သွေးမဆောင် နိုင်သော
Vol. 5 Ch. 403
ဆန်လျန်၏ အခြားသူများနှင့် မတူညီသည့် တုံ့ပြန်မှုကြောင့် ဗောဓိသကျ အယောင်ဆောင် သူသည် အလွန် ဒေါသထွက် သွားပုံရလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဗောဓိသကျ ကိုယ်ပွားပေါင်း များစွာ ထွက်ပေါ်လာပြီး ဆန်းလျန်ကို လှည့်ပတ် နေလေသည်။
ဆန်းလျန်က ထိတ်လန့်သွားခြင်း မရှိပါ။
ဆန်းလျန်၏ ဘဝတွင် အန္တရာယ် များစွာလည်း ရင်ဆိုင်ခဲ့ရခြင်း မရှိသလို လွယ်လွယ် ကူကူလည်း ဖြတ်သန်းခဲ့ရခြင်း မရှိပေ။ သို့သော် အေးဆေး တည်ငြိမ်ခြင်း ဆိုသည်က သူ၏ ကိုယ်ရည် ကိုယ်သွေးပင် ဖြစ်လေသည်။ အနိုင်ရသည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ သူက အေးဆေး တည်ငြိမ်နေမည်ပဲ ဖြစ်သလို စိတ်ရှုပ်ထွေးစရာ၊ စိတ်ပျက်စရာများ ကြုံရလျှင်လည်း သူက အေးဆေး တည်ငြိမ်နေမည် ဖြစ်လေသည်။
သေခြင်းနှင့် ရှင်ခြင်းကြား ဘဝတစ်ခု ရှင်သန်ရာတွင် အကြောင်းအရာ များစွာကို ရင်ဆိုင် ကြရမည်ပဲ ဖြစ်လေသည်။ သာမန် လူသားများ အနေဖြင့် မမျှော်လင့်သည့် ဒုက္ခ အခက်အခဲများနှင့် အံ့သြဖွယ်ရာများကို ကြုံတွေ့ရလျှင် ခံနိုင်ရန် ရှန်ရန်မှာ ခဲယဉ်းမည် ဖြစ်လေသည်။
သို့သော် ... ဆန်းလျန်ကတော့ မလိုအပ်သော အရာများ အပေါ်တွင် အချိန်ဖြုန်းတီးခြင်း မရှိသည့် ပင်ကိုဗီဇဖြင့် မွေးဖွားလာသူ ဖြစ်လေသည်။
ဆန်းလျန်ကို ဝန်းရံ နေကြသည့် ဗောဓိသကျ ကိုယ်ပွားများ၏ မျက်နှာတွင် ဒေါသတရားများ ဖုံးလွှမ်း နေကြလေသည်။
ဆန်းလျန်က မျက်လုံးကို မှိတ်ထားလိုက်ပြီး စိတ်ကို ဖွင့်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် မဖော်ပြနိုင် လောက်အောင် သန့်ရှင်း စင်ကြယ်နေပြီး တိမ်တစ်စ ကဲ့သို့ လွင့်မျော နေလေသည်။
သို့သော် ဆန်းလျန်ကို ဝန်းရံထားသည့် ဗောဓိသကျများကို ထိုးဖောက်ထွက်ရန် နည်းလမ်းတော့ မတွေ့ရှိသေးပေ။ သူ့ကို ဝိုင်းပတ်ထားသည့် ဗောဓိသကျများ၏ စက်ဝိုင်းမှာ တဖြည်းဖြည်း ကျုံ့သွားပြီး သူ့ကို အလွန် လျင်မြန်စွာ လှည့်ပတ် နေလေသည်။
ရန်သူကို တိုက်ခိုက်ရန် အတွက် သူ၏မျက်လုံးများကို အသုံးပြုသည်ထက် သူ၏ အာရုံခံစားမှုကို အသုံးပြုခြင်းက ပိုပြီး ကောင်းသည်ကို ဆန်းလျန် သိထားလေသည်။ ထိုအခါမှသာ ခက်ခဲသော အခြေအနေ တစ်ခုမှ လွတ်လမ်းကို သူရှာဖွေနိုင်မည် ဖြစ်လေသည်။
ထိုအချိန်တွင်…
မှော်ဝင်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် ဖန်းယန်ယင်းသည် ဆန်းလျန် အနားသို့ ရောက်လာလေသည်။ ဆရာဦးလေး၏ လက်သည် မီးအိမ်ကို ဆုပ်ကိုင်ထားပြီး အသွေးအသားများ လောင်ကျွမ်းကာ အရိုးသာလျှင် ကျန်တော့သည်ကို သူမမြင်တွေ့ လိုက်ရလေသည်။ မီးအိမ် တင်ထားသည် ကြေးနီခေါင်းတလား ကြီးမှလည်း ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားများက ထွက်ပေါ်နေဆဲ ဖြစ်သည်။
ဖန်းယန်ယင်းသည် မှော်ဝင်ဓားကို ကိုင်ထားပြီး အသက်ကို မှန်မှန်ရှူရင်း သူမကိုယ်တွင်းမှ စွမ်းအားများကို မှော်ဝင်ဓား အတွင်းသို့ စီးဝင်စေ လိုက်သည်။
ထိုအချိန်မှာပင် …
အဖြူရောင်ဝတ် ဘုန်းတော်ကြီး ပေါ်လာပြီး သူမအနားသို့ လျင်မြန်စွာ ရောက်ရှိ လာလေသည်။
သူကတော့ မှော်ဝင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အနားသို့ ရောက်လာသမျှ အရာအားလုံးကို ဝှေ့ယမ်း တိုက်ခိုက်ပစ် လိုက်လေသည်။
ကြေးနီခေါင်းတလား ထက်မှ မီးအိမ်သည် အလွန် အဖိုးတန်သည့် မီးအိမ်တစ်ခု ဖြစ်ကြောင်း ဖန်းယန်ယင်း ရိပ်မိလိုက်သည်။
ခေါင်းတလားမှ ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားများသည် မီးအိမ်ကို လှည့်ပတ်နေပြီး မီးတောက်မှာ တဟုန်းဟုန်း တောက်လောင် နေလေသည်။
ကြေးနီခေါင်းတလား အောက်ဘက်ဆီမှ အနက်ရောင် အရည်ကဲ့သို့သော အရာများသည် ဖြည်းဖြည်းချင်း စီးထွက် နေလေသည်။ ထိုအရာများသည် မည်သို့သော အရာများ ဖြစ်သည်ကို ဖန်းယန်ယင်း သိရှိခြင်း မရှိပါ။
သူမက ခေါင်းတလားပေါ်သို့ ခုန်တက် လိုက်လေသည်။ သို့သော် မမြင်နိုင်သော စွမ်းအား တစ်ခုက သူမကို ရိုက်ချလိုက် သဖြင့် သူမသည် ပြန်ပြုတ်ကျ သွားရလေသည်။
ဆန်းလျန်မှာတော့ သူနှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည့် ဗောဓိသကျ ကိုယ်ပွားများထံမှ လွတ်လမ်း မမြင်သေးပေ။
ဆန်းလျန်သည် ခေါင်းကို မော့လိုက်ပြီး နှုတ်ခမ်းများကို တွန့်ကွေးကာ ပြုံးလိုက်သည်။ သူ၏အပြုံးသည် ကြာပန်းလေး တစ်ပွင့်အလား လှပလွန်း လေသည်။ သူက စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ စာသားများကို ပြန်လည် မှတ်မိအောင် ကြိုးစားနေခြင်း ဖြစ်လေသည်။
စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ ကျင့်စဉ်များသည် ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်းအတွက် ထိပ်တန်း ကျင့်စဉ်များ ဖြစ်ပြီး ထိုကျင့်စဉ်များကိုသာ မေ့လျော့ သွားပါက ဒုက္ခအကြီးအကျယ် ရောက်ရမည် ဖြစ်လေသည်။
သို့တိုင်အောင် သူ့ကို ဝန်းရံထားသည့် ဗောဓိသကျ ကိုယ်ပွားများကို ထိုးဖောက် ထွက်နိုင်ရန်အတွက် ဟာကွက်ကို တွေ့ရှိခြင်း မရှိသေးပေ။ သို့သော် အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ဝင်ရောက် လာလေသည်။
အလွန်အမင်း ဒေါသ ထွက်နေသည့် ဗောဓိသကျ ကိုယ်ပွားများသည် အဘယ့်ကြောင့် သူ့ကို မီးနှင့် လောင်မြိုက်စေခြင်း၊ မိုးကြိုး ပစ်ခြင်းများဖြင့် လျင်မြန်စွာ တိုက်ခိုက် သတ်ဖြတ်ခြင်း မရှိဘဲ အဘယ့်ကြောင့် လှည့်ပတ်ရုံသာ လှည့်ပတ် နေကြပါသနည်း။
ထိုအတွေး တွေးနေသည့် အချိန်မှာပင် ဆန်းလျန်သည် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံ နေမိလေသည်။ ဆန်းလျန်သည် ရွေ့လျားခြင်း မရှိ၊ တုန်လှုပ်ခြင်း မရှိ၊ စိတ်အစဉ်သည် ငြိမ်းချမ်းလျက် ရှိလေသည်။
ထိုအချိန်မှာပင် …
ဆန်းလျန်ကို ဝိုင်းပတ်နေကြသည့် ဗောဓိသကျ များသည် ငြိမ်သက် သွားကြပြီး အနက်ရောင် ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီး တစ်ပါး ပေါ်လာလေသည်။
ထိုဘုန်းတော်ကြီးက ဆန်းလျန်၏နားထဲသို့ တီးတိုးပြော လိုက်သည်။
"မင်းက ထိပ်တန်းကျင့်စဉ် တစ်မျိုးကို ကျင့်ကြံ ထားတာပဲ၊ ကျုပ်က မင်းကို လေးစားတဲ့ အနေနဲ့ မင်းက ကျုပ်ကို လွတ်မြောက်အောင် ကူညီမယ်ဆိုရင် ကျုပ်ကလည်း မင်းကို ပြန်ကူညီဖို့ ဝန်မလေးပါဘူး"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဆရာတော်က ကျုပ်ကို ဘယ်လို လွှတ်ပေးမှာလဲ"
အနက်ရောင်ဝတ် ဘုန်းတော်ကြီးက ဆန်းလျန်၏ စိတ်နှလုံးကို တုန်လှုပ်အောင် စကားများဖြင့် ကြိုးစားသည့်တိုင် ဆန်းလျန်၏ စိတ်နှလုံးသည် ကျောက်သားအလား မတုန်မလှုပ် ခိုင်မာ လွန်းလေသည်။
သူ၏စိတ်တွင်းမှ ဒေါသ တရားများကို စမ်းသပ်မှု ကျော်လွန်သွား ပြီးသည့်နောက် ဆန်းလျန်၏ ဝိညာဉ် အတွင်းတွင် ပြောင်းလဲမှုတစ်ခု ထူးဆန်းစွာ ဖြစ်ပေါ် လာလေသည်။ ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် စီးဆင်းနေသည့် မြစ်တစ်စင်း အလား အသွင်ပြောင်း သွားလေသည်။
စွမ်းအားများက သူ၏ ဝိညာဉ်တစ်လျှောက် စီးဆင်း သွားလေသည်။
"မင်းကို ကျုပ်ကလည်း ဒီအတိုင်း လွှတ်မပေးနိုင်ဘူး"
အနက်ရောင်ဝတ် ဘုန်းတော်ကြီးက အေးစက်စွာဖြင့် ပြောလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်တွင် အနက်ရောင် အရည်များ ထွက်ပေါ်လာပြီး ဝတ်ကျောင်းတော်ကြီး မှာလည်း ပျောက်ကွယ် သွားလေတော့သည်။
အနက်ရောင် ရေလှိုင်းများသည် လှိုင်းတံပိုး ရိုက်ခတ်သံများနှင့် အတူ နတ်မိစ္ဆာ နှစ်ဆယ့်လေးပါး ကောင်းကင်ထက်တွင် ပေါ်လာပြီး ဆန်းလျန်ကို တိုက်ခိုက်ရန် ဝိုင်းပတ် ထားကြလေသည်။
နတ်မိစ္ဆာများသည် ကြီးမားသည့် ပုတီးစေ့ကြီးများကို ကိုင်ဆောင် ထားကြလေသည်။ ထို့နောက် သူတို့က ထိုပုတီးစေ့ ကြီးများဖြင့် ဆန်းလျန်ကို ပစ်ပေါက် လိုက်ကြလေသည်။ ထိုပုတီးစေ့ တစ်လုံးဖြင့်သာ ထိမိပါက ဆန်းလျန်သည် အမှုန့်ကြေ သွားနိုင်လောက်အောင် စွမ်းအား ကြီးမားလေသည်။
ထိုသို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့် အခါ မကြောက်ရွံ့သည့်သူ မည်သူ ရှိမည်နည်း။
"ဓား…"
ဆန်းလျန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဆန်းလျန် ပြောလိုက်သည့် "ဓား" ဆိုသည်မှာ သူ၏ ဒြပ်စင် ငါးပါးဓားကို ပြောခြင်း မဟုတ်ပါ။ နဂါးငွေ့တန်း ဓားဝိညာဉ်ကို ပြောလိုက်ခြင်း ဖြစ်လေသည်။ ထိုဓားသည် ဆန်းလျန်၏ စိတ်ဝိညာဉ် အတွင်းမှ ဓားဖြစ်လေသည်။
ကောင်းကင်ထက်မှ တောက်ပသည့် အလင်းတန်းများသည် နဂါးတစ်ကောင် အလား ပေါ်ထွက် လာလေသည်။ ထိုအလင်းတန်းသည် ပုတီးစေ့ကြီးများကို ထိုးခွဲလိုက်ပြီး အနက်ရောင်ဝတ် ဘုန်းတော်ကြီးကိုပါ ဖုံးအုပ်လွှမ်းမိုး သွားလေတော့သည်။
နဂါးအမြီးနှင့် တူသည့် ဓားဝိညာဉ်သည် အနက်ရောင်ဝတ် ဘုန်းတော်ကြီးကို သုတ်သင်ပစ် လိုက်လေသည်။ ထို့နောက် ကောင်းကင်ကို ထိုးဖောက်ကာ ဗလာနယ် တစ်ခုဆီသို့ ထိုးဖောက်ထွက် သွားလေတော့သည်။
***