိုသစ်သီးအဖြစ်အပြည့်အဝပြောင်းလဲသွားခဲ့ကာ အာကာပြင်တာအိုရှင်အဆင့်သို့ရောက်ရှိသွားခဲ့သည်။
တစ်ချိန်တည်းတွင်သူ၏တာအိုသစ်သီးသည် တာအိုသင်္ကေတများကိုလည်းပေါက်ဖွားစေခဲ့သည်။ ဒါ့အပြင် သူ၏ကိုယ်ပိုင်မဟာနှောင်ဖွဲ့ခြင်းနတ်စွမ်းအားသည်လည်းဖြစ်ပေါ်လာခဲ့သည်။
ကုအန်သည်သူကိုယ်တိုင်ဖန်တီးထားခဲ့သော မဟာနှောင်ဖွဲ့ခြင်းနတ်စွမ်းအားကိုမယိမ်းယိုင်သောသစ္စာတရားဟုအမည်ပေးခဲ့သည်။ ၎င်းသည် အကြောင်းအကျိုးပေါ်တွင်မှီတည်လျက်ဖြစ်သောမြင့်မြတ်သည့်စွမ်းအားတစ်မျိုးဖြစ်ကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကိုဆုံးဖြတ်နိုင်စွမ်းရှိ၏။ သက်ရှိအားလုံး၏ကံတရားများနှင့်လည်း ဆက်စပ်လျက်ရှိသည်။
၎င်းအတွင်းရှိဆန်းကြယ်သောနိယာမများကို သာမန်စကားဖြင့်ဖော်ပြ၍မရနိုင်ပါ။
ကုအန်သည်ဆက်လက်၍ အာကာပြင်တာအိုရှင်အဆင့်၏အလယ်အလတ်အဆင့်သို့ရောက်ရှိအောင်ကျင့်ကြံမှုကိုတိုးမြှင့်လိုက်သည်။
သူသည်မျက်ဝန်းဖွင့်လှစ်လိုက်ပြီးနောက် မိမိကိုယ်ပိုင်အချက်အလက်ကိုကြည့်ရှုလိုက်သည့်အခါ သူ့တွင်ဘဝသက်တမ်း ၁၃၀သန်းကျန်ရှိနေသေးတာကိုတွေ့မြင်လိုက်ရသည်။ သူ၏နှလုံးသားကအနည်းငယ်တော့စိတ်သက်ရာရသွားခဲ့သည်။
ဒီလိုဆိုရင်ဘဝသက်တမ်းအကာအရံအလွှာမှာ သက်တမ်းတွေားလုံးကုန်ဆုံးမသွားနိုင်သေးဘူးပဲ။
အချိန်တွေကုန်တာမြန်လိုက်တာကွာ။ နောက်ထပ်တစ်နာရီကြာမြင့်သွားသည့်အခါ သူ၏ကျင့်ကြံမှုသည်အာကာပြင်တာအိုရှင်အဆင့်၏နှောင်းပိုင်းတွင်အခြေတည်သွားခဲ့သည်။
ဆက်လက်၍တက်လှမ်းရန်အဆင့်ငယ်တစ်ဆင့်မျှသာကွာခြားပါတော့သည်။
အာကာပြင်တာအိုရှင်နှောင်းပိုင်းအဆင့်၏စွမ်းအားများသည် အစောပိုင်းအဆင့်ထက်များစွာသန်မာအားကောင်းလေသည်။
များပြားသောစွမ်းအားများကြောင့်ကုအန်သည် စိတ်ကျေနပ်စွာပြုံးရယ်မိလိုက်သည်။
စကြဝဠာကြီးကတောင်သူ့ကိုမတားဆီးနိုင်တော့ဘူးလို့ခံစားနေရသည်။ သူဟာခြေတစ်လှမ်းလှမ်းရုံဖြင့် စကြဝဠာကြီးအပြင်ဘက်ထိ ခုန်ထွက်နိုင်တော့မည့်အလားအားအင်ပြည့်ဝနေခဲ့သည်။
သို့သော်လည်း သူဟာမိမိကိုယ်ကိုယ်ထိန်းချုပ်လိုက်ရသည်။ အပြင်ဘက်တွင်ရှိနေသောတည်ရှိမှုကြီးများက သူ့ကိုစောင့်ကြည့်လာမှာကိုစိုးရိမ်နေခဲ့လေသည်။ အထူးအားဖြင့် သုတ်သင်ခြင်းနတ်ဧကရာဇ်၊ မဟူရာနက်ရှိုင်းခြင်းဧကရာဇ်တို့က သူ့ကိုစောင့်ဆိုင်းနေနိုင်သည်။
သူသည်အဝေးတစ်နေရာသို့စိုက်ကြည့်လိုက်လေသည်။
သူ၏နတ်အတွေးအာရုံသည် မမြင်တွေ့နိုင်သောအရာအဖြစ်ပြောင်းလဲသွားခဲ့ကာ အဝေးတစ်နေရာသို့စူးစမ်းနေခဲ့သည်။
အသံမဲ့အပျက်အစီးနယ်မြေကိုဖြတ်သန်းသွားခဲ့ပြီးလျှင် သူ၏နတ်အတွေးအာရုံသည်အစွမ်းထက်သောသက်ရှိများစွာကိုတွေ့မြင်နိုင်ခဲ့သည်။ အသံမဲ့အပျက်အစီးနယ်မြေကြီးအတွင်း၌ နတ်အတွေးအစစ်အမှန်အမတအနည်းငယ်ရှိနေခဲ့သည်။ သူတို့အားလုံးဟာပြန့်ကျဲလျက်တည်ရှိသော်လည်း အတော်လေးတော့အရေအတွက်များပြားလေသည်။
ကျယ်ဝန်းသောအကွာအဝေးအတိုင်းအဆထိဆန်းစစ်ကြည့်ရှုပြီးလျှင် သူသည်နောက်ထပ်ကောင်းကင်နှင့်ကမ္ဘာမြေပြင်တစ်ခုကိုတွေ့မြင်ခဲ့ရသည်။
သူသည်ဆက်လက်နှောင့်နှေးခြင်းမရှိဘဲစောင့်ကြည့်ခဲ့သည်။
များမကြာမီတွင် သူသည်အသံမဲ့မပျက်အစီးနယ်မြေကြီး၏လွှမ်းခြုံထားခြင်းခံရသော နောက်ထပ်ကောင်းကင်ဘုံသုံးဘုံကိုတွေ့မြင်ခဲ့သည်။
သူ၏နတ်အတွေးအာရုံသည် အကန့်အသတ်သို့ရောက်ခါနီးတွင် သူဟာအသာအယာပြန်လည်ရုပ်သိမ်းလိုက်သည်။
မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးနှင့် အနီးစပ်ဆုံးရှိနေသောကောင်းကင်ဘုံကတောင်အလွန်အမင်းဝေးကွာနေခဲ့လေသည်။ ထိုနေရာသို့ခရီးသွားလာနေပါက အစစ်အမှန်နတ်အမများကတောင်နှစ်ပေါင်းများစွာကြာခရီးနှင်ရပါလိမ့်မည်။
သာမန်ကာလျှံကာပျံသန်းသွားရုံဖြင့်မရောက်နိုင်ပါ။ ကုအန်သည်သူ၏ခန္ဓာကိုယ်ကိုပြန်လည်အာရုံစိုက်လိုက်ကာ ကိုယ်ပိုင်တာအိုသစ်သီးကိုကြည့်ရှုလိုက်သည်။
တာအိုသစ်သီးရင့်မှည့်လာခဲ့ပါက အဆင့်သစ်တစ်ခုကိုရောက်ရှိလိမ့်မည်ဟုသူခံစားနေရသည်။
သူသည်ထိုနေ့ကိုစောင့်မျှော်နေမိလေသည်။
ဤအချိန်တွင်ကုအန်သည်တစ်ခုခုကိုအာရုံခံမိသွားခဲ့ကာ ကောင်းကင်သို့မော့ကြည့်လိုက်သည်။
အမှောင်ထုအတွင်း၌ကြီးမားသောမျက်ဝန်းကြီးတစ်စုံသည်ထွက်ပေါ်လာခဲ့သည်။ ၎င်းမျက်ဝန်းကြီးများသည် သူ၏ယခင်အဆင့်ဖြတ်ကျော်မှုများအတွင်း၌ထွက်ပေါ်မလာခဲ့ဖူးပါ။
ထိုမျက်လုံးကြီးတစ်လုံးစီတိုင်းသည် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးထက်တောင်ကြီးမားနေခဲ့သည်။
ကုအန်သည်ဧရာမမျက်ဝန်းကြီးကိုစူးစိုက်နေခဲ့ကာ ထိုအရာဘာလဲဆိုတာကိုသိရှိလိုနေခဲ့သည်။
အပိုင်း၃၆၈ -ဆန်းကြယ်သောပြန်လည်ဝင်စားခြင်း၊ ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံ
ကုအန်သည် ၎င်းမျက်ဝန်းကြီးနှင့်ပတ်သတ်၍ သူ၏မှတ်ဉာဏ်အတွင်း၌ရှာဖွေလိုက်သည်။ ထိုမျက်ဝန်းကြီးများဟာ မဟူရာနက်ရှိုင်းခြင်းဧကရာဇ်၏မျက်ဝန်းများမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ၎င်းတို့က သုတ်သင်ခြင်းနတ်ဧကရာဇ်၏မျက်ဝန်းများလားဆိုတာကိုတော့ သူကိုယ်တိုင်လည်းမဆုံးဖြတ်နိုင်ပါ။
လုံးကျန်းသည် သုတ်သင်ခြင်းနတ်ဧကရာဇ်၏ခန္ဓာကိုယ်အစစ်အမှန်ကို ဘယ်တုန်းကမှမမြင်တွေ့ခဲ့ဖူးပါ။ ၎င်းနတ်ဧကရာဇ်၏လက်တစ်ဖက်ဖြင့် သေသည်အထိအသတ်ခံလိုက်ရခြင်းဖြစ်သည် မဟုတ်လော။
ကုအန်သည် ၎င်းမျက်ဝန်းကြီးတစ်စုံ၏ကျင့်ကြံမှုကိုထွင်းဖောက်မတွေ့မြင်နိုင်ခဲ့ပါ။ သို့သော်လည်း ထိုမျက်ဝန်းကြီးများသည်လူတို့ကိုအကြောက်တရားနှင့် ထိတ်လန့်ဖွယ်ကောင်းသောခံစားချက်တို့ပေးစွမ်းနိုင်ခဲ့သည်။
ဘဝသက်တမ်းအကာအရံရှိနေခဲ့တာကြောင့် ကုအန်သည်တစ်ဖက်လူကသူ့ကိုရှာတွေ့သွားမှာကို မစိုးရိမ်ခဲ့ပါ။
ထိုမျက်ဝန်းကြီးသည် တစ်ခဏကြာအောင်စိုက်ကြည့်ပြီးလျှင် ပြန်လည်ပျောက်ကွယ်သွားလိမ့်မည်ဟုသူတွေးခဲ့သော်လည်း ထိုသို့ဖြစ်မလာခဲ့ပါ။
သူသည်၎င်းမျက်ဝန်းကြီးများ၏အလယ်ဗဟိုမှ လူနှစ်ယောက်ရုတ်တရက်ပျံသန်းထွက်လာတာကိုတွေ့မြင်လိုက်ရသည်။ သူတို့က ကုအန်ထံသို့အလွန်အမင်းမြန်ဆန်သောနှုန်းထားဖြင့် ပျံသန်းရောက်ရှိလာခဲ့ကာ မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးရှိရာသို့ ဦးတည်နေခဲ့ခြင်းဖြစ်သည်။
သူတို့သည် ကုအန်ကိုဖြတ်သန်းသွားခဲ့သော်လည်း ကုအန်နှင့်သူတို့အကြားတွင် အကွာအဝေးတစ်ခုတော့ရှိနေခဲ့ဆဲသာ။
ကုအန်သည် သူတို့သွားရာအရပ်မျက်နှာကိုလှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်ခုံးများသည်တွန့်ခေါက်သွားခဲ့ကာ မျက်နှာပေါ်တွင်စိုးရိမ်နေသောအမူအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သူသည်ထိုလူနှစ်ယောက်ဟာ လွတ်ငြိမ်းရာနတ်အမတများဖြစ်ကြကြောင်းကိုအာရုံခံစားရရှိခဲ့သည်။ လွတ်ငြိမ်းရာနတ်အမတများသည် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးရှိ အသက်ဝိညာဥ်နှင့်ခန္ဓာများကိုအလွယ်တကူသတ်ဖြတ်သုတ်သင်နိုင်စွမ်းရှိ၏။
သူသည် အဆင့်ချိုးဖျက်တက်ရောက်ရန်လိုအပ်နေသေးတာကြောင့် အလောသုံးဆယ်လှုပ်ရှားခြင်းမျိုးမပြုလုပ်ခဲ့ပါ။
ထို့အပြင်၎င်းမျက်ဝန်းကြီးများသည် ဤနေရာတွင်ရှိနေသေးသည်ဖြစ်ရာ သူလှုပ်ရှားလိုက်ပါက တစ်ဖက်ရန်သူက သတိထားမိသွားမှာကိုလည်း စိုးရိမ်နေခဲ့သည်။
ကုအန်သည် အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးမှ လွတ်ငြိမ်းရာနတ်အမတကြီးနှစ်ပါးပေါ်ထွက်လာတာကိုလည်းတွေ့မြင်ခဲ့ရပြီးလေပြီ။ ထိုလူနှစ်ယောက်ကလျှို့ဝှက်ဆန်းကြယ်သောရန်သူများကို တားဆီးနိုင်လိမ့်မည်ဟုမျှော်လင့်ရသည်။
သို့သော်လည်း ဧရာမမျက်ဝန်းကြီးများမှထွက်ပေါ်လာသောလူနှစ်ယောက်သည် အသံမဲ့အပျက်အစီးနယ်မြေ၏အစွန်အဖျားနားရောက်သည့်အခါ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
ကုအန်သည် သူတို့ဟာ ပြန်လည်ဝင်စားခြင်း၏စည်းမျဥ်းများအတွင်းသို့ဝင်ရောက်သွားကြောင်းကိုသိရှိလိုက်ရသည်။ သူတို့က မမြင်တွေ့နိုင်သောပုံစံဖြင့် အပြင်ဘက်ကောင်းကင်ဘုံ၏အလင်းလွှာအတွင်းသို့ဝင်ရောက်သွားခဲ့ကြသည်။ သူတို့၏တည်ရှိမှုသည် လုံးဝပျောက်ကွယ်သွားလေသည်။
ဖြစ်စဥ်တစ်ခုလုံးကို လွတ်ငြိမ်းရာနတ်အမတကြီးနှစ်ပါးကတောင်မသိရှိနိုင်ခဲ့ကြပါ။
ဒါက....
ပြန်လည်ဝင်စားခြင်းလား။
ကုအန်သည်ခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါ ဧရာမမျက်ဝန်းကြီးများသည် အမှောင်ထုအတွင်းသို့တဖြည်းဖြည်းပျောက်ကွယ်သွားတာကိုတွေ့မြင်လိုက်ရသည်။
ထားလိုက်တော့။ အရင်ဆုံးအဆင့်တက်လိုက်တာပေါ့။
ကုအန်ဟာညာဘက်လက်ကိုမြှောက်ပင့်လိုက်ပြီးလျှင် သူ၏အစွမ်းထက်သောစွမ်းအားများကိုစုရုံးလိုက်ကာ သူအလိုရှိသောအမတလမ်းစဥ်၏ထူးမြတ်သောရတနာတစ်ပါးကိုပြုလုပ်ခဲ့သည်။
လွတ်ငြိမ်းရာနတ်အမတများသည် နတ်အမတလမ်းစဥ်၏ထူးမြတ်သောရတနာများကို ဖန်တီးနိုင်စွမ်းရှိကြသည်။ အထူးသဖြင့် လွတ်ငြိမ်းရာနတ်အမတအဆင့်ထက်မြင့်သော ပုဂ္ဂိုလ်ကြီးများအတွက်တော့ဖန်တီးခြင်းသည်ပို၍လွယ်ကူလေသည်။
သူ၏ကျင့်ကြံမှုအဆင့်အတန်းမြင့်မားလာခြင်းနှင့်အတူ ကုအန်သည်အမတလမ်းစဥ်၏ထူးမြတ်သောရတနာကိုအလျင်အမြန်ပုံဖော်ဖန်တီးခဲ့သည်။ သူဟာသူ၏ကိုယ်ပိုင်တာအိုများကို ၎င်းအတွင်းသွတ်သွင်းခဲ့ပြီးနောက် ဓမ္မရတနာ၏ပုံစံကိုတဖြည်းဖြည်းချင်းဖန်တီးရယူနေခဲ့သည်။
အချိန်များဟာဆက်လက်ကုန်ဆုံးသွားခဲ့သည်။ တစ်နာရီခန့်ကုန်လွန်သွားပြီးနောက်တွင် ကုအန်သည် လွတ်ငြိမ်းရာနတ်အမတပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိသွားခဲ့သည်။
ဤအကြိမ်တွင်သူဟာ ကြီးမြတ်သောစွမ်းအားတို့ကိုခံစားနေခဲ့ရသည်။ သူသည် ကမ္ဘာမြေပြင်ကိုထွင်းဖောက်ပြီး ကောင်းကင်ကိုရောက်နိုင်သောလူတစ်ယောက်အလားရှိချေသည်။
သူ၏ညာဘက်လက်ကတော့ ရတနာပစ္စည်းကိုပုံဖော်ဖန်တီးနေဆဲသာ။ တောက်ပသောနတ်အလင်းတန်းများသည် သူ၏မျက်နှာ၌ရောင်ပြန်ဟပ်လျက်ရှိကာ သူ၏နဖူးပေါ်တွင်ရွှေရောင်သင်္ကေတတို့ဝင်းလက်တောက်ပနေခဲ့သည်။ သူ့မျက်နှာသွင်ပြင်ဟာထူးခြားဆန်းကြယ်နေခဲ့သည်။
သူ၏မျက်ဝန်းများသည်လည်း ကောင်းကင်နှင့်ကမ္ဘာမြေတို့၏နက်ရှိုင်းမှုများကို ဖုံးကွယ်ထားခဲ့သည့်အလားတောက်ပနေခဲ့သည်။
သူဟာကိုယ်ရေးအချက်အလက်ဇယားကိုစိုက်ကြည့်လိုက်သည့်အခါ သူ့တွင်ဘဝသက်တမ်း၊ သန်းပေါင်း၇၀ရှိနေကြောင်းကို တွေ့ရှိလိုက်ရသည်။ သူသည်ဘဝသက်တမ်းအလွှာကို ရုပ်သိမ်းရန်အတွက်အလျင်မလိုခဲ့ဘဲ အမတလမ်းစဥ်၏ရတနာကိုဆက်လက်ပြုလုပ်နေခဲ့သည်။
အဆင့်ချိုးဖျက်ခြင်းပြီးစီးသွားသည့်အခါ ဘဝသက်တမ်းအကာအရံမှ သူ၏သက်တမ်းကိုစားသုံးခြင်းအရှိန်သည်လည်း တဖြည်းဖြည်းလျော့ကျသွားခဲ့သည်။
အသံမဲ့အပျက်အစီးနယ်မြေအတွင်းရှိစွမ်းအင်လှိုင်းလှုပ်ရှားမှုများသည်လည်း တဖြည်းဖြည်းငြိမ်သက်သွားခဲ့ကာ ပတ်ပတ်လည်ရှိပုန်းအောင်းနေသောသတ္တဝါအပေါင်းတို့သည် စိတ်ချမ်းသာရာရရှိသွားခဲ့ကြသည်။
မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးရှိသက်ရှိများကသာ စိုးရိမ်နေခဲ့ကြသည်မဟုတ်ဘဲ အသံမဲ့အပျက်အစီးနယ်မြေအတွင်းရှိသက်ရှိများကလည်းစိုးရိမ်နေခဲ့ကြသည်။ နေရာတိုင်းတွင်ကပ်ဘေးဒုက္ခနှင့်ပတ်သတ်သော ဒဏ္ဍာရီပုံပြင်များများစွာရှိနေတာကြောင့် လူတို့သည် မသိနားမလည်သည့်အရာများကို အလိုအလျောက် ကြောက်လန့်လေ့ရှိကြသည်။
တာအိုဝိညာဥ်စွမ်းအင်များသည် တဖြည်းဖြည်းချင်းသိမ်မွေ့လာခဲ့ပြီးလျှင် တာအိုစည်းမျဥ်းများသည်ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ အသံမဲ့အပျက်အစီးနယ်မြေကြီးတစ်ခုလုံးသည် သုသာန်တစပြင်အလားတိတ်ဆိတ်နေခဲ့လေသည်။
နောက်ထပ်နှစ်နာရီမျှကုန်လွန်သွားခဲ့သည်။
နောက်ဆုံးတွင်အမတလမ်းစဥ်၏မြင့်မြတ်သောရတနာသည် ပုံဖော်ဖန်တီး၍ပြီးစီးသွားခဲ့သည်။ ၎င်းကိုအမတလမ်းစဥ်၏ အစစ်အမှန် ထူးမြတ်သော ရတနာအဖြစ်ပြောင်းလဲရန်အတွက် နောက်ဆုံးအဆင့်သာလိုတော့သည်။ ထိုအဆင့်မှာစိတ်ဝိညာဥ်အဆီအနှစ်ကိုပေါင်းစပ်ခြင်းဖြစ်သည်။