စျေးဝယ်ထွက်ခြင်း
Vol. 2 Ch. 14
ညစာစားပြီးနောက် ဖန့်ရှီက ပန်းကန်များကို သပ်ရပ်အောင် ဆေးကြောရန် ပြန်ယူသွားခဲ့သည်။ သူမ မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့် သူမတို့မိသားစုနှင့်မဆိုင်သော ပန်းကန်လုံးတစ်လုံးကို သူမတို့၏မီးဖိုချောင်ထဲတွင် ရုတ်တရက် တွေ့လိုက်ရသည်။ သူမက ထိုပန်းကန်လုံးကို ကောက်ယူလိုက်ပြီး အနီးကပ် စစ်ဆေးကြည့်လိုက်ရာ ပန်းကန်လုံး၏နှုတ်ခမ်းသားတွင် အက်ကွဲရာအသေးလေးတစ်ခုကို တွေ့လိုက်ရပြီး ထိုနေရာမှ အောက်ဘက်သို့ လက်သည်းခွံအရှည်လောက် ဆင်းသွားသော အက်ကွဲရာတစ်ခုရှိနေသည်ကို ထပ်တွေ့လိုက်ရသည်။
စုန့်မိသားစုက ငွေကြေးမချို့တဲ့ဘဲ အတန်အသင့် ကြွယ်ဝသည်ဟု ဆိုနိုင်သော်လည်း သူတို့က ခြွေတာခြင်းနှင့် ဂရုတစိုက်ရှိခြင်းအတွက် ဂုဏ်ယူကြသည်။ ထို့ကြောင့် သူတို့က ပန်းကန်ဆေးသည့် အချိန်တွင် သူတို့ပန်းကန်လုံးများ အလွန်ဂရုတစိုက် ဆေးကြောလေ့ရှိကြသည်။ အကယ်၍ ပန်းကန်လုံးတစ်လုံး မတော်တဆ ကွဲသွားလျှင်လည်း သူတို့က ၎င်းကို အခြေခံအားဖြင့် စုံစီနဖာပစ္စည်းများ ထည့်ရန်သာ အသုံးပြုမည် ဖြစ်ပြီး နေ့စဥ်အသုံးပြုရန်အတွက် မထားတော့ဘဲ ဖယ်ထုတ်လိုက်မည် ဖြစ်သည်။ သို့မဟုတ်ပါက၊ အက်ကွဲနေသောအစွန်းက သူတို့လက် သို့မဟုတ် ပါးစပ်များကို ထိခိုက်စေပါက အမြတ်ထက် ဆုံးရှုံးမှုက ပိုများမည်ဖြစ်သည်။
အဲ့တော့ ဒီပန်းကန်လုံးက ဘယ်သူရဲ့ပန်းကန်လုံးလဲ? ဘာလို့ သူတို့ရဲ့မီးဖိုချောင်ထဲကို ရောက်နေရတာလဲ?
ဖန့်ရှီတစ်ယောက် သူမစိတ်ထဲမှ မေးခွန်းများဖြင့် အတွေးထဲနစ်နေချိန်တွင် စုန့်တင်းရှန်းက သူမ၏အမေကို ကူညီပေးနေခဲ့သည်။ ဖန့်ရှီက သူမ၏ခေါင်းကို ငုံကာ ပန်းကန်လုံးတစ်လုံးအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် စုန့်တင်းရှန်းက "အမေ၊ ဒီပန်းကန်လုံးက ဘာဖြစ်နေလို့လဲ?"
ဖန့်ရှီက အေးစက်စွာ နှာမှုတ်လိုက်ပြီး ထိုပန်းကန်ကို စားပွဲပေါ် ပြန်တင်လိုက်ကာ သူမနှုတ်ခမ်းများမှ မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမက ရှင်းလင်းပြတ်သားသော အသံစူးစူးဖြင့် လှောင်ပြောင်နေသေးသည်။ "ဒီပန်းကန်လုံးကို ဘယ်သူ့ရဲ့မိသားစုက ပိုင်မယ်လို့ မင်း ထင်လဲ? အဲဒီမိသားစုက အရမ်းရိုးသားလို့ ဆင်းရဲတွင်း နက်နေတယ်လို့ အမေ ထင်ခဲ့ဖူးတယ်၊ ဒါကြောင့် အမေက သူတို့ကို အမြဲတမ်း ကူညီပေးချင်ခဲ့တယ်။ အခုတော့ ကြည့်လိုက်ပါဦး... တကယ်တော့ အဲ့ဒါက သူတို့နဲ့ ထိုက်တန်တဲ့အရာပဲ၊ သူတို့မိသားစုက ဆင်းရဲဖို့ ထိုက်တန်တယ်၊ သူတို့ မိသားစုဝင်တိုင်းက သစ္စာမဲ့ပြီး ရိုးသားမှုဆိုတာ လုံးဝ မရှိကြဘူး"
သူမ၏စကားများတွင် လတ်ဆတ်သော နာကြည်းမှုများကို သယ်ဆောင်ထားခဲ့သည်။
အရင်တုန်းက စုန့်လောင်စန်းရဲ့မိသားစုက လူတွေက ဘယ်လိုလူမျိုးလဲဆိုတာကို သူမ မသိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့တွေ သီးခြားမိသားစုတွေအဖြစ် ခွဲခွာပြီးကတည်းက အဆက်အသွယ်သိပ်မရှိတာလည်း အမှန်ပဲ။ ပွဲလမ်းသဘင်တွေ ရှိမှပဲ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ခဲ့ကြတယ်။ နေ့ထူးနေ့မြတ်တွေအတွက် လက်ဆောင်တွေ ပို့ရင်တော့ စုန့်လောင်စန်းရဲ့မိသားစုက ဆင်းရဲတာကြောင့် အခြားမိသားစုတွေထက် သူတို့ကို ပိုပြီး လက်ဆောင်တွေ ပေးခဲ့ဖူးတယ်။ အဲ့တာကို သူမအနေနဲ့ သူတို့ကို ပံ့ပိုးပေးတယ်လို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် စုန့်ထောင်ဟုန်က အရမ်းစည်းကျော်ခဲ့တယ်။ စုန့်ထောင်ဟုန်က သူမရဲ့သမီးကို ရေထဲတွန်းချခဲ့ပြီး သူမသမီးရဲ့အိမ်ထောင်ရေးကို လုယက်သွားခဲ့တယ်။ အဲ့အဖြစ်အပျက်အပြီးမှာ စုန့်လောင်စန်းရဲ့မိသားစုအပေါ်မှာ ရှိတဲ့ သူမရဲ့အမြင်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ။
စုန့်တင်းရှန်းက စိတ်ဆိုးနေပုံရသော သူမ၏မိခင်နှင့် စားပွဲပေါ်မှ ပန်းကန်လုံးကို ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲသို့ သဲလွန်စတစ်ခု ဝင်ရောက်လာခဲ့သည်။ သူမက အပြုံးလေးဖြင့် "အမေ၊ ကျွန်မတို့ အခုကစပြီး တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် နည်းသွားမှာ သေချာတယ်။ ဒီပန်းကန်လုံးကို အဖွားကို ပြလိုက်ပါ၊ အဲ့တာဆို ကျွန်မတို့ မိသားစုက လူတိုင်းလည်း သူတို့အကြောင်းကို သေချာပေါက် သိသွားလိမ့်မယ်"
ထိုအချိန်တွင် ပင်မခန်းထဲမှ အမျိုးသားများအားလုံးက ခန်ပေါ်တွင် စကားစမြည် ပြောနေဆဲဖြစ်ကာ စုန့်တင်းရှန်းက အဘွားစုန့်ကို ပြရန် ပန်းကန်လုံးကို ယူသွားခဲ့သည်။ အဘွားစုန့်က ထိုပန်းကန်လုံးကို တစ်ချက်ကြည့်လိုက်ပြီး "ဒါက ဘာမှ မဟုတ်ပါဘူး။ အခုက နှစ်သစ်ကူးပဲ မဟုတ်လား။ ဒီပန်းကန်ကို နောက်မှ ပြန်ပို့ပေးပြီး ဆုံးရှုံးမှုကို ပြန်ဖာထေးကြမယ်။ မင်းအမေကို ဒီသေးသေးလေးအတွက် စိတ်မဆိုးနဲ့လို့ ပြောလိုက်။ မဟုတ်ရင် ကိုယ့်ဒေါသနဲ့ကိုယ် ပင်ပန်းနေရလိမ့်မယ်"
အင်း...အပြုအမူက စကားလုံးတွေထက် ပိုထိရောက်တာပေါ့.... အဲ့တာကြောင့် ဂျင်းက ပိုရင့်လေ ပိုစပ်လေလို့ ပြောကြတာထင်ပါရဲ့.....
စုန့်တင်းရှန်းက ပြုံးလိုက်ပြီး "အမေက တကယ်ကို စိတ်ဆိုးနေတာ။ ဒါကို သတိမထားမိဘဲ စားပွဲပေါ်ကို တင်မိရင် ကျွန်မတို့ မိသားစုက တစ်ယောက်ယောက်ရဲ့နှုတ်ခမ်းကို ရှသွားစေနိုင်တယ်လို့ အမေက ပြောနေတယ်”
ကျန်းရှီကလည်း ထိုပန်းကန်ကို လှမ်းကြည့်လိုက်ပြီး "ဒါဟာ ငါတို့မိသားစုက အကြီးဆုံးသားရဲ့ ပေါ့လျော့မှုပဲ။ သူ့ကို ငါးကြော် ပို့ခိုင်းလိုက်တာ ပဲ့နေတဲ့ပန်းကန်တောင် ပြန်ယူလာခဲ့တယ်၊ ဘယ်လိုလုပ်ပြီး သူများကို အပြစ်တင်နိုင်မှာလဲ?”
အဘွားစုန့်က သူမ၏ဟောင်းနွမ်းနေသော အဝတ်အစားများကို ဖြည်းညှင်းစွာ ပြန်ချုပ်နေရင်း “ယောက်ျားလေးတွေက ဒါမျိုးတွေကို ဘယ်လို သတိထားမိမှာလဲ? ဘာပဲဖြစ်ဖြစ် သူတို့မိသားစုက ဘယ်လိုမျိုးလဲဆိုတာ ငါတို့ သိရတာပေါ့၊ အဲဒါကို အော်ပြောနေစရာ မလိုပါဘူး။ လူတိုင်းသိအောင် ပြောပြဖို့လည်း မလိုဘူး။ ငါတို့က မျိုးရိုးတစ်ခုတည်း ဖြစ်နေသေးတော့ ပြင်ပလူတွေကို ပြောပြတာက အပြင်လူတွေ ငါတို့ကို ဟာသလုပ်ဖို့ အခွင့်အရေး ပေးလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက စုန့်မိသားစုတွေ ဖြစ်နေတုန်းပဲ”
စုန့်တင်းရှန်းက ထိုအကြံကို သဘောတူလိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်ကာ “ဒါဆို သမီး အမေကို သွားပြောလိုက်ဦးမယ်။ အမေက အပြင်ထွက်ပြီး သူ(မ)ရဲ့ ဒေါသကို ဖေါက်ခွဲလိုက်ရင် တခြားလူတွေကို ရယ်ကြလိမ့်မယ်”
လီရှီက ရယ်မောလိုက်ပြီး “မင်း မင်းရဲ့အမေကို အဲ့လောက် အထင်မသေးနဲ့။ မင်းအမေက အိမ်မှာ အသံကျယ်ပေမယ့် အပြင်ထွက်တဲ့အခါ အရမ်းဥာဏ်ကောင်းတယ်။ မင်းလည်း မင်းရဲ့အမေဆီကနေ သင်ယူရမယ်။ မင်းအမေက အမြဲစူပူနေတာတွေကို မင်း မကြည့်ပါနဲ့။ အဲ့တာက သူ့(မ)ရဲ့စိတ်က အရမ်းရိုးဖြောင့်နေလို့ပဲ။ သတိမထားမိရင်တော့ ရယ်စရာကောင်းတယ်လို့ ထင်နေလိမ့်မယ်”
စုန့်တင်းရှန်းက ပြုံးလိုက်ပြီး ပန်းကန်လုံးကို ကိုင်ကာ ပြန်ထွက်သွားခဲ့သည်။
ကျန်းရှီက “ကျွန်မရဲ့ အကြီးဆုံးသားကိုတော့ စကားနည်းနည်း ပြောမှ ဖြစ်မယ်။ သူ ပြန်လာတဲ့အချိန်မှာ ပန်းကန်လုံးကို ကောင်းကောင်း မကြည့်ခဲ့ဘူး။ ဒီအတိုင်း မီးဖိုချောင်ထဲကို ပစ်ထည့်ထားလိုက်တယ်။ ဒုတိယအဒေါ်ကသာ မမြင်ခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်သွားတာကို ကျွန်မတို့ သိလိုက်ရမှာ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် သူမက သူမ၏ချွေးမနှစ်ယောက်နှင့် သမီးကို ကြည့်လိုက်ပြီး “နောင်မှာ အဲ့မိသားစုနဲ့ စကား အများကြီး မပြောကြနဲ့၊ အဲဒီမိသားစုက မင်းတို့ကို လှည့်စားဖို့ အခွင့်အရေးကို မပေးမိစေနဲ့။ နားလည်ကြလား?"
သူမ၏သမီးနှင့် ချွေးမနှစ်ယောက်လုံးက ခေါင်းညိတ်ပြလိုက်ကြသည်။ သူမ၏ ချွေးမတစ်ယောက်နှင့် ကျင်းချောင်းအာတို့ နှစ်ယောက်စလုံးတွင် ကိုယ်ဝန်ရှိနေကြပြီး သူမတို့၏သန္ဓေသားများက နုနယ်သေးသောကြောင့် ဖန့်ရှီနှင့် ကျန်းရှီတို့က သူမတို့ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေကသည်။ ကျန်းရှီက သူမ၏ချွေးမထံတွင် အမှားအယွင်း ရှိလာမည်ကို စိုးရိမ်သောကြောင့် သူမကို ကြီးကြီးမားမားအလုပ်များ လုပ်ခွင့်မပေးဘဲ ကျင်းချောင်းအာနှင့်အတူ ခန်ပေါ်တွင် နေစေပြီး အပ်ချုပ်ရုံလောက်သာ ခွင့်ပြုထားခဲ့သည်။
အဘွားစုန့်က သက်ပြင်းချလိုက်ပြီး "ဖန့်ရှီကလည်း နည်းနည်း စိတ်ဆိုးနေလို့ပါ။ စုန့်ထောင်ဟုန်နဲ့ ရှမိသားစုကြောင့် ဖြစ်ပျက်ခဲ့တဲ့အရာတွေက သူ(မ)ကို စိတ်ပျက်စေခဲ့တယ်။ နောက်ပြီး မင်းတို့ရဲ့တတိယဦးလေးမိသားစုကတော့... အင်း.. သူတို့ကို ဘာမှ မတက်နိုင်တော့ဘူး... မျှော်လင့်ချက်ကင်းမဲ့သွားပြီ၊ ဖန့်ရှီကလည်း တခြားသူတွေကို အပြစ်တင်မှာ မဟုတ်ဘူး။ ဒီအကြောင်းတွေ တာ့လီကို မပြောနဲ့တော့။ မလိုအပ်ဘဲ ကလေးကို စိတ်မသက်မသာ ဖြစ်စေလိမ့်မယ်"
ကျန်းရှီက ခဏလောက်စဉ်းစားနေပြီးမှ သဘောတူလိုက်သည်။
နောက်ထပ် နှစ်ရက်ခန့် အကြာတွင် စုန့်ကျစ်ယွမ်နှင့် သူ့၏သား စုန့်ကျွင်းရှန်တို့က ညလယ်ခေါင်တွင် ဖုန်အလူးလူးဖြင့် အိမ်သို့ ပြန်ရော်လာကြသည်။ သူတို့ကို မြင်လိုက်ချိန်တွင် ဖန့်ရှီက အရမ်းပျော်သွားပြီး သူမနှင့် သူမ၏ချွေးမတို့က ခင်ပွန်းသည်များအတွက် ရေနွေးကျိပေးရန်နှင့် သန့်ရှင်းသောအဝတ်အစားကို ယူပေးရန် အလုပ်များသွားကြသည်။
စုန့်ကျစ်ယွမ်က သူ့၏အင်္ကျီလက်ထဲမှ ဖောင်းကားနေသည့် ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခန်ပေါ်ပစ်ချလိုက်သောကြောင့် လေးလံသောအသံများ ထွက်ပေါ်လာသည်။ သူက ပြုံးနေပြီး “မနက်ဖြန် မြို့ထဲမှာ ဈေးရှိလိမ့်မယ်။ အဲ့တာကြောင့် ငါတို့နှစ်ယောက် အမြန်ပြလာတာ... ဒါကို ယူ... ဒါကို ယူသွားပြီး မင်းတို့ လိုအပ်တာတွေ ဝယ်ကြ"
ဖန့်ရှီက ခင်ပွန်းဖြစ်သူ ပစ်ချပေးလိုက်သည့် ပိုက်ဆံအိတ်ကို ကောက်ယူကာ ကြိုးဖြည်လိုက်ပြီး(အိတ်က ရှုံအိတ်ထင်တယ်) ကြေးဒင်္ဂါးပြားများနှင့် ငွေဒင်္ဂါးပြားများကို သွန်ချလိုက်သည်။ ထို့နောက် သူမက ငွေဒင်္ဂါးပြားတစ်ချို့ကို ကောက်ကိုင်လိုက်ပြီး ချောင်းရှီလက်ထဲသို့ ထည့်ပေးလိုက်ကာ "လျူအာ၊ မင်း မနက်ဖြန် မင်းရဲ့ယောက်ျားနဲ့ ကလေးတွေအတွက် တစ်ခုခုဝယ်ဖို့ ဒါကို သုံးလိုက်။ ငါက နှစ်သစ်ကူးအတွက် ပစ္စည်းတွေ ဝယ်ရဦးမယ်။ အသေးအမွှားကိစ္စတွေမျာ ငါ မင်းကို မကူညီနိုင်တော့ဘူး”
ချောင်းရှီက သူမယောက္ခမ၏ရက်ရောမှုကို ကျင့်သားရနေသည်မှာ ကြာနေပြီ ဖြစ်သည်။
သူမ ပထမဆုံး အိမ်ထောင်ကျတဲ့ ကာလတွေမှာ သူမရဲ့ယောက္ခမက သူမလက်ထဲကို အဲလိုငွေတွေ ထည့်ပေးခဲ့တာကြောင့် သူမ သေလုနီးပါးကြောက်လန့်ခဲ့ရတယ်။ နောက်ပိုင်းမှာ ဒါက စုန့်မိသားစုရဲ့ဓလေ့ဆိုတာ သူမ သိလာရတယ်။ သူမရဲ့ယောက္ခမက ပမဏများပြားတဲ့ငွေကိုပဲ ကိုင်ဆောင်ထားတက်ပြီး သေးငယ်တဲ့ဝေစုကို သားသမီးတွေအတွက် ခွဲဝေပေးတက်တယ်။ လူတိုင်းအတွက် ဝေစုတစ်ခုစီ ရှိပြီး ကိုယ်လိုအပ်တဲ့အရာတွေကို စိတ်ကြိုက် ဝယ်ယူနိုင်တယ်။ အဲ့ဒါကြောင့် နောက်ပိုင်း ဖန့်ရှီက သူမကို ပိုက်ဆံပေးရင် သူမ အေးအေးဆေးဆေး လက်ခံနိုင်လာခဲ့တယ်။
တကယ်တော့ သူမကိုယ်တိုင်လည်း ငွေအနည်းငယ် စုဆောင်းမိနေပါပြီ။ သူမ ယောက္ခမရဲ့ကလေးတွေ အကုန်လုံး ကြီးပြင်းလာရင် ကိုယ်ပိုင်မိသားစုတွေ ခွဲခွာကြရမှာပါ။ အဲ့တာကြောင့် သူမတို့မိသားစုကို တစ်သက်လုံး ကျွေးမွေးစောင့်ရှောက်ပေးထားဖို့ သူမရဲ့ယောက္ခမတွေကို မှီခိုအားကိုးနေလို့ မရတော့ဘူးဆိုတာကို သူမ နားလည်နေပြီ။
အထူးသဖြင့် သူမရဲ့သားအကြီးက အသက်နှစ်နှစ်ကျော် သုံးနှစ်နီးပါးရှိနေပြီပြီတော့ အသက်သုံးနှစ်ကျော်လောက်မှာ သူ့ကို ကျောင်းပို့ဖို့ စိတ်ကူးထားတယ်။ ယောက္ခမဖြစ်သူက သူမ သားရဲ့ကျောင်းစရိတ်ကို ပေးမယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမကိုယ်တိုင်က မယူချင်တော့ဘူး။
အခုလည်း ဒါက သူမရဲ့ယောက္ခမက သူမတို့ရဲ့မိသားစုငယ်လေးအတွက် ငွေစုဖို့ အခွင့်အရေးတစ်ခုပေးနေတယ်ဆိုတာကို သူမ နားလည်ပါတယ်။
ဖန့်ရှီက ကျန်ငွေများကို တဖြည်းဖြည်း ရေတွက်နေပြီး ငွေစများကို သတ္တာထဲသို့ သေသေချာချာ စီထည့်ကာ ကြေးနီဒင်္ဂါးပြားများကို ကြိုးနီကြိုးဖြင့် စည်းလိုက်သည်။ ထို့နောက် ကြေးနီဒင်္ဂါးတစ်ရာစီပါရှိသည့် ကြိုးတစ်ခုစီကို သေတ္တာထဲသို့ သေသေသပ်သပ် ထပ်ထည့်လိုက်ပြီး ငွေစာရင်းစာအုပ်ကို ထုတ်ယူကာ ကောက်ကောက်ကွေ့ကွေ့ စာလုံးများကို ချရေးလိုက်သည်။
ဖန့်ရှီ၏မိသားစုက စာမတတ်ကြသောကြောင့် ဖန့်ရှီကလည်း အစောပိုင်းတွင် စာမသင်ဖူးခဲ့ပေ။ နောက်ပိုင်းတွင် သူမက စုန့်မိသားစုထဲသို့ ဝင်ရောက်လာခဲ့ပြီး စုန့်မိသားစုဝင်အားလုံးက စကားလုံးအချို့ သိနေကြသည်ကို သူမ တွေ့ခဲ့ရသည်။ မိသားစုထဲမှ စကားလုံးအနည်းငယ်သာ သိသော အဘွားစုန့်ပင်လျှင် ငွေစာရင်းစာအုပ်ကို ကိုင်တွယ်နိုင်ခဲ့သည်။ ထို့ကြောင့် သူမလည်း စကားလုံးအနည်းငယ် သင်ယူခဲ့ပြီး သူမ၏စာရင်းမှတ်သားခြင်း အလေ့အထကတော့ ယောက္ခမဖြစ်သူက အဘွားစုန့်က သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူမက သူမ၏ချွေးမကို တဆင့် ပြန်သင်ကြားပေးနေပြီ ဖြစ်သည်။
စုန့်ကျစ်ယွမ်က ရေချိုးပြီးသည်နှင့် ခန်ပေါ်တွင် တက်ထိုင်လိုက်ပြီး "လွန်ခဲ့တဲ့ရက်အနည်းငယ်က ပိုက်ဆံတွေ အများကြီး ရခဲ့ပေမယ့် ငါတို့ အရမ်းပင်ပန်းခဲ့ကြတယ်။ တာ့ရှန်နဲ့ ငါနဲ့ ညဘက်တွေတောင် ကောင်းကောင်း မအိပ်ခဲ့ရဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အိမ်မပြန်နိုင်တော့ ငါ့စိတ်က အိမ်ကိုပဲ ရောက်နေတယ်။ ဒီရက်ပိုင်း အိမ်မှာ တစ်ခုခု ဖြစ်သေးလား?”
ရာသီဥတုက အေးနေချိန်တွင် လူကြီးများ၏အခန်းထဲမှ ခန်က အနွေးဆုံး ဖြစ်သည်။ ထင်းချွေတာရန်အတွက် ကလေးများအားလုံးက သူတို့၏ အဘိုးအဘွားများနှင့်အတူ ကျပ်ကျပ်သိပ်သိပ် ဝင်တိုးနေကြသည်။ ဖန့်ရှီက ခန်၏အလယ်တွင် ကန့်လန့်ကာတစ်ခု ဆွဲထားခဲ့ပြီး သူမနှင့် စုန့်ကျစ်ယွမ်တို့က ခန်၏ခေါင်းရင်းဘက်တွင် အိပ်ကြသောကြောင့် စုန့်ကျွင်းရှန်နှင့် ချောင်းရှီတို့က ခန်၏အောက်ဘက်တွင် အိပ်ကြရသည်။ ရွာသူရွာသား တော်တော်များများက ထိုကဲ့သို့ ပြုမူလေ့ရှိကြပြီး ပထမအကြောင်းရင်းတစ်ခုမှာ ဆောင်းရာသီတွင် ထင်းချွေတာရန်ဖြစ်သည်။ အခြားအကြောင်းရင်းက မိသားစုတစ်ခုလုံး စုဝေးပြီး အိပ်စက်ကြသောကြောင့် နွေးနွေးထွေးထွေး အိပ်နိုင်ခြင်း ဖြစ်သည်။ အချို့လူများက အိပ်ရာမဝင်မီ ထင်းထည့်ထားပြီး မိုးလင်းသည့်တိုင်အောင် အိပ်လေ့ရှိကြသော်လည်း စုန့်ရှင်းယိ၏မိသားစုကတော့ ရံဖန်ရံခါ ညသန်းခေါင်တွင် ထကာ ထင်းထပ်ထည့်ကြသောကြောင့် ပို၍ အနွေးဓာတ် ရစေနိုင်သည်။ ဤနည်းအားဖြင့် အိမ်က အမြဲနွေးထွေးနေပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများ အလွယ်တကူ အအေးမမိနိုင်သလို ညအိပ်နေရင်း အေးခဲသွားမည်လည်း မဟုတ်ပေ။
ရှင်းရှင်းလင်းလင်း ပြောရလျှင် သူတို့မိသားစုမှ လူများက လုံ့လဝီရိယ ရှိကြပြီး တစ်နှစ်ပတ်လုံး ထင်းများကို စုဆောင်းထားခြင်းကြောင့် ထိုသို့ လုပ်နိုင်ခြင်း ဖြစ်သည်။ မိသားစုဝင်များက ပျင်းနေလျှင် ဆောင်းရာသီ၌ အေးခဲပြီး သေရန် စောင့်ဆိုင်းနေရမည် ဖြစ်သည်။
"အိမ်မှာ အားလုံးက တော်တော် အဆင်ပြေပါတယ်..." ဖန့်ရှီက ခဏလောက် စဉ်းစားနေပြီးမှ စုန့်လောင်စန်း၏မိသားစုမှ ပန်းကန်လုံးအပဲ့ ပြန်ပေးလိုက်ကြောင်း နှင့် ဒုတိယသမီးက အိမ်အတွက် သုံးရမည့်ငွေကို ဆိုင်တစ်ဆိုင် ဝယ်ရန် အတွေးရှိနေကြောင်း ခင်ပွန်းဖြစ်သူကို ပြောပြလိုက်သည်။
စုန့်ကျစ်ယွမ်က သက်ပြင်းနှစ်ရှိုက်လောက် မှုတ်ထုတ်လိုက်သည်။
သူက မျိုးဆက်အငယ် ဖြစ်နေတာကြောင့် တတိယဦးလေးရဲ့မကောင်းကြောင်းကို ပြောဖို့ တော်တော် ခက်ခဲတယ်။ ဒါပေမယ့် သူရဲ့အကိုဝမ်းကွဲဖြစ်တဲ့ စုန့်လောင်ပါ့ကတော့ သူ ကြိမ်းမောင်းလို့ ရသေးတယ်။
စုန့်ကျစ်ယွမ်က "သူတို့ မိသားစုက လူတွေကို ငါ ဘယ်တော့မှ မပတ်သတ်တော့ဘူး။ ဒါပေမယ့် သူတို့က တယောက်ပြီး တယောက်အရှုပ်တွေ လုပ်နေကြတယ်၊ တကယ်ကို ခေါင်းကိုက်စရာပဲ"
သူက ခဏလောက် စကားရပ်သွားပြီး ဆိုင်အကြောင်းကို တွေးလိုက်မိသောကြောင့် "ဘာပဲဖြစ်ဖြစ် ဒါက ကျိုးဇီရလာတဲ့ ပိုက်ဆံပဲ။ အိမ်ဆောက်တာပဲ ဖြစ်ဖြစ်၊ ဆိုင်ဝယ်တာပဲ ဖြစ်ဖြစ်၊ ငါတို့က သူ့ရဲ့အမြင်ကို မေးသင့်တယ်"
ဖန့်ရှီက “ကျူးဇီမှာ ဘာအမြင်ရှိမှာလဲ? သူက ကျွန်မတို့ရဲ့ အာ့နွီနဲ့ အိမ်ထောင်ကျပြီးကတည်းက ကျွန်မတို့ အာ့နွီရဲ့စကားကို အကုန် နာခံနေတာ ကျွန်မ မြင်နေရတယ်။ ကျူးဇီက အာ့နွီရဲ့စကားကို နားထောင်တဲ့အပြင် လုံ့လဝီရိယလည်း အရမ်းရှိတယ်။ ကျွန်မ အိမ်နောက်ဖေး တံခါးကို ဖွင့်လိုက်တာနဲ့ နေ့တိုင်း ရေအရင်ဆုံးလာယူတဲ့သူက ကျူးဇီပဲ။ ပြီးရင် မကြာခင် သူတို့အိမ်ရဲ့မီးခိုးခေါင်းတိုင်ကနေ မီးခိုးထွက်လာလိမ့်မယ်။ ဆောင်းရာသီအလယ်မှာတောင် သူက ကျွန်မတို့ သမီးလေး အေးခဲသွားမှာကို စိုးရိမ်နေပြီး ထင်းတွေ စုဆောင်းချင်တုန်းပဲ"
သူမ အဲ့တာတွေကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီးပြီ၊ သူမရဲ့သမီးဖြစ်သူက အအေးကို ကြောက်လို့ အိပ်ယာထဖို့ အရမ်းပျင်းနေတယ်။ ကျိုးထျဲကျူးကတော့ အတွင်းရော အပြင်ရော သူ့ဘာသာသူ စီမံခန့်ခွဲနေတယ်။ တကယ်တော့ အဲ့လိုအကုန်လုပ်ဖို့က မလွယ်ဘူး၊ တကယ်ကို အံ့သြစရာဘဲ။
"အဲ့လိုဆိုရင်တော့ မေးရဦးမှာပဲ၊ အနည်းဆုံးတော့ ငါတို့မှာ မေးဖို့ တာဝန်ရှိတယ်"
ထို့နောက် စုန့်ကျစ်ယွမ်က သမ်းဝေရင်း ထပ်ပြောလိုက်သည်။ "ကဲပါ... ပြောမနေပါနဲ့တော့၊ အိပ်ကြရအောင်၊ မနက်ဖြန် စောစောထရမယ်။ ဝက်နှစ်ကောင်လောက် သတ်ပြီး မြို့ထဲမှာ ရောင်းဖို့ ယူသွားရမယ်။ ဒီတစ်ခါတော့ ရောင်းပြီးရင် မြို့ကို သွားဖို့ နောက်နှစ်အထိ စောင့်ရတော့မယ်။ အိပ်တော့...”
နောက်နေ့မနက်စောစောတွင် ကျိုးယိနိုက စုန့်တင်းရှန်းကို ခေါ်ဆောင်ကာ စုန့်မိသားစု၏အိမ်ဆီသို့ ရောက်လာပြန်သည်။ စုန့်ကျစ်ယွမ်နှင့် သူ့၏သားက မနက်စောစော ဝက်ဖမ်းရန် ဝက်ခြံသို့ ရောက်လာသောကြောင့် စုန့်တင်းရှန်းလည်း မနက်စောစော နိုးလာပြီး သူတို့ အစောကြီး ရောက်လာခြင်း ဖြစ်သည်။
ဝက်များကို ဖမ်းပြီးနောက်တွင် စုန့်ကျစ်ယွမ်က သူ့သားနှင့် သူ့တူနှစ်ယောက်ကို ခေါ်ကာ နွားလှည်းဖြင့် မြို့ထဲသို့ ဦးတည်လိုက်ကြသည်။ ဖန့်ရှီနှင့် ကျန့်ရှီတို့ကတော့ သူမတို့၏ချွေးများနှင့် ကလေးများကို ခေါ်ဆောင်ကာ မြို့ထဲသို့သွားမည့် နျိုလောင်လျို၏ နွားလှည်း စောင့်ဆိုင်းနေသည့်နေရာသို့ ဦးတည်လိုက်ကြသည်။
တစ်နှစ်တာ၏နောက်ဆုံးနေ့ရက်များဖြစ်သောကြောင့် မြို့ထဲသို့ သွားကြမည့်လူများ အများကြီး ရှိနေပြီး သူမတို့ ရွာဝင်ပေါက်သို့ အရောက်တွင် နျိုလောင်လျို မောင်းလာသည့် နွားလှည်းက လူပြည့်နေပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်လူများက နောက်ထပ်လှည်းတစီးဖြစ်သည့် ရွာလူကြီး၏လှည်းကို စီးရန် စောင့်ရတော့မည် ဖြစ်သည်။
ဖန့်ရှီက ထိုလှည်းပေါ်တွင် ထိုင်နေသော တတိယအဒေါ်စုန့်ကို တစ်ချက်ကြည့်လိုက်ပြီး “လှည်းက ပြည့်နေပြီ၊ ဦးလေးလျို မြန်မြန်မောင်းတော့၊ ကျွန်မတို့ တခြားလှည်းကို စီးလိုက်မယ်”
သူမ ပြောနေစဥ်မျာပင် ရွာလူကြီး၏မိသားစုကလည်း နွားလှည်းတစီးကို မောင်းကာ ရောက်လာကြသည်။
နျိုလောင်လျို၏မိသားစုက အတော်လေး ရိုးရှင်းသော နွားလှည်းကို အသုံးပြုကြသည်။ လှည်းပေါ်တွင် ပေါင်းမိုးတဲတစ်လုံးသာ ရှိပြီး ခြေထောက်များကို ဖုံးရန် ဟောင်းနွမ်းနေသော စောင်ကြမ်းနှစ်ထည်ကို ချထားပေးသည်။ ကလေးများအတွက် အခကြေးငွေမယူဘဲ လူကြီးတစ်ဦးလျှင် ကြေးနီဒင်္ဂါးနှစ်ပြားကိုသာ ကောက်ခံသောကြောင့် အတော်လေး စျေးသက်သာသည်ဟု ပြောနိုင်သည်။
တစ်ဖက်တွင်မူ ရွာသူကြီး၏လှည်းက ပိုကြီးပြီး အနက်ရောင်လားတစ်ကောင်က လှည်းကို ဆွဲနေခြင်း ဖြစ်သည်။ ခေါင်မိုးကိုလည်း ကောင်းမွန်စွာ တည်ဆောက်ထားသော်လည်း လူတစ်ဦးလျှင် ကြေးနီဒင်္ဂါးလေးပြားကို ပေးရသောကြောင့် စျေးပိုကြီးသည်။
(လား - မြည်းအထီးနှင့် မြင်းမရောဖောက်ထားသော တိရိစ္ဆာန်)
လှည်းစီးရန် မတက်နိုင်သူများက များသောအားဖြင့် မြို့တွင်းသို့ အဖော်များနှင့်အတူ ခြေလျှင်သွားလာကြသည်။ သို့သော်လည်း နှင်းများ ကျနေပြီး အရည်မပျော်သေးသောကြောင့် ခရီးက သွားလာရ ခက်ခဲနေဆဲဖြစ်သည်။
"ချီရှန့်အာ၊ ရှစ်ယိရှန့်အာ"
(ချီ - ခုနစ်၊ ရှစ်ယိ - ဆယ်တစ်၊ ရှန့်အာ- ဦးလေးရဲ့ဇနီးတွေကို ခေါ်တဲ့ အခေါ်ပါ၊ ကျန့်ရှီရဲ့ယောကျ်ားက စုန့်မိသားစုရဲ့တတိယမျိုးဆက်မှာ ခုနှစ်ယောက်မြောက်ဆိုတော့ ကလေးတွေက ကျန့်ရှီကို ဒေါ်လေးခုနှစ် လို့ခေါ်ရပြီ၊ ဖန့်ရှီကတော့ ဒေါ်လေး ဆယ့်တစ်ပေါ့)
ရွာလူကြီး၏လှည်းကို မောင်းလာသူက
ရွာလူကြီး၏သားအငယ်ဆုံး ဖြစ်ပြီး သူက အလွန်တက်ကြွသော လူငယ်တစ်ဦး ဖြစ်သည်။ သူက ကျန်းရှီနှင့် ဖန့်ရှီတို့က အဝေးမှ အော်နှုတ်ဆက်လိုက်ပြီ “အဒေါ်တို့ ကျွန်တော့်ကို ဒီမှာ စောင့်နေမယ်ဆိုတာကို ကျွန်တော် သိတယ်။ လှည်းပေါ်ကို မြန်မြန်တက်၊ အဒေါ်တို့ ထိုင်ပြီးရင် ယူပြည့်ပြီ၊ စထွက်ကြမယ်"
ရွာသူကြီးမိသားစုမှ ချွေးမများနှင့်ကလေးများက လှည်းပေါ်တွင် ထိုင်နေကြပြီး ကျန့်ရှီနှင့် ဖန့်ရှီတို့ကို မြင်လိုက်ချိန်တွင် သူတို့လည်း အမြန်လှမ်းခေါ်နေကြသည်။ လှည်းပေါ်တွင် စောင်များ ခင်းထားပြီး ကလေးများအတွက် ထိုင်ခုံမရှိသောကြောင့် ကလေးများက ကြမ်းပြင်ပေါ်တွင် ထိုင်ကြရသည်။ လှည်းအိမ်၏ကန့်လန့်ကာကို ချလိုက်လျှင် အတွင်းပိုင်းက နွေးထွေးသွားပြီး လူများကို သက်တော့သက်သာ ရှိစေသည်။
ကျိုးယိနိုက စုန့်တင်းရှန်း လှည်းပေါ်တက်ရန် ကူညီပေးလိုက်ပြီး သူက လှည်းအရှေ့တွင် ရွာသူကြီး၏သားနှင့် အတူ ဝင်ထိုင်လိုက်သည်။ လှည်းပေါ်တွင် အမျိုးသမီးများပါလာသောကြောင့် သူက စုန့်တင်းရှန်း၏အနားတွင် ထိုင်ရန် ရှက်ရွံ့နေခဲ့သည်။
အမျိုးသမီးများက တလမ်းလုံး ရယ်မောကာ အတင်းအဖျင်း အစုံအလင် ပြောဆိုနေကြသော်လည်း သူမတို့အားလုံးက စုန့်လောင်စန်း၏မိသားစုမှ အိမ်ထောင်ရေးအကြောင်းကို သတိရှိရှိ ရှောင်ရှားနေကြပြီး ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့ကို
ချီးကျူးနေကြသည်။
"ဒီငယ်ရွယ်တဲ့ စုံတွဲလေးက တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်လွန်းတယ်။ တင်းရှန်းက အရမ်း လှပြီး ထျဲကျူးကလည်း ကြည့်ကောင်းတယ်။ အနာဂတ်မှာ သူတို့မွေးလာမယ့် ကလေးတွေက သေချာပေါက် ကြည့်ကောင်းနေလိမ့်မယ်”
“ဟေ့၊ သူ့ကို ထျဲကျူးလို့ မခေါ်နဲ့တော့။ သူတို့ရဲ့အဘိုး စုန့်လောင်စစ်က သူ့ကို နာမည်ပြောင်းပေးဖို့ အိမ်ထောင်စုစာရင်းနဲ့အတူ ရွာလူကြီးအိမ်ကို သွားခဲ့တာကို မသိကြဘူးလား? အခု သူ့ကို ကျိုးယိနိုလို့ ခေါ်တယ်။ မိသားစုထဲမှာ ပညာသင်သား တစ်ယောက် ရှိတော့ ဒီလို နာမည်ကောင်းတစ်ခုရလာတာက အံ့သြစရာတော့ မဟုတ်ပါဘူး”
"အဒေါ်လည်း အဲ့လိုခေါ်တာကို ကျွန်မ ကြားတယ်လေ၊ မဟုတ်ဘူးလား?"
ဖန့်ရှီက ရယ်မောလိုက်ပြီး "ဒါက နာမည်ပြောင်တစ်ခု အနေနဲ့ ခေါ်တာပါ၊ ငါလည်း ခဏလောက်နဲ့ ပြောင်းခေါ်လို့ မရသေးဘူး။ ငါ့ယောက္ခမ ပြောတာတော့ သူ အပြင်သွားတဲ့အခါ လမ်းတစ်လျှောက်မှာ သူ့ကို ထျဲကျူးလို့ ခေါ်တဲ့ လူတွေ အများကြီး မရှိလောက်ဘူးတဲ့။ မကြာခင် အဆင်ပြေသွားလိမ့်မယ်၊ ပိုကောင်းတဲ့နာမည်ကို ပြောင်းလိုက်တာက ပို အဆင်ပြေတာပေါ့"
"ဟုတ်တယ်၊ နာမည်က အရမ်းကောင်းတယ်။ ငါ့ယောက္ခမကလည်း ဒီနာမည်က ကောင်းတယ်လို့ ပြောတယ်"
"ဒါဆို တင်းရှန်းက ဘယ်တော့ ကလေးယူဖို့ အစီအစဉ်ရှိလဲ?"
ဖန့်ရှီက “အိုက်ယား... အဲ့တာကို စိတ်ပူမနေကြနဲ့၊ ငါတို့ အလျင်မလိုသေးဘူး။ တင်းရှန်းက အခုမှ အသက်ဆယ့်လေးနှစ်ပဲရှိသေးတယ်။ ကျိုးယိနို ပြန်လာဖို့ နှစ်အနည်းငယ်စောင့်ပြီးမှ စဥ်းစားရင်လည်း နောက်မကျသေးပါဘူး”
ထိုစကားမှ လူတိုင်း နားလည်လိုက်သည်က အမှန်တကယ်တွင် ထိုအရာက စုန့်တင်းရှန်းအတွက် ထွက်ပေါက်တစ်ခု ချန်ထားခြင်း ဖြစ်သည်။ ကျိုးယိနို ပြန်မလာနိုင်လျှင် စုန့်တင်းရှန်းက ကလေးမရှိသောကြောင့် ဘာပြဿနာမှ မရှိဘဲ ကောင်းမွန်သော မိသားစုတစ်ခုနှင့် နောက်အိမ်ထောင်ပြုဖို့ အဆင်ပြေအောင် စီစဥ်ထားခြင်း ဖြစ်သည်။
“ကောင်လေးက သုံးနှစ်ကနေ ငါးနှစ်အတွင်း ပြန်လာမယ်လို့ ငါတို့ ခန့်မှန်းထားတယ်။ အဲ့အချိန်ဆို တင်းရှန်းရဲ့အသက်က ဘယ်လောက်မှ မရှိသေးဘူး။ အဲ့အချိန်ရောက်ရင် သူ(မ)ရဲ့ခန္ဓာကိုယ်ကလည်း ဖွံ့ဖြိုးပြီး ကလေးယူဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ၊ သုံးနှစ်လောက်ကြာအောင် စောင့်ရတာက ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး”
နွားလှည်းက အလျင်အမြန် ခရီးနှင်နေပြီး မကြာမီ မြို့ထဲသို့ ရောက်လာခဲ့ကြသည်။ ဖန့်ရှီနှင့် ကျန်းရှီတို့ နှစ်ဦးစလုံးက လှည်းစီးခအတွက် ငွေများ ပေးဆောင်ကြပြီး ရွာသူကြီး၏အငယ်ဆုံးသားကလည်း မငြင်းခဲ့ပေ။ သူက မုန့်ဖိုး အနည်းငယ် စုဆောင်းရန် ဆန္ဒရှိနေခဲ့သည်။
စုန့်ကျစ်ယွမ်၏ နွားလှည်းက လှည်းရပ်နားစခန်းတွင် ရပ်ထားခဲ့ပြီး သူတို့က ဝက်များကို သတ်ကာ လှည်းရပ်နားစခန်းမှ စားပွဲနှစ်လုံးကို ငှားလိုက်ပြီး လှည်းစခန်း၏ အဝင်ဝတွင်ပင် ရောင်းချနေကြသည်။ စီးပွားရေးက အလွန်ကောင်းမွန်ပြီး ဖုန့်ရှီတို့ ရောက်လာချိန်တွင် ဝက်သားအများစုက ရောင်းကုန်သွားပြီ ဖြစ်သည်။
“အရင်ဆုံး စျေးဝယ်ထွက်ကြရအောင်၊ ကလေးတွေ လျောက်မပြေးကြနဲ့၊ လူကြီးတွေက ကိုယ်ရဲ့ကလေးကို ကိုယ်ဘာသာ သေချာ စောင့်ကြည့်ကြ"
ဖန့်ရှီက အမျိုးသမီးတစ်စုကို ခေါ်ကာ ကျိုးယိနိုကို သက်တော်စောင့်အဖြစ် အသုံးချပြီး ဈေးထဲသို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
-----------