← Chapters

မိုးကောင်းကင်ကဲ့သို့ ထာဝရ

Vol. 5 Ch. 405

မိုးကောင်းကင်ကဲ့သို့ ထာဝရ

Vol. 5 Ch. 405

နှလုံးသားထိန်းချုပ် ကျိန်စာမှ ထွက်ပေါ်လာသည့် အလင်းကြိုးများသည် ရှန်ကြွယ် ဆရာတော်၏ ကိုယ်တွင်းသို့ တိုးဝင်သွားကာ နှလုံးသားကို ချည်နှောင်ထား လိုက်လေသည်။

ရှန်ကြွယ် ဆရာတော်၏ မျက်ခုံး နှစ်ခုကြားမှ အနီရောင် အလင်းတန်း တစ်ခု ထွက်ပေါ် လာလေသည်။ ဆရာတော်က နှလုံးသားထိန်းချုပ် ကျိန်စာကို ချေဖျက်ရန် ဝိညာဉ် စွမ်းအားများကို အမြင့်ဆုံးအဆင့် မြှင့်တင်လိုက်ခြင်း ဖြစ်လေသည်။

ရှန်ကြွယ် ဆရာတော်သည် သူ့ကို လှည့်စားခဲ့သည့် ဆန်းလျန်ကိုပင် ဒေါသ မထွက်အားတော့ပါ။ ဆန်းလျန်သည် နှလုံးသားထိန်းချုပ် ကျိန်စာကို မငြိမ်းသော မီးအိမ်ထဲတွင် မည်သို့ထည့်သွင်း ထားခဲ့ပါသနည်း။ စဉ်းစားရင်းဖြင့် အဖြေရှာမရ ဖြစ်နေခဲ့ ရလေသည်။

ရှန်ကြွယ် ဆရာတော်သည် နှလုံးသားထိန်းချုပ် ကျိန်စာကို ချေဖျက်ရန် ကြိုးစားရင်း ကြောက်စရာ ကောင်းသည့် အချက်တစ်ခုကို တွေ့ရှိလိုက် ရလေသည်။ ဆန်းလျန်သည် နှလုံးသားထိန်းချုပ် ကျိန်စာကို ပြန်လည် မွေးဖွားခြင်း ဂါထာဖြင့် ပေါင်းစပ် အသုံးပြုထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ရှန်ကြွယ် ဆရာတော်သည် ကျိန်စာကို ချေဖျက် မရနိုင်ပဲ အခက်တွေ့ နေရတော့သည်။

အခက်တွေ့ နေသည့်တိုင် ရှန်ကြွယ် ဆရာတော်သည် ဆန်းလျန်၏ အရည်အချင်း များကိုလည်း အံ့အားသင့် နေခဲ့လေသည်။ ဆန်းလျန်သည် တာအို ကျင့်စဉ်များနှင့် ဗုဒ္ဓဘာသာ ကျင့်စဉ်များကို အကန့်အသတ် မရှိ ဘက်ပေါင်းစုံမှ အသုံးပြုနိုင်သူ ဖြစ်လေသည်။ ဆန်းလျန်သည် မွေးရာပါ ထူးခြားသည့် ပါရမီရှင် သူတော်စင်တစ်ပါး ဖြစ်သည်ဆိုသည့် အချက်ကို ငြင်း၍ မရပေ။

"မိုးကောင်းကင်က အိုမင်းသွားမှာ မဟုတ်သလို၊ ဥပဒေသတွေ ကိုလည်း ချိုးဖောက်မှာ မဟုတ်ဘူး၊ ပင့်ကူအိမ်လို ရှုပ်ထွေး လိမ်ယှက်နေတဲ့ စိတ်ဆိုတာ ဘယ်လိုလုပ် ကြည်လင်မှု ရှိမှာလဲ၊ ရှန်ကြွယ် ဆရာတော်၊ ခင်ဗျား လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"

အမှောင်ထဲမှ လူတစ်ယောက် ပေါ်ထွက် လာလေသည်။

ထိုလူသည် ကြေးနီ ခေါင်းတလားကြီးကို လက်တစ်ဖက်မှ သယ်ဆောင်ထားပြီး သူ၏ အခြားလက် တစ်ဖက်ကတော့ အသွေးလည်း မရှိ၊ အသားလည်း မရှိ၊ အရိုးကျ နေလေသည်။ ထိုသူ၏နောက်တွင် မိန်းကလေးငယ်လေး တစ်ယောက် လိုက်ပါ လာလေသည်။ သူမ၏ လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင် ထားလေသည်။

ထိုသူ၏ ပုံသဏ္ဌာန်မှာ အသူရာချောက်မှ နတ်ဆိုးတစ်ယောက် အလားပင် ဖြစ်လေသည်။

ရှန်ကြွယ် ဆရာတော်၏ လက်ထဲမှ မငြိမ်းသော မီးအိမ်သည် ပျောက်ကွယ်သွားပြီး ကြေးနီရောင် ခေါင်းတလားထက်သို့ ပြန်လည်ရောက်ရှိ သွားလေသည်။ ကြေးနီရောင် ခေါင်းတလားသည် အနက်ရောင်များ ဖိတ်ဖိတ်တောက် နေလေ၏။ ပတ်ဝန်းကျင်တွင် မှိန်ဖျော့ဖျော့ လင်းလက်နေသည့် မီးစုန်းများသည် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

ရှန်ကြွယ် ဆရာတော်သည် ဆန်းလျန်ကို တွေ့မြင် လိုက်သည်နှင့် ကံကြမ္မာ ရဟတ် တစ်ပတ်လည်လာပြီ ဆိုသည်ကို သိလိုက်လေသည်။

"မငြိမ်းသော မီးအိမ်ထဲမှာ နှလုံးသားထိန်းချုပ် ကျိန်စာကို မင်းဘယ်လို ထည့်ထားတာလဲ"

ရှန်ကြွယ် ဆရာတော်က မေးလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒါက အရေးကြီးလို့လား၊ ကဲ ... အခု ဆရာတော်ကို လွှတ်ပေးရမယ့် အကြောင်းလေး တစ်ခုလောက် ရှိရင် ပြောပြပါဦး"

ပြန်လည် မွေးဖွားခြင်း ဂါထာနှင့် ကျင်းကျိ တိုင်းပြည်တွင် ရရှိခဲ့သည့် မိစ္ဆာစွမ်းအား ဒဏ်ရာက မငြိမ်းသော မီးအိမ်ထဲတွင် နှလုံးသားထိန်းချုပ် ကျိန်စာကို ထည့်သွင်းနိုင်ရန် လမ်းစကို ဆန်းလျန်အား သိရှိစေခဲ့သည်။ နှလုံးသားထိန်းချုပ် ကျိန်စာကိုသာ အသုံးမပြုခဲ့လျှင် ရှန်ကြွယ် ဆရာတော်ကို အနိုင်ရရန်မှာ ခက်ခဲမည် ဖြစ်လေသည်။

အဘယ်ကြောင့် ဆိုသော် ရှန်ကြွယ် ဆရာတော်သည် ရွှေခန္ဓာ ရသည်အထိ ကျင့်ကြံအောင်မြင် ထားသလို မရှိမှုနှစ်မျိုး ကျင့်စဉ်ကိုလည်း ကျင့်ကြံအောင်မြင် ထားသူ ဖြစ်လေသည်။

ရှန်ကြွယ် ဆရာတော်က သက်ပြင်းရှည်ကြီး တစ်ချက်ချ လိုက်ရင်း …

"မင်းသာ ကျိန်စာတိုက် မထားရင် ကျုပ်လွတ်မြောက် နိုင်မှာပဲ၊ ဒါပေမဲ့ အခုတော့ ကျုပ်ရဲ့ လွတ်မြောက်မှုက မင်းအပေါ်မှာ မူတည်နေပြီ၊ ကျုပ်တို့ ချန်ကျောင်းတော်က လျှို့ဝှက် ကျင့်စဉ်တွေနဲ့ မငြိမ်းသော မီးအိမ်ကျင့်စဉ်ကို မင်းကို ငါပေးမယ် ဆိုရင် မင်းငါ့ကို လွှတ်ပေးမှာလား"

ဆန်းလျန်က အေးစက်စွာဖြင့်…

"ကြည့်ရတာ ဆရာတော်က လက်မလျှော့ချင် သေးဘူးပဲ၊ ချန်ကျောင်းတော်က ပညာကိုသင်ရင် ချန်ကျောင်းတော်ရဲ့ ကျောင်းထိုင် ဆရာတော်ဖြစ်တဲ့ မြောင်တိ ဆရာတော်ကို မရိုသေရာ ရောက်မှာ ကြောက်ပါတယ်၊ ပြီးတော့ မငြိမ်းသောမီးအိမ် ကျင့်စဉ်ကိုလည်း ကျုပ်စိတ်မဝင် စားပါဘူး၊ ဘာလို့လဲ ဆိုတော့ အဲဒီ ကျင့်စဉ်တွေကို ကျင့်ကြံမယ် ဆိုရင် ကျုပ်ရဲ့ ကျင့်စဉ်လမ်းနဲ့ သီးခြား ဖြစ်နေမှာပေါ့ ၊ ကျုပ်က အစကတည်းက ဗုဒ္ဓဘာသာဂိုဏ်းကမှ မဟုတ်တာ"

အမှန်တော့ ဆန်းလျန်က မြောင်တိ ဆရာတော်ကိုလည်း အမှန်တကယ် ကြောက်ရွံ့ခြင်း မရှိပါ။ သူက ရည်ရွယ်ချက် မရှိဘဲ ရန်သူမတိုးစေချင် သောကြောင့်သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်လေသည်။ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုမှ ဆရာတော်ကြီး များသည် သူတို့ ကျောင်းတော်များ၏ လျှို့ဝှက် ကျင့်စဉ်များကို အထူး စည်းကမ်း တင်းကျပ်ပြီး ပေါက်ကြားလိုခြင်း မရှိကြပေ။

ထို့ကြောင့် ချန်ကျောင်းတော်၏ ကျင့်စဉ်များကိုသာ ဆန်းလျန်က ကျင့်ကြံပါက အကြီးအကျယ် ပြဿနာ တက်မည် ဖြစ်လေသည်။ ရှန်ကြွယ် ဆရာတော်သည် လူပြန်ဝင်စား ပြီးသည့်နောက် ချန်ကျောင်းတော်သို့ မပြန်ဘဲ မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်သို့ လာရောက်ခဲ့သည့် အတွက် သူတို့ကြား၏ ဆက်ဆံရေးက ကောင်းမွန်ခဲ့သည် မဟုတ်ပေ။

မငြိမ်းသောမီးအိမ် ကျင့်စဉ်ကတော့ ကြောက်မက်ဖွယ်ရာ ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း ဆန်းလျန် သိလေသည်။ ထိုကျင့်စဉ်ကတော့ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒ နှစ်ခုကြားတွင် ရှိသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ခေတ်အဆက်ဆက်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်း ခဲ့ကြသည့် တာအို ဆရာများစွာ ရှိလေသည်။ သို့သော် ဆန်းလျန်ကတော့ ထိုသို့သော ရည်ရွယ်ချက်မျိုး မရှိပါ။ ထို့ပြင် ရှန်ကြွယ် ဆရာတော်က သူ့ကို လှည့်စားနေခြင်း ဖြစ်ကြောင်းကိုလည်း သူကောင်းကောင်း သိလေသည်။

"ကောင်းတာ လုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာ လုပ်လျှင် မကောင်းတာ ဖြစ်မည်" ဆိုသည့် နိယာမကို ဆန်းလျန်က လက်ကိုင် ထားလေသည်။ သူ့နေရာတွင် ရှန်ကြွယ် ဆရာတော်သာ ဆိုလျှင် သူ့ကို အလွတ် ပေးလိမ့်မည် မဟုတ်ပေ။ ထိုဘုန်းတော်ကြီးသည် ပိုမို အစွမ်းထက်သော တန်ခိုး စွမ်းအားကို ရရှိရန်အတွက် ချန်ကျောင်းတော်ကို စွန့်ခွာကာ မငြိမ်းသောမီးအိမ် ကျောင်းတော်သို့ ဝင်ရောက်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် တန်ခိုးစွမ်းအား ကြီးမားရန် အတွက် မည်သည့် အလုပ်ကိုမဆို လုပ်မည်ဆိုသည့် ရှန်ကြွယ် ဆရာတော်၏ အကျင့်စရိုက်ကို တွေ့မြင် နိုင်လေသည်။

"ဒါဖြင့် မင်းဘာကို လိုချင်တာလဲ"

ရှန်ကြွယ် ဆရာတော်က ပွင့်ပွင့် လင်းလင်းပင် မေးလိုက်သည်။

"တကယ်တော့ အောက်ဘက်က အသူရာ ချောက်မြေကြီးကို မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်က ဖိနှိပ်ထားခဲ့တာ မဟုတ်လား၊ အဲဒါ ဘာလျှို့ဝှက်ချက် ရှိလဲ၊ ပြီးတော့ ဆရာတော်က မငြိမ်းသော မီးအိမ်ကို ယူသွားပေမဲ့ အသူရာချောက် မြေကြီးကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ ဆရာတော်မှာ တခြား အကြံအစည် တစ်ခုခု ရှိနေတယ် မဟုတ်လား"

ဆန်းလျန်က အေးဆေးစွာပင် ပြောလိုက်သည်။

"ဘယ်အရာကိုမှ မင်းကို ဖုံးကွယ်ထားလို့ မရဘူးပဲ၊ မင်းက ဗုဒ္ဓဘာသာ အကြောင်းကို စိတ်မဝင် စားပေမဲ့ ကျုပ်ကတော့ တာအိုဝါဒကို စိတ်ဝင်စားတယ်၊ တကယ်တော့ အရင် အချိန်တွေတုန်းက မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်ကို "ရွှမ်ထန်ကျန်းကျွင်း" ဆိုတဲ့ နတ်ဘုရား တစ်ပါး လာရောက် တိုက်ခိုက်ခဲ့တယ်၊ အဲဒီ နတ်ဘုရားက ကျင့်ကြံသူ လောကမှာ အရမ်း ထူးခြားတဲ့ နတ်ဘုရား တစ်ပါးပဲ၊ ဒါပေမဲ့ သူဟာ မငြိမ်းသောမီးအိမ် ဗောဓိသကျရဲ့ လက်ဖဝါး ထဲကတော့ ရုန်းမထွက် နိုင်ခဲ့ဘူး၊ ဒါပေမဲ့ သူက ဗုဒ္ဓဘာသာထဲကို ဝင်ဖို့ထက် သေဖို့ကိုပဲ ရွေးချယ်ခဲ့တယ်၊ နောက်ဆုံး သူက အသက် အသေခံ လိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ဟာ အသူရာချောက်ရဲ့ မြေကြီးအဖြစ် ပြောင်းလဲ သွားခဲ့တယ်"

"သူက ကြွင်းကျန် ရစ်ခဲ့တဲ့ အသူရာချောက် မြေကြီးတွေကို ကြေးနီ ခေါင်းတလားထဲမှာ ထည့်ပြီး အဲဒီ ခေါင်းတလား မြှုပ်ထားတဲ့ အပေါ်မှာ မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်ကို တည်ဆောက် ခဲ့တာပဲ၊ မငြိမ်းသောမီးအိမ် ဗောဓိသကျက အဲဒီ အသူရာချောက်က မြေကြီးတွေမှာ ရွှမ်ထန်ကန်းကျွင်း နတ်ဘုရားရဲ့ အမျက်ဒေါသ တရားတွေနဲ့ မကျေနပ်မှုတွေ ရှိနေတယ်၊ ဒါကြောင့် မငြိမ်းသောမီးအိမ် ဗောဓိသကျက မငြိမ်းသော မီးအိမ်ကို ဖန်ဆင်းပြီး အဲဒီအမျက် ဒေါသတရားတွေကို ထိန်းချုပ် ထားခဲ့တယ်၊ အဲဒီအချိန်က စပြီး မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော် ဆိုတာ ပေါ်ပေါက် လာတာပဲ၊ အဲဒီ ဝတ်ကျောင်းတော် ကနေ တာအိုဝါဒနဲ့ ဗုဒ္ဓဘာသာ ပေါင်းစပ်ထားတဲ့ ကျင့်စဉ်တွေ ထွက်ပေါ် လာခဲ့တယ်၊ ကဲ ကျုပ်ဘာကြောင့် မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်ကို ရောက်လာရလဲ ဆိုတာ သိပြီ မဟုတ်လား"

ရှန်ကြွယ် ဆရာတော်၏ စကားများကို နားထောင် ပြီးသည့်နောက် ဆန်းလျန်က ဖန်းယန်ယင်းကို ပြောလိုက်သည်။

"မှော်ဝင်ဓားနဲ့ ရှန်ကြွယ် ဆရာတော်ကို သူ့လမ်းသူ ပို့ပေးလိုက်တော့"

ဖန်းယန်ယင်းက ဆန်းလျန်စကားကို ကြားသည်နှင့် တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ ဓားကိုကိုင်ကာ ရှန်ကြွယ် ဆရာတော်ရှေ့သို့ ရောက်ရှိ သွားလေသည်။

ရှန်ကြွယ် ဆရာတော်က ဒေါသ တကြီးဖြင့် ဟားတိုက် ရယ်မောလိုက်ရင်း…

"တာအို ဆရာဆန်း၊ မင်းက တကယ်ပဲ ကျုပ်ကို သတ်တော့ မလို့လား၊ ကျုပ်မှာ မင်းမသိတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိသေးတယ်နော်၊ မင်းမသိချင် ဘူးလား"

ဆန်းလျန်သည် စကား တစ်လုံးမှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက် နေလေသည်။

***

All Chapters