ဆန်းဆိုတဲ့စာလုံးက စွေ (ရေ) ဆိုတဲ့စာလုံးနဲ့ပေါင်းတဲ့ "ဆန်း"၊ လျန်ဆိုတဲ့စာလုံးက ဟော်(မီး) ဆိုတဲ့စာလုံးနဲ့ပေါင်းတဲ့ လျန်"
Vol. 5 Ch. 408
လေနှင့်မိုးမှာ ပိုပြီးသဲသဲမဲမဲ ဖြစ်လာပြီး ရော့စွေမြစ်ရေတွင် မြူခိုးများ ဖုံးလွှမ်း လာလေသည်။ ချန်ကျင်းချင်မှာ ယခုအချိန်ထိ ငါးတစ်ကောင်မှ မမိသေးပေ။
ထိုအချိန်တွင် မနီးမဝေးမှ လူငယ်ကတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အနက်ရောင် ငါးကြီး တစ်ကောင်ကို ဖမ်းမိ သွားပြန်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ချန်ကျင်းချင်သည် ထိုလူငယ်ကို အံ့သြရုံသာမက မနာလိုပင် ဖြစ်လာမိပြီ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ထိုလူငယ် ဖမ်းမိသည့်ငါးမှာ "နဂါးငါး" ဟုခေါ်သည့် ငါးမျိုး ဖြစ်လေသည်။ ထိုငါးမျိုးသည် နဂါးသွေးကို ပိုင်ဆိုင်ထားပြီး နဂါးတိုင်းပြည် တံခါးကို ခုန်ကျော်နိုင်လျှင် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်မည် ဖြစ်လေသည်။ သို့သော် နဂါးတိုင်းပြည် တံခါးဆိုသည်မှာ ဒဏ္ဍာရီ တစ်ခုမျှသာ ဖြစ်လေသည်။ ကျုန်းစန်းတောင် တောင်စောင့် နတ်သည်ပင်လျှင် နဂါးတိုင်းပြည်တံခါး မည်သည့်နေရာတွင် ရှိသည်ကို သိရှိခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ နဂါးငါးကတော့ အလွန် အဖိုးတန်သည့် ငါးတစ်မျိုး ဖြစ်လေသည်။ ထိုငါးကို စားပါက ဆယ်နှစ်ခန့် အသက်ပိုရှည် နိုင်လေသည်။
ထိုအချိန်မှာပင် လူငယ်က ငါးမျှားတံကို သိမ်းကာ ထွက်ခွာသွားပြီ ဖြစ်လေသည်။ သို့သော်သူက သူဖမ်းထားသည့် ငါးများ ထည့်ထားသည့် အိတ်ကိုတော့ ယူဆောင်သွားခြင်း မရှိပေ။
ချန်ကျင်းချင်က ငါးထုပ်ကိုယူကာ လူငယ်နောက်သို့ အမြန်ပြေးလိုက်ရင်း…
"အစ်ကို၊ အစ်ကို၊ ခင်ဗျားရဲ့ ငါးတွေကျန်ခဲ့ပြီ"
ချောမော လှပသည့် လူငယ်လေးက ပြေးလိုက်လာသည့် ချန်ကျင်းချင်ကို လှည့်ကြည့်ကာ ပြုံးလိုက်ရင်း…
"အဲဒီ ငါးတွေကို လက်ဆောင် အဖြစ်ပေးလိုက်မယ်၊ ကျုပ်ထက်ဆာရင် မင်းက ငါးတွေကို ပိုပြီး လိုအပ်နေတာ မဟုတ်လား၊ ပြီးတော့ ဒီလို ရာသီဥတုမျိုးမှာ ငါးဖမ်းရတာ ဘယ်မှာ ပျော်စရာ ကောင်းမှာလဲ"
ချန်ကျင်းချင်းသည် လူငယ်၏ စကားကြောင့် အံ့သြသွားပြီး လူငယ်ကို ဦးညွတ် အရိုအသေ ပေးလိုက်လေသည်။
"ကျေးဇူး အများကြီး တင်ပါတယ် အစ်ကို၊ အစ်ကို့ နာမည်လေးများ သိရမလား၊ ဒါမှ နောက်ဆို ကျေးဇူးပြန်ဆပ် လို့ရမှာ"
"ကျုပ်နာမည်က ဆန်းလျန်လို့ ခေါ်တယ်၊ ဆန်းဆိုတဲ့ စာလုံးက စွေ (ရေ) ဆိုတဲ့ စာလုံးနဲ့ပေါင်းတဲ့ "ဆန်း"၊ လျန်ဆိုတဲ့စာလုံးက ဟော်(မီး) ဆိုတဲ့စာလုံးနဲ့ပေါင်းတဲ့ လျန်"
လူငယ်က ချန်ကျင်းချင်၏ အမေးကို ပြန်ဖြေ လိုက်လေသည်။
ချန်ကျင်းချင်သည် ဆန်းလျန် ပြောသည့် စကား၏ အဓိပ္ပာယ်ကို နားမလည်ပေ။ သို့သော် "ဆန်းလျန်" ဆိုသည့် အမည် စာလုံးနှစ်ခုက သူ့စိတ်ထဲတွင် လှည့်ပတ် နေလေသည်။ ချန်ကျေးရွာတွင် စာရေး စာဖတ်ကျွမ်းကျင်သူဆို၍ မှော်ဆရာမ တစ်ယောက်သာ ရှိလေသည်။ ကျန်သည့် ရွာသားများမှာ ကိုယ့်နာမည်ကိုယ်ပင် မှန်အောင် ပေါင်းတတ်ကြသည့် သူများ မဟုတ်ကြပေ။
သို့သော် ချန်ကျင်းချင်ကတော့ အခြားသူများထက်စာလျှင် စာပေဗဟုသုတ အနည်းငယ် သာလွန်သူ ဖြစ်လေသည်။
"ရေ နဲ့ မီး အတူတူ တွဲနေတယ်ဆိုတဲ့ သဘောလား၊ ကျွန်တော်တော့ တစ်ခါမှ မမြင်ဖူးဘူး၊ ဒါနဲ့… လေတွေမိုးတွေတိုက်နေတာ မိုးခိုစရာမရှိရင် ကျွန်တော်နဲ့ ရွာထဲကို လိုက်ခဲ့လို့ ရပါတယ်ဗျာ"
ချန်ကျင်းချင်က ဆန်းလျန်ကို ဖိတ်ခေါ်လိုက်လေသည်။
သို့သော် သူ့စကား ဆုံးသွားသည်နှင့် သူက တစ်စုံတစ်ခုကို သတိပြုလိုက်မိသည်။ ဆန်းလျန်မှာ သာမန် အဝတ်အစားများကိုသာ ဝတ်ထားခြင်း ဖြစ်သော်လည်း သူ၏ အဝတ်အစား များသည် မိုးရေ တစ်စက်မျှ စိုခြင်း မရှိပေ။
ဆန်းလျန်သည် နူးညံ့ သိမ်မွေ့သည့် အကြည့်များဖြင့် ချန်ကျင်းချင်ကို တစ်ချက် ကြည့်လိုက်ပြီး ရော့စွေမြစ် အတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ ထို့နောက် ဒုတိယ ခြေလှမ်း လှမ်းလိုက်ပြန်သည်။ ထို့နောက် ရော့စွေ မြစ်ရေပေါ်တွင် လမ်းလျှောက် ထွက်ခွာ သွားလေသည်။
မြစ်အလယ်လောက် ရောက်သည့် အခါတွင်တော့ ဆန်းလျန်သည် ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။
ချန်ကျင်းချင်မှာ သူတွေ့မြင်ရသည့် မြင်ကွင်းကို မယုံကြည်နိုင်စွာ ပါးစပ် အဟောင်းသားဖြင့် ကြည့်နေခဲ့လေသည်။ ထို့နောက်တွင်တော့ သူက ဆန်းလျန်ပေးခဲ့သည့် ငါးအိတ် အတွင်းသို့ ကြည့်လိုက်ပြီး နဂါးငါးတစ်ကောင်ကိုသာ ချန်ထားလိုက်ပြီး ကျန်သည့် ငါးများကို မြစ်ရေထဲသို့ ပြန်လွှတ် ပေးလိုက်လေသည်။ နဂါးငါးမှာ အလွန် အကောင်ကြီးသည့်တိုင် အိတ်ထဲတွင်တော့ ငြိမ်သက် နေရှာလေသည်။ ယနေ့ကြုံတွေ့ ရသမျှကတော့ ထူးဆန်းလွန်းပေစွ။
သူ့စိတ်ထဲတွင် ဆန်းလျန်နှင့် ထပ်မံ တွေ့ဆုံခွင့်ရဦးမည်ဟု ခံစားနေရလေသည်။ ထို ဆန်းလျန်ဆိုသည့် လူငယ်သည် သူ့ဘဝတွင် တွေ့ဖူးသမျှ လူများနှင့် မတူဘဲ ကွဲပြား ခြားနားနေပြီး အလွန်နက်နဲ သိမ်မွေ့လေသည်။
ချန်ကျင်းချင်သည် တောင်စောင့်နတ်နှင့် တောင်စောင့်နတ် အစေခံတို့သည် ရော့စွေမြစ်ကို ဖြတ်သန်းကာ ပျံသန်းနိုင်ကြသည်ဟု သိထားလေသည်။ ယခုတော့ ဆန်းလျန်သည်လည်း ရော့စွေမြစ်ကို ဖြတ်သန်းကာ ပျံသန်း သွားခဲ့သည်ကို သူမြင်တွေ့ခဲ့ရပြီ။ တစ်နေ့တွင်… သူသည်လည်း ရော့စွေမြစ်ကို ဖြတ်သန်းကာ ပျံသန်း သွားနိုင်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက် မိလေသည်။
ထို့နောက် ချန်ကျင်းချင်သည် ငါးထည့်ထားသည့် အိတ်ကို ယူဆောင်ကာ မှော်ဆရာမ၏ အိမ်သို့ ပြန်သွားလေတော့သည်။ အိမ်တံခါးမှာ ဖွင့်ထားသော်လည်း ချန်ကျင်းချင်က တံခါးရှေ့တွင်ပင် ရပ်နေ လိုက်သည်။
"ဝင်လာပါ…"
မှော်ဆရာမ၏ အသံ ထွက်ပေါ်လာမှ သူက အိမ်ထဲသို့ ဝင်လိုက်ကာ နဂါးငါးကို လေးစားစွာဖြင့် ပေးလိုက်လေသည်။
နဂါးငါးကို မြင်သည်နှင့် မှော်ဆရာမက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း…
"မင်း ဘယ်သူနဲ့ တွေ့ခဲ့တာလဲ"
ချန်ကျင်းချင်က သူကြုံတွေ့ခဲ့သမျှကို မှော်ဆရာမကို အသေးစိတ် ပြောပြလိုက်လေသည်။ မှော်ဆရာမက ချန်ကျင်းချင် ပြောသမျှကို နားထောင်ပြီး မျက်မှောင် တစ်ချက် ကြုတ်လိုက်ရင်း…
"ကြည့်ရတာ မင်းတော့ ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ခဲ့ပြီ ထင်တယ်"
မှော်ဆရာမ၏ စကားကြောင့် ချန်ကျင်းချင် အံ့သြ သွားရသည်။
"ကျင့်ကြံသူဆိုတာ ဘာလဲ"
"ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးတွေဟာ တိုင်းပြည်တွေကို အုပ်ချုပ်ခဲ့ကြတယ်၊ ကျင့်ကြံသူတွေ ပေါ်မလာခင် အထိပေါ့၊ နောက်ပိုင်း အဲဒီလို ကျင့်ကြံသူတွေ ပေါ်လာကြပြီးတော့ ငါတို့ မျိုးနွယ်တွေလည်း တဖြည်းဖြည်း လျော့နည်းလာပြီး တန်ခိုး စွမ်းအားတွေလည်း ပျောက်ကွယ် ကုန်ကြတယ်၊ ကျန်နေကြသေးတဲ့ လူနည်းစုကလည်း လောကတစ်နေရာမှာပဲ လူလုံး ထွက်မပြတော့ဘဲ ပုန်းအောင်း နေကြတော့တယ်၊ ငါက တောင်စောင့်နတ်ရဲ့ အစေခံလည်းဖြစ်ပြီး တန်ခိုးစွမ်းအားလည်းရှိသလို ဗဟုသုတလည်း ရှိတယ်၊ ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ တန်ခိုးစွမ်းအား တွေကတော့ အကန့်အသတ် မရှိဘူး၊ သူတို့က လောကမှာ မသေနိုင်တဲ့ မျိုးနွယ်တွေပဲ"
ချန်ကျင်းချင်၏ အမေးကို မှော်ဆရာမက ပြန်ဖြေလိုက်သည်။
ချန်ကျင်းချင်မှာ မှော်ဆရာမ၏ စကားများကို နားထောင်ရင်း အလွန်အမင်း အံ့သြ နေတော့သည်။ မှော်ဆရာမသည် နှစ်ပေါင်း ထောင်ချီ အသက်ရှည်သူ တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် ကျုန်းစန်းတောင် တောင်စောင့်နတ်မှာ သူမထက်ပင် အသက်ရှည်သေးသည်။ သို့သော်… လူသား တစ်ယောက်ကတော့ မသေနိုင်သည် အထိ အဘယ်သို့ အသက်ရှင် နိုင်ပါမည်နည်း။
မှော်ဆရာမက ချန်ကျင်းချင် စိတ်ထဲတွင် သံသယ ဝင်နေသည်ကို ရိပ်မိပြီး စကားကို ဆက်ပြောလိုက်သည်။
"ကျင့်ကြံသူတွေရဲ့ တန်ခိုးစွမ်းအားတွေကို မင်းဘယ်တော့မှ ယုံနိုင်မှာ မဟုတ်ဘူး၊ သူတို့က တိမ်တွေကိုလည်း စုဝေးနိုင်သလို လေနဲ့မိုးကိုလည်း ဆင့်ခေါ်နိုင်တယ်၊ မီးကိုလည်း ဖန်ဆင်း နိုင်တယ်၊ မြစ်တွေကို လောင်ကျွမ်းစေနိုင်ပြီး ပင်လယ်တွေကိုလည်း ခန်းခြောက်စေနိုင်တယ်၊ တောင်တွေကိုလည်း အပိုင်းပိုင်း ဖြတ်တောက် ပစ်နိုင်ကြတယ်"
မှော်ဆရာမ၏ စကားများကြောင့် ချန်ကျင်းချင်မှာ တုန်လှုပ်နေပြီ ဖြစ်သည်။ ဆန်းလျန်ဟု အမည်ရသည့် နူးညံ့သိမ်မွေ့ပြီး ငယ်ရွယ်သည့် လူငယ်လေးသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူ တစ်ဦးတဲ့လား။
မှော်ဆရာမ၏ စကားများမှာ တစ်ဝက်ပင် မှန်ဦးတော့ ချန်ကျင်းချင်ကတော့ စိတ်ပင် ကူးမကြည့်ရဲတော့ပေ။ လူသားများသည် ထိုသို့သော စွမ်းအားများ ရအောင် မည်သို့ ကျင့်ကြံကြပါသနည်း။ သူနားမလည်နိုင်တော့ပါ။
"ဒီ ကျင့်ကြံသူတွေက ကျုန်းစန်းတောင် တောင်စောင့် နတ်ထက်တောင် ပိုတန်ခိုး ကြီးသလား"
ချန်ကျင်းချင်က ရေရွတ်လိုက်သည်။
ချန်ကျင်းချင်၏ စကားကြောင့် မှော်ဆရာမ၏ မျက်ဝန်းထဲတွင် အရောင် တစ်ချက် လက်သွားလေသည်။ သူမက လေးနက်သည့် လေသံဖြင့်…
"အရင်တုန်းက တောင်စောင့်နတ်က ထူးခြားတယ်၊ ပြီးတော့ ချန်ကျေးရွာက လူတစ်ယောက်ပဲ၊ နောက်ပိုင်းကျတော့ သူလည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပြီး ကျုန်းစန်းတောင်ရဲ့ တောင်စောင့်နတ် ဖြစ်လာခဲ့တယ်၊ ဒါကြောင့် သူက ချန်ကျေးရွာကို ကာကွယ် ပေးထားတာပေါ့"
ချန်ကျင်းချင်မှာ တောင်စောင့်နတ်မှာ ချန်ကျေးရွာနှင့် ပတ်သက်နေသည်ဟု ထင်မှတ် မထားခဲ့မိပေ။ ထို့ပြင် တောင်စောင့်နတ်လည်း ဖြစ်သည့်တိုင် ကျင့်ကြံသူလည်း ဖြစ်သည် ဆိုသည့်အတွက် သူ့အနေဖြင့် ပို၍ပင် ခေါင်းရှုပ် လာရလေတော့သည်။
ထို့ပြင်… ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ဆန်းလျန်သည် အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိ လာရပါသနည်း။
ဆန်းလျန်သည် ရော့စွေ မြစ်ကမ်းနံဘေးတွင် ရပ်နေလေသည်။ မြူခိုးများ ဖုံးလွှမ်းနေသည့် မြစ်ရေပြင်ကို ဆန်းလျန်က ငေးကြည့် နေလေသည်။ လောကတစ်ခွင် ရှာဖွေသော်လည်း ကခုန်နေသည့် သစ်ပင်နှင့် ထာဝရ အသက်သစ်သီးကို ယခုထိတိုင် မတွေ့နိုင်သေးပါ။
အချိန်သုံးနှစ်နီးပါး ကြာခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်သည်လည်း ကျုန်းစန်းတောင်သို့ ရောက်ရှိလာခဲ့ပြီ။
ချန်ကျင်းချင်နှင့် တွေ့ဆုံပြီးသည့်နောက် ဆန်းလျန် သဘောပေါက်မိသည်မှာ သူရှာနေသည့် အရာသည် အဆုံးသတ်တော့မည်။ အဆုံးသတ် ကောင်းသတ်တော့မည် ဖြစ်လေသည်။
ဖြစ်ကောင်း ဖြစ်ပေလိမ့်မည် ဟူ၍ပင်….။
***