အသူရာချောက်မှ မြေကြီး
Vol. 5 Ch. 404
ထိုအချိန်တွင် ဖန်းယန်ယင်းမှာ မှော်ဝင်ဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ အဖြူရောင်ဝတ် ဘုန်းတော်ကြီးကို တိုက်ခိုက် နေလေသည်။ ကြေးနီ ခေါင်းတလားကြီး ဆီမှလည်း ထူးဆန်းသည့် အသံများက အဆက်မပြတ် ထွက်ပေါ် နေလေသည်။ ကြေးနီ ခေါင်းတလားမှ ထွက်ပေါ်နေသည့် ထူးဆန်းသည့် အသံများသည် မှော်ဝင်ဓားမှ ဓားခြိမ်းသံများနှင့် ရောနှော သွားလေသည်။ ထို့နောက် ခေါင်းတလားကြီးမှာ တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲ သွားလေသည်။
ကြေးနီ ခေါင်းတလားမှ ထွက်ပေါ်နေသည့် တန်ခိုး စွမ်းအားများသည် ဆန်းလျန်၏ ခန္ဓာကိုယ်တွင်းသို့ စီးဆင်းဝင်ရောက် သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏အသားများကို မီးလောင်ကျွမ်း နေသည့်အတွက် နာကျင်ခြင်း ကိုလည်း ခံစားနေ ရလေသည်။
သို့သော် သူ၏လက်မှ မိစ္ဆာ စွမ်းအားများကို နာကျင်မှုများက တိုက်စားသွားပြီး စိတ်မှာကြည်လင် လာလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင်တော့ ဓားသွားက လေကိုထိုးခွင်း ဝင်ရောက်သွားသည့် ဓားခုတ်သံ များဖြင့် ပြည့်နှက် နေလေသည်။
ဆန်းလျန်၏ အခြေအနေ အနည်းငယ် တည်ငြိမ် သွားသည်ကို တွေ့ရတော့မှ ဖန်းယန်ယင်းမှာ စိတ်ချသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ မြေပြင်ထက်သို့ လဲကျသွား လေတော့သည်။ သူမသည် ဓားသိုင်းပညာ မည်မျှပင် တော်ပါစေ သူမ၏ ခန္ဓာကိုယ်သည် နတ်ဘုရားတစ်ပါး မဟုတ်သေးသည့် အတွက် မှော်ဝင်ဓားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။
ဖန်းယန်ယင်းသည် မြေပြင်ထက်တွင် လဲကျနေပြီး မှော်ဝင်ဓားသည် မြေကြီးထဲသို့ စိုက်ဝင် နေလေသည်။
အဖြူရောင်ဝတ် ဘုန်းတော်ကြီးသည် ရေခဲတောင်ကြာ ပန်းပလ္လင်ထက်တွင် ထိုင်နေလေသည်။ ဆန်းလျန်ကို ထိန်းထားနိုင်ပြီး အချိန်ကုန်ဆုံး လာသည်နှင့်အမျှ သူသည် စိတ်ဝိညာဉ် မီးအိမ်ကို သူ ရယူနိုင်မည် ဖြစ်လေသည်။
ထိုအချိန်မှာပင် ဆန်းလျန်၏ မျက်လုံးများ ပွင့်လာလေသည်။
"ရှန်ကြွယ် ဆရာတော်၊ ခင်ဗျားက သိပ်ကို တန်ခိုးစွမ်းအား မြင့်မားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ၊ ဘာလို့ ဒီလို စက်ဆုပ် ရွံရှာစရာ အလုပ်ကို လုပ်ရတာလဲ"
တလက်လက် တောက်ပသည့် မျက်ဝန်းများဖြင့် ဆန်းလျန်က ရှန်ကြွယ် ဆရာတော်ကို ကြည့်ရင်း မေးခွန်း ထုတ်လိုက်သည်။
"သက်ရှိ အားလုံးဟာ အတူတူပါပဲ၊ ဒုက္ခပင်လယ် ကနေ လွတ်ကင်းပြီး တရားအလင်း ရဖို့ဆိုတာ မလွယ်ကူလှဘူး မဟုတ်လား"
ဆန်းလျန်က ဆက်ပြောလိုက်သည်။
ဆန်းလျန်၏ စကားကြောင့် ရှန်ကြွယ် ဆရာတော်က ရယ်မော လိုက်လေသည်။
"တာအို ဆရာဆန်း၊ မင်းလို လူမျိုးက ဒီလို စကားလုံးတွေ မပြောသင့်ဘူး"
ဆန်းလျန်ကလည်း အေးစက်စွာဖြင့် ရယ်မော လိုက်လေသည်။
"စကားထဲက ဇာတိပြဆိုတာ ရှိတယ်၊ အမှားနဲ့ အမှန်ဆိုတာ လက်တစ်လုံး ခြားလေးပဲ၊ ဒီ မဟာနှင်းတောင် ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ဆိုရင် ခင်ဗျားနဲ့ ဘာအပေးအယူ လုပ်ရမလဲ"
ရှန်ကြွယ် ဆရာတော်က ခေါင်းကိုလက်ဖြင့် တစ်ချက်သတ် လိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်လေသည်။
"ကျုပ်ရဲ့ ဂိုဏ်းတူ တူလေးဆီက သတင်းကြားတာက ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ် ဆန်းလျန်ဆိုတာ ကျင့်ကြံသူ လောကမှာ နောက်ထပ် လုကျိုးယွမ် တစ်ယောက် ဖြစ်လာ လိမ့်မယ်တဲ့၊ ကျုပ် လေ့လာကြည့်မိ သလောက် မင်းကလည်း လုကျိုးယွမ်လို မာနက ခပ်ကြီးကြီးပဲကိုး"
ရှန်ကြွယ် ဆရာတော်၏ ဂိုဏ်းတူ တူလေးဆိုသူမှာ အဓိက ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးလေးမှ ဆရာတော် တစ်ပါးဖြစ်သည့် မြောင်တိ ဆရာတော်ကို ပြောခြင်း ဖြစ်လေသည်။
အဓိက ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုမှ ဆရာတော်ကြီး ရှစ်ပါးလုံးသည် လောကကို ကျော်လွန်သည့် အဆင့်ထိ ကျင့်ကြံနိုင်ခြင်း မရှိကြသေးပါ။ သို့သော် လုကျိုးယွမ် ကတော့ မြောင်တိ ဆရာတော်နှင့် တရားဆွေးနွေးခဲ့ ဖူးလေသည်။ တရားဆွေးနွေး ပြီးသည်နှင့် မြောင်တိ ဆရာတော်မှာ မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် ထွက်ခွာ သွားခဲ့လေသည်။ လုကျိုးယွမ် ကတော့ မြောင်တိ ဆရာတော်၏ တရား အလင်းမှာ ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး အသိဉာဏ် ပညာမှာလည်း ကျယ်ပြန့်သည်ဟု ပြောခဲ့လေသည်။
လုကျိုးယွမ်ထံမှ ထိုကဲ့သို့သော အကဲဖြတ်မှုကို ရရှိရန် အလွန် ခဲယဉ်းလေသည်။ ရရှိခဲ့ လျှင်လည်း ထိုလူသည် သာမန်လူ မဟုတ်သောကြောင့် ဖြစ်လေသည်။
ဆန်းလျန်၏ မြင့်မားလွန်းသော တန်ခိုး စွမ်းအားများကြောင့် ကျင့်ကြံသူ လောကတွင် ဆန်းလျန်ကို ဒုတိယ လုကျိုးယွမ် ဖြစ်လာမည်ဟု ပြောဆိုလျက် ရှိကြလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံသူ လောကတွင် ဆန်းလျန်၏ လွှမ်းမိုးမှု မည်မျှ မြင့်မားသည်ကို ခန့်မှန်း နိုင်လေသည်။
"ကျုပ်ဟာကျုပ် မာနကြီးလည်း ဆရာတော်နဲ့ ဘာဆိုင်လဲ"
ဆန်းလျန်က ပြန်ပြော လိုက်လေသည်။
ထိုအချိန်မှာပင် ခေါင်းတလား ထက်မှ မီးအိမ်မှ လှိုင်းများ ထသွားပြီး မီးအိမ်သည် ရှန်ကြွယ် ဆရာတော်၏ လက်ထဲသို့ ပျံသန်းရောက်ရှိ သွားလေသည်။
ရှန်ကြွယ် ဆရာတော်က…
"တာအို ဆရာဆန်း ၊ ခုချိန်မှာ ဘာစကားများ ပြောချင်သေးလဲ"
ဆန်းလျန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း…
"အဝေးကနေ ထိန်းချုပ်တဲ့ တန်ခိုး စွမ်းအားပဲ၊ ဆရာတော်ရဲ့ တန်ခိုး စွမ်းအားက မြင့်မားလွန်းတယ်၊ ကျုပ်ရဲ့ မှော်ဝင်ဓားကြောင့် ဒဏ်ရာရနေ တာတောင်မှ မီးအိမ်ကို အဝေးကနေ လှမ်းပြီး ထိန်းချုပ် နိုင်နေသေးတယ် ၊ ဆရာတော် မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်မှာ ရှိနေတာ ဒီမီးအိမ်ကို လိုချင်လို့ မဟုတ်လား၊ အခု ကျုပ်က ဒီမီးအိမ်က ဒေါသတရားတွေ အားလုံးကို ဖယ်ရှားပစ် လိုက်ပြီ၊ ဒါတောင်မှ မီးအိမ်ကို လိုချင် သေးတာလား၊ အား ... ဟုတ်တာပေါ့၊ ဆရာတော်က အဲဒီအမျက် ဒေါသတွေကြောင့် နာကျင်ရမှာကို ကြောက်နေတာ မဟုတ်လား၊ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲဗျာ"
မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်သည် မဟာနှင်းတောင် ထက်တွင် တည်ရှိလေသည်။ ဝတ်ကျောင်းတော်တွင် ရှန်ကြွယ် ဆရာတော်မှ မဟုတ်၊ အခြားသော ဘုန်းတော်ကြီး များလည်း ရှိဦးမည် ဖြစ်လေသည်။ သို့သော်.. ဆန်းလျန်၏ စိတ်အာရုံတွင် မည်သည့် အသက်ဓာတ် ကိုမှ ခံစားရခြင်း မရှိပေ။
ရှန်ကြွယ် ဆရာတော်သည် မီးအိမ်ကို ကိုင်ထားရင်း ရယ်မော နေလေသည်။
"ဝတ်ကျောင်းတော်က လူတွေ အားလုံးကို ကျုပ်တောင်အောက်ကို ဆင်းခိုင်း ထားတာလေ၊ ဒီတောင်က မငြိမ်းသော မီးအိမ် ဗောဓိသကျ တရားအလင်း ရခဲ့တဲ့နေရာပဲ၊ ဝိညာဉ်စွမ်း အထုံးအဖွဲ့တွေနဲ့ ပြည့်နေတာ၊ ဝိညာဉ်စွမ်းအား အထုံးအဖွဲ့က ဘာတွေ လုပ်နိုင်သလဲ ဆိုတာ မင်းတကယ်ပဲ မသိဘူးလား"
ဆန်းလျန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရင်း ...
"နေပါဦး၊ ဒီမီးအိမ်ရဲ့ အမျက်ဒေါသကို ဖိနှိပ်ဖို့ အတွက် ဘာကိုအသုံးပြု ထားတာလဲ"
ဆန်းလျန်၏ အမေးစကားက ရှန်ကြွယ် ဆရာတော်ကို အံ့အားသင့် သွားစေသည်။ ဆန်းလျန်သည် ယခင်မျိုးဆက် နတ်ဘုရားများထက် သာလွန်သည်ဟု နာမည်ကြီး နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"တခြားတော့ မဟုတ်ပါဘူး၊ အသူရာချောက်က မြေကြီး နည်းနည်းလောက် အသုံးပြု ထားတာပါ၊ ဒီ မငြိမ်းသော မီးအိမ်နဲ့ ကြေးနီ ခေါင်းတလားဟာ မဟာနှင်းတောင် တစ်ခုလုံးရဲ့ အဓိက မဏ္ဍိုင်ပဲ၊ ဒီမီးအိမ်ကို ဖယ်ရှားခံ လိုက်ရတာနဲ့ မဟာနှင်းတောင် တစ်ခုလုံး ပျက်စီး သွားမှာပဲ"
သူ့စကား ဆုံးသည်နှင့် နှင်းတောင်မှ နှင်းများသည် တဖြည်းဖြည်း အရည်ပျော်ကျ လာလေတော့သည်။
ဆန်းလျန်က ထွက်ပြေးရန် မကြိုးစားပ။
ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက် နေသော်လည်း မီးစုန်း အနည်းငယ်က ထွန်းလင်း နေသေးသည့် အတွက် အနည်းငယ်ကိုတော့ မြင်နေရသေးသည်။
ဆန်းလျန်က စိုးရိမ်ပူပန်ခြင်း မရှိပါ။ သူက အံ့သြ နေခြင်းလည်း မရှိပါ။
ရှန်ကြွယ် ဆရာတော်သည် ဆန်းလျန်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
သို့သော် မငြိမ်းသော မီးအိမ်ကို ရှန်ကြွယ်ဆရာတော် ယူဆောင် သွားခြင်းသည် အကြီးမားဆုံး အမှားတစ်ခုကို ကျူးလွန်လိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က တစ်ချက် ပြုံးလိုက်ရင်း လဲကျနေသည့် ဖန်းယန်ယင်းကို အသာတွဲထူ လိုက်သည်။
ဒြပ်စင်ငါးပါး မှော်ဝင်ဓားမှ ရောင်စဉ်ငါးမျိုး ဖြာထွက်လာပြီး ခေါင်းတလား အောက်မှ အသူရာ ချောက်မြေကြီးများကို သန့်စင်ပစ် လိုက်သည်။
ရှန်ကြွယ် ဆရာတော်မှာတော့ မငြိမ်းသော မီးအိမ်ကို ကိုင်ဆောင်ကာ အသူရာချောက် မြေကြီးထက်တွင် လမ်းလျှောက် နေလေသည်။
အစပိုင်းတွင် သူက မငြိမ်းသော မီးအိမ်ကို မယူရဲသည်မှာ ကြေးနီ ခေါင်းတလားကြီး ဆီမှ အမျက်ဒေါသ တရားများကို ကြောက်လန့်သောကြောင့် ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ကြေးနီ ခေါင်းတလားကြီး ဆီမှ အမျက် ဒေါသများကို အောင်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် စိုးရိမ်စရာ မရှိတော့ပေ။
ကြေးနီ ခေါင်းတလားကြီး အကြောင်း စဉ်းစား လိုက်မိသည်နှင့် သူရုတ်တရက် နားလည် သဘောပေါက် သွားရသည်။ ကြေးနီ ခေါင်းတလားနှင့် မငြိမ်းသော မီးအိမ်သည် တစ်သားတည်း ကျနေသည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ထိုသို့ တွေးလိုက်မိ စဉ်မှာပင်…
မငြိမ်းသော မီးအိမ်မှ အလင်းတန်းများသည် ကြိုးများ အသွင်သို့ ကူးပြောင်းသွားပြီး ရှန်ကြွယ် ဆရာ၏ ကိုယ်တွင်းသို့ စူးနစ်စွာဖြင့် ဝင်ရောက် သွားလေတော့သည်။
"နှလုံးသား ထိန်းချုပ်ကျိန်စာ…"
သူအော်ဟစ် လိုက်မိလေသည်။
***