ကောင်းကင်အထိရေကြီးနေရင်တောင် ဘယ်သူဂရုစိုက်မှာလဲ ၃
Vol. 54 Ch. 537
"..."
ယင်ချီကျန်း သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နှုတ်ခမ်းကို အနည်းငယ်ဟဟကာ ပြောလိုက်၏။
"ငါ သူ့ကို တွေ့ရမှာ ကြောက်နေတာ မဟုတ်ဘူး၊ ငါ့လက်နဲ့ကိုယ်တိုင် သူ့ကို သင်္ဂြိုဟ်ပစ်ချင်တဲ့ စိတ်ဆန္ဒကို မထိန်းနိုင်ဖြစ်သွားမှာကို ကြောက်နေတာ။"
ရွှမ်ယွဲ့မြို့တော်သည် နဂါးမျိုးဆက်များ၏ လက်အောက်ခံအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် မည်သို့ ပြောင်းလဲသွားမည်ကို သူ ကြိုတင်မြင်ယောင်နေမိသည်။ မိမိ၏သမီးဖြစ်သူက သူတစ်ပါးလက်ထဲ ရောက်နေမှတော့ သူတို့၏ အမိန့်များကို သူ ဘယ်လိုလုပ် ငြင်းဆန်နိုင်ပါမည်နည်း။
တစ်ဖက်တွင် သူ၏ တစ်ဦးတည်းသောသမီး ရှိနေပြီး၊ အခြားတစ်ဖက်တွင်မူ ရွှမ်ယွဲ့မြို့တော် တစ်ခုလုံး ရှိနေသည်။
ယင်ချီကျန်းသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးတစ်ခု ပြုံးလိုက်၏။
"သနားကြင်နာတတ်တဲ့သူက စစ်သူကြီး မဖြစ်နိုင်ဘူး၊ တုံ့ဆိုင်းနေတဲ့သူက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရုံပဲ။ ငါက မြို့စားလုပ်ဖို့ တကယ်ပဲ အရည်အချင်း မရှိတာ ဖြစ်မယ်။"
ကောင်ကင်ဓားဂိုဏ်းသို့ စာဆယ့်နှစ်စောင် ပေးပို့ခဲ့သော်လည်း တစ်စောင်မှ အကြောင်းပြန်စာ မရခဲ့ပေ။
သူက လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏လက်ထဲတွင် တွန့်ကြေနေသော စာရွက်တစ်ရွက် ရှိနေ၏။ သူသည် ကျောက်စိမ်းပြားကို အသုံးမပြုဘဲ ကိုယ်တိုင် လက်ရေးဖြင့် ရေးသားကာ နန်ယန်ဂိုဏ်းသို့ ပေးပို့ရန် ရည်ရွယ်ခဲ့သော်လည်း၊ နောက်ဆုံးတွင် မည်သည့် သတင်းပို့သူကိုမျှ မစေလွှတ်ဖြစ်ခဲ့ပေ။
မြို့စားတစ်ယောက်အနေဖြင့် သူသည် မိမိကိုယ်ကိုယ်မျှော်လင့်ချက်မဲ့စွာ ရူးသွပ်သွားခွင့် မည်သို့ ပေးနိုင်မည်နည်း။
အသိတရား ရဖို့ အချိန်တန်ပြီဖြစ်သည်။
"သွားကြစို့။"
ယင်ချီကျန်းသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်ရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားသည်။
သူ၏ မျက်နှာအမူအရာမှာ သစ်သားတုံးတစ်တုံးကဲ့သို့ ခံစားချက်ကင်းမဲ့နေပြီး "နဂါးကြိုဆိုရေး အလံကို ပြင်ဆင်ထားလိုက်" ဟု ပြောလိုက်သည်။
သူ၏ လူရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။
သူ ပြန်လည်ပေါ်လာချိန်တွင် ရွှမ်ယွဲ့မြို့မှ စုရုံးနေကြသော ကျင့်ကြံသူများရှေ့၌ ရပ်နေသည်။
ယင်ချီကျန်း၏ အကြည့်သည် အလံနှစ်ခုပေါ်တွင် တည်ငြိမ်စွာ ကျရောက်သွားပြီး သူက လက်ယှက်ကာ ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။
ထို့နောက် ရှုပ်ထွေးနေသော အကြည့်ပေါင်းများစွာအောက်တွင် သူသည် နောက်သို့လှည့်ကာ ခန်းမထဲသို့ ဝင်သွားရင်း "သခင်လေးဝူကို ဧည့်ခံဖို့ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ထားလိုက်" ဟု ပြောလိုက်သည်။
"..."
ဝူကျွင်း သည် သူ၏လိုလိုလားလား မရှိသော လုပ်ရပ်များကို ကြည့်ရင်း မျက်ခွံများ တဆတ်ဆတ် တုန်သွားသည်။
သို့သော် သူ သိပ်ပြီး ဖိအားမပေးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ မြို့စားဖြစ်သည့်အပြင် ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအဆင့်ရှိသည့် ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
အကယ်၍ သူသာ တကယ် ရူးသွပ်သွားပါက နဂါးမျိုးဆက်များပင်လျှင် ကိုင်တွယ်ဖို့ခက်ခဲသွားနိုင်ပေသည်။
"နောင်ဆိုရင် ကျွန်တော်တို့အားလုံးက မိသားစုဝင်တွေ ဖြစ်သွားကြတော့မှာပဲ၊ ဒီလောက် ဂရုစိုက်စရာနေစရာ မလိုပါဘူး"
ဝူကျွင်းက လူတိုင်းကို လက်ကာပြရင်း ပြောလိုက်သော်လည်း သူ၏ အသံတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပါဝင်နေ၏။
ထို နားဝင်မချိုသော မိသားစုဝင်တွေဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ ရွှမ်ယွဲ့မြို့မှ ကျင့်ကြံသူများစွာသည် မျက်လုံးများကို မှိတ်လိုက်ကြပြီးနောက် အတင်းအကျပ် ပြုံးကာ သူ၏နောက်သို့ လိုက်သွားကြသည်။
...
ရွှမ်ယွဲ့မြို့တော်ဘက်မှ ကြီးစွာသော ထိန်းချုပ်မှုများဖြင့် ညနေခင်း ညစာစားပွဲမှာ အတော်လေး အောင်မြင်ခဲ့၏။ ရယ်မောသံများနှင့် ခွက်ချင်းတိုက်သံများကြားတွင် လေထုမှာ အပေါ်ယံအားဖြင့်တော့ သဟဇာတဖြစ်နေပုံရသည်။
"သတို့သမီးအတွက် လက်ဖွဲ့ပစ္စည်းတွေ အားလုံးကို အပြည့်အဝပို့ဆောင်ပြီးပါပြီ၊ မနက်ဖြန် မနက်စောစော သူမကို ကျွန်တော့်စံအိမ်ဆီ ခေါ်သွားပါမယ်" ဝူကျွင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်တပ်ရပ်ကာ လူတိုင်းကို ခွက်ဖြင့် မြှောက်ပြရင်း ပြောလိုက်သည်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၁၀ ၏ ကျင့်ကြံခြင်းစွမ်းအား ဖိနှိပ်မှုကြောင့် ရွှမ်ယွဲ့မြို့မှ ကျင့်ကြံသူများမှာ ခေါင်းပင် မမော့ရဲကြပေ။
ယင်ချီကျန်းသည် ထိုင်ခုံတွင် ဆက်ထိုင်နေသော်လည်း ဝူကျွင်းက သူ့ကို ကြည့်လိုက်သောအခါ ခံစားချက်ကင်းမဲ့စွာဖြင့် ခွက်ကို မြှောက်ပြလိုက်သည်ကို မြင်လိုက်ရသဖြင့်၊ ဝူကျွင်း၏ မျက်နှာပေါ်ရှိ အမာရွတ်မှာ ပို၍ပင် ထင်းလင်းလာပုံရသည်။
"ယောက္ခမကြီး၊ နောင်ဆိုရင် ကျွန်တော်တို့တွေ ပိုပြီး ရင်းနှီးသင့်တယ်နော်"
ဝူကျွင်းက ပြောရင်း သူ၏အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာလက်အောက်ငယ်သားများကို ခွက်ပြန်ဖြည့်ရန် အချက်ပြလိုက်၏။
ယင်ချီကျန်းသည် ခေါင်းမော့ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ၏ လက်ညှိုးကို အရက်ထဲနှစ်ကာ စားပွဲပေါ်တွင် မျဉ်းတစ်ကြောင်းကို ညင်သာစွာ ဆွဲလိုက်သည်။
အရက်ကို အဆောင်မန္တန်အဖြစ် အသုံးပြုကာ ကြောက်မက်ဖွယ်ကောင်းသော မဟာအစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။
ရိုးရှင်းသော လှုပ်ရှားမှုလေးတစ်ခုက ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ဦး၏ ကြီးမားလှသော စွမ်းအားကို လူတိုင်းအား ပြသလိုက်ခြင်းပင် ဖြစ်သည်။
အစီအရင်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ချိတ်ပိတ်ခြင်းစွမ်းအားကို ခံစားလိုက်ရသောအခါ ဝူကျွင်းသည် ခွက်ကို ကိုင်ထားရင်း မျက်နှာအရောင် ရုတ်တရက် ပြောင်းလဲသွား၏။
နောက်တစ်ခဏတွင် ယင်ချီကျန်းသည် သူ၏ လက်ဝါးကို တည်ငြိမ်စွာ မြှောက်လိုက်သည်။
အရက်အဆောင်မန္တန်သည် ဖြည်းညှင်းစွာ မြင့်တက်လာပြီး သူ၏ကိုယ်ပေါ်သို့ ကျရောက်သွား၏။
"ဒီနေ့အတွက် ဒီလောက်ဆို လုံလောက်ပါပြီ၊ ငါ အတော်လေး ပင်ပန်းနေပြီ။"
ချိတ်ပိတ်ခြင်း မဟာအစီအရင်ဖြင့် သူသည် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကို အတင်းအကျပ် ချိတ်ပိတ်လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါ ဝူကျွင်းသည် ဗီဇအရ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။
ကျင့်ကြံခြင်းကို ချိတ်ပိတ်လိုက်ခြင်းမှာ ကိုယ့်ကို စိတ်လိုက်မာန်ပါမလုပ်မိစေရန် တားဆီးလိုက်ခြင်းဖြစ်သည်။ သူ တိုက်ခိုက်ချင်သည့် ပစ်မှတ်မှာ ဝူကျွင်းကိုယ်တိုင်မှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။
သို့သော် ယင်ချီကျန်းမှလွဲ၍ သူတို့ကို အမှုန့်ကြိတ်ပစ်နိုင်သည့် ကျင့်ကြံသူများစွာ ထိုနေရာတွင် ရှိနေသည်။
ဤထူးဆန်းသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောသူတိုင်း ကြက်သီးမွေးညင်း ထသွားကြပြီး၊ အရက်ရှိန်ကြောင့် သတ္တိဝင်လာသူများစွာမှာ ဆူညံစွာ မတ်တပ်ရပ်လာကြ၏။
ဒေါသကြောင့် နီရဲနေသော သူတို့၏ မျက်လုံးများက ဘေးပတ်လည်ရှိ ကျေနပ်နေသော နတ်ဆိုးမျိုးနွယ်များကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
သူတို့ထဲမှ အများအပြားမှာ ခါးရှိ သိုလှောင်အိတ်များပေါ်သို့ လက်တင်ထားပြီး ဖြစ်သည်။
ထိုအချိန်တွင် ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦး ဖြည်းညှင်းစွာ လျှောက်လာခဲ့၏။
သူမသည် ဝူကျွင်းထံသို့ အရက်အိုးငယ်လေးကို ကြောက်ရွံ့စွာ ကိုင်မြှောက်ပေးလိုက်သည်။
"ယာကျွင်း... ယာကျွင်းက သခင်လေးဝူကို အရက်ဆက်သပါတယ်"
ယင်ယာကျွင်း ဝင်ရောက်လာမှုနှင့်အတူ အခြားလူတိုင်းသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာတွင်ပင် အေးခဲသွားကြသည်။
"အဖေ၊ သမီး အရင်သွားတော့မယ်နော်" ယင်ယာကျွင်းက အရက်ကို ခက်ခဲစွာမျိုချရင်း လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ ခြင်တစ်ကောင်အော်သံထက် အနည်းငယ်မျှသာ ကျယ်သော အသံဖြင့် ပြောလိုက်သည်။
"ဟူး..."
ယင်ချီကျန်းသည် အကြည့်ကို လွှဲလိုက်ပြီး သူ၏ ကိုယ်ပေါ်ရှိ မဟာအစီအရင်ကို ခံစားလိုက်သည်။ ရုတ်တရက် သူ တွေးမိသည်... သူ ချိတ်ပိတ်လိုက်တာ စောလွန်းသွားပြီလားဟုပင်။
ဤကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူထံမှ ထွက်ပေါ်လာသော လေထုအတွင်းရှိ မဟာအစီအရင်မှသတိမထားမိလောက်သော အက်ကွဲကြောင်းလေးကို ဝူကျွင်း ခံစားလိုက်ရပြီး၊ ကျန်ရှိနေသော အရက်ကို အလျင်အမြန် သောက်လိုက်၏။
"ငါလည်း ပင်ပန်းနေပြီ၊ ဒီနေ့ ညစာစားပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ကြစို့။"
စကားပြောပြီးနောက် သူသည် ခွက်ကိုချကာ နတ်ဆိုးအုပ်စုများနှင့်အတူ ညစာစားပွဲမှ အလျင်အမြန် ထွက်ခွာသွားပြီး ရွှမ်ယွဲ့မြို့မှ သူတို့အတွက် ကြိုတင်ပြင်ဆင်ပေးထားသော ခြံဝင်းဆီသို့ ဦးတည်သွားကြသည်။
၎င်းမှာ အနည်းငယ် အရှက်ရစရာကောင်းပုံ ပေါက်နေ၏။ သို့သော် လူတိုင်း၏ အမြင်အာရုံမှ ကွယ်ပျောက်သွားချိန်တွင် သူသည် အောင်ပွဲခံသည့် အပြုံးတစ်ခုပြုံးလိုက်သည်။
ယခင် မြင်ကွင်းအရ ရွှမ်ယွဲ့မြို့တော်က နဂါးမျိုးဆက်များထံ လက်နက်ချ အညံ့ခံခြင်းမှာ ကျောက်စာရေးထိုးလိုက်သကဲ့သို့ သေချာသွားပြီဖြစ်သည်။
ဤဆက်ဆံရေးဖြင့် သူ၏ လိပ်တပ်မတော် သည် အပို ကျင့်ကြံသူအချို့ကို ရရှိနိုင်ပြီး နဂါးမျိုးဆက်များအောက်ရှိ ပထမတပ်မတော်အဖြစ် သူ၏ နေရာကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော အောင်ပွဲခံခြင်း၏ ခံစားချက်ပင်။
သူ၏ အတွေးများကို အတည်ပြုနေသည့်အလား၊ တပ်ဖွဲ့များနှင့်အတူ ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ဝူကျွင်းသည် အရိုးထဲထိ စိမ့်ဝင်သွားသကဲ့သို့ ထူးဆန်းသော အေးစက်မှုကို သယ်ဆောင်လာသည့် လေပြေတစ်ခု သူ၏ဘေးမှ ဖြတ်တိုက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏ အရက်မူးနေမှုမှာ ချက်ချင်းပင် လွင့်စင်သွား၏။
ကျန်တပ်ဖွဲ့ဝင်များမှာလည်း တင်းမာလာကြပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကာ အော်ဟစ်လိုက်ကြသည်။
"အပြင်မှာ ဘယ်သူ လှည့်စားမှုတွေ လုပ်နေတာလဲ ဒီ နဂါးအလံ နှစ်ခုကို မမြင်ဘူးလား"
သူတို့၏ စူးရှသော အော်သံများကို မမြင်ရသော အတားအဆီးတစ်ခုက မျိုချသွားပြီး အပြင်ဘက်သို့ အသံတစ်သံမျှ မထွက်ပေါ်လာပေ။
ခြံဝင်းတစ်ခုလုံး အထီးကျန်မှုလေထုလွှမ်းချုံသွားသကဲ့သို့ ဖြစ်နေသည်။
ခေါင်မိုးပေါ်တွင် ကျော့ရှင်းသော လူရိပ်နှစ်ခုက တစ်ယောက်ရှေ့ တစ်ယောက်နောက် ရပ်နေကြပြီး၊ သူတို့၏ ဝတ်ရုံများသည် ညလေညင်းတွင် တဖျပ်ဖျပ် လွင့်နေသည်။
လရောင်အောက်တွင် ထို ချောမောသော မျက်နှာမှာ ပို၍ ဖြူဖျော့နေပြီး၊ မျက်ခုံးနှစ်ခုကြားတွင် မီးတောက်တစ်ခု တဖျပ်ဖျပ် တောက်လောင်နေ၏။