← Chapters

အခန်း (၃၄၉)

Vol. 35 Ch. 349

အခန်း (၃၄၉)

Vol. 35 Ch. 349

၃၄၉

ယန်အိမ်တော်သည် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ယန်ချန်းရွှယ်၏ သွေးစွန်းနေသောလက်ဂိုဏ်းကို ငှားရမ်းရန် ဆုံးဖြတ်ချက်မှာ ဆီးနှင်းပေါ်၌ နှင်းခဲဆင့်သကဲ့သို့ အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ယန်ချန်းလန် ရိပ်မိလိုက်သည်။

သွေးစွန်းနေသောလက်ဂိုဏ်း၏ အကြောက်စရာအကောင်းဆုံးအချက်မှာ သူတို့၏ ဇစ်မြစ်ကို မည်သူမျှမသိရှိသလို အဖွဲ့ဝင် မည်မျှရှိသည်ကိုလည်း မည်သူမျှ ခန့်မှန်း၍မရခြင်းပင်။ လူတို့သိထားသည်မှာ တစ်ခုတည်းသာရှိသည်။ သွေးစွန်းနေသောလက်ဂိုဏ်းကို တစ်ကြိမ်ငှားရမ်းပြီးပါက သူတို့၏ အဖွဲ့ဝင်များသည် ထိုတာဝန်ကို မဖြစ်မနေ အောင်မြင်အောင် ထမ်းဆောင်ကြသည်ဟူ၍ပင်။

ပစ်မှတ်မှာ သာမန်ပြည်သူဖြစ်စေ၊ တော်ဝင်မိသားစုဝင် သို့မဟုတ် မှူးမတ်များဖြစ်စေ သွေးစွန်းနေသောလက်ဂိုဏ်းသည် ချွင်းချက်မရှိ သတ်ဖြတ်လုပ်ကြံကြသည်။ ထိုဂိုဏ်းသည် အလွန်လျှို့ဝှက်ဆန်းပြားလွန်းသဖြင့် လုပ်ကြံမှုအတွက် အခကြေးငွေအဖြစ် ရွှေဒင်္ဂါးများကို မတောင်းဆိုဘဲ အလုပ်အပ်သူဘက်မှ သူတို့တောင်းဆိုသည့် တူညီသော တန်ဖိုးရှိသည့် အခြေအနေ တစ်ခုကို ဖြည့်ဆည်းပေးရန်သာ တောင်းဆိုလေ့ရှိသည်။

အကယ်၍ အလုပ်အပ်သူက ထိုတောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ပါက သွေးစွန်းနေသောလက်

ဂိုဏ်းမှ လူများသည် မည်သည့်တန်ဖိုးပေးရပါစေ ရက်ရက်စက်စက် လက်စားချေတတ်ကြသည်။ ကျိုးအင်ပါယာ အတွင်း၌ တစ်ခါက ချမ်းသာကြွယ်ဝသော အိမ်ထောင်စုတစ်ခုသည် စီးပွားရေးပြိုင်ဘက်ကို သတ်ရန် သွေးစွန်းနေသောလက်ဂိုဏ်းကို ငှားရမ်းခဲ့ဖူးသည်။ လုပ်ကြံမှုအောင်မြင်ပြီးနောက် ထိုဂိုဏ်းက အလုပ်အပ်သူ၏ ပိုင်ဆိုင်မှုအားလုံးကို အခကြေးငွေအဖြစ် တောင်းဆိုခဲ့သည်။

ထိုသူဌေးက သဘာဝအတိုင်း ငြင်းဆန်ခဲ့သော်လည်း နောက်တစ်နေ့တွင် သူ၏အိမ်တော်သား ၆၃ ဦးစလုံးနှင့် အစေခံများ၊ တိရစ္ဆာန်များပါမကျန် တစ်ယောက်မကျန် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သွေးစွန်းနေသောလက်ဂိုဏ်း၏ ဆိုးဝါးလှသော နာမည်ဆိုးမှာ ဝူကျိတိုက်ကြီး တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးမှာ မရှားပါးလှဘဲ သွေးစွန်းနေသောလက်ဂိုဏ်းသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း တိုက်ကြီးပေါ်ရှိ အဆိုးဝါးဆုံး လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည်။

ထို့ကြောင့်ပင် ယန်ချန်းရွှယ်သည် သွေးစွန်းနေသောလက်ဂိုဏ်းကို အမှန်တကယ် ငှားရမ်းလိုက်ကြောင်း သိရချိန်တွင် ယန်ချန်းလန်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရခြင်းပင်။ ရှေ့တည့်တည့်မှ တိုက်ခိုက်မှုကို ရှောင်ကွင်းရလွယ်သော်လည်း ပုန်းကွယ်နေသော တိုက်ခိုက်မှုကိုမူ ကာကွယ်ရန် ခက်ခဲလှသည်။ ယန်ချန်းလန်ကိုယ်တိုင်ပင် ထိုဂိုဏ်းကို ရန်မစရဲသော်လည်း ယန်ချန်းရွှယ်မှာမူ မိသားစုနှင့် တစ်ခွန်းမျှ မတိုင်ပင်ဘဲ သူတို့ကို ငှါးရမ်းခဲ့သည်။

"ချန်းရွှယ် မင်း ငါ့ကိုဖုံးကွယ်ပြီး သွေးစွန်းနေသောလက်ဂိုဏ်းကို ငှားရဲတယ်ပေါ့"

ယန်ပါးဟိုသည် အခန်းထဲမှ ဒေါသတကြီးဖြင့် ဝုန်းခနဲ ထွက်လာတော့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ယန်ပါးဟိုမှာ နှစ်ပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ခံစားရပြီး သူ၏ မူလက မီးခိုးရောင်ဆံပင်များမှာ ယခုအခါ ဖြူဖွေးသော ဆံပင်ဖြူများအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

"ကျွန်မ... အဖေ အဖေ ကျွန်မကို အပြစ်တင်လို့မရဘူးလေ။ ဒီရက်ပိုင်း အပြင်ကလူတွေ အိမ်တော်ရှေ့မှာ ဆူညံပူညံလုပ်နေကြတာ။ ယုလေးခမျာ ကောင်းကောင်းအနားမရတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဝံပုလွေသွား တပ်ဖွဲ့ကလည်း အေးအေးဆေးဆေး နှိမ်လို့ရတဲ့အထဲမှာ မပါဘူး။ ဒါကြောင့် ဝံပုလွေသွား တပ်ဖွဲ့ကို ခြိမ်းခြောက်ဖို့အတွက် ကျွန်မ သွေးစွန်းနေသောလက်ဂိုဏ်းကို ငှားလိုက်တာပါ"

ယန်ချန်းရွှယ်သည် ဆက်လက်၍ ဆင်ခြေပေးကာ ငြင်းခုံနေဆဲပင်။

ယန်ချန်းရွှယ်သည် သူမ၏ စိတ်ထဲ၌ အဆိုးဆုံးအစီအစဉ်ကိုပင် စဉ်းစားထားခဲ့သည်ကို မိသားစုဝင်များကို မပြောပြခဲ့ပေ။ ၎င်းမှာ အကယ်၍ ဝံပုလွေသွား တပ်ဖွဲ့ကသာ ဆက်လက်

နှောင့်ယှက်နေပါက သွေးစွန်းနေသောလက်ဂိုဏ်းကို အသုံးချ၍ ထိုတပ်ဖွဲ့မှူးအား လုပ်ကြံသတ်ဖြတ်ခိုင်းရန်ပင်။

"မိုက်မဲလိုက်တာ မင်း သွေးစွန်းနေသောလက်ဂိုဏ်းရဲ့ တောင်းဆိုချက်တွေကို တကယ်ပဲ ဖြည့်ဆည်းပေးနိုင်မလားဆိုတာရော ထည့်စဉ်းစားခဲ့ရဲ့လား"

ယန်ပါးဟိုသည် နောင်တကြီးစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည် အခန်းထဲတွင် အောင်းကာ အဖြေရှာနေသည့် ရက်အနည်းငယ်အတွင်းမှာပင် ယန်ချန်းရွှယ်က ဤမျှကြီးမားသော အမှားကြီးကို ထပ်မံကျူးလွန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

"အဆိုးဆုံးဖြစ်ရင်လည်း သူတို့ကို ရတနာတွေ ပိုပေးလိုက်ရုံပေါ့။ သူတို့က ရွှေမလိုချင်ဘူးဆိုရင်လည်း ယန်အိမ်တော်မှာ သူတို့စိတ်ကြိုက် ရွေးစရာတွေ အများကြီး ရှိတာပဲ"

ယန်ချန်းရွှယ်ကတော့ သူမဘာမှ မှားယွင်းခြင်းမရှိဟု ထင်မှတ်နေဆဲပင်။

"မင်း အလုပ်အပ်လိုက်တာ ဘယ်လောက်ကြာပြီလဲ။ အခုအချိန်မှာ အစီအစဉ်ကို ဖျက်သိမ်းဖို့ ဖြစ်နိုင်သေးလား"

ယန်ချန်းလန်သည် ကိုယ်ကိုကိုယ် အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေသည်။ အကယ်၍ သူသာ အိမ်တော်သို့ စောစောပြန်ရောက်ခဲ့လျှင် ယန်ချန်းရွှယ် ဤကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်ဆောင်မိမှာ မဟုတ်ဘူးဟု သူ တွေးနေမိသည်။

တောင်ကြီးပြိုပါစေ မတုန်လှုပ်တတ်သော သူမ၏အဖေနှင့် ယန်ချန်းလန်တို့မှာ ယခုအခါ အလွန်ပင် ညှိုးငယ်သော မျက်နှာထားများ ဖြစ်နေသည်ကို မြင်လိုက်ရမှသာ ယန်ချန်းရွှယ်သည် သူမ အကြီးအကျယ် ဒုက္ခရှာလိုက်ပြီဖြစ်ကြောင်း ရိပ်မိသွားတော့သည်။ သူမ ရန်စမိလိုက်သော သွေးစွန်းနေသောလက်ဂိုဏ်းမှာ ဝံပုလွေသွား တပ်ဖွဲ့ထက်ပင် ပိုမိုကိုင်တွယ်ရခက်ခဲသော ပြဿနာတစ်ခု ဖြစ်နေပုံပင်။

"အခုတော့ နောက်ကျသွားပြီ။ ဒီနေ့မနက် ကျွန်မ နိုးလာတော့ ကုတင်ဘေးမှာ ထူးဆန်းတဲ့ စာတစ်စောင် ရောက်နေတာ တွေ့ခဲ့ရတယ်"

ယန်ချန်းရွှယ်သည် တွန့်ဆုတ်စွာဖြင့် သူမ၏ အင်္ကျီလက်စထဲမှ စာတစ်စောင်ကို ထုတ်ပြလိုက်သည်။

၎င်းမှာ လေးထောင့်ကျကျ ရွှေရောင်စာလွှာလေးတစ်ခု ဖြစ်သည်။ ထိုစာလွှာ၏ ထောင့်လေးထောင့်တွင် အထူးသတ္တုဖြင့် ပြုလုပ်ထားသော ရွှေရောင်ပန်းပွားလေး လေးခုကို သေသေချာချာ ချိတ်ဆွဲထားရာ ကြည့်ရသည်မှာ သူဌေးကြီးတစ်ဦးထံမှ ဖိတ်စာနှင့်ပင် မခြားပေ။ သို့သော် ထိုစာလွှာ၏ မျက်နှာဖုံးပေါ်တွင်မူ လူကြီးတစ်ဦး၏ လက်ဖဝါးအရွယ်အစားရှိသော သွေးရောင်လက်ဗွေ တစ်ခု ရှိနေသည်။

ထိုသွေးလက်ဗွေမှာ သွေးနံ့နှင့် ရနံ့တစ်ခု ပေါင်းစပ်ထားသော ထူးဆန်းသည့် အနံ့တစ်ခု ထွက်ပေါ်နေပြီး ထိုအနံ့ကို ရှူရှိုက်မိသူတိုင်း ရင်တုန်ပန်းတုန် ဖြစ်သွားစေသည်။ ဤသည်မှာ သွေးစွန်းနေသောလက်ဂိုဏ်း၏ သွေးစွန်းနေသောလက်ကမ်းစာစောင်ပင်။ ဤစာစောင်မှာ သူတို့အနေဖြင့် ယန်ချန်းရွှယ်၏ အလုပ်အပ်နှံမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားစာပင်။ အကယ်၍ ယခုအချိန်တွင် သဘောတူညီချက်ကို ဖျက်သိမ်းမည်ဆိုပါကလည်း သူတို့သည် သွေးစွန်းနေသောလက်ဂိုဏ်း၏ မရပ်မနား လိုက်လံလုပ်ကြံခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။

ဒီနေ့မနက်အစောကြီးလား...

ယန်ပါးဟိုသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ရက်အနည်းငယ်ကြာ ကျင့်ကြံရေးအခန်းထဲတွင် အောင်းနေခဲ့သော်လည်း အပြင်ဘက်တွင် ဖြစ်ပျက်သမျှကို သိရှိနေခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယန်အိမ်တော်သို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည့် ဝံပုလွေသွားတပ်ဖွဲ့ဝင်များထဲတွင် အစွမ်းထက်သော မုဆိုးအချို့ ပါဝင်သည်။ ထိုသူများကို ယန်ချန်းရွှယ် ငှားရမ်းထားသည့် တတိယတန်းစား ကြေးစားစစ်သည်များက တားဆီးနိုင်ခြင်း မရှိချေ။

ယန်ချန်းရွှယ်နှင့် သူမ၏သား ရှိရာဝင်းထဲသို့ တစ်စုံတစ်ယောက် ကျူးကျော်ရန် ကြိုးစားတိုင်း ယန်ပါးဟိုသည် အခန်းထဲမှပင် သတိပေးကာ နှင်ထုတ်ခဲ့သည်။ သိုင်းသူရဲကောင်းတစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖိအားမှာ အံ့ဩစရာကောင်းလှရာ သူသည် အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ဘဲနှင့်ပင် ကျူးကျော်လာသော မုဆိုးများကို ကြောက်လန့်တကြား ထွက်ပြေးသွားစေရန် ပြုလုပ်နိုင်ခဲ့သည်။

သို့သော်လည်း ယနေ့နံနက်တွင်မူ စစ်သူကြီးအိမ်တော်အတွင်းသို့ တစ်စုံတစ်ယောက် ခိုးဝင်လာသည်ကို ယန်ပါးဟို သတိမထားမိခဲ့ပေ။

ဒါဆိုရင်... သွေးစွန်းနေသောလက်ဂိုဏ်းထဲမှာ ငါနဲ့အဆင့်တူတဲ့ သိုင်းသူရဲကောင်း အဆင့်ရှိတဲ့ ပညာရှင်တစ်ယောက် ရှိနေတာလား...

"အဖေ... အခြေအနေတွေက ဒီအထိ ရောက်လာမှတော့ သွေးစွန်းနေသောလက်ဂိုဏ်းရဲ့လူတွေ မရောက်လာခင်မှာ ဝံပုလွေသွား တပ်ဖွဲ့နဲ့ ကိစ္စကို အရင်ဆုံး ဖြေရှင်းရပါလိမ့်မယ်။ ထန်ယုအနေနဲ့ ဒီတစ်ခါတော့ သေချာပေါက် သွားရောက်တောင်းပန်ရမယ်"

ယန်ချန်းလန်က အခိုင်အမာ ပြောဆိုလိုက်သည်။ သူသည် ထန်ယုကို ဝံပုလွေသွား တပ်ဖွဲ့ထံသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ပြဿနာများကို တစ်ခုချင်းစီ ရှင်းလင်းမှသာ ယန်အိမ်တော်အနေဖြင့် ရှေ့နောက်ညှပ်ကာ တိုက်ခိုက်ခံရမည့် ဘေးမှ ကင်းဝေးမည်ဖြစ်သည်။

"မသွားပါရစေနဲ့ အဖိုး... ယုလေး မသွားချင်ဘူး"

ထန်ယုသည် နောက်ဆုံးတွင် ဝံပုလွေသွား တပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရတော့မည်ကို သိလိုက်ရသဖြင့် ကြောက်လန့်တကြား အော်ဟစ်တော့သည်။

"ထန်ယု... မင်းက ယောက်ျားတစ်ယောက်လေ။ ဘာလို့ ဒီလောက်တောင် ကလေးလို ငိုယိုနေရတာလဲ"

ယန်ပါးဟိုက ဒေါသတကြီး ဟောက်လိုက်သည်။ သူသည် အခန်းထဲမှာ ရှိနေစဉ်ကတည်းက ယန်ချန်းရွှယ်၏ သားဖြစ်သူအပေါ် အလိုလိုက်ပုံနှင့် ယွင်ရှန်းအပေါ် စော်ကားပြောဆိုမှုများကို ကြားသိခဲ့ပြီးဖြစ်သည်။

ထန်ယု၏ စိတ်ပျက်စရာကောင်းသော အမူအရာကို မြင်လိုက်ရချိန်တွင် ယခင်က အလှူဒါန ဆေးကုသမှုပေးစဉ်က ယွင်ရှန်း၏ တည်ငြိမ်ရင့်ကျက်သော အမူအရာကို သူ ပြန်လည်သတိရမိသွားသည်။

ဘာလို့ ယန်မိသားစုရဲ့ မျိုးဆက်တွေဟာ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေရတာလဲ...

"ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးနေစရာ မလိုတော့ဘူး။ ချန်းလန်... ထန်ယုကို ဝံပုလွေသွား တပ်ဖွဲ့ဆီ ခေါ်သွားလိုက်တော့။ သွေးစွန်းနေသောလက်ဂိုဏ်းရဲ့ ကိစ္စကိုတော့ ငါကိုယ်တိုင် နောက်မှ ကိုင်တွယ်မယ်"

ယန်ပါးဟိုသည် ထန်ယုအပေါ် စိတ်ပျက်နေသော်လည်း သူ့မြေးကို ဒီအတိုင်း အသေခံခိုင်းရန်မူ စိတ်မရက်နိုင်သေးပေ။

ယန်ချန်းရွှယ်က ဆက်လက်ငြင်းခုံရန် ကြိုးစားသော်လည်း ယန်ပါးဟိုက သူမကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး "ချန်းရွှယ်... မင်း ငါ့ကို အရမ်းစိတ်ပျက်အောင် လုပ်လိုက်တာပဲ။ ဒီနေ့ကစပြီး မင်းကို ထန်ယုနဲ့ တွေ့ခွင့်မပေးတော့ဘူး။ အစောင့်တွေ... သူမကို ခေါ်ထုတ်သွားလိုက်။ အခုကစပြီး တတိယသခင်မကို ကူညီတဲ့ ဘယ်သူ့ကိုမဆို အိမ်တော်ကနေ မောင်းထုတ်ပစ်မယ်။ ဘယ်တော့မှလည်း ပြန်မခန့်ဘူး"

ယနေ့ ဖြစ်ပွားခဲ့သော ကြီးမားသည့် ပြောင်းလဲမှုများ ကြုံလာမှသာ ယန်ပါးဟိုသည် ဤနှစ်များတစ်လျှောက် အိမ်တော်၏ အရေးကိစ္စများကို ယန်ချန်းရွှယ်လက်ထဲ ထည့်ပေးထားမိခြင်းမှာ မည်မျှမှားယွင်းကြောင်း သိရှိသွားတော့သည်။

ယန်ချန်းရွှယ်၏ မြည်တွမ်းသံများနှင့် ထန်ယု၏ အော်ဟစ်ငိုယိုသံများကြားမှာပင် သူတို့နှစ်ဦးစလုံး ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ ယန်ချန်းရွှယ် ခေါ်လာသည့် အဆင့်မမီသော မုဆိုးများကိုလည်း ယန်ပါးဟိုက ချက်ချင်းပင် အလုပ်ဖြုတ်လိုက်သည်။

"ဦးလေးယန်... ဒီပြဿနာဖြစ်နေတုန်း အိမ်တော်ကနေ ထွက်သွားတဲ့ အစေခံတွေနဲ့ ဧည့်သည်တော်တွေကို စုံစမ်းပြီး နာမည်ပျက်စာရင်းသွင်းလိုက်ပါ။ သူတို့တွေ ကျိုးအင်ပါယာ နယ်နိမိတ်အတွင်းမှာ ဘယ်တော့မှ ခြေကုပ်ပြန်မရစေရဘူး။ ပြီးတော့ သတင်းအမှားအချို့ကိုလည်း လွှင့်လိုက်ပါ။ ဒီရက်ပိုင်းအတွင်း ယန်အိမ်တော်ထဲမှာ သူလျှိုတွေ အများကြီး ရှိနေမယ်လို့ ငါသံသယရှိတယ်"

ယန်ပါးဟိုသည် ရက်အတော်ကြာ အခန်းထဲတွင် အောင်းနေခဲ့ပြီးနောက် ယခုအခါ စိတ်ကို တည်ငြိမ်စွာ ထားနိုင်ခဲ့ပြီဖြစ်သည်။

All Chapters