← Chapters

လေနတ်ဆိုးဓားပြများ

Vol. 55 Ch. 756

လေနတ်ဆိုးဓားပြများ

Vol. 55 Ch. 756

ညကောင်းကင်ယံအောက် သစ်ပင်ထိပ်ဖျား၌

သွေးနီရောင် ဝတ်ရုံအား ဆင်မြန်းထားသော လူတစ်ဦးမှာ လက်များကို လွတ်လပ်စွာ လွှဲခါနေလျက် ရှိသည်။ သူသည် အမူအရာကင်းမဲ့နေဟန်ရှိပြီး အမာရွတ်ရှိနေသော မျက်နှာက အမှောင်ထုများကြား သွေးဆာနေသော လင်းနို့တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုလူထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများလည်း ထွက်ပေါ်နေသည်။

ရိမိသားစုမှလူများ၏ အမူအရာမွာ ကြောက်ရွံ့ခြင်းများ ကြီးစိုးသွားရသည်။

"ဒါကလေနတ်ဆိုးဓားပြတွေရဲ့ ခေါင်းဆောင် ရွှယ်ဖူရွှီဖုန်းပဲ။" ကျောက်ယွဲ့မှ အံကြိတ်ကာ ပြောလိုက်သည်။ သူမ၏အမူအရာမှာ ခက်ထန်နေလျက် ရှိသည်။

ရှောင်ရွှမ်းစီရင်စုတွင် ကလန်များ၊ မိသားစုများအပြင် အခြားသော အင်အားစုများလည်းရှိပြီး ထိုထဲတွင် လေနတ်ဆိုးဓားပြများမှာ အကျော်ကြားဆုံး ဖြစ်သည်။ ၎င်းတို့၏ လှုပ်ရှားမှုများမှာ လေအလား လျင်မြန်လွန်းလှပြီး လူများအား ခြင်ယင်သဖွယ် အလွန်ရက်စက်သော နည်းလမ်းများဖြင့် သတ်ဖြတ်ပစ်ကြသူများ ဖြစ်သည်။

အချို့သော ကလန်များမှ ယင်းတို့အား ရှင်းလင်းပစ်ရန် ကြိုးစားခဲ့ဖူးပါသော်လည်း ထိုဓားပြများမှာ အမြဲတစေ လွတ်မြောက်သွားကြလေ့ ရှိသည်။ ထို့နောက်တွင်မူ ရှောင်ရွှမ်းစီရင်စုအတွင်း၌ လေနတ်ဆိုးဓားပြများဟူ၍ ကြောက်မက်ဖွယ် အမည်နာမကို ရရှိခဲ့ကြသည်။

ရိချိုးရွှယ်မှ လေးနက်ခက်ထန်စွာဖြင့် စကားဆိုလိုက်သည်။ "ကလန်တိုင်း၊ အဖွဲ့တိုင်းက ဘာကိစ္စပဲရှိရှိ သူတို့ရဲ့ လုံခြုံမှုကို ဦးစားပေးကြတယ်။ ရွှီဖုန်း အခုကိစ္စက နင်တို့လို လေနတ်ဆိုးဓားပြတွေ ကြားဝင်သင့်တဲ့ကိစ္စ မဟုတ်ဘူး။ အခု နင်တို့ထွက်သွားမယ်ဆိုရင် ငါတို့ရိမိသားစုက ဒီညကို မရှိခဲ့သလို သဘောထားပေးလိုက်မယ်။"

သစ်ပင်ထိပ်ဖျားတွင် ရှိနေသော ရွှီဖုန်းဆိုသူမှ ရိချိုးရွှယ်အား အေးစက်စွာကြည့်ကာ ပြောလိုက်သည်။ "ငါတို့ လေနတ်ဆိုးဓားပြတွေက ဒီကိစ္စကို လက်ခံလိုက်ပြီးမှတော့ နောက်ဆုတ်သွားစရာ အကြောင်းမရှိဘူး။"

ရိချိုးရွှယ်မှ ချက်ချင်းဆိုသလို ပြန်၍ပြောလိုက်သည်။ "အဲ့ဒါဆိုရင် နင်တို့လေနတ်ဆိုးဓားပြတွေနောက်မှာ ချူးမိသားစု ရှိနေတာပေါ့။ အဟင်း....ဖမ်းမိတဲ့အချိန်တိုင်း နင်တို့တွေ တစ်နည်းမဟုတ် တစ်နည်းနဲ့လွတ်လွတ်သွားတာ မထူးဆန်းတော့ပါဘူး။"

ရွှီဖုန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားရသည်။ "ရိမိသားစုရဲ့ သမီးကြီး ချိုးရွှယ်က တကယ်ကို ကြားရတဲ့ဂုဏ်ပုဒ်တွေအတိုင်းပါလား။ ဒါတွေကိုတောင် ခန့်မှန်းနိုင်တယ်ပေါ့။"

"အဲ့လိုမှမဟုတ်ရင် နင်တို့လေနတ်ဆိုးဓားပြတွေအနေနဲ့ ဒီကိစ္စထဲ ဝင်ပါစရာ အကြောင်းမှမရှိတာ။ နင့်ရဲ့လုပ်ပုံကိုင်ပုံအရဆိုရင် ဒီလိုဦးနှောက်မရှိတဲ့ ဆုံးဖြတ်ချက်ကို ချမှာမဟုတ်ဘူး။"

"ဘာလို့လဲဆိုတော့ နင်တို့ဒီကိစ္စကို အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လေနတ်ဆိုးဓားပြအဖွဲ့က ပျောက်ကွယ်သွားရလိမ့်မယ်။ ရိမိသားစုက နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။"

"နင်လည်းဒါကို ရှင်းရှင်းလင်းလင်း သိမှာပါ။ နင်တို့လေနတ်ဆိုးဓားပြတွေက ရှောင်ရွှမ်းစီရင်စုထဲမှာ ဘယ်လောက်ပဲ ကျော်ကြားနေပါစေ ရိမိသားစုနဲ့ ချူးမိသားစုအတွက်တော့ နင်တို့က ဘာမှမဟုတ်ဘူး။"

ရိချိုးရွှယ်၏ စကားများမှာ အလွန်မှန်ကန်နေသောကြောင့် ရွှီဖုန်း၏အမူအရာမှာ ပိုမိုပျက်ယွင်းသွားရသည်။

ရိမိသားစုနှင့် ချူးမိသားစုတို့၏ အမြင်တွင်မူ လေနတ်ဆိုးဓားပြများမှာ အမှန်တကယ်ပင် နယ်ရုပ်သာသာ ဖြစ်သည်။

"မင်းက ဉာဏ်ကောင်းပေမယ့် ဘာမှထူးမှာ မဟုတ်တော့ဘူး။" ရွှီဖုန်း၏အသံမှာ အေးစက်ခက်ထန်နေသည်။ "ပြီးတော့ အချိန်တွေ ဆွဲနေစရာလည်း မလိုပါဘူး။ မင်းညီမကို တိတ်တိတ်လေး အဝေးကို ပို့လိုက်တယ်ဆိုတာ ငါသိတယ်။ ဒီည ငါ့လက်ထဲကနေ ဘယ်သူ့မှ မလွတ်စေရဘူး။"

ရိချိုးရွှယ်မှာ နီဆွေးသော နှုတ်ခမ်းအစုံအား ခပ်တင်းတင်း ဖိကိုက်လိုက်သည်။

ရွှီဖုန်းမှာ မိစ္ဆာဓားပြဟူသည့် ဂုဏ်ပုဒ်နှင့် လိုက်ဖက်စွာပင် စိတ်ရှုပ်စရာကောင်းလှသည်။

"ရွှီဖုန်း....နင့်ရဲ့လေနတ်ဆိုးဓားပြအဖွဲ့က ဘယ်လောက်ပဲတော်တော် ငါတို့အားလုံးကိုတိုက်ဖို့ မဖြစ်နိုင်ဘူး။ ငါသိသလောက်ဆိုရင် နင့်ရဲ့ကျင့်ကြံခြင်းကလည်း နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ မဟုတ်လား။" ရိချိုးရွှယ်မှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် ဓားအားကျစ်ကျစ်ပါအောင် ဆုပ်ကာပြောလိုက်သည်။

သူမ၏ ဦးခေါင်းထက်တွင် ရောင်စဉ်ရှစ်သွယ်ရှိသော ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခု လင်းလက်တောက်ပလာသည်။ ထိုသည်မှာ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုကို ပိုင်ဆိုင်ထားသည့် အမှတ်အသားပင် ဖြစ်သည်။

သူမထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများလည်း ထွက်ပေါ်နေလေသည်။

ရှောင်ရွှမ်းစီရင်စုအတွင်းရှိ နတ်ဘုံခန်းဝါ မဟာအဆင့် ကျင့်ကြံသူများတွင် ရိချိုးရွှယ်အား ယှဉ်နိုင်သည့်သူမှာ အလွန်နည်းပါးလှသည်။

ရိချိုးရွှယ်၏ ရောင်စဉ်ရှစ်သွယ် ဖြာထွက်နေသော ကွမ်းဟွမ်ရောင်လျှံဝန်း နှစ်ခုအားကြည့်ကာ လူအများစုမှာ တိတ်တဆိတ် မနာလို ဖြစ်နေကြရသည်။ နတ်ဘုံခန်းဝါ နိဗ္ဗာန်များသည် ကျင့်ကြံခြင်းစွမ်းအင်ကိုသာမက တိုက်ခိုက်ခြင်းစွမ်းရည်များကိုပါ ပိုမိုသန်မာစေနိုင်သည်။

အရေးအကြီးဆုံးမှာ ထိုနတ်ဘုံခန်းဝါ နိဗ္ဗာန်များသည် အနာဂတ်၏ ကျင့်ကြံခြင်းအဆင့်များအတွက် အလွန်အရေးပါခြင်းပင် ဖြစ်သည်။

ရွှီဖုန်းမှာ ရိချိုးရွှယ်၏ ရောင်စဉ်ရှစ်သွယ် ကွမ်းဟွမ်ရောင်လျှံဝန်း နှစ်ခုအား ကြည့်ရှုလိုက်ပြီးနောက် ကြောက်ရွံ့ခြင်း မရှိဟန်ဖြင့် ရယ်မောလိုက်သည်။

"နတ်ဘုံခန်းဝါ ဗဟိုအဆင့်ဟုတ်လား။ အဲ့ဒါ မင်းသိထားတဲ့ သတင်းလေကွာ။"

ရိချိုးရွှယ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

ရွှီဖုန်းမှာ လက်နှစ်ဖက်အား ဖြည်းညင်းစွာ ဆန့်တန်းလျက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ပတ်ဝန်းကျင်မှာ ချီစွမ်းအင်များ၏ တုန်ခါပေါက်ကွဲသံများဖြင့် ဆူညံသွားရလေသည်။

လူတိုင်းမှာ ရွှီဖုန်း၏ ဦးခေါင်းထက်တွင် ကွမ်းဟွမ်ရောင်လျှံဝန်း တစ်ခု ဖြစ်တည်လာသည်ကို တွေ့ရှိလိုက်ရသည်။

ထို့နောက် ဒုတိယမြောက် ရောင်လျှံဝန်းတစ်ခု ဆက်လက်ပေါ်ပေါက်လာသည်။ ထိုမျှဖြင့်ပင် ရပ်တန့်သွားခြင်းမရှိပဲ ချီစွမ်းအင်များ ဆက်လက်စုဝေးနေပြီးနောက် တတိယမြောက် ကွမ်းဟွမ်ရောင်လျှံဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။

ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခု၊ နတ်ဘုံခန်းဝါ မဟာအဆင့်....

ထိုကွမ်းဟွမ်ရောင်လျှံဝန်းများသည် ရောင်စဉ်ခြောက်သွယ် အလင်းတန်းများအား ထုတ်လွှတ်နေသောကြောင့် ရွှီဖုန်းမှာ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခြောက်ခုအား ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။

ကျောက်ယွဲ့၊ မုချောင်နှင့် အခြားသူများ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားရသည်။ ၎င်းတို့၏ ပြူးကျယ်နေသော မျက်ဝန်းများမှာ ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။ ရွှီဖုန်းမှာ နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ချူးကျီမှာ ကျေနပ်အားရနေဟန်ဖြင့် ရယ်မောလိုက်သည်။ "မင်းမသိသေးဘူးထင်တယ်။ လွန်ခဲ့တဲ့ နှစ်လကပဲ ရွှီဖုန်းက နတ်ဘုံခန်းဝါ မဟာအဆင့်ကိုတက်သွားတာ။"

ရိချိုးရွှယ်၏ အမူအရာမှာ လေးနက်ခက်ထန်သွားရပြီးနောက် အနည်းငယ်မျှ တွေဝေမနေပဲ အော်ဟစ်လိုက်သည်။ "ဆုတ်ကြတော့။"

ရွှီဖုန်းမှာ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်ပြီးနောက် သစ်ပင်ထက်မှ လင်းနို့တစ်ကောင်ကဲ့သို့ ပျံဝဲဆင်းသက်လာကာ ရိချိုးရွှယ်အား လက်သီးဖြင့် ထိုးရန်ချိန်ရွယ်လိုက်သည်။

ဝုန်း....

သူ၏ထိုးနှက်ချက်အတွင်း ပါဝင်နေသော ကြက်သွေးရောင် ချီစွမ်းအင်များမှာ အလွန်ပြင်းထန်လွန်းလှပြီး လေထုကိုပင် ပေါက်ကွဲသွားစေသည်။

ရိချိုးရွှယ်မှာ ဓားအားကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဖြင့် ဓားအလင်းတန်းတစ်ခုအား ထွက်ပေါ်စေကာ ရွှီဖုန်းထံ ချိန်ရွှယ်ပစ်ခတ်လိုက်သည်။

ဝုန်း.....

ဓားအလင်းတန်းနှင့် လက်သီးချက်တို့ တွေ့ဆုံသွားကြပြီးနောက် သံမဏိကဲ့သို့ မာကြောနေသော ရွှီဖုန်း၏လက်သီးကြောင့် အလင်းစများ ဖွာကျလာရသည်။

ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းဂယက်များလည်း တစ်ဟုန်ထိုး ပျံ့နှံ့သွားတော့သည်။

ထိုနေရာ၌ အနီးကပ် ရှိနေသော ကျောက်ယွဲ့၊ မုချောင်နှင့် အခြားသူများမှာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် အဝေးသို့ လွင့်စင်ကုန်ကြရသည်။ ၎င်းတို့မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိနေသူများ ဖြစ်ပါသော်လည်း ရိချိုးရွှယ်ထက် အဆပေါင်းများစွာ အားနည်းကြသူများ ဖြစ်သည်။

ချလန်း.....

ဓားကိုင်ဆောင်ထားသော ရိချိုးရွှယ်၏လက်မှ သွေးများယိုစီးကျလာပါသော်လည်း သူမမှာ အံကိုတင်းတင်းကြိတ်လျက် ဆက်လက်တောင့်ခံနေဆဲပင်။ ဓားအလင်းတန်းမှာ ဓားအရိပ်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားကာ ရွှီဖုန်း၏ သေကွင်းသေကွက်နေရာများအား ချိန်ရွယ်လိုက်သည်။

"ဟားဟား....." ရွှီဖုန်းမှာ သဘောကျနေဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ စတင်၍ ပိုမိုကြီးမားလာသည်။ အသားအရေမှာလည်း သတ္ထုဖြင့် ပြုလုပ်ထားသကဲ့သို့ မည်းနက်တောင့်တင်းလာ၏။ ရွှီဖုန်းသည် ခန္ဓာကိုယ်သန်မာခြင်းကျင့်စဉ်ကိုပါ ကျင့်ကြံထားဟန် ရှိသည်။

သူသည် ဓားအရိပ်များ တိုက်ခိုက်လာသည်ကို အလွယ်တကူပင် တောင့်ခံနိုင်လိုက်သည်။ ဓားအရိပ်များမှာ သေကွင်းသေကွက်များအား ချိန်ရွယ်တိုက်ခိုက်ခြင်း ဖြစ်ပါသော်လည်း သေးငယ်လွန်းလှသော အပေါ်ယံခြစ်ရာလေးများသာ ထင်ကျန်ရစ်လေသည်။ ရွှီဖုန်းမှာ သူ၏သတ္ထုလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် ရိချိုးရွှယ်အား ချိန်ရွယ်ထိုးနှက်လိုက်သည်။

ကြီးမားလှသော လက်သီးချက်အောက်တွင် ရိချိုးရွှယ်၏ နူးညံ့လှသော ခန္ဓာကိုယ်လေးမှာ အစိတ်စိတ်အမွှာမွှာ ကျေပျက်သွားတော့မည်ဟုပင် ထင်မှတ်ရလေသည်။

၎င်းတို့နှစ်ဦးမှာ အလင်းအလား လျင်မြန်လှသောအရှိန်ဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်နေကြသည်။ မြန်ဆန်လွန်းလှသဖြင့် အခြားသူများ၏ အမြင်တွင် ဝေဝါးသော ပုံရိပ်များကိုသာ တွေ့မြင်ကြရသည်။

ရွှီဖုန်းမှာ တိုက်ခိုက်နေရင်းဖြင့်ပင် ရယ်မောလိုက်သည်။ "ဟားဟား.....နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုက တကယ်ကို အထင်ကြီးလောက်စရာပဲ။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်နဲ့ အခုချိန်ထိ တောင့်ခံနိုင်သေးတာကို ငါတောင်အံ့သြမိတယ်။"

ပုံမှန်အားဖြင့်ဆိုလျှင် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိနေသူများမှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့် ရှိသူများအား ချီစွမ်းအင် တစ်ခုတည်းဖြင့်ပင် အလဲထိုးနိုင်ပေသည်။ သို့သော် ရိချိုးရွှယ်မှာ ယခုအချိန်ထိ ရွှီဖုန်း၏တိုက်ခိုက်မှုများအား တောင့်ခံထားနိုင်နေဆဲ ဖြစ်သည်။

အချိန်ကြာမြင့်စွာ ခုခံတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပါသော်လည်း ယခုလောက်ဖြင့်ပင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုအား ပိုင်ဆိုင်ထားခြင်း၏ ကောင်းကျိုးများကို သိရှိရန် လုံလောက်နေပြီပင်။

ရွှီဖုန်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက်

ခြေထောက်အားဆောင့်နင်းချလျက် ပြင်းထန်လှသော ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ဓားအလင်းတန်းများအား အလေးမထားပဲ ရိချိုးရွှယ်၏ ရင်ဘတ်နေရာကို ထိုးချလိုက်သည်။

ရိချိုးရွှယ်မှာ ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်အား အာရုံခံမိလိုက်ပါသော်လည်း ရှောင်ရှားရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ဓားအလင်းတန်းကိုသာ ရွှီဖုန်း၏ လည်မြိုထံ ချိန်ရွယ်ထိုးချလိုက်တော့သည်။

သူမသည် ဆုံးဖြတ်ချက် ပြတ်သားနေသည့်ဟန် ရှိသည်။

သို့သော် ရိချိုးရွှယ်၏ ဓားအလင်းတန်းအား ရွှီဖုန်းမှာ အလေးထားဟန်မရှိပဲ ရယ်မောလိုက်သည်။ သူသည် လက်မောင်းအား ဆန့်တန်းလျက် ဓားအလင်းတန်း၏ ထိုးနှက်ချက်အား ရိုးရှင်းစွာပင် ခံယူလိုက်သည်။

"ရိချိုးရွှယ်....ငါလူတွေကိုသတ်ပြီး ဓားမှာပေနေတဲ့သွေးတွေကို သောက်ခဲ့တဲ့အချိန်တွေတုန်းက မင်းမွေးတောင် မမွေးသေးဘူး။ အဟက်....မင်းငါ့ကို နိုင်မယ်များ ထင်နေလား။"

ရွှီဖုန်းမှာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီးနောက် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ရိချိုးရွှယ်၏ ရင်ဘတ်အား ထိုးချလိုက်တော့သည်။

"သခင်မလေး..." ကျောက်ယွဲ့မှ ဖြူရော်စွာဖြင့် အော်ဟစ်လိုက်သည်။

ရိချိုးရွှယ်မှာ ကူကယ်ရာမဲ့စွာဖြင့် ထိုးနှက်ချက်အား ခံယူလိုက်ရသည်။ လက်သီးချက်တွင် ပါဝင်နေသော ကြမ်းတမ်းလှသည့် စွမ်းအင်ဖိအားများကြောင့် ခက်ထန်စွာ ဖြစ်ပေါ်လာသော လေပွေများအကြား အဝတ်အစားများ တဖျတ်ဖျတ် လွင့်ခါကုန်ရကာ သူမ၏ လှပသော ကောက်ကြောင်းလေးအား အတိုင်းသား မြင်တွေ့လိုက်ရသည်။

ရိချိုးရွှယ်မှာ တိတ်တဆိတ်သာ သက်ပြင်းချလိုက်မိသည်။ ယနေ့တွင် သူမ၏အသက်အား ဆုံးရှုံးရလိမ့်မည်ပင် ဖြစ်သည်။

သုန်းအာလေး လွတ်သွားရင် ကျေနပ်ပါပြီ.... ရိချိုးရွှယ်မှ တွေးတောလိုက်သည်။

သူမသည် အေးစက်စွာဖြင့် ရွှီဖုန်းအား ကြည့်ရှုလိုက်သည်။ "ငါသေရမယ်ဆိုရင်တောင် နင့်ကိုလည်း ငါနဲ့အတူ သဂြိုဟ်ပစ်မယ်။"

"မင်းလိုအလှလေးကို အဖော်ပြုပေးရမယ်ဆိုရင်တော့ မကောင်းစရာ မရှိပါဘူး။" ရွှီဖုန်းမှ မထီမဲ့မြင် စကားဆိုလိုက်သည်။

သို့သော် သူ၏လက်သီးမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ပိုမိုပြင်းထန်လာသည်။

သူသည် ရိချိုးရွှယ်၏ ရင်ဘတ်တစ်ခုလုံးအား ပွင့်ထွက်သွားအောင် ရည်ရွယ်ထားဟန် ရှိသည်။

ဝုန်း....

ရွှီဖုန်း၏လက်သီးမှာ ရိချိုးရွှယ်၏ ရင်ဘတ်အား ထိုးနှက်ရန် တစ်လက်မမျှပင် မလိုအပ်တော့ချိန်၌ လက်ဝါးချက်တစ်ခု ရုတ်ချည်းထွက်ပေါ်လာကာ ရွှီဖုန်း၏ထိုးနှက်ချက်အား တားဆီးလိုက်သည်။

ဘန်း.....

ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

မြေပြင်သည်ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ကုန်ရသည်။

ရိချိုးရွှယ်နှင့် ရွှီဖုန်းနှစ်ဦးလုံး အထိတ်တလန့် ဖြစ်သွားရပြီးနောက် ၎င်းတို့အကြား ဝင်ရောက်လာသူအား ကြည့်ရှုလိုက်ကြသည်။

ရိချိုးရွှယ်မှာ မီရောင်မှိန်ပျပျအောက် သူမ၏ဘေးတွင် ရှိနေသော ချောမောခန့်ညားလှသည့် လူငယ်လေးအား မြင်တွေ့လိုက်ရသည်။

ထိုလူငယ်မှာ သူမအတွက် သူစိမ်းတစ်ယောက် မဟုတ်ပေ။

၎င်းမှာ ဇူယွမ်ပင် ဖြစ်သည်။

မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် အမြဲလိုလို တည်ငြိမ်နေသော ရိချိုးရွှယ်သည်ပင် အလွန်အံ့အားသင့်သွားမိသည်။

ဇူယွမ်မှာ ရိချိုးရွှယ်အားကြည့်၍ ပြုံးပြလိုက်သည်။

"ရိမိန်းကလေး....မင်းဒီမှာသေလို့မဖြစ်ဘူး။ မဟုတ်ရင် ငါ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်သွားလိမ့်မယ်။"

All Chapters