အခန်း (၃၇၁-၃၇၂)
Vol. 28 Ch. 371-372
Swam Min Htet:
အပိုင်း ၃၇၁- ကောင်းကင်မိစ္ဆာများ၏ အုံကြွမှု။
ကုအန်ကလည်း ပုခုံးကိုတွန့်လိုက်ပြီး ပြောလိုက်သည်။ " ငါကိုယ်တိုင်ကလည်း ရွှေအဆင့်ပါရမီရှင်ပါပဲကွ"
ရွှေအဆင့်နှင့်ကောင်းကင်အဆင့်ပါရမီရှင်များကို အဓိပတိဂိုဏ်းကပြဌာန်းထားခဲ့ခြင်းဖြစ်သည်။ ရွှေအဆင့်ပါရမီရှင်တစ်ယောက်ချင်းစီတိုင်းသည် တိုက်ကြီး၏တစ်လွှားတွင်ရှိနေသော ပါရမီရှင်များအားလုံးကို ယှဉ်ပြိုင်တိုက်ခိုက်လာဖို့ ဆွဲဆောင်နိုင်စွမ်းရှိခဲ့သည်။ သို့သော်လည်း ကုအန်ကတော့တစ်ကြိမ်တစ်ခါမှ ယှဉ်ပြိုင်ပွဲများထဲတွင် မပါဝင်ခဲ့ပါ။
ယုယင်ယင်သည် ဘေးသို့ရှောင်ကြဉ်ပေးလိုက်သည်။
လုံချင်းဟာ ၁၀ မီတာခန့်အကွာတွင်မတ်တတ်ရပ်နေခဲ့ပြီးနောက် သွေးပူလေ့ကျင့်ခန်းကိုပြုလုပ်နေခဲ့သည်။ သူသည်အင်မတန်မှ စိတ်လှုပ်ရှားနေခဲ့ကာ ကုအန်၏လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးချင်နေခဲ့သည်။
တတိယတောင်ကြားထဲတွင် ကုအန်သည် ပြိုင်ဘက်ကင်းဟူသော ဒဏ္ဍာရီတစ်ခုကို ကိုင်ဆောင်ထားနိုင်ခဲ့သည်။
သူသည် လက်ကိုးချောင်းနတ်အရှင်နှင့် ရှန်ရှင်းကျိတို့လို ကြီးမြတ်သောကျင့်ကြံသူများကို မယှဥ်ပြိုင်နိုင်သော်လည်း သူ၏ကိုယ်ပိုင်အဆင့်ထဲတွင် သံသယဝင်စရာမလိုအောင် အလွန်အမင်းသန်မာသည်မဟုတ်လော။
ကုအန်သည် ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို ကိုင်ဆောင်ထားပြီးနောက် လုံချင်းကိုလာခဲ့ဖို့အတွက် လက်ယပ်ခေါ်လိုက်သည်။
လုံချင်းသည် ခြေတစ်လှမ်းဖြင့်ကုအန်၏ရှေ့သို့အပြေးထွက်လာခဲ့သည်။
မြန်ဆန်လွန်းတယ်!
ယုယင်ယင်သည် လုံချင်း၏အမြန်နှုန်းကို လိုက်မမီနိုင်ခဲ့ပါ။ သူမ၏မျက်ဝန်းသူငယ်အိမ်များသည် တုန်လှုပ်ပြူးကျယ်သွားခဲ့သည်။
လုံချင်းသည် အသူရာချောက်နက်မှ ထွက်ပေါ်လာသည့် ပင်လယ်နဂါးတစ်ကောင်နဲ့တူသော ပြင်းထန်သည့်လက်သီးတစ်ချက်ကို ထုတ်ဖော်ခဲ့သည်။ ကြီးမားသောပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကုအန်သည် သူ၏လက်ကိုအသာအယာပင့်မြှောက်လိုက်ပြီးနောက် ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို ဝှေ့ယမ်းကာ လုံချင်း၏လက်သီးကို ပိတ်ဆို့ကာရံလိုက်သည်။ လက်သီးလုံးသည် သူ၏ရင်ဘတ်ပေါ်သို့ကျရောက်မလာနိုင်ခဲ့ပါ။
လုံချင်း၏အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ကာ သူ၏ညာဘက်လက်သည်ဆက်လက်၍ ရှေ့သို့တိုးကပ်မလာနိုင်တော့ချေ။ ထိုအချိန်တွင် သူသည် ကုအန်၏ပြိုင်ဘက်ကင်းသော တည်ရှိမှုကြီးကို ခံစားလိုက်ရသည်။ ကုအန်ဟာ မတုန်လှုပ်နိုင်သော တောင်တန်းကြီးတစ်ခုအလားရှိနေခဲ့သည်။
သူ၏အကြီးမားဆုံးအားကိုးအားထားရာမှာ သူမတူအောင် သန်စွမ်းသောရုပ်ပိုင်းဆိုင်ရာခွန်အားဖြစ်သည်။ ရန်သူဟာ သူ၏ခွန်အားထက် ပိုမိုသာလွန်နေသည့်အခါ သူအဘယ်ကြောင့် မထိတ်လန့်ဘဲ ရှိရမည်နည်း။
ကုအန်၏ နှုတ်ခမ်းထောင့်စွန်းများသည် မြှောက်တက်သွားခဲ့သည်။ စုတ်တံကိုကိုင်ဆောင်ထားသောသူ၏ညာဘက်လက်သည် ရုတ်တရက်မြောက်တက်လာခဲ့ကာ လုံချင်း၏လက်ကိုလေပေါ်သို့ပင့်မြှောက်လိုက်သည်။ ယင်းနောက် သူ၏ခြေထောက်ကိုအသာအယာပင့်မြှောက်ကာ ကန်ချက်တစ်ခုကိုထုတ်ဖော်လိုက်သည်။
ဘန်း!
လုံချင်း၏ရင်ဘတ်သည် အပြင်းအထန်ထိခိုက်သွားခဲ့ပြီး သူ၏မျက်ဝန်းဟာပြူးကျယ်လာခဲ့ကာ အသိစိတ်အာရုံသည် ဗလာနတ္တိအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
အရာအားလုံးသည် မြန်ဆန်စွာဖြစ်သွားခဲ့ခြင်းဖြစ်၏။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ယုယင်ယင်သည် ကုအန်က ဘယ်သို့ဘယ်ပုံလှုပ်ရှားခဲ့ကြောင်းကို မတွေ့မြင်နိုင်ခဲ့ပါ။ လုံချင်းက ကုအန်ဆီသို့တိုးကပ်လာခဲ့သည်။ ယင်းနောက် အကန်ခံလိုက်ရသည်ကိုသာ တွေ့မြင်ခဲ့ရသည်။
သူမ သတိပြန်ဝင်လာသည့်အခါ လုံချင်းသည်ကြီးမားသောသစ်ပင်ကြီးနှင့် ဝင်ဆောင့်သွားမိခဲ့ကာ သစ်ပင်ကြီးပေါ်မှသစ်ကိုင်းများကတောင် ပြုတ်ကျလာခဲ့သည်။
ယုယင်ယင်သည် ကုအန်ကို စိုက်ကြည့်လိုက်ပြီးနောက်ပြောဆိုလိုက်သည်။ " ရှင်ဘာလို့ ဒီလောက်အပြင်းအထန်တိုက်ခိုက်လိုက်ရတာလဲ"
ယင်းနောက် သူမဟာ လုံချင်းထံသို့ အပြေးအလွှားရောက်ရှိသွားခဲ့သည်။
ကုအန်သည် ကူကယ်ရာမဲ့ဖြစ်နေခဲ့ကာ သူ့ဘာသာတွေးတောလိုက်မိသည်။ " စောနကတော့ ငါဒဏ်ရာရမှာကို မင်းစိုးရိမ်နေတာမဟုတ်လား။ အခုကျတော့စိတ်ကပြောင်းသွားပြန်ပြီပေါ့လေ"
ယုယင်ယင်၏ ကူညီပေးမှုကြောင့် လုံချင်းသည်ပြန်၍ထထိုင်လာနိုင်ခဲ့သည်။ သူဟာမျက်ဝန်းများကိုဖွင့်လှစ်လိုက်ပြီး ကုအန်ကိုလှမ်းမျှော်ကြည့်ရှုလိုက်သည်။ အချို့သောအကြောင်းရင်းများကြောင့်ကုအန်သည် အံ့ဖွယ်ကောင်းသည်ဟု သူ ခံစားနေရသည်။ ကုအန်၏ပုံရိပ်သည် သူ၏မျက်ဝန်းထဲတွင် ရွှေရောင်တဝင်းဝင်းဖြင့် ပြိုင်ဖက်ကင်းဖြစ်နေခဲ့လေသည်။
သူ၏ဒုတိယဆရာဖြစ်သော ရှန်ရှင်းကျိကတောင် သူ့ကို ထိုကဲ့သို့သောခံစားမှုမျိုး ပေါက်ဖွားအောင်မလှုံ့ဆော်နိုင်ခဲ့ပါ။
" မင်းပိုပြီးများများလေ့ကျင့်ဖို့လိုသေးတယ် ချင်းအာ ။ ငါမင်းနောက်ထပ် စိန်ခေါ်မှာကိုစောင့်နေမယ်" ကုအန်၏ရယ်မောသံကြီးသည် လုံချင်း၏နားစည်ကို ထိခိုက်သွားခဲ့ကာ သူ့ကိုတွေဝေမိန်းမောနေရာမှ နိုးထစေခဲ့သည်။
သူသည်အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာခေါင်းငြိမ့်လာခဲ့သည်။ သူ၏မောက်မာထောင်လွှားမှုများသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဆောင်းရာသီ၏နှင်းများသည် ဆက်လက်ကျဆင်းနေဆဲသာဖြစ်၏။ လုံချင်းသည် ရှုံးနိမ့်မှု၌ ပိတ်မိနေစဉ်တွင် အပြင်ဘက်ကောင်းကင်ဘုံရှိကြီးမြတ်သောကျင့်ကြံသူများအားလုံးသည် လွန်ကဲစွာ စိုးရိမ်နေခဲ့ကြသည်။
အသံမဲ့အပျက်အစီးနယ်မြေအတွင်းရှိ မူမမှန်သောလှုပ်ရှားမှုများကြောင့် ကောင်းကင်မိစ္ဆာများသည်ဆက်လက်အောင့်အီးသည်းခံ မထားနိုင်ကြတော့ဘဲ မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးရှိရာသို့ ချဉ်းကပ်လာခဲ့သည်။
သူတို့အားလုံးသည် အသံမဲ့အပျက်အစီးနယ်မြေအတွင်း၌ရှိသော အုံကြွလှုပ်ရှားမှုကြီးများကို မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ဖြစ်ပေါ်စေခဲ့သည်ဟုတွေးထင်ထားခဲ့ကြသည်။ ထိုသူတို့ကတစ်ခုခုကို အကွက်ချစီစဉ်နေသည်ဟုလည်း သံသယရှိခဲ့ကြသည်။
ဤရက်များအတွင်း၌ ပိုမိုများပြားသောကောင်းကင်မိစ္ဆာများသည် အသံမဲ့အပျက်အစီးနယ်မြေအတွင်းမှ ထွက်ပေါ်လာခဲ့ကြကာ၊ မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီး၏ အနီးအနားပတ်ဝန်းကျင်သို့ရောက်ရှိလာခဲ့ကြသည်။ ထို့အတွက်ကြောင့် အပြင်ဘက်အလင်းအကာအကွယ်၏ဘေးတွင်ရှိနေသော ကြီးမြတ်သောကျင့်ကြံသူကြီးများသည် စိုးရိမ်ပူပန်လာခဲ့ကြသည်။
အချိန်များက လျင်မြန်စွာရွေ့လျားနေခဲ့ကာ နှစ်တစ်နှစ်၏အဆုံးသတ်သို့တောင် ရောက်ရှိလာခဲ့သည်။
ဤကနေ့တွင် ကုအန်သည် ထျန်းယောင်အာ ၊ ထျန်းချင်း၊ ထျန်းပိုင်တို့နှင့် လက်ရည်စမ်းပွဲကိုပြုလုပ်နေခဲ့သည်။
နေရာမှာ အပြင်ဘက်ကမ္ဘာလောကကြီးရှိ ဂူတစ်ခုထဲတွင်ဖြစ်ခဲ့ကာ နတ်ဆိုးသုံးကောင်သည် သူ့ကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်လာကြသည်။ သူတို့အားလုံးသည် လက်ရည်အသာစီးမရရှိနိုင်ကြသော်လည်း တစ်ယောက်ချင်းစီတိုင်းက မြန်ဆန်သွက်လက်ပြီး တိုက်ပွဲဝင်စွမ်းအားတို့ပြင်းထန်ကြသည်။
ကုအန်သည် ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံကို ကိုင်ဆောင်ထားခဲ့ကာ သူတို့၏မှော်စွမ်းအားများကို ရှောင်ရှားလိုက် ကာကွယ်လိုက် အလွယ်တကူပြုလုပ်နေခဲ့သည်။
သူသည် တိတ်ဆိတ်စွာဖြင့် ဝမ်းမြောက်ဝမ်းသာလည်းရှိနေခဲ့သည်။ ဤနတ်ဆိုးသုံးကောင်သည် တစ်ဖက်လောက လိုဏ်ဂူကြီးထဲတွင် နေထိုင်နေခဲ့သော်လည်းသူတို့၏ ခွန်အားသည်အဆက်မပြတ်တိုးတက်လာခဲ့သည်။
သူတို့ထဲက ဘယ်တစ်ယောက်မဆို လုံချင်းကိုအလွယ်တကူအနိုင်ယူနိုင်စွမ်းရှိသည်။ အတူတကွဆိုပါက သူတို့သည် တစ်သားတည်းဖြစ်ခြင်းအဆင့်စွမ်းအားရှင်များကိုတောင် ရင်ဆိုင်နိုင်စွမ်းရှိသည်။
အသန်မာဆုံးဖြစ်သော ထျန်းယောင်အာသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း သတ္တမအဆင့်ထိတောင်ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူမ၏ချွင်းချက်မရှိမြင့်မားသော ပါရမီစွမ်းအားဖြင့်ဆိုပါက တိုက်ပွဲဝင်စွမ်းအားသည် ပို၍တောင်သန်မာနေခဲ့သေးသည်။
ထျန်းယောင်အာသည် ရပ်တန့်လိုက်ပြီးနောက်ပြောလိုက်သည်။ " ဒီနေ့တော့ ဒီနေရာမှာပဲရပ်လိုက်ကြတာပေါ့"
ထျန်းချင်းနှင့် ထျန်းပိုင်တို့သည်လည်း မောပန်းနွမ်းနယ်နေခဲ့ကြသည်။ သူတို့၏နဖူးနှင့်ဆံပင်တို့သည် ချွေးတို့ဖြင့်စိုရွှဲနေခဲ့သည်။
သူတို့ကကုအန်ကို လေးစားကြည်ညိုစွာစိုက်ကြည့်လာခဲ့ကာ သူ့ထံသို့အလျင်အမြန်အပြေးအလွှားရောက်ရှိလာခဲ့ကြပြီး ကုအန်ကိုပွေ့ဖက်ကာ သူတို့၏ဆရာက အဘယ်မျှလောက်အံ့သြစရာကောင်းကြောင်းကို အဆက်မပြတ်ချီးကျူးပြောဆိုနေခဲ့သည်။
ကုအန်သည် သူတို့၏လှုပ်ရှားမှုများနှင့် လိုက်လျောညီထွေရှိနေခဲ့ပြီဖြစ်သည်။ ဤနတ်ဆိုးများကို သူကိုယ်တိုင် ပြုစုပျိုးထောင်ထားခြင်းဖြစ်သည်။ သူတို့အပေါ် သူတွင်လည်း သံယောဇဉ်များ ရှိနေခဲ့မိသည်။
ထျန်းယောင်အာက ကုအန်အနားသို့ရောက်ရှိလာကာပြောလိုက်သည်။ " ဆရာ အခုတလော တပည့် စိတ်မအေးရဘူးဖြစ်နေတယ်။ တပည့်ကို ခဏလောက် ကူကြည့်ပေးနိုင်မလား "
ကုအန်ဟာ အံ့သြသွားခဲ့သည်။ " ငါဘယ်လိုမျိုး စစ်ဆေးပေးရမှာလဲ"
ထျန်းယောင်အာသည် သူမ၏လက်များကို ပင့်မြှောက်လိုက်ကာ သူမ၏ဝတ်ရုံစကိုဆုပ်ကိုင်လိုက်ပြီးနောက် အဝတ်ကိုချွတ်ရန်ပြင်ဆင်လိုက်သည်။
" ရပ်စမ်း။ စနောက်မနေနဲ့။ မင်းဘယ်လိုခံစားရလဲဆိုတာကိုသာပြော" ကုအန်ဟာ အလျင်အမြန်တားဆီးလိုက်ရသည်။
ဤနတ်ဆိုးသုံးကောင်သည် သူ့အပေါ်တစ်စုံတစ်ရာအကွက်ချနေသလို သူသံသယရှိနေခဲ့သည်။
ထျန်းယောင်အာသည် နှုတ်ခမ်းကလေးကိုစူလိုက်ပြီးနောက် သူမ၏လတ်တလောခံစားချက်များအကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။ ကျင့်ကြံနေဆဲအတောအတွင်း၌ သူမ၏အတွေးများသည် အလွယ်တကူလှုပ်ရှားသွားခဲ့ကာ သူမအတွက် စိတ်မအေးဖြစ်စေပြီး ကျင့်ကြံ၍မရနိုင်သည်အထိတောင် စိတ်ဂယောက်ဂယက်ဖြစ်စေခဲ့သည်။
သူမသည် တစ်စုံတစ်ရာက သူမကိုခေါ်နေသလို ခံစားနေရကာ စိတ်ထဲတွင် မတင်မကျလည်း ဖြစ်နေခဲ့သည်။
ကုအန်သည် ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်မိသည်။ သူ၏မျက်ဝန်းများသည်နေ၏အလင်းရောင်ကို ရောင်ပြန်ဟပ်လျက်ရှိသည်။ ၎င်းမျက်ဝန်းများအတွင်း၌ ဇာမဏီငှက်တစ်ကောင်၏ ပုံရိပါထင်ဟပ်လာ၏။
ကောင်းကင်မိစ္တာများက အရေအတွက်အလုံးအရင်းနှင့် ချဉ်းကပ်လာခဲ့တာကြောင့် အပြင်ဘက်ရှိ နေမင်းကြီး ၇ စင်းသည် အုံအုံကြွကြွဖြစ်လာခဲ့ကြသည်။ နေတစ်စင်းချင်းစီတိုင်းတွင်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့်သတ္တဝါများသည် ကောင်းကင်မိစ္ဆာများကိုသတိထားစောင့်ကြည့်နေခဲ့ကာ တိုက်ပွဲအတွက် အသင့်ပြင်လာကြ၏။
အပိုင်း၃၇၂- ရွှမ်မြောင်ထံအလည်အပတ်
ကောင်းကင်ဇာမဏီတောင်သည် ဇာမဏီငှက်တို့၏ ဒဏ္ဍာရီနှင့် ဆက်စပ်လျက်ရှိသည်။ ထျန်းယောင်အာ၏ မူလပုံစံသည် ထူးခြားသော ငှက်တစ်ကောင်ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောမီးတောက်တို့က ဖုံးအုပ်ထားသည်။ ထို့အတွက်ကြောင့် ကုအန်သည် သူမကို ဒဏ္ဍာရီလာ ဇာမဏီငှက်တို့နှင့် ဆက်နွယ်မှုရှိနိုင်သည်ဟု တွက်ချက်လိုက်မိသည်။
"ဆရာ ဘာတွေမေ့ာကြည့်နေတာလဲ"
ထျန်းယောင်အာသည် စိုးရိမ်ထိတ်လန့်စွာ မေးမြန်းလိုက်သည်။
ထျန်းချင်းနှင့် ထျန်းပိုင်တို့သည်လည်း ကောင်းကင်သို့ မော့ကြည့်လိုက်သော်ငြား ဘာတစ်ခုကိုမှမတွေ့မြင်ခဲ့ရပါ။ သူတို့ဟာ ပို၍စိုးရိမ်ပူပန်လာကြသည်။
သူတို့မတွေ့မြင်နိုင်တဲ့ အန္တရာယ်တစ်ခုခုကများ အပြင်လောကလိုဏ်ဂူကို ရောက်ရှိလာတာများလား။
ကုအန်၏အကြည့်သည် ထျန်းယောင်အာပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဇာမဏီငှက်တို့နှင့်ဆက်နွယ်နေသော ဆက်နွယ်မှုတစ်ချို့ကို တွေ့မြင်ခဲ့ရသည်။ ၎င်းဆက်နွယ်မှုသည် အလွန်အမင်းဖျော့တော့ပြီး မရှိသည့်ပုံပေါ်သော်လည်း အမှန်စင်စစ်တွင် ထျန်းယောင်အာသည် ဇာမဏီငှက်၏ မျိုးဆက်ပင်ဖြစ်သည်။
ထိုသွေးသားဆက်နွယ်မှုသည် အရမ်းဖျော့တော့နေတာကြောင့် ဇာမဏီငှက်များရောက်လာမှာကို သူ မကြောက်ပါ။ ကုအန်သည် ၎င်းဆက်နွယ်မှုအကြောင်းကို နတ်အတွေးအာရုံအမတအဆင့်တွင်ရှိခဲ့စဉ်က မတွေ့မြင်နိုင်ခဲ့ပါ။ ထျန်းယောင်အာသည် ဇာမဏီမျိုးနွယ်နှင့် ကွဲကွာသွားခဲ့သည်မှာ ကာလရှည်ကြာပြီဖြစ်ကြောင်းကို ဖော်ပြနေသည်။
ကုအန်က တိုးဖွစွာပြောဆိုလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ငါမင်းရဲ့ ဘိုးဘေးတစ်ယောက်ကို လှမ်းမော့ကြည့်နေတာပါ။ မင်းစိတ်ထဲ မတင်မကျခံစားနေရတာက မင်းရဲ့ဘိုးဘေးကလည်း စိတ်ထားကြောင့်ကြနေလို့ပဲ။ ဒါကြောင့်မို့လို့ သွေးမျိုးဆက်ရဲ့ ဆက်နွယ်မှုအရ မင်းအပေါ်မှာ သက်ရောက်မှုရှိနေတာ"
ဘိုးဘေးလား?
သူမ၏မိဘနှစ်ပါး ကွယ်လွန်သွားပြီးကတည်းက ထျန်းယောင်အာသည် ကုအန်ကိုသာ သူမ၏မိသားစုဝင်အဖြစ် သတ်မှတ်ထားခဲ့သည်။ သူမတွင် ဘိုးဘေးတစ်ယောက်ရှိနေကြောင်း ကြားသိလိုက်ရသည့်အခါ ယခင်ကလိုမျိုးတည်ငြိမ်မနေနိုင်တော့ပါ။ သူမသည် ပါးစပ်ကိုဖွင့်ဟပြီး တစ်စုံတရာပြောချင်ခဲ့သော်လည်း အဆုံးတွင်တိတ်ဆိတ်သွားခဲ့သည်။
ထျန်းချင်းကစပ်စုစွာ မေးမြန်းလိုက်သည်။
"ဆရာ၊ သူမရဲ့ဘိုးဘေးက ဘယ်သူလဲ။ အဲဒီ့လူရဲ့ကျင့်ကြံမှုအဆင့်ကရော"
ထျန်းပိုင်ကလည်း ကုအန်ကိုစိုက်ကြည့်လာခဲ့သည်။ သူမ၏ မျက်ဝန်းကြီးများတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေခဲ့သည်။
ကုအန်က တန်ပြန်မေးမြန်းလိုက်သည်။
"မင်းတို့ရော ကောင်းကင်ဇာမဏီတောင်ရဲ့ ဒဏ္ဍာရီကိုသိကြရဲ့လား"
ဤအခိုက်အတန့်တွင် ထျန်းယောင်အာ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူမ၏ မျက်ဝန်းထဲတွင် စိတ်အားတက်ကြွမှုများ၊ စိုးရိမ်ထိတ်လန့်မှုများ၊ မုန်းတီးမှုများ စသည့် အမျိုးမျိုးသောစိတ်ခံစားချက်များ ဖြတ်သန်းသွားခဲ့သည်။ အချိန်တစ်ခုအထိကြာအောင် သူမသည် ယခင်ကလို နုံအအပုံစံမျိုးနှင့်မတူညီဘဲ ကွဲပြားနေခဲ့သည်။
"သခင်မလေးက ဇာမဏီရဲ့အနွယ်ဝင်များလား"
ထျန်းပိုင်က ရုတ်တရက်မေးမြန်းလိုက်ပြီး မျက်ဝန်းတို့ပြူးကျယ်လာခဲ့သည်။
ကုအန်သည် ပြုံးလျက်ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ မျိုးဆက်ဘယ်လောက်တောင်ကွာခြားခဲ့လို့လဲမသိဘူး။ သွေးမျိုးဆက်က အရမ်းကိုဖျော့တော့နေပြီ။ ပြီးတော့ ဇာမဏီငှက်ရဲ့ နောင်လာနောက်သားမျိုးဆက်တွေက ရေတွက်လို့တောင်မရအောင်များပြားတယ်လေ"
သူဟာစနောက်နေခြင်းမဟုတ်ပါချေ။ ဇာမဏီငှက်၏ ကံကြမ္မာကြိုးမျှင်များမှတစ်ဆင့် ထိုငှက်သည် လောကအတွင်းရှိ သက်ရှိများစွာနှင့် ဆက်နွယ်နေကြောင်းကို တွေ့မြင်နိုင်ခဲ့သည်။ ထျန်းယောင်အာသည် မရေမတွက်နိုင်သော နောင်လာနောက်သားများထဲမှ တစ်ယောက်သာဖြစ်သည်။ သူမဟာ ပင်လယ်ကြီးထဲရှိငါးတစ်ကောင်နှင့်သာ တူညီလေသည်။
ထျန်းယောင်အာသည် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ပစ်ပယ်လိုက်ရသလိုမျိုး မျက်စိဖြင့်တွေ့မြင်နိုင်သည်အထိ စိတ်ထားပြေလျော့သွားခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါက်ဖွားလာခဲ့သည်။
ကုအန်သည် သူမကို အပြုံးဖြင့်စိုက်ကြည့်၍ပြောဆိုလိုက်သည်။
"မင်း စောနက ကြောက်လန့်နေခဲ့တာလား"
ထျန်းယောင်အာက ခေါင်းညိတ်လိုက်၏။
"ကျွန်မ ဘယ်ဘိုးဘေးကိုမှ မလိုချင်ပါဘူး။ ကျွန်မ ဆရာနဲ့ပဲ အတူရှိချင်တာပါ။ ကျွန်မရဲ့ အမေဒုက္ခရောက်နေတုန်း၊ ကျွန်မ အကူအညီမဲ့နေခဲ့တုန်းမှာ ဘယ်ဘိုးဘေးမှလည်း ထွက်ပြီးလာမကူခဲ့ကြဘူး"
ဘိုးဘေးတစ်ယောက်၏ တည်ရှိမှုအကြောင်းကို ကြားသိရသည့်အခါ သူမ၏နှလုံးသားထဲတွင် စိုးရိမ်မှုများနှင့် အကြောက်တရားတို့ ကိန်းဝပ်လာခဲ့သည်။ ကုအန်က သူမကို ဘိုးဘေးဆီပို့ပေးလိုက်မှာကို ကြောက်လန့်နေခဲ့သည်။
ကုအန်သည် အရှေ့သို့တက်လှမ်းလာခဲ့ကာ သူမ၏ဦးခေါင်းကို ပွတ်သပ်လိုက်ပြီးနောက် ရယ်မောလိုက်သည်။
"မင်းဘာတွေတွေးနေတာလဲကွာ။ ငါမင်းကို ဘယ်လိုလုပ်စွန့်ပစ်နိုင်မှာလဲ။ အဲဒီ့ဇာမဏီက မင်းဆီကိုကိုယ်တိုင်ကိုယ်ကျရောက်လာရင်တောင် ငါမင်းကိုထည့်ပေးနိုင်မှာမဟုတ်ဘူး။ ငါမင်းကိုနှစ်တွေအကြာကြီးအထိ ပျိုးထောင်ခဲ့ပြီးပြီ။ ဒီအရာတွေအားလုံးက အဓိပ္ပာယ်ရှိမနေဘူးလို့ မင်းထင်တာလား"
ထျန်းယောင်အာ၏ အပြုံးသည် ပို၍တောက်ပလာခဲ့သည်။
အမှန်စင်စစ်တွင် သူမ ထွက်သွားချင်ပါက ကုအန်က တားဆီးလိမ့်မည်မဟုတ်ချေ။ ယခုအချိန်တွင် သူသည် အပြင်လောကလိုဏ်ဂူကို ဖော်ထုတ်ပြသရန် ကြောက်လန့်ခြင်းမရှိတော့ပါ။သူဟာ လုံလောက်အောင်သန်မာနေခဲ့ပြီဖြစ်သည်။
သို့သော်လည်း ထျန်းယောင်အာကို စွန့်လွှတ်လိုက်ရမည့်အတွေးအကြံကတော့ သူ့ကို အနည်းငယ်စိုးရိမ်ပူပန်စေခဲ့သည်။
ထျန်းချင်းနှင့် ထျန်းပိုင်တို့ကတော့ များများစားစား မတွေးခဲ့ကြပါ။ သူတို့ဟာ ဇာမဏီငှက်က ဘယ်လောက်အစွမ်းထက်လဲဆိုတာကိုပဲ သိရှိချင်နေကြသည်။
"ထပ်ပြီးမမေးနဲ့တော့။ ဇာမဏီငှက်က တကယ်အစွမ်းထက်တယ်။ ကြပ်ကြပ်သာသတိထားပြီးနေကြ။ သူက မင်းတို့ရဲ့အိပ်မက်ထဲအထိကျူးကျော်လာပြီး မင်းတို့ကိုတောင် ဝါးမျိုစားသောက်သွားနိုင်တယ်"
ကုအန်သည် ချောင်းဟန့်လိုက်ပြီးနောက် သူတို့နှစ်ယောက်ကိုခြောက်လှန့်လိုက်ကာ နောက်ထပ်မေးခွန်းများမမေးရဲအောင် ပြောဆိုလိုက်သည်။
ကုအန်ထွက်ခွာသွားသည့်အခါ နေ့လယ်တောင်ရောက်နေခဲ့သည်။
သူသည် မြောက်ဘက်ပင်လယ်၏ တောင်တန်းများဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် တောင်စောင့်နတ်ဘုရားတစ်ပါးအနေဖြင့် သူသည် ပညာရှိရွှမ်မြောင်ကို တွေ့ဆုံခဲ့ဖူးသည်။
ပညာရှိရွှမ်မြောင်သည် ကမ္ဘာလောကအရေးကိစ္စများ၏ အဝေးမှာ နေထိုင်သူဖြစ်သည်။ သူ၏နေ့ရက်များကို ပန်းပင်များစိုက်ပျိုးခြင်းနှင့် ငြိမ်းချမ်းစွာနေထိုင်ရင်း ကုန်ဆုံးလေ့ရှိသည်။ သူသည် အခြားသောဖြတ်သွားဖြတ်လာ ကျင့်ကြံသူများနှင့် ဘဝ၏နိယာမများအကြောင်းကို ရံဖန်ရံခါလည်း ဝင်ရောက်ဆွေးနွေးပြောဆိုတတ်သေးသည်။ သူရှာဖွေတွေ့ရှိထားသောဘဝသည် လုံလောက်အောင် ကျေနပ်စရာကောင်းခဲ့သည်။
ကုအန်သည် တောင်စောင့်နတ်ဘုရားတစ်ပါးအဖြစ် အသွင်ပြောင်းလဲလိုက်ပြီးနောက် သူ့ထံသို့ချဥ်းကပ်သွားခဲ့သည်။
ရွှမ်မြောင်သည် မတ်တတ်ရပ်လျက် ဂါရဝပြုလိုက်သည်။
ကုအန်သည် သင့်လျော်ရာနေရာတစ်ရာတွင်ထိုင်လိုက်ပြီးနောက်မေးမြန်းလိုက်သည်။
"မင်းရဲ့လက်ရှိကျင့်ကြံမှုနဲ့ပတ်သတ်ပြီး စိတ်ရှုပ်ထွေးစရာတွေတွေ့နေရသေးလား"
တောင်စောင့်နတ်ဘုရားနတ်ကွန်းထံမှ ပူဇော်ပသမှုများကြောင့် သူ၏ဘဝသက်တမ်းသည် သိသိသာသာတိုးပွားမလာခဲ့သော်လည်း ပညာရှိရွှမ်မြောင်၏ စိတ်ရင်းခံသည် သူ့ကိုထိရှစေခဲ့သည်။ သူသည် ပညာရှိရွှမ်မြောင်၏ကျင့်ကြံမှုတွင် လမ်းညွှန်ပြသပေးရန်အတွက် စိတ်ဆန္ဒရှိခဲ့သည်။
ပညာရှိရွှမ်မြောင်က ခေါင်းကိုခါယမ်းကာပြုံးလိုက်သည်။
"အခုတလောမရှိသေးပါဘူး"
ရွှမ်မြောင်သည် တံစက်မြိတ်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေသော တောင်စောင့်နတ်ဘုရားကို စိုက်ကြည့်လိုက်ပြီးလျှင် တစ်ခဏမျှတုံ့ဆိုင်းသွားခဲ့ကာ မေးမြန်းလိုက်မိသည်။
"အရှင့်ရဲ့အမြင်မှာ အမတမင်းဆက်နဲ့ မြင့်မြတ်ခုံရုံးက နတ်အမတတွေအဖြစ် အဆင့်မီရဲ့လား"
ဤမေးခွန်းသည် သူမေးမြန်းချင်ခဲ့သော်လည်း ကြောက်လန့်နေသည့်အရာဖြစ်သည်။
အမတမင်းဆက်၏ တည်ထောင်သူဘိုးဘေးသည် သက်ရှိအားလုံးအပေါ် ကောင်းချီးမင်္ဂလာပေးအပ်ခဲ့ပြီး သူ့ကိုထိတ်လန့်စေခဲ့သည်။ ထိုဘိုးဘေး၏စွမ်းအားသည် သူ၏ မျှော်လင့်ချက်များအားလုံးထက် ကျော်လွန်ခဲ့သည်။
သူ၏အမြင်တွင် တောင်စောင့်နတ်ဘုရားတစ်ပါးကတောင် ထိုသို့စွမ်းဆောင်ရည်ရှိလိမ့်မည်မဟုတ်ချေ။
ယခုအချိန်တွင် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးက စစ်ပွဲဖြစ်တော့မည်ဟု သူကြားသိနေရသည်။ သူ၏စိတ်ခံစားချက်များသည် ရှုပ်ထွေးလျက်ရှိသည်။
အဘယ့်ကြောင့်များ နတ်အမတများက သာမန်သေမျိုးတွေလိုမျိုး တန်ခိုးအာဏာများနှင့် အကျိုးအမြတ်အပေါ် တွယ်ကပ်နေပါလိမ့်။
အကယ်၍များ အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးက အစစ်အမှန်မသေမျိုးနတ်အရှင်တွေ မဟုတ်ကြဘဲ အစွမ်းထက်တဲ့ စွမ်းအားရှင်တွေပဲဆိုရင် လူသားတွေကရော အဘယ်ကြောင့်နတ်အမတတွေဖြစ်ချင်နေကြပါလိမ့်နော်။
အမျိုးမျိုးသော စိတ်ရှုပ်ထွေးမှုများသည် ပညာရှိရွှမ်မြောင်၏နှလုံးအတွင်း၌ သန္ဓေတည်လျက်ရှိသည်။ သူဟာ မေးခွန်းများကို ပို၍ပို၍မေးမြန်းချင်နေခဲ့သည်။
ကုအန်သည် ခေါင်မိုးပေါ်တွင် တင်ပျဥ်ချိတ်ထိုင်လိုက်ကာ အောက်တွင်ရှိသော ရွှမ်မြောင်ကို ငုံ့မိုးကြည့်ရှုလိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ နက်ရှိုင်းသောပညာ၏အရိပ်အယောင်များ ရှိနေခဲ့သည်။
"မသေမျိုးနတ်အရှင်တစ်ပါးက ဘာနဲ့တူသင့်တယ်လို့ မင်းထင်လဲ"
"အရှင့်လိုမျိုး သာမန်ပြည်သူတွေကို ကိုယ်ကျိုးမဖက်ဘဲ ကူညီဆောင်ရွက်ပေးတဲ့လူမျိုးပေါ့"
"ဒီလိုသာဆိုရင် မင်းကသိနေပြီးသားမေးခွန်းကို ဘာ့ကြောင့်အဖြေရှာချင်နေရသေးတာလဲ"
"ကျွန်တော်က...."
ပညာရှိရွှမ်မြောင်သည် မျက်မှောင်ကြုတ်သွားခဲ့ကာ ဘာဆက်ပြောရမလဲမသိတော့ချေ။
ကုအန်က ဆက်လက်မေးမြန်းလိုက်သည်။
"သူတို့က ငါ့ထက်ပိုပြီးအစွမ်းထက်တယ်လို့ မင်းထင်နေတာလား။ ဒါကြောင့်မို့လို့ ဘယ်သူကအစစ်အမှန် မသေမျိုးနတ်အရှင်လဲဆိုတာ ဝေခွဲမရဖြစ်နေတာလား"
ပညာရှိရွှမ်မြောင်က ခေါင်းညိတ်လိုက်သည်။ သူဟာ ကုအန်ကို စိုးရိမ်ပူပန်စွာစိုက်ကြည့်လာခဲ့သည်။ သူဟာ တောင်စောင့်နတ်ဘုရား၏ ဒေါသကို ဆွပေးမိမှာကိုစိုးရိမ်နေခဲ့သည်။
"မင်း ငါနဲ့အတူကျင့်ကြံတာက ဘာကိုဆိုလိုသလဲဆိုတာ မစဥ်းစားရသေးဘူးလား။ မင်းက မသေမျိုးနတ်အရှင်တွေအပေါ် အစွဲအလမ်းရှိနေမှတော့ ဘာကြောင့်မင်းကိုယ်တိုင် နတ်အရှင်တစ်ပါးဖြစ်လာအောင် မကျင့်ကြံရတာလဲ"
တောင်စောင့်နတ်ဘုရား၏ မေးမြန်းမှုကိုကြားသိလိုက်ရသည့်အခါ ပညာရှိရွှမ်မြောင်၏ မျက်ဝန်းများသည် တုန်လှုပ်ပြူးကျယ်သွားခဲ့သည်။ သူသည် ကြောင်ကြောင်အအဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော်က ဘယ်လိုလုပ်နတ်အရှင်တစ်ပါး ဖြစ်လာနိုင်မှာလဲဗျာ"
"မင်းရဲ့စိတ်ရှုပ်ထွေးမှုက ကမ္ဘာလောကကြီးတစ်ခုလုံးကြုံတွေ့ရတဲ့ စိတ်ရှုပ်ထွေးမှုမျိုးပဲ။ မင်းတွေ့မြင်နေရတာက အမှန်မဖြစ်နိုင်သေးဘူး။ ကမ္ဘာလောကကြီးက စစ်မှန်တဲ့မသေမျိုးနတ်အရှင်တွေ ပေါ်ထွက်လာဖို့ကို စောင့်ဆိုင်းနေခဲ့တယ်။ မင်းကရော နတ်အရှင်တစ်ပါးဘာကြောင့်ဖြစ်မလာနိုင်ရမှာလဲ"
ကုအန်က အဓိပ္ပာယ်ရှိစွာပြောဆိုလိုက်သည်။