← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း(၄၈)

ပိုင်စုစုက သူ့ကို အညံ့ခံသွားကြောင်း မြင်သောအခါ စက်ကရာသည် ဤတောင်တန်းဒေသထဲမှ သူ၏ ရည်ရွယ်ချက်ကို ပြီးမြောက်စွာ ဆောင်ရွက်နိုင်သွားကြောင်း သိလိုက်သည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ပိုင်ယွဲ့ကို ခေါ်၍ ပြန်သွားသည်။ သူက ဒဏ်ရာများထံမှ နာကျင်မှုကို ကြိတ်မှိတ်သည်းခံလိုက်သည်။ သူက လှိုဏ်ဂူဆီသို့ ပြန်သွားသော လမ်းတစ်လျှောက်တွင် “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။ သူက ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ပြန်လည်ကုသလိုက်သည်။

အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ဒေါသတကြီး တိုက်ခိုက်မှုက သာမန်တိုက်ခိုက်မှု မဟုတ်ပေ။ ယင်းက စွမ်းအားအကုန်ပါဝင်သော တိုက်ခိုက်မှု ဖြစ်သည်။ အပြင်ဘက်မှ ကြည့်လျှင် သူက ဘာမှမဖြစ်သွားဟန် ထင်ရသော်လည်း အမှန်မှာ သူ၏ ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာရရှိသွားခဲ့သည်။ သူ၏ မရီဒျန်များသည်လည်း ထိခိုက်သွားခဲ့သည်။

ထိုအရာအားလုံးကို အကောင်းအတိုင်း ပြန်ကုသရန် သူလုပ်ဆောင်ရမည်။ သို့မဟုတ်ဘဲ အတွင်းဒဏ်က သူ၏ ခန္ဓာကိုယ်ထဲမှာ ကျန်နေလျှင် ယင်းက သူ၏ အနာဂတ် တိုးတတ်မှုကို အဟန့်အတားဖြစ်စေလိမ့်မည်။ ယင်းက အနာဂတ်တွင် မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်သည့်အခါ သူ့ကို ဒုက္ခရောက်စေနိုင်၏။

ဥပမာ မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်ရန် မိစ္ဆာစွမ်းအားကို လှည့်ပတ်နေစဉ် သူ၏ မရီဒျန်များက အရေးကြီးအခိုက်အတန့်မှာ ကွဲထွက်သွားမည်ဆိုလျှင် သူက အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်။

တောအုပ်ထဲမှာ အချိန်အတော်ကြာ အတူပြေးလွှားပြီးနောက် ဝံပုလွေဘုရင်ပိုင်ယွဲ့သည် သူ၏ မျိုးနွယ်စုကို ရှာဖွေရန် ခွဲထွက်သွားသည်။ သီရှီထျန်သည်လည်း သူနေထိုင်သော လှိုဏ်ဂူဆီသို့ မြန်ဆန်စွာ ပြန်သွားသည်။ ထိုစဉ် ကောင်းကင်ပေါ်မှ နေလုံးက အားကောင်းသထက် ပိုပြီးအားကောင်းလာသည်။ နေလုံးသည် ကောင်းကင်၏ အလယ်ဗဟိုဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။

လှိုဏ်ဂူသို့ သူပြန်ရောက်သွားသည့်အခါ အချိန်တစ်ခဏအထိ မည်သည့်အရာကိုမှ သူမစဉ်းစားတော့ပေ။ သူက ပါးစပ်ထဲမှ အဝတ်အိတ်ကို ဘေးမှာ ချထားလိုက်ပြီး နွေးထွေးသော ဝက်ဝံအရေပြားပေါ်မှာ လဲလျောင်းလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။

သူက အသက်ရှူသွင်းရှူထုတ်ပြုလုပ်လိုက်လေရာ မဟူရာမိစ္ဆာစွမ်းအင်အမျှင်တန်းများက သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် အနက်ရောင်မြူခိုးထုကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် အနက်ရောင်မြူခိုးက သူ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။ လှိုဏ်ဂူထဲမှ မိုးမြေဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ စီးဝင်လာသည်။ မိစ္ဆာစွမ်းအားသည် သူ၏ မရီဒျန်များထဲမှာ တသွင်သွင် စီးဆင်းနေသည်။ မိစ္ဆာစွမ်းအားက တစ်ကြိမ်လှည့်ပတ်သွားတိုင်း ဒဏ်ရာရရှိထားသော သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးခြင်းခံလိုက်ရပြီး တဖြည်းဖြည်း ပြန်ကောင်းမွန်လာသည်။ မိစ္ဆာစွမ်းအားက သူ၏ ဒဏ်ရာများကို ကုသပေးသည်။

“ ဘယ်လောက် လွှမ်းမိုးဗိုလ်ကျလိုက်တဲ့ ကျားလဲ ”

သီရှီထျန်နေထိုင်သော လှိုဏ်ဂူနှင့် အတန်ငယ် ဝေးကွာသော တောင်ထွတ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ သူက လှိုဏ်ဂူထဲမှာ ဒဏ်ရာကုသနေသော သီရှီထျန်ကို ကြည့်နေစဉ် အံ့ဩမှုက သူ၏ မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။ သီရှီထျန်ကို သူစိတ်ဝင်စားသွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ကျားရဲတောင်တန်းဒေသထဲမှ ထွက်မသွားပေ။

ဤအတောအတွင်းမှာ သူက သီရှီထျန်နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။ သို့ဖြစ်၍ ဤရက်များတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးက သူ၏ မျက်လုံးအောက်မှ မလွတ်မြောက်ခဲ့ပေ။

အချိန်ကြာကြာ သူပိုပြီးစောင့်ကြည့်လေ သီရှီထျန်ကို သူပိုပြီးစိတ်ဝင်စားလာလေ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သီရှီထျန်၏ လုပ်ဆောင်မှုများက သူ၏ မျှော်လင့်ထားမှုထက် အများကြီး ကျော်လွန်နေသောကြောင့်ပင်။ ထိုကျားနက်က တခြားတိရိစ္ဆာန်များနှင့် လုံးဝ ကွဲပြားခြားနားသည်။

‘ အဲ့ဒီကောင်လေးက ဘယ်လိုကံကြမ္မာကောင်းနဲ့ တွေ့ဆုံခဲ့တာပါလိမ့်… သူ့မှာ ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ရှိရုံတင်မကဘူး မြင့်မားတဲ့ အသိဉာဏ်လည်း ရှိတယ်… သူ့ရဲ့ လုပ်ဆောင်မှုတိုင်းက ငါမျှော်လင့်ထားတာထက် အကြိမ်ကြိမ် ကျော်လွန်သွားတယ်… ငါပေးခဲ့တဲ့ စွမ်းအင်စုစည်းဆေးလုံးတွေရဲ့ အကူအညီနဲ့အတူ သူက ဒီလောက်အချိန်တိုလေးအတွင်းမှာ မိစ္ဆာနယ်ပယ်ရဲ့ အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ခဲ့တယ် ’

‘ ဒါ့အပြင် အဲ့ဒီကျားဟိန်းသံက သူ့ကို အခြေတည်နယ်ပယ် ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နိုင်စေတဲ့အထိ အားကောင်းတယ်… သူက ဘာအားနည်းချက်မှ မဖော်ပြခဲ့ဘဲ ရန်သူတွေကို ခြောက်လှန့်ပစ်ခဲ့တယ်… စိတ်ဝင်စားစရာပဲ… စိတ်ဝင်စားစရာပဲ ’

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် သူ၏ လက်ထဲမှာ ခရမ်းရောင်ပွင့်ဖတ်တစ်ခုကို ကိုင်ထားရင်း ညင်သာစွာ ဆော့ကစားနေသည်။ သူက ချယ်ရီရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။

“ အစကတော့ သူဒုက္ခရောက်တဲ့အခါ ငါဝင်ကူညီမယ်လို့ စဉ်းစားထားခဲ့တာ… ဒါပေမဲ့ အခုတော့ ငါဘာမှမလုပ်လိုက်ရဘူး… ကြည့်ရတာ ကျောက်ရိုင်းတုံးတစ်တုံးကို ငါရှာတွေ့သွားပြီ ထင်တယ် ”

သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေရင်း စဉ်းစားလိုက်သည်။ တစ်ခဏကြာပြီးနောက် သူက သိမ်မွေ့စွာ ပြောသည်။

“ ထျန်းအင်ပါယာရတနာသေတ္တာရဲ့ လျှို့ဝှက်ချက်ကို သူရှာဖွေနိုင်လောက်မယ် ထင်တယ် ”

… … …

“ ဟူး ”

သီရှီထျန်သည် လှိုဏ်ဂူထဲမှာ ခြောက်နာရီကြာသည်အထိ ကျင့်ကြံလိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ဝဲနေသော အနက်ရောင်မြူခိုးက သူ၏ ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် တိုးဝင်သွားပြီး အရာအားလုံးကို ဝါးမျိုလိုက်သည်။ မှိတ်ထားသော သူ၏ မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ အေးစက်စက် အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးထဲမှာ လျှပ်စီးကြောင်းများပမာ ပေါ်လျှိုးလာသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ သို့သော် အရှိန်အဝါက တစ်ခဏကြာပြီးနောက် မြန်ဆန်စွာ ပြန်ရုပ်သိမ်းသွားသည်။

“ မသေမျိုးကျင့်ကြံသူတွေက တကယ်အံ့ဩစရာကောင်းတယ်… အခြေတည်နယ်ပယ် ကျင့်ကြံသူတွေကတောင် ငါ့ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်ကြတယ်… တကယ်လို့ ပိုပြီးအစွမ်းထက်တဲ့ ကျင့်ကြံသူသာ ရောက်လာမယ်ဆိုရင် ဒီနေ့ ငါအသက်ရှင်ရက် ပြန်လာနိုင်မှာ မဟုတ်ဘူး ”

သီရှီထျန်၏ နှလုံးသားက အေးစက်သွားသည်။ မသေမျိုးကျင့်ကြံသူများ၏ စွမ်းအားကို ကောင်းမွန်စွာ နားလည်သွားပြီးနောက် ကျားဖြူမေမေနှင့် သူ့ညီငယ်ညီမငယ်ကို သွားရောက်ကယ်တင်ချင်သော သူ၏ ရည်မှန်းချက်က မလွယ်ကူကြောင်း သီရှီထျန် နားလည်သွားသည်။ ယင်းက အလွန်အမင်း ခက်ခဲသည်။ သို့သော်လည်း ယင်းက သူ၏ ကြိုးစားချင်စိတ်ကို မပျက်စီးစေပေ။ ယင်းအစား သူ့ကို ပိုပြီးအလုပ်ကြိုးစားရန် စိတ်ဓာတ်လှုံ့ဆော်ပေးသည်။

ထွန်းလင်းတောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ ဒီတစ်ကြိမ် ငါက အန္တရာယ်ကပ်ဘေးကနေ အကျိုးအမြတ်အများကြီး ရရှိခဲ့တယ်… တိုက်ပွဲပြီးနောက် ငါ့ရဲ့ တိုက်ပွဲအတွေ့အကြုံက အရင်ကထက် ပိုတိုးပွားလာတယ်… ဒါ့အပြင် ဒဏ်ရာတွေကို ပြန်ကုသပြီးနောက် ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအားက ပိုပြီးသန့်စင်သွားတယ် ”

တောင်တန်းဒေသထဲတွင် သူ၏ ခွန်အားက အချိန်တိုင်း အဆက်မပြတ် တိုးပွားလာနေသည်။ ကျန်ရှိသော စွမ်းအင်စုစည်းဆေးလုံးများ၏ အကူအညီဖြင့်ဆိုလျှင် မကြာခင် သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးထဲမှာ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံသွားလိမ့်မည်။

လောလောဆယ် သူက ခေါင်းထဲမှ အတွေးများကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး သူ့ဘေးမှ အဝတ်အိတ်ကို ကြည့်လိုက်သည်။ ထိုအဝတ်အိတ်ထဲမှာ မသေမျိုးကျင့်ကြံသူများ၏ ပစ္စည်းများရှိသည်။

ယင်းတို့ထဲမှာ ဓမ္မရတနာများဖြစ်သော အစိမ်းရောင်ပေတံနှင့် ကြက်သွေးရောင်ဓားမြှောင်လည်း ရှိသည်။ ထိုဓမ္မရတနာနှစ်ခု၏ စွမ်းအားကို သူကိုယ်တိုင် တွေ့ကြုံခံစားကြည့်ခဲ့ပြီးပြီ ဖြစ်၏။ ယင်းတို့က အလွန်သန်စွမ်းကြသည်။ သို့သော်လည်း သီရှီထျန် ပိုပြီးစိတ်ဝင်စားသည်မှာ လီသွမ့်ချန်း၏ ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ် ဖြစ်သည်။

သူ၏ အတိတ်ဘဝတွင်… ။

ချန်းခွန်းအိတ်များ၊ ဆူမဲရူသစ်စေ့များနှင့် ပစ္စည်းများ သိုလှောင်နိုင်သော တခြားရတနာများအကြောင်းကို သူကြားခဲ့ဖူးသည်။ ဒဏ္ဍာရီပုံပြင်များအရ ယင်းတို့က အရေအတွက်များပြားသော ပစ္စည်းများကို လွယ်ကူစွာ သိုလှောင်သိမ်းဆည်းနိုင်ကြသည်။

ထိုသို့ရတနာကို သီရှီထျန်က ပိုပြီးစိတ်ဝင်စားသည်။

“ ဟူး ”

သူက ပါးစပ်ဟလိုက်ပြီး အဝတ်အိတ်ကို ဖြည်လိုက်သည်။ လှိုဏ်ဂူသည် အစက မည်းမှောင်နေသည်။ သို့သော်လည်း အဝတ်အိတ်ကို ဖြည်လိုက်သည်နှင့် တောက်ပသော အလင်းရောင်က လှိုဏ်ဂူထဲမှာ ထွက်ပေါ်လာသည်။ အမှောင်ထဲတွင် ထိုအလင်းရောင်က မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပ၏။ သီရှီထျန်က ဂရုတစိုက် ကြည့်လိုက်လေရာ သူ့အရှေ့မှ အရာအားလုံးကို ထင်ရှားစွာ မြင်တွေ့သွားသည်။

အဝတ်အိတ်ထဲတွင် ပစ္စည်းအများကြီး မရှိပေ။ ပစ္စည်းသုံးခုသာ ရှိ၏။

တစ်ခုက သုံးလက်မရှည်လျားသော အစိမ်းရောင်သစ်သားပေတံ ဖြစ်သည်။ အခြားတစ်ခုက ကြက်သွေးရောင်ဓားမြှောင်ဖြစ်ပြီး နောက်ဆုံးတစ်ခုက လက်ဖဝါးအရွယ်အစားထက် အနည်းငယ်သာ ပိုကြီးမားသော အဝါရောင်အိတ်တစ်လုံး ဖြစ်သည်။

သီရှီထျန်သည် သူ့အရှေ့မှ ရတနာသုံးခုကို ကြည့်လိုက်သည်။ သူက ညင်သာစွာ လှုပ်ရှားလိုက်ပြီး သူ၏ ကျားလက်သည်းကို ဆန့်ထုတ်ကာ သိုလှောင်အိတ်ကို ဖမ်းဆုပ်လိုက်သည်။ သူက အားအနည်းငယ် ထည့်၍ ဆုတ်ဖြဲလိုက်သည်။ သို့သော်လည်း အိတ်ကို ထူးဆန်းသော ပစ္စည်းဖြင့် ဖန်တီးထားသည့်အလား အိတ်က မည်သည့်ထိခိုက်မှုမှ မဖြစ်သွားပေ။

“ ဟုတ်တယ်… အဲ့ဒါ မသေမျိုးကျင့်ကြံသူတွေရဲ့ ရတနာပဲ ”

သီရှီထျန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အိတ်ကို အကြိမ်ရေအနည်းငယ် စစ်ဆေးလိုက်သည်။ တစ်ခဏကြာပြီးနောက် သူက တွေးတောလိုက်သည်။

“ မသေမျိုးကျင့်ကြံသူတွေက သူတို့ရဲ့ အဖိုးတန်ရတနာတွေကို သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းကြလေ့ ရှိတယ်… ဒီအိတ်ထဲမှာ ဘာတွေရှိမလဲ ကြည့်ကြည့်ရအောင် ”

မသေမျိုးကျင့်ကြံခြင်းလောကမှ ပစ္စည်းများအကြောင်း သူဘာမှမသိပေ။ ထို့ကြောင့် ယင်းတို့ကို ဖြည်းဖြည်းချင်းသာ သူလေ့လာနိုင်၏။ သိုလှောင်အိတ်က လက်ဖဝါးအရွယ်အစားမျှသာ ရှိသော်လည်း ယင်းက အရွယ်အစားပိုကြီးမားသော ပစ္စည်းများကို သိမ်းဆည်းပေးနိုင်၏။ သို့ဖြစ်လေရာ သာမန်နည်းလမ်းများဖြင့် ယင်းကို မဖွင့်နိုင်လောက်ပေ။ အချိန်အတော်ကြာ စစ်ဆေးကြည့်ပြီးနောက် ထိုသိုလှောင်အိတ်က အမှန်တကယ် ထူးခြားဆန်းကြယ်ကြောင်း သူရှာတွေ့သွား၏။

ယင်းက သာမန်အိတ်တစ်လုံးနှင့် ဆင်တူသော်လည်း အိတ်၏ အပေါက်က တင်းကျပ်စွာ ပိတ်နေသည်။ သီရှီထျန်က မည်မျှအားထည့်၍ ဆွဲဖွင့်ပါစေ အပေါက်က မပွင့်သွားပေ။ ထိုသို့သူဆွဲဖွင့်သည့်အခါတိုင်း အပြာရောင်အလင်းလွှာတစ်ခုက အိတ်ပေါ်မှာ ထွက်ပေါ်လာလိမ့်မည်။ အိတ်ကို သူမဖွင့်နိုင်ပေ။

“ မိစ္ဆာစွမ်းအားက အလုပ်မဖြစ်ဘူး… မဟုတ်မှ ငါ့နည်းလမ်းက မှားနေတာများလား ”

သီရှီထျန်က လေးနက်စွာ တွေးတောလိုက်သည်။ တစ်ခဏကြာပြီးနောက် သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော အလင်း ထွက်ပေါ်လာသည်။

သူ၏ အတိတ်ဘဝတွင် မသေမျိုးကျင့်ကြံသူများက သူတို့၏ ဓမ္မရတနာများပေါ်မှာ သူတို့ကိုယ်ပိုင် အမှတ်သင်္ကေတကို ချန်ထားကြလေ့ရှိကြောင်း သို့မဟုတ် နတ်ဘုရားစိတ်အာရုံဖြင့် ချိပ်တံဆိပ်တစ်ခုကို ရိုက်ခတ်ထားကြလေ့ရှိကြောင်း သူကြားဖူးသည်။ ထိုနည်းဖြင့်ဆိုလျှင် ဓမ္မရတနာက သူတို့၏ သခင် သို့မဟုတ် ပိုင်ရှင်ကို မှတ်မိလိမ့်မည်။

“ ဒါဆိုရင် သိုလှောင်အိတ်ကို ဖွင့်လှစ်ဖို့ ငါ့ရဲ့ ကိုယ်ပိုင်အမှတ်သင်္ကေတကို ဒီပေါ်မှာ အရင်ထည့်သွင်းရမှာလား… အဲ့ဒါမှ သိုလှောင်အိတ်က ငါ့ကို သူ့သခင်အဖြစ် အသိအမှတ်ပြုမှာလား ”

ထိုသို့တွေးမိသောအခါ သီရှီထျန်၏ မျက်လုံးထဲမှ အလင်းက အားကောင်းသထက် ပိုပြီးအားကောင်းလာသည်။ သူပိုပြီးစဉ်းစားလေ ထိုအတွေးက ဖြစ်နိုင်ခြေရှိသည်ဟု သူပိုပြီးခံစားမိလာလေ ဖြစ်သည်။

‘ အဲ့ဒီအတိုင်း လုပ်ကြည့်ရအောင် ’

သီရှီထျန်က စတင်လှုပ်ရှားလိုက်သည်။ ရုတ်တရက်ဆိုသလို မိစ္ဆာအာရုံက သူ၏ အသိစိတ်ထဲမှ ပေါ်ထွက်လာပြီး သိုလှောင်အိတ်ပေါ်သို့ ကျဆင်းသွားသည်။ မိစ္ဆာအာရုံက သိုလှောင်အိတ်ကို ထိတွေ့သွားသည်နှင့်ချက်ချင်း အိတ်က ရုတ်တရက် အလင်းရောင်ထွန်းလင်းလာသည်။ တစ်ချိန်တည်းမှာ ထူးဆန်းသော နယ်မြေလွတ်တစ်ခုက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုနယ်မြေလွတ်သည် မကျယ်ပေ။ ယင်းက သုံးစတုရန်းမီတာမျှသာ ကျယ်ပြော၏။

နယ်မြေလွတ်သည် ဟာလာဟင်းလင်းဖြစ်နေပုံ ပေါ်သည်။ ထိုထဲမှာ တလက်လက် တောက်ပနေသော သလင်းကျောက်ဒါဇင်ခန့်၊ ရှေးဟောင်းစာအုပ်တစ်အုပ်၊ ထူးဆန်းသော သံလိုက်အိမ်မြှောင်နှင့် မှော်အဆောင်ဒါဇင်ခန့်သာ ရှိ၏။ ထို့ပြင် ကျောက်စိမ်းသေတ္တာများလည်း ရှိ၏။ သို့သော် ကျောက်စိမ်းသေတ္တာများက ဗလာဖြစ်နေသည်။ ထိုပစ္စည်းများမှလွဲလျှင် တခြားမည်သည့်အရာမှ မရှိပေ။

ထိုနယ်မြေလွတ်ကို စက်ကရာ မြင်သွားသောအခါ ယင်းက သိုလှောင်အိတ်ထဲမှ နယ်မြေလွတ်ဖြစ်နိုင်ကြောင်း ချက်ချင်း သူနားလည်သွားသည်။ ဤသိုလှောင်အိတ်ထဲမှ နယ်မြေလွတ်က သိပ်မကျယ်ပေ။ ယင်းက သုံးစတုရန်းမီတာမျှသာ ကျယ်ပြော၏။ ယင်းက ပစ္စည်းများ ထည့်သိမ်းနိုင်သော ဂိုထောင်အသေးလေးတစ်ခုနှင့် ဆင်တူသည်။ ယင်းထဲမှာ ပစ္စည်းအများကြီး ထည့်မသိမ်းနိုင်ပေ။ သို့သော် လက်ရှိ သူ့အတွက် ယင်းက လုံလောက်သည်ထက် ပို၏။

သီရှီထျန်သည် မိစ္ဆာအာရုံဖြင့် သိုလှောင်အိတ်ပေါ်မှာ သူ့ကိုယ်ပိုင် အမှတ်သင်္ကေတကို ရေးထွင်းပြီးလျှင် ထိုနယ်မြေလွတ်ထဲမှ ပစ္စည်းများကို သူ၏ စိတ်ဆန္ဒအတိုင်း ထိန်းချုပ်နိုင်ကြောင်း ရှင်းလင်းစွာ ခံစားမိသွားသည်။ သူက တစ်ချက်တွေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် အလင်းရောင်က သိုလှောင်အိတ်ပေါ်မှာ ဖျတ်ခနဲ လင်းလက်သွားသည်။ ထို့နောက် ပစ္စည်းတစ်ခုပြီးတစ်ခုက အပြင်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က အစောနက နယ်မြေလွတ်ထဲမှာ သူမြင်တွေ့ခဲ့သော ပစ္စည်းများအတိုင်း လုံးဝ အတိအကျပင်။ တစ်ခုမှ မပိုသကဲ့သို့ တစ်ခုမှ မလျော့ပေ။

“ အဲ့ဒီမသေမျိုးကျင့်ကြံသူက ဒီရှေးဟောင်းစာအုပ်ကို သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းထားတယ်ဆိုတော့ ဒီစာအုပ်က သာမန်မဖြစ်နိုင်ဘူး ”

သီရှီထျန်သည် ပစ္စည်းအားလုံးကို သူ၏ အရှေ့မှာ စီစီရီရီ ချထားလိုက်သည်။ သူက ယင်းတို့ကို လျှင်မြန်စွာ တစ်ချက်စစ်ဆေးကြည့်ပြီးလျှင် နောက်ဆုံးမှာ သူ၏ အကြည့်က ဟောင်းနွမ်းနေသော စာအုပ်ပေါ်သို့ တန်းမတ်စွာ ကျရောက်သွားသည်။ သူ၏ နှလုံးသားထဲမှာ မျှော်လင့်သော စိတ်ခံစားမှု ထွက်ပေါ်လာသည်။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောက၏ ကျင့်စဉ်စာအုပ်ဖြစ်ရန် သူမျှော်လင့်နေသည်။

All Chapters