အခန်း (၃၇၃-၃၇၄)
Vol. 28 Ch. 373-374
အပိုင်း ၃၇၃- ငါ မသေမျိုး နတ်အရှင်တစ်ပါးဖြစ်လာချင်တယ်။ ကောင်းကင်ခုံရုံးကိူ ထူထောင်ချင်တယ်!
အမှန်စင်စစ်တွင်သူဟာ ပညာရှိရွှမ်မြောင်ကို ကျင့်ကြံရေးလမ်းစဉ်အား ၊အားစိုက်လျှောက်လှမ်းရန်အတွက် ဆွဲဆောင်ပြောဆိုနေခဲ့ခြင်းဖြစ်သည်။
ဤနှစ်များစွာအတွင်း၌ တစ်ယောက်ယောက်ဖြတ်သန်းသွားလာသည့် အချိန်တိုင်းတွင် ပညာရှိရွှမ်မြောင်သည် ထိုသူ့ထံသို့ချဉ်းကပ်လိမ့်မည်ဖြစ်ပြီး၊ တောင်စောင့်နတ်ဘုရား၏ တန်ခိုးစွမ်းအားနှင့် ကရုဏာတရားတို့ကို ပြောပြလိမ့်မည်။ ထို့အတွက်ကြောင့် တောင်စောင့်နတ်ဘုရားကို လူတို့ကရိုသေကိုင်းရှိုင်းလာကြကာ ပူဇော်ပသမှုများပြုလုပ်လာကြသည်။ အချို့သောသူများ စိတ်ဓာတ် အားလျော့ပြီး ကူကယ်ရာမဲ့နေသည့်အချိန်မျိုးတွင် တောင်စောင့်နတ်ဘုရား၏ အကူအညီကိုတောင် စိတ်ကတောင်းတ မျှော်မှန်းမိလာကြသည်။
ကုအန်သည် အာရုံစူးစိုက်ထားခြင်းမရှိခဲ့သော်လည်း ထိုသူများ၏မျှော်လင့်စောင့်စားသော ဆုတောင်းသံများနှင့် စိတ်ဓာတ်ခွန်အားများသည် ကံတရားနှင့်တူသော ထူးခြားသည့်စွမ်းအင်တစ်ရပ်ကို ပေါက်ဖွားစေခဲ့ကြောင်း သတိချပ်မိခဲ့သည်။ ၎င်းကိုဆုတောင်းခြင်းစွမ်းအားဟု ခေါ်ဆိုရလိမ့်မည်။
နတ်အမတတစ်ပါး၏ အစစ်အမှန်လမ်းစဉ်သည် ဆုတောင်းခြင်း၏စွမ်းအားကို သိရှိခံစားရမှာလည်းဖြစ်နိုင်သည်။ သို့မှသာသက်ရှိသတ္တဝါအားလုံး၏ နာကျင်မှုဝေဒနာများကို အစစ်အမှန်နားလည်နိုင်လိမ့်မည်ဖြစ်၏။
သို့သော်လည်းကုအန်၏ ပဓာနရည်မှန်းချက်သည် ကရုဏာရှင် မသေမျိုး နတ်အရှင်တစ်ပါး ဖြစ်ရန်အတွက် မဟုတ်ခဲ့ပါ။ အသက်ရှည်ကြာစွာ နေထိုင်ရန်သာဖြစ်၏။
ပညာရှိရွှမ်မြောင်ကသာ မသေမျိုးနတ်အရှင်တစ်ပါးဖြစ်လာချင်ပါက ကုအန်သည်သူ့ကို စစ်မှန်သောမသေမျိုးနတ်တစ်ပါးဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်အတွက် စိတ်မရှိပါချေ။
စစ်မှန်သောနတ်အမတတစ်ပါး ဖြစ်လာခြင်းအတွက် အရေးကြီးဆုံးအကြောင်းအရာမှာ သာမာန်ပြည်သူများကို ကယ်တင်ပေးနိုင်သော စွမ်းရည်ရှိခြင်းဖြစ်သည်။ ၎င်းကိုနတ်ဘုရားတစ်ပါး၏ နှလုံးသားဟုရိုးရှင်းစွာ ပြောဆို၍ရနိုင်လိမ့်မည်။
ကုအန်၏စကားကို နားထောင်ပြီးသည့်အခါ ပညာရှိရွှမ်မြောင်သည် တိတ်ဆိတ်သွားခဲ့သည်။ သူ၏နှလုံးသားသည် အရှိန်နှုန်းပြင်းပြင်းဖြင့် ရိုက်ခတ်လျက်ရှိသည်။
ကုအန်သည် တံစက်မြိတ်ပေါ်မှခုန်ချလာခဲ့ကာ ခြံဝန်း၏အပြင်ဘက်သို့ လမ်းလျှောက်သွားခဲ့သည်။ ယင်းနောက်ဆေးပင်တစ်ချို့ကို ကောက်ယူလိုက်သည်။ ပညာရှိရွှမ်မြောင်သည် သူ၏အနောက်မှ သုတ်တီးသုတ်ပြာ လိုက်ပါလာခဲ့သည်။
" ကျွန်တော်က အမှန်တကယ်ပဲ စစ်မှန်တဲ့ မသေမျိုး နတ်အရှင်တစ်ပါး ဖြစ်လာနိုင်တာလား " ပညာရှိရွှမ်မြောင်က သတိကြီးကြီးထား၍ မေးမြန်းသည်။
လှည့်ကြည့်ခြင်းမရှိဘဲ ကုအန်ကပြန်ဖြေ၏။ " ထာဝရရှင်သန်ခြင်းဆိုတာက မဖြစ်နိုင်တာတော့လည်း မဟုတ်ပါဘူးလေ။ မှန်ကန်တဲ့စိတ်ထားနဲ့ ဇွဲလုံ့လရှိမယ်ဆိုရင် ရရှိပိုင်ဆိုင်နိုင်ပါတယ် "
ပညာရှိရွှမ်မြောင်၏ အမူအယာသည် ပြောင်းလဲသွားခဲ့သည်။ သူဟာ၎င်းစကားလုံးများကြောင့် နက်ရှိုင်းစွာထိရှမိသွားခဲ့သည်။
အချိန်အတော်ကလေးကြာသည့်အခါ နှစ်ယောက်သားသည် ခြံဝန်းထဲသို့ပြန်လာခဲ့သည်။
ကုအန် ထွက်ခွာသွားတော့မည့်အချိန်၌ ပညာရှိရွှမ်မြောင်က သူ့ကိုရုတ်တရက် လှမ်းကြည့်လာခဲ့ကာ ပြောဆိုလိုက်သည်။ " တောင်စောင့်နတ်ဘုရားခင်ဗျာ၊ ကျွန်တော်သေချာဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်တကယ်ပဲ မသေမျိုးနတ်အရှင် ဖြစ်ချင်ပါတယ်။ ကျွန်တော်ကောင်းကင်ခုံရုံးကို တည်ဆောက်ချင်တယ် "
ကုအန်သည်လမ်းလျှောက်နေရာမှ ရပ်တန့်သွားခဲ့သည်။ သူဟာရွှမ်မြောင်ကို လည်လှည့်ကြည့်ရှုလိုက်ပြီးနောက် အံ့အားတသင့်ဖြင့်မေးမြန်းခဲ့သည်။ " ကောင်းကင်ဘုံခုံရုံးလား "
" အဲ့တာက အနောက်အရပ်ကို ခရီးသွားခြင်း စာအုပ်ထဲက ကောင်းကင်ဘုံခုံရုံးလေ။ စာအုပ်ထဲမှာကောင်းကင်ရဲ့ တည်ရှိမှုတွေက နတ်ဆိုးမိစ္ဆာတွေကို တိုက်ခိုက်ပြီးတော့ သာမာန်ပြည်သူတွေအတွက် ရာသီဥတုတွေကိုလည်း ထိန်းချုပ်ပေးတယ်။ ဇာတ်လမ်းထဲက ကောင်းကင်ခုံရုံးမှာ ကိုယ်ပိုင်ချို့ယွင်းချက်တွေ ရှိပေမဲ့လည်း သူတို့အားလုံးက အနည်းဆုံးတော့ သာမာန်လူသားတွေကို ဂရုစိုက်ကြတယ်လေ "
ပညာရှိရွှမ်မြောင်က ဝမ်းသာအားရပြောဆိုနေခဲ့သည်။ အဆုံးသတ်တွင် သူ၏မျက်နှာအမူအယာသည် သန္ဓိဋ္ဌာန်ချထားသည့်အမူအယာသို့ ပြောင်းလဲသွားခဲ့သည်။ သူ၏မျက်ဝန်းများသည် တောက်ပလင်းဖြာလာခဲ့သည်။
ကုအန်သည်ပြုံးရယ်လိုက်ပြီးနောက် ဘာမှထပ်မပြောတော့ပါ။ သူဟာရှိရင်းစွဲနေရာမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။
ပညာရှိရွှမ်မြောင်သည်တော့ ကြီးမားသောရည်မှန်းချက်တို့ဖြင့် ပြည့်နှက်နေခဲ့လေပြီ။ သူဟာ တင်ပျဉ်ချိတ်ထိုင်ချလိုက်ပြီး ယခုမှစ၍ အသေအကျေ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ တောင်စောင့်နတ်ဘုရား၏ယုံကြည်မှုကို စိတ်မပျက်စေရန်လည်း ကတိပြုလိုက်မိသည်။
...
နွေဉီးရာသီသည် ရောက်ရှိလာခဲ့သည်။
နှစ်သစ်ကူးပွဲတော်သည် ယခင်နှစ်များထက်တောင်ပို၍ စည်ကားသိုက်မြိုက်နေခဲ့သည်။ အဓိပတိဂိုဏ်းကြီးသည် အခြားသောကျောင်းတော်ကြီးများကို နွေဉီးပွဲတော်၌ ပါဝင်ဆင်နွှဲကြရန် ဖိတ်ကြားလွှာများပေးပို့ခဲ့သည်။
တတိယဆေးတောင်ကြားကို မီးဆိုင်းမီးပန်းများဖြင့် အကျအနအလှဆင်ထားသည်။ တပည့်များအားလုံးကလည်း ပြုံးပျော်ရွှင်မြူးနေကြသည်။
ညအချိန်ကျရောက်လာသည့်အခါ ယာယီစင်မြင့်ပေါ်တွင် တပည့်များသည်အလှည့်ကျ ဖျော်ဖြေမှုများပြုလုပ်ကြသည်။ ပွဲတော်၏လေထုသည် သက်ဝင်လှုပ်ရှား၍ ပျော်ပိုက်စရာကောင်းနေခဲ့သည်။
ကုအန်သည် သူ၏ဝိုင်ခွက်ကိုပင့်မြှောက်လိုက်သည်။ သူ၏အကြည့်များသည် ညကောင်းကင်ယံကြီးဆီသို့ မော်ထိုးလျက်ရှိသည်။
ကြယ်များသည် ကောင်းကင်အပြည့်တည်ရှိနေခဲ့ကာ တလက်လက်တောက်ပ၍ ရှုချင်စဖွယ်ရှိနေခဲ့သည်။ သဘာဝမိုးကောင်းကင်ကြီးကတောင် ပွဲတော်ကိုအတူတကွ ဆင်နွှဲနေသည့်ပုံရှိချေသည်။
တခဏကြာသည့်အခါ အပြင်ဘက်ကောင်းကင်ဘုံတွင် မဟာကောင်းကင်စိတ်ဝိဉာဏ်နယ်မြေကြီးရှိ ဂိုဏ်းကြီးများနှင့်ကောင်းကင်မိစ္ဆာတို့အကြားရှိ တင်းမာမှုများသည် သိသာထင်ရှားလာခဲ့သည်။
ကုအန်သည်နေရာတစ်ဝိုက်ကို စစ်ဆေးကြည့်ရှုလိုက်သည့်အခါ ကောင်းကင်မိစ္ဆာပေါင်း တစ်သန်းကျော်ကိုတွေ့မြင်လိုက်ရသည်။ သူတို့အနက် အားအနည်းဆုံးအဆင့်မှာ အချုပ်အနှောင်မဲ့အမတ အဆင့်ဖြစ်ပြီး နတ်အတွေးအစစ်အမှန် အမတနှစ်ပါးတောင် ပါဝင်နေခဲ့သည်။ ထို့အတွက်ကြောင့်သာ မဟာကောင်းကင်စိတ်ဝိဉာဏ်နယ်မြေကြီးသည် လက်လွတ်စပါယ် မလှုပ်ရှားရဲရခြင်းဖြစ်၏။
သူသည် မြင့်မြတ်ခုံရုံးမှကျင့်ကြံသူများက ကောင်းကင်မိစ္ဆာများနှင့် ဆွေးနွေးပြောဆိုနေသည်ကို တွေ့မြင်ခဲ့ရသည်။ ကြည့်ရတာကောင်းကင်မိစ္ဆာများသည် ပို၍အားသာနေသည့်ပုံပေါ်၏။
လက်ရှိမြင့်မြတ်ခုံရုံးသည် ဒဏ္ဍာရီများထဲက မြင့်မြတ်ခုံရုံးလိုမျိုး ပြိုင်ဘက်ကင်း ဟုတ်မနေတော့ပါ။
ကောင်းကင်မိစ္ဆာများသည် ရှန်ထျန်း၏တည်ရှိမှုအကြောင်းကို စကားဖြင့်အကဲစမ်း လေ့လာနေခဲ့ကြသည်။ မြင့်မြတ်ခုံရုံးကတော့ တစ်စုံတစ်ရာကို ရှင်းရှင်းလင်းလင်းဖြင့် ဖုံးကွယ်ရန်ကြိုးစားနေခဲ့သည်။
ကုအန်၏ဝေဖန်စမ်းစစ်မှုအရ ကြီးမားသောတိုက်ပွဲကြီးတစ်ခုသည် များမကြာမီတွင်ဖြစ်ပေါ်လာလိမ့်မည်။
ကုအန်သည် ၎င်းတိုက်ပွဲကြီးတွင် ဝင်ရောက်ဆင်နွဲဖို့အတွက် စိတ်ကူးမရှိခဲ့ပါ။ သူသည်အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးကို ထိုအရာများအားလုံးအား လက်လွှဲပေးလိုက်ချင်သည်။
ယခုမှအဆင့်ချိုးဖျက် တက်ရောက်လာခဲ့သောသူသည် အခြားသူများ၏အသက်ဝိဉာဥ်ကို နှုတ်ယူရခြင်းထက်စာလျှင် နှိမ့်နှိမ့်ချချနေထိုင်ရန်ကို ပိုမိုအလိုရှိသည်။
လုံချင်းသည် သူ့ဆရာနှင့်အတူ သောက်စားပျော်ပါးရန်အတွက် ရောက်ရှိလာခဲ့သည်။ ကုအန်သည်လည်း သူ့ကိုမငြင်းဆန်ခဲ့ဘဲ အတူတကွပျော်ရွှင်စွာဖြင့် စကားစမြည်ပြောဆိုနေခဲ့သည်။
တတိယဆေးတောင်ကြားအတွင်းရှိ သေရည်သေရက်များသည် စိတ်ဝိဉာဥ်သေရည်အမျိုးအစားဖြစ်သည်။ ကျင့်ကြံသူများကတောင် အများအပြားသောက်သုံးပါက အရက်မူးသွားနိုင်သည်။
ထို့အတွက်ကြောင့် ညသန်းခေါင်ယံကျော်သည့်အချိန်တွင် ဆေးတောင်ကြားတစ်ခုလုံးတွင် အပ်ကျသံပင်မကြားရတော့ပါ။
နောက်တစ်နေ့မနက်တွင် ကုအန်သည်ဆေးတောင်ကြားမှ ထွက်လာခဲ့သည်။ သူသည်ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိလာခဲ့ကာ တပည့်များနှင့်အတူ မိနစ်သုံးဆယ်ခန့် စကားပြောဆိုခဲ့သည်။ ယင်းနောက် မြင်ကွင်းရှစ်ပါးလိုဏ်ဂူများအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အကွာအဝေးတစ်နေရာမှတစ်ဆင့် သူသည်ကြီးမားသော စပျစ်ပင်ကြီး၏အောက်တွင် လဲလျောင်းနေသော ဧရာမသတ္တဝါကြီးတစ်ကောင်ကို တွေ့မြင်လိုက်ရသည်။
၎င်းမှာ မဟူရာပင်လယ်နဂါးဖြစ်သည်။
[ ကောင်းကင်နဂါး ( ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း ပဉ္စမအဆင့် ) : ၃၈၇/ ၈၀၀၀/ ၁၈၀၀၀ ]
ကုအန်သည်ကောင်းကင်နဂါး၏ အမြင့်ဆုံးသက်တမ်းကို ကြည့်ရှုလိုက်ကာ အနည်းငယ်စိတ်ပျက်သွားခဲ့သည်။
ဤနှစ်များစွာအတွင်း၌ ကောင်းကင်နဂါးသည် ကံထူးမှုကြီးများကို မတွေ့ကြုံခဲ့ရသည့်ပုံပေါ်သည်။
ပင်လယ်နဂါးကြီးသည် သစ်ပင်၏အောက်တွင် လဲလျောင်းနေရင်းမှ တစ်ခုခုကိုအာရုံခံမိသွားခဲ့ကာ သူ၏မျက်လုံးများပွင့်လစ်လာခဲ့ပြီး ကုအန်ကိုစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။ " ဆရာ "
ပင်လယ်နဂါးကြီးသည် စိတ်လှုပ်ရှားစွာအော်ဟစ်ပြောဆိုလိုက်ပြီးလျှင် ကုအန်ရှိရာသို့ အပြေးအလွှားရောက်ရှိလာခဲ့သည်။ ကြီးမားသောခန္ဓာကိုယ်ကြီး၏လှုပ်ရှားမှုသည် ပတ်ပတ်လည်မြေပြင်ကို တုန်ခါစေခဲ့ကာ ဖုန်များတသောင်းသောင်း ထသွားစေခဲ့သည်။
၎င်း၏ခန္ဓာကိုယ်ကြီးသည် အလျင်အမြန်သေးကျုံ့သွားခဲ့ကာ အဆုံးသတ်တွင် နှစ်မီတာခန့်ရှည်လျားသော အရွယ်အစားအထိ ရောက်ရှိသွားခဲ့သည်။ သူသည် ကုအန်၏လက်မောင်းအတွင်းသို့ ခုန်ဝင်ရန်ကြိုးစားခဲ့သော်လည်း ကုအန်က နဂါး၏ဉီးခေါင်းကို ကံကြမ္မာဆုံးဖြတ်ခြင်းစုတ်တံဖြင့် ဖိထားခဲ့သည်။ နဂါးကလေးသည် အပေါ်သို့ခုန်မတက်နိုင် ဖြစ်နေခဲ့၏။
" မင်းက ဒီမှာဘာ့ကြောင့်ရှိနေရတာလဲ " ကုအန်ဟာ မေးမြန်းလိုက်သည်။
ပင်လယ်နဂါးက ရယ်ကာမောကာပြောဆို၏။ " ရှေးဟောင်းကောင်းကင်ဂိုဏ်းက အဓိပတိဂိုဏ်းရဲ့နွေဉီးပွဲတော်မှာ ပါဝင်ဖို့အတွက်ရောက်လာတယ်လေ။ ကျွန်တော်လဲခိုးလိုက်လာပြီးတော့ ဆရာ့ကို တွေ့ချင်နေခဲ့တာ "
ကုအန်ကပြောဆိုလိုက်သည်။ " မင်းက ရှေးဟောင်းကောင်းကင်ဂိုဏ်းရဲ့ မြင့်မြတ်တဲ့သားရဲလေ။ မင်းတကယ်ပဲ သတိမထားမိဘဲ ခိုးထွက်လာဖို့ဖြစ်နိုင်တယ်များ ထင်နေတာလား "
သူသည် တစ်စုံတစ်ယောက်က မြင်ကွင်းရှစ်ပါးလိုဏ်ဂူအတွင်းသို့ ချဉ်းကပ်လာတာကို အစောကတည်းက သတိထားမိနေခဲ့သည်။
သို့သော်ငြား အမျက်မထွက်ပါဘဲ စိတ်လှုပ်ရှားနေမိခဲ့၏။
အပိုင်း၃၇၄- မိစ္ဆာအမဲလိုက်သူ။
"အခုဆိုရင် ကျွန်တော်က ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကို ရောက်နေပြီလေ။ သူတို့ကျွန်တော့ကို ရှာတွေ့မှာမဟုတ်ဘူး"
ကောင်းကင်နဂါးက မာန်မာနထောင်လွှားစွာပြောဆိုလိုက်သည်။ သူ၏အသက်သည် နှစ်ပေါင်း၃၀၀ကျော်ပြီ ဖြစ်သော်လည်း သူ၏အသံကတော့ လူငယ်လေးတစ်ယောက်လို နုပျိုနေဆဲသာ။
ကုအန်သည် ငြင်းခုံခြင်းမပြုခဲ့သလို မြင်ကွင်းရှစ်ပါးလိုဏ်ဂူထဲကို တစ်ယောက်ယောက် ခိုးဝင်လာခဲ့ပြီဆိုတာကိုလည်း ပြောပြခြင်းမပြုခဲ့ပါ။ သူက ကောင်းကင်နဂါးကို စိုက်ကြည့်၍ပြောဆိုလိုက်သည်။
"မင်း ရှေးဟောင်းကောင်းကင်ဂိုဏ်းမှာနေချင်လား၊ အကယ်လို့မင်းပြန်လာချင်တယ်ဆိုရင် ငါ အဓိပတိဂိုဏ်းကို ပြောပေးလို့ရပါတယ်"
လက်ရှိအဓိပတိဂိုဏ်း၏ စွမ်းအားဖြင့်ဆိုပါက ရှေးဟောင်းကောင်းကင်ဂိုဏ်း၏ မွန်မြတ်သားရဲကိုရယူခြင်းမှာ မခက်ခဲသောအရာတစ်ခုဖြစ်သည်။
ကောင်းကင်နဂါးက ပြန်လည်ပြောဆိုလိုက်သည်။
"ဒါအတော်လေးကောင်းတာပဲ၊ ဒါပေမဲ့ ကျွန်တော်ပြန်မလာတော့ဘူး။ အဓိပတိဂိုဏ်းက ရှေးဟောင်းကောင်းကင်ဂိုဏ်းထက် အများကြီးသန်မာတယ်လေ။ ကျွန်တော် ဒီဂိုဏ်းမှာနေရင် ကျွန်တော့်ရဲ့အဆင့်အတန်းက အရင်ကလိုမျိုး မြင့်မားတော့မှာမဟုတ်ဘူး"
ကုအန်က သူ့ဘာသာပြုံးရယ်လိုက်ပြီးနောက် နဂါးလေးက ဘယ်လောက်တောင် ရူးအနေကြောင်းကို တွေးတောနေခဲ့သည်။ ယင်းနောက် သူက ဆက်လက်ပြောဆိုသည်။
"ဒီလိုဆိုရင်လည်း ရှေးဟောင်းကောင်းကင်ဂိုဏ်းမှာပဲ ဆက်နေလိုက်ပေါ့ကွာ"
သူသည် သူ၏ကိုယ်ပိုင်ခွန်အားကို ကောင်းကင်နဂါးလေးအားဖော်ထုတ်ပြသလိမ့်မည်မဟုတ်ချေ။ ဤသည်မှာ တပည့်များအပေါ်ထားရှိသော သူ၏စိတ်နေသဘောထား ဖြစ်သည်။
သူနှင့်အတူ ရိုးရိုးသားသားနေချင်သူများကိုသာ သူက နေခွင့်ပေးလိမ့်မည်ဖြစ်၏။ အခြားသောကျင့်ကြံမှုအဆင့်များအပါအဝင် ကျန်သောအရာများ၏ ဆွဲဆောင်မှုကို မပါဝင်စေရပါ။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ ဂူအဝင်အဝမှနေ၍ ခြေလှမ်းသံများကို ကြားလိုက်ရသည်။ ကုအန်နှင့် ကောင်းကင်နဂါးတို့သည် တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
သူတို့သည် ဂူအဝင်အဝမှထွက်ပေါ်လာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုလူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ငယ်ရွယ်ချောမောသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ၏ လက်ထဲတွင် ခေါက်ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားခဲ့ကာ သူ၏ ပခုံးပေါ်တွင် လက်ဖဝါးအရွယ်အစားခန့်ရှိသော ပင့်ကူလေးတစ်ကောင် ရှိနေခဲ့သည်။
သူသည် ကုအန်နှင့် ကောင်းကင်နဂါးတို့ကို ခပ်လှမ်းလှမ်းတစ်နေရာမှ စိုက်ကြည့်နေခဲ့ရာ သူ၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုရှိနေခဲ့သည်။ ယင်းနောက် သူ၏အကြည့်သည် အစိမ်းရောင် စပျစ်ပင်ကြီးရှိရာသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ မျက်လုံးများအတွင်း၌ လောဘ၏ အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
ကုအန်သည် ထိုလူ၏ ကျင့်ကြံမှုကို ထွင်းဖောက်မြင်နိုင်ခဲ့သော်လည်း သူ့ထံသို့ ဘဝသက်တမ်းထောက်လှမ်းရေးလုပ်ေဆာင်ချက်တစ်ခုကို အသုံးပြုခဲ့လိုက်သေးသည်။
[မိစ္ဆာအမဲလိုက်သူ (ဆန်းကြယ်နှလုံးသားဒုတိယအဆင့်) : ၂၁၀၇/၄၆၀၀/၇၅၀၀]
နှစ်၂၀၀၀သက်တမ်းရှိတဲ့ မကောင်းဆိုးဝါးအိုကြီးပါလား။
ကုအန်သည် သတိထားနေသောအမူအရာနှင့် ထိုလူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
"အဲဒါမင်းပဲ၊ မင်းဘယ်လိုလုပ်....."
ကောင်းကင်နဂါး၏ မျက်ဝန်းများသည် အံ့သြတုန်လှုပ်မှုတို့ဖြင့် ပြူးကျယ်သွားခဲ့သည်။
ကုအန်သည် အကြောင်းနှင့်အကျိုး ၊ကံတရား၏ စည်းမျဉ်းများ ရောယှက်မှုကို ကောင်းကင်နဂါးနှင့် မိစ္ဆာအမဲလိုက်သူကြားတွင် တွေ့မြင်ခဲ့ရသည်။
မိစ္ဆာအမဲလိုက်သူသည် သူ၏မူလသရုပ်ကို ဖုံးကွယ်ထားခဲ့ကာ ရှေးဟောင်းကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည်။ ယင်းနောက် ကောင်းကင်နဂါးရှိရာသို့ မကြာခဏအလည်အပတ်သွားလေ့ရှိသည်။ သူ့ကိုယ်သူလည်း သာမန်အခြေတည်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် ရုပ်ဖျက်ထားခဲ့ကာ ကောင်းကင်နဂါးကို အလေးစားဆုံးဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။
"မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါဘာလို့ ဒီကို ရောက်လာရမှာလဲ"
မိစ္ဆာအမဲလိုက်သူက မထီမဲ့မြင်လှောင်ပြောင်ပြောဆိုလိုက်သည်။
သူဟာ အရှေ့သို့တိုးကပ်လာသည့်အခါ ဆန်းကြယ်နှလုံးသားအဆင့်၏ စွမ်းအင်အရှိန်အဝါများသည် ကုအန်၏အရှေ့၌ မတ်တတ်ရပ်နေသော ကောင်းကင်နဂါးကလေးကို တုန်လှုပ်စေခဲ့သည်။
"မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ ငါတို့စတင်တိုက်ခိုက်မယ်ဆိုရင် ဒီနေရာတစ်ခုလုံးကို လူတွေ သတိထားမိသွားလိမ့်မယ်"
မိစ္ဆာအမဲလိုက်သူက အေးစက်စွာပြောဆိုလိုက်သည်။ သူ၏မျက်ဝန်းကြီးများသည် အစိမ်းရောင် စပျစ်သစ်ပင်ကြီးကို စူးစိုက်ကြည့်မိလိုက်သည့်အခါ အလင်းရောင်များ တောက်ပလင်းဖြာလာခဲ့သည်။
"မင်းကဘယ်သူလဲ၊ ဘာလို့ ဒီလောက်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားနိုင်ရတာလဲ"
ကောင်းကင်နဂါးသည် အံကိုတင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်နှင့် ဆန်းကြယ်နှလုံးသားအဆင့်တို့ကြားတွင် တစ်သားတည်းဖြစ်ချင်းအဆင့် ရှိနေသေးသည်။ မိစ္ဆာအမဲလိုက်သူကို ရင်ဆိုင်လိုက်ရသည့်အခါ ကောင်းကင်နဂါးသည် ကြီးလေးသော ဖိအားကို ခံစားလိုက်ရသည်။
ယင်းနောက် ကုအန်သည် မိစ္ဆာအမဲလိုက်သူ၏ အကြောင်းနှင့်အကျိုးကံတရားကို တွက်ချက်ခဲ့သည်။
မိစ္ဆာအမဲလိုက်သူ၏ နောက်ခံသည် အတော်လေး နက်ရှိုင်းမှုရှိလေသည်။ သူ၏နောက်ကွယ်တွင် ဒဏ်ရာအပြင်းအထန်ရ၍ ဂူအောင်းနေခဲ့သော မဟာယာနအဆင့်ရှိသော ဆရာသခင်တစ်ပါးရှိနေသေးသည်။ သူ၏ဆရာသခင်နောက်ကွယ်တွင် ပင်လယ်နက်အတွင်းရှိ နတ်ဆိုးဂိုဏ်းတစ်ခုမှဖြစ်သော အချုပ်အနှောင်မဲ့အမတအဆင့်ကို ရောက်ရှိနေသည့် ကြီးမြတ်သည့် ကျင့်ကြံသူတစ်ယောက်လည်း ရှိသည်။ ထိုသူဟာ မတော်တဆမှုတစ်ခုကြောင့် မိစ္ဆာအမဲလိုက်သူ၏ သိုင်းဆရာသခင်တစ်ပါး ဖြစ်လာရခြင်းဖြစ်၏။ဒါ့အပြင် အချုပ်အနှောင်မဲ့အမတအဆင့် ကျင့်ကြံသူသည်လည်း မိစ္ဆာအမဲလိုက်သူကို တပည့်အဖြစ်မွေးစားခဲ့သည်။
ထို အချုပ်အနှောင်မဲ့အမတအဆင့် ဆရာသခင်သည် ရှေးဟောင်းမိသားစုကြီးတစ်စု၏ သစ္စာဖောက်တစ်ယောက်လည်း ဖြစ်သည်။ သစ္စာဖောက်တစ်ယောက်သာဖြစ်သော်လည်း သူ့တွင် ညီအစ်ကိုဆက်ဆံရေးရှိသောညီနောင်တစ်ယောက် မိသားစုအတွင်း၌ ကျန်ရစ်နေသေးကာ သူတို့နှစ်ယောက်သည် အဆက်အသွယ်မပြတ်ခဲ့ကြပါ။ မိစ္ဆာအမဲလိုက်သူ၏ သိုင်းပညာဆရာသခင်သည် ထိုညီနောင်၏ အကူအညီကိုရယူကာ အမျိုးမျိုးသော ပြဿနာများကိုလည်း ဖြေရှင်းကိုင်တွယ်နိုင်ခဲ့သည်။
ထိုရှေးဟောင်းမိသားစုကြီးတွင် အသန်မာဆုံးပုဂ္ဂိုလ်သည် ကောင်းကင်ဈာန်မတအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုမိသားစု၏ ကံတရားသည် နောက်ထပ် ကြီးမြတ်သော ကောင်းကင်နှင့် ကမ္ဘာမြေဘုံတို့နှင့်တောင် ဆက်စပ်လျက်ရှိသည်။
အတိအကျပြောရပါက ထိုမိသားစစုသည် နောက်ထပ် ကောင်းကင်ဘုံတစ်ခုအတွင်း တည်ရှိခြင်းဖြစ်သည်။
ကုအန်သည် ကြောက်လန့်ခြင်းမရှိပါချေ။ အပြင်ဘက်ကောင်းကင်ဘုံများသည် မဟာကောင်းကင်စိတ်ဝိညာဥ်နယ်မြေကြီးလောက် သန်မာအားကောင်းခြင်းမရှိပါ။ ဒါ့အပြင် နေရာဒေသအားဖြင့်လည်း ကွာခြားမှုရှိသေးတာကြောင့် ဤနေရာသို့ ရောက်လာရန် မလွယ်ကူပါ။
သို့သော်လည်း သူသည် မိစ္ဆာအမဲလိုက်သူ၏ အကြောင်းအကျိုးသဘောတရား ရှုပ်ထွေးမှုများနှင့် ပတ်သတ်ပြီးတော့ အံ့အားတသင့်ဖြစ်ခဲ့ရသည်။
မိစ္ဆာအမဲလိုက်သူနှင့် ရန်သူဖြစ်လာပါက ရှုပ်ထွေးသော အကြောင်းအရင်းများအတွင်း၌ ပါဝင်ရလိမ့်မည်။