ဖြေရှင်းခြင်း
Vol. 55 Ch. 759
အခြေချစခန်း ပတ်ဝန်းကျင်တွင် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး ကျိုးပဲ့သံအချို့သာ ကြားနေရသည်။
နှစ်ဦးနှစ်ဖက်လုံးရှိလူများမှာ ပြိုကျနေသောတောင်အား မယုံကြည်နိုင်စွာဖြင့် ငေးမောကြည့်ရှုနေကြသည်။ ဇူယွမ်မှာ ကန်ချက်တစ်ချက်တည်းဖြင့် ရွှီဖုန်းအား ထိုသို့ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
ရွှီဖုန်းမှာ နတ်ဘုံခန်းဝါ မဟာအဆင့်ရှိသူတစ်ဦးပင်။
သူသည် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ နှစ်လခန့်သာ ရှိသေးပါသော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုက်ပွဲစွမ်းရည် ကောင်းမွန်သူ ဖြစ်လေသည်။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုကို ပိုင်ဆိုင်ထားသည့် ရိချိုးရွှယ်သည်ပင် ရွှီဖုန်း၏ ပြိုင်ဘက်တစ်ဦး မဟုတ်ခဲ့။ ထိုသည်ကို နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသေးသော ဇူယွမ်မှာ မည်သို့ကိုင်တွယ်နိုင်ခဲ့ပါသနည်း။
ကျောက်ယွဲ့မှာ အေးခဲနေသော မျက်ဝန်းအစုံဖြင့် တံထွေးများကို မြိုချလိုက်မိသည်။
"ဒါ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...." သူမ တိုးညင်းစွာ ရေရွတ်လိုက်သည်။ ရွှီဖုန်း ရှုံးနိမ့်သွားသည်မှာ ကောင်းမွန်ပါသော်လည်း သူမအနေဖြင့် မယုံကြည်နိုင် ဖြစ်နေရသည်။
ကျောက်ယွဲ့မှာ အမြဲတစေပင် ဇူယွမ်အား လူလိမ်တစ်ဦးအဖြစ်သာ ဆက်ဆံခဲ့ပြီး အထင်အမြင်သေးခဲ့သည်။ သို့သော် ယခုအခါတွင် သူမ၏လုပ်ရပ်များမှာ လှောင်ပြောင်ရယ်မောချင်စဖွယ် ဖြစ်နေခဲ့ကြောင်း သိရှိသွားရပြီ ဖြစ်သည်။
ဇူယွမ်မှာ တစ်ကြိမ်တစ်ခါမျှ လိမ်ညာခဲ့ဖူးခြင်းမရှိပဲ သူမကသာ သူတစ်ပါးအပေါ် အလျင်စလို ကောက်ချက်ချခဲ့ခြင်းပင်။
ထို့ကြောင့် အေးစက်စက်သာ နေလေ့ရှိသော ကျောက်ယွဲ့မှာ မိမိကိုယ်ကို ရှက်ရွံ့မိရသည်။
ကျောက်ယွဲ့၏ ရှက်ရွံ့သွားမှုနှင့်အတူ မုချောင်နှင့် အခြားသူများ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ၎င်းတို့မှာလည်း အခြားကောင်းကင်ဒေသမှ လာရောက်ခဲ့သော ဇူယွမ်အပေါ် တစ်ကြိမ်မျှပင် အကောင်းမြင်ခဲ့ခြင်း မရှိပေ။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် ၎င်းတို့မှာ စကားစမြည်ပြောကြတိုင်း ဇူယွမ်၏အကြောင်းအား သရော်နေခဲ့ကြသည်။
သို့သော် ယခုအခါတွင် သရော်စရာဖြစ်နေသူမှာ ယင်းတို့ကိုယ်တိုင်သာဖြစ်ကြောင်း သိရှိသွားရသည်။
မုချောင်မှာ အသက်ကင်းမဲ့စွာ ရယ်မောလိုက်ပြီးနောက် ရိချိုးရွှယ်အား စကားဆိုလိုက်သည်။ "အဟင်း.....ဟိုဟာ...ဒါက..တခြားကောင်းကင်ဒေသမှာပဲ ပါရမီရှင်တွေ ရှိကြသားနော်။"
"ဇူယွမ်က သူလာခဲ့တဲ့ ကောင်းကင်ဒေသရဲ့ လူငယ်မျိုးဆက်မှာဆို ထိပ်သီးဖြစ်နေလောက်တယ်။"
"သူက ငါတို့အမြင်မှာ တော်တော်ထူးချွန်တယ်ဆိုပေမယ့် ဟွမ်းယွမ်ကောင်းကင်ဒေသကို မပြောနဲ့ဦး။ ဒီထျန်းယွမ်နယ်မြေထဲက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတွေထဲမှာတောင် ဘယ်စာရင်းမှ ဝင်မှာမဟုတ်ပါဘူး။"
သူ၏စကားသံမှာ ထောင်လွှားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူ၏ဘေးတွင် ရှိနေသော လူငယ်တစ်ဦးမှ ထောက်ခံပြောဆိုလိုက်သည်။ "ဟွမ်းယွမ်ကောင်းကင်ဒေသရဲ့ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူစာရင်းမှာ ငါတို့ထျန်းယွမ်နယ်မြေက သုံးဆယ့်ရှစ်ယောက် ရှိတယ်။ ဇူယွမ်သာ အဲ့ထဲက တစ်ယောက်ယောက်နဲ့တွေ့ခဲ့ရင် တကယ်ကို မလွယ်ကြောပဲ။"
၎င်းတို့မှာ ဇူယွမ်အား နှိမ့်ချနိုင်သမျှ နှိမ့်ချနေကြခြင်းပင် ဖြစ်သည်။
ရိချိုးရွှယ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ဇူယွမ်က ကျွန်မတို့လို နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတယ်ဆိုတာ ရှင်တို့မေ့နေကြတာလား။"
မုချောင်တို့မှာ ပါးစပ်ပေါက်များ ပိတ်သွားကြရသည်။
ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းသည် မဟာအဆင့်များအတွက်သာဖြစ်ပြီး ဇူယွမ်မှာ ဗဟိုအဆင့်သာရှိသေးသူ ဖြစ်သည်။ ယခုအချိန်၌ ထိုစာရင်းတွင် ရှိနေသူများအား ဇူယွမ်အနေဖြင့် ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်ပါသော်လည်း မဟာအဆင့်သို့ ရောက်ရှိသွားခဲ့လျှင် အခြေအနေမှာ တစိမျိုးတစ်မည် ပြောင်းလဲသွားနိုင်ခြေ ရှိသည်။
ဇူယွမ်၏ လက်ရှိအနေအထားကို ကြည့်ခြင်းအားဖြင့်ပင် နတ်ဘုံခန်းဝါ မဟာအဆင့်ကို ရောက်သောအခါတွင် အလွန်ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၌ပင် ပါဝင်လာနိုင်ခြေရှိသူ ဖြစ်သည်။
နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းကို ထိပ်သီးအဆင့် ပါရမီရှင်များကသာ နေရာယူထားကြသည်။ ရှောင်ရွှမ်းစီရင်စုတွင် ရိချိုးရွှယ်မှလွဲ၍ ထိုစာရင်းအတွင်း ပါဝင်လာနိုင်မည့်သူ မရှိပေ။
ထို့ကြောင့် ရိုးရှင်းသော စကားတစ်ခွန်းဖြင့်ပင် မုချောင်တို့မှာ အသိစိတ် ပြန်ကပ်လိုက်ရခြင်း ဖြစ်သည်။
ရိချိုးရွှယ်မှာ တိတ်ဆိတ်ငြိမ်သက်သွားသော အုပ်စုအားကြည့်ကာ ခပ်ဖွဖွပြုံးရယ်လိုက်မိသည်။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အပေါ် လက်မခံနိုင် ဖြစ်နေကြခြင်းကို သူမကောင်းစွာ သိရှိနေပေသည်။
ဇူယွမ်မှာ အခြားကောင်းကင်ဒေသမှ ဖြစ်ပါသော်လည်း အလွန်ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်နိုင်သည်။
ထိုအချိန်၌ လေနတ်ဆိုးဓားပြများမှာ ပြိုကျနေသော တောင်နံရံအား အံ့အားတကြီး ငေးမောကြည့်ရှုနေကြပြီးနောက် ဇူယွမ့်အား ကြောက်ရွံ့သွားကြသည်။
ချူးကျီမှ အလျင်အမြန် ပြောလိုက်သည်။ "စိတ်မပူကြပါနဲ့။ သူက ရွှီဖုန်းကို နိုင်သွားပေမယ့် တိုက်ခိုက်ထားရလို့ အားကုန်နေလောက်ပြီ။"
ဝှစ်...ဝှစ်...ဝှစ်
သို့သော် ချူးကျီ၏ စကားမဆုံးသေးခင်မှာပင် လေနတ်ဆိုးဓားပြများမှာ ဝှစ်ခနဲမြည်အောင် ထွက်ပြေးသွားကြတော့သည်။
၎င်းတို့မှာ ပြိုကျနေသော တောင်ခြေထံသွားကာ ရွှီဖုန်း၏ ခန္ဓာကိုယ်အား သယ်ယူလိုက်ပြီးနောက် ညကောင်းကင်ယံအောက်မှ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
ချူးကျီမှာ ထိုမြင်ကွင်းကြောင့် အလွန်စိတ်ပျက်သွားရသည်။ ချူးမိသားစုအနေဖြင့် လေနတ်ဆိုးဓားပြများအား နှစ်ပေါင်းများစွာ တိတ်တဆိတ် ထောက်ပံ့ပေးခဲ့ပါသော်လည်း ပြန်ရလိုက်သည်မှာ စိတ်ပျက်ဖွယ်အတိပင်။
"သုံးစားမရတဲ့ကောင်တွေ...." ချူးကျီမှ အံကြိတ်ကာ ပြောလိုက်သည်။
ထို့နောက် စူးရဲစွာဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ကောင်လေး...မင်းရဲ့တိုက်ရည်ခိုက်ရည်က တကယ်မဆိုးဘူးပဲ။ ဒါပေမယ့် ငါတို့ချူးမိသားစုနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးဆိုတာ မင်းလည်းသိမှာပါ။"
"မင်းအခု ထွက်သွားမယ်ဆိုရင် သခင်လေး သေခဲ့ရတာကို မရှိခဲ့သလို သဘောထားပေးမယ်။"
"ဒါမှမဟုတ် မင်းရိချိုးရွှယ်ကိုဖမ်းပြီး ငါ့လက်ထဲလာအပ်လိုက်။ သူမ မင်းကို ဘယ်လောက်ပေးထားတာလဲ။ ငါတို့ချူးမိသားစုက နှစ်ဆပေးမယ်။"
"ငါတို့ချူးမိသားစု အတထာက်အပံ့နဲ့ဆို မင်းခဏလေးနဲ့ နတ်ဘုံခန်းဝါ မဟာအဆင့်ကို တက်နိုင်မှာနော်။ သေချာစဉ်းစား။"
ကျောက်ယွဲ့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ချူးကျီသည် အရှက်အရှိစွာပင် ဇူယွမ်အား သူနှင့်ပူးပေါင်းရန် ကမ်းလှမ်းနေခြင်း ဖြစ်သည်။ ဇူယွမ်သာ လက်ခံလိုက်ပါက သူမတို့အတွက် အခြေအနေ ဆိုးရွားသွားနိုင်ပေသည်။
ကျောက်ယွဲ့မှာ ကူကယ်ရာမဲ့စွာဖြင့် ရိချိုးရွှယ်အား ကြည့်ရှုလိုက်သည်။ "သခင်မလေး..."
ရိချိုးရွှယ်မှာ လက်ကာပြလိုက်ပြီးနောက် ဇူယွမ်ကိုသာ တိတ်တဆိတ် ကြည့်ရှုနေလိုက်သည်။ ဇူယွမ်မှာ ထိုသို့ရူးမိုက်မည့်သူမဟုတ်မှန်း သူမကောင်းစွာ သိရှိနေသည်။
ထင်မှတ်ထားသလိုပင် ဇူယွမ်မှာ ခေါင်းအားခါယမ်းကာ ရယ်မောလိုက်သည်။ "ကျုပ်သာ ခင်ဗျားတို့ ချူးမိသားစုနဲ့ ပူးပေါင်းလိုက်ရင် အဆုံးသတ်က ရွှီဖုန်းထက် ပိုဆိုးသွားလိမ့်မယ်။"
ဇူယွမ်မှာ အတွေ့အကြုံများစွာအား ဖြတ်ကျော်လာသူဖြစ်သောကြောင့် ချူးကျီ၏စကားမှာ ယုံကြည်ချင်စဖွယ်မရှိကြောင်း သိရှိထားသည်။
ချူးကျီမှာ ဒေါသထွက်စွာဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာအား ကြည့်ရှုလိုက်သည်။ ယခုအခါတွင် သူ၏အကြံအစည်များမှာ ပျက်သုန်းသွားခဲ့ပြီပင် ဖြစ်သည်။
ရိချိုးရွှယ်အား ရွှမ်ကျိုးမြို့တော်သို့ မရောက်ရှိအောင် မတားဆီးနိုင်တော့ပေ။
"ထားလိုက်တော့။ ဒီတစ်ခါ အရှုံးကို ငါလက်ခံတယ်။ ဒါပေမယ့် မင်းသိပ်ကျေနပ်မနေနဲ့ဦး ဇူယွမ်။ မင်းက ငါတို့ချူးမိသားစုကို လာဆွထားတာ။ အေး....အနာဂတ်မှာ မင်းကောင်းကောင်းကြီး နောင်တရရလိမ့်မယ်။"
"သူတို့ဘာသာတောင် ကောင်းကောင်းမကာကွယ်နိုင်တဲ့ ရိမိသားစုက မင်းကိုကာကွယ်ပေးနိုင်မယ်များ ထင်နေလား။"
"ဟာသပဲ...."
"တစ်နေ့ကြရင် မင်းကိုငါကိုယ်တိုင် လက်စားချေပြမယ်။"
ချူးကျီမှာ ထိုစကားများကို အော်ဟစ်ပြောဆိုလိုက်ပြီးနောက် အနည်းငယ်မျှပင် တွေဝေခြင်းမရှိပဲ သူ၏လက်အောက်ငယ်သားများကိုခေါ်ကာ ထွက်ခွာသွားသည်။
ဇူယွမ်မှာ ၎င်းတို့ဆုတ်ခွာသွားသည်ကို တားဆီးခြင်းမပြုပဲ တည်ငြိမ်စွာ ကြည့်ရှုနေလိုက်သည်။ ချူးကျီ၏ လက်အောက်ငယ်သားများမှာ များပြားလှသောကြောင့် သူ့အနေဖြင့် အကုန်လုံးကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ယနေ့ညအတွက် အရေးအကြီးဆုံးမှာ ချူးမိသားစု၏ အကြံအစည်များကို ဖြေရှင်းပေးရန်သာ ဖြစ်သည်။
ယခုအခါတွင် လေနတ်ဆိုးဓားပြများရော ချူးကျီတို့ပါ ဆုတ်ခွာထွက်ပြေးသွားပြီဖြစ်သောကြောင့် ဇူယွမ်မှာ လုပ်ရပ်အောင်မြင်သည်ဟု ယူဆနိုင်သည်။
ဇူယွမ်မှာ စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်လာကာ သူ့အားမျက်တောင်ပင်မခတ်ပဲ ငေးမောနေသော ရိချိုးရွှယ်ကို ကြည့်ရှုလိုက်မိသည်။
ဇူယွမ်မှာ ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ရိမိန်းကလေး....ကျွန်တော်တို့ သဘောတူထားတာ မပျက်ပါဘူးနော်။ ဟုတ်တယ်မလား။"
ငြှိမ်းသတ်ထားသော မီးပုံတစ်ခုဘေးတွင် ရှိနေသည့် မိန်းမငယ်လေးမှာ တောက်ပနေသော မျက်ဝန်းများဖြင့် သွားများပေါ်အောင်ပြုံးရယ်လျက် စကားဆိုလိုက်သည်။
"ဟင့်အင်း..."