အခန်း (၃၅၀)
Vol. 35 Ch. 350
နန်းတွင်း၌ ယန်ပါးဟိုသည် ဝါရင့်အမတ်ကြီးများ၏ စကားစစ်ထိုးပွဲများကြားတွင် အားကိုးရာမဲ့သလို ခံစားနေရပြီး ကျိုးအင်ပါယာ၏ ဧကရာဇ်ကလည်း အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့သည်။ ဤလူအားလုံးသည် ယန်အိမ်တော်၏ ကျဆုံးခန်းကို မြင်တွေ့ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သော်လည်း ယန်ပါးဟို ရှိနေသရွေ့ ယန်အိမ်တော်သည် ဘယ်တော့မှ ပြိုလဲမည်မဟုတ်ကြောင်း သူ သက်သေပြရန် ဆုံးဖြတ်ထားသည်။
"မင်းက ကျိုးအင်ပါယာ တောင်ဘက်နယ်စပ်မှာ ရှိနေရမှာ မဟုတ်ဘူးလား ဘာကိစ္စနဲ့ ပြန်လာတာလဲ"
ယန်ပါးဟိုသည် ယန်ချန်းလန်ကို ကြည့်ကာ ဒေါသမပြေသေးဘဲ မေးလိုက်သည်။
သူ၏သားဖြစ်သူသည် သူ့ကိုတစ်ခွန်းမျှမတိုင်ပင်ဘဲ မုဆိုးတပ်ဖွဲ့ကို ကိုယ်တိုင်
တည်ထောင်ကာ လွန်ခဲ့သောနှစ်များက သူ့အသက်ကိုပင် နုတ်ယူလုနီးပါးဖြစ်ခဲ့သည့် တောင်
ဘက်နယ်စပ်သို့ သွားရောက်ခဲ့ခြင်းပင်။ အကယ်၍ ဒီဟုန်မြို့မှလူများက ယန်ချန်းလန်၏ လက်ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း သိရှိသွားပါက သူတို့သည် ပို၍ပင် ပြင်းထန်စွာ လက်စားချေလာကြပေလိမ့်မည်။
"ဖြစ်လာမှာတွေကတော့ ဖြစ်လာမှာပါပဲ အဖေ။ စုံစမ်းစစ်ဆေးမှုတွေကရော ရှင်းလင်းသွားပြီလား အဲဒီအမျိုးသမီးက တကယ်ပဲ ထန်ယုကြောင့် သေဆုံးခဲ့တာ သေချာရဲ့လား"
ယန်ချန်းလန်သည် ထန်ယု၏ မစွမ်းဆောင်နိုင်မှုကို မုန်းတီးသော်လည်း သူ့တူ၏ စရိုက်ကိုမူ ကောင်းစွာ နားလည်ထားသည်။
ယခင်က ထန်ယုသည် မိန်းကလေးများကို အနိုင်ကျင့်ခေါ်ဆောင်ခဲ့ဖူးသော်လည်း စကားဖြင့် နောက်ပြောင်ကျီစယ်ရုံသာ အများဆုံးဖြစ်ခဲ့ပြီး ယခုကဲ့သို့ အတင်းအကျပ် အကျပ်ကိုင်သညအထိ လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။
"အဲဒါတွေအားလုံးက အပေါင်းအသင်းမှားလို့ပဲ။ အဲဒီနေ့က သူအရမ်းမူးနေတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် မမှတ်မိဘူး။ သူနိုးလာတဲ့အချိန်မှာတော့ အရာအားလုံးက နောက်ကျသွားပြီ"
ယန်ပါးဟိုသည် အိမ်တော်ရှေ့တွင် ချထားသော ခေါင်းတလားကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။
အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်အရွယ်သာ ရှိသေးသော အလွန်လှပသည့် မိန်းကလေးတစ်ဦးမှာ သူ၏မြေးဖြစ်သူကြောင့် သေကြောင်းကြံခဲ့ရခြင်းပင်။ သူကိုယ်တိုင်ပင်လျှင် ဤမကျေနပ်ချက်ကို မျိုသိပ်ရန် ခက်ခဲလှသည်။
" ဝံပုလွေသွားတပ်ဖွဲ့နဲ့ ပတ်သက်ပြီး မင်း ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ ငါကတော့ မင်းနဲ့အတူ လူလုံးထွက်ပြလို့ မဖြစ်ဘူး။ ဒါပေမဲ့ လိုအပ်ရင်တော့ ဦးလေးယန်ကို မင်းနဲ့အတူ လိုက်သွားခိုင်းလို့ ရပါတယ်"
ယန်ပါးဟိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
နန်းတွင်း၌ သူသည် စကားပြန်မပြောနိုင်လောက်အောင် ဖိအားပေးခံခဲ့ရပြီး နောက်ဆုံးတွင် ကျိုးဧကရာဇ် ကိုယ်တိုင်က နှုတ်ထွက်စကား ဆိုခဲ့သည်။ ဝံပုလွေသွား တပ်ဖွဲ့သည် အဆင့် A တပ်ဖွဲ့ကြီးတစ်ခုဖြစ်ပြီး အတိတ်က စစ်ဘက်ဆိုင်ရာအတွက် ရိက္ခာများ၊ လက်နက်များ ပို့ဆောင်ရာတွင်သာမက မြို့စောင့်ကြပ်ရာတွင်ပါ အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးသည်။ ထို့ကြောင့် ထန်ယု၏ ကိစ္စအတွက်နှင့် ဝံပုလွေသွား တပ်ဖွဲ့နှင့် အငြင်းပွားရန် လုံးဝမဖြစ်နိုင်ပေ။
ဧကရာဇ်၏ စကားမှာ ရှင်းလင်းလှသည်။ နောက်ဆုံးတွင် ယန်ပါးဟိုအနေဖြင့် ဝံပုလွေသွား တပ်ဖွဲ့က ထန်ယုအပေါ် မည်သို့ပင် ဆုံးဖြတ်စေကာမူ ဝင်ရောက်မစွက်ဖက်ရန် သဘောတူခဲ့ရသည်။ ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းရန်မှာ မုဆိုးတစ်ဦးဖြစ်သော ယန်ချန်းလန်အတွက် အသင့်တော်ဆုံးပင်။
"နားလည်ပါပြီ အဖေ။ ဦးလေးယန်ကိုတော့ အဖေ့ကို ကူညီဖို့ အိမ်မှာပဲ ထားခဲ့လိုက်ပါ။ ကျွန်တော်နဲ့အတူ ပါလာတဲ့ မုဆိုးတပ်ဖွဲ့ က ညီအစ်ကိုတချို့နဲ့ ဆရာကြီးကျုံးရန်တို့ကိုပဲ ခေါ်သွားပါ့မယ်"
"ဟွန်း... အဲဒီ ခေါင်းမာတဲ့ ကောင်မလေးကော ဘယ်လိုလဲ။ အခုထိ စစ်သူကြီးအိမ်တော်ကို လာဖို့ ငြင်းနေတုန်းပဲလား"
ယန်ပါးဟိုသည် တစ်ယောက်တည်း ရေရွတ်ရင်း ယန်ချန်းလန်၏ နောက်ကွယ်သို့ ခိုးကြည့်လိုက်သည်။ ယန်အိမ်တော်တွင် ဤမျှကြီးမားသော အဖြစ်အပျက်မျိုး ကြုံနေရပါလျက် ထိုကလေးမလေးက အခုထိ ရောက်မလာသေးသည်မှာ အိမ်တော်အပေါ် သူမ၏ အမုန်းတရားမှာ အလွန်နက်ရှိုင်းနေဆဲဖြစ်ကြောင်း ပြသနေသကဲ့သို့ပင်။
"ရှန်းအာက နယ်စပ်မှာ ပြဿနာတချို့နဲ့ ကြုံခဲ့ရလို့ ခရီးနှောင့်နှေးနေတာပါ"
ယန်ချန်းလန်သည် ခဏမျှ တွန့်ဆုတ်နေပြီးမှ တောင်ဘက်နယ်စပ်တွင် ဖြစ်ပျက်ခဲ့သမျှကို ယန်ပါးဟိုအား ပြောပြလိုက်တော့သည်။
"ဘာ သူမက မိုင်းတွင်းထဲမှာ ပိတ်မိနေခဲ့တာ ဟုတ်လား အခုရော ဘယ်လိုနေလဲ။ ဒဏ်ရာတွေရသွားသေးလား မင်းက ဘယ်လိုဖြစ်ပြီး မိန်းကလေးငယ်လေးတစ်ယောက်ကို ဂူထဲမှာ တစ်ယောက်တည်း ထားခဲ့နိုင်ရတာလဲ"
ယန်ပါးဟိုသည် ထိုသတင်းကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ စိုးရိမ်စိတ်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
"ရှန်းအာက သာမန်ကလေး မဟုတ်ပါဘူး အဖေ။ သူမကိုယ်သူမ ကာကွယ်နိုင်ပါတယ်။ အခုတော့ သူမ ဘေးကင်းသွားပါပြီ။ နောက်ထပ် ရက်အနည်းငယ်အတွင်း ယုကျင်းမြို့ကို ပြန်ရောက်လာမယ်လို့လည်း သတင်းပို့ထားပါတယ်"
ယန်ချန်းလန်သည် သူ၏အဖေ ဖြစ်ပျက်သွားပုံကို ကြည့်ရင်း စိတ်ထဲမှ ပြုံးမိသွားသည်။
ဒီအဖိုးကြီးကတော့ တကယ်ပဲ... နှုတ်ကသာ မုန်းတယ်ပြောနေတာ စိတ်ထဲမှာတော့ အရမ်းကို ဂရုစိုက်နေတာပဲ။
ယန်ပါးဟို၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး စိတ်အေးသွားပုံရသည်။ ထို့နောက် သားအဖနှစ်ဦးသည် ယုကျင်းမြို့အတွင်းရှိ အခြေအနေများကို ဆက်လက်ဆွေးနွေးကြသည်။
တစ်ချိန်တည်းမှာပင်... ယုကျင်းမြို့အတွင်းရှိ သာမန်အိမ်တစ်လုံးအတွင်း၌ အပြင်ပန်းကြည့်
လျှင် အလွန်ရိုးရှင်းသော အိမ်ကလေးဟု ထင်ရသော်လည်း မီးအိမ်များ စတင်ထွန်းညှိချိန်တွင် အရိပ်တစ်ခုသည် ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ အမိုးအောက်မှ လျှောဆင်းလာပြီး ရေစက်ကလေးတစ်စက် ကျလာသကဲ့သို့ အခန်းထဲသို့ တိတ်ဆိတ်စွာ ရောက်ရှိလာသည်။
အခန်းထဲတွင်မူ ဟုန်မြို့တော်၏ မြို့စားလေး ရွှမ်ဝူကျိက ထိုင်နေသည်။ ရောက်ရှိလာသော ထိုသူမှာ ခြေဆုံးခေါင်းဆုံး ဖုံးအုပ်ထားသော သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းပေါက်နေရာများမှလွဲ၍ ကျန်နေရာအားလုံးကို လုံအောင် ဖုံးထားသည်။
"မြို့စားလေးရဲ့ ညွှန်ကြားချက်အတိုင်း အရာအားလုံးကို သေသေချာချာ ကိုင်တွယ်ပြီးပါပြီ။ အခုတော့ ငါးစာဟပ်မယ့်အချိန်ကိုပဲ စောင့်ဖို့ လိုတော့တယ်"
ထိုဝတ်ရုံနီနှင့်လူက ပြောလိုက်သည်။
"ယန်ချန်းလန် ယုကျင်းမြို့ကို ပြန်ရောက်လာပြီလို့ ငါကြားတယ်။ အခြေအနေတွေက ပိုပြီးတော့ သက်ဝင်လှုပ်ရှားလာပြီပဲ။ ဒီတစ်ခါတော့ မင်းတို့ တော်တော်လေး ကောင်းကောင်းလုပ်
နိုင်ခဲ့တယ်။ သွေးစွန်းနေသောလက်ဂိုဏ်းကို ငါနှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ရတာ အလဟဿ မဖြစ်တော့ဘူးပေါ့"
ရွှမ်ဝူကျိသည် သူ၏လက်ထဲရှိ ဆေးပုလင်းငယ်လေးကို ကစားရင်း ပြောလိုက်သည်။
သူသည် မူလက ယုကျင်းမြို့သို့ ရောက်ရောက်ချင်းမှာပင် ယန်ပါးဟိုကို အဆိပ်ခတ်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် အခြေအနေမှာ သူထင်သလောက် မလွယ်ကူခဲ့ချေ။ ယန်ပါးဟိုသည် စစ်သူကြီးတစ်ဦးဖြစ်သော်လည်း အလွန်ပင် သတိကြီးသူဖြစ်သည်။ သူ၏ နေ့စဉ်လိုအပ်ချက် မှန်သမျှကို ဦးလေးယန် ဆိုသည့် အစေခံအိုကြီးကသာ စီမံပေးပြီး အခြားမည်သူ့ကိုမျှ လုံးဝအယုံအကြည် မရှိသောကြောင့်ပင်။
ရွှမ်ဝူကျိသည် နည်းမျိုးစုံသုံးကာ ယန်အိမ်တော်အတွင်းသို့ ဧည့်သည်တော်များနှင့် အစေခံများအသွင်ဖြင့်ပင် ခိုးဝင်စေခဲ့သော်လည်း တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမရခဲ့ချေ။ သို့သော် ကောက်ကျစ်စဉ်းလဲသော ရွှမ်ဝူကျိသည် သူ၏အစီအစဉ်များကို ချက်ချင်းလက်မလျှော့ခဲ့ပေ။ သူသည် ယန်အိမ်တော်ကို စောင့်ကြည့်ခိုင်းထားရာမှ အိမ်တော်၏ အကြီးမားဆုံး အားနည်းချက်ဖြစ်သော အသုံးမကျသည့် အလေအလွင့် ထန်ယုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် အနည်းငယ် မြှောက်ပင့်သွေးထိုးပေးလိုက်ရုံဖြင့် ထန်ယုကို အမှားတစ်ခု ကျူးလွန်မိအောင် ဖမ်းဆွဲနိုင်ခဲ့သည်။ ထို့နောက် ယန်ချန်းရွှယ်ထံသို့ လူလွှတ်ကာ သွေးစွန်းနေသောလက်ဂိုဏ်းနှင့် ပတ်သက်မိအောင် ပရိယာယ်ဆင်ခဲ့ရာ ထိုမိခင်နှင့်သားမှာ သူ၏ထောင်ချောက်ထဲသို့ တည့်တည့်ကြီး တိုးဝင်လာခဲ့ကြတော့သည်။
သွေးစွန်းနေသောလက်ဂိုဏ်း ဆိုသည်မှာ ဒီဟုန်မြို့က နှစ်ပေါင်းများစွာ လျှို့ဝှက်ပျိုးထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းနှင့် ဒီဟုန်မြို့၏ ကြီးမားလှသော အသုံးစရိတ် ထက်ဝက်ကျော်မှာ ဤဂိုဏ်းထံမှ လာခြင်းဖြစ်ကြောင်းကို ပြင်ပလူများ လုံးဝမသိရှိကြပေ။
"မြို့စားလေး စိတ်ချပါ။ ဒါပေမဲ့ မြို့စားလေး... မြို့တော်ဆီက သတင်းတစ်ခု ခုလေးတင် ရောက်လာပါတယ်။ မိန်မိန်လေး အပြင်းအထန် ဒဏ်ရာရသွားလို့ သခင်လေးယွမ်က သူမကို ပြန်ပို့လိုက်ပြီလို့ သိရပါတယ်"
သွေးစွန်းနေသောလက်ဂိုဏ်းဝင်တစ်ဦးက ရိုသေစွာ သတင်းပို့လိုက်သည်။
"အသုံးမကျတဲ့ဟာမ... ယောက်ျားတစ်ယောက်အတွက်နဲ့ ဒီလောက်တောင် ပူလောင်နေရသလား။ သူမကို ဂရုမစိုက်နဲ့ သူ့အဖေကိုင်တွယ်လိမ့်မယ်။ မင်းတို့ကတော့ ဒီရက်ပိုင်း ယန်
အိမ်တော်ကိုပဲ အနီးကပ်စောင့်ကြည့်ထား။ လှုပ်ရှားမှုရှိတာနဲ့ ငါ့ကို ချက်ချင်းလာသတင်းပို့"
ရွှမ်ဝူကျိက စိတ်မရှည်စွာဖြင့် လက်ယမ်း၍ မောင်းထုတ်လိုက်သည်။
သွေးစွန်းနေသောလက်ဂိုဏ်းသားများ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။ ရွှမ်ဝူကျိသည် သူ၏လက်ထဲရှိ ဆေးပုလင်းငယ်ကို ကြည့်လိုက်သည်။
ဒီတစ်ခါတော့... ယန်အိမ်တော်ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။
သုံးရက်ကြာ နေ့မနက်ညမနား ခရီးနှင်ခဲ့ပြီးနောက် ယွင်ရှန်းနှင့် ယီပိုင်မင်းတို့သည် နောက်ဆုံးတွင် ယုကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ထိုနေ့သည် ယန်ချန်းလန်က ထန်ယုကိုခေါ်၍ ဝံပုလွေသွားတပ်ဖွဲ့နှင့် စေ့စပ်ညှိနှိုင်းရန် သွားရောက်သည့်နေ့လည်း ဖြစ်သည်။
ညှိနှိုင်းမည့်နေရာကို မုဆိုးစစ်သည်တော် မဟာမိတ်အဖွဲ့က ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ယုကျင်းမြို့အတွင်းရှိ တိတ်ဆိတ်သော အရက်သေစာသောက်စားရာ ဇရပ်တစ်ခုတွင် ဖြစ်သည်။ ထိုနေရာမှာ မုဆိုးမဟာမိတ်အဖွဲ့ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ပုံမှန်ရက်များတွင် မုဆိုးများ အရက်သောက်ခြင်းနှင့် လျှို့ဝှက်အရောင်းအဝယ်များ ပြုလုပ်ရာနေရာလည်း ဖြစ်သည်။
ဝံပုလွေသွား တပ်ဖွဲ့မှ တပ်မှူး၊ ဒုတပ်မှူးနှင့် နစ်နာသူမုဆိုးတို့ ကိုယ်တိုင် တက်ရောက်မည်ဟု ယန်ချန်းလန် သတင်းရရှိထားသည်။ သူ၏ ရိုးသားမှုကို ပြသသည့်အနေဖြင့် ယန်ချန်းလန်သည် ထန်ယုကိုခေါ်ကာ ထိုဇရပ်သို့ စောစောစီးစီး ရောက်ရှိနေခဲ့သည်။ မလိုလားအပ်သော ထိခိုက်မှုများ မရှိစေရန်အတွက် ဇရပ်အပြင်ဘက်တွင် ပြုပြင်ထိန်းသိမ်းနေသဖြင့် ပိတ်ထားသည်ဟူသော ဆိုင်းဘုတ်ကိုလည်း ကြိုတင်ချိတ်ဆွဲထားသည်။
"ခဏနေရင် ဘာမှဝင်မပြောနဲ့။ အမှားတစ်ခုခု ထပ်ပြောမိလို့ကတော့ မင်းဦးလေးတောင် မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"
ယန်ချန်းလန်သည် ထန်ယု၏ အသုံးမကျပုံကို ကောင်းစွာသိသဖြင့် သတိပေးလိုက်သည်။
ထိုစဉ်မှာပင် လူအချို့ ဇရပ်တံခါးဝသို့ ချဉ်းကပ်လာကြသည်။ သူတို့၏ ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းသော်လည်း သူတို့၏ ခြေလှမ်းများနှင့် ဝင်လာပုံကို ကြည့်ရုံဖြင့် သာမန်အရက်သောက်သူများ မဟုတ်ကြောင်း သိနိုင်သည်။ သူတို့မှာ ဝံပုလွေသွား တပ်ဖွဲ့မှ မုဆိုးစစ်သည် သုံးဦးပင်။