အခန်း (၅၄)
Vol. 4 Ch. 54
အခန်း(၅၄)
“ ယွမ်ထျန်း… ငါ့ကို မင်းယူဆောင်လာတဲ့ မျောက်မင်းဝိုင်ပေးပါ… အဲ့ဒါကို ငါသယ်ပေးမယ်… ငါ့နောက်ကနေ လိုက်ခဲ့ပါ… ပိုင်စုစု… မင်းက မင်းရဲ့ မြွေအမျိုးအနွယ်တွေကို ခေါ်ပြီး အနောက်ကနေ ထက်ကြပ်မကွာ လိုက်ခဲ့ပါ ”
သီရှီထျန်က အမိန့်တစ်ခုပြီးတစ်ခု ပေးသည်။ မျောက်မင်းဝိုင်သည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို တိုးပွားစေနိုင်သော ရှားပါးဝိညာဉ်ဝိုင် ဖြစ်သည်။ အနာဂတ်တွင် စွမ်းအင်စုစည်းဆေးလုံးများ ကုန်သွားသည့်အခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားကို မြန်ဆန်စွာ တိုးမြှင့်ရန် မျောက်မင်းဝိုင်ကိုသာ မှီခိုအားထားရလိမ့်မည်။
အနာဂတ်တွင် ယွမ်ထျန်းနှင့် တခြားသားရဲဘုရင်များသည် မိစ္ဆာလမ်းစဉ်ပေါ်သို့ ခြေချကြလိမ့်မည်။ ထိုအချိန်ကျလျှင် မျောက်မင်းဝိုင်က သူတို့၏ စွမ်းအားကို မြန်ဆန်စွာ တိုးမြှင့်ပေးနိုင်မည့် ရှားပါးရတနာတစ်ခု ဖြစ်လာလိမ့်မည်။ ထို့ကြောင့် မျောက်မင်းဝိုင်ကို သူသေချာဂရုစိုက်ရမည်။ သူက ပိုပြီးစိတ်ချသွားရန်အလို့ငှာ မျောက်မင်းဝိုင်အားလုံးကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။
ယွမ်ထျန်းသည် မျောက်မင်းဝိုင်အားလုံးကို စုဆောင်းရန် မျောက်များကို အလုံအလောက် အချိန်မပေးနိုင်ခဲ့ပေ။ ယခု စက်ကရာက သိုလှောင်အိတ်ကို အသုံးပြု၍ မျောက်မင်းဝိုင်အားလုံးကို တစ်ခါတည်း သိမ်းဆည်းလိုက်ကြောင်း သူမြင်သွားသောအခါ အံ့ဩမှင်သက်သွားသည်။ သူက သီရှီထျန်ကို ပိုပြီးရိုသေလေးစားသွားသည်။
အမိန့်ပေးပြီးနောက် ကြီးကျယ်ခမ်းနားသော နေရာပြောင်းရွှေ့ခြင်းကို စတင်လုပ်ဆောင်လိုက်သည်။ လင်းတများက ကောင်းကင်ပေါ်မှာ အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပျံသန်းနေကြစဉ် ဝံပုလွေများက အရှေ့မှ လမ်းဖောက်ပေးနေကြသည်။ အလယ်တွင် သီရှီထျန်နှင့် မျောက်များက အပြန်အလှန် ထောက်ပံ့ပေးနေကြသည်။ အကယ်၍ မတော်တဆမှုတစ်ခု ရှိလာလျှင် သူတို့က အချိန်မီ တုံ့ပြန်နိုင်ကြလိမ့်မည်။ သူတို့၏ အနောက်တွင် အရေအတွက် အကန့်အသတ်မဲ့သော မြွေအုပ်စုရှိသည်။ ထိုမြွေများသည် မကောင်းကြံစည်ချင်စိတ်ရှိသော သက်ရှိများကို အမြန်ဆုံး အာရုံခံနိုင်ကြသည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူတို့က မြန်ဆန်စွာ ရွေ့လျားကြသည်။ သူတို့က တောင်ပိုင်းအရပ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
လင်းတများက ဝေဟင်မှ စောင့်ကြပ်ပေးနေလေရာ ဦးတည်ရာလွဲမှားသွားမည်ကို စိတ်ပူရန်မလိုပေ။
သူတို့အုပ်စုက အင်အားကြီးမားလေရာ တောင်တန်းထဲ၌ နေရာပြောင်းရွှေ့ရာတွင် မည်သည့်အတားအဆီးနှင့်မှ မတွေ့ဆုံသင့်ပေ။ သူတို့က နံနက်ခင်းတွင် ချိုင့်ဝှမ်းထဲမှ စတင်ထွက်ခွာကြသည်။ ခရီးတစ်လျှောက်တွင် ဗိုက်ဖြည့်နိုင်ရန် သားကောင်တချို့ကိုလည်း အမဲလိုက်ကြသည်။ သူတို့က မရပ်မနား ခရီးဆက်ကြသည်။ ညနေစောင်းသို့ ရောက်သွားသည့်အခါ သီရှီထျန်နှင့် တခြားလူများသည် ကျားရဲတောင်တန်းဒေသ၏ ပိုင်နက်ထဲမှ ထွက်ခွာပြီးသွားကြသည်။
သီရှီထျန်တို့အုပ်စု ထွက်သွားပြီးနောက် ကျားရဲတောင်တန်းဒေသ၏ အပြင်ဘက်တွင် တောက်ပသော အလင်းတန်းများက ကောင်းကင်ယံမှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားကြသည်။ အကယ်၍ မသေမျိုးကျင့်ကြံသူများသာ တောင်တန်းဒေသထဲမှာ ရှိနေမည်ဆိုလျှင် ယင်းတို့က မသေမျိုးကျင့်ကြံသူများ လေပေါ်မှာ ပျံသန်းရန် စီးနင်းကြသော ဓမ္မရတနာများဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ အရေအတွက်များပြားသော မသေမျိုးကျင့်ကြံသူများသည် အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာကြပြီး ကျားရဲတောင်တန်းဒေသ၏ ဦးတည်ရာဆီသို့ တူညီစွာ ပျံသန်းသွားနေကြသည်။
မြေပြင်ပေါ်တွင်လည်း အရေအတွက်များပြားသော မသေမျိုးကျင့်ကြံသူများက နတ်ဘုရားခရီးသွားမှော်အဆောင်များနှင့် လေဟုန်စီးမှော်အဆောင်များကို အသုံးပြု၍ ကျားရဲတောင်တန်းဒေသဆီသို့ ပြေးသွားနေကြသည်။
လမ်းခရီးတွင် ရင်းနှီးကျွမ်းဝင်သော မသေမျိုးကျင့်ကြံသူနှစ်ယောက်သည် အမှတ်မထင် တွေ့ဆုံသွားပြီးနောက် အတူတကွ လက်တွဲလိုက်ကြသည်။ သူတို့က မြန်ဆန်စွာ ရွေ့လျားနေကြရင်း စကားပြောကြသည်။
“ အကိုရှု… မနေ့ညက လျှပ်စီးနဲ့ မိုးကြိုးတွေ ကျားရဲတောင်တန်းဒေသထဲမှာ ထွက်ပေါ်လာခဲ့တယ်… တစ်ယောက်ယောက် ပြောတာက ကောင်းကင်ဘုံကပ်ဘေးဒုက္ခက တောင်တန်းထဲမှာ ထွက်ပေါ်လာတာတဲ့… အခု အနီးနားက မသေမျိုးကျင့်ကြံသူတွေအားလုံးက ကျားရဲတောင်တန်းဒေသဆီ အပြေးအလွှား သွားနေကြပြီ… တောင်တန်းထဲမှာ တစ်ယောက်ယောက် ကပ်ဘေးဒုက္ခ ကျော်လွှားနေတာ ဖြစ်နိုင်မလား ဒါမှမဟုတ် ရှားပါးရတနာတစ်ခု ပေါ်ထွက်လာတာလား ”
သိမ်မွေ့နူးညံ့သော အသံက ထွက်ပေါ်လာသည်။
အနီးနားဝန်းကျင်မှ လူများသည် အသံထွက်ပေါ်ရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ အသံပိုင်ရှင်က ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်ဖြစ်ကြောင်း မြင်သွားကြသည်။ ထိုမိန်းမပျိုလေး၏ ကိုယ်ဟန်အမူအရာက ပျော့ပျောင်းပြီး သိမ်မွေ့ညင်သာသည်။ ယင်းက သူ့ကို သဘာဝအလျောက် ချစ်စဖွယ်ကောင်းစေသည်။ သူ့ကို မြင်လိုက်ရသော လူများ၏ နှလုံးသားထဲမှာ အလိုအလျောက် ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာလိမ့်မည်။ သူက တခြားလူများ၏ ကာကွယ်ပေးခြင်းခံရရန် မွေးဖွားလာဟန် ရ၏။
“ မမှားနိုင်ဘူး… တစ်ယောက်ယောက် ကပ်ဘေးဒုက္ခ ကျော်လွှားနေတာ ဖြစ်နိုင်ခြေအရမ်းနည်းတယ်… မသေမျိုးကျင့်ကြံခြင်းလောကမှာ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ကျော်လွှားနိုင်တဲ့ လူအများစုက ကျင့်ကြံခြင်းဂိုဏ်းတွေရဲ့ ဘိုးဘေးတွေပဲ… သူတို့က ကပ်ဘေးဒုက္ခ ကျော်လွှားမယ်ဆိုရင် ဒီလိုချောင်ကျတဲ့နေရာမျိုးကို ရွေးချယ်ပါ့မလား… အဲ့ဒီတော့ ရှားပါးရတနာတစ်ခု သေမျိုးလောကထဲမှာ မွေးဖွားလာတာက ပိုပြီးဖြစ်နိုင်ခြေများတယ်… ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ထွက်ပေါ်လာတုန်းက အဲ့ဒါကို မိုင်တစ်ထောင်အဝေးကနေတောင် ငါတို့အာရုံခံစားနိုင်ကြတယ် ”
ရှုအမည်ရသော မသေမျိုးကျင့်ကြံသူက ဝမ်းသာပျော်ရွှင်စွာ ပြန်ဖြေသည်။
“ ဂိုဏ်းတူညီမဟုန်… ဒီတစ်ကြိမ် မသေမျိုးကျင့်ကြံသူအများအပြားက တောင်တန်းဒေသထဲ ဝင်ရောက်လာကြလိမ့်မယ်… ရှားပါးရတနာတွေအတွက်တော့ ငါတို့မှာ မျှော်လင့်ချက်မရှိဘူး… တကယ်လို့ ရှားပါးရတနာကို ရှာတွေ့မယ်ဆိုရင်တောင် ချီသန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတဲ့ ငါတို့လို တပည့်တွေက အဲ့ဒါကို အရယူနိုင်မှာ မဟုတ်ဘူး… ငါတို့က ကျင့်ကြံသူတွေအများကြီး စုဝေးရောက်လာကြပြီး ဈေးကွက်ဖွင့်လှစ်တာကိုပဲ စောင့်ရလိမ့်မယ်… အဲ့ဒီမှာ ငါတို့အတွက် သင့်တော်မယ့် တစ်စုံတစ်ခုရှိနိုင်မလား ရှာဖွေကြမယ် ”
ရှုအမည်ရသော မသေမျိုးကျင့်ကြံသူက ပြောသည်။ သူက သူ၏ လုပ်နိုင်စွမ်းအကန့်အသတ်ကို ကောင်းမွန်စွာ သိရှိထားဟန် ရ၏။ အကယ်၍ ကျားရဲတောင်တန်းဒေသထဲမှာ ရှားပါးရတနာများရှိသည်ဆိုလျှင်ပင် အဆင့်နိမ့် ကျင့်ကြံသူများဖြစ်သော သူတို့က ယင်းတို့ကို ရယူနိုင်ကြလိမ့်မည် မဟုတ်ပေ။ အခြေအနေမကြည့်တတ်လျှင် သူတို့က ကိုယ့်သေတွင်းကိုယ်တူးမိကြလိမ့်မည်။ ရတနာရှာမတွေ့ခင်မှာတင် သူတို့က အသက်ဆုံးရှုံးသွားနိုင်သည်။
သူတကယ် လိုချင်သည်မှာ မသေမျိုးကျင့်ကြံသူများ၏ ဈေးကွက်ဖြစ်သည်။
ဈေးကွက်မှာ အဘယ်နည်း။
ရိုးရှင်းစွာ ပြောရလျှင် ယင်းက မသေမျိုးကျင့်ကြံသူများက ပစ္စည်းရောင်းဝယ်ခြင်း သို့မဟုတ် ပစ္စည်းလဲလှယ်ခြင်း ပြုလုပ်နိုင်သောနေရာ ဖြစ်သည်။ ယင်းက သေမျိုးလောက၏ ဈေးနှင့် အတူတူပင်။ သို့သော်လည်း ခြားနားမှုမှာ ဤဈေးကွက်တွင် မသေမျိုးကျင့်ကြံသူများသာ အသုံးပြုနိုင်သော ပစ္စည်းများကို ဝယ်ယူရောင်းချကြသည်။ ဥပမာ ဓမ္မရတနာများ၊ မှော်အဆောင်များနှင့် ဝိညာဉ်သတ္ထုများ ဖြစ်ကြသည်။
ဤတစ်ကြိမ် ကျားရဲတောင်တန်းဒေသ၏ မူမမှန်သော အပြောင်းအလဲက မသေမျိုးကျင့်ကြံသူအများအပြား၏ စိတ်အာရုံကို သေချာပေါက် ဆွဲဆောင်သွားလိမ့်မည်။ တောအုပ်ထဲတွင် မသေမျိုးကျင့်ကြံသူအများအပြား စုဝေးသွားကြသည့်အခါ ဤနေရာတွင် ဈေးကွက်ဖွင့်လှစ်သွားရန် ရာခိုင်နှုန်းများလိမ့်မည်။ ထို့နောက် သူတို့က ကုန်ပစ္စည်းများကို စတင်ရောင်းဝယ်ကြလိမ့်မည်။
မည်သို့ဖြစ်ပါစေ မသေမျိုးကျင့်ကြံသူများသည် များသောအားဖြင့် တံခါးပိတ်ကျင့်ကြံနေသူများ ဖြစ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဆုံစည်းတွေ့ဆုံရန် သူတို့အတွက် အလွန်ခက်ခဲပေသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ဈေးကွက်ဖွင့်လှစ်ရန် ကိုးဆယ်ရာခိုင်နှုန်း သေချာသလောက်ရှိသည်။
ထို့ကြောင့် ဤတစ်ကြိမ် သူတို့ရောက်လာခြင်းက ရတနာရှာဖွေရန် မဟုတ်ပေ။ ယင်းအစား သူတို့က ဈေးကွက်ထဲမှာ အသုံးဝင်သော ပစ္စည်းတစ်စုံတစ်ရာ တွေ့လို့တွေ့ငြား ရောက်လာကြခြင်းပင်။
မနေ့ညက ကျားရဲတောင်တန်းဒေသထဲမှာ ဖြစ်ပေါ်ခဲ့သော ကောင်းကင်ဘုံကပ်ဘေးဒုက္ခက အလွန်သန်မာသည်။ ကပ်ဘေးဒုက္ခက အလွန်အားကောင်းလေရာ ယင်းကို မိုင်ထောင်ချီအဝေးမှပင် လှမ်းမြင်နိုင်ကြသည်။ သို့ဖြစ်၍ ကျားရဲတောင်တန်းဒေသက ဤအခိုက်အတန့်မှာ မသေမျိုးကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
ထို့ကြောင့် နောက်တစ်နေ့ နံနက်ခင်းတွင် အရေအတွက်များပြားသော မသေမျိုးကျင့်ကြံသူများက ကျားရဲတောင်တန်းဒေသဆီသို့ အပြေးအလွှား ရောက်လာကြသည်။
သူတို့ထဲတွင် ပိုပြီးထူးခြားသော အုပ်စုနှစ်စု ရှိသည်။ ယင်းတို့ထဲမှ အုပ်စုတစ်စုကို ကြီးကျယ်မြင့်မြတ်ပုံပေါ်သော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အရှေ့မှ ဦးဆောင်နေသည်။ ထိုအမျိုးသား၏ အနောက်မှာ အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာကြည့်မည်ဆိုလျှင် ထိုကျင့်ကြံသူနှစ်ယောက်က သီရှီထျန်၏ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကြောင့် ကြောက်လန့်တုန်ယင်စွာ ထွက်ပြေးသွားခဲ့ကြသော လီမိသားစုမှ ကျင့်ကြံသူများဖြစ်ကြောင်း မြင်ရလိမ့်မည်။
နှစ်ခါစဉ်းစားရန် မလိုပေ။ သူတို့အုပ်စုသည် လီမိသားစု ဖြစ်သည်။ လီမိသားစုသည် မသေမျိုးကျင့်ကြံခြင်းမိသားစုတစ်ခု ဖြစ်သည်။
လီမိသားစု၏ သခင်လေးက ကျားရဲတောင်တန်းဒေသထဲမှာ အသက်ဆုံးရှုံးသွားခဲ့ပြီး အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်သည်လည်း သူတို့၏ ဓမ္မလက်နက်များကို ဆုံးရှုံးသွားခဲ့ကြသည်။ အရေးကြီးဆုံးမှာ လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင်က တောင်တန်းထဲမှာ ပျောက်ဆုံးသွားခဲ့သည်။ ဤတစ်ကြိမ် ဆုံးရှုံးမှုက လီမိသားစုအတွက် အတော်လေး ကြီးမားသည်။ သို့ဖြစ်လေရာ သူတို့က ဤကိစ္စကို မည်သို့ကြောင့် လက်လွှတ်ပေးမည်နည်း။
ထို့ပြင် မနေ့ညတွင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ကျားရဲတောင်တန်းဒေသထဲမှာ ထွက်ပေါ်လာခဲ့သည်။ ယင်းက လီမိသားစုထဲမှ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ဘိုးဘေးကိုပင် လှုံ့ဆော်လိုက်သည်။ ထို့ကြောင့် သူတို့က ကျားရဲတောင်တန်းဒေသဆီသို့ ကိန်းကြီးခန်းကြီး ရောက်လာကြခြင်းပင်။
အခြားအုပ်စုကိုတော့ မထူးမခြားနား အမူအရာရှိသော အဖိုးအိုတစ်ယောက်က ဦးဆောင်နေသည်။ အဖိုးအိုသည် ဘေးတွင် မိန်းကလေးတစ်ယောက်ကို ခေါ်၍ တောင်တန်းထဲသို့ ဝင်ရောက်သွားသည်။ ထိုမိန်းကလေးသည် ကျားနက်ကို စွဲစွဲလန်းလန်း လိုချင်နေသော မင်းသမီးချူယွမ်မှလွဲ၍ တခြားလူမဟုတ်ပေ။
ယခင်တစ်ခေါက်တွင် သူက ထပ်မံ လွတ်မြောက်သွားခဲ့သော်လည်း ချင်းဟိုင်က သီရှီထျန်၏ လက်ထဲမှာ သေဆုံးသွားခဲ့သည်။ ယင်းက သူ၏ အင်အားနှင့် လုပ်နိုင်စွမ်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်သွားစေသည်။ ထိုကျားနက်ကို သူဘာမှမလုပ်နိုင်ပေ။ ထို့ကြောင့် သူက နန်းမြို့တော်ဆီသို့ ပြန်သွားပြီး အကူအညီသွားတောင်းကာ ပြန်ရောက်လာခဲ့သည်။
“ တတိယဖိုးဖိုး… အဲ့ဒီကျားနက်ကို ဖမ်းမိတဲ့အခါ ယွမ်အာကို လက်ဆောင်ပေးမယ်လို့ ဖိုးဖိုးကတိပေးထားတယ်နော် ”
မင်းသမီးချူယွမ်သည် အဖိုးအိုနှင့်အတူ အစိမ်းရောင်ကောဇောပျံပေါ်မှာ ထိုင်နေသည်။ ကောဇောပျံသည် လေထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ ကောဇောပျံသည် မြန်ဆန်ရုံသာမက အတော်လေး တည်ငြိမ်သည်။ ယင်းပေါ်မှာ ထိုင်ရုံတင်မဟုတ်ဘဲ မတ်တတ်ရပ်ခြင်းနှင့် လဲလျောင်းခြင်းကိုလည်း အေးအေးဆေးဆေး ပြုလုပ်နိုင်ပေသည်။
မင်းသမီးချူယွမ်သည် အဖိုးအို၏ လက်မောင်းကို ကလေးလေးတစ်ယောက်နှယ် ဖက်ထားပြီး ချွဲနွဲ့ကာ ပြောသည်။
အဖိုးအို၏ တည်ငြိမ်သော မျက်နှာပေါ်မှာ ချစ်ခင်ကြင်နာသော အမူအရာ ထွက်ပေါ်လာသည်။ သူက မင်းသမီး၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောသည်။
“ ယွမ်အာ… မင်း တစ်ခေါက်အပြင်ထွက်တာနဲ့ ပြဿနာကြီးကို ရှာဖွေခဲ့တာပဲ… ချင်းမိသားစုက ဟိုကောင်လေးတောင် သေသွားခဲ့တယ်… မင်းရဲ့ မယ်တော် အသနားခံတောင်းပန်လို့ပေါ့… မဟုတ်ရင် မင်းကို လျန်ယွင်ဂိုဏ်းဆီ မပို့ခင်အထိ နန်းတော်ထဲမှာ ငါချုပ်ထားပစ်မှာ ”
“ ဟီး ဟီး… တတိယဖိုးဖိုးက ယွမ်အာကို အချစ်ဆုံးဆိုတာ သမီးသိပါတယ်… ဖိုးဖိုးက အဲ့လိုလုပ်မှာ မဟုတ်ပါဘူး ”
မင်းသမီးချူယွမ်သည် အဖိုးအိုကို မကြောက်ပေ။ သူက ပြုံးလိုက်သည်။
“ မင်းက အတော်ဆိုးတဲ့ ကောင်မလေးပဲ… ဒီတစ်ခေါက် ငါအပြင်ထွက်လာတာ မင်းပြောတဲ့ အဲ့ဒီကျားနက်က တကယ်ပဲ ထူးခြားသလားဆိုတာ ကိုယ်တိုင်မြင်ချင်လို့ပဲ… ဟား ဟား… အဲ့ဒီကောင်ကို ဖမ်းမိတဲ့အခါကျရင် ဖိုးဖိုးက သုံးလေးရက်လောက် အဲ့ဒီကောင်နဲ့ ဆော့ကစားလိုက်ဦးမယ်… ပြီးကျမှ အဲ့ဒီကောင်ကို မင်းရဲ့ ဝိညာဉ်သားရဲဖြစ်လာအောင် လုပ်ပေးမယ် ”
အဖိုးအို၏ မျက်နှာပေါ်မှာ ပျော်ရွှင်သော အမူအရာ ထွက်ပေါ်လာသည်။ သူ့နာမည်က ချူကွမ်း ဖြစ်သည်။ သူ့မျိုးဆက်တွင် သူက တတိယမြောက်သား ဖြစ်သည်။ သူ့မှာ အပျော်အပါးမက်သော အကျင့်စရိုက်ရှိသည်။
ဤတစ်ကြိမ်တွင် မင်းသမီးချူယွမ်က နန်းတော်သို့ အလောတကြီး ပြန်ရောက်လာခဲ့သည်။ သူနှင့်အတူ လိုက်သွားခဲ့သော ချင်းဟိုင်သည်ပင် ကျားရဲတောင်တန်းဒေသထဲမှာ သေဆုံးသွားခဲ့သည်။ ထိုကိစ္စကို သေးသည်ဟုမဆိုနိုင်သကဲ့သို့ ကြီးသည်ဟုလည်း မပြောနိုင်ပေ။ ပိုပြီးအရေးကြီးသည်မှာ ချူယွမ်နှင့် တခြားလူများ၏ ဖော်ပြမှုအရ ကျားနက်သည် တော်ဝင်ချူမိသားစု၏ အာရုံကို ဆွဲဆောင်သွားသည်။ မိစ္ဆာသားရဲအဆင့်သို့ မရောက်ရှိသေးသော ဝိညာဉ်သားရဲတစ်ကောင်က အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်။
ကျားဟိန်းသံမှ ထွက်ပေါ်လာသော အသံလှိုင်းတိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းသည်။ ထို့ကြောင့် ထိုကျားနက်က သန္ဓေပြောင်းသားရဲဖြစ်ရမည်ဟု တချို့က ခန့်မှန်းလိုက်ကြသည်။ သို့မဟုတ်လျှင် မိစ္ဆာမဖြစ်သေးသော ကျားတစ်ကောင်က မည်သို့ကြောင့် ထိုမျှသန်စွမ်းမည်နည်း။
ထို့ကြောင့် နန်းတော်ထဲမှာ တိုင်ပင်ဆွေးနွေးပြီးလျှင် သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ချူကွမ်းကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ချူကွမ်းသည် မင်းသမီးချူယွမ်ကို ခေါ်ဆောင်လျက် ကျားရဲတောင်တန်းဒေသဆီသို့ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာ သူက ကျားနက်ကို ဖမ်းဆီးပြီး နန်းတော်ဆီသို့ ခေါ်ဆောင်သွားချင်သည်။
တိရိစ္ဆာန်များ၊ ငှက်များဆီတွင် အလွန်ထူးခြားသော အခြေအနေတစ်ခု ရှိသည်။ ယင်းက သန္ဓေပြောင်းလဲခြင်းပင်။ သန္ဓေပြောင်းလဲခြင်း၏ အခြေခံက သွေးမျိုးဆက်ဖြစ်သည်။
ဥပမာ ဇာမဏီတစ်ကောင်နှင့် လင်းယုန်တစ်ကောင်က အတူပေါင်းသင်းခဲ့သော် သူတို့၏ ကလေးများဆီမှာ ဇာမဏီသွေးမျိုးဆက်နှင့် လင်းယုန်သွေးမျိုးဆက် နှစ်ခုစလုံး ရှိသွားလိမ့်မည်။ အကယ်၍ မွေးလာသည့် ကလေးငယ်က လင်းယုန်တစ်ကောင်ဖြစ်လျှင်ပင် ကံကြမ္မာကောင်းတစ်ခု သို့မဟုတ် အထူးအခြေအနေတချို့ဖြင့် တွေ့ကြုံသည့်အခါ ကလေးငယ်၏ ခန္ဓာကိုယ်ထဲ၌ မြှုပ်ကွယ်နေသော ဇာမဏီသွေးမျိုးဆက်က ရုတ်တရက် နိုးထလာလိမ့်မည်။ ရလဒ်အနေဖြင့် သူက သန္ဓေပြောင်းလဲသွားလိမ့်မည်။ သူက လင်းယုန်မှ ဇာမဏီသို့ ပြောင်းလဲသွားနိုင်၏။ သို့မဟုတ် ပိုပြီးထူးခြားသော ငှက်မျိုးစိတ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားနိုင်၏။
ထိုသို့အခြေအနေကို သန္ဓေပြောင်းလဲခြင်းဟု ခေါ်သည်။
ထိုသို့အခြေအနေကို သာမန်တိရိစ္ဆာန်များနှင့် ငှက်များထံတွင်သာ မြင်တွေ့ရခြင်း မဟုတ်ပေ။ ဝိညာဉ်သားရဲများထံတွင်လည်း မြင်တွေ့ရသည်။ သူတို့သည် မွေးဖွားလာကတည်းက ဝိညာဉ်အသိဉာဏ်ရှိသော သက်ရှိများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သန္ဓေပြောင်းသားရဲများသည် တခြားသားရဲများထက် အများကြီး ပိုသန်စွမ်းကြသည်။ ပါရမီတွင်လည်း တခြားမျိုးစိတ်များသည် သူတို့ကို လိုက်မမီနိုင်ကြပေ။