အခန်း (၃၅၇)
Vol. 35 Ch. 357
ယန်ချန်းလန်သည် ပုံမှန်အတိုင်းပင် ရိုးရိုးရှင်းရှင်း ရပ်နေသည်။ ကျောရိုးမှာ မတ်နေပြီး မျက်ဝန်းများမှာလည်း အေးဆေးတည်ငြိမ်နေကာ ပြိုင်ပွဲဝင်နေသူတစ်ဦးနှင့် မတူဘဲ ညစာစားပြီးနောက် လမ်းလျှောက်ထွက်လာသူတစ်ဦးနှင့်ပင် တူနေတော့သည်။
ဆန့်ကျင်ဘက်အနေဖြင့် လျိုဟောင်မှာမူ အင်အားကြီးမားလှသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ရှိနေသည်။ သူသည် မုဆိုးစစ်သည်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး လောကအတွေ့အကြုံ များပြားသော်လည်း ကျိုးအင်ပါယာ၏ သူရဲကောင်းနှစ်ဦးအနက် တစ်ဦးဖြစ်သော ယန်ချန်းလန်နှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင်မူ စိတ်ထဲ၌ မရေမရာ ဖြစ်နေမိသည်။
"ရှူး... ရှူး... ရှူး..."
လျိုဟောင်သည် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လှုပ်ရှားလိုက်သည်။ သူ၏ ညာဘက်လက်ချောင်းငါးချောင်းမှာ စပရင်များကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး မြှားတိုသုံးစင်းကို ချက်ချင်းပင် ဆွဲထုတ်လိုက်သည်။ တစ်စင်းစီမှာ အလွန်စူးရှပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
မြှားတိုသုံးစင်းမှာ အကွေးအဝိုက် သုံးခုအတိုင်း ပျံသန်းသွားပြီး ယန်ချန်းလန်၏ အရေးကြီးသော အချက်အချာများဖြစ်သည့် မျက်နှာ၊ ခါးနှင့် ဒူးဆစ်တို့ကို တိုက်ရိုက် ဦးတည်နေသည်။ မြှားတိုများမှာ မြန်သော်လည်း ယန်ချန်းလန်မှာမူ ပို၍ပင် မြန်လှသည်။ မတ်မတ်ရပ်နေသော သူ၏ကိုယ်ထည်မှာ အနည်းငယ်မျှ ယိမ်းနွဲ့လိုက်ရုံဖြင့် လျိုဟောင်၏ မြှားတိုသုံးစင်းကို အလွယ်တကူ ရှောင်တိမ်းလိုက်တော့သည်။
လျိုဟောင်သည်လည်း အသင့်ပြင်ထားပြီးသား ဖြစ်သည်။ သူ၏ ဘယ်ဘက်လက်မှ ပျံလွှားဓားမြှောင် ငါးစင်းကို လျင်မြန်စွာ ထပ်မံပစ်လွှတ်လိုက်ပြန်သည်။ ယန်ချန်းလန်၏ ပုံရိပ်မှာ ဝေဝါးသွားပြီး လျင်မြန်စွာ ထပ်မံရှောင်တိမ်းလိုက်ရာ ဓားမြှောင်များမှာ သူ၏ဘေးမှ ကပ်၍သာ ပျံသန်းသွားကြသည်။
ရုတ်တရက် လျိုဟောင်သည် နောက်သို့ ခုန်ဆုတ်လိုက်ပြီး သူ၏ ခြေထောက်နှင့် ခါးမှအင်အားကို အစွမ်းကုန်သုံး၍ တင်းနေအောင် ကျစ်ထားသော လေးတစ်စင်းကဲ့သို့ အနေအထားပြင်ကာ လက်များက ခါးဆီသို့ အလျင်အမြန် လှမ်းလိုက်သည်။
ခဏချင်းမှာပင် ဇရပ်တစ်ခုလုံးမှာ ဓားသွားများ၏ အလင်းတန်းနှင့် မြှားတိုများ၏ အရိပ်များဖြင့် ပြည့်နှက်သွားတော့သည်။ ဇရပ်၏ နံရံများပေါ်တွင် မြှားတိုရိပ်များစွာ ထင်ဟပ်နေပြီး ယန်ချန်းလန်ကို မိုးစက်မိုးပေါက်များကဲ့သို့ ဝိုင်းရံထားတော့သည်။
ယွင်ရှန်းသည် သူမ၏ ရှန်းနုန်မျက်ဝန်းကို အသုံးပြု၍ အမြန်ကြည့်လိုက်ရာ လျိုဟောင်သည် လက်နှစ်ဖက်စလုံးဖြင့် လေးဆွဲသကဲ့သို့ အနေအထားပြင်ကာ မြှားတိုပေါင်း ၅၀ ကျော်ကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ဤအချက်က ယွင်ရှန်းကို အံ့အားသင့်သွားစေသည်။ သံသယဖြစ်စရာမလိုဘဲ လျိုဟောင်သည် ဝံပုလွေသွား တပ်ဖွဲ့၏ ပါရမီရှင် မုဆိုးတစ်ဦးပင်။ မြှားတို ၅၀ ဆိုသည်မှာ သာမန်လူတစ်ယောက်ကို ပိတုန်းအိမ်ကဲ့သို့ အပေါက်အပြဲများ ဖြစ်သွားစေရန် လုံလောက်လှသည်။ ဦးလေးမှာ နေရာမှ မရွေ့ရဘူးဟု ကန့်သတ်ချက်ရှိရာ ဤမျှများပြားသော တိုက်ခိုက်မှုကို ဘယ်လိုလုပ် ရှောင်တိမ်းနိုင်မှာလဲ။
သို့သော် ယန်ချန်းလန်၏ မျက်နှာတွင်မူ စိုးစဉ်းမျှပင် အပြောင်းအလဲ မရှိခဲ့ပေ။
အားလုံး၏ မျက်စိရှေ့မှောက်တွင်ပင် သူ၏ ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ယီပိုင်မင်း၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားပြီး ထိုဖျတ်လတ်လှသော လှုပ်ရှားမှု နည်းပညာကို တိတ်တဆိတ် ချီးကျူးမိလိုက်သည်။ သိုင်းဝိဇ္ဇာတစ်ဦးဖြစ်သည့် ယန်ချန်းလန်၏ ကျော်ကြားမှုမှာ အလကားရခဲ့ခြင်း မဟုတ်ပေ။
မိုးစက်မိုးပေါက်ကဲ့သို့သော မြှားတိုပေါင်း ၅၀ နီးကပ်လာသည့် အခိုက်အတန့်တွင် သူသည် ခြေဖဝါးမှ အင်အားကို အသုံးပြု၍ ယိမ်းနွဲ့နေသောအရုပ်တစ်ခုကဲ့သို့ မြောက်၊ တောင်၊ အရှေ့၊ အနောက်၊ ဘယ်နှင့် ညာသို့ မနားတမ်း ယိမ်းနွဲ့လှုပ်ရှားလိုက်သည်။ ကြည့်ရှုနေသူများမှာ ရေတွက်မရနိုင်သော ပုံရိပ်ယောင်များကိုသာ မြင်တွေ့ရပြီး ရှောင်တိမ်းမှုတိုင်းမှာ ဆံခြည်တစ်မျှင်စာသာ ကွာဟသော်လည်း ယန်ချန်းလန်မှာမူ မြှားတိုတိုင်းကို ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
ရှေ့နောက် မီလီမီတာအနည်းငယ်သာ ကွာဝေးသော မြှားတိုများကို သူ၏ ယိမ်းနွဲ့ခြင်း အတတ်ဖြင့် အံ့ဖွယ်နည်းဖြင့် ရှောင်ထွက်ခဲ့ပြီး လျိုဟောင်နှင့် သဘောတူထားသည့်အတိုင်း သူ၏ ခြေထောက်များမှာမူ ဖဝါးတစ်ချက်ပင် မရွေ့ခဲ့ချေ။
လျိုဟောင်သည် အရှိန်သတ်ကာ လက်ရှိအခြေအနေကို သတိပြုမိလိုက်ချိန်တွင် သူ၏ မျက်ဝန်းများ၌ သံသယရိပ်များ ဖြတ်ပြေးသွားခဲ့သည်။
"ဦးလေး... တကယ်ကို လှပတဲ့ ရှောင်တိမ်းမှုပဲ"
ယွင်ရှန်းက မချီးကျူးဘဲ မနေနိုင်တော့ပေ။
"တပ်မှူးကြီး... ကောင်းလိုက်တာဗျာ"
ကျိုးချွမ်သည်လည်း မှင်တက်နေရင်းမှ အော်ဟစ်လိုက်မိသည်။
ချန်းလန်နှင့် ဟောင်နုတို့ပင်လျှင် လေးစားအားကျသော အကြည့်များကို မဖုံးကွယ်နိုင်ကြတော့ချေ။
လျိုဟောင်၏ လက်များမှာ အနည်းငယ် တုန်ယင်လာခဲ့သည်။ သူ၏ အကြည့်များမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ရှူး...ဟူသော အသံနှင့်အတူ မြှားတိုတစ်လက်ကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။ ထိုမြှားတိုမှာ လျိုဟောင်၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်အားလုံး ပါဝင်နေပြီး ကျင်းတစ်ရာကျော် ခွန်အားဖြင့် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ပြင်းထန်လှသော တိုက်ခိုက်ရေးအရှိန်အဝါမှာ လေထုကို ဖြတ်သန်းသွားရာ ပွတ်တိုက်မှုကြောင့် ပူပြင်းလာပြီး လောင်မြိုက်သော ခံစားချက်နှင့်အတူ အပူလှိုင်းများကိုပါ ထွက်ပေါ်စေတော့သည်။
ထိုအချိန်တွင် ယန်ချန်းလန်သည် မြှားတိုအများစုကို ရှောင်တိမ်းပြီးဖြစ်သလို ထိုနောက်ဆုံးတစ်လက်ကိုလည်း မြင်တွေ့ပြီးသား ဖြစ်သည်။ သူ၏ ကိုယ်ထည်နှင့် မျက်ဝန်းများမှာ တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ပြီး ရှောင်တိမ်းရန် အနေအထား ပြင်လိုက်သည့် အခိုက်အတန့်မှာပင် ရှူး...ဟူသော အသံတစ်သံဖြင့် အဆိပ်ပြင်းမြွေတစ်ကောင်က နားထဲတွင် တွန်မြည်လိုက်သကဲ့သို့ပင်။ လေထုထဲရှိ မြှားတိုမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ရေတွက်မရနိုင်သော စူးရှသည့် အပိုင်းအစများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
ဒီကလေး လျိုဟောင်ကတော့... တကယ့်ကို ပါးနပ်တာပဲ။
ချန်းလန်နှင့် ဟောင်နုတို့မှာ မြှားတိုကြီး ရုတ်တရက် ပေါက်ကွဲသွားသည်ကို မြင်ရသောအခါ ချွေးစေးများ ထွက်လာခဲ့သော်လည်း ထိုမြှားတိုမှာ ရာနှင့်ချီ၊ ထောင်နှင့်ချီသော အပိုင်းအစများအဖြစ် ပျံ့နှံ့သွားသည်ကို မြင်လိုက်ရချိန်တွင်မူ မချိပြုံး ပြုံးနိုင်ခဲ့ကြတော့သည်။
"ယန်ချန်းလန်... ရှင့်ရဲ့ လှုပ်ရှားမှု နည်းပညာက ကျော်ကြားတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခဏအတွင်းမှာ မြှားတို ၅၀ ကို ရှောင်နိုင်တာက တစ်ပိုင်း အခုလို မြှားတို အပိုင်းအစ ရာပေါင်းများစွာကို တစ်ပြိုင်နက် ရှောင်နိုင်ပါ့ဦးမလား ကြည့်ကြသေးတာပေါ့"
လျိုဟောင်သည် လျှို့ဝှက်လက်နက် ကျွမ်းကျင်သော သာမန်မုဆိုးစစ်သည်မျိုး မဟုတ်ပေ။ သူသည် မြှားတိုများကို တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဖြင့်သာမက သူ့ကိုယ်ပိုင် ထူးခြားသော လျှို့ဝှက်လက်နက် ပစ်လွှတ်နည်းများကိုပါ ရှာဖွေဖော်ထုတ်လေ့ရှိသူဖြစ်သည်။ လျှို့ဝှက်
လက်နက်များကို သုံးစွဲရာတွင် ခါး၊ လက်များသာမက ဦးနှောက်ကိုပါ အသုံးပြုရမည်ဟု သူ ယုံကြည်ထားသည်။
ယန်ချန်းလန်၏ ခွန်အားမှာ လျိုဟောင် ခန့်မှန်းထားသည်ထက် များစွာ ပိုမိုကြီးမားနေသည်။ လျိုဟောင်သည် သူ၏ လျှို့ဝှက်လက်နက်အားလုံးကို သုံးစွဲခဲ့သော်လည်း ယန်ချန်းလန်မှာမူ အလွယ်တကူပင် ကိုင်တွယ်နိုင်စွမ်း ရှိနေသေးသည်။ ထိုသို့သော အကျပ်အတည်းအချိန်တွင် လျိုဟောင်၏ ခေါင်းထဲသို့ အကြံတစ်ခု လက်ခနဲ ဝင်လာခဲ့သည်။ သူသည် နောက်ဆုံးကျန်ရှိသော မြှားတိုကို ဆွဲထုတ်လိုက်ပြီး သူ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကို တိတ်တဆိတ် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
သိုင်းဝိဇ္ဇာအဆင့်ရှိသူတစ်ဦး၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်မှာ အထင်သေးစရာ မဟုတ်ပေ။ သူသည် စက္ကန့်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်ရာ မြှားတိုမှာ လေထဲတွင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ဖိအားကြောင့် အပိုင်းအစများအဖြစ် ကွဲထွက်သွားပြီး မြှားတိုပေါင်းများစွာကဲ့သို့ အစွမ်းထက်သွားတော့သည်။
လျိုဟောင် ယုံကြည်သည်မှာ ယန်ချန်းလန်၏ လှုပ်ရှားမှုမှာ မည်မျှပင် ထူးကဲပါစေ ဤတစ်ကြိမ်တွင်မူ သူ၏ ပါးနပ်သော တိုက်ကွက်ကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်တော့ချေ။
အေးစက်သော အလင်းတန်းများ ဝင်းလက်နေသည့် ရေတွက်မရနိုင်သော အပိုင်းအစများမှာ လေတိုးသံများနှင့်အတူ ယန်ချန်းလန်ထံသို့ တစ်ခဏချင်းမှာပင် နီးကပ်လာခဲ့သည်။ သို့သော် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ယန်ချန်းလန်သည် ရှောင်တိမ်းခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် ဘယ်လိုရှောင်ရမည်ကို စဉ်းစားနေခြင်းလား သို့မဟုတ် လက်လျှော့အရှုံးပေးလိုက်ပြီလား ဆိုသည်မှာမူ မသဲကွဲတော့ပေ။
ယွင်ရှန်းနှင့် အခြားသူများ စိုးရိမ်ထိတ်လန့်နေစဉ်မှာပင် ယန်ချန်းလန်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
"ဆုတ်စမ်း"
သူ၏ ဟိန်းဟောက်သံမှာ လူတိုင်း၏ နားစည်ထဲတွင် ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်ဟည်းသွားတော့သည်။ ကျင့်ကြံမှု အနည်းငယ်အားနည်းသူများဆိုလျှင် ဤအသံကြောင့်ပင် ကိုယ်ခန္ဓာ အပေါက် ကိုးပေါက်မှ သွေးထွက်ကာ အတွင်းကြေ ဒဏ်ရာများပင် ရရှိသွားနိုင်ပေသည်။
ထိုဟိန်းဟောက်သံနှင့်အတူ ပြင်းထန်လှသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များမှာ မိုးကြိုးရေတံခွန်ကြီးတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် လှိမ့်ဆင်းလာတော့သည်။ ယန်ချန်းလန်နှင့် တစ်ပေအကွာအဝေးသာ လိုတော့သော မြှားတိုအပိုင်းအစများမှာ ချောက်နက်ကြီးတစ်ခုထဲသို့ နစ်ဝင်သွားသကဲ့သို့ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားကြသည်။
မြေပြင်ပေါ်ရှိ မြှားတိုအပိုင်းအစများကို ကြည့်လိုက်လျှင် တစ်ခုချင်းစီမှာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ဖိအားကြောင့် ပုံသဏ္ဌာန်ပျက်ယွင်းကာ ကွေးလိမ်နေသော သံမှိုတိုလေးများသဏ္ဌာန် ဖြစ်နေတော့သည်။
လျိုဟောင်၏ မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။ မြေပြင်ပေါ်မှ ပျံ့ကျဲနေသော မြှားတိုအပိုင်းအစများကို တစ်လှည့် ကြံ့ခိုင်သော ထင်းရှူးပင်ကြီးတစ်ပင်ကဲ့သို့ မယိမ်းမယိုင် မတ်မတ်ရပ်နေသော ယန်ချန်းလန်ကို တစ်လှည့် ကြည့်ရင်းမှ သူတို့ကြားရှိ ကြီးမားလှသော ကွာဟချက်ကို သတိပြုမိသွားတော့သည်။
အင်အားဆိုတာ အရာရာပါပဲ...
သူသည် လျှို့ဝှက်လက်နက်များကို မည်မျှပင် ကျွမ်းကျင်ပါစေ သူ၏ နည်းဗျူဟာများမှာ မည်မျှပင် ပါးနပ်ပါစေ... နေရာကပင် မရွေ့ဘဲ ရပ်နေသော ယန်ချန်းလန်၏ ရှေ့တွင်မူ အားလုံးမှာ အရေးမပါတော့ချေ။
လျိုဟောင်သည် တိုက်ပွဲရှုံးသော ကြက်ဖတစ်ကောင်ကဲ့သို့ ခေါင်းငိုက်စိုက်ကျသွားပြီး ယန်ချန်းလန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
"တပ်မှူးယန်... ကျွန်တော် အရှုံးပေးပါတယ်"
ထိုအချိန်တွင်မှ ယီပိုင်မင်းက တရားဝင် ကြေညာလိုက်သည်။
"ဒုတိယပွဲစဉ်မှာ တပ်မှူးယန် အနိုင်ရပါတယ်။ အခုဆိုရင် နှစ်ဖက်စလုံးက တစ်ပွဲစီ နိုင်ထားကြပြီဆိုတော့ တတိယပွဲစဉ်က..."
"တတိယပွဲကတော့ ငါနဲ့ ယန်ယွင်တို့ရဲ့ တိုက်ပွဲဖြစ်မှာပေါ့"
ဟောင်နုက သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို အသာအယာ ပင့်ကြည့်ရင်း ဆိုလိုက်သည်။
သူမသည် ရှေ့သို့ လှမ်းထွက်လာပြီး လျိုဟောင်၏ ကျောကို ပုတ်၍ အားပေးလိုက်သည်။
"လျိုဟောင်... မင်း ခုနက တကယ်တော်ပါတယ်။ ကြိုးစားမယ်ဆိုရင် တစ်နေ့မှာ မင်းလည်း တပ်မှူးယန်ရဲ့ ကျင့်ကြံမှုအဆင့်ကို ရောက်လာမှာပါ"
ပထမပွဲစဉ်တွင် သူတို့ အနိုင်ရခဲ့သော်လည်း ချန်းလန်နှင့် ဟောင်နုတို့မှာ ဒေါသထွက်ခဲ့ကြရသည်။ သို့သော် ဤဒုတိယပွဲစဉ်တွင်မူ သူတို့ ရှုံးနိမ့်ခဲ့သော်လည်း ယန်ချန်းလန်၏ စွမ်းဆောင်ရည်ကြောင့် လုံးဝ ဥဿုံ ကျေနပ်သွားကြသည်။ ၎င်းမှာ မုဆိုးတပ်ဖွဲ့များ၏ ရှင်သန်မှု စည်းမျဉ်းတစ်ခုပင်။
မရေမရာနှင့် အနိုင်ရခြင်းထက် သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းကိုသာ သူတို့ ပို၍ မြတ်နိုးကြသည်။
ယန်ချန်းလန်ကလည်း လျိုဟောင်ကို အသိအမှတ်ပြုသော အကြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သာမန်လူငယ် မုဆိုးတစ်ဦးအနေဖြင့် လျိုဟောင်ကဲ့သို့ လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းမှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
လျိုဟောင်သည် စိတ်ဓာတ်များ ပြန်လည်နိုးထလာပြီး ယနေ့မှစ၍ ယန်ချန်းလန်ကို သူ၏ ပန်းတိုင်အဖြစ် သတ်မှတ်ကာ တစ်နေ့တွင် သူ့ကို ကျော်ဖြတ်ရမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်တော့သည်။
ပြိုင်ပွဲ၏ တတိယမြောက်ဖြစ်သော အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံးပွဲစဉ် စတင်ရန်အတွက် ယွင်ရှန်းနှင့် ဟောင်နုတို့သည် ရှေ့သို့ အသီးသီး လှမ်းထွက်လာကြတော့သည်။
ဟောင်နုက ပြုံးလျက် "ညီမလေး... မင်းက တကယ့်ကို ပါးနပ်တဲ့သူပဲ။ တကယ်တော့ ဒီပြိုင်ပွဲက နှစ်ပွဲနဲ့တင် ပြီးသွားလိမ့်မယ်လို့ ငါထင်ထားတာ။ အခုတော့ ငါ့ကိုပါ တိုက်ပွဲထဲ ဆွဲသွင်းနိုင်ခဲ့ပြီပေါ့" ဟု ပြောလိုက်သည်။
ဟောင်နု၏ မူလအစီအစဉ်မှာ ပထမနှစ်ပွဲတွင်ပင် အပြတ်အသတ်အနိုင်ယူရန် ဖြစ်သော်လည်းယွင်ရှန်း၏ မမျှော်လင့်ထားသော ဗျူဟာကြောင့် တတိယအဆုံးအဖြတ်ပွဲအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"ဒုတပ်မှူးဟောင်ကလည်း ချီးကျူးလွန်းနေပါပြီ။ ကျွန်မတို့နှစ်ယောက်စလုံးက မှော်ဆရာမတွေပဲလေ။ ပြီးတော့ အမက ကျွန်မထက် အသက်ကြီးတာမို့ အမလို့ပဲ ခေါ်ပါရစေ။ အမက စီနီယာဖြစ်တာမို့ ဒီပွဲကို ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်ကြမလဲဆိုတာ အမပဲ ဆုံးဖြတ်ပေးပါ"
ပြုံးနေတဲ့မျက်နှာကို လက်နဲ့မရိုက်ရက် ဆိုသကဲ့သို့ပင် ရုပ်ရည်ချောမောလှပသော ယွင်ရှန်းက ချိုသာစွာဖြင့် အမဟု တဖွဖွခေါ်နေသည်မှာ ဟောင်နုအတွက်မူ ဒေါသထွက်ရန် ခက်ခဲသွားစေသည်။
"ဟဲဟဲ... ဒါဆိုရင်လည်း အမကပဲ အခွင့်ကောင်းယူပြီး ညီမလေးယန်လို့ပဲ ခေါ်တော့မယ်နော်။ ကြားတာတော့ ညီမလေးက ဆင့်ခေါ်ပညာရှင်တစ်ယောက်ဆို"
ဟောင်နု၏ လှပသောမျက်ဝန်းများမှာ ယွင်ရှန်းအနေဖြင့် ပြိုင်ပွဲတွင် အခြားလှည့်ကွက်များ ထပ်သုံးဦးမလားဟု အကဲခတ်နေမိသည်။
"ကျွန်မက ဆင့်ခေါ်ပညာရှင်ဆိုပေမဲ့ တိုက်ပွဲတွေမှာ ဆင့်ခေါ်သားရဲတွေကို သိပ်မသုံးဖြစ်ပါဘူး။ ကျွန်မတို့နှစ်ယောက်စလုံး မှော်ဆရာမတွေဖြစ်တာမို့ မှော်ပညာနဲ့ပဲ ယှဉ်ပြိုင်ကြတာပေါ့။ ကတိပေးပါတယ်... ပြိုင်ပွဲအတွင်းမှာ ဆင့်ခေါ်သားရဲတွေကို လုံးဝအသုံးမပြုပါဘူး"
ယွင်ရှန်း၏ စကားကြောင့် ဟောင်နုမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
ဆင့်ခေါ်သားရဲကို မသုံးဘဲ မှော်ညွှန်ကြားရေးမှူးအဆင့်မျှသာရှိသော ယွင်ရှန်းက သန့်စင်သော မှော်ပညာရှင်အဆင့်ရှိသူကို ဘယ်လိုလုပ် ရင်ဆိုင်ရဲမှာလဲ။
"မှော်ပညာချင်း ပြိုင်မယ်ဆိုရင်လည်း ပြိုင်ကြတာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ မှော်အဆင့်က မင်းထက် အများကြီးမြင့်နေတော့ တိုက်ရိုက်ယှဉ်တိုက်ရင် မင်းအတွက် အရမ်းနစ်နာလိမ့်မယ်။ အဲဒီတော့ တခြားနည်းလမ်းတစ်ခုနဲ့ စမ်းကြည့်ရအောင်"
ဟောင်နုက ပြုံးလျက် ပြောရင်း ယွင်ရှန်း၏ လက်ကို ရင်းနှီးစွာ လှမ်းကိုင်လိုက်ရာ ကြည့်ရသည်မှာ ညီအစ်မရင်းချာများကဲ့သို့ပင်။
ဘေးမှ အမျိုးသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။
ဒီမိန်းကလေးနှစ်ယောက် ဘာတွေလုပ်ဖို့ ကြံနေကြတာလဲ။
"မှော်ဆရာတစ်ယောက်ရဲ့ စွမ်းရည်မှာ မှော်အာရုံခံနိုင်စွမ်း၊ မှော်စာသားရွတ်ဆိုနိုင်စွမ်း နဲ့ ဖျက်ဆီးနိုင်စွမ်း ဆိုပြီး အမျိုးမျိုးရှိတာပဲ။ အခုက ငါတို့က မှော်ဗိမာန်မှာ ရှိနေတာမဟုတ်တော့ မှော်အာရုံခံနိုင်စွမ်းကို ယှဉ်နေလို့မရဘူး။ ဖျက်ဆီးနိုင်စွမ်းကို ယှဉ်မယ်ဆိုရင်လည်း ဒီဇရပ်က မုဆိုးစစ်သည်မဟာမိတ်အဖွဲ့ပိုင်တာဆိုတော့... ငါတို့သာ အုတ်အော်သောင်းနင်း လုပ်မိရင် ဟိုအဖိုးကြီးတွေ ငါတို့ကို လွှတ်ထားမှာမဟုတ်ဘူး။ အဲဒီတော့ ဒီပွဲကို အပြင်က ကွင်းပြင်တစ်ခုမှာ သွားပြိုင်တာ ပိုကောင်းလိမ့်မယ်"
ဟောင်နုက ချိုသာစွာ ပြောလိုက်သည်။
"အမ ပြောတာ မှန်ပါတယ်။ ဒါဆိုရင် ကျွန်မတို့က မှော်စာသားရွတ်ဆိုခြင်းကို ယှဉ်ပြိုင်ကြမှာလား"
ယွင်ရှန်းက အပြစ်ကင်းစင်သော မျက်ဝန်းလေးများဖြင့် မေးလိုက်ပုံမှာ အစောပိုင်းက နည်းဗျူဟာပေါင်းစုံ သုံးခဲ့သောသူဟုပင် မထင်ရပေ။
ဘေးမှကြည့်နေသော ယီပိုင်မင်း မှာမူ စိတ်ထဲမှ သက်ပြင်းချနေမိသည်။
နောက်တစ်ယောက်တော့ အလိမ်ခံရပြန်ပြီ... ဒီတောကြောင်မလေးရဲ့ အကွက်တွေက ယောကျ်ားရော မိန်းမပါ မကျန် အကုန်မိတာပဲ။
"ဒါဆိုရင် မှော်စာသားရွတ်ဆိုခြင်းကိုပဲ ယှဉ်ကြတာပေါ့။ ညီမလေး... အလယ်အလတ်အဆင့် မီးမှော်ပညာကို တတ်တယ်မဟုတ်လား"
ဟောင်နုသည် မူလက ယွင်ရှန်းကို သူမ၏ အစီအစဉ်အတိုင်း ဆွဲခေါ်ရန် ကြံရွယ်ထားသော်လည်း မသိမသာပင် သူမကိုယ်တိုင်က ယွင်ရှန်း၏ စည်းချက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
"နည်းနည်းပါးပါးတော့ သိပါတယ်"
ယွင်ရှန်းက နှိမ့်ချစွာ ပြောလိုက်သည်။
"ဒါဆိုရင် မီးလျှံပေါက်ကွဲခြင်းနဲ့ ပြိုင်ကြရအောင်။ ဘယ်သူက အချိန်အတိုဆုံးအတွင်းမှာ မီးလျှံပေါက်ကွဲမှု အများဆုံး ပြုလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
ဟောင်နုစကားအဆုံးတွင် ယွင်ရှန်းကလည်း ချက်ချင်းပင် သဘောတူလိုက်သည်။
မီးလျှံပေါက်ကွဲခြင်း မှော်အတတ်၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ကြီးမားနိုင်သဖြင့် သူတို့သည် တတိယအဆုံးအဖြတ်ပွဲကို ဆင်နွှဲရန် မြို့ပြင်သို့ ထွက်လာခဲ့ကြသည်။
"ညီမလေး... ဟိုရှေ့မှာ မြစ်တစ်စင်းရှိတယ်။ အဲဒီမှာ ငါတို့ အလှည့်ကျ မီးလျှံပေါက်ကွဲခြင်းကို သုံးပြီး ဘယ်သူက မီးမှော်ပညာကို ပိုပြီး ကျွမ်းကျင်သလဲဆိုတာ ကြည့်ကြတာပေါ့"
ဟောင်နုသည် လမ်းတစ်လျှောက်လုံး ယွင်ရှန်းဘက်မှ ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ဝမ်းသာရသလို တစ်ဖက်ကလည်း စိတ်မအေးသလို ခံစားနေရသည်။
မီးလျှံပေါက်ကွဲခြင်းသည် ယွင်ရှန်း နားလည်သဘောပေါက်ခဲ့သော ဒုတိယမြောက် မီးမှော်ပညာဖြစ်ပြီး အလယ်အလတ်အဆင့်လည်း ဖြစ်သည်။ မှော်ညွှန်ကြားရေးမှူးအဆင့်ရှိ မှော်ဆရာတစ်ဦးအတွက် ဤမှော်ကို အသုံးပြုရသည်မှာ အလွန်အမင်းပင်ပန်းခြင်း မရှိသော်လည်း လွယ်ကူလှသည်တော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် ထိုအဆင့်ရှိသူတစ်ဦးသည် စိတ်အာရုံ အပြည့်အဝ စုစည်းထားချိန်တွင် တစ်ကြိမ်လျှင် မီးလျှံခြောက်ခုမှ ဆယ်ခုအထိသာ ဆက်တိုက် ထုတ်လွှတ်နိုင်သည်။
ဟောင်နုသည် မျှတသောပြိုင်ပွဲဟု ပြောကာ သူမ၏ မှော်စွမ်းအားကို မှော်ညွှန်ကြားရေးမှူး အဆင့်သို့ လျှော့ချပစ်သည့် အထူး တံဆိပ်ခတ်မှော်ကို အသုံးပြုလိုက်သည်။ ၎င်းကြောင့် သူမ၏ မှော်လှံတံပေါ်ရှိ နောက်ဆုံး ဝိညာဉ်ကျောက်နှစ်လုံးမှာလည်း အသုံးမပြုနိုင်တော့ချေ။
ဤလုပ်ရပ်မှာ ဝံပုလွေသွားနှင့် ကောင်းကင်လိုက်လံရှာဖွေရေး အဖွဲ့ဝင်များအတွက် အလွန်ပင် တရားမျှတပုံ ပေါ်နေသော်လည်း ယွင်ရှန်းကမူ သူမ၏ ရင်ထဲတွင် လှောင်ပြုံး ပြုံးနေမိသည်။ ဟောင်နုသည် တကယ့်ကို ဒုတပ်မှူး ပီသလှပေသည်။ ဤမျှအထိ စေ့စပ်သေချာလှသော အစီအစဉ်နှင့် လှည့်ကွက်များကိုသာ ယွင်ရှန်းအနေဖြင့် ဘဝနှစ်ခုစာ အတွေ့အကြုံများ မရှိခဲ့ပါက အမှန်တကယ်ပင် အလိမ်ခံရပေလိမ့်မည်။
မှော်ဆရာတစ်ဦး အထူးသဖြင့် ဝါရင့်မှော်ဆရာတစ်ဦးသာလျှင် သန့်စင်သော မှော်ပညာရှင်နှင့် မှော်ညွှန်ကြားရေးမှူးတို့ကြားရှိ ကွာခြားချက်မှာ မှော်အင်အားပမာဏတစ်ခုတည်း မဟုတ်ကြောင်း သိနိုင်သည်။ ဟောင်နုသည် သန့်စင်သော မှော်ပညာရှင် အဆင့်သို့ ရောက်ရှိထားသူဖြစ်ရာ သူမ၏ မှော်ထိန်းချုပ်နိုင်စွမ်းမှာ သာမန်မှော်ညွှန်ကြားရေးမှူးများထက် အနည်းဆုံး ဆယ်ဆမျှ ပိုမိုအားကောင်းလှသည်။
ဆိုလိုသည်မှာ မှော်အင်အား ပမာဏချင်း တူညီနေလျှင်ပင် မှော်စွမ်းအား ပိတ်ပင်ခံထားရသော သန့်စင်သော မှော်ပညာရှင် တစ်ဦးသည် သူမ၏ ထူးကဲသော မှော်ထိန်းချုပ်မှု စွမ်းအားကို အသုံးပြု၍ မီးလျှံပေါက်ကွဲခြင်း ကို အနည်းဆုံး အကြိမ် ၃၀ မက ဆက်တိုက် ထုတ်လွှတ်နိုငစွမ်း ရှိနေခြင်းပင်။
ထို့ကြောင့် အကယ်၍ ဤပြိုင်ပွဲသည် ဟောင်နု၏ အစီအစဉ်အတိုင်းသာ သွားမည်ဆိုပါက ယွင်ရှန်းမှာ အရှုံးကြီး ရှုံးပေလိမ့်မည်။ သို့သော် ယွင်ရှန်းသည် ရန်သူဖြစ်သူ စိတ်ကြိုက် ခြယ်လှယ်သည်ကို အလွယ်တကူ လက်ခံမည့်သူ မဟုတ်ချေ။
သူတို့နှစ်ဦးသည် ယွီကျင်း မြို့ပြင်ရှိ အကြီးဆုံးမြစ်ကို သူတို့၏ တိုက်ပွဲမြေပြင်အဖြစ် ရွေးချယ်လိုက်ကြတော့သည်။
မကြာသေးမီက ခြောက်သွေ့သော ရာသီဥတုကြောင့် မြစ်ကြမ်းပြင်မှာ မူလအရွယ်အစား၏ တစ်ဝက်ခန့်အထိ ကျုံ့ဝင်သွားကာ အညိုရောင်သန်းသော ဝါကျင့်ကျင့် သဲမြေများ ပေါ်ထွက်နေသည်။
"အမ... ကျွန်မတို့ မှော်ပညာကို တစ်ပြိုင်နက်တည်း သုံးပြီး ဒီပွဲကို တစ်ခါတည်း အဆုံးသတ်လိုက်ကြရအောင်"
ယွင်ရှန်းက မျက်တောင်လေးများ ပုတ်ခတ်ကာ အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ... အားလုံးပဲ ကြည့်ထားကြပါ။ ငါက ကိုယ့်ကိုယ်ကိုယ် တံဆိပ်ခတ်မှော်သုံးထားပြီးပြီဆိုတော့ အခုအချိန်မှာ ညီမလေးယန်နဲ့ အတူတူ မှော်ညွှန်ကြားရေးမှူး အဆင့်ပဲ ရှိပါတော့တယ်"
ဟောင်နုက လူတိုင်းမြင်အောင် သက်သေပြလိုက်သည်။
"ဒါဆိုရင် စကြစို့... မှော်စာသားတွေကို တစ်ပြိုင်နက်တည်း ရွတ်ဆိုကြမယ်"
ဟောင်နုက တည်ငြိမ်စွာ ဆိုလိုက်သည်။
သူမသည် သူမ၏ မှော်လှံတံကို ထုတ်ယူလိုက်ပြီး ယွင်ရှန်းကလည်း သူမ၏ လှံတံကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဟောင်နု၏ မှော်လှံတံမှာ သူမ၏ ဝတ်စားဆင်ယင်မှုကဲ့သို့ပင် ထင်ရှားလှပသော ကျောက်စိမ်းနီရိုးတံဖြစ်သည်။ လူတစ်ဝက်ခန့် အရပ်ရှိပြီး ယွင်ရှန်း၏ လျှို့ဝှက်ဆန်းကြယ် အရိုးလှံတံနှင့် ယှဉ်လျှင် ပို၍ပင် လူအများအာရုံစိုက်မှုကို ရရှိစေသည်။
သူမသည် သူမ၏ ကျောက်စိမ်းနီရိုးတံကို အပေါ်သို့ မြှောက်တင်ကာ လှပသော လှုပ်ရှားမှုဖြင့် ပြန်ဖမ်းလိုက်ပြီးနောက် မှော်စာသားများကို ချက်ချင်းပင် စတင်ရွတ်ဆိုတော့သည်။
"အင်..."
ရွတ်ဆိုနေစဉ်မှာပင် ဟောင်နုတစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ မီးဓာတ်မှော်စွမ်းအင်များမှာ အလွန်ပင် ရှားပါးနေတော့သည်။ သူမ အစောက အာရုံခံမိထားသည့်အတိုင်းဆိုလျှင် ဤနေရာသည် မီးဓာတ်များ ကြွယ်ဝနေရမည့် နေရာဖြစ်သည်။
ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အာရုံခံလို့ မရတော့တာလဲ...
ဟောင်နုဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ပြင်းထန်လှသော မှော်လှိုင်းအရှိန်အဟုန်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ဟောင်နုသည် ချက်ချင်းပင် အာရုံစူးစိုက်ကာ ဘေးသို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
အနီးအနားရှိသူများမှာ သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို များစွာ သတိမပြုမိကြချေ။ သို့သော် မှော်ဆရာတစ်ဦးလည်း ဖြစ်သည့် ယီပိုင်မင်းမှာမူ သူ၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းလိုက်သည်။
ဟောင်နုခံစားလိုက်ရသည်မှာ ဒီရေကဲ့သို့ ပြင်းထန်လှသော မှော်စွမ်းအင်များသည် သူမ၏ ဘေးရှိ ယန်ယွင်ထံသို့ အလုံးအရင်းနှင့် စီးဝင်သွားခြင်းပင်။ သူမ ကိုယ်တိုင် အာရုံခံပြီး ရွတ်ဆိုရန် ကြံရွယ်ထားသော မီးဓာတ်မှော်စွမ်းအင်များပင်လျှင် ထိုအထဲတွင် ပါဝင်နေသည်။
ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူမ၏ ပတ်ဝန်းကျင်ရှိ မီးဓာတ်မှော်စွမ်းအင်များမှာ တဖြည်းဖြည်းနှင့် စုပ်ယူခြင်း ခံနေရသဖြင့် ဟောင်နု၏ လှပသော မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူမသည် မှော်စာသားရွတ်ဆိုရန်ပင် မေ့လျော့သွားတော့သည်။ သူမ၏ မျက်နှာမှာ အာဟာရဓာတ်များ စုပ်ယူခံလိုက်ရသည့် နွေဦးရာသီမှ ပန်းတစ်ပွင့်ကဲ့သို့ ချက်ချင်းပင် ညှိုးနွမ်းသွားခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းအစုံမှာ အံ့အားသင့်လွန်းသဖြင့် ပြူးကျယ်နေကာ ယွင်ရှန်းကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိတော့သည်။