မငြိမ်းသောမီးအိမ် ဗောဓိသကျ
Vol. 5 Ch. 402
ဆန်းလျန်၏ ညာဘက်လက်မှာ မီးများ လောင်ကျွမ်းနေဆဲ ဖြစ်လေသည်။ ကြေးနီ ခေါင်းတလားကြီးသည် တဖြည်းဖြည်း ပွင့်လာလေသည်။ သို့သော် ဒေါသ တရားများနှင့် များပြားလှသည့် စွမ်းအင်များကိုတော့ ထုတ်လွှတ်နေဆဲ ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ တုန်းက…
ထိုခေါင်းတလားကြီး ထဲတွင် လူထူးလူဆန်း တစ်ယောက်ကို မြှုပ်နှံ ထားခဲ့လေသည်။
ထိုလူထူးလူဆန်း ပျောက်ကွယ်သွားသည့် အခါတွင်တော့ ကြေးနီ ခေါင်းတလားကြီးမှာ ထိုလူထူး လူဆန်း၏ ဒေါသ တရားများဖြင့် ပြည့်နှက်ပြီး ကျန်ရစ် ခဲ့လေသည်။ ထိုလူထူးလူဆန်း ကလည်း ထိုဒေါသ တရားများကို ခေါင်းတလားကြီး ဆီတွင် တမင်တကာ ထားခဲ့ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ထိုဒေါသ တရားများသည် လောက တစ်ခုလုံးရှိ ဝိညာဉ်များနှင့် သက်ရှိသတ္တဝါများ အားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သောကြောင့် ဖြစ်လေသည်။
မီးအိမ်ဆီမှ အစိမ်းရောင် အလင်းတန်းလေးသည် တောက်ပ နေလေသည်။
ရုတ်တရက် …
မီးအိမ်သည် ဆန်းလျန်၏ အသက်ဓာတ် စွမ်းအားများကို လောင်စာအဖြစ် စုပ်ယူလိုက်ပြီး မီးတောက်များ တဟုန်းဟုန်းဖြင့် ပြင်းထန်စွာ တောက်လောင် လာလေတော့သည်။ ကြေးနီခေါင်းတလား ဆီမှ ဒေါသ တရားများသည် မီးအိမ်မှ မီးတောက်များ အတွင်းသို့ ပျံ့နှံ့ သွားလေသည်။
မီးတောက်များ ထဲမှ တဟုန်းဟုန်း မြည်သံများ ထွက်ပေါ်လာပြီး အလုံပိတ် ထားသည့် မီးအိမ်လေးသည် အဆုံး မရှိနိုင်သည့် ခံစားချက် များစွာကို ထုတ်လွှတ်ပေး နေလေတော့သည်။
မီးအိမ်မှ မီးတောက်၏ သက်ရောက်မှု အောက်တွင် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးတော့မည့် အလား ခံစားနေရပြီး သူ၏ မှတ်ဉာဏ် များမှာလည်း ရှုပ်ထွေးမှုန်ဝါး လာလေသည်။
သူရယူထားသည့် မူလခန္ဓာပိုင်ရှင် ဆန်းလျန် အစစ်၏ မှတ်ဉာဏ်များသည် ပိုမို ရှင်းလင်းလာပြီး သူ၏မှတ်ဉာဏ်များ ကတော့ ထိုမှတ်ဉာဏ်များ အပေါ်တွင် ထပ်မံရောက်ရှိ လာသည့် မှတ်ဉာဏ်များ အလား မှတ်ဉာဏ် နှစ်ခုသည် ဝေဝါးလျက် ရှိလေသည်။
မှတ်ဉာဏ်များ၏ အတွင်းပိုင်း တစ်နေရာတွင်…
ဆန်းလျန်သည် သူ့ကိုကျောပေး ရပ်နေသည့် လူတစ်ယောက်ကို တွေ့မြင် ရလေသည်။
ထိုသူမှာ ဆန်းလျန်၏ စိတ်ထဲတွင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ရင်းနှီးနေသလို ခံစားနေရ လေသည်။ သို့သော် ထိုသူကို ဆန်းလျန် မည်သည့် နေရာတွင်မှ တွေ့မြင်ဖူးခြင်း မရှိပေ။
မှတ်ဉာဏ် နှစ်ခု၏ ရုပ်ပုံ လွှာများသည် တစ်ခုနှင့်တစ်ခု ရှုပ်ထွေး နေလေသည်။
သူမက်ခဲ့သည့် အိပ်မက်များပင်လျှင် မှတ်ဉာဏ်ထဲမှ ပြန်လည်ထွက်ပေါ် လာလေသည်။ သို့သော် မည်သည့် မှတ်ဉာဏ်က အစစ်အမှန် ဖြစ်ပြီး မည်သည့် မှတ်ဉာဏ်က အိပ်မက် ဖြစ်သည်လဲ ဆိုသည်ကို သူမဝေခွဲ တတ်တော့ပေ။
အရာ အားလုံးသည် အိပ်မက် တစ်ခုမျှသာ ဖြစ်နိုင်လေသည်။
ဆန်းလျန် မည်သည့် အရာကိုမှ နားမလည် နိုင်တော့ပေ။
ထို့နောက်…
ပုံရိပ်များ ထဲတွင် စုတ်ပြဲနေသည့် သင်္ကန်းကို ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီး တစ်ပါး ပေါ်လာပြန် လေသည်။
ထို့နောက် သူက လမ်းမပေါ်တွင် လှည့်လည် သွားလာနေသည့် ကလေးငယ် တစ်ယောက် ဖြစ်နေပြန်သည်။ သူ၏မျက်နှာလေးက ချောမောလှပပြီး ချစ်စရာ ကောင်းသလောက် ဝတ်ဆင်ထားသည့် အဝတ်အစားများ ကလည်း လှပလွန်း လေသည်။
ထိုအချိန်မှာပင်…
ခြင်းတောင်းလေး တစ်တောင်းကို ကိုင်ထားသည့် မိန်းကလေး တစ်ယောက် သူ့ရှေ့တွင် ပေါ်လာလေသည်။ သူမသည် ငယ်ရွယ်ပြီး အလွန်မှ ချောမော လှပလေသည်။ သူမက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျား နက်မှောင်သည့် ဆံနွယ်များက ကျောထက်တွင် ပျံဝဲကျ နေလေသည်။ သူမက ဆန်းလျန်ကို ငေးကြည့်နေပြီး သူမ၏ မျက်ဝန်းများက ရွှန်းလဲ့ နေလေသည်။
ဆန်းလျန်က သူမကို မော့ကြည့်လိုက်ပြီး ရင်းနှီးမှုတစ်ခု ရှိနေသလို ခံစားလိုက် ရသည်။ ထိုမိန်းမပျို၏ အမည်မှာ ချီစူး ဖြစ်ကြောင်းသာ ဆန်းလျန် မှတ်မိပြီး ချီစူး ဆိုသည်မှာ မည်သူဖြစ်ကြောင်း သေချာ မသိတော့ပြန်ပေ။
သူသည် အတိတ်မေ့နေခြင်း မဟုတ်သည့်တိုင် သူ၏ မှတ်ဉာဏ်များကို ဖုံးကွယ်ခြင်း ခံထားရသည်ဟု ဆန်းလျန် ခံစားနေရ လေသည်။
ဆန်းလျန်က သူမကို မည်သူဖြစ်ကြောင်း မေးခွန်းထုတ်နေ မိသလို သူ့ကိုယ်သူလည်း မည်သူဖြစ်ကြောင်း ပြန်လည် မေးခွန်းထုတ် နေမိလေသည်။
ထိုအချိန်မှာပင် ဆန်းလျန်သည် မွှေးပျံ့သည့် ပန်းရနံ့များကို ရရှိလိုက်လေသည်။
မိန်းကလေး၏ ခြင်းတောင်းထဲတွင် ကြာပန်းများ ရှိနေသောကြောင့် ထိုပန်းများမှ သင်းပျံ့သည့် ရနံ့များ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။
ခြင်းတောင်း အတွင်းမှ ကြာပန်းမှာ ပွင့်ချပ် ငါးခုပါသည့် ရှားပါးသည့် ကြာပန်းတစ်မျိုး ဖြစ်လေသည်။ တစ်ထောင်တွင် တစ်ပွင့်ပင် တွေ့ရန် မနည်း ရှာဖွေရသည့် ကြာပန်းမျိုး ဖြစ်လေသည်။
"ကျွန်တော် ပန်းတွေကို ဝယ်ပါရစေ…"
ဆန်းလျန်က မိန်းမပျိုလေးကို ပြောလိုက်သည်။
မိန်းကလေးက ဆန်းလျန်ကို ကြည့်နေလေသည်။ သူမ၏ အကြည့်သည် အလွန်မှ ဆွဲဆောင်မှု ရှိပြီး အသက်ရှူ ရပ်မတတ် လှပလွန်း လှလေသည်။
"ပန်းတွေက ရောင်းဖို့ မဟုတ်ဘူး"
ဆန်းလျန်က ဇွဲမလျှော့ပါ။
"အဲဒီပန်းတွေ ရဖို့ ကျွန်တော် ဘာလုပ်ပေး ရမလဲ"
ဆန်းလျန်၏ စကားကို ကြားသည်နှင့် မိန်းကလေး၏ မျက်ဝန်းများတွင် အလင်းရောင်တစ်ချက် လင်းလက် သွားလေသည်။
သူမသည် ဆန်းလျန်ကို အချိန်အကြာကြီး စူးစိုက်ကြည့် နေပြီးမှ သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။
"မင်းဘယ်တော့မှ ငါ့ကိုမေ့ မသွားဘူးလို့ ကတိပေးပါ၊ ဒီပန်းတွေ အားလုံး မင်းကို ပေးလိုက်မယ်"
မိန်းကလေး တောင်းဆိုသည့် ကတိသည် အလွန်မှ ရိုးရှင်းပြီး လွယ်ကူသောကြောင့် ဆန်းလျန်ကလည်း ချက်ချင်းပင် ကတိပေး လိုက်လေသည်။
"ကျွန်တော် ကတိပေးပါတယ်"
"နောက်မှ နောင်တ မရနဲ့နော်"
မိန်းကလေးက ပြောလိုက်ရင်း ပန်းခြင်းလေးကို ဆန်းလျန်၏ရှေ့တွင် ချပေးလိုက်ကာ ဆန်းလျန်၏ မျက်ဝန်းများကို သေသေချာချာ စိုက်ကြည့် လိုက်လေသည်။
ထို့နောက် သူမသည် လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ် သွားလေတော့သည်။
ဆန်းလျန်သည် မိန်းကလေး ချထားခဲ့သည့် ခြင်းတောင်းလေးကို ယူဆောင် လာခဲ့လေသည်။
လှပသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကလေးငယ် တစ်ယောက်သည် ပန်းခြင်းလေးကို ယူဆောင်ကာ လမ်းမထက်တွင် လျှောက်သွား နေလေတော့သည်။
ပတ်ဝန်းကျင်ရှိ လူအများကလည်း အလွန်မှ သဘော ကောင်းကြပြီး သူ့ကို တအံ့တသြ ကြည့်ကြရုံမှ လွဲပြီး အန္တရာယ် မပြုကြပေ။
ထို့နောက် ဆန်းလျန်သည် ဝတ်ကျောင်းတော်ကြီး တစ်ခုဆီသို့ ရောက်ရှိ လာလေသည်။ ဝတ်ကျောင်းတော် အတွင်းတွင် လူသူ တစ်ယောက်မှ မရှိပေ။
ဝတ်ကျောင်းတော်၏ ခန်းမဆောင် ထဲတွင် တစ်ပါးတည်း သီတင်းသုံး နေသည့် ဗောဓိသကျ တစ်ပါးကို တွေ့လိုက် ရလေသည်။
"ဘယ်သူမှလဲ လာပြီး ဝတ်ပြုတဲ့သူ မရှိကြဘူး"
ဆန်းလျန်က တွေးလိုက်ပြီး ပန်းခြင်းလေးထဲမှ ပွင့်ချပ်ငါးချပ် ရှိသည့် ကြာပန်းများကို ဗောဓိသကျထံသို့ လှူဒါန်း လိုက်လေသည်။
ဗောဓိသကျက ပြုံးလိုက်ရင်း …
"ကလေး ... မင်းဟာ နောက်ဘဝကျရင် ဗောဓိသကျတစ်ပါး ဖြစ်လာလိမ့်မယ်"
ထိုစကားကြောင့် ဆန်းလျန်၏ စိတ်များရှုပ်ထွေး သွားရလေသည်။ သူ၏လက်ရှိ ဘဝသည် အလွန်ပင် ကောင်းမွန်နေပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် နောက်ဘဝကို စောင့်ကာ အဘယ်ကြောင့် ဗောဓိသကျ တစ်ပါး ဖြစ်လာရဦး မည်နည်း။
ဆန်းလျန်က ဗောဓိသကျ၏ စကားကို ငြင်းပယ်ရန် ပါးစပ်ကို ဟလိုက်ချိန်မှာပင် သူသည် အလိုလို နေရင်း ဗောဓိသကျ ရှေ့တွင် ဒူးထောက်ကျ သွားလေသည်။ ဗောဓိသကျက ပြုံးလိုက်ရင်း လက်ကို ဆန့်တန်းကာ သူ့ကို ဆုပေး လိုက်လေသည်။
ဆန်းလျန်မှာ ရုန်းကန် လိုသည့်တိုင် ရုန်းကန်မရ ဖြစ်နေရလေသည်။
ထိုအချိန် သူ၏နှလုံးသား ထဲမှ ရိုက်ခတ်သံ တစ်ချက် ထွက်ပေါ် လာလေသည်။ သူ၏အသွေး အသားများသည် အားပြန်ပြည့်သလို ခံစားလိုက်ရပြီး ဗောဓိသကျကို မော့ကြည့်လိုက်သည်။
"ကျွန်တော်က ဒီတစ်ဘဝပဲ အသက်ရှင်မှာ၊ နောက်ဘဝကို မလိုချင်ဘူး၊ ဗောဓိသကျလည်း မဖြစ်ချင်ပါဘူး"
ဗောဓိသကျ၏ မျက်နှာထက်မှ အပြုံးသည် ပျောက်ကွယ် သွားလေသည်။
သူက အေးစက်စွာဖြင့်…
"မင်းဘာလုပ် နေတယ်ဆိုတာ သိရော သိရဲ့လား"
ဗောဓိသကျ၏ စကားဆုံး သွားသည်နှင့် ဆန်းလျန် လှူဒါန်းထားသည့် ပွင့်ဖတ် ငါးချပ်ပါသည့် ကြာပန်းများမှာ ကြာပလ္လင် တစ်ခုအလား တဖြည်းဖြည်း ကြီးမား လာလေသည်။ ဗောဓိသကျသည် ကြာပန်းပလ္လင် ထက်တွင် စံပယ် လိုက်သည့်အခါ ဆန်းလျန်မှာ ဗောဓိသကျ ရှေ့တွင် ပုရွက်ဆိတ်လေး တစ်ကောင်အလား သေးငယ်သွားရ လေသည်။
ဆန်းလျန်က လက်ဖဝါးများကို ဖြန့်လိုက်လေသည်။ ထိုအခါ ဆန်းလန်၏ လက်ထဲမှ ဆီမွှေးများ ထွက်ပေါ်လာပြီး ဝတ်ကျောင်းတော် အတွင်းတွင် မီးတောက် မီးလျှံများ တောက်လောင် လာလေသည်။
ကြာပလ္လင်ထက်မှ ဗောဓိသကျထံမှ ကြေးနီစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်န ေလေသည်။
ဆန်းလျန်က ရယ်မော လိုက်လေသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ဆယ်ကျော်သက် လူငယ်တစ်ယောက် အသွင်သို့ ကူးပြောင်း သွားလေသည်။
"ခင်ဗျားက တကယ့် အစစ်အမှန် ဗောဓိသကျ တစ်ပါးဆိုရင် ကျုပ်ကို ဒီလိုမျိုး ဖိအားပေးမှာ မဟုတ်ဘူး"
ဆန်းလျန်က ပြောလိုက်လေသည်။
"ကျုပ်က ဗောဓိသကျ တစ်ပါးပဲ၊ မငြိမ်းသောမီးအိမ် ရှေးဟောင်း ဗောဓိသကျပဲ၊ မင်းက ကျုပ်ကို မလေးမစား ရိုင်းပျတဲ့ အတွက် ငရဲရှစ်ထပ်မှာ ကယ်သူမရှိဘဲ ဒုက္ခခံစား ရလိမ့်မယ်"
ဗောဓိသကျ၏ အသံက ဝတ်ကျောင်းတော် တစ်ခုလုံးတွင် ဟိန်းထွက် လာလေသည်။
"ခင်ဗျားက ဗောဓိသကျ မဟုတ်ပါဘူး"
ဆန်းလျန်က အေးဆေးစွာ ပြောလိုက်လေသည်။
အမှန်တော့ ဆန်းလျန်၏ နှလုံးသားထဲမှ ရိုက်ခတ်သံကြောင့် ဆန်းလျန် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။ ထိုအသံမှာ သူ၏ဒြပ်စင်ငါးပါး မှော်ဝင်ဓားမှ ထွက်ပေါ်လာသည့် အသံပင် ဖြစ်လေသည်။
ကြေးနီ ခေါင်းတလား ထက်မှ မီးအိမ်သည် ဆန်းလျန်ကို မလှည့်စား နိုင်ခဲ့ပါ။
သို့သော် ဆန်းလျန်ကို လှည့်စား နေသူမှာလည်း မငြိမ်းသောမီးအိမ် ဗောဓိသကျ အစစ်အမှန် မဟုတ်နိုင်ပါ။ သို့သော် ထိုသူ၏ ကျင့်စဉ်လမ်းမှာ အလွန် အဆင့်မြင့်လွန်း လှလေသည်။ ထို့ပြင် မငြိမ်းသောမီးအိမ် ဗောဓိသကျနှင့်လည်း ဆက်နွှယ်မှု တစ်ခု ရှိနိုင်လေသည်။
ဗောဓိသကျဆိုသည်က တရားအလင်း ရရန် လမ်းပြပေးသူ ဖြစ်လေသည်။ ဖိအားပေးသူ မဟုတ်ပါ။
ထို့ကြောင့် အယောင်ဆောင် ဗောဓိသကျသည် သူ့ကို ဖိအားပေးရန် ကြိုးစားသည့်တိုင် ကန့်သတ်ထားသည့် နယ်နိမိတ်ကိုတော့ ကျော်လွန်၍ မရခဲ့ပေ။
***