အခန်း (၅၁)
Vol. 4 Ch. 51
အခန်း(၅၁)
“ ဂျိန်း ”
ရွှေရောင်နတ်ဘုရားမိုးကြိုးက ကျောက်တုံးကြီးကို ထိမှန်သွားသည်။ သို့သော်လည်း ကျောက်တုံးကြီးသည် ကြောက်ရွံ့သော မည်သည့်အရိပ်အယောင်မှ မဖော်ပြပေ။ ယင်းအစား ကျောက်တုံးကြီးက စိတ်လှုပ်ရှားသော ခံစားမှုကို ဖော်ပြလိုက်ပြီး နတ်ဘုရားမိုးကြိုးကို ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားရန် ခွင့်ပြုပေးလိုက်သည်။
ထိုနတ်ဘုရားမိုးကြိုးသည် အမှန်တကယ်ပင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ စွမ်းအား ဖြစ်သည်။ စက်ကရာ မည်သို့တိုက်ခိုက်ပါစေ ဘာမှမပျက်စီးသွားခဲ့သော ကျောက်တုံးကြီးက မျက်စိတစ်မှိတ်အတွင်းမှာ အပြင်းအထန် တုန်ယင်သွားပြီး အက်ကွဲသွားသည်။ သေးငယ်သော ကျောက်တုံးအပိုင်းအစများက ကျောက်တုံးကြီးထံမှ ကွဲထွက်သွားကြသည်။
ရွှေရောင်နတ်ဘုရားမိုးကြိုးက ကျောက်တုံးကြီးကို လွှမ်းခြုံသွားသည်။ ယင်းက ကျောက်တုံးကြီးကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ကြိုးစားချင်နေသည်။
သို့သော် ထိုအခိုက်အတန့်မှာ အဖြူရောင်ကျောက်စိမ်းအလင်းက ကျောက်တုံးကြီးထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်မှ မိုးကြိုးစွမ်းအင်အားလုံးကို အငမ်းမရ စုပ်ယူလိုက်သည်။
“ ဒုန်း ဒုန်း… ”
ကျောက်တုံးကြီးထံမှ နှလုံးခုန်သံက အစဉ်အမြဲ ထွက်ပေါ်နေသည်။ ထို့ပြင် အသံသည် အစောနကထက် တဖြည်းဖြည်း ပိုကျယ်လောင်လာသည်။ ဤသည်မှာ ယင်းက နတ်ဘုရားမိုးကြိုးထံမှ ကောင်းကင်ဘုံစွမ်းအားကို စုပ်ယူလိုက်သောကြောင့် ပိုပြီးသန်မာသွားသည့်အလားပင်။
“ ကျစ် ကျစ် ”
ကျောက်တုံးကြီး၏ လုပ်ရပ်က ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ ဒေါသကို လှုံ့ဆော်လိုက်ဟန် ရ၏။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ထို့နောက် ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ အစောနကထက် ပိုပြီးအားကောင်းသော ကြက်သွေးရောင်နတ်ဘုရားမိုးကြိုးက ဆင်းသက်လာသည်။ နတ်ဘုရားမိုးကြိုးက ကျောက်တုံးကြီးကို တန်းမတ်စွာ ထိမှန်သွားသည်။
“ ဗုန်း ”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ကျောက်တုံးကြီး၏ မျက်နှာပြင်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။ ထို့နောက် ကျောက်တုံးကြီးက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ကျောက်တုံးကြီး၏ အရွယ်အစားက မူလထက် အလွန်သေးငယ်သွားသည်။ သို့သော်လည်း ကျောက်တုံးကြီးက ဖော်မပြနိုင်အောင် လျှို့ဝှက်ဆန်းကြယ်သည်။ ၎င်းက နတ်ဘုရားမိုးကြိုးကို ကျောက်တုံး၏ မျက်နှာပြင်ပေါ်မှာ ပျံ့နှံ့သွားရန် အရင်ဦးစွာ ခွင့်ပြုပေးခဲ့သည်။ နတ်ဘုရားမိုးကြိုးက မျက်နှာပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အခိုက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ပေါ်လျှိုးလာပြီး ယင်းကို တစ်ခါတည်း အကုန်စုပ်ယူလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ကြောက်စရာကောင်းတော့မည် မဟုတ်ချေ။
နတ်ဘုရားမိုးကြိုးက ကျောက်တုံးကြီးအတွက် အာဟာရဓာတ်ဖြစ်ဟန် ရ၏။ ယင်းက ဖော်မပြနိုင်အောင် အံ့ဖွယ်ကောင်းသည်။
“ ဂျိန်း… ဂျိန်း… ”
ဒေါသ…
ကြီးမားသော ဒေါသ…
ကောင်းကင်ဘုံကပ်ဘေးဒုက္ခက အမှန်တကယ် ဒေါသထွက်သွားသည်။
မူလက အရောင်ငါးရောင်သာ ရှိသော ကပ်ဘေးဒုက္ခတိမ်တိုက်က ယခု အရောင်ခုနစ်ရောင်ရှိသော ကပ်ဘေးဒုက္ခတိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။ အရောင်စုံလင်သော မိုးကြိုးသွားများက မိုးရေစက်များသဖွယ် ဆက်တိုက် ဆင်းသက်လာကြသည်။ ယင်းတို့က ကျောက်တုံးကြီးပေါ်သို့ မရပ်မစဲ ကျဆင်းသွားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်တုံးကြီး၏ မျက်နှာပြင်က တစ်စစီ ကွဲထွက်သွားသည်။ မိုးကြိုးသွား ထိမှန်သွားသည့်အခါတိုင်း ကျောက်တုံးကြီး၏ အရွယ်အစားက ကျုံ့သွားလိမ့်မည်။ သို့သော် ကျောက်တုံးကြီး၏ အရွယ်အစားက ပိုပြီးသေးသွားလေ ကျောက်စိမ်းအလင်းက ပိုပြီးအားကောင်းလေ ဖြစ်၏။
“ ဒုန်း ဒုန်း ဒုန်း… ”
နှလုံးခုန်သံသည်လည်း ကျယ်လောင်သထက် ပိုပြီးကျယ်လောင်လာသည်။ ဤသည်မှာ ကျောက်တုံးထဲ၌ ပြိုင်ဘက်ကင်းသော နတ်ဘုရားသန္ဓေသားလောင်းတစ်ခု ပျိုးထောင်ခံထားရသည့်အလားပင်။ ၎င်းက ကျောက်တုံး၏ အပြင်သို့ ချိုးဖြတ်ထွက်လာတော့မည်။
“ ကျောက်တုံးထဲက ရတနာက တကယ်ပဲ ဘာလဲ… အဲ့ဒါက သူ့ကိုယ်သူ ပုံသွင်းထုဆစ်ဖို့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ရန်စရဲပြီး နတ်ဘုရားမိုးကြိုးစွမ်းအားကို စုပ်ယူရဲတယ်… ဒီလိုကိစ္စမျိုးကို အတိတ်မှာ တစ်ခါမှ ငါမကြားဖူးဘူး… အံ့ဩစရာပဲ… အံ့ဩစရာပဲ ”
ထိုအခိုက်အတန့်မှာ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက လုံးဝ မျက်လုံးပြူးကျယ်သွားသည်။ သူက သူ့အရှေ့မှ အံ့ဖွယ်မြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူ၏ အတွေ့အကြုံများအရ ထိုကျောက်တုံးက သူ့ကိုယ်သူ ပုံသွင်းထုဆစ်ရန် နတ်ဘုရားမိုးကြိုးသွားများ၏ စွမ်းအားကို စုပ်ယူနေကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်၏။
ထိုသို့အဖြစ်အပျက်က မိုးမြေတုန်လှုပ်သွားစေမည့် အံ့ဖွယ်အချင်းအရာ ဖြစ်သည်။ မသေမျိုးကျင့်ကြံခြင်းလောက၏ အစွမ်းထက် ကျင့်ကြံသူများသည်ပင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခစွမ်းအားကို မစုပ်ယူဝံ့ကြကြောင်း သူနားလည်ထားသည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ထိုကျောက်တုံးထဲမှ ရတနာက ပြိုင်စံရှားရတနာတစ်ခုဖြစ်ကြောင်း ထင်ရှား၏။
“ ဂျိန်း… ဂျိန်း… ဂျိန်း… ”
မိုးကြိုးသွားများက မိုးရေစက်များသဖွယ် ကျဆင်းလာကြသည်။ မိုးကြိုးသွားတစ်ခုစီက ထူးခြားဆန်းကြယ်ကြသည်။ ရွှေရောင်က ကန်းကျင်းကောင်းကင်ဘုံမိုးကြိုးဖြစ်ပြီး အစိမ်းရောင်က ရီမူကောင်းကင်ဘုံမိုးကြိုး ဖြစ်သည်။ ကျန်မိုးကြိုးများသည် တခြားကောင်းကင်ဘုံမိုးကြိုးအမျိုးအစားများ ဖြစ်ကြသည်။ ယင်းတို့အားလုံးက အလွန်အမင်း သန်စွမ်းကြသည်။ ယင်းတို့ထဲမှာ ကိန်းအောင်းနေသော အဖျက်စွမ်းအားက ဝိညာဉ်သန္ဓေတည်နယ်ပယ် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း ဒဏ်ရာအပြင်းအထန် ရရှိသွားစေရန် လုံလောက်ပေသည်။
သို့သော် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက မည်မျှအားကောင်းပါစေ မြေပြင်ပေါ်မှ ကျောက်တုံးကြီးကို မဖျက်ဆီးနိုင်ပေ။ ယင်းအစား ကျောက်တုံးကြီးသည်သာ နတ်ဘုရားမိုးကြိုးစွမ်းအားကို အဆက်မပြတ် ဝါးမျိုနေသည်။ မိုးကြိုးစွမ်းအားတစ်ခုကို ဝါးမျိုလိုက်သည့်အခါတိုင်း ကျောက်တုံးကြီး၏ စွမ်းအားက အနည်းငယ် တိုးမြှင့်သွားလိမ့်မည်။
“ ဂျိန်း… ဂျိန်း… ”
ကျောက်တုံးကြီးအပေါ် ကောင်းကင်ဘုံမိုးကြိုးများ၏ ဆက်တိုက် ပစ်ခတ်မှုက ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားသည်။ ယခုအချိန်ထိ ကျောက်တုံးကြီးကို မဖျက်ဆီးနိုင်သေးကြောင်း မြင်သောအခါ ကပ်ဘေးဒုက္ခတိမ်တိုက်က နောက်တစ်ကြိမ် ပရမ်းပတာလှုပ်ခတ်သွားသည်။ ရုတ်တရက်ဆိုသလို ကပ်ဘေးဒုက္ခတိမ်တိုက်က အရွယ်အစားပိုကြီးမားလာပြီး ခရမ်းရောင်ကောင်းကင်ဘုံမိုးကြိုးကို ပစ်လွှတ်လိုက်သည်။
ပြိုင်ဘက်ကင်းအရှိန်အဝါကို သယ်ဆောင်ထားသော ခရမ်းရောင်ကောင်းကင်ဘုံမိုးကြိုးသည် အချိန်နှင့် လေဟာနယ်၏ အတားအဆီးများကို ဖြတ်ကျော်၍ ကျောက်တုံးကြီးပေါ်သို့ ကျဆင်းသွားသည်။
“ ဂျိန်း… ”
ကျောက်တုံးကြီးသည် အရေအတွက်ထောင်ချီသော ကျောက်စိမ်းအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများက ကျောက်တုံးကြီးထံမှ ကွဲထွက်သွားပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြသည်။ ကျောက်စိမ်းအလင်းက မိုးမြေကို ဖုံးလွှမ်းသွားသည်။ ဤအခိုက်အတန့်မှာ ကျားရဲတောင်တန်းဒေသတစ်ခုလုံးက ကျောက်စိမ်းအလင်းဖြင့် အပြည့်အဝ ဖုံးလွှမ်းခံလိုက်ရသည်။ ကျောက်စိမ်းအလင်းက လေထဲမှာ မြန်ဆန်စွာ လှည့်ပတ်သွားပြီး ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဝဲကတော့က ဝေလငါးတစ်ကောင်၏ ပါးစပ်သဖွယ် ဖွင့်ဟသွားပြီး ကောင်းကင်ယံမှ ကောင်းကင်ဘုံကပ်ဘေးဒုက္ခတိမ်တိုက်ကို ချက်ချင်း ဝါးမျိုလိုက်သည်။
“ အထွတ်အမြတ်ရတနာ… အဲ့ဒါက သေချာပေါက် အထွတ်အမြတ်ရတနာပဲ… အဲ့ဒါကို ငါရမယ်ဆိုရင် မေမေကျားဖြူနဲ့ ငါ့ညီငယ်ညီမငယ်ကို ကယ်ဆယ်ဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ် ”
ကျောက်စိမ်းအလင်းက ကောင်းကင်ယံမှာ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပလာသည်။ သီရှီထျန် မျက်စိတစ်ဆုံးမြင်နိုင်သည်မှာ အရာအားလုံးက အဖြူရောင် ဖြစ်သည်။ အဖြူရောင်မှလွဲ၍ တခြားမည်သည့်အရာမှ သူမမြင်နိုင်ပေ။ ထို့နောက် သူကြားလိုက်ရသည်မှာ ကျယ်လောင်သော ပေါက်ကွဲသံနှင့် မိုးခြိမ်းသံက ရပ်တန့်သွားခြင်း ဖြစ်သည်။
သီရှီထျန်က ဉာဏ်ကောင်းလေရာ ယင်းက အထွတ်အမြတ်ရတနာတစ်ခု မွေးဖွားလာသော လက္ခဏာဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။ သူ၏ စိတ်ထဲမှာ အတွေးပေါင်းများစွာက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ ထိုထဲမှာ လျှို့ဝှက်ဆန်းကြယ်သော အထွတ်အမြတ်ရတနာကို ရယူပိုင်ဆိုင်လိုသော လိုချင်တပ်မက်မှုလည်း ပါရှိသည်။ ရူးမိုက်သော အတွေးက သူ၏ စိတ်ထဲမှာ မရပ်မစဲ ထွက်ပေါ်လာသည်။
သူက စိတ်ထဲမှာ ကျယ်လောင်စွာ အော်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ထိုစဉ် သူ့အရှေ့မှ မြင်ကွင်းက ရုတ်ချည်း ပြောင်းလဲသွားသည်။
“ ရွှတ် ”
ကောင်းကင်ယံကို ဖုံးလွှမ်းထားသော ကျောက်စိမ်းအလင်းက ဒီရေသဖွယ် မြန်ဆန်စွာ ပြန်ဆုတ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ အလင်းရောင်က ပျောက်ကွယ်သွားသည်။ အစောနက ဖြစ်ပျက်ခဲ့သော အံ့ဖွယ်မြင်ကွင်းက ပုံရိပ်ယောင်တစ်ခုအလား လွင့်ပြယ်သွား၏။
သီရှီထျန်သည် ထိုအကြောင်းကို စဉ်းစားနေရန် စိတ်မဝင်စားပေ။ သူက ကျောက်တုံးကြီးရှိသော နေရာသို့ အမြန်လှမ်းကြည့်လိုက်သည်။ ယင်းကို မြင်သွားသောအခါ သူက ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ အဲ့ဒါက ကျောက်တုံးကြီးထဲမှာ မွေးဖွားလာတဲ့ အထွတ်အမြတ်ရတနာလား ”
သူ၏ အရှေ့တွင် လေးထောင့်ပုံသဏ္ဍာန်ရှိသော ကျောက်စိမ်းအပိုင်းအစတစ်ခု ရှိသည်။ ကျောက်စိမ်းအပိုင်းအစသည် မည်သည့်အလင်းရောင်မှ ထုတ်လွှတ်မနေပေ။ ယင်းက ခုံတန်းရှည်တစ်ခုပမာ အလွန်ရှည်လျားသော ကျောက်စိမ်းအပိုင်းအစ ဖြစ်သည်။ ထူးခြားချက်မှာ ထိုကျောက်စိမ်းအပိုင်းအစတစ်ခုလုံးတွင် မည်သည့်အပြစ်အနာအဆာမှ မရှိပေ။ ယင်းက ပြစ်ချက်မဲ့ပြီး ပြီးပြည့်စုံသည်။
ကျောက်စိမ်းပြားပေါ်တွင် ကျောက်စိမ်းအလင်းက ရွေ့လျားနေသည်။ မည်သူမဆို အကြည့်တစ်ချက်ဖြင့်ပင် ယင်းက ရှားပါးကျောက်စိမ်းပြားတစ်ခုဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။ ထိုကျောက်စိမ်းပြားက အတိတ်ဘဝမှာ သူမြင်ခဲ့ဖူးသော ကျောက်စိမ်းများထက် အဆပေါင်းများစွာ အရည်အသွေးပိုကောင်းကြောင်း သီရှီထျန် ပြောနိုင်၏။
ပြီးပြည်စုံခြင်း… ။
ယင်းက ပြီးပြည့်စုံသော ကျောက်စိမ်းဖြစ်သည်။
ယင်းက မိုးမြေကြားမှာ မွေးဖွားလာသော ကျောက်စိမ်းသန္ဓေသား ဖြစ်သည်။
“ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံးကြီးကနေ မွေးဖွားလာတဲ့ ကျောက်စိမ်းသန္ဓေသား… အဲ့ဒါက ဘယ်လိုရတနာလဲ ”
သီရှီထျန်သည် ဒဏ်ရာရရှိထားသည်ကို လျစ်လျူရှုလျက် မြန်ဆန်စွာ မတ်တတ်ရပ်လိုက်ပြီး ကျောက်စိမ်းသန္ဓေသားဆီသို့ လျှောက်သွားသည်။ ကျောက်စိမ်းသန္ဓေသားသည် အစောနကကဲ့သို့ မထူးဆန်းတော့ပေ။ မြေကြီးပေါ်တွင် ယင်းက အရည်အသွေးမြင့် ကျောက်စိမ်းတစ်ခုထက် မပိုဟန် ရ၏။ ဤသည်မှာ ယင်းက သေမျိုးလောကမှာ မြင်တွေ့ရလေ့ရှိသော ကျောက်စိမ်းတစ်ခုမျှသာ ဖြစ်သည့်အလားပင်။
“ ဘုတ် ”
သီရှီထျန်သည် သူ၏ ကျားလက်သည်းကို ကျောက်စိမ်းသန္ဓေသားပေါ်သို့ တင်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အံ့ဩမှုဖြင့် ပြည့်နှက်သွားသည်။
“ ထူးဆန်းတဲ့ ခံစားမှုပဲ ”
ကျောက်စိမ်းသန္ဓေသားထံမှ မည်သည့်စွမ်းအားမှ သူမခံစားမိသော်လည်း သူနှင့် ထိုကျောက်စိမ်းသန္ဓေသားကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုရှိနေကြောင်း သူရှာတွေ့သွား၏။ ကျောက်စိမ်းသန္ဓေသားပေါ်သို့ သူ၏ ကျားလက်သည်းကို တင်လိုက်သည့်အခါ ယင်းက ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုကို အမှန်တကယ် ထုတ်လွှတ်ပေးလိုက်ကြောင်း စက်ကရာ ခံစားမိသွားသည်။ အလွန်ထူးဆန်းသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အတိတ်မှာ ထိုခံစားမှုကို တစ်ခါမှ သူမခံစားဖူးပေ။
“ ဒီကျောက်စိမ်းသန္ဓေသားက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံးကြီးကနေ မွေးဖွားလာခဲ့တာ… ဒီထဲမှာ ဘာစွမ်းအားမှ ငါအာရုံမခံမိဘူးဆိုပေမဲ့ ဒီဟာက သာမန်ကျောက်စိမ်းသန္ဓေသား မဖြစ်နိုင်ဘူး ”
တစ်ချိန်တည်းမှာ သီရှီထျန်က ထိုကျောက်စိမ်းသန္ဓေသားက ရှားပါးရတနာတစ်ခုဖြစ်ရမည်ဟု တွေးလိုက်သည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ စွမ်းအားကိုပင် လှုံ့ဆော်နိုင်ခဲ့လေရာ ယင်းက မည်သို့ကြောင့် သာမန်ရတနာတစ်ခု ဖြစ်မည်နည်း။
ထို့ပြင် ကျောက်စိမ်းသန္ဓေသားနှင့် သူ့ကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ရှိသည်။ ယင်းက သူ့ကို ပိုပြီးသေချာစေသည်။ သူ့အရှေ့မှ ကျောက်စိမ်းသန္ဓေသားက သေချာပေါက် အထွတ်အမြတ်ရတနာတစ်ခု ဖြစ်ရမည်။
“ အမ် ”
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက စိတ်ရှုပ်ထွေးစွာ သက်ပြင်းချလိုက်သည်။
“ ဘာဖြစ်သွားတာလဲ… အဲ့ဒီကျောက်စိမ်းသန္ဓေသားက ကျောက်တုံးကြီးကနေ မွေးဖွားလာတဲ့ ရတနာဆိုတာ သေချာပါတယ်… ဒါပေမဲ့ ဘာလို့ ကျောက်စိမ်းသန္ဓေသားဆီကနေ ဘာစွမ်းအားမှ ငါအာရုံမခံမိတာလဲ… အခုကြည့်ရတာ အဲ့ဒါက သာမန်ကျောက်စိမ်းတစ်ခုပါပဲ… ထူးဆန်းလိုက်တာ… တကယ် ထူးဆန်းတယ် ”
“ မဟုတ်မှ ကပ်ဘေးဒုက္ခကျော်လွှားတာ ကျရှုံးသွားပြီး နတ်ဘုရားသန္ဓေသားလောင်းကို ကပ်ဘေးဒုက္ခက ဖျက်ဆီးပစ်လိုက်တာလား ”
အစောနက ကောင်းကင်ယံမှာ ထွက်ပေါ်လာခဲ့သော ကျောက်စိမ်းအလင်းကြောင့် အဖြစ်အပျက်အားလုံးကို ရှင်းလင်းစွာ သူမမြင်နိုင်ခဲ့ပေ။ ကပ်ဘေးဒုက္ခတိမ်တိုက်က ခရမ်းရောင်ကောင်းကင်ဘုံမိုးကြိုးသွားကို စေလွှတ်လိုက်ကြောင်းသာ သူမြင်တွေ့ခဲ့၏။ ထိုကောင်းကင်ဘုံမိုးကြိုး၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။
ကောင်းကင်ဘုံမိုးကြိုးနားသို့ ချဉ်းကပ်သွားရုံဖြင့်ပင် သူ၏ မူလအသွင်သဏ္ဍာန်က ထွက်ပေါ်လာလိမ့်မည်ဟု ခံစားမိသည်။ ထိုခရမ်းရောင်မိုးကြိုးသွားက အမှန်တကယ် ကြောက်စရာကောင်းသည်။
ထို့နောက် သူမြင်လိုက်ရသည်မှာ မြေကြီးပေါ်မှ သာမန်ကျောက်စိမ်းပြားတစ်ခု ဖြစ်၏။ ထိုကျောက်စိမ်းပြားထံမှ မည်သည့်ထူးခြားမှုမှ သူရှာမတွေ့ပေ။ သူက မိစ္ဆာအာရုံကို စေလွှတ်၍ပင် စူးစမ်းလေ့လာခဲ့သည်။ သို့သော်လည်း ရလဒ်က ဘာမှမထူးခြားပေ။ သူ၏ စစ်ဆေးလေ့လာမှုအရ ယင်းက သာမန်ကျောက်စိမ်းပြား ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက နတ်ဘုရားသန္ဓေသားလောင်းကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်မည်ဟု သူတွေးမိခြင်းပင်။
ထိုသို့တွေးမိသောအခါ ကျောက်စိမ်းသန္ဓေသားကို ယူဆောင်မည့် သူ၏ အတွေးကို ယာယီစွန့်ပစ်လိုက်သည်။
အရေးကြီးဆုံးမှာ လောလောဆယ်တွင် သူ၏ တည်ရှိမှုအကြောင်း သီရှီထျန်ကို အသိမပေးချင်ပေ။
“ ထားလိုက်ပါ… ဘာပဲဖြစ်ဖြစ် ငါက အဲ့ဒီကျားနက်နောက်ကို ဆက်လိုက်သွားဖို့ ဆုံးဖြတ်ထားတာပဲ… တကယ်လို့ ထူးခြားမှုတစ်စုံတစ်ရာရှိရင် ချက်ချင်း ငါသိမှာပဲ… တကယ်လို့ အဲ့ဒါက တကယ်ပဲ ရှားပါးရတနာဆိုရင် အချိန်ကျလာတဲ့အခါ ငါလုယူလိုက်မယ်… အခုလောလောဆယ် ငါ့ရဲ့ တည်ရှိမှုအကြောင်း သူသိသွားလို့ မဖြစ်သေးဘူး… ထျန်းအင်ပါယာရတနာသေတ္တာရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ သူ့ကို ငါအားကိုးရဦးမယ် ”
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက တီးတိုးရေရွတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ မည်သို့ဖြစ်ပါစေ သူက သီရှီထျန်အနောက်သို့ အချိန်တစ်ခဏကြာ လိုက်သွားပြီး သူ့ကို လေ့လာစောင့်ကြည့်ရန် စိတ်ဆုံးဖြတ်ထားသည်။ အကယ်၍ ကျောက်စိမ်းပြားမှာ ထူးခြားမှုတစ်စုံတစ်ရာ ရှိလာသည်ဆိုလျှင် ယင်းကို သူ၏ စွမ်းရည်ဖြင့် အလွယ်တကူ ယူဆောင်နိုင်လိမ့်မည်။ ထို့ကြောင့် သူက အလျင်စလို လှုပ်ရှားရန် ဆန္ဒမရှိပေ။