← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 30 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 30 Ch. 391-392

အပိုင်း(၃၉၁)

တာအိုအဆင့်တွင်ကျင့်ကြံခြင်း

[ကျိုးတောင်းယူ(တစ်သားတည်းဖြစ်ခြင်းအဆင့်၁): ၅၃၄/၃၀၀၀/၃၁၀၀]

သူတကယ်ပဲ တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ရောက်သွားပြီပဲ ဒီနှစ်တွေထဲသူလည်း အခွင့်အလမ်းကောင်းတွေ ကြုံခဲ့ရပုံပဲ!

ကံဆိုးစွာဖြင့် သူ့သက်တမ်းအကန့်အသတ်ကတော့ တိုးတက်မလာခဲ့ပေ။

ကုအန်တစ်ယောက်တည်း‌တွေးနေရင်း ကျိုးတောင်းယူ၏ သက်တမ်းအကန့်အသတ်ကို ကြည့်ရှုလိုက်၏။

ကျိုးတောင်းယူ၏ သက်တမ်းအကန့်အသတ်က တိုးမလာသော်လည်း သူသာ သက်တမ်း ‌၃၀၀၀အတွင်း နိဗာနအဆင့်ကို ရောက်ရှိနိုင်ခဲ့လျှင် သူ့သက်တမ်းကို ဆွဲဆန့်ထားနိုင်မည် ဖြစ်သည်။

ကုအန် ကျိုးတောင်းယူဆီသို့ သွားလိုက်ပြီး သူ့ဘေးတွင်ရပ်ကာ သူ့ပုခုံးကို ညာလက်ပုတ်လိုက်လေရာ ကျိုးတောင်းယူက သူ့ညာလက်ကို ဖမ်းထားလိုက်၏။

ကျိုးတောင်းယူ ခေါင်းစောင်းကာ လှည့်ကြည့်လိုက်ပြီး ကုအန်ကိုတွေ့သောအခါ သူ့တည်နေသောမျက်နှာတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူနောက်လှည့်လိုက်ကာ ကုအန်လက်ကို ပြန်လွှတ်လိုက်ပြီး သေချာဂရုတစိုက် အကဲခတ်နေခဲ့၏။

“ညီကိုကု ငါတို့မတွေ့ရတာ အတော်ကြာနေပြီ မင်းအရင်ကထက် အများကြီးပိုပြီး ကြည့်ကောင်းလာပါလား” ကျိုးတောင်းယူ ပျော်ရွှင်စွာ ပြောလိုက်သည်။

ကုအန်ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

“တကယ်ပဲ အတော်ကြာခဲ့ပြီ ငါတို့တစ်နေရာရာမှာ သွားသောက်ကြမလား”

“သေချာတာပေါ့”

ကုအန် သူ့သဘောတူညီချက်ကို ကြားသောအခါ လက်ဟန်ပြပြီး တစ်နေရာရာသို့ သွားရန် အချက်ပြလိုက်သည်။ အန်းရှင်းကတော့ ကျိုးတောင်းယူကို မြင်ဖူးပြီးဖြစ်ပြီး ထိုသူက ယန်ကျင်းကို ရှုံးနိမ့်ထားသူဖြစ်မှန်းလည်း သိရှိထားပြီး ဖြစ်၏။ သို့သော်လည်း သူမအမြင်တွင် ထိုလူ၏ အရှိန်အဝါက အတော်လေး သန်မာနေခဲ့သည်။

အကယ်၍ သူမသာ ယန်ကျင်းကိုကျော်တက်လိုလျှင် ထိုလူ့ကိုအရင်ဆုံးအနိုင်ယူဖို့ လိုအပ်နေသေးသည်။

ကျိုးတောင်းယူကတော့ သူ့နောက်မှကောင်မလေး၏အတွေးကို သတိမထားမိခဲ့ပေ။ သူဤနေရာသို့ လာခြင်းမှာလည်း ကုအန်ကိုစိန်ခေါ်ဖို့ ဟုတ်မနေခဲ့ပေ။

သူသည် ယခုအခါ အသက် ၅၀၀ကျော်နေပြီဖြစ်ပြီး အရင်ကလောက် ခေါင်းမမာတော့ပေ။ သူ့အမြင်က ပိုပြီးကျယ်လာပြီဖြစ်ပြီး သူ့ရည်မှန်းချက်ကလည်း ပိုမြင့်လာပြီ ဖြစ်သည်။

သူတို့နှစ်ယောက် ခြံ၀န်းတစ်ခုထဲတွင် ထိုင်နေကြရင်း အန်းရှင်းက သူတို့အတွက် စားစရာသောက်စရာလား စီစဉ်ပေးနေခဲ့၏။

ကုအန်နှင့် ကျိုးတောင်းယူတို့နှစ်ယောက် ဤနှစ်များအတွင်း ကြုံတွေ့ခဲ့ကသည့် ကိစ္စအသေးလေးများအကြောင်းကို ပြောဆိုနေခဲ့ကြသည်။

တခဏတာပြောဆိုပြီးနောက် နှစ်ယောက်သား ရယ်မောလိုက်ကြပြီး ဖန်ခွက်မြှောက်၍ တိုက်လိုက်ကာ ကျိုးတောင်းယူ မေးလိုက်၏။

“ယန်ကျင်းရော ဘယ်ရောက်နေလဲ ငါသူ့ကိုမတွေ့မိဘူး ငါကြားတာတော့ သူထွက်သွားတာကြာပြီဆို”

ကုအန်ဖြေလိုက်သည်။

“ကလေးတွေ ကြီးပြင်းလာရင် အတောင်ဖြန့်ကြတာပါပဲ ငါ့ရဲ့ဆေးတောင်ကြားက သူ့ကိုထိန်းမထားနိုင်ဘူး”

ယန်ကျင်း ထွက်သွားပြီးနောက် ဆေးတောင်ကြားထဲတွင် သက်တမ်း နှစ်၄၀၀၀အထက်ရှိသော တပည့်များပေါ်လာကြသေးသော်လည်း ကုအန် သူတို့ကို အထူးတလည်တပည့်အဖြစ် ခေါ်မထားခဲ့ပေ။ ထိုပါရမီရှင်များကို ဆေးတောင်ကြား၏မူအတိုင်းသာ ဆက်လက်စီးမျောစေခဲ့သည်။

တတိယတောင်ကြားထဲတွင် အလုပ်ကောင်းကောင်းလုပ်နေသမျှ တပည့်တိုင်းက အကျိုးအမြတ်များရရှိပြီး အခြေခံကောင်းကို တည်‌ဆောက်သွားနိုင်ကြမည်သာ။

ကုအန် တပည့်များထပ်မခေါ်ခဲ့သည့် အကြောင်းအရင်းထဲတွင် သူခေါ်လိုက်သည့်တပည့်က ကြီးမြတ်သည့်တည်ရှိမှုကြီးတစ်ခုခု၏ ပြန်လည်မွေးဖွားလာသော ကိုယ်ထည်ဖြစ်နေမှာကို ကြောက်သောကြောင့်လည်း ပါပေသည်။ ထိုသူများနှင့် ပတ်သက်ပြီး ပြဿနာများမဖြစ်လိုသောကြောင့် သူအန်းရှင်းကို ပျိုးထောင်ရာ၌သာ အာရုံစိုက်နေခဲ့၏။

“အမှန်ပါပဲ အဲ့ဒီလိုပါရမီရှင်မျိုးအတွက် ပိုကြီးမားတဲ့ကမ္ဘာကြီးက စောင့်ကြိုနေမှာပဲ ယိယန်ကရော သူရောတစ်ခါမှ ပြန်မလာဘူးလား” ကျိုးတောင်းယူ ခေါင်းညိတ်ကာ သဘောတူဟန်ဖြင့် ပြောလိုက်သည်။

သူကုအန်နှင့်သိကျွမ်းခဲ့ရခြင်းမှာ လှံသိုင်းကျင့်နေသော ယိယန်ကိုစတင်မြင်တွေ့ခဲ့ရခြင်းကြောင့်ဖြစ်သောကြောင့် သူယိယန်ကို မေ့မသွားခဲ့ပေ။

ကုအန် တခဏတိတ်ဆိတ်သွားပြီး ပြောလိုက်၏။

“သူကထွက်ခွာသွားခဲ့ပါပြီ”

ကျိုးတောင်းယူကြက်သေသေသွားခဲ့သည်။ သို့သော် သူကုအန်ကိုနှစ်သိမ့်မပေးဘဲ ထိုအစား အရက်တစ်ခွက်သာ ငှဲ့ပေးလိုက်ပြီး နှစ်ယောက်သား အရက်ခွက်များကို တစ်ချိုက်တည်းဖြင့် သောက်လိုက်ကြ၏။

“မျက်စိတစ်မှိတ်အတွင်း ငါတို့အသက်တွေ ၅၀၀ ကျော်သွားခဲ့ပြီ ပြန်ကြည့်ရရင် အသိအကျွမ်းအတော်များများလည်း မြေအောက်ကမ္ဘာကို ရောက်ကုန်ကြပြီ မင်းနဲ့ငါရော ဒီအမတလမ်းစဉ်ကို ဘယ်လောက်ကြာအောင် လျှောက်လှမ်းနိုင်ဦးမှာလဲ”

ကျိုးတောင်ယူ သူ့နှလုံးသားထဲကခံစားချက်များကို ထုတ်ပြောခဲ့သည်။ ဤနှစ်များအတွင်း သူအများကြီး‌တွေ့ကြုံခံစားခဲ့ရပြီး ကုအန်ဆီရောက်လာခဲ့ခြင်းမှာလည်း သူ့တွင်မိတ်ဆွေအနည်းငယ်သာ ကျန်ရှိတော့၍ ဖြစ်သည်။

ကုအန်ပြုံးကာ ပြောလိုက်သည်။

“ညီကိုကျိုးရဲ့ ပါရမီနဲ့အရည်အချင်းနဲ့သာဆိုရင် အနာဂတ်မှာ အမတလမ်းစဉ်အဆင့်ကို ၀င်ရောက်နိုင်မှာသေချာပါတယ် ဘာလို့အခုလို အတွေးတွေရှိနေတာလဲ”

ထိုစကားကိုကြားသောအခါ ကျိုးတောင်းယူ ခေါင်းယမ်းကာ ရယ်မောလိုက်၏။

ထို့နောက် သူတို့နှစ်ယောက် ဆက်သောက်နေခဲ့ကြသည်။

အန်းရှင်းကတော့ ထိုနေရာတွင် သူမအတွက်စိတ်၀င်စားစရာကောင်းတာ ဘာမှမရှိသောကြောင့် ထွက်ခွာသွားခဲ့၏။

ညနေစောင်းခါနီးအချိန်တွင် ကျိုးတောင်းယူ ကုအန်ကိုနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

ကုအန်ထွက်ခွာသွားသော ကျိုးတောင်းယူ ပုံရိပ်ကိုကြည့်ပြီး စိတ်ထဲ နောင်တအနည်းငယ်ကို ခံစားနေခဲ့ရသည်။

ဘာလို့ ဒီကောင်ဒီတစ်ခါစိန်ခေါ်မသွားရတာလဲ!

ကုအန် အန်းရှင်းကိုကျိုးတောင်းယူနှင့်ပြိုင်ခိုင်းပြီး အန်းရှင်းက ကျိုးတောင်းယူကို အနိုင်ယူလိုက်မည့် မြင်ကွင်းကို တွေးမိနေဆဲပင်။

သို့သော်လည်း ကျိုးတောင်းယူက ဝူကျဲကိုစိန်ခေါ်တော့မည်ဖြစ်မှန်း သူတွက်ချက်မိထားပြီး ထိုအဖြစ်အပျက်ကလည်း လူအများ၏အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။

…..

အမတမင်းဆက်ရှိ တိမ်မြူများရှိနေပြီး လင်းလက်တောက်ပနေသည့် ခန်းမတစ်ခုထဲတွင်

ရှေးဟောင်းအမတဧကရာဇ် ဧကရာဇ်ပလ္လင်ပေါ်တွင်ထိုင်ကာ ခန်းမထဲရှိ လူတိုင်းကိုကြည့်ရှုနေပြီး ထိုလူများထဲတွင် အန်းဟောင်လည်း ပါ၀င်ပေသည်။

အန်းဟောင် အမတမင်းဆက်အရှင်သခင်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပြီး ထိုလူ၏အရှိန်အဝါက သူ့ကိုအံ့အားသင့်သွားစေခဲ့၏။

ဤပုဂ္ဂိုလ်၏ တာအိုအဆင့်က မည်မျှမြင့်မားနေပါသနည်း။

အန်းဟောင်တစ်ချက်ကြည့်ရုံနှင့်ပင် ထိုလူ့ထံမှ ပြိုင်ဘက်ကင်းသော အရှိန်အဝါကို ခံစားမိနေခဲ့သည်။

ဤပုဂ္ဂိုလ်၏ အရှိန်အဝါက သူ့ဆရာထက်ပင် အားကောင်းနေပြီး သူမြင်ဖူးသမျှလူထဲ အားအကောင်းဆုံးသူဟု ပြောလျှင်ပင် ‌ချဲ့ကားပြောရာရောက်လိမ့်မည် မထင်ပေ။

ထိုသူသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ထိပ်ဆုံးရှိလူသာ ဖြစ်ရပေလိမ့်မည်။

ထိုစဉ် ရှေးဟောင်းအမတဧကရာဇ်ခပ်ဖြည်းဖြည်းပြောလိုက်၏။

“ဒီနေ့ငါကိုယ်တော်မင်းတို့အားလုံးကို ဆင့်ခေါ်ခဲ့ရတဲ့အကြောင်းအရင်းကို မင်းတို့နားလည်သင့်တယ် ကောင်းကင်မိစ္ဆာတွေရဲ့ ဂယက်ကြောင့် အမတမင်းဆက်က ကောင်းကင်ခုံရုံးနဲ့ ဆွေးနွေးခဲ့တယ် ငါတို့ဘယ်လိုပဲ တိုက်ခိုက်နေပါစေ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ စုစုပေါင်းအင်အားကိုတော့ လျော့နည်းသွားစေလို့ မဖြစ်တော့ဘူး အဲ့တာကြောင့် ငါတို့ ပြိုင်ပွဲတစ်ခုကျင်းကဖို့ ဆုံးဖြတ်ခဲ့ကြတယ် ငါတို့တွေ ကျင့်ကြံခြင်းနယ်ပယ်တစ်ခုချင်းစီမှာ တိုက်ပွဲတစ်ပွဲစီ တိုက်ခိုက်ကြမယ် အမတမင်းဆက်ရဲ့ အနာဂတ်က မင်းတို့ရဲ့ အနိုင်အရှုံးအပေါ်မှာ မူတည်နေတယ်”

လူတိုင်း၏ အသက်ရှူသံများ မြန်ဆန်ကုန်ကြသည်။ ဤကိစ္စဖြစ်လာမည်မှန်းကို မပြောခင်ကပင် သူတို့ကြိုသိနေခဲ့ကြ၏။ ထိုပြိုင်ပွဲက အမတမင်းဆက်အတွက်တင်သာမကဘဲ သူတို့အတွက်လည်း အခွင့်အလမ်းကြီးတစ်ခု ဖြစ်ပေသည်။

အန်းဟောင်းမျက်လုံးများ တောက်ပသွားပြီး လက်သီးကိုတင်းတင်းဆုပ်ထားခဲ့၏။ အဆင့်တူခြင်းတွင် ဆိုလျှင် သူဘယ်သူ့ကိုမှမရှုံးပါဘူးဟူသောယုံကြည်ချက်မျိုး သူ့တွင် ရှိပေသည်။

ရှေးဟောင်းအမတဧကရာဇ်လည်း ခန်းမထဲရှိ လူတိုင်း၏အမူအရာကိုကြည့်ပြီး စိတ်ကျေနပ်သွားခဲ့၏။ လူတိုင်း၏ ယုံကြည်ချက်ရှိနေမှုကို သူမြင်နေခဲ့ရသည်။

“နယ်ပယ်တစ်ခုချင်းစီတိုင်းရဲ့ ထိပ်ဆုံးသုံးယောက်က ကျင့်ကြံခြင်းအတွက် မြင့်မြတ်ခုံရုံးရဲ့ တာအိုနယ်မြေကို၀င်ခွင့်ရကြမယ် နောက်ပြီး ပထမနေရာကို ရတဲ့သူကတော့ ချီကံကြမ္မာသက်ရောက်မှုမရှိတဲ့ အထွတ်အထိပ်အမတရတနာတစ်ခုရမယ်…”

ရှေးဟောင်းအမတဧကရာဇ် ပြိုင်ပွဲ၏ ဆုလာဘ်များအကြောင်းပြောသောအခါ လူတိုင်း စိတ်လှုပ်ရှားကုန်ကြသည်။ သူတို့စိတ်ထဲရှိ နောက်ဆုံးသံသယကလည်း လွင့်ပျယ်သွားခဲ့ကြ၏။

ဤပြိုင်ပွဲတွင် သူတို့အားကုန်ထုတ်၍ တိုက်ခိုက်ကြရပေလိမ့်မည်။

အန်းဟောင်ကတော့ ဆုလာဘ်တွေအစား သန်မာသောပြိုင်ဘက်နှင့်တွေ့ရဖို့ကိုသာ မျှော်လင့်နေခဲ့သည်။

အန်းဟောင်အတွက် ဤကမ္ဘာကြီးကို ကိုင်လှုပ်ဖို့ အထွတ်အထိပ်ရတနာများလိုအပ်မနေပေ။သူသာလုံလောက်သော အဆင့်တစ်ခုသို့ ရောက်သွားပါက လက်ဗလာနှင့်ပင် ဤကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ပေသည်။

ထို့ကြောင့် သူ့ပြိုင်ဘက်က သန်မာလေလေ သူပိုပြီးပျော်လေလေသာ။

သူတောင့်တသည်က ဂုဏ်သတင်းသာ ဖြစ်၏။

သူသည် သူ့နာမည်ကို ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားလိုပြီး အဓိပတိဂိုဏ်းလူတိုင်း သူ့အတွက် ဂုဏ်ယူနေရမည့် အဖြစ်မျိုးကိုလည်း လိုချင်ပေသည်။

ထိုအဆင့်သို့ရောက်လျှင် သူသည် အဓိပတိဂိုဏ်းကိုသာ ကိုယ်စားပြုခြင်းမဟုတ်တော့ဘဲ ထိုက်ကန်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကိုယ်စားပြုသူဖြစ်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

သူ့ကို ရှုံးနိမ့်သွားသူများကပင် ထိုရှုံးနိမ့်မှုအတွက် ဂုဏ်ယူကြရမည့် အဖြစ်မျိုးကို သူလိုချင်နေခဲ့၏။

“ကမ္ဘာကြီးကို ထိန်းချုပ်တဲ့ မြင့်မြတ်ခုံရုံး…ဟမ့် မင်းတို့ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”

အန်းဟောင်တစ်ယောက်တည်းတွေးနေပြီး ရှေးဟောင်းအမတဧကရာဇ်ဆက်ပြောသော စကားများကို သေချာနားထောင်မနေတော့ပေ။

တခဏအကြာတွင် လူအုပ်ကြီးကွဲသွားပြီး အန်းဟောင်လည်း ထိုလူအုပ်ကြီးနှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့သည်။

ခန်းမကြီးသည် တိမ်ပင်အထက်တွင်ရှိနေခြင်းဖြစ်ပြီး ခန်းမအပြင်သို့ရောက်သောအခါ လှပလွန်းသော တိမ်ပင်လယ်ကြီးကို မြင်တွေ့နေခဲ့ရ၏။ ထိုစဉ် အန်းဟောင် ပျံသန်းထွက်ခွာဖို့ ပြင်လိုက်စဉ်တွင် သူ့နောက်မှ အသံတစ်သံကို ကြားလိုက်ရသည်။

“အန်းဟောင် မြင့်မြတ်ခုံရုံးက ပါရမီရှင်တွေက အရမ်းသန်မာကြတယ် သူတို့ရဲ့ မြင့်မြတ်နှလုံးသားအဆင့်မှာ လက်ရှိ မြင့်မြတ်နတ်ဘုရားတွေထက်တောင် ပါရမီကောင်းတဲ့ ‌ကျင့်ကြံသူတစ်ယောက်ရှိနေတယ်လို့ ကြားထားတယ် ဒီအခွင့်အရေးကိုယူပြီး ငါနဲ့ကျင့်ကြံမလား”

အန်းဟောင် လှည့်ကြည့်လိုက်ရာ ပြောလိုက်သူမှာ အဖြူရောင်၀တ်စုံ၀တ် နတ်သမီးတစ်ပါးနှင့်ပင် တူလှသော အမျိုးသမီးတစ်ယောက်ဖြစ်မှန်း တွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏ အသွင်အပြင်က ဂုဏ်သရေရှိလှပြီး သူ့မျက်လုံးများက ဆောင်းဦးရေများလို ကြည်လင်ကာ တောက်ပပြီး စီးဆင်းနေခဲ့၏။

အန်းဟောင် မျက်မှောင်ကြုံ့လိုက်ကာ ပြောလိုက်သည်။

“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုပါဘူး”

ပြောပြီးသည်နှင့် သူလှည့်ထွက်သွားခဲ့၏။

အမျိုးသမီးကတော့ ထိုနေရာတွင်သာရပ်နေပြီး အန်းဟောင်ဆီက ထိုကဲ့သိုသော ယတိပြတ် ငြင်းဆန်မှုမျိုးနှင့် ကြုံရလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ကြက်သေသေနေခဲ့သည်။

အနီးရှိ ကျင့်ကြံသူများကလည်း နတ်သမီးတစ်ပါးကိုငြင်းရဲသည့် အန်းဟောင်၏နောက်ခံ ဘယ်လောက်မြင့်လဲဆိုတာကို တီးတိုးပြောဆိုနေခဲ့ကြ၏။

အမတမင်းဆက်တွင် နတ်သမီးဟု ဘွဲ့ထူးပေးခံရသူများမှာ နတ်သမီးတစ်ပါးလိုလှပရုံသာမကဘဲ ကျင့်ကြံခြင်းတွင်လည်း သန်မာကြသူများ ဖြစ်ကြသည်။

အန်းဟောင်ကတော့ နိဗာနအဆင့်တောင်မရောက်သေးဘဲ သူတို့မင်းဆက်ရှိ အဆိုးဆုံးလူထက်ပင် ကျင့်ကြံခြင်းနိမ့်နေသေးသည်။

“ဒီကောင် ယဉ်ကျေးမှုရှိသင့်တယ် ဒီလိုပုံစံနဲ့ နောက်နှစ်၂၀၀ဆိုရင်တောင် သူအမတလမ်းစဉ်အဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး” တစ်ယောက်ယောက်က ခပ်တိုးတိုးပြောလိုက်ပြီး အခြားသူများကလည်း သူ့စကားကို ဝိုင်း၀န်းထောက်ခံခဲ့ကြ၏။

အဖြူရောင်၀တ်အမျိုးသမီးကတော့ ဘာမှမပြောဘဲ လှည့်သာ ထွက်သွားခဲ့လေသည်။

…..

တတိယတောင်ကြားသို့ အပြန်လမ်းတွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ ပြန်လာခဲ့ပြီး သူ့ဘေးတွင်လိုက်လာသော အန်းရှင်းက ကျိုးတောင်းယူနှင့် ဝူကျဲတို့ကြားတိုက်ပွဲကို စိတ်လှုပ်ရှားစွာပြောပြနေခဲ့၏။

“အဲ့ဒီကျိုးတောင်းယူက တကယ်အံ့အားသင့်စရာကောင်းတယ် သူ့မိစ္ဆာဖိနှိပ်ရွှေခန္ဓာက တကယ်ကြီး ဝူကျဲရဲ့သိုင်းတွေကို တောင့်ခံနိုင်ခဲ့တယ် ကျွန်မက သူ့မှာဝူကျဲကိုနိုင်ဖို့ အခွင့်အရေးတစ်ခုတောင်မရှိဘူး ထင်ထားတာ ဆရာ မိစ္ဆာဖိနှိပ်ရွှေခန္ဓာကိုရော ရှေးဟောင်းရတနာခန္ဓာတစ်ခုအဖြစ် သတ်မှတ်လို့ရလား”

“ဘယ်လိုလုပ် ယန်ကျင်းက ကျိုးတောင်းယူကို အဆင့်တူအတွင်းမှာ အနိုင်ယူနိုင်ခဲ့တာလဲ ဆရာကျွန်မကို လှည့်စားနေတာတော့ မဟုတ်ဘူးမလား”

အန်းရှင်းစကားများကိုနားထောင်နေရင်း ကုအန်တွင်လည်း ခံစားချက်များစွာ ဖြစ်ပေါ်နေခဲ့သည်။

ကျိုးတောင်းယူ အနိုင်ရခဲ့ပြီး အသာစီးကြီးဖြင့်ပင် ဝူကျဲကို အနိုင်ယူသွားခဲ့ခြင်း ဖြစ်သည်။ သူ့လွန်ခဲ့သောနှစ်များက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး ယခုအခါ အမြင့်မှပြုတ်ကျသည်ကို ခံစားသွားရသူမှာ ဝူကျဲသာ ဖြစ်သွားခဲ့ရသည်။

ကုအန် ဝူကျဲကို သွားနှစ်သိမ့်မပေးခဲ့ပေ။ တိုက်ပွဲပြီးနောက် ဒဏ်ရာများကိုကုသရန် အကြီးအကဲများက သူ့ကိုခေါ်သွားခဲ့ပြီး ကုအန်ကတော့ တိုက်ပွဲပြီးနောက် တတိယတောင်ကြားသို့သာ ပြန်လာခဲ့၏။

“တိုက်ပွဲတစ်ပွဲရဲ့ အဖြေက ဘာကိုမှသက်သေမပြနိုင်ပါဘူး တကယ်လို့ မင်းမကြိုးစားရင် တစ်ချိန်က မင်းကိုရှုံးနိမ့်ခဲ့ဖူးတဲ့သူက မင်းကိုကျော်တက်သွားမှာပဲ အခုမင်းအတွက်ကောင်းတာက အခြားသူတွေက မင်းကျင့်ကြံခြင်းအစစ်ကို သိမထားတဲ့အချိန် မင်းကတော့ သူတို့ရဲ့ကျင့်ကြံခြင်းတွေကို သိထားတာပဲ” ကုအန် ဤအခွင့်အရေးကိုယူကာ သူ့တပည့်ကို ဆုံးမလိုက်သည်။

အန်းရှင်းခေါင်းညိတ်ကာ ဖြေလိုက်၏။

“ဆရာ စိတ်မပူပါနဲ့ ကျွန်မလုံး၀ မောက်မာပြီးထင်ရာစိုင်းတာမျိုး လုပ်မှာမဟုတ်ဘူး”

“တကယ်တော့ မိစ္ဆာဖိနှိပ်‌ရွှေခန္ဓာမှာလည်း အားနည်းချက်တွေရှိပါတယ် သူ့ရဲ့ဂုတ်ပိုးမှာ အမှတ်တစ်ခုရှိတယ် တကယ်လို့ အဲ့ဒီနေရာကိုသာ ထိအောင်တိုက်ခိုက်နိုင်ရင် သူ့ချီတွေအားလုံးလွင့်ပျယ်သွားလိမ့်မယ်” ကုအန် ထိုနည်းစနစ်အကြောင်း စတင်ရှင်းပြခဲ့ပြီး အန်းရှင်း ဂရုတစိုက်နားထောင်နေခဲ့သည်။

အများကြီးသိခြင်းက အမြဲကောင်းသော အရာသာဖြစ်၏။ အကယ်၍ အနာဂတ်တွင် သူမမိစ္ဆာဖိနှိပ်ရွှေခန္ဓာသုံးသူနှင့် ရင်ဆိုင်ရပါက ဤအချက်အလက်များက သူမအတွက်အသုံး၀င်နိုင်ပေသည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သေချာနားထောင်နေရင်း သူ့စိတ်လှုပ်ရှားမှုက အန်းရှင်းထက်ပင် ပိုနေသေးသည်။

ထိုကောင်များက အတော်လေးမြန်မြန်တိုးတက်လာခဲ့ပြီး သူတို့ပြသခဲ့သော ခွန်အားက သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

ထို့ကြောင့်လည်း သူနှစ်တစ်ထောင်ပြည့်မည့်အချိန်ကို အတော်လေး မျှော်လင့်နေခဲ့မိသည်။ ထိုအချိန်တွင် သူ့သခင်က သူ့ကိုကိုယ်တိုင်သင်ကြားပေးမည် ဖြစ်သည်။

ယခုတော့ သူလုပ်ရမည်က ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကိုကျင့်ကာ ကျင့်ကြံခြင်းများ စုဆောင်းထားရုံသာ ဖြစ်၏။

သူသည် စီးတော်သားရဲတစ်ကောင်ဖြစ်သော်လည်း သူ့သခင်က သူ့ကိုကောင်‌းကောင်းဆက်ဆံကာ အန်းရှင်းနှင့်ညီတူပင် ဆေးများရရှိပေသည်။

တတိယတောင်ကြားမှ ပြန်လာပြီးနောက် ကုအန် သူ့အခန်းထဲ၀င်သွားချိန်တွင် အခန်းထဲတွင်တစ်ယောက်ယောက်ရောက်နေသည်ကို တွေ့လိုက်ရ၏။

ရှန်းကျန်!

ရှန်းကျန်ကို သူ့ခုံပေါ်တွင်တွေ့သောအခါ ကုအန် တံခါးပိတ်လိုက်ပြီး မေးလိုက်သည်။

“ဒီတစ်ခါရော ဘာပန်းချီပြဦးမလို့လဲ”

သူ့အောက်ထပ်မှ လေထုတစ်မျိုးတစ်မည်ဖြစ်သွားသည်ကို ကုအန် ခံစားမိလိုက်ရ၏။ ပြောင်းလဲမှုက မသိသာသော်လည်း သူ့အာရုံအောက်ကတော့ လွတ်မသွားခဲ့ပေ။

ရှန်းကျန် လက်ထဲက အဓိပတိလျှို့ဝှက်မှတ်တမ်းများကို ချလိုက်ပြီး ပြောလိုက်သည်။

“ငါအခုလူတစ်ယောက်ရဲ့ ပါရမီကိုတိုးမြှင့်ပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်မျိုးကို နားလည်ထားတယ် နင်သင်ချင်လား”

ကုအန်စားပွဲသို့သွားလိုက်ပြီး သူ့စာအုပ်ကိုပြန်ယူကာ မေးလိုက်၏။

“ဘာလျှို့ဝှက်နည်းစနစ်လဲ အဲ့လောက်ပဲစွမ်းအားကြီးလား”

ရှန်းကျန် ဆန်းကြယ်စွာ ပြောလိုက်သည်။

“အဲ့တာက တကယ်ပဲ စွမ်းအားကြီးတယ် ငါလေ့ကျင့်ကြည့်ပြီးပြီ တကယ်အလုပ်ဖြစ်တာ ငါအဲ့ဒီနည်းစနစ်ကို လေ့ကျင့်ပြီးတော့ အခြားသိုင်းတွေကိုလေ့ကျင့်တဲ့အခါမှာ နည်းနည်းလောက်လေ့ကျင့်ရုံနဲ့ နှစ်ဆပိုအစွမ်းထက်နေတာကို တွေ့ခဲ့ရတယ်”

ကုအန် သက်တမ်းစစ်ဆေးခြင်းမသုံးဘဲ မနေနိုင်တော့ပေ။

[ရှန်းကျန်(ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၁): ၅၄၃/၂၂၀၀/၇၂၀၀]

ဘုရားသခင် သူ့သက်တမ်းအကန့်အသတ်က ၇၂၀၀ ထိတိုးသွားတာလား!

ကုအန် အံ့အားသင့်သွားခဲ့သည်။ ဤကောင်မလေးသည် အမှန်တကယ်ပင် ပန်းချီ ဂီတ လက်ရေးလှပညာများမှ ညဏ်အလင်းပွင့်နေခဲ့၏။

နောက်ပြီး သူ့ကျင့်ကြံခြင်းကလည်း အတော်လေးမြန်မြန်တိုးတက်လာတယ်!

Show quoted text

အပိုင်း(၃၉၂)

ကပ်ဘေး

ရှန်းကျန်၏ သက်တမ်းတိုးတက်နေပုံအရ သူမသက်တမ်းသည် ၉၉၉၉နှစ်သို့ပင် ရောက်ရှိသွားနိုင်ခြင်းပေလော။ အတွေ့အကြုံရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်သော ကုအန်ပင် မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာတစ်ခု အလိုလိုပေါ်သွားခဲ့မိသည်။

သူ ရီလန် ကျန်းချင်နှင့် အန်းရှင်းတို့ကို သက်တမ်းအကန့်အသတ်တိုးစေရန် သင်ကြားပေးနေပါသော်လည်း သူတို့တိုးတက်မှုက ရှန်းကျန်နှင့်ယှဉ်ပါက ဘာမှမဟုတ်တော့ပေ။

ထိုအရာက အဓိပ္ပာယ်မရှိလှပေ။

ဤကမ္ဘာတွင် ကောင်းကင်တာအို၏နှစ်သက်ခြင်းခံရသည့် ထိုကဲ့သို့သော တည်ရှိမှုမျိုး ရှိနိုင်ပါသလော။

ထိုထဲတွင် ဝူကျဲလည်းအပါအ၀င်ဖြစ်ပြီး ဝူကျဲနှင့်ရှန်းကျန်တို့နှစ်ယောက်က ဘယ်သူ့အကူအညီမှမပါဘဲ အလိုလိုသက်တမ်း တိုးကြသူများ ဖြစ်ကြ၏။

နေပါဦး!

ကုအန် ရုတ်တရက်တစ်ခုခုကို နားလည်သွားခဲ့ပြီး ပြောလိုက်သည်။

“အဲ့လိုလား ဒါဆိုငါ့ကိုပြကြည့်ပါဦး”

ရှန်းကျန် သူနားလည်ထားသော နည်းစနစ်ကိုစတင်ပြောပြခဲ့ပြီး ကုအန်လည်း သေချာနားထောင်နေခဲ့၏။

နာရီ၀က်ခန့်ပြောပြီးသောအခါ ရှန်းကျန် ကုအန်ကို ဂုဏ်ယူနေသောအကြည့်ဖြင့် ကြည့်ရှုနေလိုက်ပြီး သူအံ့အားသင့်သွားမည့် အဖြစ်ကို ‌စောင့်နေခဲ့လေသည်။

ကုအန်မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

“ငါနားမလည်ဘူး အဲ့တာကနက်နဲသလိုခံစားရတယ်”

ထိုသို့ပြောလိုက်သော်လည်း တကယ်တော့ ကုအန် ထိုလျှို့ဝှက်နည်းစနစ်ကို ဖောက်မြင်ပြီး ဖြစ်သည်။

ထိုလျှို့ဝှက်နည်းစနစ်သည် ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်နှင့် တူညီမှုအနည်းငယ် ရှိ၏။

နှစ်ခုလုံးက ပြန်လည်မွေးဖွားခြင်းနည်းစနစ်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

သို့သော် အဆင့်နိမ့်သက်ရှိများအတွက်တော့ ပြန်လည်မွေးဖွားခြင်းနည်းစနစ်များက ရှုပ်ထွေးကာ နားလည်ရခက်သောအရာများသာ ဖြစ်ကြ၏။

ကုအန် အမြင်အရ ထိပ်တန်းအဆင့်ပါရမီရှင်များအတွက်တောင် ဤနည်းစနစ်ကိုကျင့်ကြံမည်ဆိုပါက အချိန်တိုအတွင်း အောင်မြင်ရန်မှာ ခက်ခဲနေပေလိမ့်မည်။

ရှန်းကျန်ကတော့ ထိုနည်းစနစ်ကို လွန်ခဲ့တဲ့ ၇နှစ်က စတင်ကျင့်ကြံခဲ့ခြင်းဟု ဆိုနေခဲ့သည်။

၇နှစ်တည်းနှင့် ထိုနည်းစနစ်ကို တတ်မြောက်သွားခြင်းပေလော။

သူမသာ အရင်ကတည်းက ထိုနည်းစနစ်ကိုသိနေခြင်းမျိုး မဟုတ်လျှင် ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုကတော့ မှားယွင်းနေခဲ့ချေပြီ။

ကုအန် ထိုကိစ္စနှင့် ရှန်းကျန်အရှိန်အဝါပြောင်းလဲမှုကို ဆက်စပ်တွေးခေါ်ရင်း သူ့သံသယက ပိုမိုကြီးမားလာခဲ့သည်။

အရင်က ထိုကဲ့သို့သောတည်ရှိမှုများက အလွန်ရှားပါးသောအရာများ ဖြစ်ကြပြီး အခုမှအဘယ်ကြောင့် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေရပါသနည်း။ သူသည် တာအိုပုန်းကွယ်အမတတစ်ပါးသာ ဖြစ်ခြင်းကြောင့် ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို ဖြတ်၍ မမြင်နိုင်ပေ။ ကျိရှောင်ယုကတော့ ကမ္ဘာဦးတာအိုအဆောင်ကိုပိုင်ဆိုင်ထားသောကြောင့် သူမမှတ်ညဏ်များက ဆက်တိုက်နိုးထနေ၍သာ သူမပြန်လည်မွေးဖွားခြင်းအရှိန်အဝါကအားကောင်းလာပြီး ကုအန် သိရှိသွားခဲ့ရခြင်း ဖြစ်သည်။

လတ်တလောတွင် ရှန်းကျန်က မှတ်ညဏ်များနိုးထနေခြင်းမဟုတ်ဘဲ ကျင့်စဉ်များကိုသာ မှတ်မိလာခြင်း ဖြစ်၏။

တစ်ကမ္ဘာလုံးတွင် ပြန်လည်မွေးဖွားခြင်းကပ်ဘေး၀င်ရောက်နေသည့် ကျင့်ကြံသူဟူ၍ အနည်းငယ်သာ ရှိချိန်တွင် အဘယ်ကြောင့် သူ့ဘေးတွင် ၂ယောက် ရှိနေရပါသနည်း။

အရင်က သူ့တောင်ကြားက ဖြတ်သွားသော ကျန်းရှီလည်း ရှိနေသေးသည်။ မမြင်နိုင်သော လက်ကြီးတစ်ခုက သူ့ကိုအစီအစဉ်ချနေသည်ဟု ကုအန် အမြဲခံစားနေခဲ့ရပြီး ဤအရာက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ပေ။

“နင်နားမလည်ဘူးလား နင်ကတကယ်တုံးတာပဲ!” ရှန်းကျန် မျက်စောင်းတစ်ချက်ထိုးလိုက်ကာ စိတ်ပျက်သွားခဲ့၏။ သူမမျှော်လင့်ထားသော တုန့်ပြန်မှုက ထိုသို့ဟုတ်မနေခဲ့ပေ။

ကုအန် နှိမ့်ချစွာ ပြောလိုက်သည်။

“ဘယ်သူက ဒါကြီးကို နားလည်နိုင်မှာလဲ ငါတို့ အောက်ထပ်က ကျိရှောင်ယုကိုခေါ်ပြီး တစ်ချက်လောက် ကြည့်ခိုင်းသင့်လား”

ထိုစကားကိုကြားသည်နှင့် ရှန်းကျန် အမြန်ငြင်းဆန်လိုက်၏။

“အဲ့လိုလုပ်လို့မရဘူး ငါကနင့်ကိုပဲ မျှဝေပေးတာနင်အဲ့တာကို အခြားသူဆီ လုံး၀ပေးလိုက်လို့ မဖြစ်ဘူး”

“ဘာလို့လဲ”

“ဘာလို့လဲ ဆိုတာမရှိဘူး ငါနင့်ကိုသင်ပေးတယ်ဆိုတာ ငါတို့ကြားက ဆက်ဆံရေးကောင်းကြောင့် အခြားသူတွေဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ငါပြောတာကြားလား နင်အခြားသူကို ပေးလိုက်လို့ကတော့ ငါနင့်ကို ပြဿနာရှာမှာ သေချာတယ်”

ရှန်းကျန် လက်သီးမြှောက်လိုက်ကာ သူ့ကို ခြိမ်းခြောက်လိုက်၏။

ကုအန်လည်း သဘောတူလိုက်ရပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“တကယ်လို့ ဒီနည်းစနစ်ကသာ အမှန်ဆိုရင် နင်ကတကယ်အံ့အားသင့်စရာပဲ နင်ကအမြဲလမ်းစဉ်ညဏ်အလင်းပွင့်နေတာ ပြန်လည်မွေးဖွားလာတဲ့ တည်ရှိမှုတစ်ခုခုများ ဖြစ်နေနိုင်လောက်လား”

သူတမင်သက်သက် ထိုစကားကို ပြောလိုက်ခြင်းဖြစ်ပြီး အောက်ထပ်မှ ကျိရှောင်ယု၏ တုန့်ပြန်မှုကိုကြည့်ချင်၍ ပြောလိုက်ခြင်း ဖြစ်သည်။

ရှန်းကျန် ငါးခူပြုံးပြုံးလိုက်ကာ

“ငါကပါရမီရှင်တစ်ယောက်ပါလို့ နင့်ကိုအရင်ကတည်းက ပြောပါတယ် ပြန်လည်မွေးဖွားလာတဲ့အမတတစ်ပါးလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး နင်အနာဂတ်မှာ အမတတစ်ပါးဖြစ်ချင်ရင် အခုကစပြီး ငါ့ဂါ၀န်စကို ဆွဲထားဖို့ လိုအပ်နေပြီ”

ကုအန် မျက်ခုံးပင့်ကာ မေးလိုက်၏။

“တကယ်ကြီး ငါ့ကိုဆွဲထားခွင့်ပြုမှာလား”

အောက်ထပ်မှ ကျိရှောင်ယု၏ အရှိန်အဝါပြောင်းလဲသွားသောကြောင့် ကုအန် ထိုမေးခွန်းကို မေးပြီးပြီးချင်း နောင်တရသွားခဲ့သည်။

ရှန်းကျန်ကတော့ သူ့ခြေထောက်ကို စားပွဲပေါ်တင်လိုက်ကာ ခြေခုံမှ ပေါင်တံများထိ ညွှန်ပြလိုက်ပြီး ကုအန်ကို ရွှတ်‌ေနာက်‌ေနာက် ကြည့်နေခဲ့၏။ သူမခြေတံများကို ဘောင်းဘီရှည်ဖြင့်ဖုံးထားသော်လည်း ထိုခြေတံများက အလွန်ရှည်မှန်း ကုအန် ပထမဆုံးအကြိမ်အနေနှင့် သတိထားမိသွားခဲ့သည်။

သူမရေးသော စာအုပ်များတွင် ဇာတ်ကောင်များက ခြေတံရှည်ရှည်အလှလေးများ ဖြစ်နေကြသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

“လာစမ်းပါ နင်အရင်က မခိုဖူးတာလဲ မဟုတ်ဘဲ” ရှန်းကျန် ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

ကုအန် အမြန်တုန့်ပြန်လိုက်လေသည်။

“အဓိပ္ပာယ်မရှိတာ ငါဘယ်တုန်းက နင့်ပေါင်ကိုခိုဖူးလို့လဲ”

“နင်ငြင်းတယ်ပေါ့ ကိုယ့်လုပ်ရပ်ကိုယ်၀န်ခံလိုက်စမ်းပါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀တုန်းက နင်ငါ့ဂူဆီရောက်လာပြီး ငါ့ကိုဘယ်လိုစကားလုံးချိုချိုလေးတွေသုံးပြီး ခိုစီးဖို့ကြိုးစားခဲ့လဲ မှတ်မိလား အဲ့ဒီအကြောင်းတွေးမိရင် အခုထိ ရှက်စရာကောင်းနေတုန်းပဲ”

ရှန်းကျန် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်ရာ ကုအန် တစ်ယောက်ယောက်ကို ထုရိုက်ပစ်ချင်မိသွားခဲ့သည်။

လွန်ခဲ့သော နှစ်၄၀၀ဆိုသည်မှာ ကျိရှောင်ယု အသက်နှင့်တွက်ကာ ပြောနေခြင်းပေလော။

သူမသည် အောက်ထပ်မှ ကျိရှောင်ယုကြားစေရန် တမင်ရည်ရွယ်ပြီး တကယ်မဖြစ်ခဲ့သော အဖြစ်အပျက်ကို ပြောနေခဲ့ခြင်းသာ ဖြစ်၏။

“အိုး အဲ့လိုလား ဒါဆိုငါတို့အဲ့တာမျိုးလေး နောက်တစ်ခေါက်လောက် ထပ်လုပ်ကြရင်ရော” ကုအန် ထေ့ငေါ့ကာ ပြန်ပြောလိုက်သည်။

သူမတ်တပ်ထရပ်လိုက်ကာ ရှန်းကျန်ဆီလျှောက်လာခဲ့၏။

ကုအန် သူမခြေထောက်နားတကယ်ရောက်လာသည်ကို တွေ့သောအခါ ရှန်းကျန်သူမခြေထောက်ကို အမြန်ပြန်ရုတ်လိုက်ပြီး ပြောလိုက်လေသည်။

“မေ့လိုက်တော့ အရေးကြီးတဲ့ကိစ္စတွေပြောကြရအောင်”

“မရဘူး နင်ပြောပြီးသားစကားကို တည်ရမယ်”

ကုအန် တကယ်လုပ်ဖို့ကြံနေသည်ကို တွေ့သောအခါ ရှန်းကျန်အမြန်ပြောလိုက်၏။

“ဟုတ်ပြီ ဟုတ်ပြီ ငါစနေတာ နင်ကအတည်ကြီးယူနေတာကိုး အစတောင်မခံဘူး အောက်ထပ်က တစ်ယောက်ယောက်ကြားသွားမှာ ကြောက်လို့လား နေပါဦး ‌နင်ကအောက်ထပ်ကသူ့ကို စိုးရိမ်နေတာလား ငါသူ့ကိုမေ့တော့မလို့ ငါကဒီတိုင်းစနေရုံ သက်သက်ပါ ငါတို့အတိတ်ပတ်သက်မှုက ဖြူစင်သန့်ရှင်းပါတယ်”

သူမတမင်ပြောနေသည်ကို တွေ့သောအခါ ကုအန် သူမပုခုံးကိုပင် ပုတ်ချင်သွားခဲ့သည်။

ရှန်းကျန် ဆက်ပြောလိုက်၏။

“ငါတကယ်ပဲ တောင်းပန်ပါတယ် ငါခုနကနောက်နေတာ ငါ့ကိုစိတ်မဆိုးပါနဲ့ ငါကအောက်ထပ်ကတစ်ယောက်ယောက် ချောင်းနားထောင်နေမလားသိချင်လို့ စနောက်လိုက်တာ အဲ့ဒီလိုဟာသမျိုး နောက်မလုပ်တော့ဘူးနော်”

သူမအပြုံးကိုကြည့်ပြီး ကုအန် သူမလည်း အောက်ထပ်ကအပြောင်းအလဲကို အာရုံခံမိမှန်း သိသွားခဲ့သည်။

ဤနှစ်များအတွင်း ကျိရှောင်ယုက တစ်သားတည်းဖြစ်ခြင်းအဆင့်ကို အောင်မြင်သွားပြီဖြစ်ပြီး ရှန်းကျန်ကတော့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၁သာရှိနေသေးသည်။ သူမက အဘယ်သို့ ကျိရှောင်ယု၏ စွမ်းအင်အပြောင်းအလဲကို အာရုံခံမိနေရပါသနည်း။

ရှန်းကျန်နှင့် ပတ်သက်ပြီးတစ်ခုခုတော့ မှားနေပြီဟု ကုအန်ပိုပိုပြီး ခံစားလာခဲ့ရ၏။

အနာဂတ်တွင် သူမရှေ့၌ အများကြီးထုတ်မပြမိစေရန် သူသတိထားရပေတော့မည်။

“သူချောင်းနားမထောင်ပါဘူး နောက်ပြီး အခန်းထဲမှာ စည်းတွေလည်းရှိတယ်” ကုအန် ကုလားထိုင်တွင်ပြန်ထိုင်လိုက်ကာ ခေါင်းယမ်း၍ ပြောလိုက်သည်။

“နင်သူ့ကို အရမ်းယုံနေပုံပဲ”

“အဓိပ္ပာယ်မရှိတာ ငါက သူကြီးပြင်းလာတာကို ကြည့်ရှုခဲ့ရတာ သူက ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ ကံပါလာတဲ့သူပဲ နင်ထင်နေသလို ခံစားချက်အသေးအမွှားလေးတွေထဲ ပိတ်မိနေမယ့်သူ မဟုတ်ဘူး နင်လည်း အဲ့ဒီအဓိပ္ပာယ်မရှိတဲ့ စာအုပ်တွေပဲ ဖတ်မနေဘဲ သူ့ဆီက များများသင်ယူသင့်တယ်”

“အဓိပ္ပာယ်မရှိတဲ့ စာအုပ်တဲ့လား ငါအဓိပတိလျှို့ဝှက်မှတ်တမ်းများ အပိုင်းသစ်တစ်အုပ်ရေးထားတာ နင့်ကိုပေးမလို့ဟာကို နင်ကငါ့ကိုဒီလိုတုန့်ပြန်တယ်တဲ့လား ငါအသည်းကွဲသွားပြီ တော်ပြီ နင့်ကိုမပေးတော့ဘူး နှုတ်ဆက်ပါတယ်”

ရှန်းကျန် မတ်တပ်ထရပ်ကာ အင်္ကျီလက်အိုးကိုယမ်း၍ ထွက်သွားခဲ့လေသည်။

ကုအန် မတ်တပ်ထရပ်ကာ သူမကိုတားလိုက်ပြီး မေးလိုက်၏။

“နင်တကယ်ပြောနေတာလား”

ရှန်းကျန် သူ့ကိုလှည့်မကြည့်ဘဲ စိတ်ဆိုးချင်ယောင်ဆောင်နေခဲ့သည်။

“ဟုတ်ပါပြီ ငါကနင့်ကိုစနေတာပါ ငါတောင်းပန်ပါတယ်” ကုအန် သက်ပြင်းချလိုက်၏။

ဤမိန်းမသည် အမှန်တကယ်ပင် အကွက်စုံလှပြီး သူ့ကိုပင် ပြန်တောင်းပန်လာအောင် လုပ်ပစ်နိုင်ပေသည်။

သူမစာအုပ်ထဲရှိ အကြောင်းအရာများကို သူ့ဖာသာတွက်ချက်နိုင်သော်လည်း ကုအန် ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ စာအုပ်ကိုလှန်၍ ဖတ်ရှုရသော အရသာကသာ သူ့အတွက်အကောင်းဆုံး ဖြစ်၏။

ရှန်းကျန် အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်ပြီး သူမအင်္ကျီလက်အိုးထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ ကုအန်ဆီပစ်ပေးလိုက်လေသည်။ ထို့နောက် သူမထွက်ခွာသွားခဲ့၏။

ဒီသတ္တဝါက ထွက်သွားပြီးတိုင်း ဘယ်တော့မှ တံခါးပြန်ပိတ်မသွားဘူး ရိုင်းလိုက်တာ!

အဓိပတိလျှို့ဝှက်မှတ်တမ်းများ နောက်ဆုံးစာအုပ်ကို ကိုင်ထားရင်း ကုအန်ကြိတ်၍ ကျိန်ဆဲ‌လိုက်ပြီး အင်္ကျီလက်အိုးကိုယမ်း၍ တံခါးကို ပိတ်လိုက်လေသည်။

ထို့နောက်တွင်တော့ စားပွဲတွင်ပြန်ထိုင်လိုက်ပြီး စာအုပ်ကို ‌စားပွဲပေါ် သေချာတင်ထားလိုက်၏။

သူ့လိုတာအိုပုန်းကွယ်အမတတစ်ပါးက ထိုကဲ့သို့သော စာအုပ်မျိုးဖတ်နေခြင်းကို သူနှင့်အဆင့်တူများ မသိခြင်းက ကံကောင်းသောအရာသာ ဖြစ်ပေသည်။

တကယ်တော့ သူကထိုစာအုပ်များကို ကြိုက်၍ဖတ်နေခြင်းမဟုတ်ဘဲ သူကကျင့်ကြံနေခြင်းသာ ဖြစ်၏။

သူက သူ့နှလုံးသားကို လေ့ကျင့်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စာအုပ်မျိုးကိုဖတ်ခြင်းက သူ့တာအိုနှလုံးသားကို မိန်းမများနှင့်ချည်နှောင်မိမည့် အန္တရာယ်မှကာကွယ်ပေးနိုင်ပေသည်။

သူ့စိတ်သူ ပြင်ဆင်ပြီးနောက်တွင်တော့ ကုအန် စာအုပ်ကို စတင်လှန်လှောလိုက်၏။ ထိုစဉ် အောက်ထပ်က ကျိရှောင်ယုလည်း စိတ်ဝင်စားမှူကို မထိန်းနိုင်တော့ဘဲ စာအုပ်ကို နတ်အာရုံသုံး၍ ချောင်းကြည့်လိုက်လေသည်။ မြင်မြင်ချင်းပင် သူ့မျက်နှာနီရဲသွားကာ ရှက်ရွံ့သွားခဲ့မိ၏။

“ဒီကောင်ကတော့…”

“ငါဒီကောင့်ကို ကျင့်ကြံခြင်းမှာအတင်းဆွဲခေါ်လို့ မဖြစ်တော့ဘူး မဟုတ်ရင် တစ်ချိန်ချိန်မှာ လောကကြီးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်”

ထို့နောက်တွင်တော့ သူမအတွေးများကို ဖယ်ရှားလိုက်ကာ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်လိုက်ပြီး ဈန်၀င်သွားခဲ့လေသည်။

All Chapters