← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း(၅၂)

“ အဲ့ဒါ ရတနာပဲ ”

စက်ကရာသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့် အတွေးမတူပေ။ ထိုကျောက်စိမ်းသန္ဓေသားက ရှားပါးရတနာဖြစ်ရမည်ဟု သူက တထစ်ချ ယုံကြည်ထားသည်။ သူက အများကြီး စဉ်းစားမနေဘဲ သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး ကျောက်စိမ်းသန္ဓေသားကို အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး တောင်အောက်သို့ ပြန်ဆင်းသွားသည်။

ကျောက်တုံးကြီးထံမှ တန်ပြန်မှုက သူ့အား ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။ မနက်ဖြန် သူတို့က ဤနေရာမှ ပြောင်းရွှေ့ကြတော့မည်။ သူက ဒဏ်ရာများကို အပြည့်အဝ ပြန်မကုသနိုင်လျှင်ပင် ယနေ့ ယင်းတို့ကို ယာယီဖိနှိပ်ထားရမည်။ နေရာပြောင်းရွှေ့နေစဉ်အတွင်း မည်သည့်အန္တရာယ်ဖြင့် တွေ့ကြုံရနိုင်ကြောင်း မည်သူမှ ကြိုမသိနိုင်ပေ။ ထို့ကြောင့် ကြုံလာမည့် အန္တရာယ်များကို ဖြေရှင်းရန်အလို့ငှာ သူက အကောင်းဆုံး အခြေအနေမှာ ရှိနေရမည်။

“ ဂရား ”

သူက တောင်အောက်သို့ အမြန်ဆင်းသွားပြီး တောအုပ်ထဲမှာ ဖြတ်သန်းသွားသည်။ နေရာပြောင်းရွှေ့ရန် နောက်ထပ် အချိန်မဆွဲနိုင်တော့ကြောင်း သူသိသည်။ အစောနက မိုးကြိုးပစ်ခတ်မှုဖြစ်စဉ်ကို သေမျိုးလောကမှ လူအများအပြား မြင်တွေ့သွားကြမည်ဟု သူယုံကြည်သည်။

သို့ဖြစ်၍ မကြာခင်မှာ မသေမျိုးကျင့်ကြံသူအများအပြားက ကျားရဲတောင်တန်းဒေသဆီသို့ သေချာပေါက် ရောက်လာကြလိမ့်မည်။ သီရှီထျန်သည် ကံတရားပေါ်မှာ သူ့အသက်ကို အလောင်းအစား မလုပ်ချင်ပေ။ ထို့ကြောင့် သူက နေရာပြောင်းရွှေ့ရန် ပိုပြီးအလျင်လိုလာသည်။

သူက အရာအားလုံးကို လျစ်လျူရှုလျက် ဒဏ်ရာရနေသော ခန္ဓာကိုယ်ဖြင့် လှိုဏ်ဂူဆီသို့ ပြန်သွားသည်။ သူက သိုလှောင်အိတ်ထဲမှ စွမ်းအင်စုစည်းဆေးတစ်လုံးကို ထုတ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို မြန်ဆန်စွာ လှည့်ပတ်လိုက်ပြီး ဒဏ်ရာရနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အာဟာရဖြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲနေသော မရီဒျန်များက ပြန်ကောင်းမွန်သွားသည်။

ဤတစ်ကြိမ် သူ၏ ဒဏ်ရာများက အလွန်ပြင်းထန်သည်။ တစ်ရက်ပြည့်သည်အထိ ဂရုတစိုက် သူအနားမယူလျှင် အပြည့်အဝ ပြန်ကောင်းမွန်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို အရင်ဆုံး တည်ငြိမ်စေရန် စွမ်းအင်စုစည်းဆေးလုံးကို မှီခိုအားထားရလိမ့်မည်။ ယင်းက သူ၏ တိုက်ပွဲစွမ်းအားကို (၅၀)ရာခိုင်နှုန်းအထိ ပြန်ရရှိစေလိမ့်မည်။ သို့မှသာ သူက မနက်ဖြန် နေရာပြောင်းရွှေ့ခြင်းကို ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်လိမ့်မည်။

သူ၏ မိစ္ဆာစွမ်းအားက မရီဒျန်များထဲမှာ မြစ်တစ်စင်းနှယ် စီးဆင်းသွားသည်။ ယခုအချိန်မှာ သူ၏ မရီဒျန်များက တဟုန်းဟုန်း တောက်လောင်နေသော နေမင်း၏ အပူဒဏ်ကြောင့် ညှိုးနွမ်းခြောက်သွေ့နေဟန် ရ၏။ မိစ္ဆာစွမ်းအားက သူ၏ မရီဒျန်များထဲတွင် စီးဆင်းသွားသည့်အခါ ယင်းတို့က ရေဓာတ်ကို ပြန်လည်ရရှိသွားကြသည်။ အက်ကွဲရာများက မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်သွားကြသည်။

ကျောက်တုံးကြီး၏ တိုက်ခိုက်မှုနှင့် သူ၏ အစွမ်းကုန်တိုက်ခိုက်မှုက သူ့ထံသို့ တစ်ပြိုင်နက်တည်း တန်ပြန်ကျရောက်လာခဲ့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများက ပရမ်းပတာ လှုပ်ခါသွားကြပြီး သူ၏ မရီဒျန်များက အက်ကွဲသွားကြသည်။ ထိုသို့ဒဏ်ရာများကို တစ်နေ့တည်းဖြင့် အပြီးမကုသနိုင်ပေ။

ယခု စက်ကရာသည် စွမ်းအင်စုစည်းဆေးလုံးထံမှ ဆေးအစွမ်းကို အသုံးပြု၍ သူ့ကိုယ်ပိုင် မိစ္ဆာစွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်ပြီး ဒဏ်ရာရရှိထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြည်းဖြည်းချင်း အာဟာရဖြည့်ပေးလိုက်သည်။

သူက ကျောက်စိမ်းသန္ဓေသားကိစ္စကို လောလောဆယ် ဘေးချိတ်ထားလိုက်သည်။ ကျောက်စိမ်းသန္ဓေသားက မည်မျှအံ့ဖွယ်ထူးခြားပါစေ ယင်းက အနာဂတ်ကိစ္စ ဖြစ်သည်။ ယခုအချိန်မှာ အရေးကြီးဆုံးကိစ္စက ကျောက်စိမ်းသန္ဓေသား မဟုတ်ပေ။ ယင်းအစား ကျားရဲတောင်တန်းဒေသမှ ပြောင်းရွှေ့မည့်ကိစ္စ ဖြစ်သည်။

သူက ခန္ဓာကိုယ်အခြေအနေကို ထိန်းညှိလိုက်ပြီး မနက်ဖြန် လုပ်ဆောင်မည့် နေရာပြောင်းရွှေ့ခြင်းအတွက် အကောင်းဆုံး အခြေအနေမှာရှိနေနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

သီရှီထျန်က သူ၏ ဒဏ်ရာများကို ဖြည်းဖြည်းချင်း ပြန်ကုသနေစဉ် ကျားရဲတောင်တန်းဒေသထဲမှ တိရိစ္ဆာန်အားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် တောင်တန်းဒေသထဲမှ သူတို့၏ ဘုရင်များက အမှန်တကယ် နေရာပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သူတို့နားလည်သွားသောကြောင့်ပင်။ ထို့ပြင် သားရဲဘုရင်ချည်းသာ မဟုတ်ပေ။ သားရဲဘုရင်များသည် သူတို့၏ မျိုးနွယ်စုကိုပါ ဤတောင်တန်းဒေသထဲမှ တစ်ခါတည်း ခေါ်ဆောင်သွားကြလိမ့်မည်။

မျောက်ချိုင့်ဝှမ်းထဲတွင် အရွယ်အစားစုံလင်သော မျောက်တစ်ထောင်ကျော်သည် မြေကြီးပေါ်မှာ ခုန်ပေါက်ပြေးလွှားနေကြရင်း ချိုင့်ဝှမ်းထဲမှ ထွက်ခွာသွားကြသည်။ သူတို့ထဲမှ မျောက်အများစု၏ လက်ထဲမှာ ပစ္စည်းအများအပြားကို သယ်ဆောင်ထားကြသည်။ သူတို့က ပစ္စည်းများကို သန့်ရှင်းသော တိရိစ္ဆာန်အမွှေးဖြင့် ရစ်ပတ်ထားသည်။

သူတို့ထုပ်ပိုးထားသည်မှာ သစ်သီးဝလံများနှင့် သစ်စေ့များ ဖြစ်ကြသည်။ ထို့ပြင် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာသော မျောက်များက အရွယ်အစားကြီးမားသော ဝါးကျည်တောက်များကို သူတို့၏ ကျောပေါ်မှာ သယ်ဆောင်ထားကြသည်။ သူတို့တစ်ယောက်စီက ထိုဝါးကျည်တောက်များကို အထူးသတိထား၍ စောင့်ကြည့်နေကြသည်။ ဝါးကျည်တောက်များသည် စုစုပေါင်း တစ်ရာကျော်သည်။

ထို့ပြင် တချို့မျောက်များက အသီးသီးနေသော ပျိုးပင်များကို သယ်ဆောင်ထားကြသည်။

အမှန်တကယ်ပင် ဘုရင်တစ်ပါးရှိသော မျိုးနွယ်စုနှင့် ဘုရင်မရှိသော မျိုးနွယ်စုက လုံးဝ ကွဲပြားခြားနားသည်။ အကယ်၍ တခြားမျိုးနွယ်စုသာဆိုလျှင် သူတို့က နေရာမပြောင်းရွှေ့မီ ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုအများကြီး ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မျောက်မျိုးနွယ်စုက လုပ်ဆောင်နိုင်ခဲ့သည်။

လူသားတစ်ယောက်ကဲ့သို့ အရပ်ရှည်သော ရွှေရောင်မျောက်ဝံတစ်ကောင်၏ ဦးဆောင်မှုအောက်မှာ မျောက်အုပ်စုက ညီညီညာညာ ရွေ့လျားနေကြသည်။ သူတို့၏ အရှေ့တွင် အရွယ်အစားကြီးမားသော ဝံပုလွေတချို့က လမ်းပြပေးနေကြသည်။ မျောက်ချိုင့်ဝှမ်းထဲမှ မျောက်မျိုးနွယ်စုတစ်ခုလုံးက သီရှီထျန် ချိန်းဆိုထားသော နေရာဆီသို့ မြန်မြန်သွက်သွက် ရွေ့လျားနေကြသည်။

တစ်ချိန်တည်းမှာ အရေအတွက် အလွန်များပြားသော လင်းတများက လင်းတတောင်ထွတ်ပေါ်မှ ရုတ်တရက် ပျံသန်းထွက်လာကြသည်။ အရှေ့ဆုံးမှ ပျံသန်းနေသော လင်းတက အရွယ်အစား အလွန်ကြီးမားသည်။ အတောင်ပံဖြန့်ကားလိုက်သည့်အခါ သူက မီတာအနည်းငယ်ခန့် ရှည်လျားသွားသည်။ သူအတောင်ပံ တဖျပ်ဖျပ်ခတ်လိုက်သည့်အခါတိုင်း ဘေးပတ်ဝန်းကျင်၌ လေကြမ်းများ တိုက်ခတ်လာသည်။ သူက အလွန်မြန်ဆန်သည်။ သူ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်ငှက်မွှေးအစု ရှိ၏။ အဝေးမှကြည့်လျှင် ယင်းက တအိအိလှုပ်ယမ်းနေသော ရွှေရောင်မီးတောက်နှင့် ဆင်တူသည်။ သူ၏ အသွင်သဏ္ဍာန်က လင်းတအုပ်စုထဲမှာ သိသာစွာ ချွန်းထွက်နေသည်။ သူက လင်းတအုပ်စုကို ဦးဆောင်၍ တောင်တန်းဒေသ၏ အလယ်ဗဟိုဆီသို့ ပျံသန်းသွားသည်။

မြေပြင်ပေါ်တွင် အရွယ်အစားမျိုးစုံ၊ အရောင်အသွေးမျိုးစုံရှိသော အဆိပ်ရှိမြွေများက မည်သည့်သတိပေးချက်မှမရှိဘဲ တောင်ကြားထဲမှ တွားသွားထွက်လာကြသည်။ သူတို့က အရေအတွက် အလွန်များပြားလေရာ တစ်စုံတစ်ယောက်သည် တစ်ချက်ကြည့်ရုံဖြင့် ဦးရေပြားစပ်ဖျင်းဖျင်း ခံစားသွားရနိုင်သည်။ အရှေ့ဆုံးတွင် ဧရာမမြွေဖြူတစ်ကောင်က ဦးဆောင်လမ်းပြနေသည်။ သူ၏ ခန္ဓာကိုယ်က ရေပုံးတစ်ပုံးခန့် ထူထဲတုတ်ခိုင်သည်။ သူက မြေကြီးပေါ်မှာ မြန်ဆန်စွာ တွားသွားနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်မြွေအကြေးခွံများက အဆက်မပြတ် လူးလွန့်သွားနေသည်။

မြွေအုပ်စု ရွေ့လျားသွားနေစဉ် အနီးနားဝန်းကျင်မှ ကျေးငှက်များနှင့် တိရိစ္ဆာန်များက ထိတ်လန့်တုန်ယင်သွားကြသည်။ သူတို့က အနောက်လှည့်မကြည့်ဘဲ တခြားဦးတည်ရာများဆီသို့ အမြန်ထွက်ပြေးကြသည်။ ထိုမျှအရေအတွက်များပြားသော မြွေအုပ်စုကို သာမန်တိရိစ္ဆာန်များက ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုအချိန်မှာ ဆင်တစ်ကောင်သည်ပင် ထိုမြွေအုပ်စုကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ဆင်က အရိုးပါမကျန်အောင် ဝါးမျိုခံရလိမ့်မည်။

လင်းတများက ဝေဟင်ပေါ်မှာ ပျံသန်းနေကြစဉ် မြွေများက မြေကြီးပေါ်မှာ တွားသွားနေကြသည်။ သူတို့အားလုံး၏ ဦးတည်ရာက တစ်နေရာတည်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ကျားရဲတောင်တန်းဒေသ၏ မတူညီသော ဧရိယာများထဲတွင် မျိုးနွယ်စုသုံးခုက တူညီသော ဦးတည်ရာဆီသို့ တစ်ချိန်တည်း ဦးတည်သွားနေကြသည်။ ထိုမြင်ကွင်းက အလွန်ကြီးကျယ်ခမ်းနားသည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း တခြားတိရိစ္ဆာန်များက အဝေးသို့ ချက်ချင်း ထွက်ပြေးကြလိမ့်မည်။

သားရဲဘုရင်များ၏ အလျင်အရ ချိန်းဆိုထားသော ဦးတည်ရာဆီသို့ ရောက်ရန် သူတို့အတွက် အချိန်အကြာကြီး မလိုပေ။ သို့သော် သာမန်မျိုးနွယ်ဝင်များဆီမှာ ထိုသို့အလျင် မရှိပေ။ ထို့ကြောင့် သူတို့က နေဝင်သည်နှင့်ချက်ချင်း စတင်ထွက်ခွာကြသည်။ သို့မှသာ သူတို့က ချိန်းဆိုထားသော ဦးတည်ရာဆီသို့ အချိန်မီ ရောက်နိုင်ကြလိမ့်မည်။

နံနက်ခင်းအချိန် ပထမဆုံး နေရောင်ခြည်အလင်းက အရှေ့အရပ်မှ သိမ်မွေ့စွာ ဖြာဆင်းကျလာသည်။ နေရောင်ခြည်၏ အလင်းပြန်မှုကြောင့် ကောင်းကင်ပေါ်မှ တိမ်တိုက်များက အနီရောင်သို့ ပြောင်းလဲသွားသည်။ ခရမ်းရောင်ချီက အရှေ့အရပ်မှ ပျံ့လွင့်လာသည်။ ညအချိန်၏ အမှောင်ထုက နေရောင်ခြည်၏ အလင်းကြောင့် လွင့်ပြယ်သွားသည်။ ကမ္ဘာမြေသည် အလင်းရောင်နှင့် အရောင်အသွေးကို တဖန် ပြန်ပိုင်ဆိုင်သွားသည်။ နေရောင်ခြည်အလင်းက တောင်တန်းဒေသထဲမှ သစ်ပင်များနှင့် ပန်းပင်များပေါ်သို့ ထည်ထည်ဝါဝါ ကျဆင်းသွားသည်။ နံနက်ခင်းနှင်းစက်များက အရောင်အသွေးရှိလာကြသည်။ ယင်းတို့က သလင်းကျောက်ပမာ ကြည်လင်ပြီး လှပသည်။

“ ဝေါ… ဝေါ… ဝေါ… ”

ရေတံခွန်သည် တောင်ထွတ်ပေါ်မှ မရပ်မစဲ စီးကျလာနေပြီး မြေကြီးပေါ်မှ ရေကန်ထဲသို့ စီးဆင်းသွားသည်။ သာယာကြည်လင်သော ရေစီးဆင်းသံက တောအုပ်ထဲမှာ ပျံ့လွင့်နေသည်။ မွှေးပျံ့လတ်ဆတ်သော ရနံ့က ချိုင့်ဝှမ်းထဲမှာ ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်သည် ဤနေရာမှ လေကို တစ်ဝကြီး ရှူသွင်းလိုက်လျှင် ဖော်မပြနိုင်သော စိတ်ရွှင်လန်းမှုကို ခံစားမိလိမ့်မည်။ ယင်းက သက်တောင့်သက်သာရှိမှုကို ပေးသည်။

“ ဝှစ် ”

လှိုဏ်ဂူထဲတွင် စက်ကရာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲသော မဟူရာမိစ္ဆာစွမ်းအင်အလွှာက ဖုံးလွှမ်းထားသည်။ မိစ္ဆာစွမ်းအားက အလွန်ထူထဲလေရာ အချိန်အတော်ကြာသည့်တိုင်အောင် မလွင့်ပြယ်သွားပေ။ အနက်ရောင်မြူခိုးက ဘေးပတ်ဝန်းကျင်၌ တအိအိလှုပ်ခတ်နေသည်။ ဘေးပတ်ဝန်းကျင်တွင် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက အနက်ရောင်မြူခိုးထဲသို့ မြန်ဆန်စွာ စီးဆင်းသွားသည်။ ကျယ်လောင်သော အသက်ရှူသွင်းရှူထုတ်သံက လှိုဏ်ဂူထဲမှာ ပဲ့တင်ထပ်နေသည်။ ဤအခိုက်အတန့်မှာ အနက်ရောင်မြူခိုးက ပြင်းထန်စွာ လှုပ်ခါလာသည်။ ထို့နောက် အနက်ရောင်အခိုးအငွေ့များက အလယ်မှာ မြန်ဆန်စွာ စုဝေးသွားကြပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် ကြီးကျယ်မြင့်မြတ်သော ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

ဧရာမကျားနက်တစ်ကောင်က မြေကြီးပေါ်မှာ လဲလျောင်းနေသည်။ သူ၏ ခန္ဓာကိုယ်က သာမန်ကျားတစ်ကောင်ထက် နှစ်ဆပိုပြီးကြီးမားသည်။ တစ်စုံတစ်ယောက်က အဝေးမှ လှမ်းကြည့်လျှင်ပင် ကျားနက်၏ ခန္ဓာကိုယ်ထံမှ ထုတ်လွှတ်နေသော ရက်စက်ကြမ်းကြုတ်မှုအငွေ့အသက်ကို အာရုံခံနိုင်လိမ့်မည်။ သားရဲဘုရင်အရှိန်အဝါက မလွင့်ပြယ်သွားပေ။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက ပိုပြီးသက်ဝင်လှုပ်ရှားလာဟန် ရ၏။ ကျား၏ မျက်လုံးတစ်စုံက ရုတ်တရက် ပွင့်သွားသည်။ စူးရှသော အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။

သူက ထရပ်လိုက်ပြီး သူ၏ ဧရာမကျားခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူက ကြီးကျယ်မြင့်မြတ်သော ကျားအရှိန်အဝါနှင့်အတူ လေထဲသို့ လွှားခနဲ ခုန်လိုက်သည်။

“ တစ်ညလုံး ကျင့်ကြံခဲ့ပေမဲ့ ခြောက်ဆယ်ရာခိုင်နှုန်းပဲ ငါပြန်အားဖြည့်နိုင်ခဲ့တယ်… ကျန်တာကို ဖြည်းဖြည်းချင်း ငါပြန်အားဖြည့်ရမယ် ”

သီရှီထျန်သည် တစ်ညလုံး ကျင့်ကြံပြီးနောက် ဒဏ်ရာထက်ဝက်ခန့် ပြန်လည်ကုသနိုင်သွားသည်။ အပြည့်အဝ သက်သာပျောက်ကင်းရန်အလို့ငှာ ဖြည်းဖြည်းချင်း သူကုသရလိမ့်မည်။

“ မျောက်ဝံဘုရင်နဲ့ တခြားလူတွေ ငါပြောထားတဲ့ နေရာဆီ ရောက်လာကြလောက်ပြီ… အခုက နေရာပြောင်းရွှေ့ရမယ့် အချိန်ပဲ ”

သူက စိတ်ဓာတ်ပြတ်သားစွာ တွေးသည်။ သူက လှိုဏ်ဂူအပြင်သို့ ထွက်သွားပြီးနောက် ဗိုက်ဖြည့်တင်းရန် သမင်တစ်ကောင်ကို သတ်ပစ်လိုက်သည်။ သူက သမင်၏ သွေးကို သောက်သုံးပြီး အသားကို ဝါးမျိုသည်။ ဗိုက်ဖြည့်တင်းပြီးနောက် သူက လှိုဏ်ဂူဆီသို့ ပြန်သွားပြီး သိုလှောင်အိတ်ကို သူ၏ အနောက်ခြေထောက်တစ်ချောင်းမှာ ချည်နှောင်လိုက်သည်။ လှိုဏ်ဂူကို သူကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူမွေးဖွားခဲ့စဉ်က မြင်ကွင်းများကို ပြန်မြင်ယောင်သွားသည်။ ထိုထဲမှာ မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်တို့ ပါဝင်ကြသည်။ ထို့နောက် အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

“ မေမေကျားဖြူ၊ ညီလေးနဲ့ ညီမလေး… ဘာမှမစိုးရိမ်ကြနဲ့… အဲ့ဒီမသေမျိုးကျင့်ကြံသူတွေက မင်းတို့ကို ကမ္ဘာမြေအဆုံးထိ ဖမ်းခေါ်သွားတယ်ဆိုရင်တောင် ငါက အရမ်းမြင့်မားတဲ့ အဆင့်ထိ ကျင့်ကြံပြီး မင်းတို့ကို လာကယ်တင်မယ်… မင်းတို့ကို ဖမ်းဆီးသွားတဲ့ လူကို ငါရှာတွေ့တဲ့အခါ သူတို့တစ်မိသားစုလုံးကို ငါဖျက်ဆီးပစ်မယ် ”

သူက စိတ်ထဲမှာ သန္နိဌာန်ချလိုက်သည်။

သူက နောက်ထပ် တွန့်ဆုတ်မနေဘဲ ခေါင်းလှည့်၍ လှိုဏ်ဂူထဲမှ ထွက်သွားသည်။ ကျားရဲတောင်တန်းဒေသက သူ၏ ပထမမှတ်တိုင်သာ ဖြစ်၏။ သူက ကျားရဲတောင်တန်းဒေသမှ ထွက်ခွာပြီးလျှင် ပိုပြီးကျယ်ပြောသော လောကဆီသို့ ဝင်ရောက်လိမ့်မည်။ ဤခရီးစဉ်တွင် သူယူဆောင်သွားမည့် ပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ လှိုဏ်ဂူထဲမှာ မည်သည့်ပစ္စည်းမှ ကျန်မနေခဲ့ပေ။

All Chapters