← Chapters

အခန်း (၃၅၆)

Vol. 35 Ch. 356

အခန်း (၃၅၆)

Vol. 35 Ch. 356

၃၅၆

ထိုပုံပြင်မှာ သူ့နိုင်ငံ၏ ဧကရာဇ်မင်းနှင့် မြင်းပြိုင်ခဲ့သော ထျန်းကျီအမည်ရှိ ဝန်ကြီးတစ်ဦးအကြောင်း ဖြစ်သည်။ မြင်းပြိုင်ပွဲ၏ စည်းမျဉ်းမှာ သုံးပွဲပြိုင်၍ နှစ်ပွဲနိုင်သူ အောင်နိုင်သူအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ထျန်းကျီသည် ပြိုင်ပွဲတိုင်းတွင် ရှုံးနိမ့်နေခဲ့သည်။ အကြောင်းမှာ မည်သူ၏ မြင်းမျှ ဧကရာဇ်မင်း၏ မြင်းများကို မကျော်လွန်နိုင်သောကြောင့်ပင်။

နောက်ဆုံးတွင် အိမ်ရှိ စစ်ဗျူဟာရှင်တစ်ဦး၏ အကြံပေးချက်အရ ထျန်းကျီသည် ပိုမိုပါးနပ်သော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ ပြိုင်ပွဲမှာ သုံးပွဲပြိုင်စနစ်ပင် ဖြစ်သော်လည်း နှစ်ဖက်စလုံးတွင် အကောင်းဆုံး၊ အလယ်အလတ်နှင့် အညံ့စားဟူ၍ မြင်းသုံးမျိုးစီ ရှိကြသည်။

ယခင်ပြိုင်ပွဲများတွင် ထျန်းကျီသည် အမြဲရှုံးနိမ့်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ ဗျူဟာကို ပြောင်းလဲလိုက်သည်။ သူသည် သူ၏ အညံ့စားမြင်းဖြင့် ဧကရာဇ်၏ အကောင်းဆုံးမြင်းကို ရင်ဆိုင်စေသည်။ ထို့နောက် သူ၏ အလယ်အလတ်မြင်းဖြင့် ဧကရာဇ်၏ အညံ့စားမြင်း ကို အနိုင်ယူစေပြီး သူ၏ အကောင်းဆုံးမြင်းဖြင့် ဧကရာဇ်၏ အလယ်အလတ်မြင်းကို ရင်ဆိုင်စေခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် အမှန်တကယ်ပင် အောင်ပွဲဆင်နိုင်ခဲ့ခြင်းပင်။

ယွင်ရှန်းသည် ထိုပုံပြင်ကို ဥပမာပေး၍ ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့နှင့် ဝံပုလွေသွား တပ်ဖွဲ့တို့ကြားမှ လက်ရှိအင်အားကွာခြားမှုကို ချိန်ညှိခဲ့သည်။

ယန်ချန်းလန်နှင့် ချန်းလန်တို့မှာ နှစ်ဖက်စလုံး၏ အကောင်းဆုံးမြင်း များ ဖြစ်ကြသည်။ အင်အားချင်းအရ သူတို့နှစ်ဦးကြားတွင် မည်သူက ပိုသာသည်ဟု အတိအကျပြောရန် ခက်ခဲလှသည်။ ဤပြိုင်ပွဲမှာ တစ်ချက်ထိမှန်ရုံနှင့် အနိုင်အရှုံး ဆုံးဖြတ်မည်ဖြစ်ရာ ယန်ချန်းလန်အနေဖြင့် အနိုင်ရရန် လုံးဝဥဿုံ ယုံကြည်ချက်မရှိပေ။

ယွင်ရှန်းနှင့် ဟောင်နုတို့မှာမူ အလယ်အလတ်မြင်းများ ဖြစ်ကြပြီး မှော်ဆရာတစ်ဦး၏ စွမ်းအားမှာ တိုက်ပွဲဝင်ပြီးမှသာ အဖြေထွက်ပေလိမ့်မည်။

ကျိုးချွမ်နှင့် လျိုဟောင်တို့မှာမူ အညံ့စားမြင်းများဖြစ်ရာ အပေါ်ယံကြည့်လျှင် လျိုဟောင်က ကျိုးချွမ်ထက် အနည်းငယ် ပို၍ အစွမ်းထက်ပုံပင်။

အကယ်၍ ပြိုင်ပွဲသုံးပွဲစလုံးမှာ အားလုံးမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့လျှင် ယန်ချန်းလန်သည် သရေကျနိုင်ပြီး ကျိုးချွမ်သည် ရှုံးနိမ့်ကာ ယွင်ရှန်း၏ ရလဒ်မှာမူ မရေမရာ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင် အလုံးစုံအနိုင်ရရန် အခွင့်အရေးမှာ အလွန်နည်းပါးလှသည်။

သို့သော် ယွင်ရှန်း၏ အစီအစဉ်အတိုင်းသာ သွားမည်ဆိုပါက အခြေအနေမှာ ပြောင်းလဲသွားသည်။ ကျိုးချွမ်က တမင်ရှုံးပေးမည်ဖြစ်ပြီး ယန်ချန်းလန်မှာမူ အဆင့်နိမ့်သူနှင့်တွေ့၍အသေအချာ အနိုင်ရမည်ဖြစ်သည်။ ထိုအခါ ယွင်ရှန်း၏ ရလဒ်မှာ အဆုံးအဖြတ် ဖြစ်လာတော့သည်။ ဤဗျူဟာအရ ယွင်ရှန်းအနေဖြင့် သရေကျအောင် ကစားနိုင်ရုံဖြင့် ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့မှာ အရှုံးမရှိဘဲ တည်ရှိနေမည်ဖြစ်ပြီး အကယ်၍ သူမ အနိုင်ရခဲ့လျှင်မူ အလုံးစုံအောင်ပွဲကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။

ယွင်ရှန်း၏ ရှင်းပြချက်မှတစ်ဆင့် ယန်ချန်းလန်သည် လုံးဝအသစ်စက်စက်ဖြစ်သော စစ်သေနင်္ဂဗျူဟာတစ်ခုကို သိမြင်သွားခဲ့ပြီး အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ ယွင်ရှန်းကမူ သူမ၏ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်နေမိသည်။

စစ်သူကြီးစွန်းရဲ့ စစ်သေနင်္ဂဗျူဟာ... အပြစ်မတင်ပါနဲ့ဦး မျိုးဆက်သစ်တူမလေးက ခဏလောက် ငှားသုံးပါရစေ။

ဤသို့ဖြင့် လက်ရှိတိုက်ပွဲဗျူဟာကို သတ်မှတ်လိုက်ကြသည်။

ယွင်ရှန်းနှင့် သူမ၏အဖွဲ့မှာ ပရိယာယ်သုံးနေမှန်း သိသော်လည်း ချန်းလန်မှာ ဘာမျှမတတ်နိုင်ပေ။ အကြောင်းမှာ သူတို့၏ ဒုတပ်မှူးကိုယ်တိုင်က ပြိုင်ပွဲမစမီမှာပင် ပြိုင်ပွဲဝင်မည့်သူနှင့် အစီအစဉ်ကို တစ်ဖက်က စိတ်ကြိုက်စီစဉ်နိုင်သည်ဟု ကြေညာခဲ့ပြီးသားပင်။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ပြိုင်ကြတာပေါ့။ ဒီလိုလူငယ်လေးတစ်ယောက်ကိုတော့ ငါ့ရဲ့ လက်သီးတစ်ချက်တည်းနဲ့တင် ကျောရိုးတစ်ခုလုံးကို အပိုင်းပိုင်းကျိုးသွားအောင် လုပ်ပစ်နိုင်တယ်"

ချန်းလန်သည် ဤမျှအထိ ဒေါသထွက်ခဲ့ရသည်မှာ ကြာလှပြီဖြစ်သည်။

သူသည် သူ၏ဒေါသများကို ကျိုးချွမ်အပေါ်တွင် ပုံချရန် ဆုံးဖြတ်လိုက်သည်။ တစ်ချက်ထိမှန်လျှင် ရပ်ရန် သဘောတူထားသော်လည်း တစ်ဖက်လူက သူ့အပေါ် လေးစားမှုမရှိဘဲ ဤကဲ့သို့ ပြုမူခဲ့ခြင်းကြောင့် သူကလည်း ကရုဏာထားနေတော့မည် မဟုတ်ချေ။ မသေအောင်သာ ထိန်းတိုက်မည်ဖြစ်သော်လည်း ထိမှန်ရုံ ဆိုသည့် စည်းကမ်းကိုတော့ အပြည့်အဝ အသုံးချပေလိမ့်မည်။

"အဖွဲ့ခေါင်းဆောင်ချန်း... ကျွန်တော်က ရှင့်ကို ဘယ်လိုလုပ်ပြီး ယှဉ်တိုက်ရဲမှာလဲဗျာ။ ကျွန်တော်တို့ ဒုတပ်မှူးလေးက ပြောတယ်... ဒီပထမပွဲမှာ ကျွန်တော်က အရှိန်အဝါလေးပြရုံပဲတဲ့။ အဲဒါကြောင့် ကျွန်တော် လက်လျှော့ပါတယ် အရှုံးပေးပါတယ်ဗျာ"

ကျိုးချွမ်သည် ပြောပြောဆိုဆိုနှင့်ပင် လက်လှည့်မှော်ပြသကဲ့သို့ အဖြူရောင်လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာ ဝှေ့ယမ်းပြလိုက်တော့သည်။

"ကျွန်တော်တို့ သခင်မလေးက ပြောတယ်... မနိုင်ဘူးဆိုရင် လက်လျှော့လို့ရတယ်တဲ့။ တစ်ခါတလေမှာ ထွက်ပြေးတာကလည်း အောင်ပွဲတစ်မျိုးပဲလေ"

ချန်းလန်၏ မျက်နှာမှာ မင်ရည်နှင့် အပက်ခံထားရသကဲ့သို့ မည်းမှောင်ပြီး ညိုပုပ်သွားတော့သည်။ သူသည် ကျိုးချွမ်ကို တစ်လှည့် ယွင်ရှန်းကို တစ်လှည့် လက်ညှိုးထိုးရင်း စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့နေပြီးမှ အားယူကာ အော်ဟစ်လိုက်သည်။

"ကောင်းပြီ တကယ်ကို ကောင်းတာပဲ"

"အခြေအနေက ဒီလိုဆိုတော့ ကျွန်တော် ရလဒ်ကို ကြေညာပေးပါ့မယ်။ ပထမဆုံးပွဲမှာ အဖွဲ့ခေါင်းဆောင်ချန်းလန် အနိုင်ရပါတယ်။ ဒါဟာ ကျွန်တော် မြင်ဖူးသမျှထဲမှာ အမြန်ဆုံး ပြီးဆုံးသွားတဲ့ ပြိုင်ပွဲပါပဲ"

ယီပိုင်မင်းကမူ အဖွဲ့ခေါင်းဆောင်ချန်းလန်မှာ ဒေါသကြောင့် အတွင်းကြေဒဏ်ရာများ ရနေလောက်ပြီဟု တွေးတောမိလိုက်သည်။

"ကဲ... ဒုတိယပွဲစဉ်ကို ဆက်ကြရအောင်။ ဒုတိယပွဲကတော့..."

ယီပိုင်မင်းက နှစ်ဖက်စလုံး၏ လူစာရင်းကို တစ်ချက်ကြည့်လိုက်သည်။

ဝံပုလွေသွားတပ်ဖွဲ့ဘက်မှ လျိုဟောင်ရှေ့သို့ လှမ်းထွက်လာသည်။ ကောင်းကင်မုဆိုးတပ်ဖွဲ့ဘက်မှမူ ယန်ချန်းလန်မှာ အားနာဟန်ဖြင့် သက်ပြင်းချကာ ထွက်လာခဲ့သည်။

"တပ်မှူးယန်... ကျွန်တော့်ရဲ့ ကျင့်ကြံမှုက အားနည်းတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ မင်းရဲ့ ပြိုင်ဘက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ဝံပုလွေသွား တပ်ဖွဲ့ဝင်တစ်

ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကတော့ အသက်သေချင်သေပါစေ။ ခေါင်းပြတ်ချင်ပြတ်ပါစေ၊ သွေးမြေကျချင်ကျပါစေ... သိက္ခာကိုတော့ အကျမခံနိုင်ဘူး ဆိုတာပါပဲ။ ဒါကြောင့် ဒီတိုက်ပွဲကနေ ကျွန်တော် ရှောင်လွှဲမှာ မဟုတ်ပါဘူး"

လျိုဟောင်သည် အမှန်တကယ်ပင် ယောကျ်ားပီသလှသူဖြစ်သည်။ သူနှင့် ယန်ချန်းလန်ကြားရှိ အင်အားကွာခြားမှုကို သိရှိသော်လည်း သူသည် စိတ်ကိုတင်းကာ တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

လျိုဟောင်၏ စကားကို ကြားလိုက်ရသောအခါ ဝံပုလွေသွား တပ်ဖွဲ့မှ တပ်မှူးနှစ်ဦးစလုံးမှာ စိတ်ထဲတွင် အလွန်ပင် ကျေနပ်သွားကြသည်။

ကြည့်စမ်း... ဒါမှ တကယ့်မုဆိုးစစ်သည်ဆိုတာ။ ကျိုးချွမ်နဲ့ဆိုရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းလှတယ်။

သို့သော် ကျိုးချွမ်ကမူ ဘေးမှနေ၍ တိုးတိုးလေး ရေရွတ်နေမိသည်။

"ဟင်း... ကျွန်တော်တို့ သခင်မလေး ပြောသလိုပေါ့။ တောင်စိမ်းကြီး တည်ရှိနေသရွေ့ ထင်းအတွက် ပူစရာမလိုဘူး ဆိုတာမျိုးလေ။ အလကားသက်သက် အသက်အသေခံတာကတော့ အလဟာသဖြစ်တာပဲ။ နောက်ထပ် အနှစ်နှစ်ဆယ်လောက် စောင့်ကြည့်လိုက်ပါ... ဒီချန်းလန်ဆိုတဲ့လူက ဝံပုလွေအိုကြီး ဖြစ်သွားတဲ့အချိန်ကျမှ ကျွန်တော်က အစွမ်းပြရမှာ"

အကယ်၍သာ ယန်ချန်းလန်သည် ထိုစကားများကို ကြားသွားပါက သူ၏ တူမလေးမှာ မုဆိုးများကို မည်မျှအထိ ဦးနှောက်ဆေးထားသလဲဆိုသည်ကို သိပြီး ပါးစပ်မှ အမြှုပ်များပင် ထွက်သွားပေလိမ့်မည်။

လျိုဟောင်၏ ခေါင်းမာလှသော ဇွဲလုံ့လကြောင့် ယန်ချန်းလန်မှာမူ အနည်းငယ် အခက်တွေ့သွားရတော့သည်။

ယန်ချန်းလန်သည် ဤတစ်ကြိမ်တွင် ထန်ယုဘက်မှ မလွဲမသာ ရပ်တည်ပေးနေရခြင်းဖြစ်ပြီး လျိုဟောင်အပေါ် အကြွေးတင်နေသကဲ့သို့ ခံစားနေရသည်။ စိတ်ခံစားချက်အရ ကြည့်လျှငလည်း သူသည် ဆယ်စုနှစ်တစ်ခုကျော် ကျော်ကြားခဲ့သော ဝါရင့်တစ်ဦးဖြစ်ရာ လျိုဟောင်ကဲ့သို့ လူငယ်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်၍ အနိုင်ယူလိုက်လျှင်ပင် ဂုဏ်သိက္ခာပိုင်းအရ တရားမျှတမှု မရှိသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

"ဒီလိုလုပ်ရအောင်... ငါ မင်းနဲ့ ယှဉ်ပြိုင်မယ်။ ဒါပေမဲ့ မင်းက ငါ့ထက် အသက်ငယ်တဲ့သူ ဖြစ်နေတာတစ်ကြောင်း ဝါစဉ်အရ လေးစားမှုရှိရမှာတစ်ကြောင်းကြောင့် ငါ မင်းကို တကယ်တမ်း တိုက်ခိုက်မှာ မဟုတ်ဘူး။ မင်းက လျှို့ဝှက်လက်နက်တွေ သုံးရတာ ကျွမ်းကျင်တယ်လို့ ငါ ကြားထားတယ်။ ဒါကြောင့် ငါတို့ပွဲကို လျှို့ဝှက်လက်နက်တွေနဲ့ပဲ အဆုံးအဖြတ် ပေးကြတာပေါ့"

ယန်ချန်းလန်သည် လျိုဟောင်၏အနားသို့ ချဉ်းကပ်သွားပြီး သူ၏ခါးတွင် ချိတ်ထားသော မြှားတိုများကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းရဲ့ အစွမ်းကုန်ကို သုံးပါ။ ငါ ဒီနေရာကနေ ဖဝါးတစ်ချက် မရွေ့ဘဲ ရပ်နေမယ်။ မင်းရဲ့ခါးမှာရှိတဲ့ လျှို့ဝှက်လက်နက်တွေ အားလုံးနဲ့ ငါ့ကို ပစ်ခတ်နိုင်တယ်။ ငါ နောက်တစ်လှမ်းမှ ဆုတ်မှာမဟုတ်သလို မင်းရဲ့ တိုက်ခိုက်မှုကို ပယ်ဖျက်ဖို့ ငါ့ရဲ့ လက်တွေ၊ ခြေထောက်တွေကိုလည်း သုံးမှာမဟုတ်ဘူး။ အကယ်၍ မင်း ငါ့ကို ထိမှန်အောင် ပစ်နိုင်ရင်ဖြစ်ဖြစ် ငါ့ကို နောက်တစ်လှမ်း ဆုတ်သွားအောင် လုပ်နိုင်ရင်ဖြစ်ဖြစ်... မင်းကို အနိုင်ပေးလိုက်မယ်"

ယန်ချန်းလန်က ကမ်းလှမ်းလိုက်သောအခါ ယုံကြည်မှု ကင်းမဲ့နေသော လျိုဟောင်၏ မျက်ဝန်းများမှာ ချက်ချင်းပင် ဝင်းလက်တောက်ပလာတော့သည်။

ယွင်ရှန်းကို အနိုင်ရရှိခဲ့သော်လည်း အစီအစဉ်အမှားကြောင့် စိတ်ပျက်နေခဲ့ရသော ဝံပုလွေသွား တပ်မှူးနှစ်ဦးမှာလည်း ယခုအခါ ဝမ်းသာအားရ ပြုံးပျော်သွားကြသည်။

"ဒါ ရှင့်စကားနော်... တပ်မှူးယန်"

လျိုဟောင်သည် ချက်ချင်းပင် အားမာန်အပြည့်ဖြင့် အံကြိတ်လိုက်ပြီး သူ၏ ဝတ်စုံကို ဖွင့်ပြလိုက်ရာ ခါးပတ်တွင် စီတန်းချိတ်ဆွဲထားသော မြှားတိုများကို တွေ့လိုက်ရသည်။

လျိုဟောင်သည် လျှို့ဝှက်လက်နက်များ၊ အထူးသဖြင့် လက်ပစ်မြှားတိုများ အသုံးပြုရာတွင် အလွန်ပင် ကျွမ်းကျင်သူအဖြစ် နာမည်ကြီးသည်။ မစ်ရှင်တစ်ခုတွင် သူသည် မည်သူ့အကူအညီမျှ မပါဘဲ ခါးတွင်ရှိသော မြှားတိုများကိုသာ အားကိုး၍ သူနှင့် အဆင့်တူသော မုဆိုး ဆယ်ယောက်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် သူသည် ဝံပုလွေသွား တပ်ဖွဲ့၏ အဆင့် B မုဆိုးစစ်သည်အဖြစ် ထူးထူးခြားခြား ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရခြင်းပင်။

ယန်ချန်းလန်၏ ခွန်အားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော်လည်း အကယ်၍ သူက လက်ခြေကို မသုံးဘဲ နေရာကပင် မရွေ့ဘဲ ရပ်နေမည်ဆိုပါက သစ်တိုင်စိုက်ထားသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင်ပင် ယန်ချန်းလန်ကို ထိမှန်အောင် မပစ်နိုင်တော့ဘူးဟု လျိုဟောင် လုံးဝမယုံကြည်ပေ။

"ဦးလေး"

"တပ်မှူးကြီး"

တစ်ဖက်က ဝမ်းသာနေချိန်တွင် အခြားတစ်ဖက်မှာမူ စိုးရိမ်ပူပန်နေကြသည်။ ယွင်ရှန်းမှာ သူမ၏ ဦးလေးကြောင့် ဒေါသထွက်လွန်းသဖြင့် သေလုမတတ် ဖြစ်နေရသည်။ သူမ ခက်ခက်ခဲခဲ ရယူထားသော အားသာချက်မှာ ဦးလေးဖြစ်သူ၏ စကားတစ်ခွန်းကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။ ဦးလေးကို မယုံကြည်သည်မဟုတ်သော်လည်း မတော်တဆမှုဆိုသည်မှာ ရှိနိုင်သည်။ အကယ်၍ သူက ပေါ့ဆလို့ ထိမှန်သွားခဲ့လျှင် နောက်တစ်ပွဲကို ဆက်ပြိုင်နေစရာပင် လိုတော့မည်မဟုတ်ချေ။

"ရှန်းအာ... ကျိုးချွမ်... ငါ့ကို ယုံကြည်လိုက်ပါ"

ယန်ချန်းလန်က သူတို့ကို ယုံကြည်မှုအပြည့်ရှိသော အပြုံးလေးဖြင့် ကြည့်လိုက်သည်။

ယွင်ရှန်းသည် သူမ၏ဦးလေးကို လှမ်းကြည့်လိုက်ရာ ထိုအချိန်တွင် ဦးလေးမှာ သူ၏ လူပျိုဘဝက သူရဲကောင်းစိတ်ဓာတ်များ ပြန်လည် နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ ဤပွဲစဉ်က ဦးလေးကို အတိတ်၏ အမှောင်ထုထဲမှ လွတ်မြောက်စေပြီး ယခင်က သူရဲကောင်းတစ်ဦးအဖြစ် ပြန်လည် ပြောင်းလဲပေးနိုင်မည်ဆိုလျှင်...

ဘာလို့ ဒီစွန့်စားမှုကို မလုပ်ရမှာလဲ ဆိုးတူကောင်းဖက် အတူတူ ရင်ဆိုင်ရုံရှိတာပေါ့။

ဤသို့ တွေးလိုက်မိပြီးနောက် ယွင်ရှန်း၏ စိုးရိမ်မှုများမှာ ပြေလျော့သွားခဲ့သည်။

"ဒါဆိုရင်တော့ ကျွန်တော် ပြစ်မှားမိတာကို ခွင့်လွှတ်ပါ တပ်မှူးယန်။ သင်ကြားပြသပေးဖို့ တောင်းဆိုပါတယ်"

လျိုဟောင်နှင့် ယန်ချန်းလန်တို့သည် အသီးသီး နေရာယူလိုက်ကြတော့သည်။

All Chapters