အခန်း (၅၅)
Vol. 4 Ch. 55
အခန်း(၅၅)
ဤတစ်ကြိမ်တွင် ချူယွမ်၏ ပုံပြင်ကို ကြားပြီးနောက် ချူတော်ဝင်မိသားစုသည် ရဲတင်းသော ခန့်မှန်းမှုတစ်ခုကို ချက်ချင်း ပြုလုပ်ခဲ့ကြသည်။ ထိုကျားနက်သည် သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်ရမည်။ ထို့ကြောင့် ကျားနက်က ထိုမျှသန်မာနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ကျားနက်ကို ဖမ်းဆီးနိုင်ပြီး သူ့ကို ယဉ်ပါးအောင် ထိန်းကျောင်းနိုင်မည်ဆိုလျှင် အနာဂတ်မှာ သူက ချူတော်ဝင်မိသားစုအတွက် အစောင့်အရှောက်ဝိညာဉ်သားရဲ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ချူတော်ဝင်မိသားစုက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ဤနေရာဆီသို့ စေလွှတ်လိုက်ခြင်းပင်။
လမ်းခရီးတစ်လျှောက်တွင် သူတို့က ကျားရဲတောင်တန်းဒေသဆီသို့ အပြေးအလွှား သွားနေကြသော မသေမျိုးကျင့်ကြံသူများဖြင့် တွေ့ဆုံသွားကြသည်။ တချို့က တောင်တန်းဒေသထဲမှာ ဖွင့်လှစ်မည့် ဈေးကွက်ကြောင့် ရောက်လာကြခြင်းဖြစ်ပြီး တချို့က တောအုပ်ထဲမှာ ရတနာရှာဖွေရန် ရောက်လာကြခြင်း ဖြစ်သည်။ မည်သို့ဖြစ်ပါစေ လက်ရှိအချိန်တွင် ယခင်က မထင်မရှားရှိနေခဲ့သော ကျားရဲတောင်တန်းဒေသသည် အနီးနားတစ်ဝိုက်တွင် ထင်ပေါ်ကျော်ကြားသွားသည်။ ယခုအချိန်တွင် ကျားရဲတောင်တန်းဒေသထဲမှာ လူဆိုးလူကောင်း ရောထွေးနေသည်။ မည်သို့ဖြစ်ပါစေ တောင်တန်းဒေသသည် မူလက ပျင်းရိခြောက်ကပ်နေရာမှ ယခု အလွန်သက်ဝင်လှုပ်ရှားသွားသည်။
သို့သော်လည်း သူတို့က ရတနာများကို လိုက်လံရှာဖွေနေပါစေ သို့မဟုတ် ကျားနက်ကို လိုက်လံရှာဖွေနေပါစေ နောက်ဆုံးမှာ အချည်းနှီးဖြစ်သွားသည်။ သူတို့က မည်သည့်အရာမှ ရှာမတွေ့ကြပေ။
သူတို့ရှာဖွေနေသော ကျားနက်သည် နံနက်စောစောကတည်းက သားရဲမျိုးနွယ်စုလေးခုကို ဦးဆောင်လျက် ကျားရဲတောင်တန်းဒေသထဲမှ ထွက်ခွာသွားပြီး တောင်ပိုင်းအရပ်ဆီသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ထိုလူများ မည်သို့သိနိုင်မည်နည်း။
ခရီးတစ်လျှောက်တွင် တောင်တန်းများနှင့် တောအုပ်များ မရှားပေ။ မျောက်များသည် တောအုပ်ထဲသို့ ဝင်ရောက်သွားကြပြီး သစ်သီးအမျိုးမျိုးကို ခူးဆွတ်နိုင်ကြသည်။ ထို့ပြင် သူတို့သည် မျောက်ချိုင့်ဝှမ်းထဲမှ မထွက်လာမီ သစ်သီးအများကြီးကို တစ်ခါတည်း ယူဆောင်လာခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အစားအစာအတွက် စိတ်မပူကြပေ။ ဝေဟင်ပေါ်တွင် လင်းတများက အလွန်လျှင်မြန်ကြသည်။ အစာရှာဖွေခြင်းက သူတို့အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။
မြွေများသည်တော့ သူတို့က ရေညှိကို စားသုံးနိုင်ကြသည်။ ထို့ပြင် မြေကြီးထဲမှ အင်းဆက်ပိုးကောင်များသည်လည်း သူတို့၏ အစာများ ဖြစ်ကြသည်။
တောင်ပိုင်းကုန်းမြေသည် စွန့်ပစ်နယ်မြေတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုနေရာမှာ လူသားများ နေထိုင်ကြလေ့မရှိပေ။ သို့သော်လည်း ထိုနေရာမှာ တောင်တန်းများနှင့် တောအုပ်များ မရှားပါးပေ။ မည်သည့်ငှက်မျိုးစိတ်ကိုမဆို သို့မဟုတ် သားရဲတိရိစ္ဆာန်ကိုမဆို ထိုနေရာမှာ မြင်တွေ့နိုင်ပေသည်။
ဝံပုလွေများသည် အနားယူရန် ရပ်တန့်သည့်အခါတိုင်း တစ်ဝက်ခွဲထွက်သွား၍ သားကောင်ကို အမဲလိုက်ဖမ်းကြလိမ့်မည်။ ထို့ကြောင့် နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်တွင် အစားအစာက သူတို့အတွက် ပြဿနာမဟုတ်ပေ။
ခရီးတစ်လျှောက်တွင် သူတို့ကို ဝေဟင်ပေါ်မှ စောင့်ကြပ်ပေးနေမည့် လင်းတအုပ်စုရှိသည်။ လင်းတအုပ်စုက တောင်တန်းတစ်ခုကို ဖြတ်ကျော်သွားသည့်အခါ သူတို့သည်လည်း တောင်တန်းကို ဖြတ်ကျော်သွားကြလိမ့်မည်။ လင်းတအုပ်စုက မြစ်ကို ဖြတ်သန်းသွားသည့်အခါ သူတို့သည်လည်း မြစ်ကို ဖြစ်သန်းသွားကြလိမ့်မည်။ သူတို့က တောင်ပိုင်းမြေရိုင်းဒေသဆီသို့ တန်းမတ်စွာ ဦးတည်သွားနေကြသည်။
သူတို့အုပ်စု နေရာပြောင်းရွှေ့နေစဉ် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နံနက်တွင် နေထွက်ပေါ်လာပြီး ညအချိန်တွင် လထွက်ပေါ်လာသည်။ နေ့နှင့်ညက တစ်လှည့်စီ ကူးပြောင်းသွားနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကုန်လွန်သွားသည်။
ထိုသုံးရက်အတွင်းမှာ သီရှီထျန်သည် လမ်းလျှောက်နေရင်း “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် ကျင့်ကြံကာ သူ၏ ခန္ဓာကိုယ်ထဲမှ ဒဏ်ရာများကို ပြန်လည်ကုသနေသည်။ နေ့စဉ်နေ့တိုင်း သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များနှင့် ကိုယ်တွင်းအင်္ဂါများက ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာသည်။ ထို့ပြင် သူက ညဘက်အချိန်၌ အနားယူသည့်အခါတိုင်း မျောက်မင်းဝိုင်ကို ထုတ်၍ တစ်ကျိုက်မော့သောက်လိမ့်မည်။ မျောက်မင်းဝိုင်ကို သောက်သုံးပြီး ကျင့်ကြံခြင်းက ပိုပြီးအကျိုးကျေးဇူးများသည်။ ယင်းက သူ့အား မျောက်မင်းဝိုင်၏ နောက်ထပ် ထူးခြားချက်တစ်ခုကို ရှာတွေ့သွားစေသည်။
မျောက်မင်းဝိုင်သည် ခန္ဓာကိုယ်တစ်ခုလုံးနှင့် မရီဒျန်များကို နွေးထွေးစေပြီး အာဟာရဖြည့်ပေးနိုင်ရုံသာမက ဒဏ်ရာကုသခြင်းတွင်လည်း သိသာသော အကျိုးသက်ရောက်မှု ရှိသည်။
ထို့ကြောင့် သုံးရက်ကြာပြီးနောက် သူ၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားသည်။ ယခု သူက ခွန်အား(၈၀)ရာခိုင်နှုန်းကို ပြန်လည်ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ သီရှီထျန်၏ ခန့်မှန်းချက်အရ အကယ်၍ ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် နောက်သုံးရက်ကြာပြီးနောက် သူ၏ ဒဏ်ရာအားလုံးက အပြည့်အဝ သက်သာပျောက်ကင်းသွားလိမ့်မည်။
… … …
ရှေးဟောင်းသစ်ပင်ကြီးများသည် ကောင်းကင်ပေါ်မှ တိမ်တိုက်များနှင့် ထိစပ်လုနီးပါး မြင့်မားကြသည်။ နံနက်ခင်းနှင်းစက်များသည် ပန်းပွင့်များပေါ်မှာ ကြည်လင်တောက်ပစွာ တွဲခိုနေကြသည်။ နံနက်ခင်း၏ နေရောင်ခြည်သည် သစ်ပင်အကိုင်းအခတ်များနှင့် သစ်ရွက်များကို ဖြတ်သန်းသွားသည်။ နေရောင်ခြည်ဖြာဆင်းကျလာသည့်အခါ ညှိုးမှိုင်နေဟန်ရသော တောင်တန်းဒေသက အသက်ဓာတ်ကို ပြန်လည်ရရှိသွားသည်။
နံနက်စောစောအချိန်တွင် မူလက တိတ်ဆိတ်နေသော တောအုပ်ကို နှောင့်ယှက်မည့် ကျယ်လောင်သော ခြေလှမ်းသံများ မရပ်မစဲ ထွက်ပေါ်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူတို့က ထူးဆန်းအံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မျက်မြင်တွေ့ရလိမ့်မည်။
အရေအတွက်ထောင်ချီသော ဝံပုလွေများသည် အရှေ့မှ လမ်းဖောက်ပေးနေကြသည်။ ဝံပုလွေအမများသည် သူတို့၏ ကလေးငယ်များနှင့်အတူ အနောက်မှ လိုက်လာကြသည်။ အလယ်တွင် မျောက်အုပ်စုက တိတ်တဆိတ် ခုန်ပေါက်ရွေ့လျားနေကြသည်။
သူတို့၏ အနောက်တွင် အရေအတွက် အကန့်အသတ်မဲ့သော ဧရာမမြွေအုပ်စု ရှိသည်။ သူတို့အားလုံးက အဆိပ်ရှိမြွေအမျိုးအစားများ ဖြစ်ကြသည်။ မည်သူမဆို ထိုအုပ်စုကို မြင်လိုက်ရသည့်အခါ ဦးရေပြားစပ်ဖျင်းဖျင်း ခံစားသွားမိလိမ့်မည်။ ထိုမျှသာ မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်သို့ ခေါင်းမော့ပြီး သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် လင်းတထောင်ချီက ဝေဟင်ပေါ်မှာ လှည့်ပတ်ပျံသန်းနေကြကြောင်း မြင်တွေ့ရလိမ့်မည်။ လင်းတများ၏ အော်မြည်သံများကိုပင် ရှင်းလင်းပီသစွာ ကြားနိုင်၏။
လင်းတမျိုးနွယ်စုနှင့် မြွေမျိုးနွယ်စုသည် သဘာဝရန်သူများ ဖြစ်ကြပြီး သူတို့တွေ့ဆုံသည့်အခါတိုင်း အသေအကြေ တိုက်ခိုက်ကြသည်။ သို့သော်လည်း ဤနေရာမှာ သူတို့က ထူးခြားဆန်းကြယ်စွာ ပြုမူနေကြသည်။ သူတို့ဆီမှာ တိုက်ခိုက်မည့်အရိပ်အယောင် မရှိပေ။ သူတို့အားလုံးက အရှေ့သို့ တိတ်ဆိတ်စွာ ရွေ့လျားသွားနေကြသည်။
ထိုတိရိစ္ဆာန်များသည် ရံဖန်ရံခါ အုပ်စု၏ အလယ်မှ အရွယ်အစား အလွန်ကြီးမားသော ကျားနက်ထံသို့ ကြည်ညိုလေးစားစွာ လှမ်းကြည့်ကြလေ့ရှိသည်။
“ ကျီး… ”
သူတို့က အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားနေကြစဉ် အလွန်ကျယ်လောင်သော အော်မြည်သံက ကောင်းကင်ပေါ်မှာ ပျံသန်းနေသော ဧရာမလင်းတထံမှ ထွက်ပေါ်လာသည်။ သီရှီထျန် ခေါင်းမော့လိုက်သည့်အခါ လင်းတဘုရင်က အောက်သို့ မြန်ဆန်စွာ ထိုးဆင်းလာနေကြောင်း သူမြင်သွားသည်။
လင်းတဘုရင်က မြေကြီးပေါ်မှာ ဆင်းသက်လိုက်သည်နှင့် ကြမ်းတမ်းသော လေပြင်းက ထွက်ပေါ်လာသည်။
“ အရှင်မင်းကြီး… အရှေ့မှာ တောင်တစ်လုံးရှိတာကို ဒီလက်အောက်ငယ်သား မြင်လိုက်ပါတယ်… အဲ့ဒီတောင်ပေါ်မှာ ထူးဆန်းတဲ့ မြူခိုးရှိပါတယ်… အဲ့ဒါက မြွေဖြူဘုရင်နေထိုင်တဲ့ တောင်ကြားပေါ်က မြူခိုးထုနဲ့ ဆင်တူပါတယ်… အဲ့ဒီတောင်က ကျုပ်တို့ဖြတ်ကျော်သွားရမယ့် နေရာဖြစ်ပါတယ် ”
လင်းတဘုရင်က အော်မြည်လိုက်ပြီး မမျှော်လင့်ထားသော သတင်းကို ပြောသည်။
“ မြွေဖြူဘုရင်နေထိုင်တဲ့ တောင်ကြားပေါ်က မြူခိုးထုနဲ့ ဆင်တူတယ်ဆိုတော့ အဲ့ဒါက အဆိပ်မြူခိုးများ ဖြစ်နေမလား ”
သီရှီထျန်က နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ နေရာပြောင်းရွှေ့ခြင်း မစတင်မီ ဤခရီးက အလွန်ရှည်လျားလေရာ ခရီးစဉ်က လုံးဝ ချောမွေ့လိမ့်မည် မဟုတ်ကြောင်း သူကြိုတွေးခဲ့သည်။ သူတို့၏ အရှေ့မှာ မမျှော်လင့်ထားသော အခက်အခဲများနှင့် အတားအဆီးများ ရှိလာနိုင်သည်။
အတိတ်တွင် ပိုင်စုစုနေထိုင်ခဲ့သော တောင်ကြားပေါ်မှာ မီးခိုးရောင်မြူခိုးထု ရှိသည်။ ယင်းက တောင်ကြားထဲမှာ စုဝေးနေထိုင်ကြသော အဆိပ်ရှိမြွေများထံမှ ထုတ်လွှတ်လိုက်သော အဆိပ်ငွေ့များ၏ ပေါင်းစည်းမှု ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သူတို့ထုတ်လွှတ်သော အဆိပ်ငွေ့များက ပမာဏ အလွန်များပြားလေရာ ယင်းတို့၏ ပေါင်းစည်းမှုက အဆိပ်မြူခိုးကို ဖြစ်ပေါ်စေသည်။
အခြားရှုထောင့်မှ တွေးကြည့်သော် အဆိပ်မြူခိုးရှိလျှင် ထိုနေရာမှာ အဆိပ်ရှိသားရဲများ သေချာပေါက် ရှိကြလိမ့်မည်။ ယင်းက အရေအတွက်အလွန်များပြားသော အဆိပ်ရှိသားရဲအုပ်စု သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော အဆိပ်သားရဲဘုရင်တစ်ပါး ဖြစ်ရမည်။
လင်းတဘုရင်ရှာတွေ့ခဲ့သော တောင်ပေါ်မှာ အဆိပ်မြူခိုး ရှိသည်။ သို့ဖြစ်၍ ထိုတောင်က သေချာပေါက် အန္တရာယ်ရှိလိမ့်မည်။
တစ်ခဏကြာ တွေးတောပြီးနောက် သူက ဘေးဘီသို့ ကြည့်လိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ အရေအတွက်သောင်းချီသော သားရဲတိရိစ္ဆာန်များ ရှိကြသည်။ အကယ်၍ ယင်းက အမှန်တကယ် အဆိပ်မြူခိုးဖြစ်လျှင် ယင်းကို ဖြေရှင်းနိုင်သော နည်းလမ်း သူ့ဆီမှာ ရှိသည်။ သို့သော်လည်း သူ့နောက်သို့ လိုက်လာကြသော သားရဲအများစုက သာမန်တိရိစ္ဆာန်များ ဖြစ်ကြသည်။ အကယ်၍ သူတို့က အဆိပ်မြူခိုးထဲသို့ မဆင်မခြင် ဝင်ရောက်သွားလျှင် သေချာပေါက် သေဆုံးသွားကြလိမ့်မည်။
အဆိပ်မြူခိုးသည် သူ့အတွက် ပြဿနာမဟုတ်ပေ။ သူက ကျားဟိန်းသံအတတ်ဖြင့် အဆိပ်မြူခိုးကို အဝေးသို့ မှုတ်ထုတ်ပစ်နိုင်သည်။ သူ့ကို အခက်တွေ့စေသည်မှာ ထိုတောင်ပေါ်မှာ နေထိုင်ကြသော အဆိပ်သားရဲများဖြစ်သည်။
“ ယင်းခုန်း… တောင်ကို ကွေ့ပတ်သွားလို့ရမယ့် တခြားလမ်းကြောင်းကို မင်းမြင်မိသေးလား ”
သီရှီထျန်သည် တစ်ခဏ တွေးတောပြီးနောက် လင်းတဘုရင်ကို ကြည့်လိုက်သည်။
“ ရှိပါတယ်… ဒါပေမဲ့ အဲ့ဒီလမ်းကြောင်းက နောက်ထပ်ငါးရက်ကြာအောင် ခရီးဆက်ရပါမယ်… ပြီးတော့ လမ်းလျှောက်သွားဖို့ မလွယ်ကူပါဘူး ”
လင်းတဘုရင်သည် ဝေဟင်ထက်မှာ ပျံသန်းနေစဉ် အရာအားလုံးကို မြင်ခဲ့သည်။ ထို့ကြောင့် သူက မြန်ဆန်စွာ ပြန်ဖြေလိုက်သည်။
ငါးရက်လား… ။
သီရှီထျန်က နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ ဤတစ်ကြိမ် နေရာပြောင်းရွှေ့ခြင်းက အလွန်ကြီးမားသည်။ သူ့မှာ တိရိစ္ဆာန်အများအပြားကို တစ်ခါတည်း နေရာပြောင်းရွှေ့ပေးနိုင်သော စွမ်းရည်မရှိပေ။ ဤနေရာမှ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ သွားရန် အချိန်တစ်လ ကြာမြင့်လိမ့်မည်။ ထိုတစ်လအတွင်းမှာ တိရိစ္ဆာန်တချို့က ပင်ပန်းမှုဒဏ်ကြောင့်ဖြစ်စေ သို့မဟုတ် ဖျားနာမှုကြောင့်ဖြစ်စေ သို့မဟုတ် မတော်တဆမှုများကြောင့်ဖြစ်စေ ပန်းတိုင်သို့ မရောက်မီ သေဆုံးသွားကြလိမ့်မည်။
သို့ဖြစ်၍ အချိန်ထပ်ကြန့်ကြာရန် မဖြစ်ပေ။
“ ယင်းခုန်း… မင်းအရှေ့ကနေ ဦးဆောင်သွားပါ… ငါတို့တွေ တောင်ကို တိုက်ရိုက် ဖြတ်ကျော်ကြမယ် ”
သီရှီထျန်သည် တစ်ခဏကြာ စဉ်းစားပြီးနောက် လမ်းကြောင်းမပြောင်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့က တောင်ကို တိုက်ရိုက် ဖြတ်ကျော်ကြလိမ့်မည်။ ယင်းက အများဆုံး နေ့တစ်ဝက်သာ ကြာမြင့်လိမ့်မည်။ အဆိုးဆုံးအခြေအနေဖြစ်လာလျှင် သူတို့က တောင်ပေါ်မှ အဆိပ်ရှိသားရဲများနှင့် အသေအကြေ တိုက်ခိုက်ကြမည်။
“ ကျီး ”
လင်းတဘုရင်သည် ကောင်းကင်ပေါ်သို့ မြန်ဆန်စွာ ပျံတတ်သွားပြီး အရှေ့မှ ဦးဆောင်လိုက်သည်။ ကုန်းမြေပေါ်တွင် အင်အားကြီးမားသော သားရဲအုပ်စုသည် အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
မကြာမီ တောအုပ်တစ်ခုထဲမှ ထွက်လာပြီးနောက် သူတို့အုပ်စု၏ အရှေ့မှာ မြင့်မားသော တောင်တစ်လုံးက ထွက်ပေါ်လာသည်။ တောင်သည် အလွန်မမြင့်မားပေ။ တောင်ထွတ်သည် မမတ်စောက်ပေ။ သို့သော် တခြားတောင်များနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပိုကျယ်ပြောသည်။ အကယ်၍ သူတို့က အရှေ့သို့ တန်းမတ်စွာ ဆက်လက် ခရီးဆက်မည်ဆိုလျှင် နေ့တစ်ဝက်တည်းဖြင့် ထိုတောင်ကို ဖြတ်ကျော်နိုင်ကြလိမ့်မည်။ တောင်ပေါ်တွင် သစ်ပင်အများကြီး ရှိသည်။ သို့သော် သစ်ပင်များသည် မမြင့်မားကြပေ။ တောင်ပေါ်မှ နေရာအများစုတွင် ထူးဆန်းသော မြူခိုးထု ရှိ၏။ နေရောင်အောက်မှာပင် မြူခိုးက ထူထဲစွာ ရှိနေသည်။ နေရောင်ခြည်သည် ထိုမြူခိုးထုကို မထိုးဖောက်နိုင်ပေ။
တောင်တစ်ခုလုံးကို ခြုံငုံသုံးသပ်ရလျှင် ယင်းက ထူးဆန်းသော ခံစားမှုကို ပေးသည်။
တိတ်ဆိတ်မှု… ။
တိတ်ဆိတ်မှုက သုသာန်တစပြင်ပမာ ကျောချမ်းဖွယ်ကောင်းသည်။
တခြားတောင်များနှင့် ကွဲပြားခြားနားသည်မှာ ထိုတောင်ပေါ်မှာ သစ်ပင်များ၊ စမ်းချောင်းများနှင့် မြက်ပင်များရှိသော်လည်း အလွန်တိတ်ဆိတ်နေသည်။ ဤသည်မှာ ထိုတောင်က စွန့်ပစ်ခံထားရသည့် သုသာန်အလားပင်။ မည်သည့်သက်ဝင်လှုပ်ရှားမှုမှ မရှိပေ။ ယင်းက တောင်ပေါ်သို့ ရောက်လာကြသော သက်ရှိများကို ဖိနှိပ်မှုအား အလိုအလျောက် ခံစားရစေသည်။ တစ်စုံတစ်ယောက်သည် အာရုံခံစားမှုသက်သက်ဖြင့်ပင် ထိုတောင်က မကောင်းမွန်ကြောင်း အလိုလို သိနိုင်လိမ့်မည်။
“ ယင်းခုန်း… ဒီတောင်က စောစောက မင်းပြောတဲ့ တောင်လား ”
သူ့နှလုံးသားထဲမှာ သေချာနေသော်လည်း သီရှီထျန်က မေးလိုက်ဆဲပင်။
“ ဟုတ်ပါတယ် အရှင်မင်းကြီး… ဒီတောင်ပါပဲ ”
လင်းတဘုရင်သည် ထိုတောင်ကို အလွန်ကြောက်ရွံ့နေဟန် ရ၏။