← Chapters

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း(၅၈)

“ ဂရား ”

သီရှီထျန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ထူထဲသော အနက်ရောင်အခိုးအငွေ့က သူ၏ ခန္ဓာကိုယ်ပေါ်မှ မရေမတွက်နိုင်သော မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပိုပြီးအရွယ်အစားကြီးမားလာပြန်သည်။ သူက အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ပြင်းထန်စွာ ကန်ဆောင့်လိုက်ပြီး လေထဲသို့ လွှားခနဲ ခုန်လိုက်သည်။

သူ၏ ခုန်လွှားမှုက အချိန်ကိုက် ထွက်ပေါ်လာပြီး သူက ကြက်သွေးရောင်ကင်းခြေများဘုရင်၏ သေးသွယ်ရှည်လျားသော ခန္ဓာကိုယ်ကို တိမ်းရှောင်သွားသည်။ ထို့ကြောင့် ကင်းခြေများဘုရင်၏ တိုက်ခိုက်မှုက သီရှီထျန်အစား လေကိုသာ ထိမှန်သွားသည်။

“ ဘန်း ”

ကင်းခြေများဘုရင်၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြန်ပြုတ်ကျသွားတော့မည့်အချိန် ဧရာမကျားလက်သည်းက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ကင်းခြေများ၏ အမြှီးပေါ်သို့ ဖိချလိုက်သည်။ ထိုကျားလက်သည်းထဲမှာ ပမာဏ အလွန်များပြားသော မိစ္ဆာစွမ်းအားက ကိန်းအောင်းနေ၏။ ပြင်းထန်သော ကျားလက်သည်းရိုက်ချက်ကြောင့် ကင်းခြေများက မြေကြီးပေါ်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားသည်။

“ ဂရား ”

သီရှီထျန်သည် ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အမြှီးကို သူ၏ ကျားလက်သည်းတစ်ခုဖြင့် ဖိနှိပ်ထားစဉ် သူ၏ အခြားကျားလက်သည်းကို မြန်ဆန်စွာ လွှဲယမ်းလိုက်သည်။ ပမာဏ အလွန်များပြားသော မိစ္ဆာစွမ်းအားက အပြင်သို့ စိမ့်ထွက်လာပြီး သူ၏ အရှေ့၌ အနက်ရောင်ကျားလက်သည်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဘန်းဟူသော မြည်သံနှင့်အတူ ကျားလက်သည်းက ကင်းခြေများ၏ အမြှီးနှင့် ချိတ်ဆက်ထားသော အရှေ့မှ အစိတ်အပိုင်းပေါ်သို့ ကျဆင်းသွားသည်။

“ ရှဲ… ”

စက်ကရာ၏ တိုက်ခိုက်မှုက မည်မျှကြမ်းကြုတ်လိုက်သနည်း။ ထို့ပြင် ကျားလက်သည်းက ကင်းခြေများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အချင်းချင်း ဆက်သွယ်ပေးထားသော အဆစ်နေရာဆီသို့ ကျဆင်းသွားခြင်း ဖြစ်သည်။ ထိုနေရာမှာ ကျောအခွံ၏ အကာအကွယ်မရှိပေ။ ထို့ကြောင့် နောက်ဆုံးအစိတ်အပိုင်းသည် ကျားလက်သည်း၏ တိုက်ခိုက်မှုအောက်မှာ ကင်းခြေများ၏ ခန္ဓာကိုယ်ထံမှ အတင်းအဓမ္မ ဆွဲဖြဲခံလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ကင်းခြေများက ဒေါတသကြီး အော်လိုက်သည်။ လေထဲ၌ အနီရောင်သွေးမြူခိုးဖြင့် ပြည့်နှက်သွားသည်။

ကြက်သွေးရောင်ကင်းခြေများဘုရင်သည် သဘာဝအလျောက် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် ဖြစ်၏။ သူက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးသွားသော်လည်း မထွက်ပြေးပေ။ ယင်းအစား သူက ခန္ဓာကိုယ်ကို ဘေးသို့ ရုတ်တရက် လှည့်လိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာ အနီရောင်အလင်းတန်းတစ်ခုက သီရှီထျန်၏ ဘေးမှာ ဖျတ်ခနဲ လင်းလက်သွားသည်။ စူးရှသော နာကျင်မှုကို သီရှီထျန် ခံစားမိသွားသည်။

အနီကပ်သေချာကြည့်လိုက်သည့်အခါ ကြက်သွေးရောင်ကင်းခြေများဘုရင်က သူ၏ ခန္ဓာကိုယ်ကို အပေါ်အောက် လှန်လိုက်ကြောင်း စက်ကရာ မြင်သွားသည်။ ကြီးမားသော ဓားဒဏ်ရာက သူ၏ ဘယ်ဘက်ပခုံးပေါ်မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ လတ်ဆတ်သော သွေးက ဒဏ်ရာမှ စီးကျလာသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် စက်ကရာနှင့် ကြက်သွေးရောင်ကင်းခြေများဘုရင်၏ တိုက်ပွဲက အတော်လေး ရက်စက်ကြမ်းတမ်းနေပြီ ဖြစ်သည်။ အချိန်က အလွန်တိုတောင်းသော်လည်း တိုက်ပွဲက မည်မျှအန္တရာယ်များကြောင်း အပြင်လူများက နားလည်နိုင်ကြမည် မဟုတ်ချေ။ သီရှိထျန်၏ ဘယ်ဘက်ပခုံးပေါ်မှာ ကြီးမားသော ဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာပြီး ကြက်သွေးရောင်ကင်းခြေများ၏ အစိတ်အပိုင်းတစ်ခုက ဆွဲဖြဲခံလိုက်ရသည်။

ရက်စက်တယ်… အရမ်းရက်စက်တယ်… ။

ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ပြီးနောက် သူတို့သည် အဝေးသို့ ပြန်ဆုတ်ခွာသွားကြပြီး မျက်နှာချင်းဆိုင် စိုက်ကြည့်လိုက်ကြသည်။

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။ အရေအတွက်များပြားသော ကင်းခြေများများသည် သီရှီထျန်၏ ကျားဟိန်းသံကြောင့် အသတ်ခံလိုက်ကြရပြီ ဖြစ်၏။ ဤအခိုက်အတန့်မှာ ပိုင်ယွဲ့နှင့် တခြားသားရဲများသည် အဝေးသို့ တိတ်တဆိတ် အနောက်ဆုတ်သွားကြသည်။

သူတို့အရှေ့မှ တိုက်ပွဲက သူတို့ဝင်ပါနိုင်သောအရာ မဟုတ်ကြောင်း သူတို့သိကြသည်။

“ ဘယ်လောက်သန်မာလိုက်တဲ့ ကင်းခြေများလဲ… သူ့ရဲ့ ခွန်အားက မိစ္ဆာနယ်ပယ် အထွတ်အထိပ်မှာပဲ… သူက ဘယ်အချိန်မှာမဆို မိစ္ဆာတစ်ကောင်ဖြစ်လာဖို့ အဆင့်ချိုးဖြတ်နိုင်တယ်… မိစ္ဆာစွမ်းအားကို ဘယ်လိုအသုံးပြုရမလဲ သူမသိထားတာကြောင့်မဟုတ်ရင် ဒီနေ့ ငါအန္တရာယ်ရှိနိုင်တယ် ”

သီရှီထျန်၏ မျက်လုံးက အေးစက်သွားသည်။ သူ့အရှေ့မှ ကြက်သွေးရောင်ကင်းခြေများဘုရင်ကို ကြည့်နေစဉ် သူက အမှန်တကယ် အံ့ဩထိတ်လန့်သွားသည်။ ဤတောင်ပေါ်မှာ မကြာခင် မိစ္ဆာဖြစ်လာတော့မည့် အစွမ်းထက်သားရဲတစ်ကောင် တည်ရှိနေမည်ဟု သူမမျှော်လင့်ထားပေ။ ရန်သူသည် အလွန်ကြောက်စရာကောင်းသည်။

“ ရှဲ… ရှဲ ”

ကြက်သွေးရောင်ကင်းခြေများဘုရင်၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။ သူက ကျယ်လောင်စွာ အော်လိုက်ပြီး သီရှီထျန်ဆီသို့ နောက်တစ်ကြိမ် ခုန်ဝင်ရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အနီရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ အစက ထိုအလင်းတန်းသည် ကောင်းကင်ပေါ်မှာ တန်းမတ်စွာ ပျံသန်းနေရင်း ကင်းခြေများတောင်ကို ဖြတ်ကျော်သွားနေသည်။ သို့သော်လည်း ယင်းက မြေပြင်ပေါ်မှ အဖြစ်အပျက်ကို အာရုံခံမိသွားသည့်အလား ရုတ်တရက် ရပ်တန့်လိုက်သည်။ နောက်အခိုက်အတန့်မှာ အနီရောင်အလင်းက ကင်းခြေများတောင်ပေါ်မှာ ထွက်ပေါ်လာသည်။ အလင်းတန်းက လေထဲမှာ ရပ်တန့်သွားသည့်အခါ ယင်း၏ အသွင်သဏ္ဍာန်က ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

ထိုသူက အနီရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာပေါ်မှာ တည်ကြည်ဖြောင့်မတ်သော အမူအရာ ရှိသည်။ သူက ကြက်သွေးရောင်ဓားပျံတစ်လက်ပေါ်မှာ မတ်တတ်ရပ်နေသည်။ ဓားက လေထဲမှာ ရပ်နေသည့်တိုင် အလွန်ပြင်းထန်သော အပူလှိုင်းများက ဓားထံမှ တလိပ်လိပ် ထွက်ပေါ်နေကြောင်း မည်သူမဆို အာရုံခံနိုင်ပေသည်။ မီးတောက်တချို့သည်ပင် ဓားသွားပေါ်မှာ ရွေ့လျားနေသည်။

မီးတောက်ဓားပျံပေါ်မှာ မတ်တတ်ရပ်နေသော အမျိုးသားသည် မြေပြင်ပေါ်မှ သီရှီထျန်နှင့် ကြက်သွေးရောင်ကင်းခြေများဘုရင်ကို မြင်သွားသည်။ အံ့ဩမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ပြောသည်။

“ ကံကောင်းလိုက်တာ… ငါတကယ် ကံကောင်းတာပဲ… မီးတောက်နီကင်းခြေများနဲ့ သန္ဓေပြောင်းကျားနက်… ဝိညာဉ်သားရဲနှစ်ကောင်တောင်မှလား… နှစ်ကောင်စလုံးက မသေမျိုးကျင့်ကြံခြင်းလောကမှာ အရမ်းရှားပါးတဲ့ သားရဲမျိုးစိတ်တွေ ဖြစ်တယ်… ပြီးတော့ သူတို့က မိစ္ဆာဖြစ်လာဖို့ သိပ်မလိုတော့ဘူး… ငါသာ သူတို့ကို ဖမ်းဆီးပြီး ထိန်းကျောင်းနိုင်မယ်ဆိုရင် ငါ့ရဲ့ မသေမျိုးတောင်အတွက် အစောင့်အရှောက်ဝိညာဉ်သားရဲနှစ်ကောင်ကို ပိုင်ဆိုင်သွားလိမ့်မယ်… ကောင်းကင်ရနံ့မြေခွေးဘုရင်ကို ငါရှာမတွေ့ပေမဲ့ ဝိညာဉ်သားရဲနှစ်ကောင်ကို ရှာတွေ့သွားတယ်… တိုက်ဆိုင်စွာပဲ ငါ့ဆီမှာ သားရဲထိန်းလည်ပတ်နှစ်ခု ရှိနေတယ်… ဒီနေ့ မင်းတို့ကို ငါဖမ်းဆီးမယ် ”

ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်သည်။ အလင်းရောင်က သူ၏ လက်ဖဝါးပေါ်မှာ ထွန်းလင်းသွားပြီးလျှင် ရိုးရှင်းသော လည်ပတ်နှစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ အလင်းရောင် ထွက်ပေါ်သွားခဲ့သော နေရာကို ကြည့်လျှင် သူ၏ လက်ချောင်းတစ်ချောင်းက လက်စွပ်ဝတ်ထားကြောင်း မြင်ရလိမ့်မည်။ သူက လည်ပတ်နှစ်ခုကို ထိုလက်စွပ်ထဲမှ ထုတ်ယူလိုက်ခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် သိုလှောင်အိတ်များသာလျှင် ပစ္စည်းသိုလှောင်နိုင်ခြင်း မဟုတ်ပေ။ အမှန်မှာ သိုလှောင်အိတ်က အဆင့်အနိမ့်ဆုံး အမျိုးအစားဖြစ်သည်။ သိုလှောင်ရေးရတနာ တခြားအမျိုးအစားများလည်း ရှိသည်။ ဥပမာ သိုလှောင်လက်စွပ်များ ဖြစ်သည်။ သိုလှောင်လက်စွပ်ကို စကြာဝဠာလက်စွပ်ဟုလည်း ခေါ်ကြသည်။ ယင်းထဲမှာ စကြာဝဠာတစ်ခု ကိန်းအောင်းနေသည့်အလားပင်။ သိုလှောင်လက်စွပ်ထဲမှ နယ်မြေလွတ်သည် သိုလှောင်အိတ်ထက် အဆပေါင်းများစွာ ပိုပြီးကျယ်ပြောသည်။

စကြာဝဠာလက်စွပ်သည် သာမန်လူများအတွက် အလွန်ရှားပါးသည်။ သာမန်လူများသည် စကြာဝဠာလက်စွပ်ကို မပိုင်ဆိုင်နိုင်ကြချေ။ အကြောင်းအရင်းမှာ စကြာဝဠာလက်စွပ်ကို ဖန်တီးသန့်စင်မည့် ကုန်ကြမ်းပစ္စည်းများက အလွန်ရှားပါးသောကြောင့်ပင်။ ထို့ပြင် လူအနည်းစုသာလျှင် စကြာဝဠာလက်စွပ်အား ဖန်တီးသန့်စင်နိုင်သော နည်းလမ်းကို သိကြသည်။ ထို့ကြောင့် စကြာဝဠာလက်စွပ်များသည် ရှေးခေတ်ကတည်းက ပျောက်ဆုံးသွားခဲ့ကြသည်။

သို့ဖြစ်၍ စကြာဝဠာလက်စွပ်တိုင်းက အဆင့်အတန်း၏ ပြယုဂ်ဖြစ်သည်။

ယခု ကောင်းကင်ပေါ်မှ သက်လတ်ပိုင်းအမျိုးသားက စကြာဝဠာလက်စွပ်တစ်ခုကို ဝတ်ထားသည်။ သို့ဖြစ်၍ ထိုအမျိုးသား၏ သရုပ်အဆင့်အတန်းက မည်သို့မှ သာမန်မဟုတ်နိုင်ပေ။

သက်လတ်ပိုင်းအမျိုးသားသည် သားရဲထိန်းလည်ပတ်နှစ်ခုကို ကိုင်ထားလျက် သီရှီထျန်နှင့် ကြက်သွေးရောင်ကင်းခြေများဘုရင်ကို စိုက်ကြည့်နေသည်။ သူက လည်ပတ်နှစ်ခုကို ညင်သာစွာ ပစ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများက လည်ပတ်များထံမှ ထွက်ပေါ်လာသည်။ သားရဲထိန်းလည်ပတ်က စတင်ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က သံကွင်းတစ်ခုကဲ့သို့ အရွယ်အစား ကြီးမားသွားကြသည်။

“ ဝှီး ”

သားရဲထိန်းလည်ပတ်နှစ်ခုသည် လေထဲမှာ အနည်းငယ် တုန်ယင်သွားကြပြီး တိုးညင်းသော မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ အံ့ဖွယ်ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါသည် သားရဲထိန်းလည်ပတ်များထံမှ ထွက်ပေါ်လာသည်။ ယင်းက မြေပြင်ပေါ်မှ သက်ရှိများကို ဖုံးလွှမ်းသွားသည်။

“ အဲ့ဒီလည်ပတ်ပဲလား… အဲ့ဒါက တကယ်ပဲ ဘာလဲ… ဘာလို့ အဲ့ဒီလည်ပတ်ကနေ အန္တရာယ်အရှိန်အဝါကို ငါခံစားမိတာလဲ… အဲ့ဒါက ငါ့ရဲ့ သဘာဝရန်သူလိုပဲ ”

ဦးခေါင်းပေါ်မှ သားရဲထိန်းလည်ပတ်နှစ်ခုကို သီရှီထျန်မြင်သောအခါ သူက ရုတ်တရက် နှလုံးတင်းကျပ်သွားသည်။ ယခုသည် သားရဲထိန်းလည်ပတ်ကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း မဟုတ်ပေ။ အတိတ်မှာ ကျန်းပိုင်ချွင်းသည် ယင်းကို အသုံးပြုခဲ့သည်။ သို့သော်လည်း သူ၏ ကျားဟိန်းသံက သားရဲထိန်းလည်ပတ်ကို အနိုင်ယူခဲ့သည်။ ဤနေရာမှာ နောက်ထပ် သားရဲထိန်းလည်ပတ်တစ်ခုကို သူမြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထူးဆန်းသော ထိုသံကွင်းက မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း အန္တရာယ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက သားရဲထိန်းလည်ပတ်ကို စူးစိုက်ကြည့်လိုက်သည်။

“ သားရဲထိန်းလည်ပတ်ကို အသုံးပြုတဲ့အခါတိုင်း တစ်ခုလျော့သွားလိမ့်မယ်… ဒါပေမဲ့ ဝိညာဉ်သားရဲနှစ်ကောင်ကို ဖမ်းဆီးနိုင်မယ်ဆိုရင် ထိုက်တန်ပါတယ်… မီးတောက်နီကင်းခြေများရဲ့ ဒြပ်စင်က ငါနဲ့ သဟဇာတဖြစ်တယ်… သူက အနာဂတ်မှာ ငါ့ကို ကြီးကြီးမားမား ကူညီပေးနိုင်လိမ့်မယ်… ချည်နှောင်စမ်း ”

သက်လတ်ပိုင်းအမျိုးသားက သားရဲထိန်းလည်ပတ်ထံသို့ ပေါ့ပေါ့ပါးပါး လက်ညှိုးညွှန်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သားရဲထိန်းလည်ပတ်နှစ်ခုက စက်ကရာနှင့် ကြက်သွေးရောင်ကင်းခြေများဘုရင်ထံသို့ အသီးသီး ပျံသန်းသွားကြသည်။ ထိုလုပ်ငန်းစဉ်အတွင်းမှာ သားရဲထိန်းလည်ပတ်ပေါ်မှ မှော်သင်္ကေတများက အပြင်သို့ ပျံသန်းထွက်လာကြပြီး ရှည်လျားသော သံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။

မှော်သင်္ကေတများဖြင့် ဖန်တီးထားသော သံကြိုးများသည် ဝိညာဉ်သားရဲနှစ်ကောင်ကို မြန်ဆန်စွာ ရစ်ပတ်သွားကြသည်။ တစ်စုံတစ်ယောက်သည် ထိုမှော်သင်္ကေတသံကြိုးများဖြင့် ချည်နှောင်ခံရလျှင် လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

“ ရွှတ် ”

သားရဲထိန်းလည်ပတ်သည် ကြက်သွေးရောင်ကင်းခြေများဘုရင်ဆီသို့ အလွန်ချောမွေ့စွာ ပျံသန်းသွားသည်။ မရေမတွက်နိုင်သော မှော်သင်္ကေတသံကြိုးများက သူ့ခန္ဓာကိုယ်၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြပြီး တင်းကျပ်စွာ ရစ်ပတ်လိုက်ကြသည်။ ကင်းခြေများဘုရင်က မည်သို့ရုန်းကန်ပါစေ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ပေ။ သားရဲထိန်းလည်ပတ်က ကင်းခြေများဘုရင်၏ လည်ပင်းကို အောင်မြင်စွာ စွပ်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ကင်းခြေများဘုရင်သည် သူ၏ ခွန်အားအားလုံးကို ဆုံးရှုံးသွားသည့်အလား မြေကြီးပေါ်မှာ လဲကျသွားသည်။

သို့သော်လည်း သီရှီထျန်သည် ထူးဆန်းသော သံကွင်းကို သူ၏ လည်ပတ်အား မည်သို့အစွပ်ခံစေမည်နည်း။ အရင်ဦးစွာ သူက ကျားလက်သည်းကို ဝှေ့ယမ်းလိုက်ပြီး လေထဲ၌ အနက်ရောင်ကျားလက်သည်းကို ဖွဲ့စည်းလိုက်သည်။ သူက ကျားလက်သည်းဖြင့် သားရဲထိန်းလည်ပတ်ကို ရိုက်ချလိုက်သည်။ သို့သော်လည်း ကျားလက်သည်းသည် ထူးဆန်းသော မှော်သင်္ကေတကြောင့် မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ ယင်းက သားရဲထိန်းလည်ပတ်ကို တစ်ခဏမျှသာ ရပ်တန့်သွားစေသည်။ သားရဲထိန်းလည်ပတ်၏ အရှိန်က နည်းနည်းမှ မလျော့ကျသွားပေ။ မျက်စိတစ်မှိတ်အတွင်းမှာ သားရဲထိန်းလည်ပတ်က သီရှီထျန်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ယခု သူ့အရှေ့မှ အခြေအနေကို သူမပြောင်းလဲပစ်နိုင်တော့ဟန် ရ၏။

ထိုစဉ် ဖဲကြိုးတစ်ခုက လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး သားရဲထိန်းလည်ပတ်၏ အရှေ့မှာ လွင့်မျောသွားသည်။ ဖဲကြိုးသည် ညင်သာစွာ လှုပ်ယမ်းသွားပြီး ခုနစ်ရောင်ခြယ်အလင်းကို ထုတ်လွှတ်လိုက်သည်။ သက်တံ့အလင်းက သားရဲထိန်းလည်ပတ်ကို ရိုက်ထုတ်လိုက်သည်။

“ ဝီး ”

ဖဲကြိုးထဲမှာ အကန့်အသတ်မဲ့သော စွမ်းအား ကိန်းအောင်းနေဟန် ရ၏။ ယင်းက သားရဲထိန်းလည်ပတ်ကို အဝေးသို့ လွင့်စင်သွားစေသည်။ ထူးဆန်းသော အမွှေးရနံ့က လေထဲမှာ ထွက်ပေါ်လာသည်။

“ ရနံ့ပြင်းဖဲကြိုး… ကောင်းကင်ရနံ့မြေခွေးဘုရင် ”

ဖဲကြိုးထွက်ပေါ်လာသည်ကို မြင်သောအခါ သက်လတ်ပိုင်းအမျိုးသားက မအံ့ဩသွားပေ။ ယင်းအစား သူက ဝမ်းသာသွားသည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ပြောသည်။

“ ကောင်းကင်ရနံ့မြေခွေးဘုရင်… ငါမင်းကို နေရာအနှံ့မှာ လိုက်ရှာနေတာ… ဒီနေရာမှာ မင်းကို တွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… မင်းရောက်လာပြီဆိုမှတော့ ဘာလို့ ပုန်းနေဦးမှာလဲ ”

သူ၏ စကားဆုံးသည်နှင့် အလွန်အားကောင်းသော နတ်ဘုရားစိတ်အာရုံက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူက နတ်ဘုရားစိတ်အာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

All Chapters