← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း(၄၇)

ကျန်းပိုင်ချွင်းနှင့် ချင်းဟိုင်သည်လည်း ထွက်ပြေးရန် ကြိုးစားကြသည်။ ကျန်းပိုင်ချွင်းသည် မသေမျိုးကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက နတ်ဘုရားခရီးသွားမှော်အဆောင်ကို မြန်ဆန်စွာ အသက်သွင်းနိုင်သည်။ သို့သော် ချင်းဟိုင်က မှော်အဆောင်ကို အသက်သွင်းတော့မည့်အချိန် လေပြင်းက သူ့အနောက်မှ ရုတ်ချည်း တိုက်ခတ်လာသည်။ သူက ကြက်သီးမွေးညင်းထသွားပြီး မျက်နှာဖြူဖျော့သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များက ရုတ်တရက် ထောင်မတ်သွားသည်။

“ ရွှတ် ”

အနက်ရောင်ကျားလက်သည်းက သူ၏ နောက်ကျောမှ ထိုးဖောက်လာပြီး ဝမ်းဗိုက်ကို ဖောက်ထွက်သွားသည်။ သွေးသည် ကြီးမားသော အပေါက်ထဲမှ ဒလဟော စီးကျလာသည်။ ပြေးလွှားနေသော သူ့ခြေထောက်များက ရုတ်ချည်း ရပ်တန့်သွားသည်။ သူ၏ မျက်လုံးက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။ သူက အသက်မဲ့သွားပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

သွေးသည် မြေကြီးပေါ်မှာ အိုင်ထွန်းသွားသည်။

စက်ကရာသည် အစိမ်းရောင်အလင်းဘောလုံးကြောင့် အဝေးသို့ လွင့်စင်သွားစဉ် မိစ္ဆာစွမ်းအားကို အသုံးပြု၍ လေထဲ၌ အနက်ရောင်ကျားလက်သည်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ အနက်ရောင်ကျားလက်သည်းသည် မိုးကြိုးသွားပမာ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်သွားပြီး ချင်းဟိုင်ကို ချက်ချင်း သတ်ပစ်လိုက်သည်။

“ ဘန်း ”

သီရှီထျန်သည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သွေးသည် သူ၏ ပါးစပ်ထဲမှ ဝေါခနဲ အန်ထွက်လာသည်။ ပုလဲလုံး၏ ပေါက်ကွဲမှုအင်အားကြောင့် သူက ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ သူက သွေးတစ်ဗွက် အန်ပြီးလျှင် ပင်ပန်းနွမ်းနယ်မှုကို ခံစားမိသွားသည်။ သူ၏ ခေါင်းက မူးဝေလာပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းထံမှ နာကျင်မှုကို ခံစားမိသွားသည်။

အဖြစ်အပျက်များက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ သေခြင်းရှင်ခြင်းကို မျက်တောင်တစ်ခတ်အတွင်းမှာ အဆုံးအဖြတ်ပေးနိုင်၏။ အခြေတည်နယ်ပယ် မသေမျိုးကျင့်ကြံသူများ၏ တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသည့်အခါ သူက ကျားဟိန်းသံအတတ်ကို အသုံးပြု၍ အားကောင်းသော အသံလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ယင်းက ရန်သူကိုသာမက သူ့ကိုယ်သူလည်း ဒဏ်ရာရရှိစေသည်။ ယခု သူ၏ အခြေအနေက အလွန်ဆိုးဝါးနေသည်။

“ ဂါး ”

“ မသေမျိုးကျင့်ကြံသူတွေက တကယ်မရိုးရှင်းဘူး… အခြေတည်နယ်ပယ် ကျင့်ကြံသူတွေက အရမ်းသန်မာတယ်… ငါ့ရဲ့ သန်စွမ်းတဲ့ ရုပ်ခန္ဓာကိုယ်နဲ့ တတိယအဆင့်ကို ချိုးဖြတ်သွားတဲ့ မိစ္ဆာစွမ်းအားကြောင့်မဟုတ်ရင် ဒီနေ့ သေမယ့်လူက ငါဖြစ်သွားလိမ့်မယ် ”

“ ဝေါင်း ”

သူက တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ သူက ပါးစပ်ဟ၍ သူ၏ ခြေထောက်ပေါ်မှာ စိုက်ဝင်နေသော ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်မှ အလောင်းနှစ်လောင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏ စူးရှသော အကြည့်က လီသွမ့်ချန်းအမည်ရသော မသေမျိုးကျင့်ကြံသူ၏ ခါးပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာမှာ သေးငယ်သော အဝါရောင်အိတ်တစ်လုံး ရှိသည်။ ထိုအဝါရောင်အိတ်ကို မြင်သွားသောအခါ စိတ်လှုပ်ရှားသော အကြည့်က သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒီအိတ်က မသေမျိုးကျင့်ကြံသူတွေ အသုံးပြုတဲ့ သိုလှောင်အိတ်ဖြစ်မယ် ”

မသေမျိုးကျင့်ကြံသူများက သူတို့၏ ပစ္စည်းများကို သေးငယ်သော ထိုအိတ်ထဲမှ ထုတ်ယူလေ့ရှိကြောင်း မကြာခဏ သူမြင်ခဲ့သည်။ ထို့ကြောင့် သူ၏ အသိဉာဏ်အရ ယင်းက အတိတ်ဘဝမှာ သူကြားခဲ့ဖူးသော သိုလှောင်အိတ်ဖြစ်နိုင်ကြောင်း သိသွားသည်။ သိုလှောင်အိတ်သည် ပစ္စည်းအများအပြားကို လွယ်ကူစွာ သိုလှောင်နိုင်သည်။ ယင်းက တန်ဖိုးကြီးမားသော ရတနာတစ်ခု ဖြစ်သည်။

စက်ကရာသည် မြေကြီးပေါ်မှာ ထရပ်လိုက်သည်။ သူက အလောင်းဆီသို့ မြန်ဆန်စွာ လျှောက်သွားပြီး ခါးပေါ်မှ အိတ်ကို ပါးစပ်ဖြင့် ကိုက်ယူလိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်မှာ ပြုတ်ကျနေသော သစ်သားပေတံနှင့် ဓားမြှောင်ကို ရှာဖွေလိုက်သည်။ သူက ထိုပစ္စည်းအားလုံးကို အဝတ်စတစ်ခုဖြင့် ရစ်ပတ်လိုက်သည်။

“ အရှင်မင်းကြီး ”

စက်ကရာက တန်ဖိုးရှိသည်ဟု သူထင်သော ပစ္စည်းများကို အဝတ်စတစ်ခုဖြင့် ရစ်ပတ်နေကြောင်း ဝံပုလွေဘုရင်ပိုင်ယွဲ့ မြင်သောအခါ သူက ဘေး၌ ပုန်းအောင်းနေရာမှ အမြန်ထွက်လာသည်။ သူက စက်ကရာ၏ အရှေ့မှာ အဆုံးမဲ့သော ကြောက်ရွံ့ရိုသေမှုဖြင့် ဝပ်တွားလိုက်သည်။

အစောနက ပြင်းထန်သော တိုက်ပွဲကို သူမမြင်ခြင်း မဟုတ်ပေ။ သို့သော်လည်း သူက ထိုတိုက်ပွဲမှာ ဝင်မပါနိုင်ပေ။ အကယ်၍ သူသာ ဝင်ပါလိုက်လျှင် သူက ချက်ချင်း အသတ်ခံရလိမ့်မည်။

ထို့ကြောင့် သူက စိုးရိမ်ကြောင့်ကြသော်လည်း ဘေး၌သာ ပုန်းအောင်းနေပြီး သူ့အရှေ့မှ တိုက်ပွဲကို အကူအညီမဲ့စွာ ကြည့်နေရသည်။

တိုက်ပွဲထဲမှာ သူ့အရှင်၏ အလွန်သန်စွမ်းသော ခွန်အားကို မြင်သွားသောအခါ သူက အဆုံးမဲ့သော ကြောက်ရွံ့ရိုသေစိတ်ကို ခံစားမိသွားသည်။ တစ်ချိန်တည်းမှာ သူက ခွန်အားကို လိုချင်တောင့်တလာသည်။ သူက တစ်နေ့မှာ ထိုသို့သန်မာလာပြီး သူ့အရှင်ကို ကူညီပေးနိုင်ရန် မျှော်လင့်နေသည်။ ယခု သူက ဘေး၌သာ ပုန်းအောင်းနိုင်ပြီး တိုက်ပွဲကို ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်၏။

“ ပိုင်ယွဲ့… ငါနဲ့ စောစောက တိုက်ခိုက်ခဲ့တဲ့လူတွေက မသေမျိုးကျင့်ကြံသူတွေ… သူတို့ထဲက တချို့က အရမ်းသန်မာပြီး သူတို့ကို ငါမသတ်နိုင်ခဲ့ဘူး… သူတို့က လွတ်မြောက်သွားပြီးရင် ပိုပြီးသန်မာတဲ့ ကျင့်ကြံသူတွေကို နောက်တစ်ကြိမ် ခေါ်လာကြလိမ့်မယ်… ကျားရဲတောင်တန်းဒေသက မကြာခင် ကပ်ဘေးကျရောက်တော့မယ်… မင်းရဲ့ ဝံပုလွေမျိုးနွယ်ကို ဒီကနေ အမြန်ဆုံး ရွှေ့ပြောင်းနိုင်အောင် အသင့်ပြင်ဆင်ထားပါ… မနက်ဖြန် နေထွက်လာတဲ့အခါ ဒီကနေ ငါတို့ထွက်သွားကြမယ် ”

စက်ကရာက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။ ယခု သူ၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစွမ်းအားတစ်ဝက်သာ ကျန်ရှိတော့သည်။ အစောနက တိုက်ပွဲက စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ပမာဏအများကြီး ကုန်ဆုံးသွားခဲ့သည်။

သူက တိုက်ပွဲအတွင်းမှာ ကျားဟိန်းသံအတတ်ကို အချိန်ကြာမြင့်စွာ အသုံးပြုခဲ့သည့်အပြင် မိစ္ဆာစွမ်းအားကို အသုံးပြု၍ အနက်ရောင်ကျားလက်သည်းကိုလည်း ဖွဲ့စည်းခဲ့သည်။ ယင်းက သူ၏ မိစ္ဆာစွမ်းအားကို အများကြီး ကုန်ဆုံးစေသည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့်သို့ ရောက်ရှိနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးကို ဖွင့်လှစ်ပြီးသောကြောင့်မဟုတ်လျှင် ယခုကဲ့သို့ သူမတ်တတ်ရပ်နိုင်နေလိမ့်မည် မဟုတ်ချေ။

“ ဟုတ်ကဲ့ပါ… အရှင်မင်းကြီး ”

ပိုင်ယွဲ့က မျက်လုံးဝင်းလက်သွားပြီး တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ သီရှီထျန်ကို သူအညံ့ခံပြီးကတည်းက သီရှီထျန်ပေးသော အမိန့်အားလုံးကို တသွေမတိမ်း သူလိုက်နာလိမ့်မည်။ မည်သို့ဖြစ်ပါစေ တိရိစ္ဆာန်များသည် လူသားများထက် ပိုပြီးသစ္စာရှိကြသည်။

“ မင်းရဲ့ လူတွေကို မျောက်ချိုင့်ဝှမ်းနဲ့ လင်းတတောင်ထွတ်ဆီ စေလွှတ်ပြီး မျောက်ဝံဘုရင်ယွမ်ထျန်းနဲ့ လင်းတဘုရင်ယင်းခုန်းကို အကြောင်းကြားခိုင်းလိုက်ပါ… မနက်ဖြန် ထွက်ခွာဖို့ သူတို့ကို အသင့်ပြင်ခိုင်းထားပါ ”

သီရှီထျန်က အမြန်အမိန့်ပေးသည်။

ဝံပုလွေဘုရင်က အာရုံစိုက်စွာ နားထောင်ရင်း‌ ခေါင်းညိတ်လိုက်သည်။

“ ရှဲ ရှဲ ”

ထိုစဉ် တောင်ကြားထဲ၌ ကျယ်လောင်သော အော်မြည်သံ ထွက်ပေါ်လာသည်။ ထို့နောက် အရွယ်အစားကြီးမားသော ဧရာမမြွေဖြူက တောင်ကြား၏ ဝင်ပေါက်မှာ ထွက်ပေါ်လာသည်။ သူ၏ ဝိုင်းစက်သော မျက်လုံးကြီးများထဲမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင်ရှိသည်။ သူက စက်ကရာကို ကြောက်ရွံ့ရိုသေစွာ ကြည့်နေသည်။

အစောနက တိုက်ပွဲကို သူ့ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခဲ့သည်။ အကယ်၍ သီရှီထျန်သာ ထိုသို့ခွန်အားဖြင့် အစကတည်းက သူ့ကို တိုက်ခိုက်ခဲ့လျှင် သူက စက္ကန့်ပိုင်းလေးအတွင်းမှာ သေချာပေါက် အသတ်ခံရလိမ့်မည်။ ယင်းက အကြွင်းမဲ့ခွန်အား ဖြစ်သည်။

“ မြွေဖြူဘုရင်… မင်းငါ့ကို အညံ့ခံဖို့ ဆန္ဒရှိလား… မင်းဆန္ဒမရှိဘူးဆိုရင်လည်း ငါမင်းကို ဖိအားမပေးပါဘူး ”

စက်ကရာသည် မြွေဖြူဘုရင်၏ အော်မြည်သံကို ကြားသွားသည်။ ထို့ကြောင့် သူက ခေါင်းလှည့်လိုက်ပြီး မြွေဖြူဘုရင်ကို ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ့ဆီမှာ မြွေဖြူဘုရင်ကို အနိုင်ယူနိုင်သော ခွန်အား ရှိနေသေးပေသည်။ သို့သော်လည်း အစောနက တိုက်ပွဲမှာ သူက ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ အကယ်၍ သူသာ ပြန်သွားပြီး အမြန်ဆုံး အားပြန်မဖြည့်လျှင် သူ၏ ဒဏ်ရာများက ပိုပြီးဆိုးဝါးသွားလိမ့်မည်။ ယင်းက သူ၏ အခြေအနေကို ပိုပြီးပြင်းထန်စေလိမ့်မည်။

“ အရှင်မင်းကြီး… ကျွန်မ အညံ့ခံဖို့ ဆန္ဒရှိပါတယ် ”

မြွေဖြူဘုရင်သည် တစ်ခဏကြာ တိတ်ဆိတ်နေပြီးလျှင် သီရှီထျန်ကို ဦးညွတ်လိုက်ပြီး အညံ့ခံရန် ဆန္ဒရှိကြောင်း ပြောသည်။ သူက စိတ်ထဲမှာ ကိုယ့်ဘာသာ တွေးတောလိုက်သည်။

‘ အရှင်မင်းကြီးနောက်ကို လိုက်တာက ဒီတောင်ကြားထဲမှာ ဆက်နေတာထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်… ပြောမရဘူး… အနာဂတ်မှာ ငါက အရှင်မင်းကြီးလို သန်မာလာလိမ့်မယ် ’

သီရှီထျန်၏ ခွန်အားကို မျက်မြင်တွေ့ပြီးနောက် မြွေဖြူဘုရင်သည် ပိုပြီးသန်မာသော စွမ်းအားကို လိုချင်တောင့်တလာသည်။ သူက သီရှီထျန်၏ ပြိုင်ဘက်မဟုတ်ကြောင်းလည်း ရှင်းလင်းစွာ နားလည်သည်။ သို့ဖြစ်၍ ဤတစ်ကြိမ် အညံ့ခံမှုက သူ့အား ခြားနားသော ဘဝသစ်ဆီသို့ ခေါ်ဆောင်သွားပေးလိမ့်မည်ဟု သူ‌မျှော်လင့်သည်။

သီရှီထျန်သည် မျက်လုံးဝင်းလက်သွားသည်။ အစောနက သူ၏ တိုက်ပွဲကို မြွေဖြူဘုရင်မြင်ခဲ့ကြောင်း သူနားလည်လိုက်သည်။ ထို့ကြောင့် မြွေဖြူဘုရင်က သူ့ကို အလွယ်တကူ အညံ့ခံသွားခဲ့ခြင်း ဖြစ်မည်။ သို့သော်လည်း ယခုအချိန်မှာ သူက တခြားကိစ္စများကို အများကြီး မတွေးချင်ပေ။ ယခု သူက လာရင်းရည်မှန်းချက်ကို အောင်မြင်သွားပြီ ဖြစ်၏။ သူက ခေါင်းညိတ်လိုက်ပြီး သိမ်မွေ့စွာ ပြောသည်။

“ မြွေဖြူဘုရင်… မင်းက ငါ့ကို အညံ့ခံဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ငါမင်းကို မမျှမတ မဆက်ဆံပါဘူး… အခု ငါမင်းကို နာမည်တစ်ခု အပ်နှင်းပေးမယ်… ”

သူက တစ်ခဏကြာ ရပ်တန့်လိုက်ပြီး မြွေဖြူဘုရင်ကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။

“ မင်းရဲ့ တစ်ကိုယ်လုံးက အဖြူရောင်ဖြစ်တယ်… ပြီးတော့ မင်းဆီမှာ မိခင်တစ်ယောက်ရဲ့ အသွင်လက္ခဏာတွေ ရှိတယ်… ဒီတော့ ငါမင်းကို ပိုင်စုစုလို့ ခေါ်မယ် ”

“ စုစု… ပိုင်စုစု ”

ယင်းကို ကြားသောအခါ မြွေဖြူဘုရင်က သူ့ကိုယ်ပိုင်နာမည်ကို အကြိမ်ရေအနည်းငယ် ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။ သူက မြေကြီးပေါ်မှာ ဦးသုံးကြိမ်ချပြီးနောက် ပြောသည်။

“ ဒီလက်အောက်ငယ်သားကို နာမည်အပ်နှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး… ဒီနေ့ကစပြီး ကျွန်မမှာလည်း ကိုယ်ပိုင်နာမည်ရှိသွားပြီ… ကျွန်မကို ပိုင်စုစုလို့ ခေါ်ကြလိမ့်မယ် ”

မြွေဖြူဘုရင်၏ လေသံအရ သူက ထိုနာမည်ကို အလွန်သဘောကျနေကြောင်း ထင်ရှား၏။

“ ကောင်းပြီ ပိုင်စုစု… အခု မင်းက ငါ့ရဲ့ လက်အောက်ငယ်သားဖြစ်သွားပြီဆိုတော့ ငါ့ရဲ့ အမိန့်တွေကို နာခံရမယ်… အခုချက်ချင်းပဲ မင်းရဲ့ မျိုးနွယ်စုကို စုဝေးလိုက်ပါ… မနက်ဖြန်ကျရင် လင်းတဘုရင်နဲ့အတူ ကျားရဲတောင်တန်းဒေသရဲ့ အလယ်ဗဟိုဆီ လာခဲ့ပါ… ပိုင်ယွဲ့ရဲ့ ဝံပုလွေတွေက မင်းကို လာခေါ်လိမ့်မယ်… ကျားရဲတောင်တန်းဒေသမှာ ဆက်နေဖို့ မင်းအတွက် မသင့်တော်ဘူး… အဲ့ဒါက မင်းကို အန္တရာယ်ပေးလိမ့်မယ် ”

“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”

တခြားသားရဲဘုရင်များနည်းတူ ပိုင်စုစုက သီရှီထျန်၏ အမိန့်ကို မငြင်းဆန်ပေ။ သူတို့၏ စွမ်းရည်အရ အကယ်၍ သူတို့က ကျားရဲတောင်တန်းဒေသကို စွန့်ခွာပြီး တခြားနေရာဆီသို့ ရွှေ့ပြောင်းလျှင်ပင် ကောင်းမွန်သော ဘဝကို တည်ဆောက်နိုင်ဦးလိမ့်မည်။ ထို့ပြင် မသေမျိုးကျင့်ကြံသူများက မည်မျှအစွမ်းထက်ကြောင်း အစောနက သူမြင်ခဲ့ရသည်။ အကယ်၍ သူက ဤနေရာမှာ ဆက်နေမည်ဆိုလျှင် အနှေးနှင့်အမြန် အသက်အန္တရာယ်ကြုံတွေ့ရနိုင်သည်။ သီရှီထျန်၏ အကြံပေးမှုက သူလိုချင်သောအရာ အတိအကျပင်။

All Chapters