အခန်း (၃၉၇-၃၉၈)
Vol. 30 Ch. 397-398
အခန်း ၃၉၇ - ကံကြမ္မာ၏ ဖန်တီးမှု
ပင်လယ်နက်နဂါးငါးကြင်းသည် ပေါင်းခြင်း သို့မဟုတ် ကင်ခြင်း ဟူသည့်စကားများကို နားမလည်သော်လည်း ၎င်း၏ ကျင့်ကြံအဆင့်မှာ နိမ့်မနေပါ။ ကုအန်၏ စကားသံထဲမှ ရန်လိုမှုကို ခံစားမိသောကြောင့် အလွန်အမင်း ထိတ်လန့်ခဲ့ရသည်။
ကုအန်သည် ထိုငါးငိုနေသည်ကို ကြည့်ပြီး သဘောကျနေ၏။
ဤကဲ့သို့ ကြောက်တတ်သောငါးသည် အဘယ်ကြောင့် အန္တရာယ်ကို သက်သက်ရှာနေရသနည်း။ ထူးဆန်းလိုက်တာ။
ခဏလေးနေဦး!
ဒီကောင်လေးက ကျန်းရှီလိုမျိုး သရုပ်ဆောင်ကောင်းနေတာများလား။
ကုအန်သည် ထိုငါးကို ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်လိုက်ပြီး ၎င်းအပေါ်တွင် လှည့်စားမှုတစ်ခု ပြုလုပ်လိုက်သည်။
ထိုအခါ ပင်လယ်နက်နဂါးငါးကြင်းသည် ၎င်းနှင့် လုံးဝတူသည့် ငါးတစ်ကောင်ကို ကင်ထားသည်ကို မြင်လိုက်ရသည်။ ကင်နေသည့်အခါ ၎င်း၏အကြေးခွံများမှ မီးခိုးလုံးများ ထွက်ပြီး မည်းနေသည်ကို မြင်ရသောအခါ ထ ဆက်လက် ကြည့်ရှုနိုင်ခြင်း မရှိတော့ဘဲ ထိတ်လန့်သွားသည်။
ထို့နောက် ကုအန်၏ ခြေထောက်နားရှိ ပင်လယ်နက်နဂါးငါးကြင်းသည် လန့်ဖျပ်ပြီး မေ့လဲသွားသည်။
"ဒီလောက်တောင် ကြောက်တက်တာလား"
ကုအန်သည် ၎င်း၏ခြေဖြင့် ပင်လယ်နက်နဂါးငါးကြင်း၏ ကိုယ်ကို ကန်လိုက်ပြီး လုံးဝမလှုပ်ရှားသည်ကို မြင်သောအခါ ပို၍ပင် စိတ်ပျက်သွားသည်။
ခဏမျှ တွေဝေပြီးနောက် ကုအန်သည် ထိုပင်လယ်နက်နဂါးငါးကြင်းကို ပင်လယ်၏ ဝေးလံသောနေရာသို့ ရွှေ့လိုက်သည်။
"မင်းပြန်လာရင် သေပြီသာမှတ်။ ငါ့နေရာကို တစ်ယောက်ယောက်ကိုများ ပြောပြဖို့ ဝံ့ရင် မင်းအခုမြင်ရတာထက် ပိုဆိုးတဲ့ ဘဝနဲ့ သေရမယ် ကြားလား"
ကုအန်သည် ဤစကားများကို ပင်လယ်နက်နဂါးငါးကြင်း၏ စိတ်ထဲသို့ ပို့လိုက်သည်။ ပင်လယ်နက်နဂါးငါးကြင်းသည် နိုးလာသောအခါ လူသားမျိုးနွယ်၏ ဘာသာစကားကို နားမလည်သော်လည်း ကုအန်၏ စကားကို နားလည်ပါလိမ့်မည်။
ကောင်းကင်မှ တိမ်များ ပျောက်ကွယ်သွားပြီးနောက်၊ ကြီးမားသောရေကန်ဘေးတွင် အန်းဟောင်သည် သူတော်စင်ဘိုးဘေးကို ကျောပေးကာ ကောင်းကင်ကို ကြည့်နေသည်။
သူတော်စင်ဘိုးဘေးသည် အန်းဟောင်ကို တစ်စထက်တစ်စ ပို၍ကျေနပ်သောမျက်လုံးများဖြင့် ကြည့်နေပြီး ရှားပါးသော ရတနာတစ်ခုကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
"မင်းဟာ ကောင်းကင်ဘုံလမ်းစဉ်ကျင့်စဥ်ကို ဒီလောက်မြန်မြန် ဆည်းပူးနိုင်လိမ့်မယ်လို့ ငါမတွေးထားမိခဲ့ဘူး။ အချိန်တစ်ခုပေးလိုက်ရင် ဒီကမ္ဘာမှာ မင်းကို ယှဉ်နိုင်တဲ့သူ ရှိတော့မှာမဟုတ်ဘူး။" ဟု သူတော်စင်ဘိုးဘေးက ချီးမွမ်းလိုက်သည်။
အန်းဟောင်သည် ခေါင်းကိုလှည့်ကာ မျက်လုံးထောင့်ဖြင့် သူတော်စင်ဘိုးဘေးကို ကြည့်လိုက်ပြီး "ရှန်ထျန်းကကော ဒီကျင့်စဉ်ကို ကျွမ်းကျင်လား" ဟု မေးလိုက်သည်။
သူတော်စင်ဘိုးဘေးက ပြန်ပြေသည် "အင်း... ဒါပေမယ့် မင်းက သူ့ကို စောစောစီးစီး ကျော်တက်နိုင်မှာပါ"
ဤစကားကို ကြားပြီးနောက် အန်းဟောင်သည် အလေးအနက် စဉ်းစားသည်။ သူသည် ကောင်းကင်ဘုံလမ်းစဉ်ကျင့်စဥ်ကို ကျွမ်းကျင်လာသောအခါ ဤကျင့်စဉ်၏ ခွန်အားကို နက်နက်နဲနဲ နားလည်လာပြီး ရှန်ထျန်း၏ ခွန်အားကို ပို၍ပင် တန်ဖိုးထားလာသည်။
အမတမင်းဆက်တွင် အမတအားလုံးဟာ မြင့်မြတ်ခုံရုံး၏ ရှန်ထျန်းကို ကမ္ဘာပေါ်တွင် အသန်မာဆုံးဟု သတ်မှတ်ကြသည်။ ပြိုင်ဘက် အင်အားစုများပင်လျှင် ၎င်း၏ခွန်အားကို လေးစားလာစေရန် မည်မျှအထိ အစွမ်းထက်ရမည်နည်း။
"ကျွန်တော် အခု သွားရပါတော့မယ်။ သင်ကြားပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။" ဟု အန်းဟောင်က ပြောသည်။ သူ လှည့်ပြီးနောက် သူတော်စင်ဘိုးဘေးကို အရိုအသေပြုလိုက်သည်။
သူတော်စင်ဘိုးဘေးက "အနာဂတ်မှာ မြင့်မြတ်ခုံရှုံးနဲ့ ရန်သူဖြစ်လာမှာလား" ဟု မေးသည်။
အန်းဟောင်က သူ့ကို ကြည့်ပြီး "ကျွန်တော် မသိဘူး။ ဘယ်သူမှ အနာဂတ်ကို ကြိုမသိနိုင်ဘူး။ ဒါပေမယ့် အမတမင်းဆက်အတွက်နဲ့ မြင့်မြတ်ခုံရှုံးကို ရန်သူအဖြစ် သဘောမထားပါဘူး။ ပိုကြီးမားတဲ့ ခွန်အားကို ရှာဖွေဖို့အတွက်ပဲ အမတမင်းဆက်ကို ကျွန်တော် ဝင်ခဲ့တာပါ" ဟု ပြန်ဖြေသည်။
သူတော်စင်ဘိုးဘေးသည် ပြုံးပြီး ခေါင်းညိတ်ကာ "အငယ်လေး မင်း အပန်းတိုင်ကို အမြန်ဆုံးရောက်ပါစေ....အဲဒီချိန်ကျရင် မင်းရဲ့စစ်မှန်တဲ့ စွမ်းအားကို နိုးထလာပြီး ဒီကမ္ဘာမှာ အမြင့်ဆုံးလမ်းစဉ်ဖြစ်တဲ့ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ စွမ်းအားကို ခံစားရလိမ့်မယ်။"
အန်းဟောင်သည် ခေါင်းညိတ်ပြီး လှည့်၍ခုန်လိုက်ရာ အဖြူရောင်အလင်းအဖြစ် ပြောင်းလဲပြီး အဝေးသို့ ထွက်ခွာသွားကာ တိမ်များကြားတွင် ပျောက်ကွယ်သွားသည်။
သူတော်စင်ဘိုးဘေးသည် သူ့ကို ထွက်ခွာသွားသည်ကို အံ့သြစွာ ကြည့်နေပြီး "ဒီခေတ်ဟာ ဆုတ်ယုတ်နေတဲ့ခေတ်လို့ ငါထင်ခဲ့တာ။ အခုတော့ တိုးတက်မှုရဲ့ နိမိတ်ဖြစ်နေပုံပဲ.... နှစ်ပေါင်း တစ်သန်းလောက်ကြာတဲ့အခါ ဘယ်လိုဒဏ္ဍာရီတွေ ပေါ်ထွက်လာမလဲ ဘယ်သူသိနိုင်မလဲ..."
သူတော်စင်ဘိုးဘေး စဉ်းစားနေချိန်တွင် ကုအန်လည်း တွေးတောနေသည်။
လျှိုဝှက်စိတ်ဝိညာဥ်နန်းတော်၏ အတွင်းပိုင်းတွင် ဆေးဥယျာဉ်များကြားမှ လမ်းပေါ်တွင် ရပ်နေသော ကုအန်သည် အဝေးကို ကြည့်ပြီး "ဒီကောင်လေး တကယ်ကို ဇွဲကြီးတာပဲ" ဟု ရေရွတ်လိုက်သည်။
သူသည် ပင်လယ်နက်နဂါးငါးကြင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။
သူတို့နောက်ဆုံးတွေ့ဆုံပြီးကတည်းက နှစ် ၆၀ ကြာခဲ့ပြီ။ ရက်အနည်းငယ်ကြာ ငြိမ်သက်ပြီးနောက် ပင်လယ်နက်နဂါးငါးကြင်းသည် လျှိုဝှက်စိတ်ဝိညာနန်းတော်ကို စတင်ရှာဖွေခဲ့ပြီး ဤရှာဖွေမှုသည် နှစ် ၆၀ ကြာခဲ့သည်။
ထိုနှစ် ၆၀ အတွင်းတွင် တတိယဆေးပင်တောင်ကြားနှင့် နတ်ဝိဇ္ဇာတောင်ကြားမှ တပည့်အများစု ပြောင်းလဲလာခဲ့ပြီး လူ့လောကတွင် မျိုးဆက်ပေါင်းများစွာ သေဆုံးခဲ့ကြပြီဖြစ်သည်။
ပင်လယ်နက်နဂါးငါးကြင်းသည် ပင်လယ်များစွာကို အန္တရာယ်များစွာနှင့် ရင်ဆိုင်ပြီးနောက် နောက်ဆုံးတွင် လျှို့ဝှက်စိတ်ဝိညာဥ်နန်းတော်ရှိရာ ပင်လယ်ဧရိယာသို့ ရောက်လာသည်။
ယခု ၎င်း၏ကိုယ်ခန္ဓာတွင် ဒဏ်ရာများပြည့်နေပြီး အကြေးခွံများမှာလည်း အရင်ကကဲ့သို့ မတောက်ပြောင်တော့ဘဲ အချို့နေရာများတွင် ပျောက်ဆုံးနေသောကြောင့် အလွန်သနားစရာကောင်းနေသည်။
၎င်း၏ ဇွဲက ကုအန်ကို စိတ်လှုပ်ရှားစေခဲ့သည်။ ထိုနှစ်များတစ်လျှောက် ပင်လယ်နက်နဂါးငါးကြင်းသည် သူနှင့် လျှိုဝှက်စိတ်ဝိညာဥ်နန်းတော်၏ တည်နေရာကို အခြားနတ်ဆိုးသတ္တဝါများကို မပြောပြခဲ့သည်ကို သူသိလိုက်သည်။
သတင်းအချက်အလက်ကို ရှာဖွေခြင်းမရှိဘဲ ဤနေရာသို့ လမ်းရှာလာနိုင်ခြင်းသည် ၎င်းတွင် အခြားသူများမသိသော လျှို့ဝှက်စွမ်းရည်များ ရှိနေသည်ဟု ထင်ရသည်။
ပုံမှန်အခြေအနေတွင် အကွာအဝေးအရဆိုလျှင် မဟာယနနယ်ပယ်ပင်လျှင် နှစ် ၆၀ အတွင်း လျှိုဝှက်စိတ်ဝိညာဥ်နန်းတော်ကို ရှာတွေ့ရန် ခက်ခဲလိမ့်မည်။
ကုအန်သည် ခေါင်းခါလိုက်ပြီး ဆေးပင်များ ဆက်လက်ခူးနေသည်။
ဆေးပင်များ ခူးနေစဉ်တွင် သူသည် ၎င်း၏ အချက်အလက်စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။
[နာမည်- ကုအန်]
[သက်တမ်း- ၆၁၂/၉၅၈၇၀၂၃၇၁]
[ခန္ဓာ- ယွမ်ပေါင်းစည်းသန့်စင်ခြင်းအာကာသန္ဓာ]
မှတ်ချက် - ဓာတ်ပေါင်းစုံကို ညီညာစွာပေါင်းစည်း၍ သန့်စင်ထားပြီး အာကာသနှင့်ပေါင်းစပ်နိုင်သော ခန္ဓာဖြစ်သည့် ထူးချွန်ဆုံး သဘာဝကို ဆိုလိုသည်။
[ကျင့်ကြံမှုအဆင့်- အကာပြင်တာအိုအမတနယ်ပယ် ပြီးပြည့်စုံအဆင့်]
ဆယ်ဘီလီယံနီးပါး သက်တမ်း! အံ့ဩစရာပဲ!
ကုအန်သည် ပျော်ရွှင်နေသည်။ ဤသည်မှာ သူကြိုးစားအားထုတ်မှုဖြင့် ရရှိခဲ့သော သက်တမ်းဖြစ်ပြီး ခိုးယူခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းဖြင့် ရရှိခဲ့ခြင်း မဟုတ်သောကြောင့် သူသည် အောင်မြင်မှုတစ်ခုကို ခံစားရသည်။
ကမ္ဘာသည် စိတ်လှုပ်ရှားဖွယ်ရာများဖြင့် လှုပ်ရှားနေသည်။ ကြီးမားသော စွမ်းအားများနှင့် ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာနေသော်လည်း သူသည် ၎င်း၏ခွန်အားကို တိတ်တဆိတ် တိုးတက်အောင်လုပ်ပြီး ကမ္ဘာ၏ရုန်းကန်မှုကို ကြည့်နေခဲ့သည်။ သူသည် ထာဝရအသက်ဆီသို့ ပို၍မြန်သောနှုန်းဖြင့် ပြေးနေပြီး ဤခံစားချက်သည် စိတ်လှုပ်ရှားစရာကောင်းသည်။
ထိုအကြောင်းကို စဉ်းစားလေလေ ကုအန် ပိုပျော်လာလေလေဖြစ်ပြီး သီချင်းတောင် ညည်းမိနေသည်။ ဆေးပင်များ ခူးပြီးနောက် သူသည် အမတဂိုဏ်းသို့ ပြန်လာခဲ့သည်။
ပင်လယ်နက်နဂါးငါးကြင်းသည် ဤဧရိယာသို့ ခုမှဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး (ပုန်းကွယ်)လျှို့ဝှက်စိတ်ဝိညာဥ်နန်းတော်သို့ ရောက်ရန် တစ်လ၊ နှစ်လခန့် အချိန်ယူရမည်ဖြစ်သောကြောင့် သူသည် အလျင်မလိုပေ။
ပင်လယ်နက်နဂါးငါးကြင်းသည် ဤနောက်ဆုံးလမ်းကြောင်းပေါ်တွင် သေဆုံးပါက ၎င်း၏ကံကြမ္မာတွင် ထိုသို့သောကံမပါသောကြောင့် ဖြစ်ပြီး မည်သူ့ကိုမျှ အပြစ်တင်၍ မရချေ။
နေ့လယ်ခင်းနောက်ပိုင်းတွင် တတိယဆေးပင်ချိုင့်ဝှမ်းသို့ ပြန်ရောက်သောအခါ ပူပြင်းသော နွေရာသီလေသည် ချိုင့်ဝှမ်းထဲသို့ တိုက်ခတ်လာသည်။ နေရောင်သည် ကုအန်၏ လက်ထဲရှိ ခုနှစ်စင်ကြယ်ကြေးမုံပေါ်သို့ ကျရောက်ပြီး ရောင်ခြည်များ ပြန်ဟပ်နေသည်။
ကုအန်သည် ခုနှစ်စင်ကြယ်ကြေးမုံကို ယပ်တောင်အဖြစ် အသုံးပြုပြီး အေးမြစေရန်အတွက် ယပ်ခပ်ရင်း အေးဆေးစွာ ရှေ့သို့ လျှောက်နေသည်။
အန်းရှင်းသည် ရုတ်တရက် ပြေးလာပြီး သူ့ရှေ့တွင် ရပ်ကာ "ဆရာ.
ဝူကျွယ်ဒုက္ခရောက်နေပြီ" ဟု ပြောသည်။
ကုအန်က "ဘာဖြစ်တာလဲ" ဟု မေးသည်။
"ဒီနေ့ ကျွန်တော် အတွင်းဂိုဏ်းမြို့ကို သွားတော့ သူဟာ ဂိုဏ်းဝင်တစ်ယောက်ကို ထိခိုက်စေခဲ့တယ်ဆိုပြီး အမတဂိုဏ်းရဲ့ ထောင်ထဲကို ပစ်ထည့်ခံလိုက်ရတယ်လို့ ကြားခဲ့ရတယ်" ဟု အန်းရှင်းက လျှင်မြန်စွာ ပြန်ပြောသည်။
ဤစကားကို ကြားသောအခါ ကုအန်၏ မျက်ခုံးများ ကြုံ့သွားပြီး "ငါ အတွင်းဂိုဏ်းကို သွားမယ်" ဟု ပြောသည်။ စကားပြောပြီးနောက် သူလှည့်ပြီး ထွက်ခွာသွားသည်။
အန်းရှင်းသည် စိတ်သက်သာရာရသွားသည်။ သူ့ဆရာကို အခြေအနေအကြောင်း ပြောပြလိုက်ရုံဖြင့် လုံလောက်သည်။ သူ့သခင်၏ စွမ်းရည်ဖြင့် ဤပြဿနာကို ဖြေရှင်းရန် မခက်ခဲပါ။
နာရီဝက်ပင်မကြာမီတွင် ကုအန်သည် ထောင်ခန်းမှ တပည့်တစ်ဦး၏ လမ်းညွှန်မှုဖြင့် မြေအောက်ခုနစ်လွှာသို့ ရောက်လာသည်။
သူသည် အမတဂိုဏ်းတွင် နှစ် ၆၀၀ နေခဲ့သော်လည်း ဤနေရာကို ပထမဆုံးအကြိမ် လာခြင်းဖြစ်သည်။ အမတဂိုဏ်း ပို၍အားကောင်းလာသည်နှင့်အမျှ ထောင်၏ ကန့်သတ်ချက်များလည်း တိုးလာခဲ့သည်။ မြေအောက်တစ်ဆယ့်ရှစ်လွှာတွင် အမတတစ်ပါးကို အကျဉ်းချထားသည်ဟု ဆိုကြသည်။
ထောင်ခန်းတပည့်သည် အကျဉ်းခန်းတစ်ခုရှေ့တွင် ရပ်ပြီး အချို့အရာများကို အကျဉ်းချုပ် ရှင်းပြပြီးနောက် လှည့်၍ ထွက်ခွာသွားသည်။
မြေအောက်ငါးလွှာအောက်သို့ ဆင်းခြင်းသည် မည်သူမဆို လုပ်နိုင်သည့်အရာမဟုတ်ပါ။ ကုအန်သည် အချို့ချိတ်ဆက်မှုများကြောင့် ထိုသို့လုပ်နိုင်ခဲ့သဖြင့် ထောင်ခန်းတပည့်က သူ့အပေါ် အလွန် ယဉ်ကျေးခဲ့သည်။
အကျဉ်းခန်းကို အထူးသစ်သားဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်တွင် အကာအကွယ်အစီအရင်များ ထွင်းထုထားသည်။
ကုအန်သည် အကျဉ်းခန်းတံခါးအတွင်းသို့ ကြည့်လိုက်သည်။ အတွင်းပိုင်းမှာ မှောင်နေပြီး ဝူကျွယ်သည် သူ့ဆံပင်များ ရှုပ်ပွကာ နံရံကိုမှီပြီး အိပ်ပျော်နေသည်။
ထောင်ထဲတွင် ကျင့်ကြံမူ မလုပ်နိုင်ပါ။ ဝိညာဉ်စွမ်းအင်များ ဖြတ်တောက်ခံထားရသောကြောင့် ဝူကျွယ်သည် သိသိသာသာ ပိန်သွားသည်။ ဝူကျွယ် ဖမ်းမိသည်ကို ကုအန်သိခဲ့သော်လည်း အမတဂိုဏ်း၏ အကာအကွယ်များကြောင့် ဝူကျွယ်သေဆုံးမည်ကို စိုးရိမ်ခြင်းမရှိသောကြောင့် သူစောစောမလာခဲ့ပါ။ အန်းရှင်းက ကုအန်ကို ရှာတွေ့သောအခါ အကြောင်းတရားကျိုးကြောင်းဆက်နွယ်မှုအရ ကုအန်သည် ဝူကျွယ်ကို သွားရောက်တွေ့ဆုံသင့်သည်။
အကြောင်းတရားနှင့် ကျိုးတရားဆက်နွယ်မှု၏ လမ်းစဉ်ကို လေ့လာခဲ့သော ကုအန်သည် လောကရှိ အကြောင်းတရားများကို ဂိမ်းတစ်ခုအဖြစ် မြင်လာသည်။ သူသည် ဂိမ်းက သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေသရွေ့ ဂိမ်း၏ စည်းကမ်းများကို လိုက်နာလိုသည်။
"ညီလေးဝူ ငါ မင်းကို လာတွေ့တယ်" ဟု ဂူအန်က ပြောပြီး တစ်ချိန်တည်းမှာပင် ဝူကျူး၏ သက်တမ်းကို စစ်ဆေးကြည့်လိုက်သည်။
[ဝူကျွယ် (တစ်သားတည်းဖြစ်ခြင်းနယ်ပယ် အဆင့် ၅ ) : ၆၁၄/၄၅၀၀/၈၃၀၀]
အဲဒီလိုလား...သူ့သက်တမ်း အများကြီး တိုးလာပြီပဲ။ ဒီကောင်လေး တကယ်ကို ခက်ခဲတဲ့အခြေအနေကို တွေ့ကြုံဖို့ လိုအပ်နေတာပဲ။ အရာရာတိုင်း လွယ်လွယ်ကူကူရရင် မကောင်းဘူး။
မှောင်မဲနေသော အကျဉ်းခန်းထဲမှ ဝူကျွယ်သည် ဖြည်းညှင်းစွာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏အမြင်အာရုံမှာ ဝါးနေပြီး အကျဉ်းခန်းတံခါးအပြင်ဘက်ရှိ အရိပ်ကိုသာ မြင်ရသည်။
ကုအန်က သူ့ကို ထပ်ခေါ်လိုက်သောအခါ ဝူကျူး၏ အမြင်အာရုံ ရုတ်တရက် ကြည်လင်သွားသည်။
"အစ်ကိုကုလား"
ဝူကျွယ်သည် ကုအန်ကို ကြည့်ပြီး မျက်နှာတွင် ရှက်ရွံ့မှုများပြည့်နေကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။
သူသည် အလွန်ပင် စိတ်ထိမိခဲ့သည်။ သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုမှာ ပြင်းထန်ပြီး ဖန်မိသားစုသည်လည်း သြဇာအာဏာကြီးမားသောကြောင့် အဓိပတိဂိုဏ်း သူ့ကို စွန့်ပစ်ခဲ့သည်။
သူ၏ သူငယ်ချင်းများက သူ့ကို ရောဂါပိုးကဲ့သို့ ရှောင်ရှားနေကြသည်။ ထောင်ကျနေသည်မှာ ကြာပြီဖြစ်သောလည်း ကုအန်သည် သူ့ကို ပထမဆုံး လာရောက်တွေ့ဆုံသူဖြစ်သည်။ သူဘယ်လိုလုပ် စိတ်မထိခိုက်နိုင်မှာလဲ။
"ဘာလို့ စကားမပြောတာလဲ ငါ့ကို မမှတ်မိတော့ဘူးလား"
ဂူအန်သည် အလေးအနက်ထားဟန်ဆောင်ကာ မေးလိုက်သည်။ ဝူကျွယ်သည် ဂိုဏ်းသားတစ်ဦးကို သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်ကို သူနားလည်ထားပြီးသားဖြစ်သည်။
ထိုအဖြစ်အပျက်ကို ဝူကျွယ်ကို လုံးဝအပြစ်တင်လို့မရပါ။ ထိုဂိုဏ်းသားသည်လည်း အဓိပတိဂိုဏ်းမှ ပါရမီရှင်တစ်ဦးဖြစ်ပြီး ယခင်က ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဝူကျူးအပေါ် အညှိုးထားကာ မုန်းတီးနေခဲ့သည်။
ဝူကျွယ်သည် ကျိုတောင်ယိုမှ ရှုံးနိမ့်ပြီးနောက် အတွေ့အကြုံရရန် အပြင်သို့ ထွက်ခဲ့သည်။ ထိုအချိန်တွင် ထိုပါရမီရှင်နှင့်ပြန် တွေ့ခဲ့သည်။ သူ၏လူအင်အားကို အခွင့်ကောင်းယူကာ ဝူကျွယ်ကို ကျိုတောင်ယိုထက် နိမ့်ကျပြီး ဂိုဏ်း၏ရင်းနှီးမြှုပ်နှံမှုကို အလဟဿဖြစ်စေသည်ဟု လှောင်ပြောင်ခဲ့သည်။ ဝူကျွယ်သည် အလွယ်တကူ အနိုင်ကျင့်ခံရသူ မဟုတ်ပါ။
သူတို့ကြားတွင် စကားများရန်ဖြစ်ကြပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ကျန်တစ်ဖက်က သတ်ရန်ရည်ရွယ်ချက်ရှိခဲ့သဖြင့် ဝူကျူးကလည်း အပြည့်အဝ တန်ပြန်တိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် ထိုအဖြစ်ဆိုး ဖြစ်ပွားခဲ့သည်။ အခြားဂိုဏ်းသားများ ရှိနေသောကြောင့် ဝူကျွယ်သည် ဂိုဏ်းသို့ ပြန်လာပြီး အဖြစ်အပျက်ကို တင်ပြရန် ရွေးချယ်ခဲ့သည်။ သို့သော် ထိုဂိုဏ်းသားများက ဝူကျွယ်သည် ပထမဆုံး စတင်တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုကာ သူ့ကိုဆန့်ကျင်ခဲ့သည်။
ထို့ကြောင့် ဝူကျွယ်သည် ထောင်ထဲသို့ ပစ်ထည့်ခံခဲ့ရပြီး သူ၏ ဂုဏ်သတင်းလည်း ပျက်စီးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝူကျွယ်သည် ဂိုဏ်းသားတစ်ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်တရားပင်ဖြစ်သည်။ ဖြောင့်မတ်လမ်းစဉ်ဂိုဏ်းဖြစ်သော အဓိပတိဂိုဏ်း၏ အမြင်တွင် ထိုကဲ့သို့ ရာဇဝတ်မှုမျိုးသည် လုံးဝခွင့်လွှတ်နိုင်စရာမရှိပါ။ ဝူကျွယ်သည် သူ့ကိုယ်သူ မှားယွင်းခဲ့သည်ဟု ခံစားရပြီး ကုအန်ကို ရင်မဆိုင်ဝံ့လောက်အောင် ရှက်ရွံ့နေသည်။
"မင်းကို ငါမမေ့ပါဘူး ငါမင်းကို မျက်နာချင်းဆိုင်ရမှာ ရှက်ရွံနေမိတာပါ" ဝူကျွယ်က အသက်ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင် ကြိုးစားကာ ပြောလိုက်သည်။
သူသည် ပါရမီရှင်တစ်ဦးအဖြစ် လူသိများလာပြီးနောက် လူများစွာက သူ့ကို ဝန်းရံခဲ့ကြပြီး အားလုံးက သူ့အပေါ် ကောင်းခဲ့ကြသည်။ အဆင့်အတန်းများ မတူညီလာသည်နှင့်အမျှ ဝူကျွယ်သည် ကုအန်နှင့် တွေ့ဆုံမှု နည်းလာခဲ့သည်။ တစ်ခါတစ်ရံ သူသည် ကုအန်က သူ့အတွက် အရေးအကြီးဆုံး ညီအစ်ကိုဖြစ်သည်ကိုပင် မေ့သွားတတ်သည်။
ယခုအခါ သူကျရှုံးသွားသောအခါ သူ့အနီးရှိ သူငယ်ချင်းအားလုံးက သူ့ကို တွေ့ဆုံရန် ငြင်းဆန်လာကြသည်။ သို့သော်လည်း ကုအန်က လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝူကျွယ်သည် သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောချင်စိတ်များ ပြည့်နေခဲ့သည်။
"အတိအကျ ဘာဖြစ်ခဲ့တာလဲ"
ကုအန်က မေးလိုက်ရာ ဝူကျွယ်သည် စိတ်ပျက်အားငယ်မှုမှ လွတ်မြောက်လာသည်။ ဝူကျွယ်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ပြီး အဖြစ်အပျက်များနှင့် အကြောင်းရင်းများကို စတင်ပြောပြသည်။
ခဏအကြာ...
ဝူကျွယ် စကားပြီးသွားသောအခါ ကုအန်သည် ခဏမျှ တိတ်ဆိတ်နေပြီး "မင်းကို လုံးဝအပြစ်တင်လို့မရပါဘူး။ အထက်က ဘယ်သူမှ မင်းကို မယုံဘူးလား"
ဝူကျွယ်သည် အားမလိုအားမရဖြင့် "သူတို့ ဘယ်လိုယုံနိုင်မှာလဲ.... အဲဒီလူတွေကို ဝိညာဉ်ရှာဖွေမှုနည်းလမ်း သုံးလို့ရတာမဟုတ်ဘူးလေ။ ငါ့အပေါ် သုံးရင်တောင် ဘယ်နှစ်ယောက်က ယုံကြည်ဖို့ ဆန္ဒရှိမှာလဲ"
ကုအန်က "ပြဿနာမရှိပါဘူး၊ ငါဂိုဏ်းခေါင်းဆောင်နဲ့ သွားပြောမယ်" ဟု ပြောသည်။
ဝူကျွယ်က "ဂိုဏ်းခေါင်းဆောင်က ငါနဲ့ စကားပြောပြီးပါပြီ။ အငြင်းပွားမှုတွေ နည်းနည်းတည်ငြိမ်တဲ့အထိ စောင့်ဖို့နဲ့ ငါကို သူက နည်းလမ်းရှာပေးမယ်တဲ့။"
အမတဂိုဏ်း ပို၍အားကောင်းလာသည်နှင့်အမျှ လုပိုင်ထျန်းသည် ဂိုဏ်းခေါင်းဆောင်ဖြစ်သော်လည်း သူ၏ သြဇာအာဏာ လျော့နည်းလာသည်။
ကုအန်က သူ့ကို နှစ်သိမ့်ပေးပြီး "ပြဿနာမရှိပါဘူး၊ ငါသူနဲ့ ထပ်ပြောမယ်။ အဲဒါလည်း အဆင်မပြေရင် တခြားသူတွေကိုလည်း ပြောခိုင်းမယ်။ ဒီ ရှန့်မိသားစုက အဓိပတိဂိုဏ်းထဲမှာ သူတို့တစ်ယောက်တည်းပဲ လက်တဖက်နဲ့ကောင်းကင်အုပ်မိုးထားနိုင်တယ်လို့ ငါမယုံဘူး"
အခန်း ၃၉၈ တပည့် ၁၀ သန်းရှိသောဂိုဏ်း
ကုအန်၏ နှစ်သိမ့်စကားကိုကြားသော် ဝူကျွယ်သည် ခါးသီးသော အပြုံးတစ်ခုကိုသာ ပြုံးပြနိုင်ခဲ့သည်။ အနီးရှိ အကျဉ်းခန်းတစ်ခုမှ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို အုပ်မိုးထားတယ် ဟုတ်လား။ ရှန့်မိသားစုက တကယ်ပဲ အဲလောက်လုပ်နိုင်စွမ်းရှိတယ်!"
ကုအန်သည် ခေါင်းလှည့်ကြည့်လိုက်ရာ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးသည် အကျဉ်းခန်းအစွန်းသို့ ချဉ်းကပ်လာပြီး သူ၏ အရိုးပြိုင်းပြိုင်းထနေသော လက်များဖြင့် မဟော်ဂနီတိုင်များကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် ကုအန်အား မထီမဲ့မြင်ပြုသော မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။
ကုအန်က မျက်မှောင်ကြုတ်ဟန်ဆောင်ကာ "ခင်ဗျားက ရှန့်မိသားစုကပဲလား"
အဘိုးအိုက ရယ်မောလျက် "ငါသာ ရှန့်မိသားစုကဆိုရင် ဒီလိုဘဝမျိုး ဘယ်ရောက်ပါ့မလဲ။ မင်းသူငယ်ချင်းလိုပဲ၊ ငါလည်း ရှန့်မိသားစုကို သွားစော်ကားမိခဲ့တာပဲ။ အကြီးအကဲခန်းမကတောင် ငါ့ကို ခဏ ငြိမ်ငြိမ်နေခိုင်းခဲ့တယ်။ အခုဆို ငါဒီထဲမှာ အနှစ်တစ်ရာလောက် ပိတ်မိနေပြီ။ ရှန့်မိသားစုက သူတို့ရဲ့ဓားကို သိမ်းမယ့်နေ့ကို စောင့်ရင်းနဲ့ ဒီနေရာမှာပဲ ငါ့ဘဝတစ်သက်တာ ကုန်ဆုံးရတော့မယ်ထင်ပါရဲ့"
ထိုစကားကိုကြားပြီးနောက် ဝူကျွယ်သည် ခေါင်းအနည်းငယ် ငုံ့ကျသွားသည်။
ကုအန်က ဒေါသတကြီးဖြင့် "ကျုပ် ဒါကို မယုံနိုင်ဘူး၊ ရှန့်မိသားစုက တကယ်ပဲ ဒီလောက်တောင် ဗိုလ်ကျစိုးမိုးနေတာလား။ အခုချက်ချင်း ဂိုဏ်းချုပ်ကို သွားရှာမယ်။" ထိုသို့ပြောပြီးနောက် သူသည် သူ့လက်ကိုဝှေ့ယမ်းပြီး ထွက်သွားလေသည်။
ဝူကျွယ်သည် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဖြစ်ခဲ့ပေ။ သူ့စိတ်ထဲတွင်လည်း မျှော်လင့်ချက်ရောင်ခြည်လေး သန်းနေခဲ့သည်။
တတိယဆေးပင်တောင်ကြား သည် ထူးချွန်ထက်မြက်သူများ ပုန်းအောင်းနေသည့်နေရာဖြစ်ရာ လူမှုဆက်ဆံရေးကောင်းသော ကုအန်သည် အမှန်တကယ်ပင် နည်းလမ်းတစ်ခု ရှာတွေ့နိုင်လောက်သည်။ ကုအန်သည် မြေအောက်ထောင်ထဲမှ ထွက်ခွာသွားပြီးနောက် ဝူကျွယ်သည် စိုးရိမ်ပူပန်လာသည်။
ဤကိစ္စ မအောင်မြင်ခဲ့လျှင် ကုအန်ကိုပါ ဒုက္ခပေးသလို ဖြစ်သွားမည်ကို သူ ရုတ်တရက် ကြောက်လန့်လာမိသည်။
"ဝူကျွယ်၊ ဟုတ်တယ်မလား။ မင်းမှာ ဒီလောက်တောင် အပြစ်ကင်းစင်တဲ့ သူငယ်ချင်းရှိမယ်လို့ ငါမထင်ထားခဲ့ဘူး။ ပါရမီရှင်တစ်ယောက်ရဲ့ ဘေးမှာ အရေခြုံမှုတွေနဲ့ပဲ ဝန်းရံနေသင့်တာမဟုတ်ဘူးလား။"
အဘိုးအိုက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ ဝူကျွယ်သည် သူ့ကို ပြန်မတုံ့ပြန်ဘဲ နေလိုက်သည်။ ထိုသူနှင့် စကားပြောရန်ပင် သူ စိတ်မပါတော့ပေ။
ဝူကျွယ်သည် ထိုလူ၏ အဆိပ်ပြင်းသောလျှာကို အကျွမ်းတဝင်ရှိနေပြီဖြစ်ပြီး ထိုသို့သောလူများနှင့် ငြင်းခုံရခြင်းကို သူ မနှစ်မြို့ပေ။ သူသည် စိတ်ပျက်အားငယ်နေပုံ ပေါက်နေသော်လည်း သူ့စိတ်ထဲတွင်မူ ယုံကြည်မှုတစ်ခု ရှိနေခဲ့သည်။
သူသည် အသိဉာဏ်အလင်းရနိုင်သေးသည်။ အကယ်၍ သူ့အတွက် မည်သူမျှ မရပ်တည်ပေးပါက၊ တစ်နေ့နေ့တွင် သူကိုယ်တိုင်ပင် သူ့အတွက် တရားမျှတမှုကို ဖော်ဆောင်မည်ဖြစ်သည်။
တစ်ချိန်တည်းတွင် ထောင်မှထွက်လာပြီးနောက် ကုအန်သည် လုပိုင်ထျန်းကို တန်းသွားမရှာခဲ့ပေ။ ဝူကျွယ်သည် အသိဉာဏ်အလင်းရနိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး သူ့ကို အချိန်ပိုပေး၍ စဉ်းစားစေခြင်းသည် ပိုကောင်းမည်ဟု တွေးလိုက်သည်။
ကုအန်သည် အတွင်းဂိုဏ်းမြို့ထဲတွင် လျှောက်သွားရင်း လွန်ခဲ့သော အနှစ်နှစ်ရာက ဂိုဏ်းဝင်ခဲ့သည့် တပည့်များနှင့်တွေ့ဆုံကာ ရှန့်မိသားစုအကြောင်း သတင်းအချက်အလက်များကို စုံစမ်းနေခဲ့သည်။
သူသည် အကျိုးဆက်များကို ကြိုတင်သိမြင်နိုင်သော်လည်း ဤရန်ငြိုးထဲတွင် ကိုယ်တိုင်နှစ်မြှုပ်ကာ သာမန်လူတစ်ယောက်အနေဖြင့် စုံစမ်းစစ်ဆေးလိုခဲ့သည်။ ထိုနည်းဖြင့် မအောင်မြင်မှသာ သူသည် သူ၏စွမ်းအားဖြင့် အနိုင်ယူမည်ဖြစ်သည်။
ကုအန်၏ တပည့်များသည် အဓိပတိဂိုဏ်းတစ်ခွင်လုံးတွင် ပျံ့နှံ့နေသည်။ သူသည် ရှန့်မိသားစုအကြောင်း စုံစမ်းနေသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ သူသည် အခမဲ့ အစားအသောက်များကို ပျော်ပျော်ပါးပါး လိုက်စားသောက်နေခဲ့ခြင်းသာ...
တစ်နေ့လုံး လျှောက်သွားပြီးနောက် သူသည် ကိုယ်ရောစိတ်ပါ ကျေနပ်နေခဲ့သည်။ ယနေ့ ရှာဖွေတွေ့ရှိချက်များအရ ရှန့်မိသားစုသည် အမှန်ပင် ကြီးမားသော အာဏာရှိသည်။ အဓိပတိဂိုဏ်းအတွင်း မျိုးနွယ်စုများစွာရှိသော်လည်း သူတို့ကဲ့သို့ ထင်ရှားပြီး ကြောက်ရွံ့မှုကို ဖြစ်စေနိုင်သည့် မျိုးနွယ်စုမှာ အလွန်နည်းပါးသည်။
တပည့်များသည် ကုအန်က ရှန့်မိသားစုကို သွားစော်ကားမိမည်ကို ကြောက်ရွံ့ကြသည်။ သူ အဘယ်ကြောင့် ရှန့်မိသားစုအကြောင်း စုံစမ်းနေသည်ကို နားလည်သွားသောအခါ သူတို့အားလုံးက သူ့ကို ထိုကိစ္စတွင် မပါဝင်ရန် အကြံပေးကြသည်။
ကုအန်သည် တတိယဆေးနွယ်ပင်တောင်ကြားသို့ ပြန်ရောက်သောအခါ ညအချိန်ပင် ဖြစ်နေပြီဖြစ်သည်။ တောင်ကြားထဲတွင် မီးရောင်များ ထိန်လင်းနေပြီး အဝေးမှပင် တပည့်များ၏ ရယ်မောသံနှင့် ပျော်ရွှင်သံများကို ကာအန် ကြားနေရသည်။
ဂူအန်သည် စိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာပင် အဓိပတိဂိုဏ်းအတွင်းရှိ အင်အားကြီးမျိုးနွယ်စုများသည် သူ၏ ဆေးပင်တောင်ကြားကို ဒုက္ခမပေးခဲ့ကြပေ။
တကယ်လို့သာ သူတို့ ထိပါးခဲ့လျှင် သွေးချောင်းစီးသွားလောက်ပါပြီ။
ကုအန်သည် သူ၏ အဆောက်အအုံခြေရင်းတွင် ရပ်လိုက်သော်လည်း ချက်ချင်း အပေါ်သို့ မတက်သေးပေ။ ထိုအစား သူသည် ကျိရှောင်ယု၏ တံခါးကို ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ"
ကျိရှောင်ယု၏ သာယာသော အသံသည် အတွင်းမှ ထွက်ပေါ်လာပြီး ကုအန်သည် တံခါးကို တွန်းဖွင့်ဝင်ကာ သူ့နောက်မှ တံခါးကို ပြန်ပိတ်လိုက်သည်။
သူ ကျိရှောင်ယုအနားသို့ ချဉ်းကပ်သွားသောအခါ သူမက စပ်စုစွာဖြင့် "နင်က ကိုယ့်ဘာသာကိုယ် ငါ့ဆီလာတာ ရှားမှရှားပဲ...ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။
"ဒါက ဘယ်လိုမေးခွန်းကြီးလဲ... အကြောင်းမရှိဘဲ ငါ နင့်ဆီ လာလည်လို့ မရဘူးလား။ ဆယ်စုနှစ်ပေါင်းများစွာ ငါက နင့်ဆီ အလယ်မလာဘူးလို့ အပြစ်တင်ခဲ့တာ နင်ပဲမဟုတ်ဘူးလား" ဟု ကုအန်က မကျေမနပ်ပြောရင်း လှည့်ထွက်မည်ပြုလိုက်သည်။
ကုတင်ပေါ်တွင် ထိုင်နေသော ကျိရှောင်ယုသည် သူ၏ လက်ကောက်ဝတ်ကို အမြန်ဆွဲထားလိုက်သည်။
"လာလည်လို့ရတာပေါ့..လာ..လာ..ထိုင်ဦး" ဟု ကျိရှောင်ယုက ပြုံးလျက် ညင်သာစွာပြောရင်း ကုအန်ကို သူမဘေးတွင် ထိုင်စေလိုက်သည်။
ကုအန်က "ငါ နင့်နေရာမှာ မီးတွေထိန်လင်းပြီး ပျော်စရာကောင်းနေတာတွေ့တော့ နင်နဲ့ စကားလာပြောချင်စိတ် ပေါက်လာတာ၊ ဒါပေမဲ့ နင့်ရဲ့ ပထမဆုံးစကားက ငါ့ကို တော်တော်စိတ်တိုစေတာပဲ"
"အို... ငါမှားတာဝန်ခံပါတယ် နော် နော်" ဟု ကျိရှောင်ယွီက အားလျော့စွာ ပြန်ပြောလိုက်သည်။
သူက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဒီလောက် ကလေးဆန်သွားရတာလဲ။
ဒါပေမဲ့ ဒါက တော်တော်လေးတော့ ချစ်စရာကောင်းသား...ကျိရှောင်ယုသည် ထိုသို့တွေးရင်း သူမ၏ နှုတ်ခမ်းများမှာ အလိုလို ကွေးညွတ်သွားသည်။
ထို့နောက် ကုအန်က ပြုံးကာ "အင်း...ဒီလိုမှပေါ့။ ဒီနေ့ ငါ ဝူကျွယ်ကို တွေ့ခဲ့တယ်၊ သိတယ်မလား၊ သူက..."
သူသည် ဝူကျွယ်၏ ဒုက္ခများအကြောင်းကို စတင်ပြောပြရာ ကျိရှောင်ယုသည် ဝူကျွယ်ကို ကောင်းကောင်းမှတ်မိသောကြောင့် စိတ်ဝင်တစား နားထောင်နေခဲ့သည်။
ကုအန်သည် ဝူကျွယ်၏ အခြေအနေအကြောင်း ပြောပြီးနောက် အခြားတပည့်များနှင့် တွေ့ဆုံခဲ့သည့်အကြောင်းများကို ဆက်ပြောသည်။
နာရီဝက်ခန့်အကြာအထိ ကုအန်တစ်ယောက်တည်းသာ စကားပြောနေခဲ့သည်။
ထိုအခါမှ ကျိရှောင်ယွီသည် သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ သူက သူမ၏ အကူအညီကို တောင်းနေတာတော့ မဟုတ်လောက်ပါဘူးနော်။
နောက်ဆုံးတွင် ကုအန်က ညည်းညူလိုက်သည်မှာ "အဓိပတိဂိုဏ်းထဲမှာတောင် မတရားမှုတွေ ရှိနေတာပဲ။ ကံကောင်းတာက ငါတို့ ဆေးပင့တောင်ကြားက အေးအေးဆေးဆေးနေပြီး အဓိပတိဂိုဏ်းကို အနှောင့်အယှက်မရှိ တာဝန်ထမ်းဆောင်နေလို့ပဲ။ ဘာလို့ ဒီမျိုးနွယ်စုတွေက ဒီလောက်တောင် ထင်တိုင်းကြဲနေရတာလဲ၊ တစ်နေ့နေ့မှာ သူတို့က အဓိပတိဂိုဏ်းကို ကျော်တက်သွားမှာလား။"
ကျိရှောင်ယွီက "ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ခက်ခဲလိမ့်မယ်။ အဲ့ဒီအခြေအနေအထိ ရောက်သွားရင်တော့ အဓိပတိဂိုဏ်းက သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်သွားနိုင်တယ်"
"အဓိပတိဂိုဏ်းက ပိုအားကောင်းလာလေလေ၊ ဒုက္ခရောက်နေတဲ့ တပည့်တွေအတွက် မျှော်လင့်ချက်ကင်းမဲ့လေလေပဲ" ဟု ကုအန်က သက်ပြင်းချလိုက်သည်။
ထို့နောက် သူက ထရပ်ပြီး "ငါတို့ စကားပြောတာ အကြာကြီးရှိပြီ၊ နင် အခု ဆက်ကျင့်ကြံတော့လေ။ နင့်ရဲ့အနာဂတ်က အဓိပတိဂိုဏ်းတစ်ခုတည်းနဲ့ အကန့်အသတ်လို့မရဘူး"ပြောပြီးနောက် သူသည် လှည့်ထွက်သွားသည်။
ကျိရှောင်ယုသည် သူ၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း တစ်စုံတစ်ခု ပြောချင်သော်လည်း ချီတုံချတုံဖြစ်နေခဲ့သည်။ တံခါးပိတ်သွားသည်နှင့် သူမသည် "သူက အကူအညီလိုမှပဲ ငါ့ဆီလာတယ်၊ ပြီးတော့ အကူအညီတောင်းရင်းနဲ့ ငါ့ကိုတောင် တောင်းပန်ခိုင်းသေးတယ်" ဟု မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
သူမသည် ခေါင်းခါကာ ပြုံးလိုက်ပြီးနောက် အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူကာ စတင်ရေးဆွဲလိုက်လိုက်သည်။
ကုအန်သည် နေရာတွင် ထိုင်လိုက်သည်နှင့် ခိုဖြူတစ်ကောင်၏ အရိပ်သည် ပြတင်းပေါက်မှ ပျံသန်းထွက်သွားပြီး ညကောင်းကင်ယံတွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
ကုအန်၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး 'မဆိုးဘူးပဲ၊ တော်တော် အလိုက်သိတက်တာပဲ...." ဟု စိတ်ထဲမှ တွေးလိုက်သည်။
ရက်အနည်းငယ်အကြာတွင် လုပိုင်ထျန်းသည် ကုအန်ထံသို့ ရောက်လာပြီး သူနှင့်အတူ အသိဟောင်းတစ်ဦးဖြစ်သည့် ဒုဂိုဏ်းချုပ် ကျိဟန်ထျန်းလည်း ပါလာသည်။ သုံးယောက်သား အခန်းထဲတွင် ထိုင်လိုက်ကြသည်။
ဘုန်း!
ကျိဟန်ထျန်းက စားပွဲကို ရုတ်တရက် ထုချလိုက်ပြီး "ရှန့်မိသားစုက တကယ်ပဲ လွန်လွန်းတယ်။ အဲ့ဒီ ပင်လယ်ရပ်ခြား မိသားစုတွေက အဓိပတိဂိုဏ်းရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို သူတို့ရဲ့ အတွေးအခေါ်ထဲမှာ တကယ်ပဲ မထည့်သွင်းကြဘူး"ဟု ကျိန်ဆဲလိုက်သည်။
လုပိုင်ထျန်း၏ မျက်ခွံများ လှုပ်သွားပြီး လေသံခပ်လေးလေးဖြင့် "ဘာလို့ အော်နေတာလဲ" ဟု ပြောလိုက်သည်။
"ငါ ဒေါသထွက်လို့ပေါ့ဟ! ရှန့်မိသားစုကို နှိမ်နင်းဖို့ မင်းသာအမိန့်ပေးလိုက်.... ငါ အကြွင်းမဲ့ ထောက်ခံမယ်။"
"မင်းက ဘာလို့ အမိန့်မပေးတာလဲ။"
"ကျိမိသားစုက ရှန့်မိသားစုနဲ့ ဆက်ဆံရေးကောင်းတယ်.... ငါက ကြားထဲမှာညပ်နေတော့ ငါ့အတွက် ခက်ခဲနေတာ"
"လုမိသားစုကလည်း ရှန့်မိသားစုဆီက အကျိုးအမြတ်မရခဲ့သလိုပဲ ပြောနေတာပဲ...ငါတို့နှစ်ယောက်လုံး အခက်အခဲကြုံနေရတာပဲလေ"
သူတို့နှစ်ဦး အချင်းချင်း တာဝန်လွှဲချနေသည်ကို ကြည့်ရင်း ကုအန်သည် ရယ်စရာကောင်းသည်ဟု ထင်မိသော်လည်း အဓိပတိဂိုဏ်းသည် အပေါ်ယံဆန်လာသည်ဟုလည်း ခံစားမိလာသည်။
အမှန်စင်စစ်တွင် အဓိပတိဂိုဏ်းသည် လျင်မြန်စွာ ချဲ့ထွင်လာသည်နှင့်အမျှ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ ကျင့်ကြံမှုအဆင့်များသည် ဂိုဏ်း၏ တိုးတက်နှုန်းကို မလိုက်နိုင်တော့ဘဲ သူတို့၏ အာဏာကိုလည်း သဘာဝကျကျ လျော့ပါးစေခဲ့သည်။
ကုအန်က "ရုတ်တရက်ကြီး ကျွန်တော် စာအုပ်တစ်အုပ် ရေးချင်စိတ်ပေါက်လာတယ်" ဟု ဝင်ပြောလိုက်သည်။
ကျိဟန်ထျန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး "အဲ့ဒါ စိတ်ကူးကောင်းပဲ မင်းရဲ့ သြဇာလွှမ်းမိုးမှုက အခုထိ ရှိနေတုန်းပဲ" ဟု ပြောလိုက်သည်။
ကုအန်က သူ့ကို တစ်ချက်ကြည့်ကာ "ဟုတ်တယ်.... ရှန့်မိသားစုက ကျိမိသားစုနဲ့ လုမိသားစုတောင် ကြောက်ရတဲ့ အင်အားကြီးမျိုးနွယ်စုလို့ ကျွန်တော်ရေးမယ်" ဟု ပြောလိုက်သည်။
ကျိဟန်ထျန်းက စူးစိုက်ကြည့်ကာ "ကုအန် မင်းလာမနောက်စမ်းနဲ့!"
ကုအန်က "ဂိုဏ်းချုပ် ဘာလို့လာလဲဆိုတာ ကျွန်တော်နားလည်ပါတယ်၊ ဒါပေမဲ့ အကြီးအကဲကျိကရော ဘာလို့ လိုက်လာတာလဲ"
ကျိဟန်ထျန်းက မကျေမချမ်းဖြင့် "မင်းကြောင့်ပဲပေါ့.... အဲ့ဒီကောင်မလေး ကျိရှောင်ယုက မင်းကို ကူညီနေတာ ဒါကြောင့် ငါကိုယ်တိုင် လာခဲ့ရတာ"
ကုအန်သည် ချက်ချင်းပင် စိတ်အနည်းငယ်ညစ်သွားပြီး "တတိယသခင်မလေးကို ခုနှစ်စင်ကြယ်ဝိညာဉ်နယ်ပယ်ကို အတင်းအကျပ်လွှတ်တုန်းက ခင်ဗျား မတားနိုင်ခဲ့ဘူး၊ အခု ကျိရှောင်ယုက ခင်ဗျားကို အကူအညီတောင်းတော့လည်း ခင်ဗျား အခက်အခဲတွေနဲ့ ထပ်တွေ့နေပြန်ပြီ။ ကျိမိသားစုက အင်အားကြီးတယ်ဆိုပေမဲ့ အလျှော့ပေးလိုက်လျောတာတွေချည်းပဲ လုပ်နေရသလိုပဲနော်။"
ဤစကားကြောင့် ကျိဟန်ထျန်း၏ မျက်နှာသည် ချက်ချင်းပင် မဲမှောင်သွားသည်။
ထို့နောက် ကုအန်သည် အံဆွဲတစ်ခုကိုဖွင့်ကာ ကံကြမ္မာဆုံးဖြတ်ပေးသည့်ကလောင်တံကို ထုတ်ယူလိုက်ပြီး ဘေးနားရှိ စာရွက်ပုံထဲမှ စာရွက်ဖြူတစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
သူတို့နှစ်ဦး ငြင်းခုံနေသည်ကိုမြင်သော လုပိုင်ထျန်းက "ငါလည်း ဝူကျွယ်ကို ယုံကြည်ပါတယ်၊ ဒါပေမဲ့ ရှန့်မိသားစုက တပည့်တစ်ယောက် ဆုံးရှုံးခဲ့တာပဲ... ဒီမျိုးဆက်ရဲ့ ထိပ်တန်းပါရမီရှင်သုံးယောက်ထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရတာ ငါတို့ ရှန့်မိသားစုကို ရှင်းပြချက်တစ်ခု ပေးရမယ် ပြီးတော့ ဝူကျွယ်ကို ဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံတယ်" ဟု ဝင်ပြောလိုက်သည်။
ကုအန်နှင့် သူ၏ ဆက်ဆံရေး မည်သို့ပင်ရှိစေကာမူ ကုအန်သည် ဗျူဟာများ ချမှတ်ပေးခဲ့သည့် နှစ်များအတွင်း အဓိပတိဂိုဏ်း၏ ယနေ့ခေတ် အင်အားသည် ကုအန်၏ ပံ့ပိုးမှုများနှင့် ကင်းကွာ၍မရနိုင်ဟု သူ အမှန်တကယ် ခံစားမိသည်။
ကုအန်သည် စကားမပြောဘဲ စာရွက်ပေါ်တွင် နာမည်များ ရေးချနေခဲ့သည်။ ထိုနာမည်များမှာ ဝူကျွယ်အမှုနှင့် ပတ်သက်သူများဖြစ်ပြီး ရှန့်မိသားစုနှင့် အခြားသူများ ပါဝင်သည်။ သူတို့သည် အမှန်တရားကို သိသော်လည်း ဝူကျွယ်ကို ချောက်ထဲသို့ တွန်းပို့နေကြသည်။
အကယ်၍ သူတို့သည် အတင်းအကျပ်ခိုင်းစေခံရပါက တစ်မျိုး၊ သို့သော် ပဋိပက္ခသည် သူတို့က ရှန့်မိသားစု၏ ပါရမီရှင်နောက်သို့လိုက်ကာ ဝူကျွယ်ကို စော်ကားပြီး တိုက်ခိုက်ခြင်းမှ စတင်ခဲ့သည်။ သူတို့၏ လိမ်လည်မှုများသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။
ခွေးကျင့်ခွေးကြံဖြင့် အခြားသူများကို အနိုင်ကျင့်ရန် ရွေးချယ်ခဲ့လျှင်၊ တန်ပြန်ဒဏ်ခတ်မှုကို ခံရရန်လည်း ပြင်ဆင်ထားသင့်သည်။
"မင်း ဘာလုပ်နေတာလဲ" ဟု လုပိုင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ကုအန်က စကားမပြောဘဲ ဆက်ရေးနေသဖြင့် သူသည် ဂူအန်က မိုက်မဲသော အလုပ်တစ်ခုခု လုပ်မည်ကို အမှန်တကယ် ကြောက်ရွံ့လာသည်။
သူက လေးနက်စွာဖြင့် "ရှန့်မိသားစုမှာ အပူပင်မဲ့အမတတစ်ယောက်ရှိတယ်။ အပူပင်မဲ့အမတတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်မြင့်လဲ မင်းသိလား.... အမတလမ်းစဥ်ကသာ ချောမွေ့နေမယ်ဆိုရင်တောင် နှစ်ပေါင်းသောင်းချီ ကျင့်ကြံရမှာ....အဓိပတိဂိုဏ်းမှာ အဲ့ဒီလောက်အသက်ရှည်တဲ့ အမတတစ်ယောက်မှ မရှိခဲ့ဘူး" ဟု ပြောလိုက်သည်။
နှစ်ပေါင်းသောင်းချီ!
ဤစကားလုံးသည် အလွန်လေးလံပြီး လုပိုင်ထျန်းနှင့် ကျိဟန်ထျန်းတို့သည် ရှန့်မိသားစု၏ အပူပင်မဲ့အမတ၏ အသက်တမ်းကို စဉ်းစားမိရုံဖြင့်ပင် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
ကုအန်သည် သူ၏ကလောင်တံကို မလိုက်ပြီး စာရွက်ပေါ်ရှိ နာမည်များကို စိုက်ကြည့်ကာ မကျေမနပ်ဖြင့် "ကိုယ့်ရဲ့ အားနည်းမှုကို ကိုယ်မုန်းတယ်။ ငါသာ အမတဖြစ်ခဲ့ရင် ငါ့ရဲ့ ရင်းနှီးတဲ့သူငယ်ချင်း ဒုက္ခရောက်နေတာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ကံကြမ္မာဆုံးဖြတ်ပေးသည့်ကလောင်တံကို ဆုပ်ကိုင်လိုက်ပြီး စာရွက်ပေါ်တွင် မျဉ်းနှစ်ကြောင်းဆွဲကာ သူ၏ဒေါသကို ဖြေဖျောက်သည့်အနေဖြင့် 'X' အကြီးကြီးတစ်ခု ပြုလုပ်လိုက်သည်။
လုပိုင်ထျန်းက သူ့ကို နှစ်သိမ့်ရန်ကြိုးစားရင်း "အဲ့လိုမတွေးပါနဲ့၊ ပြီးတော့ ရှန့်မိသားစုက ဒေါသထွက်နေပေမဲ့ ငါ့ကို ဘာမှဖိအားမပေးသေးပါဘူး" ဟု ပြောလိုက်သည်။
ကုအန်က သူ့ကိုကြည့်ကာ "လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ခင်ဗျား အကြီးအကဲထျန်းဘဝတုန်းက ကျွန်တော်ပြောခဲ့တာကို မှတ်မိသေးလား"
ဤစကားကိုကြားသော် လုပိုင်ထျန်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ကျိဟန်ထျန်းက အလေးအနက်ထား၍ "ကုအန် မဆင်မခြင် မလုပ်နဲ့။ ငါတို့သာ မှားသွားရင် ငါတို့သုံးယောက်လုံး ဒုက္ခရောက်သွားနိုင်တယ်။ ငါတို့ကို မိသားစုတွေက စွန့်ပစ်နိုင်တယ်၊ မင်းကို အဓိပတိဂိုဏ်းက စွန့်ပစ်နိုင်တယ်။ အဲ့ဒါတွေအကုန် ဖြစ်နိုင်တယ်" ဟု ပြောလိုက်သည်။
ကုအန်က "ကောင်းပြီလေ၊ ကျွန်တော် နားလည်ပါတယ်၊ ဒီကိစ္စကို ကျွန်တော်မသိသလိုပဲ နေလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
သူ၏ ဂရုမစိုက်ဟန်ကိုမြင်သော လုပိုင်ထျန်းသည် စိတ်မအေးနိုင်ဖြစ်ကာ "တကယ်လား" ဟု မေးလိုက်သည်။
"ကျွန်တော်က စိတ်ဝိညာဥ်ခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ၊ ထောင်တွေကိုလည်း ဖောက်ထွင်းမဝင်နိုင်ဘူး၊ ရှန့်မိသားစုရဲ့ တံခါးကိုလည်း မကျော်နိုင်ဘူး။ ကျွန်တော် ဘာလုပ်နိုင်မှာလဲ" ကုအန်က ပြန်ဖြေလိုက်သည်။
လုပိုင်ထျန်းသည် ထိုစကားကိုကြားပြီးနောက် သက်ပြင်းသာ ချနိုင်ခဲ့သည်။
"ခင်ဗျားတို့ကိုတော့ လိုက်မပို့တော့ဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ပြောတာတွေကိုတော့ ကျွန်တော် မှတ်ထားပါ့မယ်။" စကားပြောနေစဉ် ကုအန်သည် သူ၏ဘေးမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
လုပိုင်ထျန်းသည် စကားများများပြောချင်သေးသော်လည်း ကျိဟန်ထျန်းက သူ့ကို ဆွဲလိုက်ပြီး မျက်လုံးချင်းဆုံကြည့်ပြီးနောက် သူတို့နှစ်ဦးသည် ထရပ်ကာ ထွက်ခွာသွားကြသည်။ ကုအန်သည် အနည်းငယ် စိတ်ပျက်မိသော်လည်း သူနားလည်နိုင်သည်။ လူတိုင်းသည် သူ့ကဲ့သို့ ယုံကြည်မှုမျိုး မရှိကြပေ။
မည်သို့ပင်ဖြစ်စေ၊ သူသည် အရေးယူဆောင်ရွက်ပြီးဖြစ်သည်။ နောက်ဆက်တွဲဖြစ်ရပ်များသည် ထိုနှစ်ဦး မည်သို့တုံ့ပြန်မည်အပေါ် မူတည်သည်။ အကယ်၍ သူတို့ ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက သူတို့လည်း ဘေးဖယ်ပေးရန် စဉ်းစားသင့်သည်။
ဤကိစ္စသည် ပုဂ္ဂိုလ်ရေးဆက်ဆံမှုများနှင့် မသက်ဆိုင်ပေ။ အဓိပတိဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်နေရာများအတွက် ဒီထက်ပိုပြီး စိတ်ဓာတ်ကြံခိုင်သူများ လိုအပ်နေပြီဖြစ်သည်။ အကြောင်းမှာ အဓိပတိဂိုဏ်းသည် မည်သည့်မျိုးနွယ်စုတစ်ခု၏ ဂိုဏ်းမျှသာမဟုတ်ဘဲ တပည့်သန်းပေါင်းများစွာရှိသော ဂိုဏ်းကြီးတစ်ခုဖြစ်သောကြောင့်ပင်။