← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း(၅၃)

“ ဝေါင်း ”

လှိုဏ်ဂူထဲမှ ခုန်ထွက်ပြီးနောက် ကောင်းကင်ဘုံ တုန်လှုပ်သွားစေမည့် ကျားဟိန်းသံက သီရှီထျန်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သူက လေထဲသို့ လွှားခနဲ ခုန်လိုက်သည်။ ယခု သူသွားရောက်မည့် ဦးတည်ရာက ရေတံခွန်ရှိသော ချိုင့်ဝှမ်းဖြစ်သည်။

သူက တောအုပ်ထဲမှာ မြန်ဆန်စွာ ပြေးလွှားနေလေရာ အနက်ရောင်အရိပ်က အနောက်မှာ ကျန်နေခဲ့သည်။ မကြာမီ ချိုင့်ဝှမ်းက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ချိုင့်ဝှမ်းက ယခင်ကနှင့် ကွဲပြားခြားနားနေသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိုးကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် လင်းတများက ဝေဟင်ပေါ်မှာ အုပ်စုဖွဲ့၍ ပျံသန်းနေကြောင်း မြင်ရလိမ့်မည်။ သီရှီထျန် ရောက်လာသည်ကို မြင်သောအခါ လင်းတအုပ်စုက ကျယ်လောင်စွာ အော်မြည်လိုက်ကြသည်။

လင်းတများ၏ အော်သံကို ကြားသောအခါ မျောက်ဝံများက ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။ ရေကန်ထဲတွင် အရောင်အသွေးစုံလင်သော မြွေများက အပြင်သို့ တွားသွားထွက်လာကြသည်။ အရေအတွက်ထောင်ချီသော ဝံပုလွေများက မြေကြီးပေါ်တွင် မြန်ဆန်စွာ ရပ်လိုက်ကြသည်။

မျိုးနွယ်စုလေးခု၏ သားရဲဘုရင်များသည်လည်း စတင်လှုပ်ရှားလိုက်ကြသည်။ သူတို့က သက်ဆိုင်ရာအမျိုးအနွယ်ကို ချိုင့်ဝှမ်းထဲမှာ စုဝေးလိုက်ကြသည်။ ချိုင့်ဝှမ်းထဲတွင် အဆုံးမဲ့သော သားရဲတိရိစ္ဆာန်များဖြင့် ပြည့်နှက်သွားသည်။

“ အရှင်မင်းကြီးရောက်လာတာကို ကြိုဆိုပါတယ် ”

သားရဲဘုရင်လေးပါး၏ ဦးဆောင်မှုအောက်တွင် လင်းတများသော်လည်းကောင်း၊ ဝံပုလွေများသော်လည်းကောင်း၊ မြွေများသော်လည်းကောင်း၊ မျောက်များသော်လည်းကောင်း ချိုင့်ဝှမ်းထဲမှာ စုဝေးနေကြသော တိရိစ္ဆာန်အားလုံးက ချိုင့်ဝှမ်းဆီသို့ လျှောက်လာနေသော စက်ကရာထံသို့ တစ်ပြိုင်နက် ဦးညွတ်လိုက်ကြသည်။ သာမန်တိရိစ္ဆာန်များဆီမှာ ဝိညာဉ်အသိဉာဏ်မရှိပေ။ သို့တိုင် စက်ကရာကို သူတို့မြင်သွားသောအခါ ကြောက်ရွံ့ရိုသေမှုကို အလိုအလျောက် ခံစားမိသွားကြသည်။

“ အင်း… အားလုံးထကြပါ ”

စက်ကရာက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည်။ သားရဲဘုရင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ပိုပြီးသိပ်သည်းလာသည်။ ချိုင့်ဝှမ်းဆီသို့ သူကြည့်လိုက်သည့်အခါ မျိုးနွယ်စုလေးခု၏ စုစုပေါင်းအရေအတွက်က တစ်သိန်းကျော်ကြောင်း သူမြင်တွေ့သွား၏။ သူတို့ထဲမှာ မြွေများက အရေအတွက်အများဆုံး ဖြစ်၏။ မြွေများက အလွန်များပြားလေရာ သူ့အတွက်ပင် ရေတွက်ရန် ခက်ခဲလှ၏။ တခြားမျိုးနွယ်စုများတွင် အရေအတွက်သုံးလေးထောင်ခန့်သာ ရှိသည်။

သူတို့အားလုံးကို အတူတကွ စုပေါင်းလိုက်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော အရေအတွက် ဖြစ်လာသည်။

မျိုးနွယ်စုလေးခုက တစ်နေရာတည်းမှာ စုဝေးရှိနေကြခြင်း။ ယင်းက မည်မျှအံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သနည်း။ ထိုမျိုးနွယ်စုလေးခုကို တစ်ပြိုင်နက်တည်း နေရာပြောင်းရွှေ့သည့်အခါ ပိုပြီးထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းက ထွက်ပေါ်လာလိမ့်မည်။

“ ပိုင်ယွဲ့၊ ပိုင်စုစု၊ ယင်းခုန်း၊ ယွမ်ထျန်း… မင်းတို့လေးယောက် အဆင်သင့်ဖြစ်ပြီလား ”

“ အရှင်မင်းကြီး ကျုပ်တို့အားလုံး အဆင်သင့်ဖြစ်ပါပြီ… ကျုပ်တို့ရဲ့ မျိုးနွယ်ဝင်အားလုံးက ဒီနေရာမှာ စုဝေးရှိနေပါတယ်… အရှင်မင်းကြီး အမိန့်ပေးလိုက်တာနဲ့ ကျုပ်တို့တွေ စတင်ပြောင်းရွှေ့နိုင်ပါပြီ ”

ပိုင်ယွဲ့က ရိုသေလေးစားစွာ ပြောသည်။ သူတို့က လူသားများ မဟုတ်ပေ။ သူတို့ပြောင်းရွှေ့သည့်အခါ ပစ္စည်းအများကြီး သယ်ဆောင်ရန် မလိုပေ။ သူတို့က အနောက်မှ လိုက်သွားရုံသာ လိုအပ်ပေသည်။

“ အရှင်မင်းကြီး… ကျုပ်တို့တွေ ဘယ်ကို ပြောင်းရွှေ့ကြမှာလဲ ”

လင်းတဘုရင်ယင်းခုန်းက ရုတ်တရက် မေးသည်။

" တောင်ပိုင်းအရပ်ဆီ ပြောင်းရွှေ့ကြမယ်… အဲ့ဒီမှာ ဘယ်သူမှမရှိဘူး… ငါတို့တွေ တောင်ပိုင်းအရပ်ဆီ ဦးတည်သွားရင်း နေထိုင်ဖို့ သင့်တော်တဲ့ တစ်နေရာကို ရှာဖွေကြမယ် ”

သီရှီထျန်က ယင်းခုန်းကို ကြည့်လိုက်ပြီး ပြောသည်။

ယင်းခုန်းက မျက်လုံးဝင်းလက်သွားသည်။ သူက အလျင်စလို ပြောသည်။

“ အရှင်မင်းကြီး… ကျုပ်က ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်ပါတယ်… အတိတ်မှာ ကျုပ်က ကျားရဲတောင်တန်းဒေသကနေ ထွက်ခွာပြီး အပြင်လောကကို စူးစမ်းလေ့လာခဲ့ပါတယ်… တောင်ပိုင်းအရပ်ဆီလည်း ကျုပ်သွားခဲ့ဖူးပါတယ်… အဲ့ဒီမှာ ဒီတောင်တန်းထက် အများကြီး ပိုကြီးမားကျယ်ပြောတဲ့ တောင်တန်းတစ်ခုရှိတာကို ကျုပ်ရှာတွေ့ခဲ့ပါတယ်… အဲ့ဒီနေရာက အရမ်းလျှို့ဝှက်ပါတယ်… ဒါပေမဲ့ အဲ့ဒီမှာ အစွမ်းထက်တဲ့ အရှိန်အဝါတွေ အများကြီး ရှိပါတယ် ”

သူက လင်းတဘုရင်ဖြစ်ပြီး သူ၏ အလျင်က အလွန်မြန်ဆန်သည်။ သို့ဖြစ်၍ သူက လင်းတတောင်ထွတ်ပေါ်မှာသာ အမြဲတစေ မနေထိုင်ပေ။ ယင်းအစား သူက ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန် မကြာခဏ အပြင်ထွက်သွားလေ့ ရှိသည်။ ထို့ကြောင့် ကျားရဲတောင်တန်းဒေသအပြင်သို့ မထွက်ခွာဖူးသော တခြားသားရဲဘုရင်များထက်စာလျှင် သူက ပိုပြီးဗဟုသုတများသည်။

ယင်းကို ကြားသောအခါ သီရှီထျန်က ချက်ချင်း မျက်လုံးဝင်းလက်သွားသည်။ ယင်းခုန်းပြောသော နေရာက သူတို့နေထိုင်ရန် အလွန်သင့်တော်ကြောင်း သူနားလည်လိုက်သည်။

“ ယင်းခုန်း… အဲ့ဒီတောင်တန်းဒေသအကြောင်း မင်းဘယ်လောက်သိလဲ… မင်းသိထားတာအကုန် ငါ့ကို ပြောပြပါ ”

သူက တုံ့ဆိုင်းမနေဘဲ ယင်းခုန်းကို မေးသည်။ တခြားသားရဲဘုရင်သုံးပါးသည်လည်း ယင်းခုန်းကို ကြည့်လိုက်ကြသည်။

ယင်းခုန်းသည် တုံ့ဆိုင်းမနေဘဲ သူသိထားသမျှအားလုံးကို ချက်ချင်း ပြောပြသည်။

ယင်းခုန်း၏ ပြောကြားမှုအရ တောင်ပိုင်းအရပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလျှင် တောင်ပိုင်းကုန်းမြေဟုခေါ်သော နေရာဆီသို့ ရောက်ရှိသွားလိမ့်မည်။ ထိုနေရာသည် သာမန်လူသားများ အသက်ရှင်နေထိုင်ရန် မသင့်တော်ပေ။ ထို့ကြောင့် တောင်ပိုင်းကုန်းမြေထဲမှာ သားရဲတိရိစ္ဆာန်မျိုးစုံက စုဝေးနေထိုင်ကြသည်။

တောင်ပိုင်းကုန်းမြေတွင် တောင်ပိုင်းမြေရိုင်းဒေသဟုခေါ်သော တောင်တန်းဒေသတစ်ခု ရှိသည်။

အဆိပ်မြူခိုးငွေ့များ၊ ရွှံ့ဗွက်အိုင်များနှင့် အန္တရာယ်များသော နေရာများက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အလွန်များပြားသည်။ တချို့နေရာများဆိုလျှင် အကယ်၍ ကျင့်ကြံသူတစ်ယောက်က ယင်းထဲသို့ ပြုတ်ကျသွားလျှင် သူတို့၏ ကျင့်ကြံခြင်းက ဗလာနတ္ထိအထိ လျော့ချခံရလိမ့်မည်။ ထို့နောက် သူတို့က တောင်တန်းဒေသထဲမှာ ထာဝရအထိ မြေမြှုပ်ခံကြရလိမ့်မည်။

မှန်ပေသည်။ တောင်ပိုင်းမြေရိုင်းဒေသက အန္တရာယ်များသော်လည်း ကျင့်ကြံသူများသည် ထိုတောင်တန်းဒေသဆီသို့ သွားရောက်ရန် စိတ်အားထက်သန်နေကြဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာမှာ ရှားပါးအပင်များ၊ မျိုးတုန်းသွားပြီဖြစ်သော ဆေးဖက်ဝင်အပင်များ၊ ဝိညာဉ်အပင်များနှင့် တန်ဖိုးကြီးမားသော သတ္ထုပစ္စည်းများ ရှိသည်။ ယင်းတို့အားလုံးက ကျင့်ကြံသူများကို ရူးသွပ်စေနိုင်သော ရှားပါးရတနာများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် အသက်အန္တရာယ်ကိုပင် မမှုဘဲ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ စွန့်စားသွားကြလေ့ရှိသည်။

ထို့ကြောင့် ကျင့်ကြံခြင်းကလန်များ၊ ကျင့်ကြံခြင်းဂိုဏ်းများနှင့် မပတ်သက်သော တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများအတွက်တော့ တောင်ပိုင်းမြေရိုင်းဒေသသည် သူတို့၏ စိတ်ဝင်စားမှုရရှိရန် ထိုက်တန်သည်။ သူတို့သည် ကံစမ်းရန်အလို့ငှာ တောင်တန်းဒေသထဲသို့ မကြာမကြာ ဝင်ရောက်သွားကြလေ့ရှိသည်။ သူတို့က တောင်တန်းဒေသထဲမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်နိုင်မည့် ဝိညာဉ်ဆေးပင်တချို့ ရှာဖွေနိုင်ရန် မျှော်လင့်ကြသည်။ အကယ်၍ သူတို့က တောင်တန်းဒေသထဲမှာ ရှားပါးသော သတ္ထုပစ္စည်းတချို့ကို ရှာဖွေနိုင်လျှင် ယင်းတို့ကို ထိပ်တန်းဓမ္မရတနာအဖြစ် ဖန်တီးသန့်စင်နိုင်ကြလိမ့်မည်။

လူတစ်ယောက်နှင့်တစ်ယောက်သည် ကံကြမ္မာမတူညီပေ။ တချို့လူများသည် အတော်လေး ကံကောင်းကြသည်။ တောင်တန်းဒေသထဲမှ အသက်ရှင်လျက် ပြန်ထွက်နိုင်ကြသူများသည် အနည်းနှင့်အများ အကျိုးအမြတ်တချို့ ရရှိသွားကြလေ့ရှိသည်။ ပြန်မထွက်လာနိုင်သူများသည်တော့ သူတို့က တောင်တန်းဒေသထဲမှာ ထာဝရ မြေမြှုပ်ခံလိုက်ကြရသည်။ တချို့လူများသည် သားရဲများ၏ အစာဖြစ်သွားကြသည်။

လျှို့ဝှက်ဖုံးကွယ်မှုအပိုင်းတွင် သီရှီထျန်နှင့် တခြားလူများသည် ထိုတောင်တန်းဒေသထဲသို့ ဝင်ရောက်ပြီးလျှင် မထင်မရှား နေထိုင်နိုင်ကြလိမ့်မည်။ ထို့ပြင် အကယ်၍ သူတို့က လျှို့ဝှက်စွာ ပုန်းအောင်းနေထိုင်ချင်သည်ဆိုလျှင်ပင် တောင်ပိုင်းမြေရိုင်းဒေသ၏ ထူးခြားချက်များကို အသုံးပြု၍ မြန်ဆန်စွာ အင်အားတိုးမြှင့်နိုင်ဦးမည်။ မည်သို့ဖြစ်ပါစေ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အကန့်အသတ်မဲ့သော ဝိညာဉ်အပင်များ တည်ရှိကြသည်မဟုတ်ပါလော။ ယင်းတို့က တခြားတောင်တန်းဒေသများထဲမှာ မမြင်တွေ့နိုင်သော ရှားပါးအပင်များ ဖြစ်ကြသည်။

တောင်တန်းဒေသက အလွန်ကျယ်ပြောလေရာ သူတို့အုပ်စု ပုန်းအောင်းနိုင်ရန် လုံလောက်ပေသည်။

“ တောင်ပိုင်းမြေရိုင်းဒေသလား ”

ချင့်ချိန်စဉ်းစားသော အကြည့်က သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်သည်။

‘ အဲ့ဒါက နေရာကောင်းပဲ… ငါက မိစ္ဆာတစ်ကောင်ဖြစ်ပြီး မိစ္ဆာကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ တခြားအတတ်ပညာတွေကို ဘာမှမသိဘူး… တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတွေက တောင်ပိုင်းမြေရိုင်းဒေသထဲ ဝင်လာကြလေ့ရှိတယ်ဆိုတော့ သူတို့ကို ငါသတ်ပြီး ကျင့်ကြံခြင်းအတတ်ပညာတွေနဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို သိမ်းပိုက်နိုင်လိမ့်မယ်… ပြီးတော့ ကျင့်ကြံဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဝိညာဉ်ဆေးလုံးတွေရောပဲ… ဒါမှပဲ ငါ့ရဲ့ ကျင့်ကြံခြင်းက မြန်မြန်ဆန်ဆန် တိုးတတ်သွားနိုင်မှာ… တောင်တန်းဒေသထဲမှာ ရှားပါးဝိညာဉ်အပင်တွေ ရှိတယ်… အရင်းအမြစ်ကုန်ဆုံးမှာကို ငါစိုးရိမ်နေစရာမလိုဘူး ’

သီရှီထျန် ဤနေရာမှ ထွက်သွားချင်သည်မှာ မသေမျိုးကျင့်ကြံသူများကြောင့်သာ မဟုတ်ပေ။ အကြောင်းအရင်းတစ်ခုမှာ ကျားရဲတောင်တန်းဒေသက အလွန်ကြီးမားကျယ်ပြောပြီး ဤနေရာတွင် အသန်မာဆုံးပုဂ္ဂိုလ်က သူတစ်ယောက်တည်း ဖြစ်သည်။ အကယ်၍ သူက အစွမ်းထက် မသေမျိုးကျင့်ကြံသူတစ်ယောက်ကို ရန်ပြုမိသွားလျှင် အနှေးနှင့်အမြန် သူဒုက္ခရောက်လိမ့်မည်။ “ အပင်ပိုမြင့်လေ လေပိုတိုက်ခံရလေ ”ဟူသော ဆိုရိုးစကား ရှိသည်။ ပြဿနာတစ်စုံတစ်ရာရှိလာသော် တောင်တန်းဒေသထဲမှာ အသန်မာဆုံးဖြစ်သော သူက အရင်ဆုံး ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် ကျားရဲတောင်တန်းဒေသထဲမှာ သူဆက်နေလျှင် သေချာပေါက် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။

တောင်ပိုင်းမြေရိုင်းဒေသသည် ကွဲပြားခြားနားသည်။ အရေအတွက်များပြားသော ကျင့်ကြံသူများက တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်လာကြလေ့ရှိသော်လည်း ကျားရဲတောင်တန်းဒေသထဲတွင် မရှိသော ဝိညာဉ်အပင်များက ထိုတောင်တန်းဒေသထဲမှာ ရှိသည်။ ထို့ပြင် တောင်တန်းဒေသထဲမှာ အရေအတွက်များပြားသော သန္ဓေပြောင်းသားရဲများနှင့် မိစ္ဆာသားရဲများလည်း တည်ရှိကြသည်။

ထို့ကြောင့် ထိုတောင်တန်းဒေသထဲမှာ သူနေထိုင်မည်ဆိုလျှင် ကျင့်ကြံခြင်းလောက၏ နယ်နိမိတ်ထဲမှာ နေနိုင်ပြီး မသေမျိုးကျင့်ကြံသူများ၏ အာရုံစိုက်မှုကိုလည်း ရှောင်ရှားနိုင်လိမ့်မည်။ အကယ်၍ သူ့မှာသာ အချိန်နှင့် အခွင့်အရေးရှိမည်ဆိုလျှင် မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း ဖြည်းဖြည်းချင်း သူသင်ယူနိုင်လိမ့်မည်။ သူက မသေမျိုးကျင့်ကြံခြင်းလောက၏ ဖွင့်ဖြိုးတိုးတတ်ပုံကို အမြဲတမ်း စိတ်ဝင်စားသည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျင့်ကြံခြင်းအတွက် အသုံးဝင်သော အရင်းအမြစ်အမျိုးမျိုးရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က လေးလေးနက်နက် တွေးတောစဉ်းစားကြည့်လျှင် တောင်ပိုင်းမြေရိုင်းဒေသက နေရာပြောင်းရွှေ့ရန် အသင့်တော်ဆုံးနေရာ ဖြစ်လိမ့်မည်။

“ အရှင်မင်းကြီး… တောင်ပိုင်းမြေရိုင်းဒေသရဲ့ ကောင်းကင်ပေါ်မှာ ကျုပ်ပျံသန်းခဲ့တုန်းက အရမ်းကြီးမားကျယ်ပြောတဲ့ ချိုင့်ဝှမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်… ချိုင့်ဝှမ်းရဲ့ တည်နေရာက အရမ်းလျှို့ဝှက်ပါတယ်… တကယ်လို့ တောင်ပိုင်းမြေရိုင်းဒေသဆီ ကျုပ်တို့သွားမယ်ဆိုရင် အဲ့ဒီချိုင့်ဝှမ်းက ကျုပ်တို့နေထိုင်ဖို့ အသင့်တော်ဆုံးပါပဲ… အဲ့ဒီမှာဆိုရင် ကျုပ်တို့တွေ အခြေခံအုတ်မြစ်ကို အေးဆေးတည်ဆောက်နိုင်ပါလိမ့်မယ် ”

ယင်းခုန်းက ပြောသည်။

ထိုစကားက သီရှီထျန်၏ နှလုံးသားထဲမှ နောက်ဆုံးတုံ့ဆိုင်းမှုကို ဖြိုချပစ်လိုက်သည်။ သူက နောက်ဆုံးမှာ စိတ်ဆုံးဖြတ်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။

“ ကောင်းပြီ… တောင်ပိုင်းမြေရိုင်းဒေသဆီ ငါတို့သွားကြမယ်… ယင်းခုန်း… တောင်ပိုင်းမြေရိုင်းဒေသဆီ သွားရင် ဘယ်လောက်လောက် ကြာနိုင်မလဲ ”

“ အရှင်မင်းကြီး… ကျုပ်တို့တွေ မရပ်မနား ခရီးဆက်မယ်ဆိုရင် အနည်းဆုံး တစ်လလောက် ကြာပါလိမ့်မယ် ”

ယင်းခုန်းက ပွင့်လင်းစွာ ပြောသည်။

သီရှီထျန်သည် ဆုံးဖြတ်ချက်ချပြီးနောက် ပိုပြီးပြတ်သားလာသည်။ သူက အရှေ့မှ သားရဲဘုရင်လေးပါးကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ယင်းခုန်း… မင်းက မင်းရဲ့ အမျိုးအနွယ်ကို ဦးဆောင်ပြီး အရှေ့ကနေ လမ်းညွှန်ပါ… ပြီးတော့ ဝေဟင်ပေါ်ကနေ ရန်သူတွေကို အမြဲကင်းထောက်နေပါ… တကယ်လို့ အန္တရာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုရင် ငါ့ကို ချက်ချင်း သတင်းပို့ပါ ”

“ ဟုတ်ကဲ့ပါ… အရှင်မင်းကြီး ”

ယင်းခုန်းက ရိုသေလေးစားစွာ ပြောသည်။

သူက ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ချက်ချင်းဆိုသလိုပင် လင်းတများက ကောင်းကင်ပေါ်သို့ အစုလိုက်အပြုံလိုက် ပျံတတ်သွားကြပြီး ဝေဟင်ပေါ်မှာ လှည့််ပတ်ပျံသန်းလိုက်ကြသည်။ တစ်ခဏကြာပြီးနောက် သူတို့က တောင်ပိုင်းအရပ်ဆီသို့ စတင်ထွက်ခွာကြသည်။ တစ်ချိန်တည်းမှာ သူတို့က ဝေဟင်ထက်မှာ ပျံသန်းနေကြရင်း အရပ်မျက်နှာအသီးသီးကို ကင်းထောက်စစ်ဆေးကြသည်။

“ ပိုင်ယွဲ့… မင်းက မင်းရဲ့ အမျိုးအနွယ်ကို ခေါ်ပြီး အရှေ့ကနေ ဦးဆောင်သွားပါ ”

“ ဟုတ်ကဲ့ပါ… အရှင်မင်းကြီး ”

ပိုင်ယွဲ့က ရိုသေကျိုးနွံစွာ ခေါင်းညိတ်လိုက်သည်။ သူက ဆွဲဆွဲငင်ငင် အူလိုက်သည်။ အရေအတွက်ထောင်ချီသော ဝံပုလွေများသည် ချိုင့်ဝှမ်းထဲမှ ထွက်ခွာသွားကြပြီး အရှေ့မှ ဦးဆောင်သွားကြသည်။

All Chapters