← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း(၅၀)

“ ကျားရဲတောင်တန်းဒေသက ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီ… ဒီတောင်တန်းဒေသမှာ ငါဆက်မနေနိုင်တော့သလို တောင်တန်းဒေသရဲ့ အနီးနားမှာလည်း နေလို့မဖြစ်ဘူး… အရမ်းနီးလွန်းရင် ငါ့အတွက် အန္တရာယ်ရှိနိုင်တယ်… ဒါကြောင့် ဝေးနိုင်သလောက် အဝေးဆုံးကို ထွက်သွားရမယ်… အရှေ့ဘက်အရပ်မှာ လူသားတွေနေထိုင်တဲ့ နယ်မြို့တွေနဲ့ ကျေးရွာတွေ ရှိတယ်… အဲ့ဒီကို ငါသွားရင် သေသွားလိမ့်မယ်… အခု တောင်ဘက်အရပ်ကိုပဲ ငါပြောင်းရွှေ့နိုင်မယ် ”

စက်ကရာ၏ မျက်လုံးထဲမှာ အသိဉာဏ်အလင်း ထွက်ပေါ်လာသည်။ အရှေ့အရပ်သည် သူမရွေးချယ်နိုင်သော လမ်းကြောင်း ဖြစ်သည်။ ထို့ကြောင့် တခြားဦးတည်ရာသုံးခုသာ ကျန်ရှိတော့သည်။ ဤရက်များတွင် သူက တောင်ထွတ်ပေါ်မှာ ရပ်ပြီး သေချာဂရုတစိုက် စစ်ဆေးလေ့လာကြည့်ခဲ့သည်။ တောင်ပိုင်းအရပ်သည် အကန့်အသတ်မဲ့စွာ ကျယ်ပြောပြီး နေရာပြောင်းရွှေ့ရန် အသင့်တော်ဆုံး ဖြစ်သည်။ တခြားဦးတည်ရာနှစ်ခုသည်တော့ လူသားများနှင့် အဆက်အသွယ်ရှိပုံပေါ်သည်။

ယခု သူက မသေမျိုးကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့ပြီ ဖြစ်၏။ သို့ဖြစ်၍ သူလုပ်ရမည်မှာ အချိန်တစ်ခဏကြာသည်အထိ ပုန်းအောင်းနေရန် ဖြစ်သည်။ ဤကိစ္စ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်အထိ သူစောင့်ဆိုင်းရမည်။ ထို့ပြင် မြန်နိုင်သမျှမြန်မြန် မိစ္ဆာတစ်ကောင်ဖြစ်လာရန် စွမ်းအားအလုံအလောက်ကို သူစုဆောင်းရမည်။ ထိုအတွက် အချိန်သူလိုအပ်သည်။ မိစ္ဆာတစ်ကောင်ဖြစ်လာမှသာ သူ၏ စွမ်းအားက ကြီးကြီးမားမား တိုးမြှင့်သွားလိမ့်မည်။

ထို့ကြောင့် သူပြောင်းရွှေ့မည့် နေရာက ပိုပြီးလျှို့ဝှက်လေ သူ့အတွက် ပိုကောင်းလေ ဖြစ်သည်။

ထိုနေရာမှာ လူသားများ လုံးဝမရှိလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ထိုသို့နေရာက သူ့အတွက် အလုံခြုံဆုံးနေရာ ဖြစ်သည်။ ထိုနေရာမှာ သူတို့က အေးအေးချမ်းချမ်း အင်အားစုဆောင်းနိုင်လိမ့်မည်။ ချောက်နက်ထဲမှ လျှို့ဝှက်နဂါး အပြင်သို့ ပေါ်ထွက်လာသည့်အခါ တစ်လောကလုံး တုန်လှုပ်သွားရမည်။

“ တောင်ပိုင်းအရပ်… တောင်ပိုင်းဆီ သွားရမယ် ”

သီရှီထျန်သည် သူ၏ နှလုံးသားထဲမှာ ယုံကြည်ချက်မွေးလိုက်သည်။ သူက တောင်ပိုင်းအရပ်ဆီသို့ သွားရောက်ရန် စိတ်ဆုံးဖြတ်လိုက်သည်။

သူတွေးတောစဉ်းစားနေစဉ် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မည်သို့မည်ပုံမသိလိုက်ခင်မှာ သူက ရေတံခွန်ရှိသော တောင်ထွတ်ပေါ်သို့ ရောက်ရှိသွားသည်။ သူက ခေါင်းယမ်းလိုက်ပြီး စိတ်ရှုပ်စရာကိစ္စများကို ခေါင်းထဲမှ အမြန်ဖယ်ရှားလိုက်သည်။ သူက ရေတံခွန်ဘေးမှ ကျောက်တုံးကြီးကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အကြည့် ထွက်ပေါ်လာသည်။

“ ကျောက်တုံး… လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံး… ငါ့ရဲ့ လက်ရှိစွမ်းအားက အဲ့ဒါကို ဖြိုခွဲပစ်နိုင်မလား ငါမသိဘူး ”

စက်ကရာသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယခင်တစ်ခေါက်တွင် သူက ကျောက်တုံးကြီးကို ရွေ့လျားစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ ဤရက်များတွင် သူက စွမ်းအင်စုစည်းဆေးလုံးများကို အဆက်မပြတ် သုံးစွဲ၍ သူ၏ မိစ္ဆာစွမ်းအားကို စုဆောင်းခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားသည် ယခင်တစ်ခေါက်ထက် (၃၀)ရာခိုင်နှုန်း ပိုပြီးတိုးပွားလာသည်။ ထို့ကြောင့် ကျောက်တုံးကြီးကို ဖြိုချပစ်ရန် သူစွမ်းဆောင်နိုင်မည်လော ကြိုးစားကြည့်ရန် စိတ်အားထက်သန်လာသည်။

ထိုကျောက်တုံးကြီးထဲမှာ ရှားပါးရတနာတစ်ခု သေချာပေါက် ရှိရမည်။ ကျောက်တုံးကြီးပေါ်မှာ ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် ထိုကျောက်တုံးကြီးနှင့် သူ့ကြားမှာ ထူးဆန်းသော ဆက်သွယ်မှုတစ်ခု ရှိလာကြောင်း ခပ်ရေးရေး သူခံစားမိသည်။ ဤသည်မှာ သူက ကျောက်တုံးကြီးထဲမှ တစ်စုံတစ်ခုကို အာရုံခံနိုင်သည့်အလားပင်။

“ ကောင်းပြီ… နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်မယ်… ဒီကျောက်တုံးကို ငါဖြိုခွဲပြီး အထဲက လျှို့ဝှက်ရတနာကို ကြည့်နိုင်မလား စမ်းကြည့်ရအောင် ”

သီရှီထျန်သည် စိတ်ကူးယဉ်တတ်သောသူ မဟုတ်ပေ။ ထိုအတွေး သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းကို သူမဖိနှိပ်နိုင်တော့ပေ။ သူက ကိစ္စတစ်ခုကို တွေးထားပြီးလျှင် ယင်းကို သေချာပေါက် လုပ်ဆောင်လိမ့်မည်။

“ ဂရား ”

အရင်ဦးစွာ သူက ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို လှည့်ပတ်လိုက်ပြီး မရီဒျန်များထဲသို့ စီးဆင်းစေသည်။ သို့မှသာ သူက အထွတ်အထိပ်အခြေအနေမှာ ရှိနိုင်လိမ့်မည်။ မဟူရာမိစ္ဆာစွမ်းအင်လှိုင်းများက သူ၏ မရီဒျန်များထဲမှာ တဝုန်းဝုန်း ရွေ့လျားသွားနေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။

သူက ကျားလက်သည်းကို မြှောက်တင်လိုက်လေရာ မိစ္ဆာစွမ်းအားက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး သူ၏ ကျားလက်သည်းထဲသို့ စီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မဟူရာမိစ္ဆာစွမ်းအင်အလွှာက ကျားလက်သည်းထံမှ ပေါ်ထွက်လာသည်။ ယင်းက ကျားလက်သည်းကို အရွယ်အစားနှစ်ဆ ပိုပြီးကြီးမားသွားစေပြီး အလွန်သန်မာစေသည်။ ချွန်ထက်သော အနက်ရောင်သတ္ထုအလင်းက ကျားလက်သည်းပေါ်မှာ ထွက်ပေါ်လာသည်။

အလွန်အားကောင်းသော ကျားအရှိန်အဝါက ဒီရေသဖွယ် တလိပ်လိပ် ပေါ်လျှိုးလာပြီး တောင်ထွတ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သားရဲဘုရင်အရှိန်အဝါအောက်မှာ ဘေးပတ်ဝန်းကျင်၌ လွှမ်းမိုးဖိနှိပ်သော ဖိအား ထွက်ပေါ်လာသည်။

“ ဗုန်း ”

သူက နောက်ဆက်တွဲ အကျိုးဆက်ကို စဉ်းစားမနေဘဲ မိစ္ဆာစွမ်းအားကို သူ၏ ကျားလက်သည်းထဲသို့ ဒလဟော ထည့်သွင်းလိုက်သည်။ ကျားလက်သည်းထဲမှ မရီဒျန်များက မိစ္ဆာစွမ်းအားပြည့်လျှံမှုကြောင့် ဖောင်းကြွလာပြီး နာကျင်မှုကို သူခံစားမိသောအခါ အောက်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။ ကျားလက်သည်းက ကျောက်တုံးကို ပြင်းထန်စွာ ထိမှန်သွားသည်။ ကျောက်တုံးသည် လျှို့ဝှက်ဆန်းကြယ်ပြီး ဖော်မပြနိုင်အောင် မာကျော၏။

ဤတစ်ကြိမ်တွင်လည်း ယခင်တစ်ခေါက်ကဲ့သို့ မည်သည့်ရွေ့လျားမှုမှ မရှိပေ။ ထူးခြားချက်အနေဖြင့် ဤတစ်ကြိမ်တွင် ကျောက်တုံးကြီးက သူထုတ်ဖော်လိုက်သော အင်အားကို မစုပ်ယူသွားပေ။

ယင်းအစား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကျောက်တုံးကြီးထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက အဖြူရောင်ကျောက်စိမ်းပမာ ထွန်းလင်းတောက်ပ၏။ ယင်းက သီရှီထျန်ထုတ်လွှတ်လိုက်သော မိစ္ဆာစွမ်းအားကို တန်ပြန်ရိုက်ထုတ်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ စွမ်းအင်အားလုံးက သူ့ထံသို့ တိုက်ရိုက် တန်ပြန်လာသည်။

“ ဘန်း ”

ထိုစွမ်းအားက အမှန်တကယ် ကြောက်စရာကောင်းသည်။ ယင်းက ကျောက်တုံးကြီးထံမှ စွမ်းအားကို သယ်ဆောင်ထားသည့်အပြင် ယင်းထဲမှာ စက်ကရာ၏ တိုက်ခိုက်မှုမှ အင်အားအကုန်လည်း ပါဝင်နေသည်။ ထိုစွမ်းအားနှစ်ခု ပေါင်းစပ်သွားသည့်အခါ မည်မျှကြောက်စရာကောင်းကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

သီရှီထျန်သည် ထိုသို့ဖြစ်လာမည်ဟု ကြိုမမျှော်လင့်ထားပေ။ ထို့ပြင် ကျောက်တုံးကြီး၏ တန်ပြန်မှုက အလွန်မြန်ဆန်သည်။ ယင်းက သူ့ကို တုံ့ပြန်ရန် မည်သည့်အခွင့်အရေးမှ မပေးပေ။ သူက လျှပ်တစ်ပြက်အတွင်းမှာ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ထိမှန်သွားသည်။

“ ဖူး ”

သူ၏ ခန္ဓာကိုယ်က မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သီရှီထျန် ခံစားမိသွားသည်။ သူက ထိုတိုက်ခိုက်မှုကို လုံးဝ မတောင့်ခံနိုင်ပေ။ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သွေးက အနီရောင်မြားတစ်စင်းသဖွယ် ပျံသန်းထွက်သွားပြီး ကျောက်တုံးကြီးပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။

တစ်ချိန်တည်းမှာ သီရှီထျန်၏ ခန္ဓာကိုယ်က ကြီးမားသော အင်အားကြောင့် အဝေးသို့ လွင့်စင်သွားသည်။ သူက သုံးပေအဝေးမှ မြေကြီးပေါ်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားပြီး နောက်တစ်ကြိမ် သွေးအန်လိုက်ရသည်။

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

သီရှီထျန်၏ မျက်လုံးထဲမှာ ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။ ဤစက္ကန့်ပိုင်းလေးအတွင်းမှာ သူက မသေမျိုးကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့စဉ်ကထက် ပိုပြီးဆိုးဝါးသော ဒဏ်ရာများ ရရှိသွားသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည်ပင် နေရာပြောင်းရွှေ့တော့မည့်အလား ပရမ်းပတာ လှုပ်ခါသွားသည်။ သူ၏ မရီဒျန်များပေါ်မှာ အက်ကွဲရာတချို့ပင် ထွက်ပေါ်လာသည်။

သို့သော်လည်း သူ့ကို တကယ်ထိတ်လန့်စေသည်မှာ သူ၏ ဒဏ်ရာများ မဟုတ်ပေ။ ယင်းအစား သူ့အရှေ့မှ ကျောက်တုံးကြီး၏ ရုတ်တရက် အပြောင်းအလဲပင်။

လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီးသည် အပေါ်ယံကြည့်လျှင် တခြားကျောက်တုံးများနှင့် ဘာမှမခြားနားပေ။ သို့သော် သီရှီထျန် သွေးအန်လိုက်သည့်အခိုက် ကျောက်တုံးကြီးပေါ်မှ သူ့သွေးက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ ဤသည်မှာ ကျောက်တုံးကြီးက သူ့သွေးကို စုပ်ယူလိုက်သည့်အလားပင်။ ထို့နောက် ကျောက်တုံးကြီးပေါ်မှာ အဖြူရောင်ကျောက်စိမ်းအလင်းက ရုတ်တရက် ပေါ်လျှိုးလာသည်။

ထို့နောက် ကျောက်တုံးကြီးသည် ယခင်ကဲ့သို့ သာမန်မဟုတ်တော့ဘဲ လျှို့ဝှက်ဆန်းကြယ်ပုံ ပေါ်လွင်လာသည်။ ဝိညာဉ်အရှိန်အဝါက ကျောက်တုံးကြီးထဲမှ ထွက်ပေါ်လာသည်။

“ ဘန်း ဘန်း ဘန်း ”

ကျောက်တုံးကြီးသည် အပြင်းအထန် တုန်ယင်သွားသည်။ ယင်းက မြေကြီးထဲမှ ကြွတတ်လာပြီး သုံးပေအမြင့်သို့ သူ့ဘာသာ မြှောက်တတ်သွားသည်။ ယင်းက လေထဲမှာ လွင့်မျောသွားသည်။

“ ဒုန်း ”

“ ဒုန်း ”

“ ဒုန်း ”

ကျောက်တုံးကြီးသည် လူသားတစ်ယောက်၏ နှလုံးခုန်သံနှင့် ဆင်တူသော “ ဒုန်း ဒုန်း ”မြည်သံကို ထုတ်လွှတ်လိုက်သည်။ ထို့ပြင် ကျောက်တုံးကြီးထံမှ ထုတ်လွှတ်နေသော ကျောက်စိမ်းအလင်းသည် မှိတ်ချည်လင်းချည် တစ်လှည့်စီ ပြောင်းလဲသွားနေ၏။ တစ်စုံတစ်ယောက်က သေချာသတိထားကြည့်လျှင် ကျောက်စိမ်းအလင်းက နှလုံးခုန်သံနှင့် ဆက်စပ်နေကြောင်း မြင်တွေ့ရလိမ့်မည်။ နှလုံးခုန်သံ ထွက်ပေါ်လာတိုင်း ကျောက်စိမ်းအလင်းက ထွက်ပေါ်လာပြီး နှလုံးခုန်သံ ပျောက်ကွယ်သွားတိုင်း ကျောက်စိမ်းအလင်းက မှေးမှိန်သွားသည်။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်း၏။ ဤသည်မှာ ပြိုင်ဘက်ကင်းသော နတ်သန္ဓသားလောင်းက ကျောက်တုံးကြီးထဲမှာ နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးခြင်းခံထားရသည့်အလားပင်။ ယခု ၎င်းက မွေးဖွားလာတော့မည်။

စက်ကရာသည် သူ့အရှေ့မှ သူမမျှော်လင့်ထားသော အဖြစ်အပျက်ကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေ၏။ ကျင့်ကြံခြင်းလောကဆီသို့ သူခြေချခဲ့သည်မှာ သိပ်မကြာသေးပေ။ သူက လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်ရှိသည်ဆိုလျှင်ပင် ကျင့်ကြံခြင်းလောကအကြောင်း ဘာမှမသိပေ။

ထို့ကြောင့် စက်ကရာသည် သူ့အရှေ့မှ သူမမျှော်လင့်ထားသော အဖြစ်အပျက်က မည်သည့်အရာဖြစ်ကြောင်း မသိပေ။ ယခု သူ၏ ခန္ဓာကိုယ်က ဒဏ်ရာပြင်းထန်စွာရရှိထားသည်။ သို့ဖြစ်၍ သူက သူ့အရှေ့မှ မြင်ကွင်းကို အံ့ဩမှင်သက်စွာ ကြည့်နေရုံမှတပါး တခြားဘာမှမလုပ်နိုင်ပေ။

သူတစ်ယောက်တည်း အံ့ဩနေခြင်း မဟုတ်ပေ။ ဘေး၌ ကိုယ်ပျောက်အတတ်ဖြင့် ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးသည်လည်း အံ့ဩနေသည်။

ကောင်းကင်ဘုံမှ ပြီးပြည့်စုံစွာ ထုဆစ်ဖန်တီးထားသော သူ၏ မျက်နှာပေါ်မှာ မထိန်းချုပ်နိုင်သော အံ့ဩထိတ်လန့်မှု ထွက်ပေါ်လာသည်။ သူက သတိမမူဘဲ နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး မျက်လုံးပြူးသွားသည်။

“ အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ကျောက်တုံးကြီးထဲမှာ လောကရဲ့ ပြိုင်စံရှားရတနာတစ်ခု တကယ်ကြီး ရှိနေတာလား… မဟုတ်ဘူး… အဲ့ဒါက ရတနာမဖြစ်နိုင်ဘူး… အဲ့ဒါက မိုးမြေက ဖန်တီးထားတဲ့ ပြိုင်ဘက်ကင်း နတ်သန္ဓေသားလောင်းလား ”

သူ၏ အတွေ့အကြုံများနှင့် အသိဉာဏ်ဖြင့်ပင် ထိုကျောက်တုံးကြီး၏ ထူးခြားဆန်းကြယ်မှုကို အတိအကျ သူမပြောနိုင်ပေ။ ယင်းက အလွန်ဆန်းကြယ်သော မြင်ကွင်းဖြစ်သည်။

“ ကျစ် ကျစ် ”

ထိုအခိုက်အတန့်မှာ အရွယ်အစားကြီးမားသော တိမ်တိုက်တစ်ခုက ကျောက်တုံးကြီး၏ အပေါ်မှ ကောင်းကင်ယံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုတိမ်တိုက်သည် အနက်ရောင်မဟုတ်ပေ။ ယင်းအစား ရောင်စုံအလင်း ထုတ်လွှတ်နေသော သက်တံ့တိမ်တိုက် ဖြစ်သည်။ ထို့ပြင် အရောင်အမျိုးမျိုးရှိသော မိုးကြိုးသွားများက တိမ်တိုက်ထဲမှာ ရွေ့လျားကူးခတ်နေကြသည်။ မျက်စိကျိန်းစပ်လုနီးပါး တောက်ပသော မိုးကြိုးအလင်းက ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသည်။

ယင်းက မိုးမြေစွမ်းအား ကိန်းအောင်းနေသော မိုးကြိုး ဖြစ်သည်။ ယင်းက မိုးမြေ၏ ကြီးကျယ်မြင့်မြတ်မှုကို ကိုယ်စားပြု၏။

ကြီးကျယ်မြင့်မြတ်သော ကောင်းကင်ဘုံစွမ်းအားက မိုးကြိုးထံမှ ပေါ်လျှိုးလာပြီး ကျားရဲတောင်တန်းဒေသတစ်ခုလုံးကို ဒီရေသဖွယ် ဖုံးအုပ်သွားသည်။

“ ဂရား ”

ဒဏ်ရာရရှိထားသော သီရှီထျန်သည် တောင်ကြီးတစ်တောင်က ရုတ်တရက် သူ့အပေါ်သို့ ဖိကျလာကြောင်း ခံစားမိသွားသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် သူက မြေကြီးပေါ်မှာ ဝပ်တွားလိုက်ရ၏။ သို့တိုင် သူ၏ ကျားမျက်လုံးက သူ့အရှေ့မှ ထူးခြားဆန်းကြယ်သော မြင်ကွင်းကို စူးစိုက်ကြည့်နေဆဲပင်။

“ အဲ့ဒါ ကပ်ဘေးဒုက္ခတိမ်တိုက်ပဲ… အို ဘုရားရေ… အဲ့ဒီကျောက်တုံးထဲမှာ တကယ်ပဲ ဘယ်လိုအရာကို ပျိုးထောင်ပေးထားတာလဲ… သူမွေးဖွားလာတာနဲ့ချက်ချင်း ကောင်းကင်ဘုံက သူ့ကို ဖျက်ဆီးပစ်ဖို့ ကပ်ဘေးဒုက္ခတိမ်တိုက်ကို စေလွှတ်လိုက်တယ် ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက စိတ်ထဲမှာ အလန့်တကြား အော်လိုက်သည်။

“ ကျစ် ကျစ် ”

ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ ကပ်ဘေးဒုက္ခတိမ်တိုက်က တအိအိလှုပ်ခတ်သွားသည်။ ရွှေရောင်နတ်ဘုရားမိုးကြိုးသည် ဖော်မပြနိုင်သော ထက်ရှမှုအရှိန်အဝါနှင့် နတ်ဘုရားအင်အားကို သယ်ဆောင်လျက် ကျောက်တုံးကြီးပေါ်သို့ တန်းမတ်စွာ ဆင်းသက်သွားသည်။

All Chapters