← Chapters

အခန်း (၅၉)

Vol. 4 Ch. 59

အခန်း (၅၉)

Vol. 4 Ch. 59

အခန်း(၅၉)

“ ဟီး ဟီး ”

သာယာကြည်လင်သော ရယ်သံက လေထဲမှာ ပျံ့လွင့်သွားသည်။ သက်လတ်ပိုင်းအမျိုးသား၏ အရှေ့တွင် စက်ကရာနောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးက ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူက တစ်ဖက်လူကို ကြည့်ပြီး အထင်အမြင်သေးစွာ ပြောသည်။

“ အစိမ်းရောင်တိမ်နွား… ရှင် ကျွန်မနောက်ကို လိုက်ဖမ်းနေတာ သုံးရက်သုံးညရှိသွားပြီ… အစကတော့ ကျွန်မက ရှင့်အရှေ့မှာ ဘွားခနဲ ထွက်ပေါ်လာဖို့ ကြံစည်ထားတာ… ဒါပေမဲ့ ရှင်က အငယ်တန်း မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်တဲ့အထိ အရှက်မဲ့လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး ”

ထိုအမျိုးသမီးသည် မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်တစ်ပါးဖြစ်သော ကောင်းကင်ရနံ့မြေခွေးဘုရင် ဖြစ်သည်။ သူ၏ စွမ်းအားသည် ဝိညာဉ်သန္ဓေတည်နယ်ပယ် မသေမျိုးကျင့်ကြံသူတစ်ယောက်ထက် အားမနည်းပေ။

အစက သူသည် သီရှီထျန်နောက်သို့ တိတ်တဆိတ် လိုက်သွားပြီး သူ့ကို လေ့လာစောင့်ကြည့်မည်ဟု စီစဉ်ထားခဲ့သည်။ သို့သော်လည်း ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်ချင်းယွမ် ထွက်ပေါ်လာမည်ဟု သူမမျှော်လင့်ထားပေ။ ချင်းယွမ်သည် အလွန်ခေါင်းမာစွာ သူ့ကို လိုက်လံရှာဖွေနေသည်။ သူ့ကြောင့်မဟုတ်လျှင် ချင်းယွမ်က သီရှီထျန်တို့အုပ်စုနှင့် တွေ့ဆုံလိမ့်မည် မဟုတ်ချေ။

ကြက်သွေးရောင်ကင်းခြေများဘုရင်ကို ချင်းယွမ် ဖမ်းခေါ်သွားခြင်းက သူ့အတွက် အရေးမကြီးပေ။ သို့သော်လည်း သီရှီထျန်က သားရဲထိန်းလည်ပတ်ဖြင့် ဖမ်းချုပ်ခံရတော့မည်ကို သူရပ်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် အရေးကြီးအချိန်မှာ သူအရှေ့ထွက်လာခဲ့ခြင်းပင်။ သူလှုပ်ရှားလိုက်သည့်အခါ တန်ခိုးရှင်ချင်းယွမ်နှင့် သူ့ကြားမှာ ဆွေးနွေးညှိနှိုင်းရန် လုံးဝ အခွင့်အရေးမရှိကြောင်း သိပြီးဖြစ်၏။

“ ဟား ဟား… ငါမင်းကို ရှာတွေ့ပြီ… ဝိညာဉ်သားရဲတစ်ကောင်က ဘာမှမဟုတ်ပါဘူး… ကောင်းကင်ရနံ့မြေခွေးဘုရင်… မင်းအတွက် ဘာက ကောင်းတယ်ဆိုတာသိရင် ထျန်းအင်ပါယာရတနာသေတ္တာကို လက်လွှဲပေးပါ… အဲ့ဒီရတနာက မင်းလို မိစ္ဆာတစ်ကောင် ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး ”

တန်ခိုးရှင်ချင်းယွမ်က ကျယ်လောင်စွာ အော်ပြောသည်။ တစ်ချိန်တည်းမှာ သူ၏ မျက်နှာက တင်းမာခက်ထန်သွားသည်။

“ ဟွန့်… ချင်းယွမ်နွား… ထျန်းအင်ပါယာရတနာသေတ္တာက နတ်သက်ကြွေချောက်နက်ထဲမှာ ရှာတွေ့ခဲ့တဲ့ ပစ္စည်း… ထိုက်တန်တဲ့လူကပဲ အဲ့ဒါကို ပိုင်ဆိုင်နိုင်တယ်… ကျွန်မက အဲ့ဒါကို အရင်ဆုံး ရှာတွေ့ခဲ့တာ… ရှင်က မိစ္ဆာနှိမ်နင်းမယ်လို့ ကြွေးကြော်ပြီး ကျွန်မနောက်ကို သုံးလကြာအောင် လိုက်ဖမ်းခဲ့တယ်… ရှင်က တရားမျှတမှုအကြောင်း ပြောတယ်… ဒါပေမဲ့ ကျွန်မအမြင်မှာတော့ ရှင်က ကြောင်သူတော်ပဲ ”

ကောင်းကင်ရနံ့မြေခွေးက အထင်သေးရှုံ့ချစွာ ပြောသည်။

“ ထျန်းအင်ပါယာရတနာသေတ္တာက ကျွန်မဆီမှာ… ရှင့်မှာ အစွမ်းအစရှိရင် အဲ့ဒါကို ကိုယ့်ဘာသာ လာယူလေ… ရတနာသေတ္တာကို ကျွန်မလက်ထဲကနေ ရှင်ဘယ်လိုယူနိုင်မလဲ ကြည့်မယ် ”

ထိုသို့ပြောပြီးနောက် ကောင်းကင်ရနံ့မြေခွေးဘုရင်က သူ၏ လက်ထဲမှ ဖဲကြိုးကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။ အမွှေးနံ့ကိန်းအောင်းနေသော ရောင်စဉ်တန်းများက တန်ခိုးရှင်ချင်းယွမ်ထံသို့ ပျံသန်းသွားကြသည်။ လေထဲမှာ လွင့်မျောနေသော ထိုဖဲကြိုးက ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားကို ဆွဲဆောင်နိုင်ဟန် ရ၏။ မိုးမြေသည် စတင်တုန်ယင်လာသည်။

“ မိစ္ဆာမ… ဒီနေ့က မင်းရဲ့ သေနေ့ပဲ ”

တန်ခိုးရှင်ချင်းယွမ်သည် သူ၏ လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်သင်္ကေတတစ်ခုကို အမြန်ဖွဲ့စည်းလိုက်သည်။ သူ၏ ခြေဖဝါးအောက်မှ ရတနာဓားက အရှေ့သို့ ပျံသန်းသွားသည်။ ရတနာဓားသည် အရှေ့သို့ ပျံသန်းသွားနေစဉ် နှစ်ချောင်း၊ လေးချောင်း၊ ရှစ်ချောင်း အစရှိသဖြင့် ဆတိုးတိုးပွားသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ရတနာဓားတစ်ထောင်က လေထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က အရွယ်အစားကြီးမားသော ဓားစက်ဝန်းတစ်ခုကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်ကြပြီး ကောင်းကင်ရနံ့မြေခွေးဘုရင်ထံသို့ ဦးတည်သွားသည်။

“ ဘန်း ဘန်း ဘန်း ”

ထိုအခိုက်အတန့်မှာ ကျယ်လောင်သော ပေါက်ကွဲသံများက လေထဲမှာ တရစပ် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက အရပ်မျက်နှာအသီးသီးထံမှ ပေါ်လျှိုးလာကြသည်။ ယင်းတို့က မြေကြီးပေါ်သို့ ကျဆင်းသွားသည့်အခါ အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။

“ ဘန်း ”

ကျယ်လောင်သော ပေါက်ကွဲသံက မိုးကောင်းကင်ကို တုန်ခါသွားစေသည်။ ကောင်းကင်ရနံ့မြေခွေးဘုရင်၏ ဖဲကြိုးက အနောက်သို့ လွင့်စင်သွားစဉ် သူ၏ ခန္ဓာကိုယ်က သက်တံ့အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ သူက အဝေးသို့ မြန်ဆန်စွာ ထွက်ပြေးသွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ချင်းယွမ်နွား… ရှင်ရဲ့ ခွန်အားက ဒီလောက်ပဲလား… ကြည့်ရတာ ထျန်းအင်ပါယာရတနာသေတ္တာကို ရှင်ပြန်မယူနိုင်တော့ဘူး ထင်တယ်… ခစ် ခစ် ”

“ မိစ္ဆာမ… မင်းထွက်မပြေးနဲ့… ကမ္ဘာမြေအဆုံးထိ မင်းထွက်ပြေးမယ်ဆိုရင်တောင် မင်းနောက်ကို ငါလိုက်ဖမ်းပြီး ငါ့ရဲ့ ချင်းယွမ်ဓားနဲ့ မင်းကို သုတ်သင်ပစ်မယ် ”

ကောင်းကင်ရနံ့မြေခွေးဘုရင်က အမှန်တကယ် ထွက်ပြေးသွားကြောင်း တန်ခိုးရှင်ချင်းယွမ်မြင်သွားသောအခါ သူ၏ မျက်နှာပေါ်မှာ ဒေါသဖြင့် ပြည့်နှက်သွားသည်။ အရင်ဆုံး သူက ဖမ်းချုပ်ခံထားရသော ကြက်သွေးရောင်ကင်းခြေများဘုရင်နှင့် သားရဲထိန်းလည်ပတ်ကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဓားပျံပေါ် ခြေချ၍ ကောင်းကင်ရနံ့မြေခွေးဘုရင်နောက်သို့ အမြန်လိုက်ဖမ်းသည်။ ယခုအချိန်မှာ သူက မြေပြင်ပေါ်မှ စက်ကရာကို ဂရုမစိုက်နိုင်တော့ပေ။

“ ရွှီး ”

အလင်းတန်းနှစ်ခုက မြန်ဆန်စွာ ပျောက်ကွယ်သွားကြောင်း မြင်သောအခါ သီရှီထျန်က သက်ပြင်းရှည်ကြီးချလိုက်သည်။ အစောနက သူခံစားခဲ့ရသော ဖိအားသည် အလွန်ကြီးမားသည်။ မမျှော်လင့်ထားသော အဖြစ်အပျက်က သူ့အား အကြီးအကျယ် အံ့ဩထိတ်လန့်စေသည်။ သူက ထိုပုဂ္ဂိုလ်နှစ်ယောက်၏ စွမ်းအားကိုလည်း မျက်မြင်တွေ့ခဲ့သည်။

သူတို့နှစ်ယောက် တိုက်ခိုက်နေသည့်အချိန် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ သူ၏ မိစ္ဆာစွမ်းအားက ရုတ်တရက် ပေါက်ကွဲသွားတော့မည့်အလားပင်။ ထိုပုဂ္ဂိုလ်နှစ်ယောက်၏ အရှေ့တွင် သူ၏ စွမ်းအားက ကလေးငယ်တစ်ယောက်မျှသာ ဖြစ်၏။ ယင်းက ဂုဏ်ယူစရာမကောင်းပေ။

စွမ်းအား… ။

ယင်းက အကြွင်းမဲ့စွမ်းအား ဖြစ်သည်။

အစွမ်းထက်တန်ခိုးရှင်တစ်ယောက်၏ အရှေ့တွင် သားရဲထိန်းလည်ပတ်က မည်မျှကြောက်စရာကောင်းကြောင်း သူခံစားမိသွားသည်။ သားရဲထိန်းလည်ပတ်၏ အရှေ့တွင် သူက အရွယ်အစားကြီးမားသော ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ အစွမ်းထက်တန်ခိုးရှင်များ၏ အရှေ့တွင် သူက အချိန်မရွေး အသတ်ခံရနိုင်သော တိရိစ္ဆာန်တစ်ကောင်မျှသာ ဖြစ်၏။

“ စွမ်းအား… ငါပိုပြီးသန်စွမ်းလာရမယ်… အခုလို ခွန်အားမဲ့နေတာကို နောက်ထပ် ငါမခံစားချင်ဘူး… တစ်နေ့ သူတို့လို ငါသန်မာလာရမယ် ”

သီရှီထျန်က သူ၏ စိတ်ထဲမှာ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။ သူ၏ မျက်လုံးထဲမှာ တိုက်ပွဲစိတ်ဆန္ဒအရိပ်အယောင် ပေါ်လျှိုးလာသည်။ အဝေးသို့ သူလှမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက အရောင်တောက်ပသွားသည်။ လေကို သူရှူသွင်းလိုက်သည့်အခါ ကောင်းကင်ရနံ့မြေခွေးဘုရင်၏ အမွှေးနံ့က သူ၏ နှလုံးသားထဲမှာ မှတ်သားခံလိုက်ရသည်။

ယခုသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ဒုတိယအကြိမ် သူတွေ့ဆုံခြင်း ဖြစ်၏။ ပထမတစ်ကြိမ်တွင် ထိုအမျိုးသမီးက သူ့ကို ရတနာသေတ္တာပေး၍ ယာယီကာကွယ်စောင့်ရှောက်ခိုင်းခဲ့သည်။ သို့သော် သူက ဆုလာဘ်အနေနှင့် စွမ်းအင်စုစည်းဆေးပုလင်းကိုလည်း ပေးသွားခဲ့သည်။ ထိုဆေးပုလင်းကြောင့်သာ သူက ယခုကဲ့သို့ မြန်ဆန်စွာ စွမ်းအားတိုးပွားလာခြင်းပင်။

ထို့ကြောင့် ထိုအမျိုးသမီးက သူ့ကို အသုံးချခဲ့သော်လည်း သူတို့ကြားမှာ မည်သည့်ရန်ငြိုးမှ မရှိပေ။ ယင်းအစား ထိုအမျိုးသမီးက သူ့ကို မြန်ဆန်စွာ ကြီးထွားနိုင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။

ယခုသည် ဒုတိယအကြိမ် ဖြစ်သည်။ ဤတစ်ကြိမ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သူ့ကို တန်ခိုးရှင်ချင်းယွမ်၏ လက်ထဲမှ ကယ်တင်ပေးခဲ့သည်။ အကယ်၍ ကောင်းကင်ရနံ့မြေခွေးဘုရင်သာ ကြားမဝင်ခဲ့လျှင် သူသည် ကြက်သွေးရောင်ကင်းခြေများဘုရင်ကဲ့သို့ အဖမ်းခံရလိမ့်မည်။

“ ပိုင်ယွဲ့… စုစု… ယွမ်ထျန်း… ယင်းခုန်း… ဒီကနေ အမြန်ထွက်ဖို့ လုပ်ဆောင်ကြပါ… မင်းတို့ရဲ့ အမြန်ဆုံးအလျင်ကို အသုံးပြုပြီး ဒီတောင်ကို ဖြတ်ကျော်ကြပါ ”

သီရှီထျန်က ထိုအကြောင်းကို သူ၏ စိတ်ထဲမှာသာ တွေးတောသည်။ သို့သော်လည်း ယခုအချိန်က ထိုအကြောင်းကို စဉ်းစားနေရမည့်အချိန် မဟုတ်ကြောင်း သူသိသည်။

ယခုအချိန်မှာ အရေးကြီးဆုံးသည် ဤနေရာမှ အမြန်ဆုံး ထွက်သွားပြီး တောင်ပိုင်းမြေရိုင်းဒေသဆီသို့ သွားရောက်ရန် ဖြစ်သည်။ စွမ်းအားသည်တော့ အနှေးနှင့်အမြန် သူက သန်မာလာလိမ့်မည်။

“ ဝှစ် ”

ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များသည် သူတို့၏ မျိုးနွယ်စုကို မြန်ဆန်စွာ စုဝေးလိုက်ကြသည်။ ကင်းခြေများအုပ်စု၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် မျိုးနွယ်စုတိုင်းက သိသာသော ထိခိုက်ဆုံးရှုံးမှုကို ခံစားသွားကြရသည်။ သို့သော်လည်း သူတို့၏ အသက်ဓာတ်က မပြတ်တောက်သွားပေ။ သက်ဆိုင်ရာသားရဲဘုရင်များ၏ ဦးဆောင်မှုအောက်တွင် သူတို့က အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။

သီရှီထျန်သည် ချက်ချင်း မထွက်သွားပေ။ ယင်းအစား သူက သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး အစောနက သူဆုတ်ဖြဲခဲ့သော ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အစိတ်အပိုင်းတစ်ခုကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့ပြင် သူက ဘေးပတ်ဝန်းကျင်မှ ကင်းခြေများအလောင်းများကိုလည်း ကောက်ယူသိမ်းဆည်းလိုက်သည်။ သူက ဝမ်းသာပျော်ရွှင်သွားသည်။

ကင်းခြေများ၏ အသွေးအသားထဲမှာ အာဟာရဓာတ်အများကြီး ပါဝင်သည်။ ယင်းကို စားသုံးပြီး ကျင့်ကြံလျှင် တစ်စုံတစ်ယောက်၏ အသက်ဓာတ်က ပိုပြီးသန်စွမ်းလာလိမ့်မည်။ သို့ဖြစ်လေရာ သီရှီထျန်က ယခုကဲ့သို့ အခွင့်အလမ်းကောင်းတစ်ခုကို မည်သို့ကြောင့် လက်လွှတ်မည်နည်း။

ထို့ပြင် ကင်းခြေများ၏ အသွေးအသားကို သူစားသုံးခဲ့စဉ်တွင် သူ၏ မိစ္ဆာစွမ်းအားက သိသာစွာ တိုးပွားသွားခဲ့သည်။

အကြောင်းမှာ ကြက်သွေးရောင်ကင်းခြေများဘုရင်က မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း မသိထားသောကြောင့်ပင်။ ထို့ကြောင့် သူစားသုံးခဲ့သော သွေးအစာများမှ အာဟာရဓာတ်က သူ၏ အသွေးအသားနှင့် ပေါင်းစည်းသွားသည်။ သို့ဖြစ်၍ ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အသွေးအသားထဲမှာ စွမ်းအားအများကြီး ကိန်းအောင်းနေသည်။ ၎င်း၏ အသွေးအသားသည် “ အနောက်အရပ်သို့ ခရီးသွားခြင်း ”ဇာတ်လမ်းထဲမှ ထန်ကိုယ်တော်၏ အသွေးအသားကဲ့သို့ တန်ဖိုးကြီးမားသည်။ ယင်းက ကြီးမားသော အာဟာရဓာတ်ကို ထောက်ပံ့ပေးနိုင်၏။

ကင်းခြေများဘုရင်ဆီမှာ အစိတ်အပိုင်းတစ်ရာရှိသည်။ စက်ကရာသည် ကင်းခြေများဘုရင်၏ အစိတ်အပိုင်းတစ်ခုကို ဆုတ်ဖြဲခဲ့လေရာ ယခု သူက ကင်းခြေများဘုရင်၏ စွမ်းအားတစ်ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားသည်။ ထို့ပြင် သူ့အား တိုက်ခိုက်ခဲ့ကြသော ဧရာမကင်းခြေများသုံးကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း ရှိသေးသည်။ သူတို့သည် ဝိညာဉ်သားရဲဖြစ်လာရန် သိပ်မလိုတော့သော ကင်းခြေများများ ဖြစ်ကြသည်။

ထို့ကြောင့် သူတို့၏ အသွေးအသားများထဲမှာ အာဟာရဓာတ်အများကြီး ပါဝင်နေ၏။ ယင်းတို့ကို သီရှီထျန်ဝါးစားခဲ့စဉ်က သူ၏ ခန္ဓာကိုယ်က နွေးထွေးသွားပြီး အပူစီးကြောင်းတစ်ခုက သူ၏ ကိုယ်တွင်းအင်္ဂါများထဲမှာ စီးဆင်းသွားသည်။

“ ပုံမှန်ဆိုရင် သွေးအစာကို ကြာကြာ ငါမထိန်းသိမ်းနိုင်ဘူး… သွေးအစာထဲက စွမ်းအားက မြန်မြန် ကုန်ခမ်းသွားလိမ့်မယ်… ကံကောင်းစွာပဲ ငါ့မှာ သိုလှောင်အိတ်တစ်လုံး ရှိနေတယ်… သွေးအစာကို ထိန်းသိမ်းဖို့ ငါစိတ်ပူစရာမလိုတော့ဘူး… ဒါပေမဲ့ အဲ့ဒါတွေကို အမြန်ဆုံး စားပစ်တာက ပိုပြီးကောင်းလိမ့်မယ်… ဒီတောင်ကို ဖြတ်ကျော်ပြီးတဲ့အခါ ယာယီအနားယူဖို့အတွက် နေရာတစ်နေရာ ရှာဖွေရမယ်… ပြီးသွားရင် ကင်းခြေများအသွေးအသားထဲက စွမ်းအားကို ငါစုပ်ယူမယ် ”

သီရှီထျန်သည် သူ၏ ဘေးပတ်ဝန်းကျင်မှ ကင်းခြေများအလောင်းများကို သူ၏ သိုလှောင်အိတ်ထဲသို့ မြန်ဆန်စွာ ထည့်သွင်းလိုက်သည်။ သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်စရာနေရာ မရှိတော့သည့်အခါမှ သူက သားရဲအုပ်စုနောက်သို့ အမြန်ပြေးလိုက်သွားသည်။

ကင်းခြေများတောင်ပေါ်တွင် ကင်းခြေများအုပ်စုမှလွဲ၍ တခြားမည်သည့်တိရိစ္ဆာန်မှ မရှိပေ။ အစောနက ကင်းခြေများအများစုသည် သီရှီထျန်၏ ကျားဟိန်းသံအောက်မှာ သေဆုံးသွားကြသည်။ ထို့ပြင် ကြက်သွေးရောင်ကင်းခြေများဘုရင်သည် တန်ခိုးရှင်ချင်းယွမ်၏ ဖမ်းခေါ်သွားခြင်းခံလိုက်ရသည်။ ထို့ကြောင့် ယခု ဤတောင်ပေါ်မှာ သီရှီထျန်တို့အုပ်စုကို အန္တရာယ်ပေးနိုင်သောအရာ မရှိတော့ပေ။ ထို့ကြောင့် သူတို့က တောင်ကို ချောမွေ့စွာ ဖြတ်ကျော်သွားကြသည်။

သီရှီထျန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားများကို အသုံးပြု၍ ဘယ်ဘက်ပခုံးပေါ်မှ ဓားဒဏ်ရာကို သွေးတိတ်သွားရန် ကျုံ့လိုက်သည်။ မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ သူ၏ ဒဏ်ရာက မြန်ဆန်စွာ အနာကျက်သွားသည်။ ဤအခိုက်အတန့်မှာ ဒဏ်ရာထဲမှ သွေးက ခဲသွားသော်လည်း သန်စွမ်းကြံ့ခိုင်သော သူ၏ ရုပ်ခန္ဓာကိုယ်ကြောင့် ထိုမျှဒဏ်ရာလေးက သူ့အတွက် ပြဿနာမဟုတ်တော့ပေ။

ကင်းခြေများတောင်ကို ဖြတ်ကျော်ပြီး အချိန်တစ်ခဏကြာပြီးနောက် သူတို့က ရေအရင်းအမြစ်ရှိသော ချိုင့်ဝှမ်းတစ်ခုကို မြင်တွေ့သွားကြသည်။ နေရာပြောင်းရွှေ့နေသော ဧရာမသားရဲအုပ်စုသည် ခေတ္တအနားယူရန် ချိုင့်ဝှမ်းထဲမှာ ရပ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ဗိုက်ဖြည့်တင်းရန် သီရှီထျန် သယ်ဆောင်လာသော ကင်းခြေများများကို စားသောက်လိုက်ကြသည်။ အစာစားပြီးလျှင် သားရဲအများစုသည် ချိုင့်ဝှမ်းထဲမှာ လဲလျောင်းလိုက်ကြပြီး မျက်လုံးမှိတ်၍ အနားယူလိုက်ကြသည်။

ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး ဉာဏ်ကောင်းသော တိရိစ္ဆာန်တချို့က ချိုင့်ဝှမ်း၏ ဘေးပတ်ဝန်းကျင်မှာ စောင့်ကြပ်ပေးနေကြသည်။ သေးငယ်သော လှုပ်ရှားမှုသည်ပင် သူတို့၏ မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ပေ။ သီရှီထျန်သည် သူ၏ မိစ္ဆာစွမ်းအားကို အသုံးပြု၍ ချိုင့်ဝှမ်းထဲမှာ လှိုဏ်ဂူတစ်ခုကို တူးဖော်လိုက်သည်။ ဝံပုလွေဘုရင်ပိုင်ယွဲ့နှင့် မျောက်ဝံဘုရင်ယွမ်ထျန်းက လှိုဏ်ဂူ၏ ဝင်ပေါက်အရှေ့မှာ စောင့်ကြပ်ပေးနေကြသည်။

All Chapters