အခန်း (၃၅၄)
Vol. 35 Ch. 354
ယွင်ရှန်းသည် အခြေအနေကို အကဲခတ်ကြည့်လိုက်ရာ သူမ၏ ဒုတိယဦးလေး၊ သူမကိုယ်တိုင်
နှင့် ကျိုးချွမ်တို့မှာလည်း သုံးယောက်တစ်ဖွဲ့ ဖြစ်နေသည်ကို တွေ့ရသည်။
သို့သော် အင်အားချင်း နှိုင်းယှဉ်ကြည့်မည်ဆိုပါက... သူမ၏ဦးလေး ယန်ချန်းလန်၏ စွမ်းရည်မှာ ငြင်းပယ်စရာမရှိသလို တစ်ဖက်မှ အဖွဲ့ခေါင်းဆောင် ချန်းလန်၏ အင်အားမှာလည်း အားနည်းမည့်ပုံမပေါ်ပေ။
ဟောင်နုဆိုသူ အမျိုးသမီးမှာမူ သူမ၏ မှော်လှံတံတွင် မှော်ဝိညာဉ်ကျောက်လေးလုံးအထိ မြှုပ်နှံထားရာ သူမသည် သန့်စင်သော မှော်ဆရာမအဆင့်ရှိသူ ဖြစ်သည်။
လျိုဟောင်ဆိုသော လူငယ်မှာမူ ထိုမျှငယ်ရွယ်သည့် အသက်အရွယ်နှင့် အဆင့် B မုဆိုးစစ်သည်တစ်ဦး ဖြစ်လာနိုင်ခြင်းကြောင့် သူ၏ခွန်အားမှာ သိုင်းဝိဇ္ဇာအဆင့်တွင် ရှိနေပေလိမ့်မည်။
အပေါ်ယံကြည့်ရုံနှင့်ပင် ဝံပုလွေသွားတပ်ဖွဲ့၏ အင်အားမှာ ကောင်းကင်လိုက်လံရှာဖွေရေးထက် ပိုမိုသာလွန်နေသည်မှာ ထင်ရှားလှသည်။ အဆုံးတွင် ဤပြိုင်ပွဲမှာ ငါးပွဲယှဉ်ပြိုင်၍ သုံးပွဲနိုင်သူက အနိုင်ရရှိမည့် ပုံစံမျိုး ဖြစ်သွားခဲ့သည်။
"ရှန်းအာ..."
ယန်ချန်းလန်သည်လည်း ဤအချက်ကို သတိပြုမိသွားသည်။ သူသည် ယွင်ရှန်းကို လှည့်စားခြင်းမခံရစေရန် သတိပေးတော့မည့်ဆဲဆဲမှာပင် ယွင်ရှန်းက ဦးအောင် စကားစတင်လိုက်သည်။
"ငါးပွဲကစားလို့ သုံးပွဲနိုင်တဲ့စနစ်နဲ့ ယှဉ်ပြိုင်တာကို လက်ခံပါတယ်။ ဒါပေမဲ့... ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်မလဲဆိုတာကိုတော့ ကျွန်မတို့ဘက်ကပဲ ဆုံးဖြတ်ပါရစေ"
"သဘောတူပါတယ်။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်သူတွေဟာ ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့ဝင်တွေပဲ ဖြစ်ရမယ်နော်"
ဟောင်နုက ပြောလိုက်ရင်း သူမ၏ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ကို ယီပိုင်မင်းဆီသို့ ပစ်လွှတ်လိုက်သည်။
ဤအလွန်အမင်း ချောမောခန့်ညားသော အမျိုးသားသည် ဇရပ်အတွင်းသို့ ဝင်လာကတည်းက တစ်ခွန်းမျှမဆိုဘဲ တိတ်ဆိတ်နေခဲ့သူ ဖြစ်သည်။
သို့သော် မည်သူမျှ သူ့ကို လျစ်လျူရှုထား၍ မရနိုင်ချေ။ ဟောင်နု၏ ကျင့်ကြံမှု အဆင့်အတန်းနှင့်ပင်လျှင် ဤအမျိုးသား၏ စွမ်းအားအဆင့်ကို သူမ အကဲမဖြတ်နိုင်ဘဲ ဖြစ်နေသည်။
"သူက ကျွန်မတို့ တပ်ဖွဲ့ဝင် မဟုတ်သလို သူ ဝင်ပြီး ယှဉ်ပြိုင်မှာလည်း မဟုတ်ဘူး"
ယွင်ရှန်းက ယီပိုင်မင်းနှင့် သူမ၏ ပတ်သက်မှုကို အလျင်အမြန်ပင် ရှင်းလင်းလိုက်သည်။ သူမသည် ယီပိုင်မင်းကို ဤကိစ္စတွင် ပါဝင်ပတ်သက်စေရန် လုံးဝရည်ရွယ်ချက်မရှိပေ။
"တောကြောင်မလေး... မင်း အဲဒီလိုပြောတာ ကြားရတာ ဒီမင်းသားကို တကယ်ပဲ ဝမ်းနည်းစေတယ်ကွာ"
ယီပိုင်မင်းက သူ၏နှာခေါင်းကို တို့လိုက်ရင်း သူ၏ချောမောသော မျက်နှာထက်တွင် အတင်းအကျပ် ပြုံးထားရသည့် ရှုံ့မဲ့မဲ့အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
အမှန်တကယ်တွင်လည်း ယီပိုင်မင်းအနေဖြင့် အရပ်ဘက်ကိစ္စများတွင် တိုက်ရိုက်ပါဝင်ရန်မှာ အဆင်မပြေလှပေ။ အထူးသဖြင့် လက်ရှိ ကျိုးအင်ပါယာ အတွင်းရှိ ယန်အိမ်တော်၏ နုနယ်သော အခြေအနေအရ ကျိုးဧကရာဇ်သည် ဤပဋိပက္ခကို အဝေးမှနေ၍သာ စောင့်
ကြည့်လိုဟန်ရှိသည်။ ပါဝင်ပတ်သက်မှု မရှိဟု နာမည်ကျော်သည့် မင်းသားတစ်ပါးအနေဖြင့်ရံဖန်ရံခါ မုဆိုးတစ်ဦးအသွင်ဖြင့် လှုပ်ရှားခြင်းကို ဧကရာဇ်က ကန့်ကွက်မည်မဟုတ်
သော်လည်း ယန်အိမ်တော်နှင့် တိုက်ရိုက်ပတ်သက်နေခြင်းမျိုးမှာမူ ပုံစံတစ်မျိုး ပြောင်းလဲသွားနိုင်ပေသည်။
"ပွင့်လင်းတာပဲ။ ဒုတပ်မှူးယန်... ရှင် ကတိပေးပြီးပြီဆိုတော့ ကျွန်မတို့ ဝံပုလွေသွား ဘက်ကလည်း အဆုံးအထိ လိုက်ပေးမှာပါ။ အကယ်၍ ရှင်တို့ နိုင်မယ်ဆိုရင် လျိုဟောင်နဲ့ ရှန်းယွီရဲ့ မိသားစုတွေကို ဒုတိယအကြိမ် ရုပ်အလောင်းစစ်ဆေးခွင့်ပြုဖို့ ကျွန်မ နားချပေးမယ်။ ဒါပေမဲ့ ရှင်တို့ ရှုံးမယ်ဆိုရင်တော့... ထန်ယုကို ကျွန်မတို့ဆီ အပ်ရမယ်"
ဟောင်နု၏ လှပသော မျက်ဝန်းများမှာ အေးစက်စွာ ဝင်းလက်သွားတော့သည်။
ထန်ယုမှာမူ ကြောက်လန့်လွန်းသဖြင့် ချွေးများ တရွှဲရွှဲထွက်နေပြီဖြစ်သည်။ ဤလူများမှာ သူ့ဆီက သဘောထားတစ်ခွန်းမှ မမေးဘဲ သူ့အသက်ကို လောင်းကြေးအဖြစ် အသုံးချနေကြသည်ဟု သူ အော်ဟစ်ပြောဆိုချင်နေမိသည်။ သို့သော် ယွင်ရှန်း၏ အစောပိုင်း သတိပေးချက်
နှင့် သူမ၏ စူးရှသော အကြည့်များကို သတိရလိုက်သဖြင့် သူသည် သူ့ကိုယ်သူသာ ထိန်းချုပ်လိုက်ရပြီး မျက်နှာတစ်ခုလုံး နီမြန်းလျက် ယီပိုင်မင်း၏ ဘေးတွင် ရပ်နေရတော့သည်။ သူသည် ဤအင်အားချင်း တူညီသောမုဆိုးတပ်ဖွဲ့များ၏ ပြိုင်ပွဲကို စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိတော့ချေ။
ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းရန် ခက်ခဲလှသည်။ ယန်ချန်းလန်သည် ယွင်ရှန်းဘက်သို့ လှည့်ကာ အသံကိုနှိမ့်၍ ပြောလိုက်သည်။
"ရှန်းအာ... မင်း ဘာတွေ စဉ်းစားနေတာလဲ ဟောင်နုနဲ့ လျိုဟောင်တို့က မင်းတို့နှစ်ယောက်ထက် စွမ်းရည်အများကြီး ပိုသာနေတာ သိသာနေတာပဲ။ ငါတို့ နိုင်ဖို့ဆိုရင် အနည်းဆုံး နှစ်ပွဲတော့ အပြတ်အသတ် နိုင်မှရမှာလေ"
ယွင်ရှန်းတွင် လှည့်ကွက်ပေါင်းစုံ ရှိသည်ကို သူ သိထားသော်လည်း တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်ရမည့် တိုက်ပွဲများတွင်မူ မည်မျှပင် ပါးနပ်ပါစေ အသုံးမဝင်နိုင်ဟု သူ ယူဆနေမိသည်။ သူကိုယ်တိုင်ကတော့ ချန်းလန်ကို အနိုင်ယူနိုင်ကောင်း ယူနိုင်လိမ့်မည်။ သို့သော် ယွင်ရှန်းနှင့် ကျိုးချွမ်တို့ နောက်ထပ်တစ်ပွဲ အနိုင်ရရန်မှာမူ...
"ဒုတိယဦးလေး... နှစ်ပွဲနိုင် တစ်ပွဲရှုံး ဆိုရင်တောင် ကျွန်မတို့မှာ အနိုင်ရဖို့ အခွင့်အရေး ၅၀ ရာခိုင်နှုန်းကျော် ရှိနေပါသေးတယ်"
ယွင်ရှန်းက ဟောင်နုကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မှော်လှံတံပေါ်တွင် တူညီသော မီးဓာတ်ဝိညာဉ်ကျောက်များ စီတန်းနေသည်မှာ ယွင်ရှန်းအတွက်မူ အောင်ပွဲ၏ အချက်ပြသံကဲ့သို့ပင် မြင်ယောင်နေမိသည်။
အကယ်၍ ဤပြိုင်ပွဲမှာ လွန်ခဲ့သော တစ်လကသာ ဖြစ်ခဲ့လျှင်၊ သူမသည် ဟောင်နုကဲ့သို့သော သန့်စင်သော မှော်ဆရာမတစ်ဦးနှင့် ယှဉ်ပြိုင်ရန်အထိ မိုက်မဲမည်မဟုတ်ချေ။ သန့်စင်သောမှော်ဆရာတစ်ဦး၏ မှော်ကျင့်ကြံမှုမှာ ထိုစဉ်က မှော်ညွှန်ကြားရေးမှူးအဆင့်သာရှိသေးသော ယွင်ရှန်းထက် မှော်အဆင့် နှစ်ဆင့်ခန့် ပိုမိုမြင့်မားနေသောကြောင့် ဖြစ်သည်။ မှော်အဆင့် နှစ်ဆင့်၏ ကွာခြားချက်မှာ အလွယ်တကူ ကျော်လွှားနိုင်သည့်အရာ မဟုတ်ပေ။
သို့သော် ယွင်ရှန်းအနေဖြင့် မီးလျှံနတ်သမီးဝိညာဉ်မီးလျှံကို ရရှိပိုင်ဆိုင်ပြီးနောက်တွင်မူ အခြေအနေများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်ချန်း... ကျွန်တော်က ယီပိုင်မင်းပါ။ ဒုတပ်မှူးယန်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်ဖြစ်သလို ဒီနေ့ ကျိုးအင်ပါယာရဲ့ နာမည်ကြီး တပ်ဖွဲ့ကြီးနှစ်ခု ယှဉ်ပြိုင်ကြတာကို မြင်တွေ့ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်မှာ ထူးခြားတဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဒီပွဲမှာ ကျွန်တော်က ဒိုင်လူကြီး အဖြစ် ဆောင်ရွက်ပေးချင်တာပါပဲ"
ယီပိုင်မင်းသည် ရင်းနှီးသော မိတ်ဆွေ ဟူသော စကားလုံးကို ပြောဆိုရာတွင် အထူးပင် လေးနက်စေခဲ့ရာ ကြားရသူတိုင်းအတွက် ထိုစကား၏ အထူးအဓိပ္ပာယ်မှာ ရှင်းလင်းနေတော့သည်။
ယန်ချန်းလန်နှင့် ကျိုးချွမ် တို့နှစ်ဦးစလုံးမှာ ထူးဆန်းသောအမူအရာဖြင့် ယွင်ရှန်းကို ကြည့်လိုက်ကြသည်။ သို့သော် ယွင်ရှန်းကမူ ယီပိုင်မင်းကို မျက်စောင်းသာ ထိုးလိုက်လေသည်။ ယီပိုင်မင်းကမူ ကျေနပ်အားရသော အမူအရာဖြင့် သူမကို မျက်စိတစ်ဖက် မှိတ်ပြ၍ တုံ့ပြန်လိုက်သည်။
ယီဟူသော မျိုးရိုးအမည်မှာ ကျိုးတော်ဝင်မိသားစုဝင်များသာ သုံးစွဲသည့် အမည်ဖြစ်ရာ၊ သူ၏ မြင့်မြတ်သော အရှိန်အဝါနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ မမေးဘဲနှင့် သိသာနေပြီဖြစ်သည်။ ထို့ကြောင့် ချန်းလန် အနေဖြင့် ငြင်းပယ်ရန် ခက်ခဲသွားခဲ့သည်။ တော်ဝင်မိသားစုမှ လူတစ်ဦး မျက်မြင်သက်သေ ရှိနေခြင်းမှာ ကောင်းမွန်လှသည်။ သို့မှသာ ပွဲပြီးသည့်အခါ တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံစရာ မရှိတော့ပေ။
ချန်းလန်နှင့် ယန်ချန်းလန်တို့နှစ်ဦးစလုံးမှာ ယီပိုင်မင်း၏ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မည့် ကမ်းလှမ်းချက်ကို မကန့်ကွက်ခဲ့ကြပေ။ ပြိုင်ပွဲမစတင်မီ နှစ်ဖက်စလုံးမှာ ပါဝင်ယှဉ်ပြိုင်မည့်သူများ၏ အစီအစဉ်ကို သတ်မှတ်ရန် အချိန်တိုအတွင်း ဆွေးနွေးမှုများ ပြုလုပ်ကြရသည်။ ဇရပ်အတွင်းရှိ လူများမှာလည်း တပ်ဖွဲ့ကြီးနှစ်ခု၏ တိုက်ပွဲကြောင့် ပျက်စီးမသွားစေရန် ပိုလျှံနေသော စားပွဲများကို ဖယ်ရှားရှင်းလင်းပေးလိုက်ကြတော့သည်။
ယွင်ရှန်းသည် ယန်ချန်းလန်နှင့် ကျိုးချွမ်တို့ကို တစ်ဖက်သို့ ဆွဲထုတ်သွားပြီး အသံကို တမင်နှိမ့်၍ ပြောဆိုနေသည်။ အခြားသူများ ကြားသွားမည်ကို သူမ အလွန်စိုးရိမ်ပုံရသဖြင့် သူတို့ပတ်ပတ်လည်တွင် မှော်အစီအရင်တစ်ခုကိုပင် ခံတားထားလိုက်သေးသည်။
အခြားတစ်ဖက်တွင်မူ ဝံပုလွေသွားတပ်ဖွဲ့ဝင်များမှာ တည်ငြိမ်အေးဆေးစွာ ရှိနေကြသည်။
"ဒီယန်ယွင်ဆိုတဲ့ တစ်ယောက် စိတ်များ ဖောက်ပြန်နေတာလား ဒုတပ်မှူးဟောင်ရဲ့ အခြေအနေတွေကို ဒီလောက်လွယ်လွယ်နဲ့ သဘောတူလိုက်လိမ့်မယ်လို့ မထင်ထားဘူး။ သူတို့ရဲ့ မစို့မပို့ စွမ်းရည်လေးတွေနဲ့ ကျွန်တော်တို့ သုံးယောက်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ"
လျိုဟောင်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင် သူသည် မုဆိုးစောင့်ကြပ်ရေးမြို့တော်၌ လူသတ်ပွဲကြီးဆင်နွှဲပြီး အားလုံးကို တုန်လှုပ်စေခဲ့သည့် ယန်ယွင်နှင့် သူ၏ရှေ့မှ အန္တရာယ်ကင်းပုံရသော မိန်းကလေးမှာ တစ်ဦးတည်း ဟုတ်မဟုတ်ကိုပင် သံသယဝင်လာတော့သည်။ တစ်နှစ်အတွင်းမှာတင် လူတစ်ယောက်၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံက ဤမျှအထိ သိသိသာသာ ပြောင်းလဲသွားနိုင်ပါ့မလားဟု သူ တွေးနေမိသည်။
"ရန်သူကို အထင်မသေးနဲ့"
ဟောင်နုကမူ ယွင်ရှန်း၏ တက်ကြွလှုပ်ရှားမှုကြောင့် သူမ၏ သတိကို လျှော့မချခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယွင်ရှန်း၏ အပြုံးနောက်ကွယ်တွင် တစ်စုံတစ်ခု ဖုံးကွယ်ထားသည်ဟု သူမ အမြဲခံစားနေရသည်။
"ငါလည်း အဲဒီလိုပဲ ခံစားရတယ်။ မင်းတို့ သတိမထားမိဘူးလား... ယန်ချန်းလန်က တပ်မှူးဖြစ်ပေမဲ့ သူရော အဲဒီမုဆိုးစစ်သည်ရောက ယန်ယွင်ရောက်လာပြီးကတည်းက သူမ ခိုင်းတာကိုပဲ နားထောင်နေကြသလိုပဲ"
တပ်မှူးတစ်ဦးဖြစ်သည့် ချန်းလန်က အရာရာကို ပို၍ စေ့စပ်စွာ စဉ်းစားတတ်သူ ဖြစ်သည်။
မုဆိုးစစ်သည်လေးက ယန်ယွင်စကားကို နားထောင်သည်ဆိုလျှင် ကျိုးကြောင်းဆီလျော်သေးသော်လည်း တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာသည့် ဝါရင့်တပ်မှူး ယန်ချန်းလန်ကိုယ်တိုင်ကပါ သူမနောက်လိုက်နေခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။
"ဒါနဲ့ လျိုဟောင်... မင်းအရင်ကကြည့်ခဲ့တဲ့ မှော်အလင်းဝင်ရိုးစွန်း မှတ်တမ်းအရ ယန်ယွင်က ဆင့်ခေါ်ပညာရှင်တစ်ယောက်လို့ ပြောတယ်မလား"
ဟောင်နုသည် အထပ်ထပ်အခါခါ စဉ်းစားနေသော်လည်း ဝိညာဉ်ကျောက် နှစ်လုံးသာပါသည့် ယွင်ရှန်း၏ မှော်လှံတံကို ကြည့်ရင်း သူမ၏ ယုံကြည်ချက်မှာ ဘယ်ကလာသလဲဆိုသည်ကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။
ဖြစ်နိုင်ခြေတစ်ခုမှာ ယွင်ရှန်း၏ ဆင့်ခေါ်သားရဲကြောင့်သာ ဖြစ်ပေလိမ့်မည်။ သို့သော် သူမသည် ယွင်ရှန်း၏ ဆင့်ခေါ်သားရဲကို တစ်ခါမျှ မမြင်ဖူးသေးချေ။
"ဟုတ်ကဲ့ ကျွန်တော် မှတ်မိသလောက်ဆိုရင် သူမရဲ့ ဆင့်ခေါ်သားရဲက ထူးထူးခြားခြားတော့ မဟုတ်ပါဘူး... ခွေးတစ်ကောင်လား မသိဘူး"
လျိုဟောင်သည် ထိုမှတ်တမ်းကို အကြိမ်ကြိမ် အခါခါ ကြည့်ခဲ့ဖူးသဖြင့် အတွင်းမှ မြင်ကွင်းများကို အလွတ်ရနေပြီဖြစ်သည်။
"ဟင်း... အဲဒီအချိန်ကျရင်တော့ သူ ဆင့်ခေါ်ခွင့်တောင် မရစေရဘူးလို့ ငါ အာမခံတယ်"
သန့်စင်သော မှော်ဆရာမတစ်ဦးအနေဖြင့် ဟောင်နုသည် သာမန်မှော်ဆရာများထက် ဆယ်ဆမျှ ပို၍ မြန်ဆန်စွာ မှော်စာသားများကို ရွတ်ဆိုနိုင်သည်။ အကယ်၍ ယွင်ရှန်းက တိုက်ပွဲအတွင်း ဆင့်ခေါ်သားရဲကို ထုတ်သုံးဖို့ မျှော်လင့်နေဦးမည်ဆိုလျှင်တော့ သူမ အကြီးအကျယ် မှားသွားပေလိမ့်မည်။
ယီပိုင်မင်းနှင့် ထန်ယုတို့မှာမူ ဘေးတွင် ရပ်နေကြပြီး နှစ်ဖက်စလုံး ဘာတွေ ဆွေးနွေးနေကြသည်ကို မသိရှိကြချေ။ ထန်ယုသည် အခွင့်ကောင်းယူ၍ ထွက်ပြေးချင်သော်လည်း သူ၏ဘေးမှ ယီပိုင်မင်းကို လှမ်းကြည့်လိုက်ရုံနှင့် ထွက်ပြေးလိုသည့် စိတ်ကူးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ယီပိုင်မင်းမှာ ဒီအတိုင်း ရပ်နေခြင်း ဖြစ်သော်လည်း သူ၏ အရှိန်အဝါကြောင့်ပင် ထန်ယုမှာ ခြေထောက်များ တဆတ်ဆတ် တုန်နေရပြီဖြစ်သည်။
ထန်ယုသည် ယွင်ရှန်းကို ကြောက်ရွံ့သည်ဆိုလျှင် ယီပိုင်မင်းအပေါ်တွင်မူ အကြွင်းမဲ့ ရိုသေကြောက်လန့်မှု ရှိနေခြင်းဖြစ်သည်။ မုဆိုးတပ်ဖွဲ့ဝင်များက ယီပိုင်မင်း၏ အစစ်အမှန် မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိနိုင်သော်လည်း ထန်ယုကမူ ကောင်းကောင်း သိထားသည်။
သူသည် ဝူရွှမ်းဝူကျိခန်းမတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသည်။ ယီပိုင်မင်းနှင့် ပတ်သက်သည့် အလွန်အမင်း စွမ်းအားကြီးမားလှသော ဒဏ္ဍာရီပုံပြင်များကို သူ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။