ဇူယွမ်တိုက်ခိုက်လေပြီ
Vol. 55 Ch. 757
ရှုပ်ထွေးနေသော အခြေအနေများကြား ရုတ်ချည်းဆိုသလို ဇူယွမ်ရောက်ရှိလာပြီးနောက် တိုက်ပွဲမှာ ခေတ္တမျှ ငြိမ်သက်သွားရပြီး လူတိုင်းမှာ မယုံကြည်နိုင်စွာဖြင့် ၎င်းအားကြည့်ရှုနေကြသည်။
ထိုအထဲတွင် မုချောင်နှင့် ကျောက်ယွဲ့တို့၏ အမူအရာမှာ အသိသာဆုံး ဖြစ်သည်။
ရိချိုးရွှယ် အန္တရာယ်ဖြစ်နေချိန်တွင် ၎င်းတို့အမြဲတစေ လှောင်ပြောင်နေခဲ့သူမှ လာရောက်ကယ်တင်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" မုချောင်မှာ ကူကယ်ရာမဲ့စွာဖြင့် ဖြူရော်စွာ ရေရွတ်လိုက်သည်။
ကျောက်ယွဲ့မှာလည်း မြင်တွေ့လိုက်ရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေမိသည်။ သို့သော် ရွှီဖုန်း၏ထိုးနှက်ချက်အား ဇူယွမ်က တားဆီးလိုက်သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။
ထိုသည်နှင့်ပင် ဇူယွမ်သည် ပုံမှန်ထက်သာလွန်သော ကျင့်ကြံခြင်းစွမ်းအင်များကို ပိုင်ဆိုင်ထားကြောင်း သိရှိနိုင်ပေသည်။
ဇူယွမ်မှာ လျှို့ဝှက်ဆရာသခင်တစ်ဦးများ ဖြစ်နေလေမလား.....
အခြားသူများထက်စာလျှင် ရိချိုးရွှယ်မှာ ပို၍တည်ငြိမ်နေဟန် ရှိသည်။ သို့သော် သူမ၏ မျက်ဝန်းများမှတဆင့် အလွန်ထိတ်လန့်နေကြောင်း တွေ့မြင်နေရသည်။
သူမသည် အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဆရာသခင်တစ်ယောက်မှန်း မသိခဲ့တာ ကျွန်မတုံးလို့ပါ။ အကိုတော်ဇူယွမ် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။"
သူမသည် ငြင်းပယ်နေမည့်အစား အမှားကို ရိုးရှင်းစွာ ဝန်ခံလိုက်သည်။
ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "ဆရာဟုတ်လား...ဘာဆရာလဲ။ တန်ဖိုးကြီး ပစ္စည်းတွေကို အရှက်မရှိ တောင်းရဲတဲ့ ဆရာလား။"
ရိချိုးရွှယ်မှ လေးနက်စွာ ပြောလိုက်သည်။ "ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်က အသေးအဖွဲ အရာလေးတွေအပေါ် အလေးထားမှာ မဟုတ်ပါဘူး။"
"မင်းငါ့ကို တစ်ခါမှ အခုလို အတည်ပေါက်ကြီး မဆက်ဆံဖူးပါဘူး။" ဇူယွမ်မှ အလွန်တိုးညင်းစွာ ရေရွတ်လိုက်သည်။ ယခင်တုန်းက သူ့အပေါ် ပြောဆိုဆက်ဆံသော ရိချိုးရွှယ်၏ပုံစံသည်ပင် လွန်စွာကောင်းမွန်နေပြီ ဖြစ်သည်။
ဇူယွမ်တို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် ရွှီဖုန်းမှာ အံ့အားသင့်နေရာမှ အသိစိတ် ပြန်ဝင်လာပြီးနောက် ကြိမ်းဝါးပစ်လိုက်သည်။ "ငါ့ကို နှောင့်ယှက်ရဲတာ ဘယ်ကောင်လဲ။"
"အစုတ်အပြတ်ကောင်..." ချူးကျီမှ အော်ဟစ်လိုက်သည်။ သူသည် ဇူယွမ်အား ကောင်းကင်ပေါ်မှ ပြုတ်ကျလာကာ သခင်လေးကို သေဆုံးစေခဲ့သူအဖြစ် အလျင်အမြန် မှတ်မိသွားခြင်းပင်။
"ရွှီဖုန်း....သူ့ကိုသတ်! သူက သခင်လေးကို သတ်ခဲ့တဲ့ကောင်ပဲ။" ချူးကျီမှ အော်ဟစ်ပြောဆိုလိုက်သည်။
ရွှီဖုန်းမှ ခံစားချက် ကင်းမဲ့နေဟန်ဖြင့် စကားဆိုလိုက်သည်။ "အဲ့ကောင်က ငါ့ကိုဝင်နှောင့်ယှက်ရဲမှတော့ ဒီနေ့ အသက်ဆက်ရှင်ဖို့ မစဉ်းစားနဲ့။"
သူသည် ဇူယွမ်အား ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် စူးရဲစွာ ကြည့်ရှုလိုက်သည်။ "ကောင်လေး....မင်းကငါ့ရှေ့မှာ သူရဲကောင်း ဖြစ်ချင်နေတာလား။ အဟက်....မင်းလူရွေးမှားသွားပြီ။"
ဝုန်း.....
ရွှီဖုန်း၏ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာကာ ဒေါသထွက်နေသော စပါးအုံးတစ်ကောင်အလား လေထုများကို ဖြတ်ကျော်လျက် ဇူယွမ့်ထံ ချိန်ရွယ်ပျံဝဲလာသည်။
"ဇူယွမ်....ငါတို့တူတူ တိုက်ကြရအောင်။" ရိချိုးရွှယ်မှ အကြံပေးလိုက်သည်။
သို့သော် ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ရိချိုးရွှယ်အား ညင်သာစွာ အနောက်သို့ပို့လျက် ပြောလိုက်သည်။ "ဒီလောက်ကတော့ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်။"
ဇူယွမ်၏ခန္ဓာကိုယ်မှ ရွှေရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ရောင်လျှံဝန်းနှစ်ခု ဖြစ်ပေါ်လာသည်။ လူများမှာ ထိုရောင်လျှံဝန်းနှစ်ခုအား မြင်တွေ့လိုက်ရပြီးနောက် အံ့အားသင့်သွားကြရသည်။
အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ ရောင်လျှံဝန်းများမှာ မည်သည့်ရောင်စဉ်မှ လင်းလက်နေခြင်းမရှိပဲ မီးခိုရောင်သာ ရှိနေသောကြောင့်ပင်။
ရိချိုးရွှယ်သည်ပင် ပါးစပ်အဟောင်းသားဖြင့် ဇူယွမ်အား ကြည့်ရှုနေမိသည်။ ထိုကဲ့သို့ ရောင်စဉ်များ ဖြာထွက်မနေသည့် ရောင်လျှံဝန်းမျိုး မြင်တွေ့ရသည်မှာ သူမအတွက် ပထမဆုံး ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ ကျင့်ကြံခြင်းအဆင့်အား သိရှိလိုက်ရပြီပင်။
နတ်ဘုံခန်းဝါ ဗဟိုအဆင့်....
"မင်းက နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတာပဲ။" မုချောင်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ဇူယွမ်၏ ရောင်လျှံဝန်းများမှာ အလွန်တရာ ထူးဆန်းနေပါသော်လည်း နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးသောကြောင့် သူနှင့်အဆင့်တူတူပင် ဖြစ်သည်။
ထိုအချိန်မှာပင် ဇူယွမ်၏ ရောင်လျှံဝန်းများထံမှ ပြင်းထန်လှသော ရွှေရောင်ချီစွမ်းအင်များ ထွက်ပေါ်လာသည်။
ဝုန်း.....
ရွှီဖုန်း၏ချီစွမ်းအင်နှင့် ဇူယွမ်၏ ချီစွမ်းအင်တို့ တွေ့ဆုံသွားကြသည်။
ကြမ်းတမ်းခက်ထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်ရှိ ရွက်ဖျင်တဲများသည်ပင် ပျက်စီးကုန်ရကာ အနီးနားတွင် ရှိနေသူများလည်း အဝေးသို့ လွင့်စင်ကုန်ကြရသည်။
မုချောင်နှင့် ကျောက်ယွဲ့တို့သည်လည်း အနောက်သို့ ခြေလှမ်းဒါဇင်ကျော်မျှ ဆုတ်လိုက်ကြရသည်။
ရိချိုးရွှယ် တစ်ဦးတည်းကသာ ထိုအခြေအနေကို တောင့်ခံနိုင်ဟန်ရှိပြီး ခြေလှမ်းအနည်းငယ်မျှသာ ဆုတ်လိုက်ရသည်။ ဇူယွမ်မှာ ရွှီဖုန်း၏ တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိနေသောကြောင့် သူမသည် အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုလိုက်မိသည်။
ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ရွှီဖုန်းထက်မနိမ့်ဟု ခန့်မှန်းရသည်။
သို့သော် မည်သို့ဖြစ်နိုင်ပါမည်နည်း။
နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုအား ပိုင်ဆိုင်ထားသော သူမသည်ပင် ချီစွမ်းအင်အရာ၌ ရွှီဖုန်းထက် နိမ့်ပါးလေသည်။
ကျောက်ယွဲ့နှင့် မုချောင်တို့မှာ ပို၍ပင် မယုံကြည်နိုင် ဖြစ်သွားကြရသည်။
ရွှီဖုန်းမှာ မျက်မှောင်ကျုံ့လျက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "မင်းကဘယ်သူလဲ။"
သူ၏ရှေ့တွင် ရှိနေသော လူငယ်လေးမှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးပါသော်လည်း ချီစွမ်းအင်အရာ၌ နတ်ဘုံခန်းဝါ မဟာအဆင့်ရှိသော သူ့ထက်အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိ။သူသည် လွန်ခဲ့သော နှစ်လခန့်ကမှ နတ်ဘုံခန်းဝါ မဟာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါသော်လည်း မည်သို့ပင်ဆိုစေကာမူ ဇူယွမ်ထက် အဆင့်တစ်ခု သာလွန်နေဆဲ ဖြစ်သည်။
ရွှီဖုန်း၏ အတွေ့အကြုံအရ ထျန်းယွမ်နယ်မြေ တစ်ခွင်လုံး၌ပင် နတ်ဘုံခန်းဝါ ဗဟိုအဆင့်၌ ထိုကဲ့သို့ ချီစွမ်းအင်အခြေခံအုတ်မြစ်မျိုး ပိုင်ဆိုင်ထားသူမှာ ရှားပါးလှသည်။ ထို့အပြင် ယင်းကဲ့သို့ အံ့အားသင့်စရာကောင်းလောက်အောင် ချီစွမ်းအင်အခြေခံအုတ်မြစ် ကောင်းမွန်သူများမှာ နောက်ခံအင်အား တောင့်တင်းကြသူများသာ ဖြစ်ကြသည်။
ထို့ကြောင့် ဇူယွမ်မှာ နောက်ခံအင်အား တောင့်တင်းသော လူတစ်ယောက်ဖြစ်နေမည်လားဟု တွေးပူလိုက်မိသည်။
"ရွှီဖုန်း....အဲ့ကောင်က တခြားကောင်းကင်ဒေသကလာတာ။" ချူးကျီမှာ ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်ကြောင့် အံ့အားသင့်နေပြီးနောက်တွင်မှ အသိစိတ်ဝင်ကာ အော်ဟစ်လိုက်သည်။
သူသည် ၎င်းတို့အစီအစဉ်အား ရွှီဖုန်း လက်လျှော့လိုက်မည်ကို စိုးရိမ်ပူပန်နေမိသည်။
"တခြားကောင်းကင်ဒေသကလား။" ရွှီဖုန်းမှာ စိတ်သက်သာရာ ရသွားရသည်။ ထိုသည်မှာ ဇူယွမ်သည် တောင့်တင်းသော နောက်ခံအင်အားမရှိဟူသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
"ငါ့လက်ထဲမှာ လူတွေအများကြီး သေခဲ့ဖူးတယ်။ ဒါပေမယ့် မင်းလို ပါရမီရှင်ကောင်မျိုးကိုတော့ မသတ်ဖူးသေးဘူး....အဟက်။"
ရွှီဖုန်း၏ မျက်ဝန်းများမှာ ခက်ထန်လာပြီးနောက် သူ၏သံမဏီ လက်သီးနှစ်လုံးအား ဒေါင်ခနဲမြည်အောင် ထိတွေ့စေလိုက်သည်။ မဟူရာအလင်းတန်းအချို့ သူ၏ခန္ဓာကိုယ်ပေါ်၌ ဖြတ်ပြေးသွားလေသည်။
"ရှမ်မိသံမဏိကျင့်စဉ်..."
တိုတောင်းလှသော အချိန်အတွင်းမှာပင် ရွှီဖုန်းမှာ သံမဏိဖြင့် တည်ဆောက်ထားသည့် ကြီးမားသော မဟူရာရောင် လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
မုချောင်၊ ကျောက်ယွဲ့နှင့် အခြားသူများမှာ ကြောက်ရွံ့စွာဖြင့် အနောက်သို့ ဆုတ်လိုက်မိကြသည်။ လေနတ်ဆိုးဓားပြများသည် အမှန်တကယ်ပင် ဂုဏ်ပုဒ်နှင့်လိုက်အောင် ကြောက်မက်ဖွယ်ကောင်းကြောင်းလည်း ၎င်းတို့အနေဖြင့် နားလည်သိရှိသွားရသည်။
"ဇူယွမ်....သတိထားနော်။ သူက ခန္ဓာကိုယ်ပြင်ပကျင့်စဉ်ကို ကျင့်ကြံထားတာ။" ရိချိုးရွှယ်မှ အလျင်အမြန် သတိပေးလိုက်သည်။
"ကောင်လေး....အခုချိန် ထွက်ပြေးလို့ ရသေးတယ်နော်။ ငါမင်းခေါင်းကို ဆွဲဖြုတ်တဲ့ အခါကြမှ အော်မငိုနဲ့။" ရွှီဖုန်းမှာ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် မထီမဲ့မြင် ပြောလိုက်သည်။
သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် မကြောက်ရွံ့ဟန်ဖြင့် ဇက်ကြောချိုးကာ ရယ်မောလျက် စကားဆိုလိုက်သည်။ "ကြည့်ရတာ ခင်ဗျားက ဒီနှစ်တွေအတွင်း ဓားကသွေးတွေ လိုက်သောက်နေရတာနဲ့ အချိန်တွေ ဖြုန်းနေမိတယ်ထင်တယ်နော်...အဟက်။"
"ခင်ဗျားမှာ ပြောပရလောက်အောင် ထူးခြားနေတာလည်း မရှိပါဘူး။"
ဇူယွမ်မှာ လက်ဟန်အမျိုးမျိုး ပြောင်းလဲလိုက်သည်။
သူသည် အချိန်ကြာမြင့်စွာ မတိုက်ခိုက်ခဲ့ရသဖြင့် အရိုးများမှာ သံချေးတက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဟွမ်းယွမ်ကောင်းကင်ဒေသအတွင်း ပထမဆုံးတိုက်ပွဲအား အလွန်မျှော်လင့်နေမိသည်။
"ဆန်းကြယ်သောခန္ဓာကျင့်စဉ်..."
ဇူယွမ်၏သွေးများမှာ ချက်ချင်းဆိုသလို ဆူပွက်လာရသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်မှ ကျောက်စိမ်းရောင်များ လင်းလက်လာကာ အရှိန်အဝါများ ထွက်ပေါ်လာသောကြောင့် ရိချိုးရွှယ်သည်ပင် အံ့အားသင့်သွားရသည်။
သူမသည် နှုတ်ခမ်းအစုံအား ခပ်တင်းတင်း ဖိကိုက်လျက် ဇူယွမ့်ကို ငေးမောကြည့်ရှုနေမိသည်။ ထိုလူငယ်လေးသည် အမှန်တကယ်ပင် ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေလေတော့သတည်း...