ကခုန်နေတဲ့ သစ်ပင်ထက်က ထာဝရ အသက်သစ်သီး
Vol. 5 Ch. 406
ဖန်းယန်ယင်းသည် မှော်ဝင်ဓားကို ကိုင်မြှောက် လိုက်လေသည်။ မှော်ဝင်ဓားမှ ရောင်စဉ်ငါးမျိုး ဖြာထွက်လာပြီး ရှန်ကြွယ် ဆရာတော်၏ ဦးခေါင်းကို ချိန်ရွယ်ကာ ပိုင်းဖြတ်ချ လိုက်လေသည်။
ရှန်ကြွယ် ဆရာတော်၏ ဦးခေါင်းသည် မြေပြင်ထက်သို့ ကျသွား လေတော့သည်။
သို့သော် ရှန်ကြွယ် ဆရာတော်၏ ဦးခေါင်းကြီးမှာ လည်ပင်းမှ ပြတ်ပြီး မြေပြင်ပေါ်သို့ ကျသွားသည့်တိုင် ခေါင်းမရှိသည့် ရှန်ကြွယ် ဆရာတော်၏ ခန္ဓာကိုယ် ရှိရာသို့ ပြန်လာရန် ကြိုးစား နေလေသည်။ ထို့နောက်တွင်တော့ မြေပြင်ထက်မှ ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် ချိတ်ဆက်မိ သွားပြီး ဦးခေါင်းသည် မူလ ဖြတ်ပစ်ခဲ့သည့် နေရာနှင့် ပြန်လည် ဆက်သွယ်မိ သွားလေတော့သည်။
ရှန်ကြွယ် ဆရာတော်မှာ ခေါင်းနှင့်ကိုယ် ပြန်ဆက်သွားပြီး နဂိုမူလ အတိုင်း ပြန်ဖြစ်ကာ အသက် ရှင်သန်နေမြဲ ဖြစ်လေသည်။
ဖန်းယန်ယင်းမှာ ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ရှန်ကြွယ် ဆရာတော်မှာ ထိုမျှ တန်ခိုးစွမ်းအား မြင့်မား လိမ့်မည်ဟု သူမက ထင်မထားမိပေ။ လူတစ်ယောက်သည် ခေါင်းပြတ် သွားသည်နှင့် သေဆုံးရန်မှာ သေချာသလောက် ဖြစ်လေသည်။ သို့သော် ရှန်ကြွယ် ဆရာတော်ကတော့ ပြတ်သွားသည့် ဦးခေါင်းကို ခန္ဓာကိုယ်နှင့် ပြန်လည်ချိတ်ဆက် နိုင်လေသည်။
ရှန်ကြွယ် ဆရာတော်က ရယ်မော လိုက်လေသည်။
"တာအို ဆရာဆန်း၊ မိုးနဲ့မြေမှာ အတားအဆီးမရှိ သွားလာနိုင်တဲ့ ကျုပ်ဘုန်းကြီးက နောက်တစ်ကြိမ် လူပြန်မဝင် စားချင်တော့ဘူး"
ဖန်းယန်ယင်းက ဆန်းလျန်ကို လှည့်ကြည့် လိုက်လေသည်။
ဆန်းလျန်ကတော့ ပြုံးနေဆဲ ဖြစ်လေသည်။
ဖန်းယန်ယင်းသည် ရှန်ကြွယ် ဆရာတော်၏ ဦးခေါင်းကို နောက်တစ်ကြိမ် ခုတ်ဖြတ်ပစ်လိုက် ပြန်လေသည်။ ဦးခေါင်းကလည်း ရှန်ကြွယ် ဆရာတော်၏ ကိုယ်ခန္ဓာထက်သို့ ပြန်သွားကာ နဂိုအတိုင်း တည်ရှိ နေပြန်သည်။
သို့သော် ... ဦးခေါင်းကို တစ်ခါခုတ်ဖြတ် လိုက်တိုင်း ရှန်ကြွယ် ဆရာတော်၏ ခန္ဓာကိုယ်မှာ ပိုပြီး ခြောက်သွေ့လာပုံ ရလေသည်။
ဖန်းယန်ယင်းသည် ရှန်ကြွယ် ဆရာတော်၏ ဦးခေါင်းကို ထပ်ခါတလဲလဲ ခုတ်ဖြတ် ပြီးသည့်နောက် ရှန်ကြွယ် ဆရာတော်၏ ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ လဲကျသွားကာ ရွှေရောင်ခန္ဓာ အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ ရွှေခန္ဓာမှ အသွေး အသားများသည် ရွှေမှုန်များ အဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် အရိုးစုသာ ကျန်ရစ် ခဲ့လေတော့သည်။ အရိုးစုနှင့် မလှမ်းမကမ်း တွင်တော့ ဦးခေါင်းခွံ တစ်ခု ရှိနေလေသည်။
ဖန်းယန်ယင်းသည် မှော်ဝင်ဓားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဆန်းလျန် အနားတွင် သွားရပ်နေ လိုက်လေသည်။
ရှန်ကြွယ် ဆရာတော်၏ ခန္ဓာကိုယ်မှ ပြောင်းလဲသွားသည့် ရွှေမှုန်များ ထံသို့ မည်သည့် နေရာကမှန်း မသိသည့် စမ်းရေများ စီးဆင်းဝင်ရောက် လာပြီး ရေကန်ငယ်လေး တစ်ခု ဖြစ်တည် လာလေသည်။ ထိုရေကန် အလယ်တွင် ကြာပန်းလေး တစ်ပွင့် ပွင့်လန်း လာလေ၏။
ပတ်ဝန်းကျင်တွင် လေပြည်လေး ကလည်း သာယာအေးမြစွာ တိုက်ခတ် လာလေသည်။
"မင်း သူ့ကို သတ်လိုက်တာ ဘယ်လို ခံစားရလဲ"
ဆန်းလျန်က ဖန်းယန်ယင်းကို နူးညံ့စွာဖြင့် မေးလိုက်သည်။
"ဘယ်လိုမှ မခံစားရပါဘူး"
ဖန်းယန်ယင်းက ပြန်ဖြေလိုက်သည်။
ဆန်းလျန်က ဖန်းယန်ယင်းကို ချီးကျူးသည့် အကြည့်ဖြင့် တစ်ချက်ကြည့် လိုက်ပြီး…
"ဆရာဦးလေး ပြောသလိုသာ ဆိုရင် တစ်ဘဝပြီး တစ်ဘ၀ ကျင့်ကြံနိုင်ဖို့က ပိုပြီး ခက်ခဲ လာတာလား"
ဖန်းယန်ယင်းက ပြန်မေးလိုက်သည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ချင်းရွှမ် နတ်တံခါးမှာတောင် နှစ်ပေါင်းသုံးထောင် အတွင်း နတ်ဘုရား အဖြစ် နှစ်ကြိမ်အဆင့် တက်ရောက် နိုင်ခဲ့သူဆိုလို့ ကျုပ်ရဲ့ ဆရာဘွားဘွား ဖြစ်တဲ့ ကျိလင် နတ်သမီးပဲ ရှိခဲ့ဖူးတယ်၊ ဒါကြောင့် နှစ်ဘဝတိုင်တိုင် ကျင့်ကြံနိုင်ဖို့ ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲတယ်၊ ဒါပေမဲ့ ဗုဒ္ဓဘာသာ ကတော့ မတူဘူး၊ သူတို့မှာက လူပြန်ဝင်စားပြီး ကျင့်ကြံပြီ ဆိုရင် အရင်ဘဝက ကျင့်ကြံမှုတွေကို ဒီအတိုင်း ပြန်လည်ရရှိတဲ့ လျှို့ဝှက်နည်းလမ်း ရှိတယ်"
"ဒါဆိုရင် ဗုဒ္ဓဘာသာ ကတောင် တာအိုဝါဒထက် ပိုပြီး ကောင်းနေတာပေါ့"
ဖန်းယန်ယင်းက ပြောလိုက်သည်။
"လောကမှာ ကျင့်စဉ်လမ်းတွေ အများကြီးရှိလို့ ဘယ်လမ်းက ပိုကောင်းတယ် ဆိုတာ ပြောရခက်တယ်၊ ဒါပေမဲ့ ကျင့်စဉ်လမ်း တစ်ခုဟာ အချိန်ကာလ ကြာလေလေ အန္တရာယ် များလေပဲ"
ဆန်းလျန်က ပြန်ဖြေလိုက်သည်။
ဆန်းလျန်က ခဏ နားလိုက်ပြီးမှ စကားကို ဆက်ပြောလိုက်သည်။
"ဗုဒ္ဓဘာသာ ဂိုဏ်းတွေက တိတ်ဆိတ် ငြိမ်သက်တယ်၊ ပါရမီ အထပ်ထပ် ဖြည့်ပြီးရင် ဗုဒ္ဓတောင် ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ ဗုဒ္ဓဖြစ်လာဖို့ ဆိုတာတော့ မလွယ်ကူ လှဘူး၊ ကျင့်စဉ်လမ်း အဆုံးထိ မရောက်မချင်း ဘဝကို ဘယ်အရာကမှ အာမခံချက် မပေးနိုင်ဘူး"
ဆန်းလျန်သည် ပေါ့ပေါ့ပါးပါး စကားပြော နေသည့်တိုင် သူ၏ညာဘက် လက်ကတော့ အရိုးများ ကျသည်အထိ မီးလောင်ကျွမ်းခြင်း ခံထား ရလေသည်။ သို့သော် ... ဆန်းလျန်ကတော့ သူ၏ဒဏ်ရာကို ဂရုစိုက်သည့်ပုံ မပေါ်ပါ။
ဖန်းယန်ယင်းသည် ဆန်းလျန်၏လက်ကိုကြည့်ကာ စိတ်မကောင်း ဖြစ်သွားလေသည်။
"ဆရာဦးလေး၊ ဆရာဦးလေးရဲ့ လက်က ကုသလို့ မရတော့ဘူးလား"
"ကခုန်နေတဲ့ သစ်ပင်ဆိုတဲ့ သစ်ပင်တစ်ပင် ရှိတယ်၊ အဲဒီသစ်ပင်က သီးတဲ့အသီးက ထာဝရ အသက် သစ်သီးပဲ၊ အဲဒီသစ်သီးသာ ရရင်တော့ ကျုပ်လက်က ပြန်ကောင်းလာ နိုင်ပါသေးတယ်၊ ပြီးတော့ ကျုပ်ကလည်း ချန်ပေသိုနဲ့ ရင်ဆိုင် တိုက်ခိုက် ရဦးမယ်"
"ဒါဆို ကျွန်မတို့ အသူရာ ချောက်မှာ အဲဒီသစ်ပင်ကို သွားရှာကြ မှာလား"
ဖန်းယန်ယင်းက မေးလိုက်သည်။
"ငါတို့မှာ ရွှမ်ထန်ကျန်းကျွင်း ထားခဲ့တဲ့ တာအိုတရား အဓိပ္ပာယ်နဲ့ အသူရာချောက်ရဲ့ မြေကြီးရှိတာပဲ ၊ ကျန်တာတွေ သိပ်မစဉ်းစား နဲ့တော့၊ သွားကြရအောင်"
ဆန်းလျန်က အေးအေး ဆေးဆေးပင် ပြောလိုက်သည်။
ဖန်းယန်ယင်းက သူမရှေ့မှ ရေကန်ငယ်လေးနှင့် ကြာပန်းလေးကို တစ်ချက်လှမ်းကြည့် လိုက်သည်။ ထိုရေကန်နှင့် ကြာပန်းမှာ ရွှေခန္ဓာအဆင့် ကျင့်ကြံသူမှ ဖြစ်တည်လာခြင်း ဖြစ်သည့်အတွက် အလွန် တန်ဖိုးရှိသည်မှာ ထင်ရှား နေလေသည်။ သို့သော် ... ဆရာဦးလေး အနေဖြင့် ထိုရေကန်နှင့် ကြာပန်းကို လိုအပ်ခြင်း မရှိသည်မှာ အသေအချာပင် ဖြစ်လေသည်။
ဆန်းလျန်က အသူရာချောက် မြေကြီးကို သူ၏ အရိုးကျနေသည့် လက်ဖြင့် ဆုပ်ကိုင် လိုက်လေသည်။ ထိုအခါ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ် လာလေသည်။
အသူရာချောက်မှ မြေကြီး ဆိုသည်က ညစ်ညမ်းသည့်တိုင် အခြားသော မြေကြီးများကို သန့်စင်စေပြီး သစ်ပင်များ အတွက် မြေသြဇာကို ကောင်းစေလေသည်။
အဓိပ္ပာယ်ကို လေးလေးနက်နက် စဉ်းစား ပြီးသည့်နောက် ဆန်းလျန်သည် ကြေးနီ ခေါင်းတလားနှင့် မငြိမ်းသော မီးအိမ်ကို ပခုံးထက်တွင် ထမ်းလိုက်လေသည်။ မငြိမ်းသော မီးအိမ်မှာ တောက်ပနေပြီး သူတို့ရှေ့တွင် တံတားရှည်ကြီး တစ်စင်း ပေါ်လာကာ သူတို့ကို မဟာနှင်းတောင် တည်ရှိရာ နေရာမှ ခေါ်ဆောင် သွားလေတော့သည်။
မဟာနှင်းတောင်မှ နှင်းများမှာ တဖြည်းဖြည်း အရည်ပျော်ကျ သွားပြီး နေရောင်ခြည်မှာလည်း လင်းလက်လျက် ရှိလေတော့သည်။
ဆန်းလျန်နှင့် ဖန်းယန်ယင်း ထွက်ခွာသွားပြီး သိပ်မကြာမီတွင် ကောင်းကင်ထက်တွင် တိမ်တိုက်နှစ်ခု ပေါ်လာလေသည်။ တိမ်တိုက် တစ်ခုစီပေါ်တွင် ဘုန်းတော်ကြီး နှစ်ပါး ထိုင်နေကြ လေသည်။ သူတို့၏ မျက်နှာများမှာ လပြည့်ဝန်းများ အလား ကြည်လင်နေပြီး မျက်ဝန်းများမှာလည်း ကြာပန်းများ အလား တင့်တယ် ကြလေသည်။ သူတို့၏ သင်္ကန်းများသည် လေထဲတွင် တလွင့်လွင့်ဖြင့် လွင့်ပျံနေကြ လေသည်။
ဆရာတော် တစ်ပါးက ရေရွတ်လိုက်သည်။
"မဟာ နှင်းတောင်ဟာ အသူရာချောက်နဲ့ ဆက်စပ်နေမယ်လို့ မျှော်လင့် မထားမိဘူး"
"ရှန်ကြွယ်ကိုယ်တော် မငြိမ်းသောမီးအိမ် ဝတ်ကျောင်းတော်ကို ရောက်အောင် လာတာကို မအံ့သြတော့ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူက ဒီလျှို့ဝှက်ချက်ကို သိနေတာကိုး၊ အသူရာချောက် ဆိုတာ နတ်ဆိုးပေါင်း များစွာရဲ့ အိမ်ပဲ"
"ဟုတ်တယ်၊ ဒါပေမဲ့ မဟာနှင်းတောင်က နှင်းတွေ အရည်ပျော် ကုန်ပြီး မြေကြီးတွေ ပေါ်လာတာ အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်၊ ကျင်းတု ဝတ်ကျောင်းတော်က ဆရာတော်ဘုရားဆီ အရင်ဆုံး ဒီကိစ္စကို သွားပြီး အစီရင် ခံကြရအောင်"
"ဒီအကြံ ကောင်းတယ် …"
***