အခန်း (၃၈၃-၃၈၄)
Vol. 29 Ch. 383-384
အပိုင်း ၃၈၃: မင်းဘယ်သူလဲ!
ကုအန်က ပြန်၍ပြောဆိုလိုက်သည်။ "ငါတို့ဘာကိုစိုးရိမ်နေရမှာလဲကွာ၊ မင်းတို့တွေ တိုက်ပွဲထဲမှာရှိနေမှတော့ ငါအန္တရာယ်လုံးဝမကြုံတွေ့နိုင်တော့ဘူးလေ"
ဝူကျဲက ရယ်ကာမောကာ ပြောဆိုလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒါက မင်းအနေနဲ့ အဓိပတိဂိုဏ်းကြီးကနေ ပထမဆုံးအကြိမ် ထွက်ခွာ စွန့်စားခန်းထွက်ဖူးတာလေ၊ မင်းကြောက်လန့်နေမှာကို ငါစိုးရိမ်နေခဲ့တာ"
အန်းရှင်းဟာ သူမ၏ပါးစပ်ကိုအုပ်ကာ၍ တခစ်ခစ်ရယ်ကာ အနားသို့ရောက်ရှိလာခဲ့သည်။ သူမက ကုအန်ကို ရယ်မောနေခဲ့သည်ဟု တွေးထင်ခဲ့တာကြောင့် ဝူကျဲက များများစားစား မတွေးမိခဲ့ပါ။
ကုအန်၏အနောက်တွင် မတ်တပ်ရပ်နေသော လုံချင်းသည် အရှေ့သို့ရောက်ရှိလာခဲ့ကာ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
" အကြီးအကဲဝူ ၊နောက်ထပ်တိုက်ပွဲက ဘယ်တော့စတင်မှာလဲ "
ပြီးခဲ့သည့်ညက တိုက်ပွဲအတွင်း၌ သူလည်း ပါဝင်ဆင်နွှဲခဲ့သည်။ သူ၏ပြိုင်ဘက်ကင်းသော ရုပ်ခန္ဓာသည် အဓိပတိဂိုဏ်းသားများအားလုံးကို အံ့ဩသွားစေခဲ့သည်။ ထိုအကောင်ငယ်လေးသည် စိတ်ဝိဉာဥ်စွမ်းအားများကို အသုံးမချနိုင်သော်လည်း လွှမ်းမိုးချယ်လှယ်နိုင်သော စွမ်းဆောင်ရည်များကို ဖော်ပြနိုင်ခဲ့သည်။
ဝူကျဲသည် သူ့ကိုစိုက်ကြည့်၍ ပြုံးရယ်လိုက်သည်။ " မကြာခင်စလာပါလိမ့်မယ် "
ကောင်းကင်မိစ္ဆာများကို ဆက်တိုက်ဆိုသလို အောင်မြင်စွာသုတ်သင်နိုင်ခဲ့တာကြောင့် ဝူကျဲသည် သူတို့ကို စတင်၍ အထင်သေးလာခဲ့သည်။ သူတို့တတွေဟာ ထင်ထားသလောက် ကြောက်စရာမကောင်းဘူးဟုလည်း တွေးလိုက်မိသည်။
ဝူကျဲက ဆက်လက်ပြောဆိုတော့မည့်အချိန်တွင် လုံချင်း၏မျက်ဝန်းများသည် စိုးရိမ်ထိတ်လန့်စွာ ပြူးကျယ်သွားခဲ့ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်ခဲ့သည်။ ဝူကျဲသည်လည်း အပေါ်သို့မော့ကြည့်လိုက်သည့်အခါ သွေးနီရောင်ကောင်းကင်ကြီးအတွင်း၌ ထွက်ပေါ်လာခဲ့သော ဧရာမမျက်ဝန်းကြီးတစ်စုံကို တွေ့မြင်ခဲ့ရသည်။ ၎င်းမျက်ဝန်းကြီးသည် ကပ်ဘေးမဟာဧကရာဇ်၏ မျက်ဝန်းများပေတည်း။
ကပ်ဘေးမဟာဧကရာဇ်သည် တစ်ခုခုကို ရှာဖွေနေခဲ့သည့်ပုံပေါ်သည်။ သူ၏အကြည့်များသည် အဆက်မပြတ်ရွေ့လျားနေခဲ့သည်။ ကုအန်မှလွဲ၍ ကျန်သူများအားလုံးသည် ကပ်ဘေးမဟာဧကရာဇ်၏ မျက်ဝန်းအကြည့်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ နှလုံးအိမ်များ ဗျောင်းဆန်သွားခဲ့ရသည်။
ထိုမျက်ဝန်းကြီးများ၏အောက်တွင် ဘယ်သတ္တဝါ၊ဘယ်ပါရမီရှင်မဆို ထိတ်လန့်ဖွယ်ကောင်းသော အကြောက်တရားကိုခံစားခဲ့ရသည်။
ကျုယွမ်ကမ္ဘာလောကကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ ကပ်ဘေးမဟာဧကရာဇ်၏မျက်ဝန်းကြီးသည် ကောင်းကင်ပေါ်တွင် ဆက်လက်ရွေ့လျားနေခဲ့သည်။
တောအုပ်၏အစွန်အဖျားနားတွင် ကျူရှီသည် ကောင်းကင်ပေါ်သို့မော့ကြည့်နေခဲ့ကာ သူမ၏မျက်ဝန်းများထဲတွင် စိုးရိမ်ကြောက်ရွံ့မှုများ ရှိနေခဲ့သည်။
" ကောင်းကင်ဘုံကြီးရေ ၊ကျေးဇူးပြုပြီးဒီကပ်ဘေးကို ရင်ဆိုင်ဖြတ်ကျော်ခွင့်ပေးပါလို့! "
ကျူရှီသည် နှလုံးသားထဲမှ တီးတိုး ဆုတောင်းစကား ပြောကြားနေခဲ့သည်။
နေ့တစ်ဝက်ကာလအတောအတွင်း၌ သူမသည်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သော်လည်း ကောင်းကင်မိစ္ဆာများနှင့် ဘယ်တော့မှအနီးကပ်မတိုက်ခိုက်ခဲ့ပါ။ ကူညီထောက်ပံ့ပေးသည့် နေရာကဏ္ဍမှသာ လုပ်ဆောင်ပေးခဲ့သည်။
ကပ်ဘေးမဟာဧကရာဇ်၏မျက်ဝန်းကြီး ထွက်ပေါ်လာသည့်အခါ လူတိုင်း၏စိတ်လှုပ်ရှားတက်ကြွမှုများအားလုံးသည် ပပျောက်သွားခဲ့ရသည်။
သူတို့ကောင်းကင်မိစ္ဆာတွေကို အနိုင်ယူနိုင်ခဲ့တော့ရော ဘာအရေးလဲ။
အသက်ရှင်လျက် ထွက်ခွာသွားဖို့ဆိုရင် အဲ့ဒီကောင်းကင်ပေါ်က နတ်ဆိုးမျက်လုံးကြီးကို ကျိန်းသေပေါက်ရင်ဆိုင်ရမှာ။
ရုတ်တရက်ဆိုသလိုပင် !
ကပ်ဘေးမဟာဧကရာဇ်၏မျက်ဝန်းများသည် ပွင့်လှစ်သွားခဲ့ကာ မျက်ဆံအတွင်းမှ အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှင့်လိုက်သည်။ သက်ရှိသတ္တဝါအားလုံး၏ အမူအယာများအားလုံးသည် ပြောင်းလဲသွားခဲ့ကြကာ ကြောင်အတုန်လှုပ်နေသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
လေထဲမှ ကောင်းကင်မိစ္ဆာတစ်အုပ် ပြုတ်ကျလာခဲ့ကာ အနီးဝန်းကျင်ရှိ တောင်တန်းတောအုပ်များပေါ်သို့ ဝင်ရောက်သွားခဲ့သည်။
ကုအန်သည် သူ့ပတ်ပတ်လည်ရှိ လူတိုင်း၏စိတ်အသိအာရုံသည် ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ကျရောက်သွားပြီဆိုတာ ခံစားလိုက်ရသည်။
လူတိုင်းသည် သူတို့နှလုံးသားအတွင်းရှိ အနက်ရှိုင်းဆုံးအကြောက်တရားကို ရင်ဆိုင်နေခဲ့ရသည်။
ကုအန်သည်လည်း ဆက်လက်ဟန်ဆောင်နေခဲ့ကာ ပုံရိပ်ယောင်နယ်မြေ၏ ပျံ့ပွားလာမှုကို တောင့်ခံနေခဲ့သည်။ သူဟာလုံချင်းကို တောင်ကုန်းလေးတစ်ခု၏အောက်သို့ ခေါ်ဆောင်သွားခဲ့သည်။
ကပ်ဘေးမဟာဧကရာဇ်၏မျက်ဝန်းများသည် ကျိရှောင်ယုအပေါ်သို့ ကျရောက်သွားခဲ့ကာ သူ၏မျက်ဝန်းအတွင်း၌ ထူးဆန်းသော အမူအယာတစ်ခု ပေါက်ဖွားလာခဲ့သည်။
သို့သော်လည်း များမကြာမီတွင် သူ၏အကြည့်သည်လုံချင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။
သက်ရှိသတ္တဝါအားလုံးသည် နာကျင်မှုကို ခံစားနေခဲ့ရသော်လည်း လုံချင်းကတော့တည်ငြိမ်နေခဲ့သည်။
ကောင်းကင်ပေါ်ရှိ ဧရာမမျက်လုံးကြီးသည် အပြည့်အဝပျောက်ကွယ်သွားခဲ့သည်။
ကပ်ဘေးမဟာဧကရာဇ်သည် လုံချင်း၏ဘေးနား၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ သူ့ကိုစူးစိုက်ကြည့်နေခဲ့သည်။
အံ့အားသင့်စွာဖြင့် လုံချင်းတွင်အကြောက်တရားဟူ၍ လုံးဝမရှိခဲ့ပါ။ လုံချင်းတွေ့ကြုံနေရသော ပုံရိပ်ယောင်သည် သူဟာမဟာကောင်းကင် စိတ်ဝိဉာဏ်နယ်မြေကြီး၏ သာယာသော နေရာတစ်ခုတွင်ရှိနေခဲ့ကာ ကုအန်နှင့်အန်းရှင်းတို့ကို ရှာဖွေနေခဲ့ခြင်းမျှသာဖြစ်သည်။
" သူက လုံချင်းရဲ့ပြန်လည်ဝင်စားခြင်းများလား " ကပ်ဘေးမဟာဧကရာဇ်သည် တီးတိုးရေရွတ်လိုက်မိသည်။
ကပ်ဘေးမဟာဧကရာဇ်သည် လက်ကိုပင့်မြှောက်၍ လုံချင်း၏ နဖူးပြင်ကို ထိတွေ့ရန်ပြင်ဆင်လိုက်သည်။
ရုတ်တရက်ဆိုသလို...
လက်တစ်စုံသည် ကပ်ဘေးမဟာဧကရာဇ်၏ ညာဘက်လက်ကို ဖမ်းဆုပ်ထားလိုက်ကာ သူ၏အမူအယာကို ကြောင်အတုန်လှုပ်သွားစေခဲ့သည်။ သူသည် ဘေးသို့လှည့်ကြည့်လိုက်သည့်အခါ ကုအန်ကို တွေ့မြင်လိုက်ရသည်။
" ကောင်းကင်သူတော်စင်လား "
ကပ်ဘေးမဟာဧကရာဇ်သည် မျက်မှောင်ကျုံ့၍ပြောဆိုလိုက်သည်။ " ငါလူတိုင်းကို မသတ်ဖြတ်ချင်ဘူးဆိုတာ မင်းသိမှာပါ။ ငါက လုံချင်းကိုရှာဖွေနေရုံတင်။ မင်းက စစ်ပွဲခုံရုံးက လုံမိသားစုရဲ့ဒေါသကို တကယ်ပဲသည်းခံနိုင်လို့လား "
ကြည့်ရသည်မှာ ကပ်ဘေးမဟာဧကရာဇ် ကြောက်လန့်နေသည့်အရာမှာ ကောင်းကင်တာအို၏ စည်းမျဉ်းများမဟုတ်ခဲ့ဘဲ။ ကောင်းကင်သူတော်စင်ကို ဖြစ်နေပုံရသည်။
[ ကပ်ဘေးမဟာဧကရာဇ် ( လွတ်ငြိမ်းရာနတ်အမတ ပဉ္စမအဆင့် ) : ၃၇၉၀၂၇၆၅/၁၀၀၀၀၀၀၀၀/၂၀၀၀၀၀၀၀၀ ]
ဘယ်လောက်တောင်ရှည်လျားတဲ့ ဘဝသက်တမ်းမျိုးလဲ။
ဒီလူ့ကိုမသတ်ဖြတ်လိုက်ရရင် နှမြောစရာကောင်းနေတော့မှာ။
ကုအန်က မေးမြန်းလိုက်သည်။
" ငါက ကောင်းကင်သူတော်စင်လို့ မင်းဘာကြောင့် သေချာနေရတာလဲ "
ထိုစကားများထွက်ပေါ်လာသည့်အခါ ကပ်ဘေးမဟာဧကရာဇ်၏ အမူအယာသည် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူဟာချက်ချင်း နေရာကူးပြောင်းရေးစွမ်းရည်ကို အသုံးပြုခဲ့သော်လည်း နေရာမှ ထွက်မပြေးနိုင်ကြောင်းကို ထိတ်လန့်စဖွယ် ရှာဖွေတွေ့ရှိခဲ့သည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ကပ်ဘေးမဟာဧကရာဇ်သည် အကြောင်းအကျိုးကမ္မတရားများကို အသုံးချရန်ကြိုးစားခဲ့သော်လည်း ကုအန်ထံမှ မလွတ်မြောက်နိုင်ခဲ့ပါ။ သူဟာပို၍ထိတ်လန့် တုန်လှုပ်လာခဲ့သည်။
" မင်းဘယ်သူလဲ!? "
ကပ်ဘေးမဟာဧကရာဇ်သည် ကုအန်ကို တုန်ယင်နေသောအသံဖြင့် မေးမြန်းလိုက်သည်။ သူဟာ အကြောက်တရားများကို ဖုံးကွယ်မထားနိုင်တော့ချေ။
ကုအန်က မေးမြန်းလိုက်၏။
" မင်းဘာလို့ လုံချင်းကို လိုက်ရှာနေရတာလဲ "
ဒါကိုကြားလိုက်ရသည့်အခါ ကပ်ဘေးမဟာဧကရာဇ်၏ အမူအယာများသည် စိတ်ပျက်အားလျော့သည့်ပုံစံသို့ ပြောင်းလဲသွားခဲ့ပြီး သူ့ဘာသာ ပြောဆိုလိုက်သည်။
" လုံမိသားစုမှာ ဖုံးကွယ်ထားတဲ့ မဟာစွမ်းအားတွေ ရှိနေတုန်းပဲ..... "
မဖြေဆိုလိုတာကို တွေ့မြင်လိုက်ရသည့်အခါ ကုအန်သည် စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးသွားခဲ့ပြီး ကပ်ဘေးမဟာဧကရာဇ်၏ စိတ်ဝိဉာဥ်ကို သူ၏နတ်အတွေးအာရုံဖြင့် တိုက်ရိုက်ချိတ်ပိတ်လိုက်သည်။
မဟာဝိဉာဥ်ချုပ်နှောင်ခြင်း အမတ ပညာရပ်!
မှတ်ဉာဏ်ရှာဖွေခြင်း !
အသက်ရှူချိန်အနည်းငယ် ကုန်ဆုံးသွားသည့်အခါ ကုအန်သည် သူ၏နတ်အတွေးအာရုံကို ပြန်လည်ရုတ်သိမ်းလိုက်ပြီးလျှင် သူ၏ညာဘက်လက်ကို ဆတ်ကနဲလှုပ်ရှားလိုက်သည်။ ကပ်ဘေးမဟာဧကရာဇ်သည် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကုအန်၏အရှေ့တွင် အနီရောင်တာအိုသစ်စေ့လေးတစ်ခုသည်သာ လေထဲ၌မျောလွင့်နေလျက် ကျန်ခဲ့၏။
ကုအန်သည် အနီရောင်တာအိုသစ်စေ့လေးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည့်အခါ အကြောင်းအကျိုးကမ္မတရားတို့၏ ကြောက်စရာကောင်းသောစွမ်းအင်သည် တာအိုသစ်စေ့လေးကို အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားစေခဲ့သည်။
[ သင်သည် ကပ်ဘေးမဟာဧကရာဇ်ထံမှ ဘဝသက်တမ်းပေါင်း ၆၂၃၀၅၆၇၂ကို အောင်မြင်စွာစုပ်ယူနိုင်ခဲ့ပါပြီ ]
ဘဝသက်တမ်းပေါင်း ၆သန်းကျော်။
ကုအန်၏မျက်နှာပေါ်တွင် ပျော်ရွှင်မြူးထူးသော အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လွတ်ငြိမ်းရာနတ်အမတတစ်ပါးဖြစ်ဖို့ ထိုက်တန်ပါပေတယ်လေ။
အပိုင်း(၃၈၄) - ပြန်လည်ဝင်စားခြင်း၏အတိဒုက္ခ
မိစ္ဆာဧကရာဇ်ကို သုတ်သင်လိုက်ပြီးနောက် ကျူယွမ်ကမ္ဘာလောကကြီးသည် ပျောက်ကွယ်မသွားခဲ့ဘဲ မူလအတိုင်းကျန်ရှိနေသေးသည်။ အတုအယောင်လောကကြီးအတွင်း၌ ပိတ်မိနေခဲ့သောသက်ရှိများကတော့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်နိုးထလာခဲ့ကြသည်။
နိုးထလာပြီးသော ယင်းလန်သည် ပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ကာ ကုအန်ကို မထိမခိုက်တွေ့မြင်လိုက်ရသည့်အခါ ချက်ချင်းသက်ပြင်းချလိုက်မိသည်။
အန်းရှင်းသည်လည်း မျက်ဝန်းဖွင့်လိုက်သည့်အခိုက်တွင် ကုအန်ကိုတွေ့မြင်ခဲ့ရသည်။ သူမက သူ့ထံသို့ ပိုမိုတိုးကပ်သွားခဲ့ကာ သူမ၏မျက်နှာပေါ်တွင် အကြောက်တရားတို့ရှိနေခဲ့သည်။
အဓိပတိဂိုဏ်း၏တပည့်များအားလုံးသည် နိုးထလာခဲ့ကြသည်။ လူတိုင်းသည် စောနကအဖြစ်အပျက်အကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကြကာ လူတိုင်း၏စိတ်နှလုံးတို့သည် တုန်လှုပ်နေခဲ့ကြသည်။ မိစ္ဆာဧကရာဇ်က ထပ်မံတိုက်ခိုက်လာမှာကိုလည်း စိုးရိမ်ပူပန်နေခဲ့ကြသည်။
ဤကျူယွမ်ကမ္ဘာလောကကြီး၏ ဆရာသခင်သည် အစောထဲကသေဆုံးသွားခဲ့ပြီဆိုတာကိုတော့ သူတို့မသိရှိခဲ့ကြပါ။
ကုအန်သည် မိစ္ဆာဧကရာဇ်၏စိတ်ဝိညာဉ်ကို စေ့စေ့ပေါက်ပေါက် စုံစမ်းစစ်ဆေးခဲ့တာကြောင့် သူသည် လုံချင်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည်။
လုံချင်းသည် နဂါးမျိုးနွယ်သွေးမျိုးဆက်၏ နောက်ဆုံးသော ရှင်သန်သူတစ်ယောက်ဖြစ်ခဲ့ကာ မိစ္ဆာဧကရာဇ်သည် နဂါးမျိုးနွယ်ကို အပြီးတိုင်ချေမှုန်းရန်အတွက် တာဝန်ယူရသူဖြစ်သည်။
ချင်ထျန်းတောင်ထိပ်ရှိ အနက်ရောင်ဝတ်ရုံရှင်သည် လုပ်ံချင်း၏လက်အောက်ငယ်သားဖြစ်သည်။ လုံချင်း ပြန်လည်ဝင်စားလာခဲ့ရခြင်းမှာ မိစ္ဆာဧကရာဇ်နောက်ကွယ်ရှိ မိစ္ဆာများ၏လိုက်လံသတ်ဖြတ်ခြင်းကို ရှောင်ရှားရန်ဖြစ်သည်။။
စစ်ပွဲခုံရုံး!
ဤကနေ့ခေတ်၏စစ်ပွဲခုံရုံးကို အတိတ်တစ်ချိန်ကလိုမျိုး နဂါးမျိုးနွယ်များက ဦးဆောင်ချုပ်ကိုင်ခြင်းမရှိတော့ပါ။ ထိုသို့သောအကြောင်းအရင်းများကြောင့် စစ်ပွဲခုံရုံး၏သခင်သည် လုံချင်းကိုအပြည့်အဝသုတ်သင်ချင်ခဲ့သည်။ နဂါးမျိုးနွယ်မှ အစွမ်းထက်သောမိသားစုဝင်တစ်ယောက် ထွက်ပေါ်လာပြီး သူတို့၏သွေးမျိုးဆက်ကိုနိုးထစေကာ စစ်ပွဲခုံရုံးကို ပြန်လည်ရယူလာမှာကိုစိုးရိမ်နေခဲ့သည်။
ပြီးခဲ့သည်နှစ်များစွာအတွင်း၌ ပြန်လည်ဝင်စားလာခဲ့သော လုံချင်းသည် ကောင်းမွန်စွာဖုံးကွယ်နေထိုင်ခဲ့သည်။ စစ်ပွဲခုံရုံး၏လိုက်လံဖမ်းဆီးခြင်းကိုရှောင်ရှားရန်အတွက် လုံချင်း၏လက်အောက်ငယ်သားများသည်လည်း ချင်ထျန်းတောင်ထိပ်သို့ ခိုးဝင်သွားခဲ့ကြသည်။ သူတို့ကို နတ်ဘုရားများရော တစေ္ဆများကပါ ဘယ်သူမှသတိမမူမိခဲ့ကြပါ။
သို့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း၌ ဖြစ်ပျက်ခဲ့သော အသံမဲ့ပျက်စီးနယ်မြေအတွင်းရှိ ထူးဆန်းသောလက္ခဏာရပ်များသည် မိစ္ဆာဧကရာဇ်၏စိတ်အာရုံကိုဆွဲဆောင်မိခဲ့သည်။
မိစ္ဆာဧကရာဇ်သည် မဟူရာစစ်ပွဲဧကရာဇ်ကို စေလွှတ်ခဲ့သည်။ အတိအကျပြောရပါက အဆိုပါ မဟူရာစစ်ပွဲဧကရာဇ်ကို မိစ္ဆာဧကရာဇ်က ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ ဒါတင်မကသေးဘဲ မဟူရာစစ်ပွဲဧကရာဇ်ပိုင်ဆိုင်သော စစ်ပွဲခုံရုံးအမွေအနှစ်သည်လည်း မိစ္ဆာဧကရာဇ်ထံမှ မြစ်ဖျားခံလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မဟူရာစစ်ပွဲဧကရာဇ်၏ အမှုမဲ့အမှတ်မဲ့ဆန်သော လုပ်ရပ်များကြောင့် မိစ္ဆာဧကရာဇ်သည် ရှန်ထျန်းက ပြန်လည်ဝင်စားသွားခဲ့ပြီဟုတွေ့ထင်ခဲ့သည်။
လွတ်ငြိမ်းရာ နတ်အမတအဆင့်ကိုးကို ဖြတ်ကျော်ရန်အတွက် တစ်စုံတစ်ယောက်သည် ပြန်လည်ဝင်စားခြင်းအတိဒုက္ခကို ဖြတ်ကျော်ရန်လိုအပ်သည်။ ဘဝပေါင်းတစ်ရာခန့်ကျင်လည်ပြီးမှသာလျှင် တာအိုသစ်သီးအဆင့်ကိုရောက်ရှိရန်အတွက် အခွင့်အရေးတစ်ခုရှိလိမ့်မည်ဖြစ်၏။
၎င်းဖြစ်စဉ်ကို ပြန်လည်ဝင်စားခြင်းအတိဒုက္ခ ဟုခေါ်ဆိုသည်။
မိစ္ဆာဧကရာဇ်၏မှတ်ဉာဏ်ထဲတွင် သူ့ကိုရှန်ထျန်းကအနိုင်ယူခဲ့ကာ သူဟာသေလုမျောပါးဖြစ်ခဲ့ရသည်။
ထိုအတွက်ကြောင့် မိစ္ဆာဧကရာဇ်သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ရဲခြင်းမရှိခဲ့ ခေျ။ ထို့ကြောင့် သူ၏လက်အောက်ငယ်သားတစ်ယောက်ဖြစ်သော မဟူရာစစ်ပွဲဧကရာဇ်ကိုသာ စေလွှတ်ခဲ့သည်။ မြင့်မြတ်ခုံရုံး၏ မြင့်မြတ်သောအရာရှိများကတောင် မဟူရာစစ်ပွဲဧကရာဇ်၏နောက်ကွယ်တွင် နောက်ထပ်တစ်စုံတစ်ယောက်ရှိနေသည်ဆိုတာကို မသိကြပါ။
လုံကျန်း၏မျိုးဆက်များအနက်တွင် လုံခြင်းတစ်ယောက်တည်းသာ ရှင်သန်ရစ်တော့သည်ကို သိလိုက်ရသောအခါ ကုအန်သည် သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း ကုအန်သည် စစ်ပွဲခုံရုံးက တိုက်ခိုက်မှုပြုလုပ်လာမှာကို ကြောက်လန့်မနေခဲ့ပါ။ မိစ္ဆာဧကရာဇ်၏မှတ်ဉာဏ်များမှတစ်ဆင့် စစ်ပွဲခုံရုံး၏ပိုမိုအစွမ်းထက်သောတည်ရှိမှုများသည် ဤစကြာဝဠာကြီးအတွင်းသို့ ဝင်ရောက်မလာနိုင်ကြပေ။ အမြင့်ဆုံးအနေဖြင့် လွတ်ငြိမ်းရာနတ်အမတများကသာ ဝင်ရောက်လာနိုင်ကြောင်းကိုသိရှိခဲ့ရသည်။ ထိုအတွက်ကြောင့် စစ်ပွဲခုံရုံးသည် မိစ္ဆာဧကရာဇ်ကိုသာစေလွှတ်ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း စေလွှတ်ခဲ့ရသည့်အဓိကအကြောင်းအရင်းကိုတော့ မိစ္ဆာဧကရာဇ်ကိုယ်တိုင်ကတောင်သိရှိမထားခဲ့ပါ။
မိစ္ဆာဧကရာဇ်သည် ဤစကြာဝဠာကြီးအတွင်း၌ရှိနေခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြာရစ်ခဲ့လေပြီ။ ထိုအချိန်တွင် လုံချင်း၏မိဘများက အသက်ရှိနေခဲ့သေးသည်။ သူတို့ကိုမိစ္ဆာဧကရာဇ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။။
နှစ်ပေါင်းများစွာကြာမြင့်လာခဲ့သည့်အခါ အမျိုးမျိုးသောစကြာဝဠာအတွင်းရှိ နဂါးမျိုးနွယ်ဝင်များအားလုံး သတ်ဖြတ်ခံလိုက်ရပြီး လုံချင်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
တပည့်များက မိစ္ဆာဧကရာဇ်၏အစီအစဉ်များအကြောင်းကို ဆွေးနွေးနေသည့်အချိန်တွင် ကုအန်သည်တော့ တိတ်ဆိတ်နေခဲ့သည်။ သူဟာ အတွေးတစကိုထုတ်လွှတ်လိုက်သည့်အခါ အနီရောင်ကောင်းကင်ကြီးသည် တိတ်ဆိတ်စွာပြိုလဲသွားခဲ့သည်။
"အမြန် ကောင်းကင်ပေါ်ကိုကြည့်လိုက်စမ်း"
တစ်စုံတစ်ယောက်သည် အံ့အားတသင့်ရေရွတ်လိုက်ကာ ကျန်သူများအားလုံးသည်လည်း အပေါ်သို့မော့ကြည့်ခဲ့ကြသည်။
ကောင်းကင်ကြီး တွန့်လိမ်ပုံပျက်လာတာကိုတွေ့မြင်လိုက်ရသည့်အခါ လူတိုင်းသည် ထိတ်လန့်သွားခဲ့ကြသည်။ များများစားစားတွေးခေါ်ရန်အချိန်တောင်မရှိခဲ့ဘဲ သူတို့ကျူယွမ်ကမ္ဘာလောကကြီးကိုဝင်မလာခင်တွင် ခံစားခဲ့ရသလိုမျိုး ခေါင်းမူးေဝသွားခဲ့ကြသည်။ သူတို့၏မျက်ဝန်းများဟာ အလိုအလျောက်ဖိပိတ်လျက်သားဖြစ်သွားခဲ့သည်။
သူတို့ဟာမလှုပ်ရှားနိုင်သလို ပတ်ပတ်လည်နေရာကိုလည်း မကြည့်ရှုနိုင်ကြတော့ပါ။ ဤခံစားမှုသည် လူတိုင်း၏နှလုံးသားများကို တုန်ခါသွားစေခဲ့သည်။
ကုအန်ကသာ မျက်ဝန်းကိုဆက်လက်ဖွင့်ထားနိုင်ခဲ့သည်။ သူ၏စိတ်အတွေးအာရုံစွမ်းအင်အောက်တွင် ကျူယွမ်ကမ္ဘာလောကကြီးသည်စတင်၍ပြိုလဲလာခဲ့သည်။ သူဟာ ၎င်း၏ကမ္မစွမ်းအင်များကို သဘာဝတရား၏နိယာမများဖြင့် ပြောင်းလဲလိုက်ကာ လူတိုင်းအပေါ်သို့ဖြန့်ဝေလိုက်ပြီးနောက် ကံကြမ္မာကောင်းများဖြင့်ကောင်းချီးပေးခဲ့သည်။
ကောင်းချီးမင်္ဂလာပေးအပ်ခဲ့ပြီးသည့်နောက်တွင် ကုအန်သည် ရှိသမျှလူတိုင်းကို မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးထဲတွင်ရှိသော သူတို့၏သက်ဆိုင်ရာနေရာများဆီ ပြန်လည်ပို့ပေးခဲ့သည်။
ထိုအချိန်တွင် စကြာဝဠာအတွင်း၌ရှိနေသော ကြီးမြတ်သည့်ကျင့်ကြံသူများသည် အနက်ရောင်စက်လုံးကလေးက စတင်တုန်ခါလာခဲ့ကာ အနက်ရောင်မြို့ခိုးမြူငွေ့များအဖြစ် ပြောင်းလဲသွားသည်ကို တွေ့မြင်ခဲ့ရသည်။ လူတိုင်းသည် စိုးရိမ်ထိတ်လန့်သွားခဲ့ကြကာ အထဲတွင်ရှိနေသော သူတို့၏မျိုးဆက်သစ်ကလေးများ တခုခုဖြစ်သွားမှာကို ကြောက်လန့်နေခဲ့ကြသည်။
အနက်ရောင်မီးခိုးများ ပျောက်ကွယ်သွားသည့်အခါ သူတို့သည်တစ်စုံတစ်ခုကိုအာရုံခံစားရမိခဲ့ကာ ခေါင်းကိုပြိုင်တူလှည့်ကြည့်မိခဲ့ကြသည်။ သူတို့၏မျက်နှာများသည် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ကြသည်။
သူတို့သည် သူတို့၏မျိုးဆက်များ ပြန်လည်ရောက်ရှိလာတာကို ခံစားလိုက်ရသည်။ မိစ္ဆာဧကရာဇ်က ဘာတွေပဲအစီအစဉ်ချထားခဲ့ပါစေ အနည်းဆုံးတော့ သူတို့၏မျိုးဆက်သစ်ကလေးများလုံခြုံသွားခဲ့လေသည်။
ရှေးဟောင်းအမတဧကရာဇ်နှင့် သူတော်စင်ဘိုးဘေးတို့သည် တပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ကြကာ တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်မိလိုက်ကြသည်။ သူတို့၏မျက်ဝန်းအနက်ပိုင်းတွင် စိတ်ရှုပ်ထွေးမှုတို့ရှိနေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
တစ်ဖက်တွင် ထိုက်ကံကုန်းမြေကြီးရှိ အဓိပတိဂိုဏ်းခွဲတစ်ခုအတွင်း၌ဖြစ်သည်။ ယင်းလန်သည် မျက်ဝန်းကိုဖွင့်လှစ်လိုက်သည့်အခါ သူမ၏ဘေးနားတွင် တင်ပြင်ခွေချိတ်၍ထိုင်နေသော ကုအန်ကို မြင်လိုက်ရသည်။ သူမသည် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးနောက် ပတ်ပတ်လည်ကို ဝေဲ့ကြည့်ရှုခဲ့သည်။
ယင်းနောက် ကျန်းချင်သည်လည်း နိုးထလာခဲ့ကာ နောက်ဆုံးတွင် ကုအန်လည်းနိုးထလာခဲ့သည်။
"ကျွန်မတို့ပြန်ရောက်လာပြီလား၊ ဖြစ်နိုင်တာက ကောင်းကင်မိစ္ဆာတွေအားလုံးကို သတ်ဖြတ်လိုက်လို့များလား" ကျန်းချင်က သတိကြီးကြီးထား၍မေးမြန်းခဲ့သည်။
ကုအန်က အသက်ကိုပြင်းပြင်းရှူ၍ ပြောဆိုလိုက်သည်။ "ငါလည်းမသေချာဘူး၊ မင်းတို့ရဲ့စိတ်ထဲမှာ တစ်ခုခုပိုရှိနေတယ်လို့ခံစားရသေးလား"
သူသည် မိစ္ဆာဧကရာဇ်၏ ကံကြမ္မာစွမ်းအင်များကိုအသုံးပြု၍ လူငယ်မျိုးဆက်များကို ကံတရားဖြင့်ကောင်းချီးပေးခဲ့သည်။ ၎င်းကောင်းချီး၏အကြောင်းအရင်းခံမှာ မိစ္ဆာဧကရာဇ်ဖြစ်တာကြောင့် တစ်ယောက်ယောက်က စေ့စေ့ပေါက်ပေါက်စုံစမ်းခဲ့ရင်တောင် သူ့ကိုရှာတွေ့မှာမစိုးရိမ်ရပါ။
ဒါ့အပြင် သူ၏ကိုယ်ပိုင် နတ်အတွေးအာရုံမှာလည်း ကံကြမ္မာသဘောတရားများဆက်စပ်မှုကို သဘာဝအလျောက်ကာကွယ်ပေးနိုင်သည်။
ယင်းလန်နှင့် ကျန်းချင်တို့သည် ခေါင်းညိတ်လိုက်ကြကာ သူတို့၏အတွင်းပိုင်းသို့ စတင်စူးစမ်းခဲ့ကြသည်။ သူတို့တင်မကကြဘဲ ကျူယွမ်ကမ္ဘာလောကကြီးမှ ပြန်ရောက်လာကြသော လူငယ်တိုင်းလိုလိုသည် သူတို့၏စိတ်အာရုံနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိနေသော ကံကြမ္မာတာအိုကို ဂရုတစိုက်စူးစမ်းနေခဲ့ကြသည်။
အတော်လေကြာလောက်အောင် ဆွေးနွေးပြီးသည့်အခိုက်အတန့်တွင် ကုအန်က မတ်တတ်ရပ်လာပြီးပြောဆိုခဲ့သည်။ "ငါဒီမှာရှိနေတာအတော်လေးကြာခဲ့ပြီ၊ ပြန်သွားဦးမှပဲ" ယင်းလန်က တခုခုပြောချင်ခဲ့သော်လည်း ကူအန်က သုတ်သီးသုတ်ပြာထွက်ခွာသွားခဲ့သည်။ သူဟာ သူ၏စွမ်းဆောင်ရည်များကို ဆက်လက်၍ဖုံးကွယ်ထားခဲ့ပြန်သည်။
"အဆင်ပြေပါတယ်၊ ငါတို့အခုပြန်ရောက်လာပြီပဲလေ၊ အပြင်ဘက်က အသံပသံတွေကိုလည်း နားထောင်ကြည့်စမ်းပါဦး" ကျန်းချင်သည် ယင်းလန်ကို ဖြောင်းဖြပြောဆိုလိုက်သည်။