← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း(၅၆)

သူတို့၏ အရှေ့မှ တောင်ကို ဂရုတစိုက် ကြည့်လိုက်သည့်အခါ အဆိပ်ငွေ့က သူတို့ကို အရှေ့မသွားနိုင်ရန် လုံလောက်စွာ မပိတ်ဆို့ထားကြောင်း မြင်သွားကြသည်။ မည်သို့ဖြစ်ပါစေ အဆိပ်ငွေ့သည် တောင်တစ်ခုလုံးကို မဖုံးလွှမ်းထားပေ။ သို့ဖြစ်၍ သူတို့သာ အဆိပ်ငွေ့ကို ရှောင်ရှားသွားနိုင်မည်ဆိုလျှင် ဤတောင်ကို ဖြတ်ကျော်နိုင်လိမ့်မည်။ သူတို့ တကယ်သတိထားရမည်မှာ ထိုအဆိပ်ငွေ့များကို ဖန်တီးခဲ့သော အဆိပ်ရှိသတ္တဝါများ ဖြစ်သည်။

“ ပိုင်ယွဲ့… ယွမ်ထျန်း… စုစု… မင်းတို့သုံးယောက်က မင်းတို့မျိုးနွယ်စုကို ချက်ချင်း ခေါ်ယူစုဝေးပါ… သူတို့ကို အပြင်မပြန့်စေနဲ့… တောင်ပေါ် မတတ်ခင် အရင်စုဝေးကြပါ ”

သီရှီထျန်က သူ၏ လက်အောက်ငယ်သားများကို တည်ငြိမ်စွာ အမိန့်ပေးသည်။

“ ဟုတ်ကဲ့ပါ… အရှင်မင်းကြီး ”

သီရှီထျန်၏ အမိန့်ကို မည်သူမှ မငြင်းဆန်ကြပေ။ ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်နှစ်ပါးသည် သူတို့၏ မျိုးနွယ်စုကို ချက်ချင်း စုဝေးလိုက်ကြသည်။

“ ယင်းခုန်း… မင်းက မင်းရဲ့ လင်းတတွေကို ခေါ်ပြီး ကောင်းကင်ပေါ်ကနေ အမြဲစောင့်ကြည့်နေပါ… တကယ်လို့ တစ်ခုခုထူးခြားပြီဆိုရင် မင်းရဲ့ ဝေဟင်အားသာချက်ကို အသုံးပြုပြီး ရန်သူကို ချက်ချင်း တိုက်ခိုက်ပါ ”

သီရှီထျန်က ယင်းခုန်းကို ပြောသည်။ မျိုးနွယ်စုလေးခုထဲတွင် လင်းတမျိုးနွယ်က သက်တောင့်သက်သာအရှိဆုံး ဖြစ်သည်။ သူတို့က လေပေါ်မှာ မြန်ဆန်စွာ ပျံသန်းနိုင်ကြပြီး ဝေဟင်အားသာချက်ကို ပိုင်ဆိုင်ထားကြသည်။

“ ဟုတ်ကဲ့ပါ… အရှင်မင်းကြီး ”

ယင်းခုန်းသည် လင်းတအုပ်စုကို ခေါ်ဆောင်၍ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူက စက်ကရာနှင့် တခြားလူများ၏ အပေါ်မှာ ပျံဝဲနေလျက် မြေပြင်ပေါ်မှ အခြေအနေအားလုံးကို စူးရှသော မျက်လုံးတစ်စုံဖြင့် စောင့်ကြည့်နေသည်။

“ တောင်ထဲ ဝင်ကြမယ် ”

အမိန့်ပေးမှုနှင့်အတူ ကြီးကျယ်ခမ်းနားသော သားရဲအုပ်စုက တောင်ပေါ်သို့ စတင်ရွေ့လျားသွားကြသည်။

သီရှီထျန်မသိသည်မှာ ထိုတောင်ကို ကင်းခြေများတောင်ဟု ခေါ်ဆိုခြင်းပင်။

တောင်၏ နာမည်အတိုင်းပင် အရေအတွက်များပြားသော ကင်းခြေများများက ထိုတောင်ပေါ်မှာ နေထိုင်ကြသည်။ ထို့ပြင် ဤနေရာမှ ကင်းခြေများသည် ပုံမှန်ကင်းခြေများထက် ပိုပြီးအဆိပ်ပြင်းပြီး ရက်စက်ကြမ်းကြုတ်သည်။ တောင်ပေါ်မှ ကျေးငှက်များဖြစ်စေ သို့မဟုတ် သားရဲတိရိစ္ဆာန်များဖြစ်စေ သူတို့အားလုံးက ကင်းခြေများအုပ်စု၏ ဝါးမျိုစားသောက်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ဤတောင်က သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေခြင်းပင်။

အချိန်ကြာလာသည်နှင့်အမျှ အနီးနားဝန်းကျင်မှ ကျေးငှက်များနှင့် သားရဲတိရိစ္ဆာန်များသည် ထိုတောင်က မည်မျှအန္တရာယ်များကြောင်း နားလည်သွားကြပြီး နောက်ထပ် မလာဝံ့ကြတော့ချေ။ နောက်ဆုံးမှာ တောင်က အမှန်တကယ် ကင်းခြေများတောင်ဖြစ်လာသည်။

ကင်းခြေများသည် အလွန်အဆိပ်ပြင်းသည်။ သူတို့အသက်ရှူထုတ်လိုက်သည့်အခါတိုင်း အဆိပ်ငွေ့က တောင်ပေါ်မှာ အဆိပ်တိမ်တိုက်များသဖွယ် စုဝေးသွားကြသည်။ လက်ရှိအချိန်တွင် တောင်ပေါ်မှ အဆိပ်ငွေ့က သိပ်မများသေးပေ။ သို့သော် နောက်ထပ် ရာစုနှစ်တချို့ကြာပြီးသွားလျှင် အဆိပ်ငွေ့က တောင်တစ်ခုလုံးကို သေချာပေါက် ဖုံးလွှမ်းသွားလိမ့်မည်။

တောင်ထိပ်ပေါ်မှ ဧရာမလှိုဏ်ဂူထဲတွင် မီးခိုးရောင်အဆိပ်ငွေ့က အပြင်သို့ အဆက်မပြတ် ထွက်ပေါ်နေသည်။ တစ်စုံတစ်ယောက်က ထိုအဆိပ်ငွေ့ကို ဖောက်ထွင်းကြည့်နိုင်လျှင် လှိုဏ်ဂူထဲမှာ ဧရာမကင်းခြေများတစ်ကောင်ရှိနေကြောင်း မြင်ရလိမ့်မည်။ ထိုကင်းခြေများသည် အလွန်ကြောက်စရာကောင်းသည်။ သူက အနည်းဆုံး ဆယ်မီတာခန့် ရှည်လျားသည်။ သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းဆက်ထားသည်။ တစ်စုံတစ်ယောက်က ဂရုတစိုက် ရေတွက်ကြည့်လျှင် စုစုပေါင်း အစိတ်အပိုင်းတစ်ရာရှိကြောင်း သိနိုင်လိမ့်မည်။

ဧရာမကင်းခြေများသည် လှိုဏ်ဂူထဲမှာ တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုကင်းခြေများက အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း မည်သူမဆို ပြောနိုင်၏။ သူက အဆိပ်ပြင်းဆုံး တိရိစ္ဆာန်များအနက် တစ်ကောင်ဖြစ်သည်။

ဒဏ္ဍာရီများအရ ကင်းခြေများသည် တစ်နှစ်ကြာပြီးတိုင်း အစိတ်အပိုင်းတစ်ခု ထပ်တိုးသွားလိမ့်မည်။ သို့သော် ကင်းခြေများ၏ သက်တမ်းအရ အစိတ်အပိုင်း(၃၀)အထိ ကြီးထွားရန်သည်ပင် သူတို့အတွက် အလွန်ခက်ခဲသည်။ အကယ်၍ ကင်းခြေများတစ်ကောင်က အစိတ်အပိုင်း(၁၀၀)အထိ ကြီးထွားနိုင်လျှင် သူက အသိဉာဏ်ရှိသော ဝိညာဉ်သားရဲတစ်ကောင် သေချာပေါက် ဖြစ်ရမည်။

ထိုဧရာမကင်းခြေများက အစိတ်အပိုင်း(၁၀၀)အထိ ကြီးထွားနိုင်ခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ၌ သူတွေ့ကြုံခဲ့သော ကံကြမ္မာကောင်းတစ်ခုကြောင့် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်တွင် သူက တောင်ထဲမှာ ခရမ်းရောင်သစ်သီးတစ်လုံးကို ဝါးမျိုခဲ့ပြီး ဖြည်းဖြည်းချင်း ဝိညာဉ်အသိဉာဏ်ရှိသွားသည်။

ဧရာမကင်းခြေများသည် လှိုဏ်ဂူထဲမှာ လဲလျောင်းနေရင်း အပြင်သို့ ငေးကြည့်နေသည်။ သူက အတိတ်ကို ပြန်လည်အောက်မေ့နေဟန် ရ၏။ ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးနောက် သူက ဤတောင်ပေါ်မှ ကင်းခြေများအုပ်စု၏ ဘုရင်ဖြစ်လာခဲ့သည်။ ထို့နောက် သူက ကင်းခြေများအုပ်စုကို ဦးဆောင်၍ ယုန်ကဲ့သို့ တိရိစ္ဆာန်ငယ်များကို ဝါးမျိုစားသောက်ခဲ့သည်။ သူတို့ကို စားသောက်ခြင်းက အလွန်အကျိုးရှိသည်ဟု သူခံစားမိသည်။

အစာစားပြီး အိပ်စက်ခြင်းက သူ၏ ခွန်အားကို တိုးပွားစေသည်။ ထို့ပြင် သူစားသောက်သော သားကောင်က ပိုပြီးသန်မာလေ သူ၏ ခွန်အားက မြန်ဆန်စွာ ပိုပြီးတိုးပွားလေဖြစ်ကြောင်း သူရှာတွေ့သွားသည်။ ထို့ကြောင့် သူက ကင်းခြေများအုပ်စုကို ခေါ်ဆောင်၍ တောင်ပေါ်မှာရှိသော သားရဲတိရိစ္ဆာန်များနှင့် ငှက်များကို အမဲလိုက်ခဲ့သည်။ ဆယ်စုနှစ်အနည်းငယ် ကြာပြီးနောက် သူက အစိတ်အပိုင်း(၁၀၀)ရှိသော ဧရာမကင်းခြေများတစ်ကောင် ဖြစ်လာခဲ့သည်။

သူက ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်ထားသော်လည်း နက်နဲသိမ်မွေ့သော မေးခွန်းများကို မတွေးတောနိုင်ပေ။ ဥပမာ အစာစားသည့်အခါ မည်သို့ကြောင့် သူ၏ ခွန်အားက တိုးပွားလာရကြောင်း သူမသိပေ။ ထိုအခြေအနေကို မိစ္ဆာကျင့်ကြံသူများထံတွင် သွေးအစာဟု ခေါ်ကြသည်။ သွေးအစာသည် ခန္ဓာကိုယ်ထဲမှာ တည်ရှိ၏။ တိရိစ္ဆာန်များသည် သွေးအစာကို သန့်စင်ရန် မည်သည့်ကျင့်စဉ်ကိုမှ မတတ်ကျွမ်းထားလျှင်ပင် သူတို့အိပ်ပျော်နေစဉ် ခန္ဓာကိုယ်က သွေးအစာ၏ အာဟာရဓာတ်တချို့ကို အလိုအလျောက် စုပ်ယူနေလိမ့်မည်။ ထို့ကြောင့် အစာစားပြီး အိပ်စက်ခြင်းက သူ့ကို ခွန်အားတိုးပွားစေခြင်းပင်။

ဧရာမကင်းခြေများသည် ထိုအကြောင်းကို နားမလည်ထားသော်လည်း အစာစားပြီး အိပ်စက်ခြင်းက သူ့ကို ပိုပြီးသန်မာစေနိုင်ကြောင်း သိသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက် ကင်းခြေများသည် မြန်ဆန်စွာ ကြီးထွားလာပြီး ပိုပြီးသန်မာလာသည်။ တစ်ချိန်တည်းမှာ ကင်းခြေများအရေအတွက်က အံ့ဖွယ်ကောင်းစွာ တိုးပွားလာသည်။ ယခု သူက တောင်ပေါ်မှ သားရဲတိရိစ္ဆာန်အားလုံးနီးပါးကို စားသောက်ပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူက လှိုဏ်ဂူထဲမှာ လဲလျောင်းနေရင်း အတိတ်မှ သွေးအစာ၏ အရသာကို ပြန်လည်လွမ်းဆွတ်နေခြင်းပင်။

“ ရှဲ… ရှဲ… ”

ထိုအချိန်တွင် အရွယ်အစားကြီးမားသော ကင်းခြေများတစ်ကောင်က လှိုဏ်ဂူထဲသို့ တွားသွားဝင်လာသည်။ သူက ကင်းခြေများဘုရင်ကဲ့သို့ အံ့ဖွယ်မကောင်းသော်လည်း တစ်မီတာခန့် ရှည်လျားနေဆဲပင်။ သူက လှိုဏ်ဂူထဲ ရောက်လာပြီးလျှင် တကျွီကျွီ မြည်သံကို ထုတ်ဖော်လိုက်သည်။ တကျွီကျွီ မြည်သံကို ကြားသောအခါ ကင်းခြေများဘုရင်က ချက်ချင်း မျက်လုံးအရောင်တောက်သွားသည်။ စိတ်လှုပ်ရှားသော အရိပ်အမြွက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကင်းခြေများဘုရင်သည် သူ့အရှေ့မှ သေးငယ်သော ကင်းခြေများကို ကြည့်၍ တကျွီကျွီ မြည်သံကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သေးငယ်သော ကင်းခြေများသည် လှိုဏ်ဂူအပြင်သို့ အမြန်ပြန်ထွက်သွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်သည်။ သူ့မှာ ခြေထောက်ရာပေါင်းများစွာရှိလေရာ ထိုသို့လျင်မြန်ခြင်းက အံ့ဖွယ်ကိစ္စမဟုတ်ပေ။

“ ရှပ်… ရှပ်… ”

သီရှီထျန်သည် သားရဲအုပ်စုကို ဦးဆောင်၍ တောင်ပေါ်မှာ ဂရုတစိုက် ရွေ့လျားနေသည်။ သူက အရှေ့၌ အဆိပ်မြူခိုးကို မြင်လျှင် ထိုနေရာကို ရှောင်ကွင်းသွားလိမ့်မည်။ အချိန်တိုင်းမှာ သူတို့အားလုံးက သတိကြီးစွာထား၍ နားစွင့်ထားကြသည်။ သာမန်တိရိစ္ဆာန်များသည်ပင် တောင်ပေါ်သို့ တတ်လာပြီးနောက် လွှမ်းမိုးဖိနှိပ်မှုကို ချက်ချင်း ခံစားမိသွားကြဟန် ရသည်။ တစ်ချိန်လုံး ပြေးလွှားခုန်ပေါက်နေကြသော မျောက်များသည်ပင် ဤအခိုက်အတန့်မှာ ငြိမ်သက်သွားကြပြီး အချင်းချင်း ပူးကပ်လိုက်ကြသည်။

“ ထူးဆန်းတယ်… ငါတို့က တောင်ရဲ့ လမ်းတစ်ဝက်အထိ ရောက်နေပြီ… ဒါပေမဲ့ ဘာမှမဖြစ်လာသေးဘူး… ဒီအခြေအနေက သိပ်မူမမှန်ဘူး ”

ဤတစ်ကြိမ်တွင် သီရှီထျန်က အရှေ့ဆုံးမှ ဦးဆောင်၍ လျှောက်နေသည်။ သူက လမ်းလျှောက်နေရင်း ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ အမြဲတမ်း စစ်ဆေးကြည့်နေသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျားရဲအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ယင်းက တောင်ပေါ်မှ တိရိစ္ဆာန်များကို ခြိမ်းခြောက်သတိပေးရန် ရည်ရွယ်သည်။ သာမန်တိရိစ္ဆာန်များနှင့် ကျေးငှက်များသည် ကျားရဲအရှိန်အဝါနှင့် သားရဲဘုရင်အရှိန်အဝါကို အာရုံခံမိလျှင် သူတို့အနားသို့ အလွယ်တကူ ချဉ်းကပ်လာဝံ့ကြမည် မဟုတ်ချေ။

သူတို့ရှိနေသော တောင်သည် သာမန်မဟုတ်ပုံပေါ်သည်။ တောင်ထဲသို့ ဝင်မလာခင် တောင်ပေါ်မှ တိရိစ္ဆာန်များက လုံးဝ သာမန်မဟုတ်နိုင်ကြောင်း သူခန့်မှန်းခဲ့သည်။ ထို့ကြောင့် သူက အချိန်ပြည့် သတိထားခဲ့သည်။ နည်းနည်းမှ သတိမပေါ့ဆဝံ့ပေ။

ယခု သူတို့က တောင်၏ လမ်းတစ်ဝက်အထိ ဘေးကင်းလုံခြုံစွာ ရောက်လာခဲ့သည်။ သူတို့က လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်ကိုမှ မတွေ့ကြုံခဲ့ပေ။ သို့တိုင် သီရှီထျန်သည် စိတ်အေးမှုကို မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက မုန်တိုင်းမကျမီ လေငြိမ်နေခြင်းဖြစ်မည်ဟု သူခံစားနေမိသည်။ လွှမ်းမိုးဖိနှိပ်သော ခံစားမှုက အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးအားကောင်းလာ၏။

“ ရှဲ… ရှဲ… ရှဲ… ”

ထိုအခိုက်အတန့်မှာ မြေပြင်ပေါ်တွင် တွားသွားနေသော မြည်သံများက အရပ်မျက်နှာပေါင်းစုံမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။ အသံက အလွန်ဆူညံလေရာ အရေအတွက် အလွန်များပြားဟန် ရ၏။ မြေကြီးပေါ်မှ သစ်ရွက်ခြောက်များက လှုပ်ခါသွားကြသည်။ အသံသည် အရပ်မျက်နှာပေါင်းစုံထံမှ ရောက်လာသည်။

“ ဂါး ”

သီရှီထျန်သည် ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်ပြီး ထိတ်လန့်ဖွယ်ကောင်းသော ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ အံ့ဩထိတ်လန့်သွားသည်။

မြေကြီးပေါ်မှ နေရာတိုင်းတွင် အရေအတွက်အလွန်များပြားသော ကင်းခြေများဖြင့် ပြွတ်သိပ်နေသည်။ ထိုကင်းခြေများများသည် ပုံမှန်ထက် အများကြီး အရွယ်အစားပိုကြီးမားကြသည်။ သူတို့တစ်ကောင်စီက ကလေးငယ်တစ်ယောက်၏ လက်မောင်းခန့် ထူထဲတုတ်ခိုင်ကြသည်။ သူတို့က တစ်ကောင်နှင့်တစ်ကောင် အရှည်မတူညီကြချေ။ သူတို့၏ အရေအတွက်က အလွန်များပြား၏။ သူတို့က တောင်၏ အရပ်မျက်နှာအသီးသီးထံမှ ပေါ်ထွက်လာကြပြီး နေရာပြောင်းရွှေ့နေသည့် သီရှီထျန်တို့အုပ်စုကို အဘက်ဘက်မှ ဝိုင်းရံလိုက်ကြသည်။

“ ကင်းခြေများတွေ… အဲ့ဒါ ကင်းခြေများတွေပဲ ”

သီရှီထျန်၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူတို့ကို ဝိုင်းရံထားကြသော ကင်းခြေများများသည် ချက်ချင်း မတိုက်ခိုက်ကြပေ။ သူတို့က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြဟန် ရသည်။

“ ဝှစ်… ဝှစ်… ဝှစ် ”

ရုတ်တရက် သီရှီထျန်၏ အရှေ့တွင် အရေအတွက်များပြားသော ကင်းခြေများများက ဘေးသို့ လမ်းဖယ်ပေးလိုက်ကြသည်။ တစ်မီတာမှ နှစ်မီတာအထိ ရှည်လျားကြသော ကင်းခြေများသုံးကောင်သည် ကင်းခြေများအုပ်စုထဲမှ တွားသွားထွက်လာကြသည်။ သူတို့က အရှေ့သို့ ထွက်လာကြပြီး အလယ်မှာ ဝိုင်းရံခံထားရသော သီရှီထျန်တို့အုပ်စုကို စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ သူတို့က တကျွီကျွီ အော်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ကင်းခြေများများက သီရှီထျန်နှင့် တခြားသားရဲများဆီသို့ ဒီရေသဖွယ် ပြေးသွားကြသည်။

“ ဂါး ”

သီရှီထျန်က ဟိန်းဟောက်လိုက်သည်။ သူ့အနောက်မှ မျိုးနွယ်စုသုံးခုသည် ခုခံကာကွယ်ရန် အသင့်ပြင်လိုက်ကြသည်။ မြွေနှင့် ကင်းခြေများသည် သဘာဝရန်သူများ ဖြစ်ကြသည်။ ပိုင်စုစု၏ ဦးဆောင်မှုအောက်တွင် မြွေများက ကင်းခြေများအုပ်စုကို ခုခံတားဆီးလိုက်ကြသည်။ ဝံပုလွေဘုရင်ပိုင်ယွဲ့သည် ဆွဲဆွဲငင်ငင် အူလိုက်သည်။ သူက ချွန်ထက်သော လက်သည်းများကို အသုံးပြု၍ ကင်းခြေများကို တစ်စစီ ဆုတ်ဖြဲလိုက်သည်။ တစ်ချိန်တည်းမှာ သူက ခြေထောက်များဖြင့် ကင်းခြေများကို နင်းခြေပစ်လိုက်သည်။ မျောက်များသည်လည်း သူတို့၏ လက်သည်းများကို ဝှေ့ယမ်း၍ ကြမ်းတမ်းစွာ တိုက်ခိုက်ကြသည်။ ကောင်းကင်ယံမှ လင်းတများသည်လည်း မြေပြင်ပေါ်သို့ ထိုးဆင်းလာ၍ တိုက်ခိုက်ကြသည်။ သူတို့ဆီမှာ ဝေဟင်အားသာချက် ရှိ၏။ သူတို့က ကင်းခြေများကဲ့သို့ အဆိပ်ရှိသတ္တဝါများအတွက် သဘာဝရန်သူများ ဖြစ်ကြသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာ သူတို့က သက်ဆိုင်ရာသားရဲဘုရင်များ၏ ဦးဆောင်မှုအောက်မှာ ကင်းခြေများများနှင့် အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ ဘေးပတ်ဝန်းကျင်မှာရှိနေသော ကင်းခြေများများ၏ အရေအတွက်က အကန့်အသတ်မဲ့လေရာ သူတို့က အချိန်ကြာကြာ တောင့်ခံနိုင်မည့်ပုံမပေါ်ချေ။

ခြေချောင်းတစ်ရာကင်းခြေများသည် သာမန်ကင်းခြေများ မဟုတ်ပေ။ သူတို့၏ အသက်ဓာတ်က အလွန်သန်စွမ်းသည်။ သူတို့ဆီမှာ မာကျောသော အခွံအပြင် ပြင်းထန်သော အဆိပ်လည်း ရှိသည်။

All Chapters