အခန်း (၃၅၃)
Vol. 35 Ch. 353
ရက်စက်ပြတ်သားသော တိုက်ခိုက်ရေးနည်းဗျူဟာများ၊ ဟွမ်ထိန်ကဲ့သို့သော အလားအလာရှိသည့် မုဆိုးအဖွဲ့များနှင့် ရင်းနှီးသော ဆက်ဆံရေး၊ ထို့ပြင် နောက်ကွယ်တွင် ဆင့်ခေါ်
ဧကရာဇ်အဆင့်ရှိသည့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်း ဤအချက်များအားလုံး ပေါင်းစပ်လိုက်သောအခါ ချန်းလန်မှာ မသိလိုက်ဘဲ မျက်မှောင်ကြုတ်လိုက်မိတော့သည်။
သို့သော်လည်း သူသည် သူ၏တောင်းဆိုချက်များကို ထုတ်ဖော်ပြောကြားပြီးသား ဖြစ်သည်။ အကယ်၍သာ သူသည် ယန်ယွင်၏ နောက်ကွယ်မှ အင်အားကို ကြောက်ရွံ့၍ နောက်ဆုတ်
ပေးလိုက်မည်ဆိုပါက ဤသတင်း ပျံ့နှံ့သွားသည်နှင့် ဝံပုလွေသွားတပ်ဖွဲ့အနေဖြင့် မုဆိုးလောကတွင် မျက်နှာပြရဲတော့မည် မဟုတ်ချေ။
"ဒုတပ်မှူးယန်... မင်း ရောက်လာတာ နည်းနည်းနောက်ကျသွားပြီ။ ကျွန်တော် တပ်မှူးယန်နဲ့ အခြေအနေတွေကို သဘောတူညီမှု ရယူပြီးသွားပြီ။ ပြီးတော့ ဒီကိစ္စက ဝံပုလွေသွားနဲ့ ထန်ယု တို့ကြားက ပုဂ္ဂိုလ်ရေး ကိစ္စပဲ။ မင်းရဲ့ ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့ အနေနဲ့လည်း ဒီလို ရွှံ့ညွန်တွေကြားထဲ ဝင်ပါချင်မယ်လို့ ကျွန်တော် မထင်ဘူး"
ချန်းလန်က ယွင်ရှန်းနှင့် ထန်ယုတို့ကို တစ်လှည့်စီ ကြည့်ရင်း ပြောလိုက်သည်။ ယွင်ရှန်းနှင့် ထန်ယုတို့ကြားတွင် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိသည်ကို သူ ရိပ်မိထားပုံပင်။
ယန်ယန်အနေဖြင့် ထန်ယုကို ကူညီရန် လာခြင်းမဟုတ်လောက်ဘူးဟု သူ တွေးနေမိသည်။
"စိတ်မပူပါနဲ့ ကျွန်မတို့ တပ်ဖွဲ့က အဲဒီကလေးနောက်ကနေ လိုက်ရှင်းပေးဖို့ အချိန်မအားပါဘူး။ ညလမ်းကို ခဏခဏ လျှောက်နေရင်တော့ တစ်နေ့မှာ ပြဿနာနဲ့ တိုးမှာပဲလေ"
ယွင်ရှန်းသည် မူလကတည်းက ထန်ယု၏ ကိစ္စများကို ဝင်ရောက်ပတ်သက်ရန် အစီအစဉ် မရှိခဲ့ပေ။
သူမနှင့် ထန်မိသားစုမှ မိခင်နှင့်သားမှာ ကာလအတန်ကြာကတည်းက မပြေလည်ခဲ့ကြရာ သူတို့နှင့် စကားတစ်ခွန်း ပိုပြောရန်ပင် သူမ၌ စိတ်ဆန္ဒ မရှိချေ။ သို့သော်လည်း... ကံမကောင်းစွာဖြင့် ယန်အိမ်တော် အပြင်ဘက်တွင် စိတ်ဝင်စားစရာ အချက်အလက်အချို့ကို သူမ ရှာဖွေတွေ့ရှိခဲ့သည်။
ထန်ယုသည် ယန်အိမ်တော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသရွေ့ ယွင်ရှန်း၏ ခန္ဓာကိုယ်ထဲတွင် ယန်မိသားစု၏ သွေးများ စီးဆင်းနေသရွေ့ ထန်ယု၏ ကိစ္စမှာ သူမနှင့် မပတ်သက်ဘဲ မနေနိုင်ချေ။ လောကကို ရင်ဆိုင်ရာတွင် ယွင်ရှန်းသည် လူထက် ကိစ္စရပ် ကိုသာ အမြဲတမ်း အဓိကထားလေ့ ရှိသည်။
အထူး မှော်ဝင်အစီအရင်တစ်ခု၏ ကာကွယ်မှုကြောင့် ကြိုးဆွဲချသေဆုံးခဲ့သော အမျိုးသမီး၏ ရုပ်အလောင်းမှာ ပုပ်သိုးခြင်းမရှိဘဲ လုံးဝဥဿုံ တည်ရှိနေဆဲဖြစ်သည်။ သူမ၏ မျက်နှာမှာ သက်ရှိထင်ရှားရှိနေသကဲ့သို့ပင်။ အကယ်၍သာ သူမ၏ အေးစက်လှသော ခြေလက်များကို မထိတွေ့မိပါက သူမ သေဆုံးခဲ့သည်မှာ ဆယ်ရက်ကျော်ပြီဖြစ်ကြောင်း မည်သူမျှ သိနိုင်မည်မဟုတ်ချေ။
ယွင်ရှန်းသည် ထိုအမျိုးသမီး၏ သေဆုံးနေသော အခြေအနေကို ပထမဆုံး မြင်တွေ့လိုက်ရချိန်တွင် ထန်ယုအပေါ် သူမ၏ ရွံရှာမုန်းတီးမှုမှာ ပို၍ပင် နက်ရှိုင်းသွားခဲ့သည်။ သို့သော်လည်း... ခေါင်းတလားအတွင်းရှိ ထိုအမျိုးသမီးကို အနီးကပ် သေသေချာချာ စစ်ဆေးကြည့်လိုက်
သောအခါ သူမသည် ပုံမှန်မဟုတ်သော ထူးခြားချက်အချို့ကို သတိပြုမိသွားခဲ့သည်။
ယွင်ရှန်းသည် မှုခင်းဆေးပညာရှင် တစ်ဦးမဟုတ်သော်လည်း သူမ၏ ဆေးပညာသင်ကြားစဉ် ကာလတစ်လျှောက် တက္ကသိုလ်ရှိ ရုပ်အလောင်းခွဲစိတ်မှု အခန်းများတွင် အလောင်းပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသည်။ သဘာဝအတိုင်း သေဆုံးမှုများသာမက အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုများကိုပါ လေ့လာခဲ့ရသဖြင့် ရုပ်အလောင်းများနှင့် ပတ်သက်၍ အတော်အတန် နားလည်ထားသူ ဖြစ်သည်။
ပုံမှန်အားဖြင့် ဝူကျိတိုက်ကြီးပေါ်ရှိ သာမန်ပြည်သူများကြားတွင် သေဆုံးမှုတစ်ခု ဖြစ်ပွားပါက အထူးပြု မှုခင်းဆေးပညာရှင် သို့မဟုတ် စုံစမ်းစစ်ဆေးရေးမှူး မရှိသည့်အတွက် ဒေသန္တရအစိုးရကသာ သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးရလေ့ရှိပြီး ဆရာဝန်တစ်ဦးကို ခေါ်ယူ၍ အတည်ပြုခိုင်းလေ့ရှိသည်။
သို့သော် ဤဖြစ်ရပ်မှာ သိုင်းသူရဲကောင်း၏ စစ်သူကြီးအိမ်တော်နှင့် ပတ်သက်နေသဖြင့် အစိုးရအာဏာပိုင်များပင်လျှင် ကြောက်ရွံ့နေကြသည်။ နောက်ဆုံးတွင် သေဆုံးသူ အမျိုးသမီး၏ မိသားစုဝင်များက ဆေးဧကရာဇ်နန်းဆောင်မှ ဆရာဝန်တစ်ဦးကို ခေါ်ယူခဲ့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအမျိုးသမီး သေဆုံးရခြင်း အကြောင်းရင်းကို ဆုံးဖြတ်ရန် ရောက်လာသူမှာ ချန်းစစ်ဟိုင်ပင်။
အမျိုးသမီး၏ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် ချန်းစစ်ဟိုင်က ထိုအမျိုးသမီးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ကောက်ချက်ချခဲ့သည်။ ယွင်ရှန်းကိုယ်တိုင်လည်း ခေါင်းတလားအတွင်းရှိ အမျိုးသမီး၏ လည်ပင်းတွင် ထင်ရှားသော ကြိုးကွင်းရာများနှင့် ပုံပျက်နေသော မျက်နှာကို မြင်တွေ့ခဲ့ရသည်။
သူမသည် အမျိုးသမီး၏ မိသားစုဝင်များကိုလည်း မေးမြန်းခဲ့ရာ အမျိုးသမီးကို စတင်တွေ့ရှိချိန်တွင် မျက်လုံးများ ပြူးထွက်နေပြီး လျှာမှာလည်း အတော်အတန် ထွက်နေကြောင်း သိရသည်။ ဤအချက်များမှာ ကြိုးဆွဲချ သေဆုံးသူတစ်ဦးတွင် တွေ့ရလေ့ရှိသော ဇီဝကမ္မဆိုင်ရာ လက္ခဏာများပင်။
ယွင်ရှန်းသည် ဤမျှနှင့်ပင် ရပ်တန့်တော့မည် ဖြစ်သော်လည်း ပက်လက်ချထားသော အမျိုးသမီး၏ လက်ဖဝါးများပေါ်တွင် အလွန်မှေးမှိန်ပြီး တိမ်မြုပ်နေသော အမှတ်အသားအချို့ကို မတော်တဆ တွေ့ရှိသွားခဲ့သည်။ ဒဏ်ရာ၏ အရောင်အသွေးကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ အမျိုးသမီး မသေဆုံးမီကပင် ရရှိထားသော ဒဏ်ရာများဖြစ်ကြောင်း ထင်ရှားလှသည်။
ယွင်ရှန်း၏ ရင်ခုန်သံမှာ မြန်လာသည်။ အတိတ်က ရုပ်အလောင်းခွဲစိတ်မှု အတန်းတစ်ခုတွင် သူမ၏ ဆရာဖြစ်သူက ခွဲစိတ်ရန် စောင့်ဆိုင်းနေသော အလောင်းတစ်ခုကို လက်ညှိုးထိုးပြကာဤအမှုမှာ မိမိကိုယ်ကိုယ် သတ်သေဟန် ဖန်တီးထားသော်လည်း အမှန်တကယ်တော့ လူသတ်မှုသာ ဖြစ်ကြောင်း ပြောပြခဲ့သည်ကို သူမ သတိရသွားသည်။
ယွင်ရှန်းက သူမ၏ သံသယကို ရိုးရိုးရှင်းရှင်းပင် ထပ်မံပြောပြလိုက်သည်။
"အဲဒီအမျိုးသမီး သူ့ကိုယ်သူ သတ်သေဖို့ ကြိုးဆွဲချခဲ့တဲ့ နေရာက ၃ မီတာကျော် မြင့်တဲ့ ပညောင်ပင်ကြီး တစ်ပင်ဖြစ်နေတာကိုလည်း ကျွန်မ သတိထားမိတယ်။ သူမ နင်းဖို့အတွက် ဘေးနားမှာ ဘာပစ္စည်းမှ မရှိသလို သူမက သိုင်းပညာလည်း မတတ်ဘူးလေ။ အဲဒီတော့ သူမက ဘယ်လိုလုပ်ပြီး အဲဒီအမြင့်မှာ ကြိုးဆွဲချနိုင်မှာလဲ"
"မင်းပြောချင်တာက ဘာလဲ ရှန်းယွီက အသတ်ခံရတာလို့ သံသယရှိနေတာလား ဆေးဧကရာဇ်နန်းဆောင်က ဆရာဝန်တွေကိုယ်တိုင် သူမ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြုပေးထားပြီးသား။ မင်းက ဆေးဧကရာဇ်နန်းဆောင်က လူတွေထက် ပိုပြီး အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
လျိုဟောင်သည် ယွင်ရှန်း၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရချိန်တွင် အရှက်ရသလို ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
သူ၏ စေ့စပ်ထားသူမှာ ကြောက်စရာကောင်းလောက်အောင် သေဆုံးခဲ့ရပြီး ဖြစ်သလို ယခုအခါ သေဆုံးရသည့် အကြောင်းရင်းကိုပါ လူအများက မေးခွန်းထုတ်လာကြသည်။ တစ်ဖက်တွင်လည်း လူသတ်သမားဟု သူထင်ထားသည့် ထန်ယုမှာ လွတ်မြောက်နေဆဲ ဖြစ်ရာ စဉ်းစားလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်နေတော့သည်။
"ဒါက ကိုယ်ကိုကိုယ် သတ်သေတာလား ဒါမှမဟုတ် လူသတ်မှုလား ဆိုတာ သိချင်ရင်... ရုပ်အလောင်းကို အနီးကပ် ထပ်ပြီး စစ်ဆေးကြည့်ရုံပါပဲ"
ယွင်ရှန်းက အများကြီး ထပ်မပြောတော့ပေ။ သို့သော် သူမ၏ ဆိုလိုရင်းမှာ လူအားလုံးကို ယန်အိမ်တော်သို့ ခေါ်ဆောင်သွားပြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုစေလိုခြင်းပင်။
ချန်းစစ်ဟိုင်၏ ဆေးပညာမှာ ကောင်းမွန်နိုင်သော်လည်း သူသည် မှုခင်းဆေးပညာရှင်တစ်ဦး ဖြစ်နိုင်လောက်သည့် အရည်အချင်းမျိုး ရှိသည်ဟု ယွင်ရှန်း မယုံကြည်ပေ။
"မဖြစ်နိုင်တာ ရှန်းယွီက သေသွားရှာပြီ။ အဲဒီ တိရစ္ဆာန် ထန်ယုက သူမကို စော်ကားခဲ့တာတင် မလုံလောက်သေးလို့ အခု မင်းတို့က သူမရဲ့ ရုပ်အလောင်းကိုပါ ထပ်ပြီး ဖျက်ဆီးချင်နေကြတာလား"
လျိုဟောင်သည် ယွင်ရှန်းကို ရှန်းယွီ၏ ရုပ်အလောင်းအား စစ်ဆေးခွင့်ပြုရန် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ဝူကျိတိုက်ကြီး၏ ရိုးရာဓလေ့ထုံးတမ်းများအရ ကွယ်လွန်သူ၏ ရုပ်အလောင်းအပေါ် ရိုသေလေးစားမှု ထားရှိကြသည်။ ရှန်းယွီ၏ ရုပ်အလောင်းကို ယခုထက်ထိ မြေမချရသေးခြင်းမှာပင် သူမအတွက် အလွန်အရှက်ရစရာ ဖြစ်နေပြီဖြစ်ရာ အကယ်၍ ယွင်ရှန်းက လူအများရှေ့တွင် ရုပ်အလောင်းခွဲစိတ်စစ်ဆေးမှုပြုလုပ်မည်ဆိုပါက လျိုဟောင်အနေဖြင့် စိတ်ထဲမှ လုံးဝလက်မခံနိုင်သော ကိစ္စဖြစ်နေသည်။
"ဦးလေး... ကြားတယ်မလား။ သူမလည်း ပြောနေတယ်လေ... ကျွန်တော် အဲဒီအမျိုးသမီးကို ဘာမှမလုပ်ခဲ့ဘူးဆိုတာ"
ထန်ယုသည် မူလက ယွင်ရှန်း ရောက်လာသည်မှာ သူ့ကို ထပ်ဆင့်နှိပ်ကွပ်ရန်ဟု ထင်ထားခဲ့သော်လည်းယခု သူမ၏ စကားကို ကြားလိုက်ရချိန်တွင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူသည် ယွင်ရှန်းကို အသိအမှတ်ပြုသည့် အကြည့်များဖြင့် ကြည့်နေမိရာ သူမ အဆိုးရွားဆုံး အခြေအနေ ရောက်နေစဉ်က သူမကို သူတောင်းစားတစ်ယောက်လို ဆက်ဆံပြီး နှင်ထုတ်ခဲ့သူမှာ မည်သူဖြစ်သည်ကိုပင် မေ့လျော့နေပုံရသည်။
"ပါးစပ်ပိတ်ထားစမ်း။ မင်း နောက်တစ်ခွန်း ထပ်ပြောရင် ဘယ်တော့မှ စကားမပြောနိုင်အောင် ငါလုပ်ပစ်မယ်"
ယွင်ရှန်းက သူ့ကို စူးရှသော အကြည့်တစ်ချက်ဖြင့် ဟောက်လိုက်သည်။ ထိုအရှိန်အဝါကြောင့် ထန်ယုမှာ တဆတ်ဆတ် တုန်သွားတော့သည်။
ယန်အိမ်တော်တွင် ထန်ယုသည် သူ့သဘောနှင့်သူ မင်းမူနေသူ ဖြစ်သည်။ မိခင်ဖြစ်သူ၏ အလွန်အမင်း အလိုလိုက်မှု၊ အဖိုးဖြစ်သူ ယန်ပါးဟို၏ ကာကွယ်ပေးမှုနှင့် ဦးလေးဖြစ်သူ ယန်ချန်းလန်၏ ဂရုမစိုက်သော ဆက်ဆံမှုများက သူ့ကို ယခုကဲ့သို့ စရိုက်ပျက်အောင် ပုံဖော်ခဲ့ခြင်းပင်
ယွင်ရှန်းသည် သူ့ကို ဤကဲ့သို့ လေသံမျိုးဖြင့် ပထမဆုံး ပြောဆိုရဲသူ ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် ထန်ယုသည် သူမကို ပြန်မပြောရဲပေ။ သူသည် ယွင်ရှန်း၏ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသလို သူမ၏ ဒုတိယဦးလေးလက်ကို ပြန်လည်ကုသပေးခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီးမှာ သူမဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောပြထားသည်။ ထို့ပြင် သူမ၏ ဆေးဖော်စပ်မှုစွမ်းရည်မှာလည်း ထူးခြားလှသည်ဟု ကြားထားသည်။
ဝူရွှမ်းဝူကျိခန်းမမှ ဆေးပညာခန်းမ အကြီးအကဲ၏ သားမှာ ဤမိန်းကလေးကို သွားရောက်စော်ကားမိသဖြင့် အဆိပ်ခတ်သတ်ဖြတ်ခြင်း ခံလိုက်ရသည်ဟူသော သတင်းများလည်း ရှိနေသည်။ ယွင်ရှန်းကိုယ်တိုင် မသိလိုက်ဘဲ သူမ၏ အသိုင်းအဝိုင်းပြင်ပတွင် သူမသည် သွေးစွန်းသော လိုလီတာ အပြင် အဆိပ်ဆရာဝန်ဟူသော အမည်ဝှက်ကိုပါ ရရှိထားလေသည်။
ချန်းလန်နှင့် ဟောင်နုတို့သည် ဆရာဝန်များမဟုတ်ကြသော်လည်း ယွင်ရှန်း၏ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားလိုက်ရချိန်တွင် ကျိုးကြောင်းဆီလျော်သည်ဟု လက်ခံမိသွားကြသည်။ သို့သော် လျိုဟောင်မှာမူ စိတ်ခံစားချက် ပြင်းထန်နေသဖြင့် ရုပ်အလောင်းကို စစ်ဆေးရန် မည်သို့မျှ သဘောမတူနိုင်ဘဲ ဖြစ်နေသည်။
"ဒုတပ်မှူးယန်... မြင်တဲ့အတိုင်းပဲ လျိုဟောင်က ခေါင်းမာတယ်။ သူ သဘောမတူရင်တော့ ကျွန်မတို့လည်း သူ့ကို နားချဖို့ ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့... နှစ်ဖက်စလုံးကို စိတ်အေးသွားစေမယ့် နည်းလမ်းတစ်ခုတော့ ကျွန်မဆီမှာ ရှိပါတယ်"
ဟောင်နုသည် အမျိုးသားတစ်စု အဖြေရှာမရဘဲ အချင်းချင်း စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ကြားဝင်ဖြန်ဖြေသူအဖြစ် ရှေ့သို့ တိုးထွက်လာခဲ့သည်။
ယွင်ရှန်းသည် ဟောင်နုကို ကြည့်လိုက်ရာ သူမသည် လှပရုံတင်မကဘဲ စကားပြောဆိုပုံမှာလည်း အလွန်ပင် ထိမိသည်ကို တွေ့ရသည်။ မှော်ဆရာမတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပါလျက် သိုင်းပညာရှင်များကိုသာ အလေးထားသည့် ကျိုးအင်ပါယာ၏ မုဆိုးလောကတွင် အဆင့် A ရှိသူအဖြစ် အသိအမှတ်ပြုခံထားရခြင်းမှာ သူမ၌ ထူးကဲသော မှော်စွမ်းအင် သို့မဟုတ် ပါးနပ်သော နည်းဗျူဟာများ ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
တစ်ခါတလေတွင် အမျိုးသမီးတစ်ဦး၏ အခန်းကဏ္ဍမှာ အမျိုးသားများထက် ပိုမိုထိရောက်နိုင်သည် မဟုတ်ပါလား။
"ဒုတပ်မှူးဟောင်ရဲ့ အစီအစဉ်က ဘာလဲဆိုတာ ပြောပါဦး"
ယွင်ရှန်းသည် သူမ၏ ရည်ရွယ်ချက်ကို မသိသေးသဖြင့် ဟောင်နု၏ အစီအစဉ်အတိုင်း လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မတို့အားလုံးက မုဆိုးတွေပဲလေ။ မုဆိုးတွေ အလုပ်ကိစ္စပြောရင် အမြဲတမ်း လက်ခံထားတဲ့ စည်းမျဉ်းတစ်ခုပဲ ရှိတယ်။ အစွမ်းထက်တဲ့သူကပဲ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတာပါပဲ။ အခု ဒီမှာ ဝံပုလွေသွားနဲ့ ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေ ရှိနေကြတာပဲ။ ဘာလို့ နှစ်ဖက်စလုံးက လူသုံးယောက်စီ ရွေးပြီး ယှဉ်ပြိုင်ကြတာမျိုး မလုပ်ရမှာလဲ။ သုံးပွဲမှာ နှစ်ပွဲနိုင်တဲ့ဘက်က နောက်ဆုံးဆုံးဖြတ်ချက်ကို ချခွင့်ရမယ်ပေါ့"
ဟောင်နုက ရယ်မောရင်း ပြောလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက ယန်ချန်းလန်ဆီတွင် ခဏမျှ ရပ်တန့်သွားခဲ့သည်။