ဓားကောင်းတစ်လက်
Vol. 5 Ch. 409
ဆန်းလျန်သည် မြစ်ကမ်းနံဘေးတွင် မတ်တတ် ရပ်နေလေသည်။
ထိုအချိန် ကောင်းကင်ထက်မှ မိန်းမပျို တစ်ယောက် ဆန်းလျန်အနားသို့ ဆင်းသက် လာလေ၏။ အခြားသူမဟုတ်။ ဖန်းယန်ယင်းပင် ဖြစ်လေသည်။
ဖန်းယန်ယင်းသည် သဏ္ဌာန်မဲ့ ဓားသိုင်းပညာကို ကျင့်ကြံထားသူပီပီ ဓားနတ်သမီး တစ်ပါး အလား အလွန် လျင်မြန်လွန်းသူ ဖြစ်လေသည်။ သူမ၏ လှုပ်ရှားမှုများသည် သဲလွန်စပင် မကျန်အောင် မြန်ဆန် လွန်းလှလေသည်။
"ဆရာဦးလေး၊ ကျွန်မတောင်ပေါ်ကို သွားပြီး ဆရာဦးလေး အမှာပါးလိုက်တဲ့ စိန်ခေါ်စကားကို ပြောခဲ့ပြီးပါပြီ"
သူမက ပြောပြီးသည်နှင့် တောင်ပေါ်သို့ လှမ်းကြည့် လိုက်လေသည်။
သို့သော် တောင်ပေါ်မှ မြင်ကွင်း တစ်ခုကိုတော့ သူမ မြင်နိုင်စွမ်းမရှိပါ။
ကျုန်းစန်းတောင်ထိပ် ချောက်ကမ်းပါးကြီး ထက်တွင် အစိမ်းရောင် ဝတ်ဆင်ထားသည် လူငယ်တစ်ယောက် ရပ်နေလေသည်။ လေထဲတွင် နှင်းမှုံများက ပျံဝဲနေပြီး လူငယ်၏ ပတ်ဝန်းကျင်တွင် ကျဆင်း သွားကြလေသည်။
ထိုအချိန်…
လူငယ်၏ ကျောထက်တွင် လွယ်ထားသည့် ဓားဆီမှ ဓားခြိမ်းသံတစ်ချက် ထွက်ပေါ် လာလေသည်။
ဖန်းယန်ယင်းသည် ဓားခြိမ်းသံကြီးကို ကြားလိုက် ရလေသည်။
ဓားခြိမ်းသံသည် သူ၏ သဏ္ဌာန်မဲ့ ဓားဝိညာဉ်နှင့် ရိုက်ခတ်မိ သွားသည့်အပြင် သဘာဝ၏ ကြိမ်နှုန်းများဖြင့်လည်း ရိုက်ခတ် သွားလေသည်။ ထိုဓားခြိမ်းသံကိုသာ အဆက်မပြတ် ကြားရမည် ဆိုလျှင် ဖန်းယန်ယင်း တစ်ကိုယ်လုံးပင် အမှုန့်အဖြစ် ပြောင်းလဲ သွားနိုင်လောက်လေသည်။
ထိုမျှကြောက်မက်ဖွယ်ရာ ကောင်းသည့်ဓားမျိုး လောကတွင် ရှိလိမ့်မည်ဟု ဖန်းယန်ယင်း ထင်မှတ် မထားခဲ့မိပေ။
"ဓားခြိမ်းသံကို ကြားတယ် မဟုတ်လား၊ အဲဒါ နတ်ဘုရားထောင်ချောက်ဓားပဲ"
ဆန်းလျန်က ပြောလိုက်သည်။
သို့သော် သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများကို တွေ့မြင်ရခြင်း မရှိပါ။ သူ၏မျက်နှာတွင် လွတ်လပ်ပေါ့ပါးသည့် ဟန်ပန်ကိုသာ တွေ့မြင်ရလေသည်။
ရော့စွေမြစ်ကတော့ လှိုင်းများထန်လျက် ရှိလေ၏။
ဖန်းယန်ယင်းက တစ်ချက် စဉ်းစားလိုက်ရင်း…
"ဆရာဦးလေး၊ ကျွန်မက ဓားခြိမ်းသံကိုပဲ ကြားရပြီး ဓားကိုကျတော့ မမြင်ရပါလား"
"မမြင်ရတာကတော့ စိတ်မကောင်းစရာပဲ၊ အဲဒီဓားက တကယ့် ဓားကောင်းတစ်လက်ပဲ၊ ဒီဓားကို အနိုင်ရခဲ့ရင်ပဲ ဖြစ်ဖြစ်၊ ဒီဓားအောက်မှာ ရှုံးနိမ့်ရင်ပဲ ဖြစ်ဖြစ် စိတ်ကျေနပ်စရာပါပဲ"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်သည်။
ဆန်းလျန်စကားဆုံးသည်နှင့် ဒြပ်စင်ငါးပါး မှော်ဝင်ဓားဆီမှ ခပ်တိုးတိုး ဓားခြိမ်းသံ တစ်ချက် ထွက်ပေါ် လာလေသည်။ မှော်ဝင်ဓားက အခြား ဓားတစ်လက်ကို ချီးကျူးစကား ဆိုနေသည့် ဆန်းလျန်ကို သိပ်ပြီး ကျေနပ်ပုံမရလှပေ။
"ဒီဓားအောက်မှာ ရှုံးနိမ့်ရင်ပဲ ဖြစ်ဖြစ် စိတ်ကျေနပ်စရာပဲ" ဆိုသည့် ဆရာဦးလေး၏ စကားက ဖန်းယန်ယင်းကိုတော့ စိတ်ရှုပ်ထွေး သွားစေလေသည်။
"တောင်စောင့်နတ်က ပြောလိုက်တယ်၊ 'လပြည့်ညမှာ နတ်ဘုရားတွေ ဓားသိုင်း ကစားကြမယ်' တဲ့၊ လပြည့်နေ့ရောက်ဖို့ ရက်ပေါင်း နှစ်ဆယ်လိုသေးတယ်၊ ဆရာဦးလေး … ထာဝရ အသက်သစ်သီးကိုလည်း ကျွန်မတို့ ခုထိ ရှာလို့မတွေ့သေးဘူးနော်"
ဖန်းယန်ယင်းက ပြောလိုက်သည်။
သူမက ဆရာဦးလေး၏ ညာဘက်လက်ကို ကြည့်လိုက်တော့ ဆရာဦးလေးက သူ၏လက်ကို အင်္ကျီလက်ဖြင့် ဖုံးကွယ် ထားလေသည်။
ဆန်းလျန်၏ လက်သာ ပြန်မကောင်းသေးဘဲ တောင်စောင့်နတ်နှင့် တိုက်ခိုက်မည် ဆိုပါက တိုက်ပွဲ၏ ရလဒ်က ပြောင်းလဲ သွားနိုင်လေသည်။ အနည်းငယ်သော အရာလေးများသည်ပင် တိုက်ပွဲ ရလဒ်ကို ပြောင်းလဲစေသည် မဟုတ်ပါလား။
"ကျုပ် ထာဝရ အသက်သစ်သီးကို ရှာတွေ့ပါပြီ၊ ဒါပေမဲ့ မတွေ့သေးဘူးလို့ပြောချင်ရင်လည်း ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ ထာဝရအသက် သစ်သီးဟာ သစ်သီး မဟုတ်ဘဲ လူတစ်ယောက် ဖြစ်နေလို့ပဲ"
ဆန်းလျန်က သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်လေသည်။
"လူ… တစ်ယောက်… ဟုတ်လား"
ဖန်းယန်ယင်းက ပြန်မေးလိုက်သည်။
သူမသည် ဆရာဦးလေး ပြောနေသည့် စကားများကို နားလည်နိုင်ခြင်း ပျောက်ဆုံး သွားရလေပြီ။
"ကခုန်နေတဲ့ သစ်ပင်ဆိုတာ အနောက်ဘက် ကောင်းကင်ဘုံက ရတနာသစ်ပင်ပဲ၊ အဲဒီအပင်က သစ်သီးက တခြားသစ်သီးတွေနဲ့ ဘယ်တူမှာလဲ၊ အဲဒီ ထာဝရ အသက်သစ်သီးဟာ "ကံကြမ္မာ" သစ်သီးလို့လည်း ပြောလို့ရတယ်၊ အဲဒီသစ်သီးဟာ အနောက်ဘက် ကောင်းကင်ဘုံကနေ ပင်လယ်ထဲကိုကျပြီး လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာထဲကိုဝင်သွားပြီဆိုရင် ထာဝရအသက် သစ်သီးရဲ့ ကံတရားဟာ အဲဒီလူနဲ့ ဆက်စပ်သွားလိမ့်မယ်၊ အနာဂတ်မှာ အဲဒီလူဟာ ဗောဓိသကျ တစ်ပါးတောင် ဖြစ်လာနိုင်တယ်၊ ကျုပ်အဲဒီလူကို တွေ့ခဲ့ရပြီးပြီ၊ အဲဒီလိုလူမျိုးဟာ ကျင့်ကြံသူတွေ အတွက်တော့ ထာဝရ အသက်ရှည်တဲ့ ပြဒါးဆေးထက်တောင် တန်ဖိုးရှိတယ်၊ အဲဒီလူရဲ့ အသွေးနဲ့ အသားမှာ ထာဝရ အသက်သစ်သီးရဲ့ စွမ်းအားတွေ အကုန်ပါတယ်၊ သူ့ရဲ့ အသွေးအသားကို စားမိရင် နတ်မိစ္ဆာ တစ်ကောင်တော်မှ မဟာတန်ခိုးရှင် အဆင့်ကို တန်းရောက် သွားနိုင်တယ်၊ တာအိုဆရာ တစ်ယောက်ဆိုရင် မိုးကောင်းကင် နတ်ဘုရား တန်းဖြစ်သွားနိုင်တယ်၊ ဗုဒ္ဓဘာသာ ကျင့်ကြံသူ တစ်ယောက်ဆိုရင် ဗောဓိသကျတန်း ဖြစ်သွားနိုင်တယ်၊ ကျုပ်သာ သူ့ကိုစားလိုက်ရင် ချန်ပေသိုကို ကောင်းကောင်းယှဉ်နိုင်ပြီပဲ"
ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။
"အဲဒီလူက ဘယ်မှာလဲ၊ ဖမ်းလို့လွယ်မှာလား"
ဖန်းယန်ယင်းက မျှော်လင့်ချက်ဖြင့် တလက်လက် တောက်ပသည့် မျက်ဝန်းလေးများဖြင့် ဆန်းလျန်ကို ကြည့်ကာ မေးလိုက်လေသည်။
ဖန်းယန်ယင်းသည် သနားကြင်နာတတ်သူ တစ်ယောက် ဖြစ်သည့်တိုင် ကျင့်စဉ်လမ်း၏ သေခြင်းရှင်ခြင်းနှင့် ပတ်သက်သည့် ကိစ္စများတွင်တော့ မည်သည့် အရာကိုမှ အလေးထား မနေနိုင်ပေ။ ထို့ပြင် သူမသည် ဆရာဦးလေး အပေါ်တွင် အလွန် ချစ်ခင်လေးစားသူ ဖြစ်သည့် အတွက် ဆရာဦးလေး အတွက်ဆိုလျှင် အသူရာ ချောက်ကိုးထပ်တွင် ချိုးကပ်အောင် အပြစ်ပေးခံရလျှင်လည်း ခံမည့်သူ ဖြစ်လေသည်။
ဆန်းလျန်က ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ဖန်းယန်ယင်းကို လှည့်ကြည့်လိုက်သည်။
"ဒီကိစ္စကို စိတ်ထဲမထားနဲ့တော့၊ ကျုပ်တို့နေဖို့ တစ်နေရာ လောက်ရှာပါ၊ ကျုပ်က မင်းကို ကိုယ်ပျောက် ဓားဝိညာဉ် ဓားသိုင်းကို သင်ကြားပေးမယ်၊ မင်း ဒီဓားသိုင်းကို မသင်ဘူးဆိုရင် ကျုပ်နဲ့ ချန်ပေသို ပြိုင်တဲ့ပွဲကို ကြည့်ဖို့တောင် အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး၊ ဒါဆို ကျုပ်မင်းကို ခေါ်လာရတဲ့ ရည်ရွယ်ချက်လည်း အဓိပ္ပာယ် မရှိတော့ဘူး"
ဆန်းလျန်၏ ပြတ်သားသည့် စကားကို ကြားလိုက်ရသည့် အတွက် ဖန်းယန်ယင်းသည် အထွန့် မတက်ရဲတော့ပေ။
"ဟုတ်ကဲ့…"
သူမ၏ တီးတိုး ပြောဆိုသံသည် လေထဲတွင် လွင့်မျော ပျောက်ကွယ် သွားလေသည်။
ကိုယ်ပျောက် ဓားဝိညာဉ် (သို့မဟုတ်) ရှိခြင်းမရှိခြင်း ဓားဝိညာဉ်သည် ဗုဒ္ဓဘာသာ အယူအဆများမှ တစ်ဆင့် ဆင်းသက်လာသည့် ဓားသိုင်းပညာ ဖြစ်သည့်တိုင် တာအိုဝါဒ၏ အထွတ်ထိပ် နက်နဲမှုများဖြင့်လည်း ပြည့်နက်လျက် ရှိလေသည်။ ထိုဓားသိုင်းကို အနည်းငယ်ပင် နားလည် သဘောပေါက်သည့်တိုင် ဓားသိုင်းပညာတွင် မိုးမြေကို ကိုင်လှုပ်နိုင်သည် အထိ အဆင့်မြင့်မားမည် ဖြစ်လေသည်။
ဆန်းလျန်သည် ကံကြမ္မာက မည်သို့ဖြစ်လာဦးမည်ကို မသိနိုင်ပါ။ သူ့အနေဖြင့် ဖန်းယန်ယင်းကို ပညာသင်ပေးရန်သာ တတ်နိုင်တော့သည်။ ဂိုဏ်းတူ အစ်ကိုချန်ကျန့်မေသည် ဘယ်ဆီ ရောက်နေမှန်း မသိတော့ဘဲ လိုက်လေဝေးလေ အခြေအနေ ဖြစ်နေပြီ ဖြစ်လေသည်။
ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့၊ လူစောယိနှင့် ယန့်ပုကွေးတို့သည် ချင်းရွှမ် နတ်တံခါးကို ကြာရှည် ထောက်ပင့် ထားနိုင်မည့် သူများမဟုတ်ပေ။
ချင်းရွှမ်နတ်တံခါးကို တည်ငြိမ်စေသူမှာ ဆန်းလျန်ပြီးလျှင် ဆရာဘွားဘွား ဖြစ်သူ ကျိလင် နတ်သမီးသာလျှင် ရှိလေသည်။
ဆန်းလျန်ကိုယ်တိုင်လည်း ချင်းရွှမ်နတ်တံခါးကို ကြာရှည်စွာ ထောက်ပင့်ပေးနိုင်ခြင်း မရှိတော့မည်ကို စိတ်ပူနေမိသည်။
သူ၏ ကျင့်စဉ်လမ်း အဆင့်တက်လှမ်းမှုက မြန်ဆန်သော်လည်း ယခုတိုက်ပွဲတွင် ချန်ပေသိုကို အနိုင်ရနိုင်ပါမည်လားဆိုသည်မှာ မသေချာလှပေ။
ဆန်းလျန်သည် ကျုန်းစန်းတောင်ကြီးကို မော့ကြည့် လိုက်မိလေသည်။
ချန်ကျင်းချင်ယူလာသည့် နဂါးငါးကို မှော်ဆရာမက ဟင်းရည်ချက်ကာ ချန်ကျင်းချင်ကို တိုက်လိုက်လေသည်။ ထို့နောက် သူတို့သည် ကျုန်းစန်းတောင်ပေါ်သို့ တက်ခဲ့ကြလေသည်။ တောင်တက်ရသည်မှာ ကြာလာသည်နှင့်အမျှ ချန်ကျင်းချင်မှာ ပင်ပန်း နွမ်းနယ်မှုများကို ခံစားနေရလေသည်။
ကျုန်းစန်းတောင်မှာ အလွန်မြင့်မားသည့် တောင်ကြီးတစ်တောင် ဖြစ်လေသည်။ တောင်ထိပ်ကိုပင် မျက်လုံးဖြင့် တွေ့မြင်နိုင်ခြင်းမရှိပေ။ ကျုန်းစန်းတောင် တောင်စောင့်နတ်၏ ဝတ်ကျောင်းတော်မှာ တောင်ထိပ်တွင် ဆောက်မထားခြင်းကြောင့်သာ တော်တော့သည်။ မဟုတ်ပါက ချန်ကျင်းချင် အနေဖြင့် တောင်တက်ရင်း သေသည့်မသာ ဖြစ်သွားနိုင်လေသည်။
ချန်ကျင်းချင်သည် အတွေးများတွင် လွင့်မျောရင်း မှော်ဆရာမနှင့် အတူ တောင်ပေါ်သို့ တက်လာလေရာ ချောက်ကမ်းပါးကြီး တစ်ခုထိပ်ရှိ မြေကွက်လပ် တစ်ခုသို့ ရောက်ရှိလာလေသည်။
ထိုနေရာသည် ကျုန်းစန်းတောင် တောင်စောင့်နတ် နေထိုင်ရာ ဝတ်ကျောင်းတော် တည်ရှိသည့် နေရာပင် ဖြစ်လေသည်။
အစိမ်းရောင် ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက်သည် ဝတ်ကျောင်းတော် ခေါင်မိုးထက်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။
ထိုလူငယ်သည် ကျုန်းစန်းတောင် တောင်စောင့်နတ်ပင် ဖြစ်လေတော့သည်။
တောင်စောင့်နတ်၏ ရှေ့တွင် ဓားတစ်လက်ကို ချထားလေသည်။
လရောင်ခြည်သည် တောင်စောင့်နတ်၏ ကိုယ်ပေါ်သို့ ဖြာကျ နေလေသည်။
***