← Chapters

ကြေးနီ ခေါင်းတလားထက်မှ မီးအိမ်

Vol. 5 Ch. 401

ကြေးနီ ခေါင်းတလားထက်မှ မီးအိမ်

Vol. 5 Ch. 401

အစပိုင်းတွင်တော့ ဖန်းယန်ယင်းသည် ဆန်းလျန်နှင့် အပြိုင် လမ်းလျှောက် နေနိုင်သေးသည်။ သို့သော် တဖြည်းဖြည်း လျှောက်ရင်းလျှောက်ရင်း သူမ ခန္ဓာကိုယ် ထက်သို့ ကျဆင်းလာသည့် နှင်းပွင့်များ သည်ပင်လျှင် ဝန်ထုပ်ဝန်ပိုး တစ်ခုအသွင် သူမကို လေးလံ လာစေတော့သည်။ သူမ၏ ခြေလှမ်းများမှာ တဖြည်းဖြည်း လေးလံလာပြီး ဆန်းလျန်နောက်မှ ကြိုးစား လိုက်လျှောက်ရင်း နောက်ဆုံးတွင် သတိလစ် သွားလေတော့သည်။

ဆန်းလျန်ကတော့ ခြေလှမ်း မှန်မှန်ဖြင့် ဆက်လျှောက်နေဆဲ ဖြစ်လေသည်။ သူ၏ ခြေရာများသည် အစပိုင်းတွင် နှင်းတောထဲတွင် နက်ရှိုင်းစွာ နစ်ဝင်နေပြီး တဖြည်းဖြည်း ခြေရာများက တိမ်လာလေသည်။ ပတ်ဝန်းကျင်မှ ရွှေရောင် ပန်းပွင့်များမှာလည်း တဖြည်းဖြည်း အရောင်မှိန်လာ သကဲ့သို့ ရှိလေသည်။

နှင်းများကို ပိုပြီး ထူထပ်စွာ ကျဆင်းလာသည့် အတွက် နေရောင်ရော လရောင်ပါ မြင်တွေ့ရခြင်း မရှိတော့ပေ။

ဆန်းလျန်သည် မရပ်မနား ဆက်လျှောက် လာနေစဉ်မှာပင် ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက် လာလေသည်။ နှင်းများက အဆက်မပြတ် ကျဆင်းနေပြီး အေးစက်သည့် လေအေးများ ကလည်း တိုက်ခတ် နေလေသည်။ လောက တစ်ခုလုံးသည် အေးစက် တိတ်ဆိတ်နေပြီး ဆန်းလျန်မှ လွဲပြီး အခြား သက်ရှိသတ္တဝါ ဟူ၍ အရိပ်အယောင်မျှပင် မခံစား မိတော့ပေ။ ထို့ပြင် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်နေသည့် အတွက်ကြောင့် ရွှေရောင် ပန်းပွင့်များကိုလည်း တွေ့မြင်ရခြင်း မရှိတော့ပေ။

ဆန်းလျန်သည် ခြေလှမ်းများကို ရပ်တန့် လိုက်လေသည်။

ဆန်းလျန်သည် မည်သည့် နေရာသို့ ရောက်ရှိနေမှန်း မသိတော့ပေ။ သို့သော် ... သူရောက်ရှိနေသည့် တောင်မှာ မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော် ရှိရာ မဟာနှင်းတောင် ပေါ်တွင် ဖြစ်သည်ကိုတော့ သူရှင်းရှင်းလင်းလင်း သိနေလေသည်။

သူရောက်ရှိနေသည့် နေရာတွင ်…

တန်ခိုး စွမ်းအားများလည်း ရှိမနေသလို မိုးမြေ စွမ်းအားများလည်း ငြိမ်သက် နေလေသည်။

ဆန်းလျန်သည် မျက်လုံးကို မှိတ်လိုက်ပြီး အာရုံငါးပါးကို ပိတ်ထား လိုက်လေသည်။ သူ၏ဝိညာဉ် စွမ်းအားကိုသာ အသုံးပြုကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့် လိုက်သည်။

ထို့နောက် ဆန်းလျန်သည် ပထမ ခြေလှမ်းကို စတင် လှမ်းလိုက်လေသည်။

စူးရှချွန်ထက် နေသည့် စူးချွန် တစ်ခုသည် မြေပြင်ထက်တွင် ပေါ်ထွက်လာပြီး ဆန်းလျန်၏ ခြေဖဝါးကို ထိုးစိုက်ရန် အသင့်ဖြစ် နေလေသည်။ သို့သော် ဆန်းလျန်သည် အာရုံငါးပါး အားလုံးကို ပိတ်ထားသည့် အတွက် စူးချွန်ကို သိမြင် ခံစားမိခြင်း မရှိပေ။ စူးချွန်သည် ဆန်းလျန်၏ ခြေဖဝါးကို ထိုးစိုက်ခြင်း မရှိတော့ပဲ မြေကြီး အတွင်းသို့ ပြန်ဝင် သွားလေသည်။

ဆန်းလျန်၏ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဆူးချွန်များ ပေါ်လာလိုက် ဆန်းလျန်က သိမြင်ခံစားခြင်း မရှိဘဲ ခြေလှမ်း လိုက်သည်နှင့် ဆူးချွန်များက မြေကြီးအတွင်း ပြန်ဝင်သွား လိုက်ဖြင့် သံသရာ လည်နေတော့သည်။ အဆိုပါ ဆူးချွန်များမှာ ပုံရိပ်ယောင်များ မဟုတ်ပေ။ ဗုဒ္ဓဘာသာ ကျမ်းစာများထဲတွင် ပါရှိသည့် "အကုသိုလ် ဆူးချွန်" ဟုခေါ်သည့် ဆူးချွန်များ ဖြစ်လေသည်။

ထိုဆူးချွန်များသည် တန်ခိုး စွမ်းအားများကို စုပ်ယူနိုင်ပြီး စိန်သားထက်ပင် ပိုမို မာကျော ထက်မြက်သည့် ဆူးချွန်များ ဖြစ်လေသည်။ ထိုဆူးချွန်များသည် ရွှေခန္ဓာကိုပင် ထိုးဖောက် ပစ်နိုင်စွမ်း ရှိကြလေသည်။

သို့သော် ... ဆူးချွန်များသည် ဆန်းလျန် အပေါ်တွင် သက်ရောက်မှုမရှိ ဖြစ်နေရ လေသည်။

အဘယ်ကြောင့် ဆိုသော် …

ဆန်းလျန်သည် အာရုံငါးပါး စလုံးကို ပိတ်ထားသည့် အတွက် တန်ခိုးစွမ်းအား တစ်ခုမှ ပြင်ပသို့ ထွက်ပေါ် မလာသည့် အတွက်ကြောင့် ဖြစ်လေသည်။ ဆူးချွန်များသည် ဆန်းလျန်၏ တန်ခိုး စွမ်းအားများကို စုပ်ယူ၍မရ ဖြစ်ရသည့် အတွက် အလိုလိုနေရင်း မြေကြီး အတွင်းသို့ ပြန်ဝင် သွားကြခြင်း ဖြစ်လေသည်။

စုစုပေါင်း အကုသိုလ် ဆူးချွန် ဆယ့်ရှစ်ခုမှာ တစ်ခုမှ ဆန်းလျန်ကို တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။

ဆန်းလျန်သည် မျက်လုံးများကို အသာအယာ ပြန်ဖွင့်ကြည့် လိုက်လေသည်။ ထိုအခါ သူ၏ မျက်ဝန်းများဆီမှ အနက်ရောင်နှင့် အဖြူရောင် ရောင်စဉ်များ ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို တောက်ပ သွားစေလေသည်။

အမှောင်ဖုံးနေသော နှင်းတောင်ထက်တွင် အနက်ရောင်နှင့် အဖြူရောင် ရောင်စဉ် နှစ်ခုသည် ရောနှောသွားပြီး အလင်းရောင် စက်ဝန်းတစ်ခု ဖြစ်ပေါ် လာလေသည်။ ထိုအလင်းရောင် စက်ဝန်းသည် ပတ်ဝန်းကျင်မှ အမှောင်ထုကို ဆက်တိုက် စုပ်ယူသွားပြီး အလင်းရောင် စက်ဝန်းထဲတွင် အဖြူရောင် အနည်းငယ်သာ ကျန်ရှိပြီး အနက်ရောင်များ တဖြည်းဖြည်း များပြားလာလေ တော့သည်။

အမှောင်ထု လျော့နည်း သွားသည်နှင့် ဆန်းလျန်၏ ရှေ့တွင် ကြေးနီ ခေါင်းတလားကြီး တစ်လုံးကို တွေ့မြင်လိုက် ရလေသည်။ ခေါင်းတလားကြီးတွင် ထွင်းထုထားသည့် ပန်းပု လက်ရာများမှာ အလွန် ရှေးကျပြီး ခမ်းနားသည့် အသွင်ကို ဆောင်လေသည်။

ခေါင်းတလား၏ အစွန်း တစ်ဖက်တွင် မီးအိမ်တစ်ခု ထွန်းလင်း နေလေသည်။ မီးအိမ်လေးသည် ပဲစေ့ ပုံသဏ္ဌာန် ဖြစ်ပြီး အမှောင်ထဲတွင် တောက်ပစွာ လင်းလက် နေလေ၏။

ခေါင်းတလားထက်ရှိ မီးအိမ်ဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်သည် ဆန်းလျန်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျ နေလေသည်။

လောကတွင် အလျင်မြန်ဆုံးသော အလျင်သည် အလင်းအလျင် ဖြစ်ပြီး မည်သည့် အရာကမှ အလင်း အလျင်ကို တားဆီးနိုင်ခြင်း မရှိပေ။

ဖန်းယန်ယင်းသည် သတိလစ် မေ့မြောနေရာမှ သတိပြန်ရ လာလေသည်။

သို့သော် သူမ၏ ဆရာဦးလေးကို မည်သည့် နေရာတွင်မှ မတွေ့ရတော့ပါ။ သူမက နေရာမှ ထရန် ကြိုးစားလိုက်သည့် အခါတွင်တော့ မိုးမြေ စွမ်းအားထု တစ်ခုသည် သူမကို မလှုပ်နိုင်အောင် ချည်နှောင် ထားသည့်အလား ခံစားလိုက် ရပြီး သူမတစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ပေ။

ဆန်းလျန် ထုတ်လွှတ်ထားသည့် အနက်ရောင်နှင့် အဖြူရောင် အလင်း စက်ဝန်းမှာ ပျောက်ကွယ် သွားလေသည်။ ကြေးနီရောင် ခေါင်းတလား ထက်ရှိ မီးအိမ်မှ ထွက်ပေါ်နေသည့် အလင်းရောင် များသည် ဆန်းလျန်၏ ကိုယ်တွင်းသို့ စိမ့်ဝင်သွားပြီး ဆန်းလျန်သည် သူ့ကိုယ်သူ အလင်းရောင်၏ အစိတ်အပိုင်း တစ်ခုအလား ထူးခြားစွာ ခံစားလိုက် ရလေသည်။

"ခေါင်းတလား ဆိုတာ သေတဲ့လူတွေ လဲလျောင်းရာ ... မီးအိမ်ကတော့ သေတဲ့ လူတွေကို လမ်းပြ ပေးရာပေါ့…"

ကြေးနီရောင် ခေါင်းတလားနှင့် ခေါင်းတလားထက်မှ မီးအိမ် ... သေခြင်းတရားကို ကိုယ်စားပြုလေ သလား။

"မွေးဖွားခြင်း ရှိရင်၊ သေဆုံးခြင်း ရှိမည်မှာ မလွဲမရှောင် သာသည့် ကိစ္စပင် ဖြစ်လေသည်။ သေဆုံး ပြီးတဲ့နောက် ပြန်လည်မွေးဖွား လာဦးမည်"

ရုတ်တရက်…

ဆန်းလျန်၏ ဝိညာဉ် အတွင်းသို့ သေခြင်းတရား စွမ်းအားများ ဝင်ရောက် လာသည်ကို ခံစားလိုက် ရပြီး နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများနှင့် နားများဆီမှ သွေးများထွက် လာလေသည်။ မီးအိမ်သည် သူ၏ မူလဝိညာဉ် ခန္ဓာကို မီးမြှိုက်နေသည့် အလား ခံစားလိုက်ရပြီး ဝိညာဉ် လောင်ကျွမ်းမှုကို ရုပ်ခန္ဓာက မခံနိုင်တော့သည့် အတွက် ထိုသို့ သွေးများ ထွက်လာခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် မီးအိမ်ရှေ့တွင် မတ်တတ်ရပ် နေလေသည်။

မီးအိမ်သာ ငြိမ်းမသွားဘူး ဆိုလျှင် ဆန်းလျန်သည် လောကမှ လောင်ကျွမ်းပျောက်ကွယ် သွားတော့မည် ဖြစ်လေသည်။

ဆန်းလျန်သည် သူ့ကိုယ်သူ မီးအိမ်မှ ဖြာလင်းနေသည့် အလင်းရောင်၏ အစိတ်အပိုင်း ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ ဆန်းလျန် ထင်သည်မှာ မမှားခဲ့ပါ။ သို့သော် ထိုသို့ အလင်း၏ အစိတ်အပိုင်း ဖြစ်ရခြင်းက အလွန် ကြီးမားသော အန္တရာယ် တစ်ခုကို ဦးတည် စေခဲ့လေသည်။

ဆန်းလျန်က မိစ္ဆာ စွမ်းအားများ စတင် ဝင်ရောက်ခဲ့ရာ သူ၏ ညာဘက်လက်ကို မီးအိမ်ရှိရာသို့ လက်လှမ်းလိုက်သည်။ မိစ္ဆာ စွမ်းအားများသည် မီးအိမ်မှ မီးရောင်နှင့် ထိတွေ့သည့်အခါ လောင်ကျွမ်းသွားပြီး ဆန်းလျန်၏ လက်တစ်ခုလုံးမှာ ပြာမှုန့် အဖြစ်သို့ ကူးပြောင်း သွားလေတော့သည်။

ဆန်းလျန်သည် သူကိုယ်တိုင် အလင်းအဖြစ်သို့ ပြောင်းလဲသွား သကဲ့သို့ ခံစာလိုက် ရလေသည်။ သူ၏ငယ်ထိပ် ဆီမှ စွမ်းအား ဆုံချက်သည် ပွင့်ထွက်သွားပြီး ပါးလွှာသော ရောင်စဉ်တန်းများ ထွက်ပေါ်လာကာ မီးအိမ်မှ အလင်းတန်းနှင့် ပေါင်းစည်း သွားလေသည်။

အလင်းရောင်သည် အလွန် အံ့သြစရာ ကောင်းသည့် အရာတစ်ခု ဖြစ်လေသည်။ လူတစ်ယောက်သည် အလင်းအကြောင်းကို အလုံအလောက် သိနားလည် သွားပါက အတိတ်မှ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိမြင်နိုင်မည် ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် အလင်းသည် ကြုံတွေ့သမျှ အရာအားလုံးကို မှတ်တမ်းတင် ထားနိုင်ပြီး သမိုင်းအတွက် သက်သေ လုပ်ပေးနိုင်သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်သည် တွေဝေ မိန်းမောနေပြီး သူ့ရှေ့မှ ကြေးနီ ခေါင်းတလားကြီး၏ မူလအစကို တွေ့မြင်နေ ရလေသည်။

ဆန်းလျန်၏ လက်က မီးအိမ်နှင့် ထိတွေ့မိ သွားသည့်အခါ ကြေးနီ ခေါင်းတလားကြီးက တစ်ချက်လှုပ်ရှား သွားလေသည်။ ခေါင်းတလားကြီး ဆီမှ အရာအားလုံးကို လွှမ်းမိုးနိုင်သည့် အလွန် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအား တစ်ခု ထွက်ပေါ် လာလေသည်။

မဟာနှင်းတောင် ထက်တွင် ဆန်းလျန်၊ ဖန်းယန်ယင်းနှင့် သူတို့ကို တစ်နေရာမှ လျှို့ဝှက်စွာ စောင့်ကြည့်နေသည့် အဖြူရောင်ဝတ် ဘုန်းတော်ကြီး ရှန်ကြွယ်တို့သာ ရှိပြီး အခြား မည်သည့် သက်ရှိ သတ္တဝါမှ မရှိသည့် အတွက်သာ တော်တော့သည်။ မဟုတ်ပါက ကြေးနီ ခေါင်းတလားမှ စွမ်းအားများ ထိမှန်ကာ သက်ရှိ သတ္တဝါများ အားလုံး ပျက်စီးကုန်မည် ဖြစ်လေသည်။

ကြေးနီ ခေါင်းတလားကြီး ဆီမှ စွမ်းအားများ ထိမှန်ခံရသည့် အတွက် ဖန်းယန်ယင်း၏ ခန္ဓာကိုယ်မှ သွေးများ ထွက်လာလေသည်။ သို့သော် သူမက ဆန်းလျန်အတွက် ပိုပြီး စိတ်ပူနေမိသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်၏ အခြေအနေကို သူမမသိရ သောကြောင့် ဖြစ်လေသည်။ သူမ၏ အာရုံခံစားမှု များမှာလည်း ပိတ်ဆို့ခံ ထားရပြီး သူမသည် အမှောင်ထဲတွင် လမ်းပျောက်နေဆဲ ဖြစ်လေသည်။ သူမ၏ ခန္ဓာကိုယ်မှာလည်း တစ်ချက်ပင် ရွေ့လျား၍ မရပေ။

သို့သော် ... သူမ၏ လက်ထဲတွင် ဆန်းလျန် ပေးထားသည့် ဒြပ်စင်ငါးပါး မှော်ဝင်ဓား ရှိနေလေသည်။

ပထမတွင်တော့ ကြောက်မက်ဖွယ်ရာ စွမ်းအားလွှမ်းမိုးမှု အောက်တွင် မှော်ဝင်ဓားမှာ တိတ်ဆိတ်ငြိမ်သက် နေလေသည်။ ခေတ္တကြာသည့် အခါတွင်တော့ ဓားဆီမှ ဓားခြိမ်းသံကြီး တစ်သံ ထွက်ပေါ် လာလေသည်။ သို့သော် ... ကြီးမားသော စွမ်းအား လွှမ်းမိုးမှု အောက်တွင် ဓားခြိမ်းသံမှာ ပြန်လည် ငြိမ်သက် သွားလေသည်။

ထို့နောက် မှော်ဝင်ဓားထံမှ ညည်းသံကဲ့သို့ အသံတစ်မျိုး ထွက်ပေါ်လာပြီး ဖန်းယန်ယင်းကို လှုပ်ရှားနိုင်အောင် တန်ခိုး စွမ်းအားများ ထည့်သွင်းပေး လိုက်လေသည်။

ဖန်းယန်ယင်းသည် မှော်ဝင်ဓားကို ကိုင်ကာ မတ်တတ်ထရပ် လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ မှောင်မိုက်နေပြီး သူမသည် ဆရာဦးလေးနှင့် မည်မျှဝေးသည့် နေရာတွင် ရောက်ရှိ နေသည်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။

သူမက ဓားကိုင်ကိုင်ထားပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူမ၏ ခြေလှမ်းများက အလွန် လေးလံ နေလေသည်။

ထို့နောက် သူမသည် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချလိုက်ကာ အမှောင်ထု အတွင်းသို့ တစ်လှမ်းချင်း တိုးဝင် သွားလေတော့သည်။

***

All Chapters