အခန်း (၆၀)
Vol. 4 Ch. 60
အခန်း(၆၀)
သီရှီထျန်သည် လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီး မြေကြီးပေါ်မှာ လဲလျောင်းလိုက်သည်။ သူက သိုလှောင်အိတ်ကို သူ့အရှေ့မှာ ချထားလိုက်သည်။
“ ကြက်သွေးရောင်ကင်းခြေများဘုရင်ရဲ့ အသွေးအသားထဲမှာ အာဟာရဓာတ်တွေ အများကြီး ပါရှိတယ်… အဲ့ဒါကို ငါစားလိုက်ရင် ငါ့ရဲ့ ဒဏ်ရာဟောင်းတွေအားလုံး အမြန်သက်သာသွားလိမ့်မယ်… အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာ ကြက်သွေးရောင်ကင်းခြေများဘုရင်ရဲ့ စွမ်းအားတစ်ရာခိုင်နှုန်း ပါရှိတယ်… အဲ့ဒါကို ငါစုပ်ယူလိုက်ရင် အရင်ကထက် ပိုပြီးသန်စွမ်းသွားလိမ့်မယ် ”
သီရှီထျန်သည် ကောင်းကင်ရနံ့မြေခွေးဘုရင်နှင့် တန်ခိုးရှင်ချင်းယွမ်ကြားမှ ကိစ္စကို စိတ်ထဲမှာ ယာယီမေ့ထားလိုက်သည်။ ယင်းကို သူသိထားလျှင်ပင် မည်သည့်အရာမှ မပြောင်းလဲသွားပေ။ သူ၏ တည်ရှိမှုက ထိုပုဂ္ဂိုလ်နှစ်ယောက်၏ အရှေ့မှာ ပုရွက်ဆိတ်ကဲ့သို့ သေးငယ်လှ၏။ ယင်းကို သူထိုင်တွေးနေရုံဖြင့် သူ၏ စွမ်းအားက တိုးမြှင့်သွားလိမ့်မည်မဟုတ်ချေ။ ယင်းက အရေးမပါသော ကိစ္စတွင် အချိန်ဖြုန်းနေခြင်းပင်။
ကိုယ့်ဘာသာ စွမ်းအားမြှင့်တင်ခြင်း။
ယင်းကသာ သူ့ကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်း ပေးလိမ့်မည်။
ကိုယ့်ဘာသာ စွမ်းအားမြှင့်တင်ခြင်းဖြင့်သာ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်လိမ့်မည်။ ကိုယ်တိုင်က အလုံအလောက် သန်စွမ်းမှသာလျှင် ကိုယ့်ဘေးပတ်ဝန်းကျင်မှ မိတ်ဆွေများကို ကာကွယ်ပေးနိုင်လိမ့်မည်။
ကောင်းကင်ရနံ့မြေခွေးဘုရင်နှင့် တန်ခိုးရှင်ချင်းယွမ်ကို သူမြင်တွေ့သွားစဉ် သီရှီထျန်သည် ချောက်ချားမှုကို အရင်ဆုံး မခံစားမိပေ။ ယင်းအစား အလွန်ပြင်းပြသော တိုက်ပွဲစိတ်ဆန္ဒကို သူခံစားမိသွားသည်။ တစ်နေ့ သူသည်လည်း ထိုသို့သန်မာလာလိမ့်မည်ဟု သူ့ကိုယ်သူ ကတိပေးလိုက်သည်။ သူ၏ တိုက်ပွဲစိတ်ဆန္ဒက မယိမ်းယိုင်သွားသရွေ့ ဤလောကတွင် သူက သေချာပေါက် သန်မာလာလိမ့်မည်။ မည်သည့်အရာကမှ သူ၏ တိုးတတ်မှုကို မဟန့်တားနိုင်ပေ။
“ ရွှတ် ”
သိုလှောင်အိတ်က အရောင်ဝင်းလက်သွားသည်။ ကျားဟိန်းသံကြောင့် သေဆုံးသွားသော ဧရာမကင်းခြေများတစ်ကောင်၏ အလောင်းက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထိုကင်းခြေများအလောင်း၏ ဘေးတွင် ကြီးမားသော အသားတုံးတစ်တုံး ရှိသည်။ ထိုအသားတုံးက ကြက်သွေးရောင်ကင်းခြေများဘုရင်ထံမှ ဖြစ်သည်။ ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ကျောအခွံက အလွန်မာကျောသော်လည်း အခွံအောက်မှ အသားက အလွန်နူးညံ့သည်။
“ ခရက် ”
သီရှီထျန်သည် တုံ့ဆိုင်းမနေပေ။ သူက အရွယ်အစားကြီးမားသော နောက်ဆုံးကင်းခြေများ၏ အလောင်းကို အရင်ဝါးစားလိုက်သည်။ ကင်းခြေများ၏ ကျောအခွံက အလွန်မာကျောသော်လည်း ယင်းက သီရှီထျန်၏ ချွန်ထက်သော သွားအစွယ်များကို မယှဉ်နိုင်ပေ။ ကင်းခြေများ၏ ခန္ဓာကိုယ်က အလွယ်တကူ ကွဲကြေသွားသည်။ အကြိမ်ရေအနည်းငယ် ဝါးစားပြီးနောက် ကင်းခြေများက အသားအပိုင်းအစအဖြစ် ပြောင်းလဲသွားသည်။
ကင်းခြေများသည် အာဟာရဓာတ်ကြွယ်ဝသည့်အပြင် ယင်းကို သူ၏ ပါးစပ်ထဲမှာ ဝါးစားနေစဉ် မွှေးပျံ့သော အနံ့က ထွက်ပေါ်လာသည်။ ထို့ပြင် ယင်း၏ အရသာက ချိုမြသည်။
“ ဂလု ”
ကင်းခြေများကို သူ၏ ဝမ်းဗိုက်ထဲသို့ မျိုချလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က ယင်းကို စတင်အစာခြေဖျက်လိုက်သည်။ နွေးထွေးသော အပူလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက စိတ်လှုပ်ရှားသော ခံစားမှုကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း သီရှီထျန်သည် ကျင့်ကြံခြင်းအခြေအနေသို့ ချက်ချင်း မဝင်ရောက်ပေ။
ယင်းအစား သူက ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို သူ၏ ကျားလက်သည်းဖြင့် ထိုးခွဲလိုက်ပြီး အထဲမှ အသားကို ဆွဲထုတ်လိုက်သည်။ ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ကျောအခွံက အလွန်မာကျောသည်။ ယင်းက ဧရာမကင်းခြေများ၏ ကျောအခွံနှင့် လုံးဝ ကွာခြားသည်။
ထို့ကြောင့် သီရှီထျန်သည် ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ကျောအခွံကို ဝါးမစားဝံ့ပေ။ ကျောအခွံထဲမှ အသားက သူ့အတွက် လုံလောက်ပေသည်။ ထို့ပြင် ကြက်သွေးရောင်ကင်းခြေများ၏ ကျောအခွံကို လက်နက်အဖြစ်လည်း ပြုလုပ်နိုင်ပေသည်။
“ ဂျွက် ဂျွက် ”
ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အသွေးအသားကို စက်ကရာက ဝါးစားလိုက်သည်။ ယင်း၏ အရသာနှင့် အမွှေးနံ့သည် အစောနက သူဝါးစားခဲ့သော ဧရာမကင်းခြေများ၏ အသွေးအသားထက် အဆပေါင်းများစွာ သာလွန်ပေသည်။ ယင်းက တစ်ခါစားပြီးတိုင်း ထပ်စားချင်စိတ် ဖြစ်ပေါ်စေသည်။ သူကိုယ်တိုင်သတိမထားမိခင်မှာ သူက ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အသွေးအသားတစ်ခုလုံးကို သူ၏ ဝမ်းဗိုက်ထဲသို့ မျိုချလိုက်လေသည်။
“ ဗုန်း ”
ကြက်သွေးရောင်ကင်းခြေများဘုရင်သည် မိစ္ဆာဖြစ်လာရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ သို့သော်လည်း သူက မိစ္ဆာစွမ်းအားကို မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း မသိပေ။ ထို့ကြောင့် သူ၏ စွမ်းအင်အားလုံးက သူ၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေ၏။
ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အသွေးအသားကို သူစားလိုက်သည့်အခါ ပမာဏအလွန်များပြားသော ဝိညာဉ်စွမ်းအားက ကင်းခြေများဘုရင်၏ အသွေးအသားထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ပြင်းထန်ကြမ်းတမ်းသော အပူလှိုင်းတစ်ခုက သားရိုင်းတစ်ကောင်ပမာ သူ၏ ဝမ်းဗိုက်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှာ ပရမ်းပတာ စီးဆင်းသွားသည်။
ဤသည်မှာ အပူလှိုင်းက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားချင်နေသည့်အလားပင်။
“ ဘယ်လောက်သန်မာလိုက်တဲ့ စွမ်းအားအနှစ်သာရလဲ ”
ယင်းကို သီရှီထျန် အာရုံခံမိသောအခါ သူမအံ့ဩသွားပေ။ ယင်းအစား သူက ဝမ်းသာပျော်ရွှင်သွားသည်။ သူက မြန်ဆန်စွာ မျက်လုံးမှိတ်လိုက်ပြီး “ ကျားဟိန်းသံကျင့်စဉ် ”ကို စတင်လှည့်ပတ်လိုက်သည်။ သူက သွေးချီအနှစ်သာရကို သူ၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအားလုံးဆီသို့ ပို့ဆောင်လိုက်ပြီး သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ စီးဆင်းသွားစေသည်။
မိစ္ဆာကျင့်ကြံသူများအတွက်တော့ သွေးအစာသည် ဤလောက၏ အကောင်းဆုံး အာဟာရဓာတ်စာ ဖြစ်သည်။ သွေးချီအနှစ်သာရသည် သက်ရှိတစ်ကောင်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားအနှစ်သာရ ဖြစ်၏။ ယင်းကို စုပ်ယူရန် မခက်ခဲပေ။ သွေးချီအနှစ်သာရကို စုပ်ယူသည့်အခါ တစ်စုံတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်စွမ်းသွားလိမ့်မည်။
“ ကျားဟိန်းသံကျင့်စဉ် ”၏ လမ်းညွှန်မှုအောက်မှာ သွေးချီအနှစ်သာရ၏ တစ်စိတ်တစ်ပိုင်းက သူ၏ မရီဒျန်များထဲမှာ စီးဆင်းသွားသည်။ ကျန်တစ်စိတ်တစ်ပိုင်းက သူ၏ အသွေးအသားနှင့် မြန်ဆန်စွာ ပေါင်းစပ်သွားသည်။ သွေးချီအနှစ်သာရက သူ၏ အသွေးအသားနှင့် ပေါင်းစပ်သွားသည့်အခါတိုင်း သူ၏ ရုပ်ခွန်အားက အနည်းငယ် တိုးမြှင့်သွားလိမ့်မည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက ပွင့်သွားကြသည်။ မဟူရာမိစ္ဆာစွမ်းအားက သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာပြီး သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် အနက်ရောင်မြူခိုးထုအဖြစ် သိပ်သည်းသွားသည်။ ထို့နောက် မြူခိုးထုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အနက်ရောင်မြူခိုးထုထဲတွင် သီရှီထျန်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် စတင်ပြောင်းလဲသွားသည်။ ဤတစ်ကြိမ် သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာသည်မှာ မိစ္ဆာစွမ်းအားချည်းသာ မဟုတ်ပေ။ မသန့်စင်သော အညစ်အကြေးသည်လည်း စိမ့်ထွက်လာသည်။ ယင်းတို့က နည်းနည်းချင်းစီ သူ၏ ခန္ဓာကိုယ်ထဲမှ စွန့်ထုတ်ခံလိုက်ရသည်။ အညစ်အကြေးများ ဖယ်ရှားသွားသည်နှင့် သူ၏ ခန္ဓာကိုယ်က ပိုပြီးသန်စွမ်းလာ၏။ ယခု သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီမှာ ကြီးမားသော အင်အားဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် ခန္ဓာကိုယ်အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းက သိသာစွာ တိုးမြှင့်သွားသည်။ သူ၏ အရေပြားပေါ်မှ အမွှေးအမျှင်များသည်ပင် အစဉ်အမြဲ သန်မာလာကြသည်။ ယင်းက သူ့အား ပိုပြီးသန်စွမ်းသော ခုခံကာကွယ်မှုကို ပေးလိမ့်မည်။
“ ဟူး ”
သီရှီထျန်သည် ညစ်ညမ်းသော လေပုပ်ကို သူ၏ ပါးစပ်မှ မှုတ်ထုတ်လိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် အနက်ရောင်မြူခိုးထုက တအိအိလှုပ်ယမ်းသွားသည်။ ဤတစ်ကြိမ်တွင် ဧရာမကင်းခြေများသုံးကောင်နှင့် ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အသွေးအသားထံမှ စွမ်းအားအနှစ်သာရက သူ၏ စိတ်ကူးထားမှုထက် အများကြီး ကျော်လွန်နေကြောင်း သီရှီထျန် ရှာတွေ့သွားသည်။
ယင်းကို သူစုပ်ယူလိုက်သည့်အခါ ပမာဏများပြားသော သွေးချီအနှစ်သာရက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီသို့ ဒလဟော စီးဆင်းသွားသည်။ ထိုမျှကြီးမားသော လှုံ့ဆော်မှုအောက်တွင် “ ကျားဟိန်းသံကျင့်စဉ် ”က တစ်ခါမှ မဖြစ်ပေါ်ဖူးသော အလျင်ဖြင့် သူ၏ မရီဒျန်များထဲမှာ စတင်လှည့်ပတ်သွားသည်။
သွေးချီအနှစ်သာရ၏ အဆက်မပြတ် အားဖြည့်ပေးမှုကြောင့် သူ၏ မရီဒျန်များထဲမှ မိစ္ဆာစွမ်းအားက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်ဖြင့် မြန်ဆန်စွာ တိုးပွားသွားသည်။ မိစ္ဆာစွမ်းအားက အချိန်တိုင်း သန်မာလာသည်။
သွေးချီအနှစ်သာရသည် သက်ရှိတိုင်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားအနှစ်သာရ ဖြစ်သည်။ ပမာဏများပြားသော သွေးချီအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့်အခါ အတိတ်မှာ သူရရှိခဲ့သော ဒဏ်ရာများက မြန်ဆန်စွာ သက်သာသွားသည်။ အက်ကွဲနေသော သူ၏ မရီဒျန်များသည်လည်း အမြန်ပြန်ကောင်းမွန်သွားသည်။ ထို့ပြင် ယင်းတို့က ယခင်ကထက် ပိုပြီးထူထဲသွားကြသည်။
ပမာဏများပြားသော သွေးချီအနှစ်သာရ၏ ထောက်ပံ့မှုအောက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက အဆက်မပြတ် တိုးပွားသွားသည်။
ထိုညတွင် ဝံပုလွေဘုရင်ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များသည် မျက်လုံးကျယ်ကျယ်ဖွင့်၍ လှိုဏ်ဂူကို ဂရုတစိုက် ကာကွယ်စောင့်ကြပ်ပေးနေကြသည်။ တစ်စုံတစ်ခုက လှိုဏ်ဂူထဲ၌ ကျင့်ကြံနေသော သူတို့၏ အရှင်ဘုရင်အား အနှောင့်အယှက်ပေးမည်ကို သူတို့က စိုးရိမ်နေကြသည်။
သီရှီထျန်၏ ခွန်အားကို မျက်မြင်တွေ့ပြီးနောက် သားရဲဘုရင်လေးပါးသည် သီရှီထျန်အပေါ် အပြည့်အဝ အညံ့ခံသွားကြသည်။ ယခု သူတို့က သီရှီထျန်ကို နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ကြောက်ရွံ့ရိုသေသွားကြသည်။ သူတို့က သူတို့၏ နေရာကို သိထားကြပြီး သီရှီထျန်ကို စစ်မှန်သော အရှင်ဘုရင်အဖြစ် သဘောထားလိုက်ကြသည်။ သို့ဖြစ်၍ သူတို့သည် ဤနေရာကို အနှောင့်အယှက်ပေးမည့် မည်သည့်မတော်တဆမှုကိုမှ ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ သူတို့သည် တာဝန်ပေးအပ်ခံထားရလျှင် ယင်းကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ကြလိမ့်မည်။
ထိုအခိုက်အတန့်မှာ လှိုဏ်ဂူထဲမှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။
စက်ကရာ၏ ခန္ဓာကိုယ်ကို အပြင်ဘက်မှ လွှမ်းခြုံထားသော မဟူရာမိစ္ဆာစွမ်းအင်အလွှာက ရုတ်တရက် ပြင်းထန်စွာ တုန်ယင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်မြူခိုးက တအိအိလှုပ်ခတ်သွားပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုကျယ်ပြန့်သွားသည်။ နောက်အခိုက်အတန့်မှာ မြူခိုးက လှိုဏ်ဂူ၏ မျက်နှာကြက်များ၊ နံရံများနှင့် တွေ့ဆုံသွားသည်။
“ ဘန်း ”
သက်ရောက်မှုက အလွန်ကြီးမားသည်။ ယင်းက လှိုဏ်ဂူတစ်ခုလုံးကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။ ကျယ်လောင်သော မြည်သံများက လှိုဏ်ဂူထဲမှာ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
“ ဘန်း ဘန်း ဘန်း ”
ယင်းက အဆုံးသတ်မဟုတ်ပေ။ မိစ္ဆာမြူခိုးသည် အပြင်သို့ မလွင့်ပြယ်သွားပေ။ ယင်းအစား မြူခိုးက တစ်နေရာတည်းမှာ မြန်ဆန်စွာ စုဝေးသွားသည်။ နောက်အခိုက်အတန့်မှာ လခြမ်းကွေးသဏ္ဍာန်ရှိသော အနက်ရောင်ဓားသွားများက လှိုဏ်ဂူထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ လခြမ်းကွေးဓားများသည် အနည်းငယ် တုန်ခါသွားကြပြီး တိုးညင်းသော တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ အေးစက်စက်အလင်းက လခြမ်းကွေးဓားများပေါ်မှာ ဖြတ်သန်းသွားသည့်အခါ ယင်းတို့က အရပ်မျက်နှာအသီးသီးဆီသို့ ပျံသန်းသွားကြသည်။ အေးစက်စက် အရှိန်အဝါနှင့်အတူ အနက်ရောင်အလင်းတန်းများက လေထဲမှာ ပေါ်လျှိုးလာကြသည်။
စုစုပေါင်း လခြမ်းကွေးဓားဆယ်လက် ရှိသည်။ ယင်းတို့က သီရှီထျန်၏ ဘေးပတ်ဝန်းကျင်၌ အပေါ်မှ အောက်သို့ ရွေ့လျားပျံဝဲနေကြသည်။ ယင်းတို့က လွန်စွာ ထက်ရှသော တိုက်ခိုက်စွမ်းအားကို ဖော်ပြနေကြသည်။
“ လွင့်ပြယ်စမ်း ”
သီရှီထျန်က စိတ်ထဲမှာ အော်လိုက်သည်။
လခြမ်းကွေးဓားဆယ်လက်က ပြင်းထန်စွာ တုန်ယင်သွားကြပြီး မြန်ဆန်စွာ လွင့်ပြယ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က အနက်ရောင်မြူခိုးဘောလုံးများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားကြသည်။
“ ကောင်းတယ်… အရမ်းကောင်းတယ်… ကြက်သွေးရောင်ကင်းခြေများဘုရင်က ဒီတစ်ကြိမ် ငါ့ကို ကြီးမားတဲ့ အကူအညီ ပေးလိုက်တာပဲ… ဒင်းရဲ့ အသွေးအသားတစ်ပိုင်းက ငါ့ကို တတိယအဆင့်ကို တိုက်ရိုက် ချိုးဖြတ်သွားစေတယ်… အခု မိစ္ဆာစွမ်းအားက ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ မရီဒျန်တွေထဲမှာ ပြည့်လျှံသွားပြီ… ဒါ့အပြင် မိစ္ဆာစွမ်းအားအပေါ် ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကလည်း နောက်တစ်ဆင့်ကို ရောက်သွားပြီ… အဲ့ဒါကြောင့် ငါက မြူခိုးဓားသွားဆိုတဲ့ တိုက်ကွက်အသစ်ကို ဆင်ခြင်နားလည်သွားခဲ့တယ်… အရင်ကထက်စာရင် အခု ငါ့ရဲ့ ခွန်အားက သိသိသာသာ တိုးတတ်သွားပြီ… အခု တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ငါ့ဘာသာ နာမည်တစ်ခုရအောင် လုပ်နိုင်ဖို့ ပိုပြီးယုံကြည်ချက်ရှိသွားပြီ ”
သူ၏ ခန္ဓာကိုယ်ထဲမှာ တသွင်သွင် စီးဆင်းနေသော မိစ္ဆာစွမ်းအားကို အာရုံခံမိသောအခါ သီရှီထျန်က အလွန်စိတ်လှုပ်ရှားသွားသည်။ ယခု သူက ကောင်းကင်ကို မျက်နှာမူ၍ ကျယ်လောင်စွာ ဟိန်းဟောက်ရန် စိတ်အားထက်သန်နေသည်။ ဤတစ်ကြိမ် ကြက်သွေးရောင်ကင်းခြေများဘုရင်ထံမှ သူရရှိခဲ့သော အကျိုးအမြတ်များက အလွန်အံ့ဖွယ်ကောင်းသည်။ အရင်ဆုံး သူ၏ ရုပ်ခန္ဓာကိုယ်က ယခင်ကထက် ပိုပြီးသန်မာသွားသည်။ ထို့ပြင် ယခင်က သူရရှိခဲ့သော ဒဏ်ရာများက အကုန်အစင် သက်သာပျောက်ကင်းသွားသည်။ မည်သည်လျှို့ဝှက်အန္တရာယ်မှ ကျန်မနေခဲ့ပေ။
ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားပမာဏက ကြီးမားစွာ တိုးမြှင့်သွားသည်။ ယခု ပမာဏအလွန်များပြားသော မိစ္ဆာစွမ်းအားက သူ၏ မရီဒျန်အားလုံးထဲမှာ ပြည့်လျှံနေသည်။ သူ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ပြည့်လျှံနေကြောင်း သူအာရုံခံနိုင်၏။ အကယ်၍ ယခုအချိန်မှာ ကြက်သွေးရောင်ကင်းခြေများဘုရင်ဖြင့် နောက်တစ်ကြိမ် သူတိုက်ခိုက်မည်ဆိုလျှင် သူက မည်သည့်ဒဏ်ရာမှမရဘဲ တစ်ဖက်လူကို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု ခံစားမိသည်။