အခန်း (၃၈၉-၃၉၀)
Vol. 30 Ch. 389-390
Htet Paing:
အပိုင်း(၃၈၉)
နောက်ဘ၀ကတိ
ရှောင်ချွမ့်မေးခွန်းကို ရင်ဆိုင်ရသောအခါ ကုအန် တန်ပြန်မေးခွန်းထုတ်လိုက်၏။
“အဲ့ဒီကိစ္စက မင်းအတွက် အရမ်းအရေးကြီးလို့လား”
ရှောင်ချွမ့် ကုအန်စကားထဲက အဓိပ္ပာယ်ကိုနားလည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် အဲ့တာက အရေးမကြီးတော့ပါဘူးလေ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀လောက်ကတည်းက ကျွန်တော့်ဘ၀ရဲ့ အဆုံးသတ်နဲ့ နီးကပ်လာတာကို ကျွန်တော်ခံစားနေမိခဲ့တာ ဒီနှစ်တွေအတွင်းမှာ မကြာခဏဆိုသလိုကျင့်ကြံရင်း ကျွန်တော် မဖော်ပြတတ်တဲ့ ဆန်းကြယ်တဲ့ညဏ်အလင်းပွင့်အခြေအနေတွေထဲ ၀င်ရောက်သွားတယ် အဲ့တာက စီနီယာအစ်ကိုကြီး ကျွန်တော့်ကို လျှို့ဝှက်ပြီးကူညီနေတာပဲ ဖြစ်ရမယ်”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”
သူကုအန်ကို တည်ကြည်သောအမူအရာဖြင့်ကြည့်ကာ ပြောလိုက်သည်။
ကုအန် နှုတ်ခမ်းထောင့်စွန်းများတွန့်ကွေးသွားပြီး မေးလိုက်၏။
“လက်ဗလာနဲ့ ကျေးဇူးတင်တာလား”
ရှောင်ချွမ်အကူအညီနဲ့စွာ ပြောလိုက်သည်။
“အဲ့တာက ကျွန်ဝောာ်လုပ်နိုင်တာ အကုန်ပဲလေ ကျွန်တော်က အစ်ကိုကြီးအတွက် ဘာလုပ်ပေးနိုင်မှာမလို့လဲ တကယ်လို့ အစ်ကိုကြီးကျွန်ဝောာ့် ဝိညာဉ်ကိုလိုတယ်ဆိုရင်တော့ ယူသာယူလိုက်ပါ”
ကုအန် သူ့ကို တစ်ချက်ကြည့်ကာ ခြောက်ကပ်ကပ်ပြောလိုက်သည်။
“မင်းပြောပုံက မသိရင် မင်းအစ်ကိုကြီးက မိစ္ဆာကျင့်ကြံသူ ကျနေတာပဲ”
“ဆရာသခင်ဓားအရှင်ကို အစကလူတွေက မိစ္ဆာကျင့်ကြံသူလို့ ထင်ခဲ့ကြတာပဲမဟုတ်လား”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်ကိုကြီးမှာ ဝိညာဉ်ကိရိယာတစ်ခုရှိနေတယ် အစ်ကိုကြီးမင်းကို အဲ့ဒီဝိညာဉ်ကိရိယာရဲ့ အဓိကဝိညာဉ်အဖြစ် အသုံးပြလို့ရတယ် အဲ့တာဆို မင်းဘယ်တော့မှ ပြန်လည်မွေးဖွားနိုင်တော့မှာ မဟုတ်ဘူး”
“သေချာတာပေါ့ သေချာတာပေါ့ ကျွန်တော်အဲ့တာကို ကြိုက်တယ်!”
ရှောင်ချွမ့်ပုံစံက အဖိုးကြီးတစ်ယောက်ပုံ ဖြစ်နေပြီဖြစ်သော်လည်း သူ့ဝိညာဉ်ကတော့ တက်ကြွနေကာ လူငယ်ဘ၀သို့ ပြန်ရောက်နေသလိုပင်။
လမ်းတွင် ငြင်းခုန်နေကြရင်း သူတို့နှစ်ယောက်လုံး ပြန်လည်မွေးဖွားခြင်း စက်၀န်းအနီး ရောက်ရှိလာခဲ့ကြသည်။
ရှောင်ချွမ် ကုအန်ကိုမြင်နေရခြင်းအကြောင်းအရင်းမှာ ကုအန်သည် ကမ္မစွမ်းအားကိုအသုံးပြုထား၍ ဖြစ်ပြီး ယခုအချိန်တွင် ရှောင်ချွမ်မှလွဲပြီး လွတ်ငြိမ်းရာအမတအဆင့်များပင် သူ့ကို မြင်နိုင်မည် မဟုတ်ပေ။
အချိန်အတန်ကြာသောအခါ
ရှောင်ချွမ် မင်သက်ဖွယ်ပြန်လည်မွေးဖွားခြင်းစက်၀န်းကြီးကိုေမာ့ကြည့်ကာ မေးလိုက်သည်။
“ဒီထဲကို ၀င်လိုက်ရင် ကျွန်တော်ပြန်လည်မွေးဖွားသွားမှာလား”
“အင်း အမှန်ပဲ အစ်ကိုကြီးမင်းကိုဒီထိပဲ လိုက်ပို့နိုင်တော့မယ်” ကုအန် ငြင်သာစွာပြောလိုက်ပြီး သူလည်း မော့ကြည့်နေခဲ့မိသည်။
ရှောင်ချွမ် ကုအန်ဘက်လှည့်ကာ ပြောလိုက်၏။
“အစ်ကိုကြီး ပြန်ပါတော့ ဒီအထိလိုက်ပို့တာကိုပဲ ကျွန်တော် ကျေနပ်လှပါပြီ”
ကုအန် သူ့ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“နောက်ဘ၀မှာ ဆုံကြတာပေါ့”
“နောက်ဘ၀လား” ရှောင်ချွမ့်မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားခဲ့၏။
သူကုအန်ကို မေးခွန်းပြန်မထုတ်ခဲ့သော်လည်း ကြိတ်၍ အံ့အားသင့်နေခဲ့သည်။
“ပြန်လည်မွေးဖွားခြင်းစက်၀န်းကိုတောင် ဖြတ်ပြီးမြင်နိုင်ရလောက်အောင် ဆရာသခင်ဓားအရှင်က ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ”
တခဏတွေးတောပြီးနောက် သူပြောလိုက်၏။
“တကယ်လို့ နောက်ဘ၀မှာ ကျွန်တော်ကသာမန်ပါရမီနဲ့ပဲ ဖြစ်နေခဲ့ရင် အစ်ကိုကြီးကျွန်တော့်ကို မရှာပါနဲ့ ကျွန်တော့်ကို သာမန်ဘ၀နဲ့ပဲ နေခွင့်ပေးပါ ဒါပေမယ့် ကျွန်တော့်မှာ မျှော်လင့်မထားရလောက်အောင် ကောင်းတဲ့ပါရမီမျိုးရှိနေရင်တော့ ကျွန်တော့်ကို လာရှာပါအစ်ကိုကြီး ကျွန်တော်အစ်ကိုကြီးအတွက် ဆေးတောင်ကြားကို အုပ်ချုပ်ပေးမယ်”
ကုအန် ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ညာလက်ကိုမြှောက်ကာ လက်နှစ်ချောင်းဖြင့် ရှောင်ချွမ့်ကို ထိုးလိုက်လေသည်။
ရှောင်ချွမ် ချက်ချင်းဆိုသလို မလှုပ်နိုင်တော့ဘဲ သူ့မျက်လုံးထဲ အလင်းရောင်များ တောက်ပလာခဲ့၏။
ကုအန် သူ့ကိုယ်ပိုင်ကမ္မစွမ်းအားကိုသုံးကာ ရှောင်ချွမ်မှတ်ညဏ်များ ပြန်လည်မွေးဖွားစဉ်တွင် အဖျက်မခံရလေအောင် စည်းပိတ်နေခြင်းဖြစ်ပြီး ပိတ်ပြီးချိန်တွင် ဖျက်ဆီးခြင်းတာအိုစည်းကိုလည်း သူ့ဝိညာဉ်ထဲ ခတ်နှိပ်လိုက်သည်။
ဖျက်ဆီးခြင်းတာအိုစည်းက ထာ၀ရတည်ရှ်ိနေမည်ဖြစ်ပြီး ရှောင်ချွမ် ဘယ်မှာပဲ ပြန်လည်မွေးဖွားနေပါစေ ကုအန် ရှာတွေ့နိုင်မည် ဖြစ်သည်။
အားလုံးလုပ်ပြီးသောအခါမှ ကုအန်ရပ်လိုက်ပြီး ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ၀င်သွားသော ရှောင်ချွမ့်ကို စောင့်ကြည့်နေခဲ့၏။
သူ့တွင်လည်း ပြန်လည်မွေးဖွားခြင်းနိယာမများနှင့်ပတ်သက်ပြီး အခြေခံနားလည်မှုများတော့ ရှိပေသည်။ လုံကျန်း၏
ကောင်းကင်နဂါးပြန်လည်မွေးဖွားခြင်းဓမ္မက ထိုနိယာမများကို ထိတွေ့မိခဲ့သော်လည်း အဓိကအားဖြင့် အတိတ်ဘ၀၏ကမ္မအပေါ်တွင်သာ မူတည်ပြီး ချိတ်ဆက်ခြင်း ဖြစ်၏။ သူသည်လည်း ပြန်လည်မွေးဖွားခြင်း၏ အနှစ်သာရကိုတော့ မဖမ်းဆုပ်နိုင်ခဲ့ပေ။
နတ်မူလကောင်းကင်နှင့်မြေပြင်တွင်လည်း ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအမိန့်မျိုး မရှိခဲ့ပေ။ သေဆုံးပြီးနောက် ဝိညာဉ်က ကောင်းကင်ပြင်ပသို့သာ ပျံတက်သွားပြီး အမြင့်တစ်နေရာသို့ ရောက်သောအခါမှ ပြန်လည်မွေးဖွားခြင်းနိယာမများက ထိုဝိညာဉ်ကို ဝါးမြိုသွားပြီး အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက် ဘယ်လိုပြန်လည်မွေးဖွားသွားသလဲဆိုတာကို ဘယ်သူမှမသိဘဲ ခြေရာခံဖို့လည်း ခက်ခဲလှ၏။ သို့သော်လည်း မဟာကံကြမ္မာရှင်ပုဂ္ဂိုလ်များ ပြန်လည်မွေးဖွားသောအခါတွင်တော့ ကောင်းကင်နှင့်မြေပြင်တွင် သာမန်မဟုတ်သော ဖြစ်ရပ်များ ပေါ်ပေါက်လာတတ်ပေသည်။
ရှောင်ချွမ်ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ပျောက်ကွယ်သွားသောအခါမှ ကုအန် တတိယတောင်ကြားဆီ ပြန်လာခဲ့၏။
ရက်ပေါင်းများစွာ ကြာသောအခါ
နေ့လည်ခင်းအချိန်တွင် ကုအန် သူ့အခန်းထဲ၌ စာဖတ်နေချိန် အန်းရှင်း သူ့ကိုလာရှာခဲ့သည်။
“ဆရာ ဦးလေးရှောင်ချွမ်ဆုံးသွားပြီ သူက ဆရာ့ကိုဒုက္ခမပေးချင်ခဲ့ဘူး အဲ့တာကြောင့် ဒီစာကိုပဲ သူ့မျိုးဆက်တွေကတစ်ဆင့် ဆရာ့ကိုပေးခိုင်းလိုက်တယ်” အန်းရှင်း စာကို ကုအန်လက်ထဲထည့်လိုက်ချိန်တွင် ကုအန်အမူအရာကိုလည်း ဂရုတစိုက်အကဲခတ်နေခဲ့၏။
အန်းရှင်းရှေ့တွင် ကုအန် ဟန်ဆောင်နေစရာမလိုခဲ့ပေ။ သူတိုက်ရိုက်ပင် စာကိုဖွင့်ဖောက်၍ ဖတ်ရှုလိုက်သည်။
စာထဲတွင်ပါသောအကြောင်းအရာများက ရှောင်ချွမ် ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲမ၀င်ခင် ပြောသွားသည်များနှင့် သိပ်မကွာလှပေ။ သို့သော် ဖတ်ပြီးသည့်နောက် ကုအန် အတိတ်ကိုလွမ်းမောသွားသလို ခံစားလိုက်ရ၏။
သူရှောင်ချွမ့်ကို ကူညီဖို့ အကောင်းဆုံးကြိုးစားခဲ့ပါသော်လည်း ရှောင်ချွမ့်တွင် ရီလန် ကျန်းချင် နှင့်အန်းရှင်းတို့လို တိုက်ခိုက်လိုစိတ် ပါမလာခဲ့ပေ။
အတိအကျပြောရလျှင် ရှောင်ချွမ့်ပါရမီကလည်း သာမန်လူအများစုနှင့် သိပ်ပြီး မခြားလှပေ။ ထို့ကြောင့်လည်း သူ့တွင် ပြန်လည်တိုက်ခိုက်လိုစိတ် ရှိမနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ကုအန် အရမ်းတော့၀မ်းနည်းမနေခဲ့ပေ။ ပြန်လည်မွေးဖွားခြင်းကပ်ဘေးအကြောင်း သိရှိပြီးသွားကတည်းက သူ၏ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်အပေါ် ကြောက်လန့်မှုက အရမ်းအားကောင်းမနေတော့ပေ။
လွတ်ငြိမ်းရာအမတအဆင့်သို့ရောက်လျှင် ကျင့်ကြံသူတစ်ယောက်က နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို မလွဲမသွေရင်ဆိုင်ရပေလိမ့်မည်။ ကုအန်လို သက်တမ်းဖြင့် အဆင့်တက်သည့်သူကတော့ ထိုကပ်ဘေးကို ကျော်ဖြတ်စရာမလိုသော်လည်း ကံဆိုးစွာဖြင့် အခြားသူများ၏ ပြန်လည်မွေးဖွားခြင်းကပ်ဘေးကျော်ဖြတ်မှုကိုတော့ သူသက်တမ်းသုံးပြီး ကူညီပေး၍ မရပေ။
ပြောကြသည်မှာ ပြန်လည်မွေးဖွားခြင်းကပ်ဘေးတွင် တိကျသောပုံစံမျိုးမရှိဘဲ ပြန်လည်မွေးဖွားသူက ယနေ့ခေတ် ယနေ့ကမ္ဘာတွင် မွေးဖွားရမည်ဟူ၍ အတိအကျမရှ်ိခဲ့ပေ။ ထို့ကြောင့်လည်း ရှန်ထျန်း ဘယ်မှာလဲဆိုတာကို ခြေရာခံဖို့ အလွန်ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။ ကုအန် စာကိုပြန်ချလိုက်ကာ အန်းရှင်းကိုကြည့်၍ မေးလိုက်၏။
“အခြားကိစ္စရှိသေးလား”
အန်းရှင်း စပ်စုလိုက်သည်။
“ဆရာ ဆရာအဆင်ပြေရဲ့လား”
ကုအန်ပြုံးကာ ပြောလိုက်၏။
“ဘာလဲ ဆရာက ဆရာ့၀မ်းနည်းပူဆွေးမှုကို အရက်နဲ့မျှောချရမှာလား အမြန်ပြန်လေ့ကျင့်တော့ ဆရာမင်းရဲ့ နောက်ဆုံးစာကို လက်မခံချင်ဘူး”
ထိုစကားကိုကြားသောအခါ အန်းရှင်းလျှာလေးတစ်လစ်ထုတ်လိုက်ပြီး ချက်ချင်းဦးညွှတ်အရိုအသေပေးကာ ထွက်ခွာသွားခဲ့လေသည်။
ကုအန် တခဏတွေးတောပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး စာအုပ်စင်မှ သေတ္တာတစ်လုံးကိုယူကာ ရှောင်ချွမ့်၏နောက်ဆုံးစာကို ထိုသေတ္တာထဲ ထည့်ထားလိုက်၏။
ရှောင်ချွမ့်မျိုးဆက်များ တတိယတောင်ကြားတွင်ရှိနေသေးသော်လည်း ရှောင်ချွမ့်သေဆုံးမှုက ကုအန်အပေါ် သက်ရောက်မှု အများကြီး မရှိခဲ့ပေ။
သူ့မျိုးဆက်များကလည်း အလွန်တော့၀မ်းနည်းမနေခဲ့ပေ။ နောက်ဆုံးတွင် သူတို့ကြားမျိုးဆက်ကွာဟမှုက ကြီးမားလွန်းလှသည်။
ဆောင်းဦးကုန်ကာ ဆောင်းရာသီသို့ရောက်ရှ်ိလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားအပူချိန်ကလည်း လျော့ကျလာခဲ့၏။
ထိုနေ့တွင် ကုအန် တတိယတောင်ကြားရှိ ရင့်မှည့်ပြီးသော ဆေးပင်များအားလုံးကို ရိတ်သိမ်းပြီးစီးခဲ့သည်။
ယနေ့တွင် သူစိတ်ကောင်း၀င်နေပြီး သူ့နှစ်စဉ်သက်တမ်း၀င်နှုန်းကလည်း တစ်နှစ်ကို ၃.၅ သန်းထိ တိုးမြင့်လာခဲ့၏။ ကုအန် သက်တမ်း ၁၀ဘီလီယံပြည့်မှရမည့် လုပ်ဆောင်ချက်အသစ်အတွက်တော့ အလျင်လိုမနေခဲ့ပေ။ ယခုအခါ နောက်အဆင့်ကိုချိုးဖြတ်ဖို့ သက်တမ်းလုံလောက်မည့် အချိန်ကိုသာ သူမျှော်လင့်နေခဲ့သည်။
နောက်ဆုံးတွင် သက်တမ်း ၁၀ဘီလီယံ ဆိုတာက အလွန်များပြားလှပြီး သူနောက်ထပ်ဆေးပင်များ သွားခိုးခြင်းမျိုးကိုလည်း မလုပ်နိုင်တော့ပေ။
အိမ်ပြန်လာပြီးနောက် ကုအန်သူ့တပည့်များကို လမ်းညွှန်ချက်အနည်းငယ်ပေးခဲ့ပြီး စစ်တုရင်နယ်မြေသို့ ထွက်ခွာလာခဲ့၏။
စစ်တုရင်နှင့်တရုတ်ကျားမွေးဖွားရာ နေရာဖြစ်သောကြောင့် စစ်တုရင်နယ်မြေတွင် လူများဖြင့်စည်ကားနေပြီး တတိယတောင်ကြားက လူအများအပြားကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
ကျင့်ကြံသူများအတွက် တတိယတောင်ကြားတွင် စစ်တုရင်ကစားရခြင်းက အတော်လေး ထူးခြားသည်ဟု အမြဲခံစားနေခဲ့ကြရသည်။
ထိုအခိုက်တွင် လက်ကိုးချောင်းနတ်အရှင်က ပြိုင်ဘက်တစ်ယောက်နှင့် တရုတ်ကျားကစားနေခဲ့၏။ ကုအန် လူအုပ်ကြီး၏နောက်မှ ချဉ်းကပ်လာခဲ့ပြီး ပွဲကို အဝေးမှကြည့်ရှုနေခဲ့သည်။
ထိုစဉ် သူ့အာရုံက အနီးရှိလူတစ်ယောက်ဆီ ရောက်ရှိသွားခဲ့သည်။ ထိုလူသည် အပြာရောင်တာအို၀တ်စုံကို၀တ်ဆင်ထားပြီး သူ့အဆင့်က ဝိညာဉ်အခြေတည်အဆင့်သာရှိသေးပြီး ရုပ်ရည်အားဖြင့်လည်း အလွန်ချောမောနေခြင်းမျိုး မရှိခဲ့ပေ။
[ကျန်းရှီ(ဝိညာဉ်အခြေတည်အဆင့် ၃): ၆၈၁/၁၁၀၀/၁၈၀၀]
သူ့သက်တမ်းအကန့်အသတ်ကလည်း မြင့်မနေသော်လည်း ကုအန်တစ်ချက်ကြည့်ရုံဖြင့် ထိုလူ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရလေသည်။
ကျန်းရှီလည်း ကုအန်အကြည့်ကိုခံစားမိပြီး ပြန်လှည့်ကြည့်လိုက်ကာ အသာအယာခေါင်းညိတ်ပြလိုက်၏။
ကုအန် သူ့ဆီချဉ်းကပ်သွားပြီး ပြုံးကာမေးလိုက်သည်။
“တာအိုမိတ်ဆွေကိုကြည့်ရတာ သိပ်မရင်းနှီးသလိုပဲ တာအိုမိတ်ဆွေဒီကိုပထမဆုံးအကြိမ် ရောက်ဖူးတာလား”
ကျန်းရှီဖြေလိုက်၏။
“ကျွန်တော်က အဓိပတိဂိုဏ်းကိုလွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရောက်လာတာပါ အဓိကကတော့ တရုတ်ကျားကစားနည်းကြောင့် ရောက်လာခဲ့တာ ဒီခရီးကတန်ပါတယ် ဒီနေရာကလူတွေရဲ့ တရုတ်ကျားကျွမ်းကျင်မှုက အတော်လေးမြင့်တယ်”
ပြောနေရင်း သူရှေ့သို့ကြည့်ကာ ပြောလိုက်ပြန်သည်။
“ကျွန်တော့်အနေနဲ့ဆို အဲ့ဒီစီနီယာကိုနိုင်ဖို့ အခွင့်အရေး ၃၀ရာခိုင်နှုန်းပဲရှိမယ်လို့ တွက်ချက်မိတယ်”
သူ့အကြည့်က လက်ကိုးချောင်းနတ်အရှင်ကိုကြည့်ပြီး ပြောနေခြင်းဖြစ်ပြီး သူ့စကားကိုကြားသောအခါ လက်ကိုးချောင်းနတ်အရှင်ဒေါသထွက်သွားခဲ့၏။
လက်ကိုးချောင်းနတ်အရှင် ကျန်းရှီကိုပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
“၃၀ရာခိုင်နှုန်းတဲ့လား ကောင်လေး မင်းကအရမ်းမောက်မာနေတာပဲ နောက်ပွဲ၀င်ကစားလိုက် ကျားခုံပေါ်မှာ မင်းကျားစေ့တစ်စေ့တောင်မကျန်အောင် ငါလုပ်ပြမယ်” လက်ကိုးချောင်းနတ်အရှင်၏စိန်ခေါ်မှုကိုကြားသောအခါ ကျန်းရှီ ကြောက်ရွံ့မသွားဘဲ ထိုအစား စိတ်လှုပ်ရှားလာခဲ့၏။
ကုအန် ကျန်းရှီ၏ စိတ်လှုပ်ရှားနေပုံကိုကြည့်ကာ အတွေးနွံနစ်သွားခဲ့ပြီး သူ့မျက်လုံးထဲတွင်လည်း အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ပိုင်းတစ်စ
ပေါ်ပေါက်လာခဲ့လေသည်။
အပိုင်း(၃၉၀)
ကောင်းကင်ေရွးချယ်ခံတစ်ယောက်၏ ပါရမီ
ကုအန် ကျန်းရှီထံမှ သာမန်မဟုတ်သော ပြန်လည်မွေးဖွားခြင်းအရှိန်အဝါမျိုးကို ခံစားမိနေခဲ့သည်။ ထိုအရှိန်အဝါက သာမန်ပြန်လည်မွေးဖွားခြင်းအရှိန်အဝါမျိုးမဟုတ်ဘဲ ကျိရှောင်ယုထံမှရသော အရှိန်အဝါမျိုးသာ ဖြစ်၏။
ကျန်းရှီသည်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဧ။် ပြန်လည်မွေးဖွားခြင်းကပ်ဘေးကျော်ဖြတ်နေသည့် ဘ၀တစ်ခုပေလော။
ကုအန် စိတ်ထဲတွင်တွေးနေမိသော်လည်း ကျန်းရှီကိုတော့ ဆက်ပြီး စိုက်ကြည့်မနေခဲ့ပေ။
တခဏအကြာတွင် လက်ကိုးချောင်းနတ်အရှင် သူ့ပြိုင်ဘက်ကို လုံး၀အနိုင်ယူလိုက်ပြီးနောက် ကျန်းရှီကို လက်ယမ်းပြလိုက်သည်။
ထိုကောင်သည် သူ့ကိုအနိုင်ရရန် ၃၀ ရာခိုင်နှုန်းအခွင့်အရေးရှိသည်ဟု လေကျယ်ထားသူဖြစ်ပြီး သူ့အတွက်တော့ ထိုစကားမျိုးက သူ့ကိုစော်ကားနေခြင်းပင်။
ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က သူ့ကိုနိုင်ဖို့ စိတ်ကူးယဉ်နေခြင်းပေလော။
သူ့ကိုယ်သူ ကုအန်လို့များ ထင်နေတာလား!
လူအုပ်ကြီး၏ အကြည့်အောက်တွင် ကျန်းရှီ လက်ကိုးချောင်းနတ်အရှင်ရှေ့၌ ၀င်ထိုင်လိုက်ပြီး ကျားခုံကို စိုက်ကြည့်နေခဲ့ကာ လက်ကိုးချောင်းနတ်အရှင်ကလည်း သူ့ကို ပထမဆုံးအကွက်ရွှေ့ခွင့် ပေးခဲ့၏။ ဤသို့ဖြင့် ကြမ်းတမ်းသော တိုက်ပွဲကြီး၏ စတင်ခဲ့လေသည်။
ကုအန် ပွဲကို တခဏကြည့်ရှုပြီးသည့်နောက် ဘေးဝိုင်းများသို့သွား၌ ကစားဖော်ရှာရန် ထွက်လာခဲ့၏။
ကျန်းရှီ လက်ကိုးချောင်းနတ်အရှင်ကို နိုင်နိုင်မနိုင်နိုင် သူဂရုမစိုက်ပေ။ သူက ဒီတိုင်းခဏတာ အပန်းလာဖြေချင်ရုံသာ ဖြစ်သည်။
နာရီ၀က်ခန့်ကြာသောအခါ ကုအန် စစ်တုရင်ကစားပွဲတွင် အနိုင်ရခဲ့ပြီးနောက် ထွက်ခွာရန် ထရပ်လိုက်၏။
ကျန်းရှီနှင့် လက်ကိုးချောင်းနတ်အရှင်ကတော့ ဆက်လက်ကစားနေကြဆဲပင်။ ကျန်းရှီ၏ မျက်ခုံးများ တွန့်ကွေးနေပြီး တစ်ကွက်ရွှေ့တိုင်း အလွန်တုန့်ဆိုင်းနေခဲ့ပြီး သူ့ရွှေ့ကွက်များက နှေးကွေးလာခဲ့သည်။ လက်ကိုးချောင်းနတ်အရှင်ကတော့ လှောင်ပြုံးကလေးဖြင့် တစ်ဖက်လူ၏ နှေးကွေးလာသော ကစားကွက်ကို လှောင်နေခဲ့၏။
ကုအန်ပြုံးလိုက်မိပြီးနောက် ခပ်လှမ်းလှမ်းရှိ ဆန်းကြယ်သစ်ပင်အောက်သို့ လျှောက်လာခဲ့သည်။
စိတ်ဝိညာဉ်ကြွက်ဖြူက သစ်ပင်အောက်တွင် တစ်ရေးတစ်မောအိပ်နေပြီး အန်းရှင်းကတော့ အပင်အောက်တွင် ကျင့်ကြံနေခဲ့သည်။ ဤနေရာကလေးက သူတို့နှစ်ယောက်၏ မူပိုင်နေရာဖြစ်လာခဲ့ပြီး အခြားတပည့်များအတွက်မူ ဆေးတောင်ကြားတွင် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်သော အခါမျိုးတွင်သာ လာရောက်ကျင့်ကြံခွင့်ရကြ၏။
မိနစ်၃၀ခန့်ကြာသွားခဲ့သည်။
ကျန်းရှီ လက်ထဲက ကျားစေ့ကိုချလိုက်ပြီးနောက် ပြောလိုက်၏။
“ကျုပ်ရှုံးပြီ”
လက်ကိုးချောင်းနတ်အရှင်လှောင်ပြုံးပြုံးလိုက်ကာ
“ငါ့ကိုနိုင်ဖို့ မင်းနောက်ထပ်နှစ်သိန်းချီပြီး ကြိုးစားဖို့ လိုသေးတယ်”
ကျန်းရှီလည်း ထရပ်လိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်ကာ ထွက်ခွာသွားခဲ့လေသည်။
လက်ကိုးးချောင်းနတ်အရှင်ကတော့ ကျန်းရှီအပေါ်စိတ်၀င်စားမှုပျောက်သွားခဲ့ပြီး အခြားသူများကိုသာ သူနှင့်လာကစားဖို့ ရှာဖွေနေခဲ့၏။ ဤရလဒ်က ပရိတ်သတ်များအတွက်တော့ အလွန်တုန်လှုပ်စရာမျိုး မဟုတ်ခဲ့ပေ။ နောက်ဆုံးတွင် ဆေးတောင်ကြား၌ လက်ကိုးချောင်းနတ်အရှင်က ကုအန်ပြီးလျှင် အတော်ဆုံးဒုတိယလိုက်သည့် ကျားကစားသမားသာ ဖြစ်ပေသည်။
ကျန်းရှီ ဆေးတောင်ကြားကို လှည့်ပတ်ကြည့်ရှုနေရင်း စည်းကမ်းတကျရှိကာ သာယာလွန်းသော ဆေးဥယျာဉ်များကို သဘောကျနေခဲ့၏။
ထိုစဉ် ပုံရိပ်တစ်ခုသူ့ဘေးမှ ဖြတ်သွားခဲ့ပြီး ထိုပုံရိပ်ကြောင့် သူ့အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူလှည့်ကြည့်လိုက်သောအခါ ရှန်ရှင်းကျိထံ အသည်းအသန်ပြေးသွားသော လုံရှင်းကို တွေ့လိုက်ရ၏။
“ဒီအရှိန်အဝါ…လုံမျိုးနွယ်စု…”
ကျန်းရှီအသံကအတော်လေး တိုးလျသော်လည်း အနီးရှိ စိတ်ဝိညာဉ်ကြွက်ဖြူနှင့် ကစားနေသော ကုအန်ကတော့ ကြားလိုက်ရသည်။
ကုအန် ဟန်မပျက်ဆက်ကစားနေသော်လည်း ကျန်းရှီ၏ သရုပ်မှန်အပေါ် သူ့စိတ်၀င်စားမှုကတော့ ပိုတိုးလာခဲ့၏။
ကျန်းရှီ ထွက်ခွာသွားသော လုံချင်းကိုကြည့်ရှုနေခဲ့သည်။ သို့သော် သူလိုက်မသွားဘဲ ဆက်သွားဖို့သာ ရွေးချယ်ခဲ့၏။
တဖြည်းဖြည်းနှင့် သူကုအန်၏ နေအိမ်ကိုကျော်လာခဲ့သည်။
ထိုစဉ် တံခါးပွင့်သွားကာ ပုံရိပ်တစ်ခုက ရုတ်တရက်သူ့လမ်းကို ပိတ်ရပ်လိုက်ပြီး ထိုပုံရိပ်က နေလမြေအောက်ကမ္ဘာဧကရာဇ်သာ ဖြစ်ပေသည်။
ရုတ်တရက် ထွက်ပေါ်လာသော နေလမြေအောက်ကမ္ဘာဧကရာဇ်ကြောင့် ကျန်းရှီ ကြောက်လန့်မသွားဘဲ ထိုအစား သူ့ကိုသာ လေ့လာနေခဲ့၏။
အေးစက်စက်အမူအရာနှင့် နေလမြေအောက်ကမ္ဘာဧကရာဇ် နတ်အတွေးတစ်ချက်သုံးကာ သူတို့ပတ်ပတ်လည်တွင် အလွှာတစ်ခုဖြင့် ကာရံထားလိုက်သည်။ ထို့ကြောင့် သူတို့စကားဝိုင်းကို ကုအန်မှလွဲပြီး ဘယ်သူမှ မကြားနိုင်တော့ပေ။
“ခင်ဗျားက ဘယ်သူလဲ” နေလမြေအောက်ကမ္ဘာဧကရာဇ် ခပ်တင်းတင်းမေးလိုက်သည်။
ကျန်းရှီပြုံးကာ တုန့်ပြန်လိုက်၏။
“နေလမြေအောက်ကမ္ဘာဧကရာဇ် မင်းဒီမှာရှိနေမှတော့ ယင်ယန်ဧကရာဇ်လေးပါးထဲက တစ်ပါးလည်း ဒီမှာရှိနေပုံပဲ ဧကန္တ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီကလည်း ဒီနေရာမှာ ပြန်လည်မွေးဖွားခဲ့တာလား”
ထိုစကားများထွက်ပေါ်လာသည်နှင့် မြေအောက်ကမ္ဘာဧကရာဇ်မျက်လုံးထဲ သတ်ဖြတ်လိုစိတ် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ကျန်းရှီဆက်ပြောလိုက်၏။
“တင်းမာနေဖို့ မလိုပါဘူး ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီ ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို ရင်ဆိုင်နေတယ်ဆိုတာ လူတိုင်းသိတဲ့အရာပဲလေ မြင့်မြတ်ခုံရုံးကလည်း ၀င်နှောင့်ယှက်မှာ မဟုတ်ပါဘူး”
ထိုစကားကိုကြားသောအခါ နေလမြေအောက်ကမ္ဘာဧကရာဇ်၏ အမူအရာ အနည်းငယ်ပျော့ပြောင်းသွားခဲ့သည်။
သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မေးလိုက်၏။
“အကြီးအကဲရဲ့ နာမည်ကို သိပါရစေ”
ကျန်းရှီခေါင်းယမ်းကာ ဖြေလိုက်သည်။
“မင်းနဲ့ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီဆီ ပြဿနာတွေရောက်မလာအောင် ငါမင်းကို ငါ့နောက်ခံနဲ့ သရုပ်မှန်ကိုပြောပြမှာမဟုတ်ဘူး ဒီနေ့ငါဒီကိုလာတာ ကျားကစားဖို့ သက်သက်ပဲ”
နေလမြေအောက်ကမ္ဘာဧကရာဇ်တခဏတိတ်ဆိတ်သွားပြီးနောက် ကျန်းရှီ၏လမ်းကိုမပိတ်တော့ဘဲ ဘေးဖယ်ပေးလိုက်လေသည်။
ကျန်းရှီလည်း သူ့ကို ဖြတ်လျှောက်သွားခဲ့၏။
“ဒီဆေးတောင်ကြားရဲ့ ချီကံကြမ္မာက ထိုးတက်လုဆဲဆဲအခြေအနေမှာ ရှိနေတယ် ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရီကို ပြောလိုက်ပါ ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို ရင်ဆိုင်နေပြီးကတည်းက သေမျိုးဖုန်မှုန့်တွေကို ကပ်တွယ်နေလို့ မရတော့ဘူးလို့ ပြန်လည်မွေးဖွားခြင်းကပ်ဘေးမှာ အကြီးမားဆုံးမလုပ်အပ်တဲ့ အရာက ကယ်တင်ရှင်ဖြစ်ဖို့ ကြိုးစားခြင်းပဲ”
ထိုစကားများကို ချန်ထားခဲ့ပြီး ကျန်းရှီလှည့်ပင်မကြည့်ဘဲ ထွက်ခွာသွားခဲ့လေသည်။
ထိုစကားကိုကြားပြီး ကုအန်၏ ကျန်းရှီအပေါ်စိတ်၀င်စားမှုလည်း အနည်းငယ် လျော့ကျသွားခဲ့ရသည်။
ကျန်းရှီသည် ကျိရှောင်ယုကို ဆရာသခင်ဓားအရှင်ဟု အထင်မှားနေခြင်းသာ ဖြစ်၏။
နေလမြေအောက်ကမ္ဘာလည်း ကျိရှောင်ယုအတွက် ငြင်းဆန်ပေးမနေတော့ဘဲ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။
နောက်ပိုင်းအချိန်များတွင် ကျန်းရှီ ဆေးတောင်ကြားတစ်ခုလုံးကိုလှည့်ပတ်ကြည့်ရှုပြီးမှ အပြင်စည်းမြို့သို့ ထွက်ခွာသွားခဲ့၏။
ကျန်းရှီတွင် အန္တရာယ်ပေးလိုသည့် ရည်ရွယ်ချက်ရှိမနေမှန်း မြင်သောအခါ ကုအန်လည်း သူ့ကိုဂရုစိုက်မနေခဲ့ပေ။
……
ဤသို့ဖြင့် ၁၂နှစ်ကုန်ဆုံးသွားခဲ့ပြန်သည်။
ဝုန်းး!
ပုံရိပ်တစ်ခု ကောင်းကင်ပေါ်မှ တောအုပ်ထဲသို့ ဆင်းသက်လာခဲ့ပြီး တောအုပ်ထဲရှိသစ်ပင်များ အမြစ်မှကျွတ်၍ လွင့်ထွက်ကုန်ကြကာ မြက်ပင်များ သစ်ပင်ငယ်များက လေတွင် ပျံဝဲနေခဲ့ကြသည်။
အဖြူရောင်၀တ်စုံ၀တ်ဆင်ထားသော အန်းရှင်း သစ်ပင်ပင်စည်တစ်ခုပေါ်တွင် ဆင်းသက်သွားခဲ့၏။ သူ့လက်ထဲတွင် ရတနာဓားတစ်လက်ကို ကိုင်ထားကာ မျက်မှောင်ကြုံ့၍ ကောင်းကင်ပေါ်မော့ကြည့်နေရင်း သူ့ဓားကိုင်လက်က အနည်းငယ် တုန်ရီနေခဲ့သည်။
ခပ်လှမ်းလှမ်းရှိ ကမ်းပါးတစ်ခုပေါ်တွင် သွေးအကျဉ်းထောင်မဟာသူတော်စင် ရပ်နေကာ ကြမ်းတမ်းစွာတိုက်ခတ်နေသော လေပြင်းများကို ရင်ဆိုင်ရင်း တိုက်ပွဲကို ကြည့်ရှုနေခဲ့၏။
ကုအန် လေထဲတွင် ရပ်တန့်နေကာ ချင်းဟုန်ဓားကိုကိုင်ထားပြီး အောက်ဘက်ရှိအန်းရှင်းကိုငုံ့ကြည့်နေရင်း ပြုံးနေခဲ့သည်။
“မင်းတတ်နိုင်တာ ဒါအကုန်ပဲလား”
ထိုစကားကိုကြားသောအခါ အန်းရှင်းမျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့၏။ သူရှေ့သို့ တစ်လှမ်းလှမ်းလိုက်ရုံဖြင့် ချက်ချင်းဆိုသလို ကုအန် နောက်ကျောဘက်တွင်ပေါ်လာခဲ့ပြီး ရေပြင်ညီအတုိင်း ပိုင်းချလိုက်ရာ ထက်ရှလွန်းသော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ကုအန် ဓားကိုနောက်ပြန်ရိုက်၍ ဓားဆန္ဒကိုရိုက်ထုတ်လိုက်ရာ ဓားဆန္ဒထွက်သွားသော လမ်းကြောင်းတစ်လျှောက်ရှိ တိမ်ပင်လယ်ကြီးက ပြန့်ကျဲသွားခဲ့၏။
နတ်အသွင်ပြောင်းခြင်းအဆင့် ၉ သာရှိသေးသော အန်းရှင်းက ထိုကဲ့သို့သော ဓားဆန္ဒကိုထုတ်နိုင်မှန်း တွေ့သောအခါ ကုအန် ကြိတ်၍ ကျေနပ်နေခဲ့မိသည်။
ထိုကောင်မလေးသည် ကြိုးကြိုးစားစားကျင့်ကြံခဲ့ပြီး သူ့အားထုတ်မှုများက အလကားဖြစ်မသွားခဲ့ပေ။ သူ့ဓားဆန္ဒသက်သက်နှင့်ပင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်များကို ယှဉ်နိုင်နေပြီ ဖြစ်သည်။ ခေတ်ပြောင်းခြေလှမ်းနှင့် ပေါင်းစပ်လိုက်ပါက သူမခွန်အားက နတ်အသွင်ပြောင်းခြင်းအဆင့်ကိုအလွန်ကျော်လွန်နေပြီဖြစ်ပြီး ပါရမီရှင်တစ်ဦး၏ အရည်အသွေးကို စတင်ပြသနေခဲ့ချေပြီ။
သူမဓားဆန္ဒက ကုအန်ကို မလှုပ်ခါနိုင်မှန်းသိသွားသောအခါ အန်းရှင်း ခြေတစ်လှမ်းထပ်လှမ်းလိုက်ပြီး သူမပုံရိပ်က တောအုပ်အထက်ရှ်ိ ကီလိုမီတာများစွာမြင့်သောနေရာတွင် ပေါ်လာခဲ့ပြီး
သူမလက်ထဲတွင် ဓားရှိမနေတော့ပေ။
သူမမျက်လုံးများ ကျဉ်းမြောင်းသွားပြီး အမြင့်မှ ကုအန် ဆီသို့ ညာဘက်လက်ညိုးဖြင့် ထိုးချလိုက်လေသည်။ ထိုအခါမှ သူမလက်ညှိုးက ဓားအဖြစ်ပြောင်းလဲသွားခဲ့၏။
ဝုန်းး
လွှမ်းမိုးလွန်းသော ဓားဆန္ဒတစ်ခု ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့သည်။ ကုအန် မော့ကြည့်လိုက်ရာ ကောင်းကင်ပြင်ပမှ ဆင်းသက်လာသလိုထင်ရသော ဓားအလင်းတစ်ချက်ကို တွေ့လိုက်ရ၏။ ဓားအလင်းက ဓားချီများဖြင့်ဖွဲ့စည်းထားသော မီတာတစ်ရာလောက်ရှည်သော ဓားကြီးတစ်ခုဖြစ်နေပြီး မြင်ကွင်းက ထည်ဝါလွန်းလှသည်။
ကုအန် နှုတ်ခမ်းများတွန့်ကွေးသွားခဲ့၏။ နောက်ဆုံးတွင် သူ့တပည့် ထိုသိုင်းကို တတ်မြောက်ခဲ့ချေပြီ။
ဤနှစ်များအတွင်း သူ့သင်ကြားမှုများက အလကားမဖြစ်ခဲ့ပေ။
တောက်ပနေသော ဓားရိပ်ကြီးက အလွန်လျင်မြန်သောအရှိန်ဖြင့် ကောင်းကင်မှဆင်းသက်လာပြီး ကုအန်ပုံရိပ်ကို ဖုံးလွှမ်းသွားကာ တောင်များမြစ်များကို ဖိချေသွားခဲ့လေသည်။ မြေပြင်က တုန်ခါသွားပြီး ဖုန်မှုန့်တိမ်တိုက်ကြီး ထွက်ပေါ်လာပြီးနောက် လေပြင်းများကလည်း အရပ်မျက်နှာအနှံ့တိုက်ခိုက်နေခဲ့ကာ မြင်ကွင်းက ကမ္ဘာပျက်ကပ်ဘေးတစ်ခုလိုပင်။
သွေးအကျဉ်းထောင်မဟာသူတော်စင်ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းယမ်းနေခဲ့မိ၏။ ထိုဓားန္ဒက နတ်အသွင်ပြောင်းခြင်းအဆင့်ကို ကျော်လွန်နေခဲ့တာ သေချာပေသည်။
သခင်က ဒီကောင်မလေးကို ကောင်းကောင်းပျိုးထောင်ပေးခဲ့တာပဲ!
ထိုအခိုက်တွင် ယန်ကျင်း၏ ရှေးဟောင်းရတနာခန္ဓာကလည်း သူ့သခင်ပေးအပ်ထားခြင်းသာ ဖြစ်ရမည်ဟု သွေးအကျဉ်းထောင်မဟာသူတော်စင်ပိုပြီး သံသယရှိလာခဲ့သည်။
အန်းရှင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လေပြင်းများကြောင့် သူ့ဆံပင်များကတော့ လေနှင့်အတူလွင့်မျောနေခဲ့သည်။ သူ့အကြည့်က ဖုန်လုံးကြီးထဲတွင်သာ ရှိနေပြီး သူ့ဓားချက်က သူ့ဆရာကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည်ဟု သူမယုံပေ။ ထို့ကြောင့် သူ့ဆရာရုတ်တရက် ထွက်ပေါ်လာမှာကို သူစောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ဖတ်!
ရုတ်တရက် အန်းရှင်းပုခုံးပေါ် လက်တစ်ဖက်ကျရောက်လာခဲ့ပြီး သူမနှလုံးပင် အပြင်ထွက်လာတော့မတတ်ကြောက်လန့်သွားခဲ့ကာ သူမ၏ကြောက်မက်ဖွယ်ပုံရိပ်ကလည်း ချက်ချင်း ပြိုကွဲသွားခဲ့လေသည်။
ကုအန်လက်ကိုပြန်ရုတ်လိုက်ကာ ပြုံးလိုက်၏။
“မဆိုးဘူး နောက်ဆုံးတော့ မင်းစွမ်းဆောင်ရည်က ဆရာ့ကိုကျေနပ်စေခဲ့ပြီ မင်းကဟောင်အာနဲ့ကျင်းအာကို လိုက်ဖို့ ထိုက်တန်တယ်”
အန်းရှင်း နောက်လှည့်ကြည့်လိုက်ရာ သူ့ဆရာ၏ပြုံးနေသောမျက်နှာကို မြင်လိုက်ရသည်။ သူမကြောက်လန့်နေမှုကို ဖိနှိပ်ထားလိုက်ပြီး အားတင်း၍ပြုံးကာ ပြောလိုက်၏။
“အကုန်လုံးက ဆရာ့ရဲ့ အရမ်းကောင်းတဲ့သင်ကြားပေးမှုတွေကြောင့်ပါပဲ သူတို့က ကျွန်မလိုဆရာ့ဆီက သင်ကြားမှူမျိုး မရကြဘူးလေ”
သူရုတ်တရက် အဓိပတိဂိုဏ်းမှ ဒဏ္ဍာရီတစ်ခုကို သတိသွားခဲ့သည်။
ပြောကြသည်မှာ ဆရာသခင်ဓားအရှင်သည် တစ်ယောက်ယောက်ကို မသတ်ခင်တွင် ထိုသူ့ပုခုံးအားပုတ်ရခြင်းကို နှစ်သက်သည်ဟု ဆိုကြသည်။
အရင်ကတော့ ထိုအရာက ကောလာဟလတစ်ခုသာ ဖြစ်သည်ဟု သူမထင်ခဲ့သော်လည်း အခုတော့ ကြည့်ရသည်မှာ….
ကြောက်စရာကောင်းလွန်းတယ်!
ပုခုံးကိုပုတ်ခံလိုက်ရရုံကတင် သူမသတ္တိများကို ပြိုကွဲသွားစေခဲ့သည်။
ကုအန် ချင်းဟုန်ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ပြောလိုက်၏။
“မင်းမှာ သင့်တော်တဲ့ဓားတစ်လက်မရှိသေးဘူး ဒါပေမယ့် ဆရာမင်းကိုကူညီမှာမဟုတ်ဘူး မင်းရဲ့ ဓားဆန္ဒကိုသုံးပြီး ကိုယ်ပိုင်ဓားတစ်လက်ရလာအောင် ဖွဲ့တည်ရမယ်”
အန်းရှင်း သူမနှဖူးမှချွေးများကိုသုတ်ကာ မေးလိုက်သည်။
“ဓားဆန္ဒကနေ ဓားတစ်လက်ဖွဲ့တည်နိုင်တယ်လားဆရာ”
“ဒါပေါ့ မင်းလုံလောက်အောင်စွမ်းအားကြီးလာတဲ့အခါ အဲ့ဒီဓားက အထွတ်အထိပ်အမတရတနာတောင် ဖြစ်လာနိုင်တယ်”
“အထွတ်အထိပ်အမတရတနာလား”
အန်းရှင်းမျက်လုံးများတောက်ပသွားပြီး သူမအသက်ရှူသံများ မြန်ဆန်လာခဲ့သည်။
ထိုက်ကန်မင်းဆက်၏ အမတကျင့်ကြံခြင်းလောကက တိုးတက်လာသည်နှင့်အမျှ အထွတ်အထိပ်အမတရတနာ၏ ခွန်အားကလည်း ကျင့်ကြံသူများ ရင်ထဲထိ နစ်၀င်လာခဲ့သည်။ ထိုကဲ့သို့သော ရတနာမျိုးက ပင်လယ်ရပ်ခြားဒေသများတွင်ပင် မြင့်မြတ်ရတနာများဖြစ်ကြပြီး လီယ၏ ကမ္ဘာခြားနတ်မြို့တော်မှာပင် အထွတ်အထိပ်အမတရတနာအတုတစ်ခုသာ ဖြစ်၏။
တစ်နေ့တွင် သူ့ကိုယ်ပိုင်အထွတ်အထိပ်အမတရတနာကို ရရှိနိုင်မည်ဟု တွေးမိသောအခါ အန်းရှင်းအလွန်စိတ်လှုပ်ရှားလာခဲ့သည်။
ထိုအချိန်တွင် သူမတာအိုအဆင့်က မည်မျှမြင့်နေပါမည်နည်း။
သူထိုနေ့ကို စတင်မျှော်လင့်လာမိသည်။
ထိုအချိန်တွင် သူ့ကိုမြင်သောအခါ အန်းဟောင်တုန့်ပြန်မှုက မည်သို့ ရှ်ိနေပါမည်နည်း။
“သွားရအောင် အိမ်ပြန်ချိန်ရောက်ပြီ”
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ဆီ ပျံသန်းသွားခဲ့ပြီး အန်းရှင်းလည်း သူ့နောက်မှ အမြန်လိုက်လာခဲ့၏။
“ဆရာ ဆရာကအထွတ်အထိပ်အမတရတနာတွေအကြောင်း အများကြီးသိနေတာ ဆရာကအဲ့ဒီဒဏ္ဍာရီလာ အမတဘုရင်တော့ မဟုတ်ဘူးမလား အနည်းဆုံးတော့ ဆရာက အဲ့ဒီအမတဘုရင်နဲ့အဆင့်တူမှာရှ်ိရမယ် ဆရာ့တာအိုအဆင့်က အမတတာအိုရဲ့ အဆင့်၇ လောက်ရှိမယ်လို့ ကျွန်မခန့်မှန်းမိတယ် မဟုတ်သေးဘူး အဆင့် ၈လောက်ရှိမယ်!”
အန်းရှင်း စိတ်လှုပ်ရှားစွာ မေးနေခဲ့သည်။ အမတကောင်းကင်ကိုးဆင့်၏တည်ရှိမှုအကြောင်းက အမတကျင့်ကြံခြင်းကမ္ဘာတွင် လူ အတော်များများသိပြီးသောအရာသာ ဖြစ်၏။ အမတကျင့်ကြံခြင်းကမ္ဘာရှ်ိ အမြင့်ဆုံးသူမှာပင် အမတတာအို၏ အဆင့် ၄တွင်သာ ရှိမှန်း သူမကြားဖူးထားသောကြောင့် သူမဆရာကို အဆင့် ၇ တော့ရှိရမည်ဟု သူမမှန်းထားခဲ့ခြင်း ဖြစ်သည်။
ကုအန် ရယ်မောလိုက်၏။
“အဲ့လောက် အထင်ကြီးစရာမကောင်းပါဘူး ဆရာက အချုပ်အနှောင်မဲ့အမတ အဆင့်ပါပဲ”
“ကျွန်မနားလည်ပြီ ပုံသေစွမ်းအားမရှိတဲ့ အချုပ်အနှောင်မဲ့အမတမလား”
အန်းရှင်းတခစ်ခစ်ရယ်မောလိုက်လေသည်။ မြင့်မြတ်ခုံရုံးက သူမဆရာကို မြင့်မြတ်ဓားဟု ဘွဲ့တံဆိပ်ပေးထားပြီး သေမျိုးတောင်ထွတ်ကမ္ဘာကလည်း သူမဆရာကို တောင်ထွတ်သခင်ရာထူးပေးထားခဲ့သည်။ အဓိပတိဂိုဏ်းတွင်လည်း ဂုဏ်သိက္ခာမျှော်စင်၌ တစ်နေရာပေးထားရသလို အမတရှာဖွေကျွန်းလိုနေရာမျိုးကလည်း သူမဆရာပိုင်သော နေရာဖြစ်နေပြန်သည်။ သူမဆရာတွင် မထုတ်ဖော်ရသေးသော နောက်ခံများ ရှိနေဦးမည်ဟုပင် သူမထင်မိ၏။
ကုအန် ပြုံးကာတိတ်ဆိတ်နေခဲ့ပြီး ရှင်းမပြခဲ့ပေ။
အန်းရှင်းမျက်လုံးထဲတွင် အမတကောင်းကင်ကိုးဆင့်က အကန့်အသတ်ဖြစ်နေခဲ့သည်။ အမတကောင်းကင်ကိုးဆင့်ထက် ကျော်လွန်နေသော သူ့လိုတည်ရှိမှုက သူ့အဆင့်အကြောင်း သူမကိုမည်သို့ရှင်းပြရမည်နည်း။ နွေပိုးမွှားများသည် ရေခဲအကြောင်း မပြောနိုင်ကြပေ။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးကာ တတိယတောင်ကြားသို့ပြန်လာခဲ့ပြီး အန်းရှင်းက သူ့နောက်မှ ကပ်ပါလာခဲ့သည်။
ရောက်ရောက်ချင်းပင် ကုအန် ရင်းနှီးသောတည်ရှိမှုတစ်ခုကို အာရုံခံလိုက်မိ၏။
ထိုသူ့ကို သူမတွေ့ရတာ အတော်ကြာနေပြီ ဖြစ်သည်။
ကျိုးတောင်းယူ!
ကုအန်တစ်ခါက ကြည်ညိုဖွယ်အဓိပတိအမတစာအုပ်ထဲတွင် သူ့ကို ဒုတိယဇာတ်လိုက်အဖြစ် ထည့်ရေးခဲ့ဖူးပြီး ကျိုးတောင်းယူက ထိုက်ကန်မင်းဆက်၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။ သူ့ကျင့်ကြံခြင်းကို ဖိနှိပ်ပြီး တိုက်ခိုက်ရာက ကုအန်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ကျိုးတောင်းယူသည် ကုအန်နှင့် သူငယ်ချင်း ဖြစ်လာခဲ့သည်။
နောက်ဆုံးအကြိမ် ကျိုးတောင်းယူရောက်လာခဲ့တုန်းက သူကုအန်ကိုအနိုင်ယူဖို့ ရောက်လာခြင်းဖြစ်သော်လည်း ယန်ကျင်းနှင့်တွေ့ကာ ရှုံးနိမ့်ခဲ့ရ၏။
ယန်ကျင်းကို ရှုံးနိမ့်ပြီးနောက် ရွှေစာရင်းညီလာခံတွင် သူဝူကျဲကို ထပ်မံရှုံးနိမ့်ခဲ့ရပြန်ပြီး ဝူကျဲ အမည်က ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှ်ိလာခဲ့သည်။
ထို့နောက်တွင်တော့ ကုအန်သူ့ကို မတွေ့ရတော့ပေ။
ရာစုနှစ်များကုန်လွန်သွားခဲ့ေချပြီ။ ထိုစဉ်ကတော့ ကုအန်က အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သာ ရှိသေးပြီး အချိန်များကုန်ဆုံးမှုက လျင်မြန်လွန်းလှသည်။
ကုအန် ကျိုးတောင်းယူကိုမမြင်ရသေးသော်လည်း အတိတ်ကိုပြန်လည်လွမ်းဆွတ်နေခဲ့မိ၏။
သူနွားသိုးပေါ်မှ ဆင်းကာ အန်းရှင်းကိုခေါ်၍ ကျိုးတောင်းယူကိုရှာရန် ထွက်ခွာလာခဲ့သည်။ ကျိုးတောင်းယူသည် လူများ တရုတ်ကျားကစားနေကြသည်ကို ကြည့်ရှုနေခဲ့ပြီး ကုအန်ချဉ်းကပ်လာမှုကို သတိမထားမိခဲ့ပေ။